ကျောင်းတော်အိမ်ရာကို ပြုပြင်ခြင်း
Vol. 11 Ch. 145
ချင်မူ အံ့ဩတုန်လှုပ်သွားသည်။ ထူးချွန်ကျောင်းသားများ၏ အထုံပါရမီနှင့်အညီ သင်ကြားပေးရန် ခက်ခဲနေသော ပြဿနာကို တော်ဝင်ကျောင်းတော်သား ရွေးချယ်သည့် နည်းလမ်းဖြင့် ဖြေရှင်းမည်တဲ့လား။
ပါမောက္ခပါ့ရှန်နှင့် လူငယ်ဂိုဏ်းချုပ်တို့သာ ထိုပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါက တောက်ကျစ်နှင့် ဖိုကျစ်တို့ကဲ့သို့ ဝင်ပေါက်ထွက်ပေါက် ပိတ်ဆို့ခြင်း ကိစ္စများ ထပ်မံ ကြုံတွေ့ရလျှင် ကောင်းကင်နတ်ဆိုးဂိုဏ်းကို ထပ်အားကိုးစရာ လိုတော့မည် မဟုတ်ပေ။
ဤတစ်ကြိမ်တွင်တော့ သူတို့က တာအိုဂိုဏ်းမှ တောက်ကျစ်နှင့် မဟာမိုးခြိမ်းသံ ကျောင်းတော်မှ ဖိုကျစ်တို့ကို တွန်းလှန်ရန် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ စွမ်းအားအပေါ် မှီခိုခဲ့ရသည်။ ချင်မူက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်လေး ဖြစ်ပြီး စစ်ယွင်ရှန်းက ပြီးခဲ့သည့် မျိုးဆက်မှ ကောင်းကင်နတ်မိမယ်နှင့် ဂိုဏ်းသခင်မ ဖြစ်ခဲ့သော အဘွားစစ် ဖြစ်ဖို့ရန် များ၏။ နန်းတွင်းကောလိပ်က မရှုမလှ အရေးနိမ့်ခဲ့သည်ဟု ပြော၍ ရပေသည်။
ချန်ဝမ်ယွင်မှာ သူတို့နှစ်ယောက် ပြောနေသည်များကို နားထောင်ရင်း ရင်ထဲတွင် မသက်မသာ ဖြစ်လာသည်။ သူ့စိတ်ထဲမှ မရှင်းလင်းသည်များကို မေးမြန်းရန် အခါခါ အားယူခဲ့သော်လည်း ပြောမထွက်နိုင်ဘဲ ဖြစ်နေခဲ့၏။
နောက်ဆုံးတွင်တော့ ရှေ့ဆက် သည်းမခံနိုင်တော့ဘဲ ထုတ်မေးလိုက်သည်။ "ဆရာပါ့ရှန်... သူ့ကို ဘာလို့ ဆရာတူညီလေးလို့ ခေါ်နေရတာလဲ..."
"အိုး... အဲဒါလား..."
ပါမောက္ခပါ့ရှန်က ခပ်အေးအေး ပြန်ပြောလိုက်၏။ "သူနဲ့ငါက ဆရာတစ်ယောက်တည်းက တပည့်တွေလေ... အဲတော့ သူက ငါ့ရဲ့ ဆရာတူညီလေးပေါ့... မင်းက သူ့ကို ဆရာဦးလေးလို့ ခေါ်ရလိမ့်မယ်..."
"ဆရာဦးလေး ဟုတ်လား..."
ချန်ဝမ်ယွင် ငြိမ်ကျသွားပြီး တစ်ခဏနေမှ ထပ်မေးလိုက်၏။ "ကျွန်တော့်ရဲ့ သိုင်းစွမ်းအားက သူ့ထက် သာနေရင်ရော သူ့ကို ဆရာဦးလေးလို့ ခေါ်စရာ လိုသေးလား..."
ပါမောက္ခပါ့ရှန်က တဟားဟား ရယ်မောလိုက်သည်။ "ဘာတွေ စဉ်းစားနေတာလဲ... မင်းက သူ့ပြိုင်ဘက်မှ မဟုတ်တာ... သူ့အစွမ်းအစက မင့်ထက် တစ်ဆင့်မြင့်တယ်... တစ်ဆင့်မြင့်တယ်ဆိုတာ ဘာလဲ မင်းသိလား... မင့်ထက် ဝါးတူတစ်ချောင်းစာ မြင့်တယ်လို့ ဆိုလိုတာပဲ... သီသီလေး မြင့်တယ်ဆိုတာ ဆံခြည်တစ်မျှင်စာ မြင့်တာ... တစ်ဆင့်မြင့်တယ်ဆိုတာ သီသီလေး မြင့်တယ် ဆိုတာထက် အဆ ဘယ်လောက်သာလဲ မင်း သိပြီလား... ပြီးတော့ မင်း သူ့ကို မနိုင်နိုင်ပေမဲ့ နိုင်ခဲ့ရင်တောင် ဆရာဦးလေးလို့ ခေါ်ရမှာပဲ..."
ချန်ဝမ်ယွင်က နှာခေါင်းရှုံ့၍ ပြောလိုက်သည်။ "တိုက်မကြည့်ဘဲ ဘယ်လိုလုပ် သိမှာလဲ..."
"တိုက်မနေနဲ့... မင်း ရှုံးမှာပဲ..."
ပါမောက္ခပါ့ရှန်က ပြုံးလိုက်သည်။ "သူ့အစွမ်းအစက တောက်ကျစ်၊ ဖိုကျစ်တို့နဲ့ တစ်တန်းတည်း..."
ချင်မူက သူ့အင်္ကျီစကို ဆွဲလိုက်သဖြင့် ပါမောက္ခပါ့ရှန် ကမန်းကတန်း ပါးစပ်ပိတ်လိုက်သည်။
သူက နန်းတွင်းကောလိပ်၏ နာမည်ကျော် နှုတ်ဖွာသူ တစ်ယောက်ဖြစ်ပြီး မည်သည့် လျှို့ဝှက်ချက်ကိုမျှ ထိန်းမထားနိုင်ပေ။ အဖြစ်အပျက် မှန်သမျှက သူ့ပါးစပ်မှ လွှတ်ခနဲ လွှတ်ခနဲ ထွက်ကျလာ၏။ အစောကလည်း ချင်မူ၏ ကျင့်စဉ်မှ အားနည်းချက်နေရာကို ထုတ်ဖော်ပြောခဲ့ပြီး ယခု တောက်ကျစ်လင်းရွှမ်ကို အနိုင်ယူခဲ့သူမှာ ချင်မူ ဖြစ်ကြောင်း ထုတ်ပြောမိလုနီးနီး ဖြစ်သွားသည်။
ပါမောက္ခပါ့ရှန်က ချင်မူ့ကို ကြည့်၍ ထရပ်လိုက်သည်။ "ပါမောက္ခချုပ်က ငါ့ကို မင့်နောက် အရိပ်လို ကပ်လိုက်စေချင်သလို မင်းကိုလည်း ငါ့နောက် လိုက်စေချင်တဲ့ ဆန္ဒ ရှိတယ်... ဒါပေမဲ့ မင်းက ငါ့ရဲ့ ဆရာတူညီလေး ဖြစ်တဲ့အတွက် ငါ့ကို ဆရာလို့ ခေါ်စရာ မလိုဘူး... ငါ သင်ပေးတဲ့ သင်ခန်းစာက ရိုးရှင်းပါတယ်... အတွေ့အကြုံရအောင် အပြင်လောကကို ခေါ်သွားတာပဲ... ဒါပေမဲ့ အများကြီး ခေါ်သွားလို့တော့ မဖြစ်ဘူး... သူများ အာရုံကျစရာ ဖြစ်မှာ စိုးရသလို အကုန်လုံးကိုလည်း ဂရုစိုက် စောင့်ရှောက်နိုင်မှာ မဟုတ်ဘူး... နောက်ဆုံးတစ်ခေါက် ငါ ထွက်တုန်းက ချန်ဝမ်ယွင် တစ်ယောက်ပဲ ခေါ်သွားခဲ့တယ်... ဒီတစ်ခေါက် မင်းကို ခေါ်သွားမှာဆိုတော့ အလွန်ဆုံး နောက်တစ်ယောက်ပဲ ထပ်ခေါ်နိုင်တော့မယ်..."
ချန်ဝမ်ယွင်က သူ့ကို မျှော်လင့်တကြီး ကြည့်လိုက်၏။
ပါမောက္ခပါ့ရှန်က သူ့အတွေးကို သိသည့်နှယ် ထရပ်၍ အပြင်ထွက်သွားပြီး ခေါင်းယမ်းလိုက်သည်။ "ဒီတစ်ခေါက် မင်းကို ခေါ်မသွားနိုင်တော့ဘူး... ငါ့နဲ့ အတူခေါ်သွားပြီး သင်ကြားလေ့ကျင့်ပေးဖို့ အထုံပါရမီ ကောင်းပြီး အခြေခံခိုင်တဲ့ ကျောင်းသား နည်းနည်းလောက် ရွေးရမယ်... ဒါက ပါမောက္ခချုပ် အကြံပြုခဲ့တဲ့ တော်ဝင်ကျောင်းတော်သား ရွေးချယ်တဲ့ နည်းလမ်း အလုပ်ဖြစ်၊ မဖြစ် စမ်းသပ်ဖို့လည်း ပါတယ်... အဲဒီကျောင်းသားတွေက တော်ဝင်ကျောင်းတော်သား နေရာအတွက် ရွေးချယ်ခံတွေ ဖြစ်လာလိမ့်မယ်... ဆရာတူညီလေး... မှတ်တမ်းထိန်းဆောင် သွားပြီး ကျင့်စဉ်ကျမ်း ရွေးလာခဲ့... လမ်းမှာ မင်းကို ငါ သင်ပေးမယ်..."
သူက ထူးချွန်သော ကျောင်းတော်သားများ ရွေးချယ်ရန် အလို့ငှာ ချင်မူ၏ အိမ်ခြံဝင်းထဲမှ ထွက်ခွာသွား၏။
ချင်မူက ချန်ဝမ်ယွင်ကို ကြည့်၍ ပြုံးလိုက်သည်။ "တူတပည့်ချန်..."
ချန်ဝမ်ယွင်၏ မျက်နှာ မည်းမှောင်သွားပြီး ထရပ်လိုက်သည်။ "ငါ မင်းကို မရှုံးသေးသရွေ့ ဆရာဦးလေးလို့ ခေါ်မှာ မဟုတ်ဘူး..." သူက စကားဆုံးသည်နှင့် ချင်မူ၏ ခြံဝင်းအတွင်းမှ ထွက်ခွာသွားသည်။
ချင်မူက သူ့အပြုအမူကို စိတ်ထဲ မထားပေ။ မြေခွေးလေးနှင့် အစိမ်းရောင် နွားသိုးကြီးကို ကြည့်၍ ပြောလိုက်၏။ "မင်းတို့ နှစ်ယောက် ငါ့အတွက် ခရီးဆောင်အိတ် ပြင်ပေးထားဦး... ငါ မှတ်တမ်းထိန်းဆောင် သွားပြီး ကောင်းကင်နတ်သိုင်း နည်းနည်း သွားရွေးလိုက်ဦးမယ်..."
ထိုနှစ်ယောက်က အမူးလွန်ပြီး အော်ကြီးဟစ်ကျယ်နှင့် သွေးသောက်မောင်နှမဖွဲ့ သစ္စာဆိုနေကြသဖြင့် သူ့ပြောစကားကို ကြား၊ မကြားပင် မသေချာချေ။
ချင်မူ စာအုပ်ဖတ်ရှုခွင့် ကတ်ပြားကို ကောက်ယူ၍ အပြင်ထွက်ခဲ့၏။ အပြင်ဘက်တွင်တော့ အလုပ်ကြမ်းသမားများ ရောက်နေပြီး သူ၏ ခြံတံခါးနှင့် နံရံကို ပြင်ဆင်ရန် လုပ်နေကြသည်။
ခြံဝင်းအပြင်သို့ ထွက်၍ ကျောင်းတော်သားအိမ်ရာ အတွင်းလမ်းအတိုင်း လျှောက်လာခဲ့သည်။ ထိုအခိုက်၌ အိမ်ခြံဝင်းအသီးသီးမှ တံခါးပေါက်များ ရုတ်တရက် ပွင့်လာပြီး ကျောင်းတော်သားများ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြ၏။ သူတို့အားလုံးက လမ်းမအလယ်တွင် ရပ်၍ သူ့ကို ဆိတ်ငြိမ်စွာ ကြည့်နေကြသည်။
ချင်မူ နောက်ပြန် ကြည့်လိုက်သောအခါ သူ့နောက်မှ အိမ်ခြံဝင်းတံခါးများလည်း ပွင့်လာကြောင်း တွေ့လိုက်ရ၏။ ထိုအိမ်တံခါးများမှလည်း ကျောင်းတော်သားများ ထွက်လာပြီး လမ်းပိတ်ရပ်လိုက်ကြ၏။
ဤကျောင်းတော်သား အများစုက သူရိုက်နှက်ခဲ့ဖူးသော သူများ ဖြစ်ကြသည်။ အချို့က ခြေထောက်ဘေးနား၌ ဓားအိမ်များ ချ၍ အချို့က နောက်ကျောတွင် လွယ်ထားကြ၏။
သူတို့အပြင် သူနှင့် တစ်ခါမျှ မတိုက်ခိုက်ဖူးသောသူ တချို့လည်း ပါသည်။ ထိုထဲတွင် သူနှင့်အတူတူ ဝင်ခွင့်စာမေးပွဲ အောင်ခဲ့သော ချင်ယွီနှင့် အခြား နာမည်ကြီး မိသားစုများမှ လူငယ်မျိုးဆက်များလည်း ပါ၏။ ကျောင်းတော်သားအိမ်ရာ၌ ဝေ့ယုံ၊ စစ်ယွင်ရှန်းနှင့် အခြား ငါးယောက်၊ ခြောက်ယောက်သာ ထွက်မလာဘဲ ရှိနေသည်။
"မင်းတို့က နောက်တစ်ခေါက် ထပ်တိုက်ချင်ကြသေးတာလား..."
ချင်မူက အော်ဟစ်ရယ်မော၍ ရှေ့သို့ လျှောက်သွားလိုက်သည်။ သူ့နောက်မှ ကျောင်းတော်သား တစ်ယောက်က လှောင်ပြောင် သရော်လိုက်၏။ "စွန့်ပစ်ခံကောင်... အနောက်ဘက် လမ်းကြားကနေ မစရဲဘူးလား... ကြောက်တာလား..."
ချင်မူက ခြေလှမ်းများ ရပ်၍ နောက်ပြန်လှည့်ပြီး ထိုကျောင်းသားကို ကြည့်လိုက်သည်။ ထိုကျောင်းသားက သူ့ရိုက်နှက်မှုကို သုံးခါတိတိ ခံခဲ့ရသူ ဖြစ်သည်။ အခြားကျောင်းသားများက နှစ်ခါသာ ခံခဲ့ရသော်လည်း ဤကျောင်းသားက သူ့ကို အစွန့်ပစ်ခံကောင်ဟု ဆက်ခေါ်နေသဖြင့် သူ့မျက်နှာကို စုတ်တံအဖြစ် အသုံးပြု စာရေးခဲ့ပြီး မြေကြီးထဲ ထိုးစိုက်ခဲ့သည့်အတွက် သုံးခါ ခံခဲ့ရသည်ဟု သတ်မှတ်နိုင်၏။
ထိုကျောင်းသား၏ မျက်နှာတွင် ရွှင်မြူးရိပ်များ ဖုံးမရ ဖိမရ ပေါ်လွင်နေ၏။ "စွန့်ပစ်ခံကောင်၊ မင့်အားနည်းချက်ကို ပါမောက္ခပါ့ရှန်က ထုတ်ပြောသွားပြီ... ဒီတစ်ခေါက်တော့ လမ်းကြား အနောက်ကနေ အရှေ့ထိ မင့်အတွက် ရှုံးပွဲ ဖြစ်အောင် လုပ်ပေးလိုက်မယ်..."
ချင်မူက ထိုကျောင်းသားကို အလေးအနက် မေးလိုက်သည်။ "ဒီက နောင်တော်၊ နာမည် ဘယ်လို ခေါ်ပါသလဲ... ကျွန်တော် ရှုံးသွားရင်တောင် ဘယ်သူ့ လက်အောက်မှာ ရှုံးခဲ့ရသလဲ သိချင်ပါတယ်..."
ထိုကျောင်းသား၏ မျက်နှာ တဖြည်းဖြည်း ပြုံးသွား၏။ "ကောင်းပြီလေ မင်းသိအောင် ပြောလိုက်မယ်... ငါ့မျိုးရိုးက ယန်၊ နာမည်က ချင်ဟဲ..."
ချင်မူက အခိုင်အမာ ပြောလိုက်၏။ "ကျွန်တော့်ကို ပထမဆုံး အနိုင်ယူမဲ့သူက နောင်တော်ယန် ဖြစ်စေချင်ပါတယ်... သက်သက်ညှာညှာ သင်ပြပေးပါ..."
ယန်ချင်ဟဲမှာ ဝမ်းသာပီတိ ဖြစ်သွားပြီး ပြုံးလိုက်သည်။ "မင်းက အရိုင်းအစိုင်းနယ်မြေက လာတယ်ဆိုပေမဲ့ သိတတ်သားပဲ... ကောင်းတယ်၊ မင်းကို ငါ ဆိုးဆိုးဝါးဝါး အနိုင်မယူပါဘူး... မင့်ဓားထုတ်..."
ဝုန်း...။
ချင်မူက သူ့ခြေထောက်ကို လွှားခနဲ လှမ်း၍ ခုန်ဝင်လာ၏။ အားကောင်းသည့် အရှိန်အဟုန်ကြောင့် သူ့ရှေ့ရှိ လေထုမှာ ပိသိပ်၍ နံရံတစ်ခုသဖွယ် ဖြစ်သွားသည်။ ထို့နောက် တစ်ခဏ၌ လေထုနံရံမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲလွင့်ပြန့်ကြဲသွား၏။ ချင်မူ့ထံမှ လက်သီးတစ်ချက်က လေထုကို ထိုးခွင်းထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ အဖြူရောင် အခိုးငွေ့တန်းများ တဟူးဟူးထ လွင့်ပျံသွားသည်။
"မင်း ဘာလို့ ဓားမထုတ်တာလဲ..."
ယန်ချင်ဟဲမှာ သူ၏ ချီစွမ်းအင်ဖြင့် ဓားကို ဆွဲထုတ်ရန် အချိန် မရလိုက်။ ထိုလက်သီးချက်ကို သူ့လက်နှစ်ဖက်စလုံးဖြင့် ပင့်မြှောက် ကာကွယ်လိုက်ရသည်။ သူ့အနေဖြင့် ဓားအိမ်ထဲမှ ဓားပျံများ ထွက်လာအောင် လုပ်နေလျှင် ဓားများ ထွက်မလာမီ ထိုလက်သီးချက်ကြောင့် သေကောင်းသေသွားနိုင်၏။
ဝှီး...။
လေးလံသော အရာဝတ္ထု တစ်ခု လေထုကို ထိုးခွင်းသွားသည့်အသံ ပေါ်ထွက်လာ၏။ ယန်ချင်ဟဲ၏ နောက်မှ ကျောင်းသားမှာ မျက်နှာ ဖြူဖျော့သွားပြီး အလျင်အမြန် ရှောင်တိမ်းလိုက်သည်။ ယန်ချင်ဟဲ၏ ခန္ဓာကိုယ်က နောက်ဘက်သို့ လွင့်ပျံသွားပြီး မျက်စိတစ်မှိတ်အတွင်း လမ်းကြားအဆုံးထိ ရောက်သွားသည်ကိုသာ သူတို့ မြင်တွေ့လိုက်ရ၏။
လမ်းကြားအဆုံး၌ ဝေ့ယုံမှာ သူ့ခြံတံခါးကို ဖွင့်တော့မည် ပြင်စဉ် အရိပ်တစ်ခု လျင်မြန်စွာ ဖျတ်ပြေးသွားသည်ကို မြင်ရပြီး တစ်ဆက်တည်း ဝုန်းခနဲ အသံကြီး ကြားလိုက်၏။ လူတစ်ယောက် ခြေကားရား လက်ကားရားနှင့် လမ်းကြား အနောက်ဘက် နံရံနှင့် ဝင်ဆောင့်သွားခြင်း ဖြစ်သည်။ သူ့ခန္ဓာကိုယ်က နံရံထဲ နစ်ဝင်နေပြီး ဘေးပတ်ပတ်လည် နံရံမှာ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းကြီးများ ထသွားသည်။
ဝေ့ယုံ အလန့်တကြား ထခုန်လိုက်မိပြီး ခေါင်းပြူ၍ ချောင်းကြည့်လိုက်သည်။ ကျောင်းတော်သားအိမ်ရာ လမ်းကြားထဲမှ အခြေအနေကို တစ်ချက် ကြည့်ပြီး ပြုံးပျော်ရွှင်မြူးသွား၏။ "အစ်ကိုတော်တို့ အထင်မလွဲပါနဲ့... ကျွန်တော် ဘာမှ မမြင်ပါဘူး... ဘာမှလည်း ပြန်မပြောပါဘူး..."
ဝေ့ယုံ အခန်းထဲသို့ ပြန်ဝင်မည် ပြင်လိုက်စဉ် ရုတ်တရက် သူ့နောက်၌ လူရိပ်တစ်ခု ပေါ်လာ၏။ သူ ချာခနဲ လှည့်ကြည့်လိုက်သောအခါ သူ့နောက်တွင် ပါမောက္ခပါ့ရှန် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"အသံမထွက်နဲ့..."
ပါမောက္ခပါ့ရှန်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "သူတို့ တိုက်ပစေ..."
ဝေ့ယုံမှာ ဇဝေဇဝါ ဖြစ်သွားပြီး မေးလိုက်၏။ "ပါမောက္ခကြီး၊ ဘာလုပ်ဖို့ ကြံစည်နေတာလဲ..."
ပါမောက္ခပါ့ရှန်က သူ့ကို တစ်ချက် လှမ်းကြည့်၍ ပြောလိုက်သည်။ "ကျောင်းတော်သားအိမ်ရာက အရည်အချင်း ရှိတဲ့ ကျောင်းသားတွေ ရွေးထုတ်ပြီး ငါကိုယ်တိုင် ကောင်းကင်နတ်သိုင်း၊ တာအိုသဘောတရားနဲ့ သိုင်းပညာရပ်တွေ သင်ပေးမလို့ လုပ်နေတာ..."
ဝေ့ယုံ နားမလည်နိုင် ဖြစ်သွား၏။ ပါမောက္ခပါ့ရှန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ "ဒီကျောင်းတော်သားတွေ လှုပ်ရှားလာအောင် ကျောင်းတော်သားချင်ရဲ့ ပခုံးက အားနည်းချက်ကို ငါ တမင် ထုတ်ပြောလိုက်တာ... ကျောင်းတော်သားချင်ရဲ့ အားနည်းချက်ကို သိတာနဲ့ သူတို့ သေချာပေါက် စိန်ခေါ်တိုက်ကြလိမ့်မယ်... ဒီနည်းနဲ့ သူတို့ ဘယ်လောက် အစွမ်းအစရှိလဲ ငါ သိရတာပေါ့... ကျောင်းတော်သားချင်ရဲ့ တိုက်ကွက် တစ်ကွက်၊ နှစ်ကွက်လောက်ပဲ ခံနိုင်ရင် ရွေးချယ်ဖို့ မသင့်တော်ဘူး... ငါကိုယ်တိုင် သင်ပေးတာကို ခံယူဖို့ဆိုရင် အနည်းဆုံးတော့ ကျောင်းတော်သားချင်ရဲ့ တိုက်ကွက် သုံးလေးငါးကွက်တော့ ခံနိုင်မှ ဖြစ်မယ်..."
ဝေ့ယုံ လွှတ်ခနဲ ချီးကျူးလိုက်မိသည်။ "သိပ်ကောင်းတဲ့ အကြံပဲ... ပါမောက္ခကြီးက တကယ် ဉာဏ်ပြေးတာပဲ... ဒါနဲ့ ပါမောက္ခကြီး ကျွန်တော့်ကိုရော ဘယ်လို မြင်လဲ..."
ပါမောက္ခပါ့ရှန်က သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်၍ မေးလိုက်သည်။ "မင်းက ကျောင်းတော်သားချင်ရဲ့ တိုက်ကွက် ဘယ်နှကွက် ခံနိုင်လဲ..."
ဝေ့ယုံ ခေါင်းခဲသွား၏။ "ကျွန်တော်လည်း ကျောင်းတော်သားချင်နဲ့ သွားတိုက်ရမှာလား..."
ပါမောက္ခပါ့ရှန်က နှစ်လိုဖွယ် အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
ဝေ့ယုံ ခေါင်းကျိန်းသွား၏။
ဘုန်း...။
အပြင်ဘက်မှ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး ချင်မူ၏ လက်ချက်ဖြင့် ကျောင်းတော်သား တစ်ဦး မြေကြီးထဲ နစ်ဝင်သွားသည်။ ကြမ်းခင်း အုတ်ပြားများ အစိတ်စိတ်အမြွှာမြွှာ လွင့်ထွက်သွား၏။
ချင်မူ၏ ခြံတံခါးနှင့် နံရံကို ပြင်ဆင်နေသော အလုပ်ကြမ်းသမားများမှာလည်း ထိတ်လန့် တုန်လှုပ်သွားသည်။ အလုပ်သမားတစ်ယောက်က တည်ငြိမ်စွာ ပြောလိုက်၏။ "သခင်လေးတို့၊ တိုက်တာခိုက်တာတွေ တတ်နိုင်သမျှ လျှော့ပေးပါ... ကျွန်တော်တို့ နေ့တိုင်း လာမပြင်ပါရစေနဲ့..."
ချင်မူက ဦးညွှတ် တောင်းပန်စကား ဆိုလိုက်၏။ "ဒုက္ခများရတဲ့အတွက် တောင်းပန်ပါတယ်..."
သူက ခြေလှမ်းပြင်၍ လမ်းကြားထဲမှ လှမ်းထွက်သွားလိုက်သည်။ ကျောင်းသားတစ်ယောက် ရှေ့မှ သူ ဖြတ်လျှောက်သွားသောအခါ ထိုကျောင်းသား၏ မျက်ဝန်းထောင့်စွန်းများ တွန့်ခနဲ လှုပ်ခတ်သွားသော်လည်း မလှုပ်မယှက်သာ ရပ်နေခဲ့သည်။
သူ ရှေ့ဆက်လျှောက်သွားသောအခါ ကျောင်းတော်သား တစ်ယောက်က လက်မြှောက်၍ ဓားထုတ်ရန် ပြင်လိုက်၏။ ဝုန်းခနဲ အသံတစ်ချက် ကြားလိုက်ရပြီး ထိုကျောင်းတော်သားမှာ တစ်ကိုယ်လုံး မြေကြီးထဲ နစ်ဝင်၍ ဦးခေါင်းပိုင်းသာ မြေပေါ်တွင် ကျန်ရစ်ခဲ့သည်။
"အပျက်အစီး များအောင် မလုပ်ပါနဲ့..." အလုပ်သမားအိုကြီးက မအောင့်အီးနိုင်ဘဲ အော်ဟစ်လိုက်မိသည်။
ချင်မူ ကမန်းကတန်း နောက်လှည့်၍ ဦးညွှတ်တောင်းပန်ပြီး ရှေ့ဆက်လျှောက်သွားလိုက်၏။
နောက်ထပ် ကျောင်းတော်သား တစ်ယောက်မှာလည်း စိတ်မထိန်းနိုင်ဘဲ လှုပ်ရှားလိုက်သည်တွင် လေးညှို့ကြိုး တုန်ခါသံကဲ့သို့ အသံများ တဝုန်းဝုန်း ထွက်ပေါ်လာသည်။ ထိုကျောင်းတော်သားမှာ လွင့်ထွက်၍ နံရံတစ်ခုပေါ်၌ တွဲလောင်းချိတ်သွားပြီး ချင်မူ၏ လက်ချောင်း တောက်ချက်များမှ အားအဟုန်ကြောင့် နံရံတွင် အပေါက်များ ဖြစ်သွား၏။
အလုပ်သမားအိုကြီးက ပေါက်ကွဲဆူငေါက်တော့မည် ပြင်လိုက်စဉ်တွင် ချင်မူက ကမန်းကတန်း လှည့်၍ တောင်းပန်လိုက်သည်။
ဝှီး...။
ကျောင်းတော်သား တစ်ယောက်မှာ လေထဲသို့ ပျံတက်သွားပြီး ခြေကားရား လက်ကားရားနှင့် ပြုတ်ကျလာ၏။ အိမ်ခေါင်မိုး တစ်ခုပေါ်သို့ ခေါင်းစိုက်ကျသွားပြီး ခန္ဓာကိုယ် တစ်ပိုင်းက အပြင်ဘက်၌ ကျန်ရစ်ခဲ့သည်။
ဝုန်း...။ နောက်ထပ် တုန်ခါသံ တစ်သံ ထွက်ပေါ်လာပြီး ချင်မူ၏ လက်ချက်ဖြင့် ကျောင်းတော်သား တစ်ယောက် နံရံထဲ ခေါင်းစိုက်သွားသည်။ အလုပ်ကြမ်းသမားများမှာ ဖြစ်ပျက်သမျှကို ကြည့်ရှု၍ သက်ပြင်းသာ တွင်တွင်ချလိုက်မိ၏။ အထိအခိုက် အပျက်အစီး နည်းအောင် သတိထားရန် သူတို့ ရှေ့ဆက် မတောင်းဆို ဖြစ်တော့ချေ။
"ငါ သွားမယ်..."
ရုတ်တရက် နောက်ကျောဘက်မှ အားကောင်းသည့် လေအဟုန် တိုးဝင်လာသည်ကို ခံစားလိုက်မိသဖြင့် ချင်မူ အလျင်အမြန် နောက်လှည့်ကြည့်လိုက်သည်။ ဓားရောင်များက နဂါးများကဲ့သို့ ကူးခတ်၍ သူထံ တိုးဝင်လာသည်ကို တွေ့လိုက်ရသည်။ သူ့ပတ်ပတ်လည်၌ ဒါဇင်ချီသော နဂါးများ အထက်အောက် လူးလာကူးခတ်၍ ဝန်းရံထားသည်။
"ကူးခတ်ဓားချက်ပါလား..."
ချင်မူ အံ့အားသင့်သွား၏။ ကူးခတ်ဓားချက်ကို ထိုမျှအဆင့်ထိ လေ့ကျင့်၍ ဓားချက်ထဲသို့ နဂါးတစ်ကောင်၏ စိတ်ဝိညာဉ်ကို ထည့်သွင်းပေါင်းစည်းနိုင်သည့် ကျောင်းတော်သား များများစားစား မရှိချေ။ ထိုသို့ စွမ်းဆောင်နိုင်သူမှာ ချင်ယွီသာ ဖြစ်ပေလိမ့်မည်။
ချင်မူက သူ့လက်ချောင်းများကို ပူးကပ်၍ ချီစွမ်းအင်ကို ဓားတစ်ချောင်းအဖြစ် အသုံးပြုလိုက်၏။ သူ့လက်ချောင်းများကို ရှေ့သို့ ထိုးစိုက်၍ အားလုံးသော အခြေခံဓားချက်များကို ထုတ်ဖော်ကာ သူ့ထံသို့ ကူးခတ် တိုးဝင်လာသော ဓားရိပ်နဂါးများကို ခုတ်ပိုင်းလိုက်သည်။ ကူးခတ်လာသည့် နဂါးဓားရောင်များ အားလုံး ပျက်ပြယ်သွားပြီး ဓားချွန်များအဖြစ် ပြန်ပြောင်း၍ ဘေးနားမှ နံရံများသို့ တချွင်ချွင် ထိုးစိုက်သွားသည်။
ချင်ယွီ၏ ဓားအိမ်မှာ ဗလာကျင်းနေပြီ ဖြစ်ပြီး သူ့မျက်နှာ၌ စိုးရိမ်ထိတ်လန့်သည့် အရိပ်အယောင် ပေါ်ထွက်လာ၏။ သူ့ခန္ဓာကိုယ်က နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှား၍ နောက်ပြန်ဆုတ်တော့မည် ပြင်လိုက်စဉ်တွင် ချင်မူက လက်ချောင်းများဖြင့် တောက်ထုတ်လိုက်၏။ ပေါက်ကွဲသံ ငါးချက် ထွက်ပေါ်လာပြီး ချင်ယွီ လွင့်ထွက်သွားသည်။
"မင်းရဲ့ အစွမ်းအစက မဆိုးဘူး... အဲဒီ နဂါးပေါက်လေးရဲ့ ဓားသိုင်းကို ငါ မြင်ချင်ပါသေးတယ်..." ချင်မူက ချင်ယွီကို ချီးကျူးလိုက်၏။
နံရံများ ပြုပြင်နေသည့် အလုပ်ကြမ်းသမားများမှာ ချင်မူ၏ ဓားသိုင်းကို မြင်သောအခါ ချီးကျူးစကား ဆိုလိုက်သည်။ "ညီငယ်လေး... မင်းက တကယ့် ဆရာတစ်ပါးရဲ့ ဟိတ်ဟန်မျိုး ရှိတာပဲ..."