လမ်းကြားတစ်လျှောက်
Vol. 11 Ch. 146
"ချီးကို ဆရာကြီး..."
ယွဲ့ချင်းဟုန်က ဝံပုလွေကျွန်၏ ပခုံးပေါ်တွင် ရပ်နေလျက်မှ သရော်စကား ဆိုလိုက်၏။ ဝံပုလွေကျွန်က သူ၏ ဓားကောက်နှစ်လက်ကို ဆွဲယူ ဝှေ့ယမ်း၍ ချင်မူ့ထံ ခြေလှမ်းကြဲများဖြင့် ပြေးဝင်လာသည်။ ထိုအခိုက်၌ ယွဲ့ချင်းဟုန်၏ ခန္ဓာကိုယ်ကလည်း တစ်ချက် လှုပ်ခါသွားပြီး သူမ၏ နောက်ကျောရှိ ဓားအိမ်ထဲမှ ဒါဇင်ချီသော ဓားများ ပျံဝဲ ထွက်ပေါ်လာ၏။ "လမ်းကျဉ်းလေးမှာ ထိပ်တိုက်တွေ့ရင် ပိုရဲရင့်တဲ့သူက အနိုင်ရစမြဲတဲ့... ဒီလမ်းကျဉ်းလေးမှာ ငါနဲ့ ဝံပုလွေကျွန်ရဲ့ ပူးပေါင်းတိုက်ကွက်က ပြိုင်ဘက်ကင်းပဲ... မောင်လေးချင်၊ နင့်ရဲ့ အားနည်းချက်ကို သိကုန်ကြပြီဆိုတော့ နင့်အတွက် မဟာမြို့ပျက်ကို ပြန်တာ ပိုကောင်းလိမ့်မယ်..."
ဝံပုလွေကျွန်၏ ဓားကောက်နှစ်လက်က အထက်တစ်လက်၊ အောက်တစ်လက် အနက်ရောင် လေပွေကြီးများကဲ့သို့ ချင်မူ့ထံ တိုးဝင်လာသည်။ ထိုအခိုက်၌ ယွဲ့ချင်းဟုန်၏ နောက်ကျောမှ ဓားသုံးဆယ့်တစ်လက်၏ ထိပ်ဦးများကလည်း ချင်မူ့ထံ ဦးတည် တိုးဝင်လာ၏။ ရှေ့ဆုံး၌ ဓားတစ်လက်၊ ထို့နောက်မှ ဓားနှစ်လက်၊ ထို့နောက် လေးလက်၊ ရှစ်လက်၊ ဆယ်ခြောက်လက် အသီးသီး လိုက်လာပြီး ကြီးမားသော လွန်သွားဓားချက်အဖြစ် ဖွဲ့စည်းထားသည်။
ထိုဓားများ အားလုံးက တဝီဝီ လည်ပတ်၍ ချင်မူ့ကို ထိုးစိုက်လာ၏။
"အစ်မတော်ယွဲ့က ဓားသိုင်းကို အတော်လေး လေ့ကျင့် အောင်မြင်ထားတာပဲ..."
ချင်မူက နှုတ်မှ ထုတ်ဖော် ချီးကျူး၍ ပြုံးလိုက်သည်။ "ဒါပေမဲ့ ကျွန်တော်က ချီစွမ်းအင်ကို ကြိုးမျှင်ဖွဲ့နိုင်ခဲ့ပြီ ဆိုတော့ အစ်မတော်က ကျွန်တော့်ပြိုင်ဘက် မဟုတ်တော့ဘူး..."
"ချီစွမ်းအင်ကို ကြိုးမျှင်ဖွဲ့နိုင်တာ ဟုတ်လား..."
ယွဲ့ချင်းဟုန် ဒေါသ ခြောင်းခြောင်းထသွား၏။ "နင် ငါ့ကို စော်ကားလိုက်တာလား..."
ချင်မူက သူမထံသို့ လက်ညှိုးညွှန်လိုက်ရာ သူ့လက်ချောင်းထိပ်မှ ချီစွမ်းအင် ကြိုးမျှင်များ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး ရာချီသော ချီကြိုးမျှင်များက ချွန်ထက်သော ဓားသွားများ အသွင်ဆောင်၍ ရှေ့ဆင့်နောက်ဆင့် ပြေးဝင်လာ၏။ ၎င်းတို့က လွန်သွားဓားချက်နှင့် ဆင်တူသော်လည်း ပုံမှန် လွန်သွားဓားချက်ထက် များစွာ ထူထပ်သိပ်သည်းပြီး အချင်းအားဖြင့် ရေစည်ပိုင်း တစ်လုံးခန့် ရှိသည်။ ရှေ့ပိုင်းတွင် ဓားထိပ်ဦး၊ နောက်ပိုင်းတွင် ပို၍ ပို၍ ကြီးမားပြန့်ကားလာပြီး ဝံပုလွေကျွန်ကို ထိုးစိုက်လိုက်၏။
ဝံပုလွေကျွန်၏ လက်ထဲမှ ဓားကွေးများက အနက်ရောင် လျှပ်စီးတန်းများကဲ့ လှုပ်ရှားသွားပြီး ချင်မူ၏ လွန်သွားဓားချက်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ကျောင်းတော်သားအိမ်ရာ လမ်းကြားထဲ၌ မီးပွင့်များ တဖွားဖွား လွင့်ပျံသွား၏။ ဝံပုလွေကျွန်မှာ ထူးကဲသော ခွန်အား ရှိသူ ဖြစ်သည့်တိုင် ဓားချင်း ထိပ်တိုက်တွေ့သည့် တုန်ခါမှုဒဏ်ကြောင့် သူ့လက်နှစ်ဖက်စလုံး ထုံကျဉ်ကိုက်ခဲလာပြီး ဓားကွေးများကို မထိန်းချုပ်နိုင်တော့ချေ။ သူ့အင်္ကျီရင်ဘတ်မှာလည်း ဟက်တက်ကွဲသွား၏။
ယွဲ့ချင်းဟုန်မှာ အံ့ဩတုန်လှုပ်သွားပြီး လွန်သွားဓားချက်ဖြင့် ချင်မူ၏ ပခုံးသို့ ထိုးစိုက်၍ ဝံပုလွေကျွန်ကို ကျဉ်းထဲကျပ်ထဲမှ ကယ်တင်ရန် ကြိုးစားလိုက်သည်။
ချင်မူက ခပ်တိုးတိုး တစ်ချက် ရယ်၍ သူ့လက်ချောင်းများကို အထက်သို့ အသာအယာ ပင့်ကော်ပြီး ပင့်ကော်ဓားချက်အဖြစ် ပြောင်းလဲလိုက်သည်။ ဝံပုလွေကျွန်ကို ထိုးစိုက်လိုက်သော လွန်သွားဓားချက်မှာ ရုတ်တရက် ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော ဓားရိပ်များက လွန်သွားဓားချက်မှ ဝဲကတော့ဓားချက်အဖြစ် ပြောင်းလဲသွား၏။ သို့သော်လည်း သူ ထုတ်ဖော် လှုပ်ရှားလိုက်သည်က ပင့်ကော်ဓားချက်သာ ဖြစ်သည်။
ထိုဓားကွက် နှစ်ကွက်က သူ့လက်ထဲတွင် အဆီးအတားမရှိ ချောမွေ့ပြေပြစ်စွာ ပေါင်းစည်းသွား၏။
မရေမတွက်နိုင်သော ချီစွမ်းအင်ကြိုးမျှင်များက ယွဲ့ချင်းဟုန်၏ လွန်သွားဓားချက်ကို လွှမ်းခြုံရစ်ပတ်သွားပြီး တချွင်ချွင် တချွမ်ချွမ် အသံများ အဆက်မပြတ် ပေါ်ထွက်လာသည်။ ဓားပျံများဖြင့် ဖွဲ့စည်းထားသော လွန်သွားဓားချက်မှာ တစ်မုဟုတ်ချင်း ပျက်စီးသွား၏။ မျက်စိတစ်မှိတ်အတွင်း၌ ဓားပျံ သုံးဆယ့်တစ်ချောင်းလုံး ချီစွမ်းအင် ကြိုးမျှင်များ၏ ထိုးဖောက်ခြင်း ခံလိုက်ရပြီး အပေါက်သေးသေးလေးများ ပြည့်နှက်ကာ ဇကာကွက်များ ဖြစ်သွားသည်။
ယွဲ့ချင်းဟုန်က တစ်ချက် မာန်သွင်း အော်ဟစ်လိုက်၏။ သူမ၏ ခြေထောက်အောက်မှ ဝံပုလွေကျွန်ကလည်း သူ့လက်ထဲမှ ဓားကွေးနှစ်ချောင်းကို ချက်ချင်း လွှင့်ပစ်၍ ချင်မူ့ကို ခုန်ကန်လိုက်သည်။ ချင်မူ တစ်ချက် ပြန်ကန်လိုက်ရာ ဝုန်းခနဲ အသံကြီး ထွက်ပေါ်လာပြီး ဝံပုလွေကျွန်၏ ကြီးမားသော ခန္ဓာကိုယ်ကြီး နောက်သို့ လွင့်ထွက်သွား၏။ ဝံပုလွေကျွန်၏ နောက်ကျောပေါ်မှ ယွဲ့ချင်းဟုန်က ထိုအခွင့်အရေးကို အရယူပြီး လေထဲသို့ ခုန်တက်ကာ သူမ၏ လက်ချောင်းများကို ဓားသဖွယ် အသုံးပြု၍ ချင်မူ၏ ပခုံးကို ထိုးစိုက်လိုက်သည်။
သူမ၏ လက်ချောင်းထိပ်မှ ချီစွမ်းအင်များ ဟုန်းခနဲ ပေါက်ကွဲ ထွက်ပေါ်လာပြီး ချင်မူ၏ ပခုံးသို့ စိုက်ဝင်တော့မည်ဆဲဆဲတွင် ရုတ်တရက် မိစ္ဆာသံ တစ်သံ ထွက်ပေါ်လာ၏။ "စာ မို ယဲ့..."
ယွဲ့ချင်းဟုန်၏ စိတ်အလျဉ် တစ်ခုလုံး လှုပ်ခါသွားပြီး သူမကိုယ်သူမ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားသည်။ နောက်တစ်ခဏ၌ ဂီတသံတစ်သံ ကြားလိုက်ရပြီး သူမ၏ ဓားချီစွမ်းအင်များ ပျက်ပြယ်ကာ ချင်မူ့ရှေ့၌ ခိုးခိုးခစ်ခစ် ရယ်မော၍ စတင် ကခုန်တော့သည်။
ယွဲ့ချင်းဟုန်၏ ကျင့်စဉ်စွမ်းအင်က မြင့်မားသဖြင့် များစွာ မကြာလိုက်ဘဲ အသိပြန်ဝင်လာသည်။ သူမ၏ စိတ်အလျဉ်ကို ကမန်းကတန်း ပြန်စုစည်းပြီး နောက်ခုန်ဆုတ်လိုက်သည်တွင် ကျောဘက်မှ ကိုယ်ငွေ့နွေးနွေးကို ခံစားမိ၏။ သူမကိုယ်သူမ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ "သေစမ်း..."
ဘုန်း...။
ချင်မူက သူမ၏ နောက်ကျောကို မှီထားရာမှ ရုတ်တရက် အားစိုက်ထုတ်လိုက်ရာ ယွဲ့ချင်းဟုန်မှာ ဘေးဘက်နံရံထဲသို့ နစ်ဝင်သွားသည်။
ထိုနံရံ၏ နောက်တွင် ရှိနေသည်က ယွင်ချွယ်ကိုယ်တော်၏ ခြံဝင်း ဖြစ်၏။ နံရံက ရုတ်တရက် ပြိုလဲသွားပြီး ယွင်ချွယ်ကိုယ်တော်က ခန္ဓာကိုယ် တစ်ဝိုက်တွင် အရှိန်အဝါ အငွေ့အသက်များ တောက်ပလင်းလက်၍ ထွက်ပေါ်လာသည်။ နံရံထဲ နစ်ဝင်နေသော ယွဲ့ချင်းဟုန်မှာ အဝေးသို့ လွင့်စင်သွား၏။ ယွင်ချွယ်ကိုယ်တော်က တဟားဟား ရယ်မောလိုက်သည်။ "အစ်မတော်ယွဲ့... သူ့ကို ဘယ်လို အနိုင်ယူရမလဲဆိုတာ အစ်မတော်ကို ကျွန်တော် ပြမယ်..."
လေထဲတွင် လွင့်ပျံသွားသော ယွဲ့ချင်းဟုန်က ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။ "နင်လည်း ဘာမှ အသုံးကျတာ မဟုတ်ဘူး... နင်ထွက်လာလည်း အရိုက်ခံဖို့ပဲ ဖြစ်မှာပဲ..."
"ဘာမှ အသုံးမကျဘူး ဟုတ်လား..."
ယွင်ချွယ်ကိုယ်တော်မှာ ဒေါသအိုး ပေါက်ကွဲသွားပြီး စတင် လှုပ်ရှားလိုက်၏။ သူ၏ လှုပ်ရှားမှုက အားအင်ပြင်းထန်၍ ထည်ဝါခန့်ညားလှသည်။ နဂါးများ၊ ဆင်များ ပြေးဝင်လာသကဲ့သို့ ချင်မူ့ကို တိုက်ခိုက်လိုက်၏။ ပြင်းထန်သော အားအဟုန်ကြောင့် သူ့ခြေထောက်အောက်မှ ကြမ်းခင်းကျောက်ပြားများ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေပြီး အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားသည်။
"အစ်မကြီး... ကိုယ်တော့်ကို အသုံးမကျဘူးလို့ ထပ်မပြောမိစေနဲ့... ကိုယ်တော်က အသုံးကျတယ်..."
ချင်မူနှင့် ယွင်ချွယ်တို့၏ လက်ဝါးများ ထိပ်တိုက်တွေ့သွားပြီး ခပ်အုပ်အုပ် ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာ၏။ ယွင်ချွယ်က ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။ "ချင်မျိုးရိုး... မင်း မမျှော်လင့်မိဘူး မဟုတ်လား... ငါ့လက်ဝါး အားလှိုင်းထဲမှာ ဧကရာဇ် အတိုင်ပင်ခံရဲ့ ဓားသိုင်းတွေ ထည့်သွင်းနိုင်အောင် လေ့ကျင့်ထားပြီးပြီ... ငါ့ရဲ့ ကြီးမြတ်တဲ့ အားအင်ငါးဆင့်မုဒြာက..."
သူ့စကားကို အဆုံးသတ်နိုင်ခြင်း မရှိမီမှာပင် တောင်များကို ချေမွ၍ ပင်လယ်များကို မှောက်လှန်နိုင်သည့် အားလှိုင်းတစ်ခုက သူ့ကိုယ်ပေါ် ပိကျလာကြောင်း ရုတ်တရက် ခံစားလိုက်မိသည်။ ထိုအားလှိုင်းက အလွန်တရာ စွမ်းအားကြီးမားပြီး သူ၏ ချီစွမ်းအင်ကို အလွယ်တကူ ဖြိုခွင်း၍ ကြီးမြတ်သော အားအင် ငါးဆင့်မုဒြာကို ချေမှုန်းနိုင်၏။
ယွင်ချွယ်မှာ နှာခေါင်းရှုံ့၍ နောက်ပြန်ဆုတ်လိုက်ပြီး ဆင်နဂါး မိစ္ဆာနှိမ် မုဒြာကို ထုတ်သုံးလိုက်သည်။ ဝုန်းခနဲ အသံကြီး တစ်သံသာ ကျယ်လောင်စွာ ကြားလိုက်ရ၏။ ယွင်ချွယ်၏ အဝတ်အစား အားလုံး အစိတ်စိတ်အမြွှာမြွှာ ဖြစ်ပြီး အဖြူရောင် လိပ်ပြာလေးများသဖွယ် ကောင်းကင်ယံသို့ တဖျပ်ဖျပ် ဝဲလွင့်သွားသည်။
ယွင်ချွယ်၏ ခန္ဓာကိုယ်၌ အဝတ်အစား မရှိတော့ဘဲ ကိုယ်တုံးလုံး ဖြစ်သွား၏။ အောက်ပိုင်း၌ ဖွာလန်ကြဲနေသည့် အဖြူရောင် ဘောင်းဘီတိုလေး တစ်ထည်သာ ကျန်ရစ်ခဲ့သည်။
ယွင်ချွယ်မှာ ချင်မူ သူ့ထံသို့ နောက်ထပ် လက်သီးတစ်ချက် ထိုးချလာသည်ကို မြင်လိုက်ရ၏။ ထိုလက်သီးချက်က လေထုကို ထိုးခွင်းလာပြီး မိုးခြိမ်းသံများ တသိမ့်သိမ့်တုန်အောင် မြည်ဟည်းနေသည်။ ဘေးတစ်ဝိုက်တွင်လည်း မီးပွင့်များ တဖွားဖွား လက်၍ လျှပ်စီးတန်းများ လွှမ်းခြုံထားသကဲ့သို့ ရှိ၏။ ထိုလက်သီးချက်၏ ပတ်ပတ်လည်တွင် အဖြူရောင် အခိုးအငွေ့များ အလုံးလိုက် အရင်းလိုက် ပေါ်ကွဲထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။
"သေပြီ..."
ချင်မူ၏ လက်သီးချက်ကို ထိပ်တိုက် ရင်ဆိုင်ခုခံရင်း သူ့စိတ်ထဲမှ ထိုစကားသာ ရေရွတ်လိုက်နိုင်၏။ သူ မျှော်လင့်ထားသည့်အတိုင်းပင် သူ့ခန္ဓာကိုယ် အောက်ပိုင်းမှ တစ်ခုတည်းသော အဖြူရောင် ဘောင်းဘီတိုလေးမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြီး လိပ်ပြာငယ်လေးများသဖွယ် အဝေးသို့ လွင့်ပျံသွားသည်။ ယခု သူက လုံးဝ မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်သွားချေပြီ။
ယွင်ချွယ်မှာ ထိုပြိုင်ဘက်ကင်း အားအင်ကြောင့် နောက်သို့ လွင့်ထွက်သွား၏။ သို့သော်လည်း ဤကိုယ်တော်၏ ကျင့်စဉ်စွမ်းအင်က သိပ်သည်း နက်ရှိုင်းသည့်အတွက် နံရံကို မျက်နှာမူမိအောင် လေထုထဲတွင် ကိုယ်တစ်ပတ် လှည့်လိုက်နိုင်သည်။
ဘန်း...။
သူ့မျက်နှာက နံရံထဲ နစ်ဝင်သွားပြီး တင်ပါးက အပြင်ဘက်တွင် ကျန်နေရစ်ခဲ့၏။
"ကံကောင်းလို့ တင်ပါးနဲ့ နံရံကို မျက်နှာ မမူမိတာ..." ယွင်ချွယ်က သူ့ကိုယ်သူ ဖြေသိမ့်၍ ဝမ်းပန်းတသာနှင့် သတိလစ်သွားတော့သည်။
ချင်မူက သူ့အဝတ်အစားများကို ဖုန်ခါလိုက်၏။ ထိုအခိုက်၌ သူ့နောက်ကျောဘက်မှ ရွံ့တွန့်တွန့် အသံတစ်သံက အတုန်တုန် အရီရီနှင့် ထွက်ပေါ်လာသည်။ "နောင်တော်ချင်..."
ချင်မူ နောက်လှည့်ကြည့်လိုက်သောအခါ ဝေ့ယုံက လမ်းကြား အနောက်ပိုင်းမှ တုန်တုန်ရီရီနှင့် လျှောက်လာကြောင်း တွေ့လိုက်ရ၏။ သူက ဓားအိတ်တစ်အိတ်ကို သယ်လာပြီး သူ့ခြေထောက်များက တုန်ခါနေဆဲ ရှိသည်။
"နောင်တော်ဝေ... ဘာဖြစ်လို့လဲ..." ချင်မူက ဇဝေဇဝါ ဖြစ်သွား၏။
ဝေ့ယုံက သူ့ဓားအိတ်ကို ဖွင့်၍ ငိုသံပါကြီးနှင့် ပြောလိုက်သည်။ "နောင်တော်ချင်က ဓမ္မနဲ့ ဆန့်ကျင်နေတဲ့အတွက် ကျုပ်အနေနဲ့ ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုဘက်က ရပ်တည်ပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ အပြောကျယ်မှုကို နောင်တော် သိအောင် သိုင်းပညာချင်း ဖလှယ်ရလိမ့်မယ်... အာ... ဒီစကားက အတော်လေး ကြမ်းလွန်းတယ်... ငါ မပြောရဲဘူး..."
ချင်မူ ရယ်ရမလား၊ ငိုရမလား မသိ ဖြစ်သွားသည်။ "နောင်တော်ဝေ့... ငါနဲ့ ပညာဖလှယ်ချင်လို့လား... သိုင်းပညာညီကိုချင်း ပညာဖလှယ် တိုက်ခိုက်တာ ပုံမှန်ပဲလေ... ငါတို့က သေပြေးရှင်ပြေး တိုက်ပွဲတွေတောင် အတူတူ နွှဲလာကြတာပဲ၊ ပြောစရာ လိုသေးလို့လား... ဒီလို လုပ်မယ်လေ၊ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် အလွန်အကျွံ မဖြစ်အောင် ထိန်းပြီး တိုက်ခိုက်ကြတာပေါ့..."
ထိုအခါမှ ဝေ့ယုံ စိတ်သက်သာရာ ရသွား၏။ သူ၏ ဓားအိတ်ထဲမှ ဓားပျံများကို ထုတ်ယူလိုက်ပြီး သူ့စိတ်သူ တည်ငြိမ်အောင် ထိန်းလိုက်သည်။ "နောင်တော်ချင်... ဟိုကိုယ်တော်ကို လုပ်သလောက် ကြမ်းကြမ်းတမ်းတမ်း မလုပ်ရင် ရပါပြီ..."
သူ့ဓားက စတင် လည်ပတ်လာပြီး ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ သင်ကြားပေးခဲ့သည့် ဝဲကတော့ဓားချက်ကို ထုတ်ဖော်လိုက်၏။ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ၏ သင်ခန်းစာကို နားထောင်ပြီးကတည်းက ထိုအခြေခံဓားချက် သုံးချက်ကို လေ့ကျင့်နေကြသည့် ကျောင်းတော်သား များစွာ ရှိသည်။ ဝေ့ယုံကလည်း ထိုဓားချက်များကို အတော်အတန် ထိုးထွင်းသိမြင်နိုင်ခဲ့ကြောင်း ထင်ရှား၏။
နန်းတွင်းကောလိပ်မှ ကျောင်းတော်သားများက ဉာဏ်မနည်းကြ။ ထိုဓားချက်များ၏ သဘောတရား တချို့တစ်ဝက်ကို နားလည် သဘောပေါက်နိုင်ခဲ့ကြသူများချည်းသာ ဖြစ်သည်။ ဝေ့ယုံက အနည်းငယ် ဝဖိုင့်သော်လည်း သူ၏ ထိုးထွင်း သိမြင်နိုင်စွမ်းနှင့် အထုံပါရမီက မနိမ့်ကျသဖြင့် ထိုဓားချက် သုံးချက်၏ သဘောတရားကို နက်နက်ရှိုင်းရှိုင်း သိမြင်နိုင်ခဲ့သည်။
ငယ်စဉ်ကတည်းက သူ့မိသားစု၏ လေ့ကျင့်သင်ကြားမှုကို အခြေခံ ခိုင်မာအောင် ရရှိခဲ့သကဲ့သို့ သူ၏ ကိုယ်ပိုင်စွမ်းရည်ကလည်း မနိမ့်ကျပေ။ ချင်ယွီနှင့် တန်းတူ ယှဉ်နိုင်၏။ ချင်မူကလည်း သူ၏ အစွမ်းအစကို ရှုမြင်လိုသည် ဖြစ်၍ ချင်ယွီကို တိုက်ခိုက်ခဲ့သကဲ့သို့ မတိုက်ခိုက်ဘဲ ဝဲကတော့ဓားချက်ကို သုံး၍ ဓားချင်းယှဉ် ခုတ်လိုက်သည်။
သူတို့နှစ်ယောက်၏ ဓားချက်များက တစ်ခုနှင့် တစ်ခု လှည့်ပတ် တိုက်ခိုက်နေကြပြီး မတူညီသော အလှည့်အပြောင်းများဖြင့် တတ်ကျွမ်း နားလည်ထားသမျှ ဓားပညာ သဘောတရားများကို ထုတ်ဖော် ကစားနေကြ၏။ မလှမ်းမကမ်းမှ ကျောင်းတော်သားများမှာ ထိုမြင်ကွင်းကို မြင်သောအခါ သူတို့ကိုယ်ပေါ်မှ ဒဏ်ရာများကို ဂရုမစိုက်နိုင်တော့ဘဲ သူတို့နှစ်ယောက်၏ ဓားကွက်များအပေါ် အကြည့်ရောက်သွားကြသည်။
ဝေ့ယုံ၏ ဓားသိုင်းက အတော်လေး အဆင့်မြင့်နေပြီ ဖြစ်၏။ သူက လက်ရှိ အမြင့်စံ ပထမအဆင့် နန်းတွင်းအရာရှိ၊ နယ်စားဝေ့၏ မြစ်သင်္ချိုင်း ဝေ့မိသားစုမှ လာသူ ဖြစ်သည်။
နယ်စားဝေ့မှာ သိုင်းဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်များနှင့် တန်းတူအဆင့်ရှိသူ ဖြစ်ပြီး ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သည့် တိုက်ပွဲအတွေ့အကြုံ ရှိ၏။ တိုက်ပွဲတစ်ခုတွင် သူကိုယ်တိုင် ဦးဆောင်၍ မြောက်ပိုင်းနယ်စပ်ရှိ ကောင်းကင်ဘုံ အကြွင်းအကျန် တိုင်းပြည်ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအချိန်မှ စ၍ ကောင်းကင်ဘုံ အကြွင်းအကျန် တိုင်းပြည်မှာ ထာဝရငြိမ်းချမ်းရေး အင်ပါယာ၏ နယ်မြေ ဖြစ်သွား၏။ ထို့ကြောင့်ပင် သူ့ကို နယ်စားရာထူး အပ်နှင်းခဲ့ခြင်း ဖြစ်သည်။
ဝေ့ယုံက ဝေ့မိသားစုတွင် မြင့်မားသော အဆင့်အတန်း မရှိသော်လည်း ငယ်စဉ်ကတည်းက ကြိုးကြိုးစားစား လေ့ကျင့်သင်ယူခဲ့သည်။ ဝေ့မိသားစု၏ သင်ကြား လေ့ကျင့်ပေးမှုက ထူးခြားလေးနက်လှပြီး သူ၏ ကိုယ်ပိုင်အရည်အချင်းကလည်း ဝေ့မိသားစု မျိုးဆက်များကြား၌ ထူးချွန်သည်ဟု သတ်မှတ်၍ ရ၏။
သို့သော်လည်း ဝဲကတော့ဓားချက်ချင်း အတူတူတွင် ချင်မူ၏ ဓားချက်၌ အပြောင်းအလဲ ပိုများသည်။ ဓားချက်လှုပ်ရှားမှု သက်သက်သာ မဟုတ်၊ လက်သီးသိုင်း သဘောတရားများလည်း ရောယှက် ပါဝင်နေ၏။
ချင်မူက သူနှင့် ဓားချင်းယှဉ်သောအခါ အစ်ကိုကြီး တစ်ယောက်က ညီငယ် တစ်ယောက်ကို ဓားပညာ သဘောတရားများ ထိုးထွင်း သိမြင်လာအောင် ထောက်ပြ သင်ကြားပေးနေသည်နှင့် ပိုတူ၏။ ဝေ့ယုံ အတော်လေး သဘောပေါက် နားလည်သောအခါမှ နောက်ဓားချက်ကို ကူးပြောင်း တိုက်ခိုက်သည်။
များစွာ မကြာလိုက်ဘဲ ဓားချက် သုံးချက်စလုံး တိုက်ခိုက်ပြီးသွားကာ ဝေ့ယုံ သက်ပြင်းချလိုက်သည်။ သူ့ကိုယ်သူ ယုံကြည်မှု အကြီးအကျယ် တိုးမြင့်လာပြီး ပြုံးလိုက်၏။ "နောင်တော်ချင်၊ အားကုန် သုံးလို့ရပြီ... ငါတို့ နှစ်ယောက်ကြား ကွာခြားမှု ဘယ်လောက်ကြီးလဲ ကြည့်ချင်သေးတယ်..."
ချင်မူက အသာအယာ ပြုံး၍ သူ၏ သိုင်းကွက်ကို ပြောင်းလဲလိုက်သည်။ တစ်ဖက်က ဓားသိုင်းဖြင့် ထိုးစိုက်၍ အခြားတစ်ဖက်က ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည် သိုင်းကွက်ဖြင့် တိုက်ခိုက်ကာ ဝေ့ယုံ၏ စိတ်အလျဉ် ကစဉ့်ကလျား ဖြစ်သွားအောင် လုပ်လိုက်၏။ ဝေ့ယုံမှာ သူ၏ စိတ်အာရုံကို ကမန်းကတန်း ပြန်စုစည်းလိုက်သည်။
ချင်မူက သူ့လက်ဟန်ကို ပြောင်းလဲ၍ ကောင်းကင်နတ်ဆိုး လွတ်မြောက် မုဒြာကို သုံးကာ ဝေ့ယုံ၏ စိတ်ဝိညာဉ် ထိန်းချုပ်မှု လွတ်အောင် ပြုလုပ်ပြီး ဓားတစ်ချက်ဖြင့် ပွဲသိမ်း အနိုင်ယူလိုက်၏။
ထို့နောက် သူ၏ ချီစွမ်းအင်ကို ပြန်ရုပ်သိမ်းကာ ဝေ့ယုံကို ထူမ၍ ပြုံးလိုက်သည်။ "နောင်တော်ဝေ့၊ ခွင့်လွှတ်ပါ..."
ဝေ့ယုံက ထရပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်၏။ ကျောင်းတော်သားအိမ်ရာမှာ ကျောင်းသား တစ်ဝက်မှာ ရှုံးနိမ့်သွားပြီ ဖြစ်ပြီး ကျန်တစ်ဝက်မှာ ရှေ့ထွက်ရန် ကြောက်ရွံ့နေကြပြီ ဖြစ်သည်။ သူ ပြုံးလိုက်၏။ "တခြားသူတွေနဲ့ စာရင် ငါ့အခြေအနေက မဆိုးဘူးလို့ ပြောနိုင်ပါတယ်... ဒါနဲ့ နောင်တော်ချင်ရဲ့ ပခုံးမှာ အားနည်းချက် ရှိတယ်လို့ ပြောနေကြတာ ကြားတယ်... သူတို့က နောင်တော်ချင်ရဲ့ အားနည်းချက်ကို သိတာတောင် ဘယ်လိုလုပ် ထိခိုက်အောင် မလုပ်နိုင်ရတာလဲ..."
"ငါ့အားနည်းချက်ကို သိတာက တစ်ကဏ္ဍ၊ အဲဒီ အားနည်းချက်ကို ထိအောင် တိုက်နိုင်တာက တစ်ကဏ္ဍပဲ..."
ချင်မူက ပြောလိုက်၏။ "အဆင့်တူချင်းမှာ ငါ့အားနည်းချက်ကို ထိအောင်တိုက်ဖို့ အခွင့်အရေး ရှာနိုင်မဲ့သူက အဆောင်မှူးဆရာတွေ အပါအဝင် နန်းတွင်းကောလိပ် တစ်ခုလုံးမှာ နှစ်ယောက်၊ သုံးယောက်ပဲ ရှိမယ်..."
ဝေ့ယုံ ပါးစပ်အဟောင်းသား ဖြစ်သွား၏။
ချင်မူ ဘေးပတ်ဝန်းကျင်ကို လှည့်လည် ကြည့်ရှုလိုက်သောအခါ ကျောင်းတော်သားအိမ်ရာမှာ အပျက်အစီးပုံကြီး ထပ်ဖြစ်သွားပြန်သည်ကို တွေ့လိုက်ရ၏။ အလုပ်ကြမ်းသမားများက သူ့ကို မကျေမနပ် စိုက်ကြည့်နေကြသည်။
သူ ကမန်းကတန်း လှမ်းတောင်းပန်လိုက်၏။ "နောင်တော်ဝေ့... ငါ မှတ်တမ်းထိန်းဆောင်ကို သွားရဦးမယ်... ဒီက နောင်တော်၊ အစ်မတော်တွေ ကျွန်တော် ဆက်ပြီးတော့ အဖော်မပြုနိုင်တော့ပါဘူး... နှုတ်ဆက်ခဲ့ပါတယ်..." စကားဆုံးသည်နှင့် သူ့ခြေလှမ်းကို စလှမ်းလိုက်၏။
ကျောင်းတော်သားအိမ်ရာမှ မည်သူမျှ သူ့ကို မတားဆီးရဲကြတော့။
ယွဲ့ချင်းဟုန်က အပျက်အစီးပုံကြားမှ ထလာပြီး ကျောင်းတော်သားအိမ်ရာမှ လမ်းလျှောက် ထွက်ခွာသွားသော ချင်မူ့ကို ကြည့်၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "သူက ငါတို့ ကျောင်းတော်သားအိမ်ရာရဲ့ အစ်ကိုကြီး ဖြစ်သွားပြီပေါ့..."
ဝုန်း...။
နံရံတစ်ခုက ရုတ်တရက် ပြိုကျသွားပြီး လေထဲတွင် ဖုန်မှုန့် တထောင်းထောင်း ထသွား၏။ ထိုဖုန်မှုန့်များကြားတွင် ယွင်ချွယ်ကိုယ်တော်က လက်တစ်ဖက်ဖြင့် ရှေ့ပိုင်းကိုကာ၍ နောက်တစ်ဖက်ဖြင့် တင်ပါးကို ဖုံးကာ အလျင်အမြန် ပြေးထွက်သွားသည်။ သူက အိမ်ထဲသို့ ခြေကုန်သုတ် ပြေးသွားပြီး အိမ်တံခါးကို ဘန်းခနဲ ပိတ်လိုက်၏။
ကျောင်းတော်သား များစွာမှာ ရယ်ချင်လှသော်လည်း မည်သူမျှ မရယ်ရဲကြပေ။ တစ်ခဏ ကြာသောအခါ ယွင်ချွယ်ကိုယ်တော်၏ အသံ ထွက်ပေါ်လာ၏။ "အဟမ်း... အပြင်ဘက်က နောင်တော်တို့၊ ဒီဆင်းရဲသား ကိုယ်တော်မှာ အဝတ်ပို မရှိတော့လို့ပါ... ရှိတဲ့ တစ်စုံကလည်း မြေခွေးလေး သိမ်းယူထားပြီး ပြန်မပေးသေးပါဘူး... တစ်ယောက်ယောက်မှာ အဝတ်ပိုလေးများ ရှိရင် ဒီဆင်းရဲသား ကိုယ်တော်ကို မလှူချင်ကြဘူးလား... ကိုယ်တော် ကျေးဇူးတင်လွန်းလို့ မျက်ရည်တောက်တောက် ကျရပါလိမ့်မယ်..."
ဝေ့ယုံက ပြုံးလိုက်၏။ "နောင်တော်ယွင်၊ ခဏစောင့်ပါ... ကျွန်တော့်မှာ အဝတ်ပိုတွေ ရှိပါတယ်... နည်းနည်းတော့ ကြီးမယ်..."
ယွင်ချွယ်က ပြန်ပြောလိုက်၏။ "ကိစ္စ မရှိပါဘူး... ဘုန်းကြီးတစ်ပါးအတွက် အဝတ်အစားဆိုတာ ရုပ်ဝတ္ထုတစ်ခု သက်သက်ပါပဲ..."
ပါမောက္ခပါ့ရှန်က ဝေ့ယုံ၏ အခန်းထဲမှ ထွက်လာပြီး စိတ်ထဲမှ တွက်ချက်လိုက်သည်။ "ချန်ဝမ်ယွင်က တစ်ယောက်၊ ဆရာတူညီလေးချင်က တစ်ယောက်၊ ပြီးတော့ ချင်မိသားစုက ချင်ယွီနဲ့ ဖက်တီးလေး နှစ်ယောက်စလုံး မဆိုးကြဘူး... ယွဲ့ချင်းဟုန်နဲ့ ယွင်ချွယ်လည်း သူ့ဟာနဲ့သူ တော်ကြတယ်... အဲဒါဆို တော်ဝင်ကျောင်းတော်သား ဖြစ်လာဖို့ ရွေးစရာ ခြောက်ယောက် ရှိသွားပြီ... သူတို့ရဲ့ ကျင့်စဉ်ကို ထောက်ပြ သင်ကြားပေးဖို့ ငါ့အတွက် မခက်လောက်ပါဘူး... ဒါပေမဲ့ ကျောင်းတော်သားအိမ်ရာအပြင် တော်ဝင်ခြံဝင်းမှာလည်း ဓာတ်ကြီးငါးပါးအဆင့် ကျောင်းတော်သားတွေ ရှိသေးတယ်... ကျောသားရင်သား ခွဲခြားလို့ မဖြစ်ဘူး... တော်ဝင်ခြံဝင်းက ကျောင်းတော်သား နည်းနည်းလည်း ရွေးရမယ်... မဟုတ်ရင် ဧကရာဇ်က ငါ့ကို ပြဿနာ ရှာလိမ့်မယ်..."
သူ သင်ကြားရန် ရွေးချယ်ခဲ့သူများ အားလုံးမှာ အရပ်ခြောက်မျက်နှာ အဆင့်သို့ မရောက်သေးသူများသာ ဖြစ်သည်။ အရပ်ခြောက်မျက်နှာ အဆင့်သို့ ရောက်သွားလျှင် သူတို့က ကောင်းကင်နတ်သိုင်း ပညာရှင်များ ဖြစ်သွားပြီး လျှောက်လှမ်းရမည့် လမ်းကြောင်းကို ရွေးချယ်ပြီးသွားပေလိမ့်မည်။ ထိုအခါ သူတို့၏ အထုံပါရမီနှင့် လိုက်ပြီး သင်ကြားပေးရန် ဖြစ်နိုင်တော့မည် မဟုတ်ချေ။