← Chapters

ယုယွမ်အင်ပါယာ၏ နန်းစဉ်ပညာရပ်

Vol. 11 Ch. 147

ယုယွမ်အင်ပါယာ၏ နန်းစဉ်ပညာရပ်

Vol. 11 Ch. 147

ပါမောက္ခပါ့ရှန်က ကျောင်းတော်သားအိမ်ရာမှ ထွက်၍ တော်ဝင်ခြံဝင်းသို့ လှမ်းဝင်ခဲ့လိုက်သည်။

ထိုနေရာ၌ မင်းသား၊ မင်းသမီးများနှင့် တော်ဝင်မျိုးနွယ်များ အတူတကွ ပေါင်းစည်း နေထိုင်ကြ၏။ သို့သော်လည်း သူတို့အားလုံးက အဖွဲ့ငယ်လေးများ ကွဲနေကြသည်။

တော်ဝင်မင်းသား၊ မင်းသမီးများက ဧကရာဇ်၏ မျိုးဆက်သွေးများ ဖြစ်ပြီး ဘုရင်ခံများ၏ သားတော်၊ သမီးတော်ဖြစ်သည့် မင်းသား၊ မင်းသမီးများလည်း ရှိသည်။ မင်းသား၊ မင်းသမီးများက ဘုရင်ခံ နေရာများအတွက် ယှဉ်ပြိုင် တိုက်ခိုက်နေကြသကဲ့သို့ တော်ဝင်မင်းသား၊ တော်ဝင်မင်းသမီးများ ကြားတွင်လည်း အာဏာလုပွဲများ ရှိသဖြင့် ခေါင်းခဲစရာ ဖြစ်၏။

ထိုအဖြစ်အပျက်များက ပါမောက္ခပါ့ရှန် သည်းမခံနိုင်ဆုံးအရာ ဖြစ်သော်လည်း သူ့အတွက် ရွေးချယ်စရာ မရှိပေ။ ထိုသို့မဟုတ်ဘဲ နန်းတွင်း မိသားစုကို အပြစ်ပြုမိပါက သူ့အတွက် ကပ်ဘေးဆိုက်သွားချေလိမ့်မည်။

"ဒုတိယမင်းသားဆီက အကြံဉာဏ် သွားတောင်းမှပဲ..."

သူ ဆုံးဖြတ်ချက် ချလိုက်ပြီး ဒုတိယမင်းသားထံ စုံစမ်းမေးမြန်းရန် သွားလိုက်သည်။ လင်ယွိရှုမှာ အံ့ဩဝမ်းသာသွား၏။ ပါ့ရှန်က နန်းတွင်းကောလိပ်၏ ဆရာတစ်ယောက် ဖြစ်ပြီး ပါမောက္ခချုပ်အောက် တစ်ဆင့်သာ နိမ့်သူ ဖြစ်သည်။ သူ၏ အစွမ်းအစက မှန်းဆ၍ မရအောင် သိပ်သည်း နက်ရှိုင်းပြီး မည်သည့် အမြင့်စံ ပထမအဆင့် နန်းတွင်းအရာရှိအောက်၊ မည်သည့် သိုင်းသင်တန်း ကျောင်းအုပ်အောက်၊ မည်သည့် ထိပ်သီးသိုင်းဂိုဏ်းချုပ်အောက်မျှ မကျချေ။ သူက တစ်လောကလုံး၏ ထိပ်တန်းပညာရှင်များထဲမှ တစ်ယောက် ဖြစ်သည်။

သူ့အနေဖြင့် ပါမောက္ခပါ့ရှန်၏ သင်ကြားမှုကို ခံယူရမည်မှာ ကောင်းသောကိစ္စ ဖြစ်၏။

"ဒုတိယမင်းသားက အထင်မှားနေပြီနဲ့ တူတယ်..."

ပါမောက္ခပါ့ရှန်က ဒုတိယမင်းသား၏ မျက်နှာပေါ်မှ ဝမ်းသာပီတိ ဖြစ်သည့် အရိပ်အယောင်ကို မြင်ပြီး အထင်လွဲနေပြီမှန်း သိလိုက်သည်။ "ငါက အရပ်ခြောက်မျက်နှာအဆင့်အောက် ကျောင်းတော်သားတွေကိုပဲ သင်မှာ... တော်ဝင်ခြံဝင်းအကြောင်း အများကြီး မသိလို့ ကျောင်းတော်သား နှစ်ယောက်လောက် ရွေးပေးဖို့ ဒုတိယမင်းသားကို အကြံတောင်းတာပါ..."

လင်ယွိရှုမှာ ဝမ်းနည်းကြေကွဲသည့် အမူအရာသို့ ပြောင်းလဲသွား၏။

အိမ်ရှေ့စံမင်းသား ရရှိသော အထောက်အပံ့က အခြား တော်ဝင်မင်းသားများထက် အများကြီး ပိုသည်။ သူ့လို တော်ဝင်မင်းသား တစ်ပါးအတွက် မွေးဖွားချိန်မှစ ရရှိခဲ့သော အထောက်အပံ့က အိမ်ရှေ့စံမင်းသားအောက် များစွာ နိမ့်ကျ၏။

တော်ဝင်မင်းသား၊ မင်းသမီးများ အနေဖြင့် နန်းတွင်းကောလိပ်သို့ ဝင်ခွင့်စာမေးပွဲ ဖြေစရာ မလိုဘဲ တက်ရောက်ခွင့်ရကြသော်လည်း အိမ်ရှေ့စံမင်းသား၌ ဂိုဏ်းချုပ်အဆင့် ဆရာများ ခြောက်ယောက်ထက်မနည်း ရှိသည်။ ထို့ပြင် တစ်ခါတစ်ရံ၌ ဧကရာဇ်ကိုယ်တိုင် သင်ပြပေးသေး၏။ အဆောင်မှူးဆရာများပင် သူ့ကို သွားရောက် သင်ကြားပေးရသည်။

အိမ်ရှေ့စံမင်းသားက ထိပ်တန်း သိုင်းပညာရပ်များသာ သင်ကြားခွင့်ရသည် မဟုတ်၊ အားလုံးသော အရပ်ဘက်၊ စစ်ဘက် နန်းတွင်းအရာရှိများကို နိုင်နင်းစွာ အုပ်ချုပ်နိုင်ရန်အတွက် အုပ်ချုပ်ရေး ပညာရပ်များကိုလည်း သင်ယူရသည်။ နန်းတွင်းမှ အဆင့်မြင့်အရာရှိကြီးများနှင့် မိတ်ဖွဲ့၍ ကိုယ်ပိုင် နန်းတွင်းခုံရုံးငယ်ကိုပင် ဖွဲ့စည်းထားရ၏။

အခြား တော်ဝင်မင်းသား၊ မင်းသမီးများအတွက် ထီးနန်းကို ရည်မှန်းချင်လျှင်ပင် ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။

ပါမောက္ခပါ့ရှန်၏ အရည်အချင်းက သိုင်းဂိုဏ်းကြီးတစ်ခု၏ ဂိုဏ်းချုပ်အဆင့် အရည်အချင်းနှင့် ညီမျှ၏။ အိမ်ရှေ့စံမင်းသား ရရှိသည့် အထောက်အပံ့နှင့် မယှဉ်နိုင်သေးသော်လည်း သူ၏ သင်ကြားမှုကို ခံယူရန်မှာ ကောင်းဖို့သာ ရှိသည် မဟုတ်လား။

သို့သော်လည်း ပါမောက္ခပါ့ရှန်က ဝိညာဉ်သန္ဓေသားအဆင့်နှင့် ဓာတ်ကြီးငါးပါးအဆင့် ကျောင်းသားများကိုသာ သင်ကြားပေးမည် ဖြစ်၍ သူ့အတွက် နေရာမရှိချေ။

လင်ယွိရှုက ရင်ထဲတွင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်ကို ချိုးနှိမ်၍ ပြုံးလိုက်၏။ "ကျွန်တော့်ရဲ့ သတ္တမ ညီမတော်က ထိုးထွင်း သိမြင်နိုင်စွမ်းရော၊ အထုံပါရမီပါ ထိပ်တန်းအဆင့်ပါပဲ... ဧကရာဇ် အတိုင်ပင်ခံကတောင် သူနဲ့တွေ့တုန်းက ထက်မြက်တဲ့ ပါရမီရှိတယ်လို့ ချီးကျူးသွားတယ်... သူ့ပါရမီက ကျွန်တော့်ထက် သာပေမဲ့ အပျော်အပါး နည်းနည်း မက်တယ်... ပါမောက္ခပါ့ရှန်ရဲ့ စည်းကမ်း ကျပ်မတ်မှုနဲ့ဆိုရင် သူ့အမူအကျင့်တွေ ပြောင်းလဲလာအောင် ထိန်းကျောင်းပေးနိုင်မယ် ထင်ပါတယ်..."

ပါမောက္ခပါ့ရှန်က အံ့အားသင့်သွား၏။ "သတ္တမမင်းသမီးလား... သူက တကယ့်ကို အပျော်အပါး မက်တယ်၊ အဲဒါကြောင့်လည်း သူ့ကျင့်စဉ်က တိုးတက်သင့်သလောက် မတိုးတက်တာ... ဒီက အဆောင်မှူးဆရာတွေက သူ့ကို တော်ဝင်မင်းသမီးဆိုပြီး အခက်တွေ့အောင် မလုပ်ကြပေမဲ့ ငါနဲ့ လိုက်ရင်တော့ သူ ဒုက္ခခံရလိမ့်မယ်..."

လင်ယွိရှု၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီး စိတ်ထဲမှ ရေရွတ်လိုက်၏။ "သတ္တမညီမလေး... နင်က အဲဒီ စွန့်ပစ်ခံကောင်နဲ့ သိပ်ပူးကပ်လွန်းနေတာကိုး... တစ်ချိန်ချိန်မှာ ငါတို့ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကျမဲ့ ကိစ္စ တစ်ခုခု မလုပ်ဘူးလို့ မပြောနိုင်ဘူး... ဒီတစ်ခါတော့ နင့်ကို တောင်ပေါ်ကနေ ဝေးရာ လွှတ်လိုက်ရတော့မယ်... အဲဒါမှ ဒီချင်မူဆိုတဲ့ကောင်နဲ့ ဝေးမှာ... ညီမလေးအနေနဲ့ လူငယ်ပါရမီရှင်တွေ ထပ်တွေ့လာတဲ့အခါ အဲဒီ စွန့်ပစ်ခံကောင်ကို မေ့နိုင်လာမှာပါ... အစ်ကိုတော့်အနေနဲ့ ညီမလေးကောင်းကျိုးအတွက် လုပ်ရတာပါ..."

"ဒုတိယမင်းသား... တခြားရော ဘယ်သူ ရှိဦးမလဲ..." ပါမောက္ခပါ့ရှန်က မေးလိုက်၏။

လင်ယွိရှုက တစ်ခဏမျှ တွေး၍ ပြောလိုက်သည်။ "လင်မင်ယွဲ့၊ မင်ယွဲ့မင်းသား..."

"နယ်စားမင်းသား ထိုက်ရှန်ရဲ့ သားတော်၊ လင်မင်ယွဲ့လား..."

ပါမောက္ခပါ့ရှန်က ပြုံးလိုက်သည်။ "သူလည်း အလားအလာ အတော်ရှိတဲ့သူပဲ... ငါ ကြားတာတော့ မင်းနဲ့ မင်ယွဲ့နဲ့ မတည့်ဘူးဆို... ဘာလို့ သူ့ကို ရွေးဖို့ အကြံပြုရတာလဲ..."

လင်ယွိရှုက ပြုံးလိုက်သည်။ "ကျွန်တော် မင်ယွဲ့နဲ့ မတည့်တာ နယ်စားမင်းသား ထိုက်ရှန်က ကျွန်တော့်အစ်ကိုတော်ကို ထောက်ခံတဲ့သူမလို့ပါ... ဒါပေမဲ့ မင်ယွဲ့ရဲ့ အထုံပါရမီနဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းက တော်ဝင်ခြံဝင်းမှာ တကယ့်ကို ထိပ်တန်းပါ..."

ပါမောက္ခပါ့ရှန်က ခေါင်းညိတ်လိုက်၏။ "ဒုတိယမင်းသားက ဖြောင့်မတ်ပါပေတယ်... အဲဒါဆို သူတို့နှစ်ယောက်ကို ဒီသတင်းကောင်း ပြောဖို့ ဒုတိယမင်းသားပဲ တာဝန်ယူလိုက်ပါ... ကျောင်းတော်သားအိမ်ရာမှာ ငါ့ကို လာရှာခိုင်းလိုက်..."

လင်ယွိရှု ဝမ်းသာသွား၏။ မင်ယွဲ့မင်းသားကို သိမ်းသွင်းရန်အတွက် ပါမောက္ခပါ့ရှန်က သူ့ကို ဤအခွင့်အရေးပေးခဲ့မှန်း သိသဖြင့် ကမန်းကတန်း ထွက်သွားလိုက်သည်။

လင်ယွိရှို့နှင့် မင်ယွဲ့မင်းသားတို့က ကျောင်းတော်သားအိမ်ရာသို့ ရောက်လာကြသည်။ သူတို့အပြင် ချင်ယွီ၊ ချန်ဝမ်ယွင်၊ ယွင်ချွယ်၊ ဝေ့ယုံနှင့် အခြား ကျောင်းတော်သား အချို့လည်း ရောက်ရှိနေကြ၏။

ပါမောက္ခပါ့ရှန်က ပြောလိုက်သည်။ "နန်းတွင်းကောလိပ်ရဲ့ ကျောင်းတော်သားတွေထဲက တော်ဝင်ကျောင်းတော်သားတွေ ရွေးချယ်ပြီး စမ်းသပ် သင်ကြားပေးဖို့ ပါမောက္ခချုပ်နဲ့ ငါနဲ့ တိုင်ပင်ဆွေးနွေးထားတယ်... အခု မင်းတို့အားလုံးကို ယာယီ တော်ဝင်ကျောင်းတော်သားအဖြစ် ရွေးချယ်ထားတယ်... ဒီနေ့ကစပြီး မင်းတို့အားလုံး ပန်းချီ၊ စာလုံးလှ၊ စိတ်နေစိတ်ထား၊ သေနင်္ဂဗျူဟာ၊ ဝင်္ကပါပညာ၊ ဂီတအနုပညာတွေ သင်ကြားဖို့ပဲ ပန်းချီနတ်ဘုရားစံအိမ်၊ မိုးပြာယန်ခန်းမ၊ သေနင်္ဂဗျူဟာဆောင်၊ ဓာတ်ငါးပါးဝင်္ကပါခန်းမနဲ့ ကောင်းကင်တေးသွားစံအိမ်ကို သွားရမယ်... ကျန်တာတွေကို ငါဆီက သင်ရမယ်... ငါက မင်းတို့ရဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ သင်ခန်းစာတွေကိုပဲ သင်ပေးမယ်... နောက်တစ်နှစ်၊ နှစ်နှစ်ကြာရင် တော်ဝင်ကျောင်းတော်သား ဖြစ်လာနိုင်မလား ဆိုတာတော့ မင်းတို့ရဲ့ အရည်အချင်းပေါ်ပဲ မူတည်လိမ့်မယ်... ဒါနဲ့..."

သူက ဘေးဘီ လှည့်ပတ်ကြည့်ရှု၍ ပြုံးလိုက်၏။ "မင်းတို့အားလုံးမှာ အစ်ကိုကြီး တစ်ယောက် ရှိတယ်၊ ဆရာဦးလေးလို့ ခေါ်တာ ပိုကောင်းမလားပဲ... သူက ငါတို့ နန်းတွင်းကောလိပ်ရဲ့ ပထမဆုံး တော်ဝင်ကျောင်းတော်သားပဲ... ဒီကိစ္စကို ငါ ပါမောက္ခချုပ်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဧကရာဇ်ဆီ သတင်းပို့ထားပြီးပြီ... မကြာခင် ဧကရာဇ်ဆီက ရာထူးခန့်အပ်လွှာ ရောက်လာလိမ့်မယ်..."

သူတို့အားလုံး တစ်ယောက်ကိုယ်တစ်ယောက် ဇဝေဇဝါ ကြည့်လိုက်ကြသည်။ ပထမဆုံး တော်ဝင်ကျောင်းတော်သားတဲ့လား။ မည်သူများ ဖြစ်လိမ့်မည်နည်း။

ယွဲ့ချင်းဟုန်နှင့် ယွင်ချွယ်ကိုယ်တော်က ချန်ဝမ်ယွင်ကို ကမန်းကတန်း လှမ်းကြည့်လိုက်သော်လည်း သူ့မျက်နှာ၌ စိတ်ရှုပ်ထွေးနေသည့် အမူအရာ ရှိနေသည်ကိုသာ မြင်လိုက်ရသည်။

ပါမောက္ခပါ့ရှန်က ပြောလိုက်၏။ "ဒီတစ်ခေါက်တော့ သတ္တမမင်းသမီးကို သင်ပေးဖို့ ခေါ်သွားမယ်... ကျန်တဲ့သူတွေက နောက်အလှည့် ရောက်တဲ့အထိ စောင့်နေကြ... တော်ဝင်မင်းသမီး၊ မှတ်တမ်းထိန်းဆောင်ကို သွားပြီး ရှေးဟောင်းကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေ သွားရွေးလာခဲ့ပါ... ကျန်တဲ့သူတွေက ဒီမှာ နေခဲ့..."

အားလုံးက အံ့ဩဝမ်းသာ၍ စိတ်အားတက်ကြွသွားကြသည်။

မှတ်တမ်းထိန်းခန်းမ...။ မှတ်တမ်းထိန်း တစ်ယောက်က စာအုပ်ဖတ်ရှုခွင့် ကတ်ပြားကို ကြည့်၍ ချင်မူ့ကို ပြောလိုက်သည်။ "စာအုပ်တွေ ဖတ်တဲ့အခါ မပျက်စီးစေနဲ့... ပျက်စီးသွားရင် ထောင်ဒဏ် ကျခံရမယ်... မင်းရဲ့ စာဖတ်ခွင့်ကတ်ပြားနဲ့ဆိုရင် ပထမထပ်က စာအုပ်တွေပဲ ဖတ်လို့ရမယ်၊ ဒုတိယထပ်ကို တက်မသွားနဲ့... မဟုတ်ရင် ဒုတိယထပ်မှာ ရှိတဲ့ မှတ်တမ်းထိန်းက မင်းကို ဖမ်းပြီး အပြစ်ပေးလိမ့်မယ်..."

ချင်မူက ပြောလိုက်၏။ "ကျွန်တော်က ပါမောက္ခပါ့ရှန်နဲ့ အပြင်လောကကို လိုက်ပြီး သင်ယူမလို့ပါ... အဲဒါကြောင့် ကျင့်စဉ်စာလိပ် နည်းနည်းလောက် ငှားသွားချင်ပါတယ်..."

ထိုမှတ်တမ်းထိန်းက အံ့အားသင့်သွားပြီး ပြန်ပြောလိုက်သည်။ "အဲဒီလိုလား... ပါမောက္ခပါ့ရှန်က အထူးအခွင့်အရေး ရထားတဲ့သူ ဆိုတော့ သူ့တပည့်တွေ အနေနဲ့ ကျင့်စဉ်စာလိပ် ငါးလိပ် ငှားယူသွားခွင့် ရှိတယ်... အထဲဝင်ပြီး သွားရွေးချေ၊ ပြီးရင် ငါ့ဆီမှာ လာပြီး စာရင်းသွင်း..."

ချင်မူက ပထမထပ် အတွင်းပိုင်းသို့ ဝင်သွားလိုက်၏။ အထဲတွင် အခန်းပေါင်း ဒါဇင်ချီ ရှိနေသည်။ အခန်းတိုင်းက ကျယ်ဝန်းလှပြီး အခန်းတံခါး၌ စာတန်းများ ကပ်ထား၏။ ဤအခန်းများရှိ ရှေးဟောင်းစာလိပ်များကို ပြည်နယ်အလိုက် ခွဲခြားထားသည်။ စီရင်စုတစ်ခု၊ ပြည်နယ်တစ်ခု၏ ကျင့်စဉ်၊ သိုင်းကွက်နှင့် ကောင်းကင်နတ်သိုင်းများ အားလုံးကို သက်ဆိုင်ရာအခန်းတွင်သာ စုစည်းထားသည်။

ချင်မူက လီကျိုးပြည်နယ်ဟု ရေးထိုးထားသော အခန်းထဲသို့ ဝင်သွားလိုက်၏။ ထိုထဲတွင် စာအုပ်စင် တစ်ဒါဇင်ခန့်သာ ရှိပြီး ထိုစာအုပ်စင်များပေါ်၌ ရှေးဟောင်းစာလိပ်များ တင်ထားသည်။ ထိုစာအုပ်စင်များ၌ သိုင်းဂိုဏ်းအသီးသီး၏ နာမည်များ ရေးထိုးထား၏။ သိုင်းဂိုဏ်းများအပြင် နာမည်ကြီး မိသားစုများ၏ အမည်များလည်း ပါဝင်သည်။

ထိုအခန်းထဲ၌ လူများစွာ မရှိ။ ကျောင်းတော်သား နှစ်ယောက်၊ သုံးယောက်သာ ကြမ်းပြင်ပေါ် ထိုင်၍ စာလိပ်များ ဖတ်ရှုနေသည်။ ဘေးဘက်၌ တံခါးငယ်လေးများ ရှိပြီး ချင်မူ အနားသို့ တိုး၍ ကြည့်လိုက်၏။ တံခါးနှစ်ချပ်က အထဲမှ သော့ခတ်ထားပြီး တံခါးတစ်ချပ်က ဖွင့်၍ ရသည်။

ထိုတံခါးကို တွန်းဖွင့် ကြည့်လိုက်သောအခါ အနည်းငယ် မှင်တက်မိသွားသည်။ တံခါး၏ နောက်၌ ပေခုနစ်ထောင် ပတ်လည်ခန့် ရှိသော ကွက်လပ်ကြီး ရှိနေ၏။ ယခု သူရောက်နေသည့် အခန်းထက်ပင် ကျယ်သေးသော်လည်း အထဲတွင် မည်သည့်အရာမျှ ရှိမနေပေ။

"ကြည့်ရတာ ကျောင်းတော်သားတွေ ကျင့်စဉ်၊ သိုင်းကွက်နဲ့ ကောင်းကင်နတ်သိုင်းတွေ လေ့ကျင့်ဖို့ နေရာ လုပ်ပေးထားတာ ထင်တယ်..."

ချင်မူက စာအုပ်စင် တစ်ခုရှေ့သို့ လျှောက်သွား၍ စာလိပ်တစ်လိပ်ကို ဆွဲထုတ်ပြီး ဖတ်ရှုလိုက်သည်။ သူ အံ့အားသင့်သွား၏။ "လီကျိုးပြည်နယ်မှာ သိုင်းဂိုဏ်းတွေ အများကြီး ရှိတာပဲ..."

ထိုစာလိပ်ပေါ်၌ လီကျိုးပြည်နယ်မှ တိမ်တိုက်နီဂိုဏ်း၏ တိမ်တိုက်နီကျင့်စဉ်ကို မှတ်တမ်းတင်ထားသည်။ ၎င်း၏ ဘေး၌ စာလိပ်အချို့ ရှိသေးပြီး တိမ်တိုက်နီဓားသိုင်း၊ တိမ်တိုက်နီဝင်္ကပါလေးသွယ်၊ တိမ်တိုက်နီဆေးလုံး ဖော်စပ်နည်း အစရှိသည်ဖြင့် ရေးထိုးထား၏။

ချင်မူက ခပ်မြန်မြန် ကျော်လွှား ဖတ်ရှုလိုက်သည်။ တိမ်တိုက်နီဂိုဏ်း၏ ကျင့်စဉ်က အမှန်တကယ်ပင် ထူးခြားလှ၏။ ဤကျင့်စဉ်ကို လေ့ကျင့် အောင်မြင်ပြီးသည်နှင့် ချီစွမ်းအင်က တိမ်တိုက်နီများအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။ သိုင်းကွက်တစ်ကွက် ထုတ်ဖော်လိုက်တိုင်း ကောင်းကင်တစ်ခွင်လုံး တိမ်တိုက်နီများဖြင့် ပြည့်လာပေလိမ့်မည်။ ထိုအခါ ဓားပျံများကို တိမ်တိုက်နီများအတွင်း ကွယ်ဝှက် တိုက်ခိုက်နိုင်ပြီး ရန်သူများအနေဖြင့် မြင်ကွင်း မရှင်းသည့်အတွက် အလွယ်တကူ ထိမှန်ခံကြရမည် ဖြစ်၏။

"တိမ်တိုက်နီကျင့်စဉ်က မဆိုးပေမဲ့ ရင်သပ်ရှုမောစရာ ကောင်းလောက်တဲ့ အဆင့်ထိတော့ မဟုတ်သေးဘူး..."

သူက တိမ်တိုက်နီကျင့်စဉ် စာလိပ်ကို ပြန်ချလိုက်သည်။ တိမ်တိုက်နီ ဓားသိုင်းကိုလည်း တစ်ချက်၊ နှစ်ချက် လှန်ကြည့်ပြီးနောက် ပြန်ချလိုက်၏။ တိမ်တိုက်နီဓားသိုင်းက တိမ်တိုက်နီ ကျင့်စဉ်နှင့် တွဲလျက် ဖြစ်သည်။ တိမ်တိုက်နီကျင့်စဉ်ကို လေ့ကျင့်ထားသူများသာ တိမ်တိုက်နီဓားသိုင်းကို လေ့ကျင့်နိုင်၏။ ထို့နောက် တိမ်တိုက်နီ ဓာတ်ငါးပါးဝင်္ကပါ လေးသွယ် စာလိပ်ကို တစ်ချက် ကြည့်လိုက်သည်။ ဤဝင်္ကပါ ပညာကလည်း တိမ်တိုက်နီကျင့်စဉ်နှင့် တိမ်တိုက်နီဓားသိုင်း တတ်မြောက်ထားရန် လိုအပ်၏။

တိမ်တိုက်နီဆေးလုံး ဖော်စပ်နည်း စာလိပ်ကိုလည်း သူ တစ်ချက် ခပ်သွက်သွက် လှန်ကြည့်လိုက်သည်။ ဤသည်က ဆေးဖော်နည်း တစ်ခုသာ ဖြစ်၏။ မှတ်သားထိုက်သော ဆေးနည်းများ ပါရှိသော်လည်း တချို့ ဆေးနည်းများမှာ ဘေးထွက်ဆိုးကျိုး အဆိပ်အတောက်များကို ပြေပျောက်အောင် မလုပ်နိုင်သည့် ပြဿနာများ ရှိနေသည်။

သူက တိမ်တိုက်နီဂိုဏ်း၏ စာလိပ်များကို စာအုပ်စင်ပေါ် ပြန်ချ၍ အခြားစာလိပ်ထူထူ တစ်စုံကို ကောက်ယူလိုက်သည်။

"ယုယွမ်အင်ပါယာ တော်ဝင်မိသားစုရဲ့ ရှေးဟောင်းစာလိပ်တွေ ဆိုပါလား..."

ချင်မူ အံ့အားသင့်သွားပြီး အပြန်ပြန်အလှန်လှန် ဖတ်၍ စိတ်ထဲမှ စဉ်းစားလိုက်မိသည်။ "ဒီစာအုပ်စင်တွေပေါ်မှာ လီကျိုးပြည်နယ်က သိုင်းဂိုဏ်းတွေရဲ့ ကျင့်စဉ်တွေပဲ ရှိရမှာ မဟုတ်ဘူးလား... ဒါနဲ့ ယုယွမ်အင်ပါယာနဲ့ ယုယွမ်ချူးယွီက ဘယ်လို ဆက်စပ်နေသလဲ မသိဘူး... ကြည့်ရတာ အရင်က လီကျိုးပြည်နယ်ဆိုတာ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ နယ်မြေ မဟုတ်ဘဲ ယုယွမ်လို့ ခေါ်တဲ့ အင်ပါယာရဲ့ နယ်မြေ ဖြစ်နေတာများလား..."

ချင်မူ၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။ ယုယွမ်ချူးယွီက လီကျိုးပြည်နယ်၏ အကြီးအကဲ ဖြစ်ပြီး သူမ၏ မျိုးရိုးနာမည်က ယုယွမ် ဖြစ်နေသည်။ သူမတွင် ယုယွမ်ချူးယွင်ဟု ခေါ်သော အစ်ကိုတစ်ယောက် ရှိပြီး ဤမြို့တော်၌ နန်းတွင်းအရာရှိ တစ်ဦး ဖြစ်သည်ဟု ဆို၏။ ကြည့်ရသည်မှာ သူတို့ မောင်နှမနှစ်ယောက်က ယုယွမ်အင်ပါယာ၏ တော်ဝင်မျိုးဆက်များ ဖြစ်နေသည်လား။

ယုယွမ်ချူးယွီ၏ ရာထူးအဆင့်အတန်းက မနိမ့်ကျလှ။ ထို့ပြင် ငယ်ငယ်ရွယ်ရွယ်နှင့် ထိုမျှ မြင့်မားသော အနေအထားကို ပိုင်ဆိုင်ထားနိုင်သည်မှာ အင်အားကြီး နောက်ခံတစ်ခုခု ရှိ၍ ဖြစ်ပေလိမ့်မည်။

"လီကျိုးက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ အလယ်ပိုင်း တောင်ဘက်စွန်မှာ ရှိတဲ့ ဒေသပဲ... ကြည့်ရတာ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက သိမ်းယူခဲ့တဲ့ တိုင်းပြည်တွေ နည်းပုံမရဘူး..."

ချင်မူက ယုယွမ်အင်ပါယာ၏ နန်းစဉ်ကျမ်းကို လှန်လှော ကြည့်ရှုလိုက်၏။ ယုယွမ်အင်ပါယာမှ ရှေးဟောင်းကျင့်စဉ် စာလိပ်များက အပြည့်အစုံ မဟုတ်သော်လည်း တိမ်တိုက်နီဂိုဏ်းထက် အများကြီး ပိုသာသည်။ ယုယွမ်အင်ပါယာ၏ နန်းစဉ်ကျမ်းကို ချန်တုကျိုက်ထျန်ကျင့်စဉ်ဟု ခေါ်တွင်ပြီး အပြည့်အစုံနီးပါး ပါဝင်၏။ ၎င်း၏ ဓားသိုင်းကိုတော့ ဆည်းဆာဓားသိုင်းဟု ခေါ်တွင်သည်။

ချင်မူက တစ်ချက် ဖတ်ကြည့်လိုက်ပြီး ဤရှေးဟောင်းကျင့်စဉ်စာလိပ် အစုံလိုက်ကို ရွေးချယ်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။

ဓားသိုင်းအနေဖြင့် သူ တတ်မြောက်သည်မှာ ဓားပန်းချီ၏ ပထမဓားကွက်၊ တောင်တန်းနှင့် မြစ်ပြင်များကြားမှ ဖြတ်လျှောက်သွားသော ဓား တစ်ကွက်သာ ရှိ၏။ သို့သော်လည်း တောင်တန်းနှင့် မြစ်ပြင်များကြားမှ ဖြတ်လျှောက်သွားသော ဓား၏ ချီစွမ်းအင်ကုန်ဆုံးမှုက ကြီးမားလွန်းလှသဖြင့် သာမန်အချိန်၌ ရန်သူများနှင့်တွေ့ပြီး ဤဓားကွက်ကို ထုတ်သုံးလိုက်လျှင် တစ်ကွက်တည်းနှင့် သူ၏ ချီစွမ်းအင်များ ကုန်ခန်းသွားပေလိမ့်မည်။ နောက်ထပ် ရန်သူများ ထပ်ရောက်လာပါက သူ့အတွက် အခြေအနေ လှတော့မည် မဟုတ်။

သို့ဖြစ်၍ သူ့အတွက် ပထမတန်းစား ဓားသိုင်း တစ်မျိုးမျိုး လိုအပ်နေပေသည်။

ယုယွမ်အင်ပါယာ၏ ဆည်းဆာဓားသိုင်းက သူ အရေးတကြီး လိုအပ်နေသော ပထမတန်းစား ဓားသိုင်းပင် ဖြစ်သည်။

"အစောက မှတ်တမ်းထိန်း ပြောတာ ရှေးဟောင်းစာလိပ် ငါးလိပ်ထိ ငါ ယူလို့ရတယ်တဲ့... ထပ်ရှာဦးမှပဲ..."

ချင်မူ အခြား စာအုပ်စင်များကို ခပ်သွက်သွက် ကြည့်ရှုလိုက်သော်လည်း သူ သဘောကျသည့် ကျင့်စဉ် မတွေ့ပေ။ အခြား မည်သည့်သိုင်းဂိုဏ်းက ကျင့်စဉ်မျှ ယုယွမ်အင်ပါယာ၏ ချန်းတုကျိုက်ထျန်ကျင့်စဉ်လောက် မကောင်းပေ။

သူ တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ရှာရင်း ပထမတန်းစား ကျင့်စဉ်အချို့ တွေ့ပြီး တိတ်တဆိတ် သိလိုစိတ် ပေါ်လာ၏။ မှတ်တမ်းထိန်းဆောင်၏ ပထမထပ်တွင်ပင် ဤမျှ များပြားသော ရှေးဟောင်းစာလိပ်များ ရှိနေသည် ဖြစ်ရာ ဒုတိယထပ်နှင့် တတိယထပ်တွင် မည်မျှ စွမ်းအားကြီးသော ရှေးဟောင်းစာလိပ်များ သိမ်းဆည်းထားလိမ့်မည်နည်း။

"အာ... တစ်ခုခု မူမမှန်သလိုပဲ... တချို့စာလိပ်တွေက အကွက်တွေ လိုနေတယ်၊ သိုင်းဂိုဏ်းတွေက သူတို့ရဲ့ ထိပ်သီးသိုင်းပညာ အစစ်အမှန်တွေကို မဆက်သခဲ့ဘူး ထင်တယ်..."

ချင်မူ ထိုစာလိပ်များကို ပို၍ ဖတ်မိလေလေ၊ သူ့ရင်ထဲတွင် သံသယစိတ်များ ပိုပွားလာလေလေ ဖြစ်သည်။ ဤနေရာရှိ ရှေးဟောင်းကျင့်စဉ် အတော်များများမှာ အထွတ်အထိပ် သိုင်းကွက်များ ချန်လှပ်ထားခံရ၏။ သူ တစ်ချက် ကြည့်လိုက်သည်နှင့် ရှင်းရှင်းလင်းလင်း ခံစားမိသည်။

ဥပမာဆိုရလျှင် သံစဉ်ကိုးသွယ် ဆက်နွှယ်သောမြစ် ဓားသိုင်းတွင် စုစုပေါင်း ဓားကွက်ကိုးကွက် ရှိသော်လည်း နဝမမြောက်ဓားကွက်ကို ထုတ်သုံးလိုက်သောအခါ ဓားသိုင်း၏ အားလှိုင်းအရှိန်အဟုန်က အထွတ်အထိပ်ထိ စုစည်း မြင့်တက်လာပြီးသည့်နောက် ဘာမျှ ဆက်ဖြစ်မလာတော့ပေ။ ကြီးမားလှသော အားအင်ကို စုစည်း ယူဆောင်လာသော်လည်း ထိုအားအင်ကို ဖောက်ခွဲထုတ်ဖော်ရန် ဆယ်ကွက်မြောက် ဓားကွက် မရှိ။

ဤသည်ကို ကြည့်လျှင် သံစဉ်ကိုးသွယ် ဆက်နွှယ်သောမြစ်ဂိုဏ်းက သူတို့၏ ဓားပညာ အပြည့်အစုံကို မဆက်သဘဲ တချို့တစ်ဝက်ကို သိုဝှက်ထားခဲ့ဟန် ရှိသည်။

အလားတူ ကျင့်စဉ်စာလိပ် များစွာ ရှိ၏။ ဤအင်အားစုကြီးများက သူတို့၏ အထွတ်အထိပ် ပညာရပ်များကို ထာဝရ ငြိမ်းချမ်းရေး အင်ပါယာသို့ လွှဲပြောင်းမပေးဘဲ တချို့တစ်ဝက် ချန်လှပ်ထားခဲ့သည်မှာ ထင်ရှားပေသည်။

All Chapters