← Chapters

မေ့ဆေးခပ်ခြင်း

Vol. 11 Ch. 148

မေ့ဆေးခပ်ခြင်း

Vol. 11 Ch. 148

များစွာ မကြာလိုက်ဘဲ ချင်မူ ဒုတိယစာလိပ်ကို ရွေးချယ်လိုက်သည်။ ထိုရှေးဟောင်းစာလိပ်က ဝိညာဉ်လမ်းညွှန်ဟု ခေါ်ဆိုပြီး သေဆုံးသူ၏ ဝိညာဉ်ကို တမလွန်လောကမှ ခေါ်ထုတ်နိုင်သကဲ့သို့ တမလွန်လောကသို့ ဝင်ရောက်သည့် အစီအရင်ကိုလည်း ပြုလုပ်နိုင်၏။

ဤစာလိပ်ကို ရွေးချယ်ဖြစ်သွားသည့် အဓိက အကြောင်းအရင်းမှာ မှတ်တမ်းထိန်းဆောင်တွင် ဤသို့သော ပညာရပ်မျိုးနှင့် ပတ်သက်သည့် ကျင့်စဉ်စာလိပ်မျိုး နည်းပါးလွန်းသောကြောင့် ဖြစ်သည်။

သူသာ ဤကျင့်စဉ်ကို ထပ်မံ အဆင့်မြှင့်နိုင်ခဲ့လျှင် လတ်တလော သေဆုံးသွားသူ၏ ဝိညာဉ်ကို ပြန်ခေါ်၍ အသက်သွင်းနိုင်ကောင်း သွင်းနိုင်မည်ဟု ချင်မူ တွေးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မဟာတောင်တော်ဂိုဏ်း၏ တစ္ဆေကူးပြောင်း၊ နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်ကိုလည်း ရွေးချယ်လိုက်သည်။ မဟာတောင်တော်ဂိုဏ်း၏ မှော်အစီအရင်များက လွန်စွာ ထူးဆန်းလှပြီး မှော်သင်္ကေတများကို အသုံးပြု၍ တစ္ဆေနှင့် နတ်ဘုရားတို့၏ စွမ်းအားကို ငှားရမ်း အသုံးပြုနိုင်သည်။ ဤသည်က ပန်းချီပညာနှင့် တစ်နည်းတစ်ဖုံ ဆက်နွှယ်နေသည်ဟု သူ ခံစားမိသည်။

သူက ထိုရှေးစာလိပ် သုံးလိပ်သာ ရွေးချယ်ခဲ့သည်။ ထပ်ရွေး၍လည်း အကျိုးရှိတော့မည် မဟုတ်ချေ။ သူ့တွင် လေ့ကျင့်စရာ ကျင့်စဉ်၊ သိုင်းကွက် အများအပြား ရှိနေပြီး မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာမှ ကျင့်စဉ်၊ သိုင်းကွက်များကလည်း နွားတစ်ကောင်၏ အမွေးအမှင်ကဲ့သို့ များပြားလှ၏။ ၎င်းတို့ကို နားလည်သဘောပေါက်အောင်ပင် အချိန်အတော်ယူရမည် ဖြစ်ရာ သူ့အနေဖြင့် နောက်ထပ် အများကြီး ရွေးချယ်စရာ မလိုအပ်ပေ။

ချင်မူက ထိုစာလိပ်သုံးလိပ်ကို မှတ်တမ်းထိန်းထံ ယူဆောင်သွားပြီး မှတ်တမ်းထိန်းက သူ၏ စာဖတ်ခွင့်ကတ်ပြားနှင့် စာလိပ်များကို စာရင်းသွင်းလိုက်သည်။

နှစ်ရက်ကြာသောအခါ ချင်မူ့အား နန်းတွင်းကောလိပ်၏ တော်ဝင်ကျောင်းသားအဖြစ် ခန့်အပ်သည့် ဧကရာဇ်၏ အမိန့်စာလွှာ ရောက်ရှိလာသည်။ ထိုရာထူးက အမြင့်စံ ဆဋ္ဌမအဆင့် နန်းတွင်းအရာရှိရာထူး ဖြစ်ပြီး မှတ်တမ်းထိန်းဆောင်၏ တတိယထပ်အထိ အဆီးအတားမရှိ ဖတ်ရှုခွင့်လည်း ရ၏။

နန်တွင်းကောလိပ်၏ တောင်တံခါးဝရှေ့တွင် ပါမောက္ခပါ့ရှန် ရပ်စောင့်နေသည်။ တစ်ခဏကြာသောအခါ ဒုတိယမင်းသား လင်ယွိရှုက မလိုက်ချင် လိုက်ချင်နှင့် ပါလာသော လင်ယွိရှို့ကို တရောသောပါး ဆွဲခေါ်လာ၏။

"သတ္တမ ညီမလေး... ပါမောက္ခပါ့ရှန်နောက် လိုက်ပြီး လေ့ကျင့်တာက နန်းတွင်းကောလိပ်မှာ နေတာထက် အများကြီး ပိုကောင်းတယ်..."

လင်ယွိရှုက ပြုံး၍ ပြောလိုက်၏။ "ပါမောက္ခပါ့ရှန်က တခြား ဆရာတွေ အားလုံးထက် သာတဲ့ ဂိုဏ်းချုပ်ကြီးအဆင့် ဆရာပဲ... ငါတောင် နင့်ကို မနာလိုတယ်၊ သူ့တပည့် ဖြစ်ရဖို့ဆို ကျန်တာတွေ မေ့ပစ်နိုင်တယ်... တွန့်ဆုတ်မနေနဲ့... နင်က ငါ့ချစ်ညီမလေးပဲ၊ တစ်ဗိုက်ထဲက အတူတူ ထွက်လာတာ၊ နင် ဒုက္ခရောက်အောင် ဘယ်လုပ်ပါ့မလဲ..."

တောင်တံခါးဝဘေးတွင်တော့ ကြီးမားတုတ်ခိုင်သည့် အစိမ်းရောင် နွားသိုးကြီးက လူတစ်ယောက်ကဲ့သို့ မတ်တတ်ရပ်၍ တံခါးစောင့် နဂါးချီလင်ကို စနောက်နေသည်။ တစ်ခါတစ်ရံတွင် နဂါးမုတ်ဆိတ် တစ်မျှင်ကို ဆွဲလိုက်၊ တစ်ခါတစ်ရံတွင် နဂါးအမြီးကို သွားသွား တို့လိုက်ထိလိုက် လုပ်နေ၏။

"ဟေး ညီမလေး... ဘယ်တော့ ဒီက ကိုကိုနဲ့ အပြင်ထွက်လည်မှာလဲ..."

နွားသိုးစိမ်းကြီးက ပါးစပ်ထဲတွင် ပျိုနီပန်းပင်ကို ကိုက်၍ တောင်တံခါးရှေ့တွင် မှီရင်း ရယ်မောလိုက်သည်။ "ညီမလေး... ဒီနေရာမှာ နေ့တိုင်း စောင့်ကြပ်နေရာတာ မပျင်းဘူးလား... ငါ နင့်ကို အပြင်ဘက်ခေါ်သွားမယ်၊ လောကကြီးရဲ့ သာယာမိန်းမူးစရာ အထိအတွေ့တွေနဲ့ နင် ပျော်သွားစေရမယ်... ဒီပန်းပွင့်လှလှလေးကို တွေ့လား... ရော့... နင်စားဖို့ ငါ ပေးမယ်..."

နဂါးချီလင်မှာ ပါမောက္ခပါ့ရှန်ကို တစ်ချက်ကြည့်၍ ဤအစိမ်းရောင် နွားသိုးကြီးကို ကိုက်ခဲ စားသောက်ပစ်ချင်စိတ်ကို ချိုးနှိမ်ပြီး ဒေါသထိန်းလိုက်ရ၏။

"ပါမောက္ခပါ့ရှန်၊ ဘယ်တော့ သွားမှာလဲ..." လင်ယွိရှုက မေးလိုက်သည်။

ပါမောက္ခပါ့ရှန်က တောင်ပေါ်သို့ မော့ကြည့်လိုက်၏။ "တစ်ယောက် စောင့်ရဦးမယ်... ဒီကောင်လေး ဆင်းလာနေပြီ ထင်ပါတယ်..."

လင်ယွိရှုက သူ့ဘေးမှ ညီမဖြစ်သူကို ကြည့်၍ သူ့ဖာသာ သဘောကျ ကျေနပ်မိနေသည်။ "ကံကောင်းထောက်မပြီး ငါ ဉာဏ်ကောင်းလို့သာပေါ့၊ မဟုတ်ရင် သတ္တမ ညီမလေးက အဲဒီ မဟာမြို့ပျက်က စွန့်ပစ်ခံကောင်နဲ့ သွားပတ်သက်နေဦးမှာ... အခု သူ တောင်ပေါ်မှာ မနေရတော့ဘူးဆိုတော့ အဲကောင်မှာ ပတ်သက်ဖို့ အခွင့်အရေး မရှိတော့ဘူး..."

လင်ယွိရှို့မှာ သူနှင့် တစ်ဖအေ၊ တစ်မအေတည်းမှ မွေးလာသည့် ညီမအရင်း ဖြစ်၍ အစွမ်းကုန် ကြည့်ရှုစောင့်ရှောက်နေခြင်း ဖြစ်သည်။ သူ့မျက်လုံးထဲတွင် အခြား မင်းသား၊ မင်းသမီးများကို ပြိုင်ဘက်အဖြစ်သာ ရှုမြင်၏။ လင်ယွိရှို့သည်သာ သူ၏ အချစ်ဆုံး ညီမလေး ဖြစ်သည်။ သို့ဖြစ်ရာ  သူ့ညီမကို မည်သည့် လူဆိုးလူသွမ်းမျှ ထိပါးခွင့်မပြု။

လင်ယွိရှို့ ထိုအကြောင်းများ တွေးနေရင်းနှင့် ပစ္စည်းပစ္စယ မြောက်မြားစွာ သယ်ဆောင်၍ တောင်ပေါ်မှ ဆင်းလာသော လူငယ်တစ်ယောက်ကို လှမ်းမြင်လိုက်သည်။ ထိုသူက ပုဆိန်တစ်လက်၊ ဝက်ခုတ်ဓားမ၊ ဝါးတောင်ဝှေး အစရှိသည်တို့အပြင် ကြီးမားသော ကျောပိုးအိတ်ကြီး တစ်လုံးကိုလည်း သယ်ဆောင်လာပြီး ထိုပေါ်၌ မြေခွေးဖြူလေး တစ်ကောင် ထိုင်လျက်သား လိုက်ပါလာသည်။

"ဒီကောင့်ကြည့်ရတာ အသက်လုပြေးလာရသလိုပဲ... တောင်ပေါ်က ထွက်ပြေးဖို့များ ကြံစည်နေတာလာ..." လင်ယွိရှုက စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။

ပါမောက္ခပါ့ရှန်က ချင်မူ့ကို မြင်သောအခါ သက်ပြင်းချ၍ ပြုံးလိုက်သည်။ "ကဲ လူစုံပြီ..."

လင်ယွိရှုမှာ ဆတ်ခနဲ တုန်ခါသွားပြီး ပါမောက္ခပါ့ရှန်ကို ကြည့်၍ အထစ်ထစ် အငေါ့ငေါ့ မေးလိုက်သည်။ "ဆရာ စောင့်နေတာ သူလား..."

ပါမောက္ခပါ့ရှန်က ခေါင်းညိတ်၍ သူ့ရင်ထဲမှ မြူမှုန်မျှသော ယုံမှားသံသယလေးကို အစိတ်စိတ် အမြွှာမြွှာ ဖျက်ဆီးပစ်လိုက်သည်။

အခြားတစ်ဘက်တွင်တော့ လင်ယွိရှို့ ပျော်ရွှင်မြူးထူးသွားပြီး ငိုင်တွေနေသည့် သူ့အစ်ကိုကို ကျေနပ်စွာ ကြည့်ရှုလိုက်သည်။ အစ်ကိုဖြစ်သူ၏ သေးသိမ်သော အကြံအစည်လေးကို သူမ အဘယ်သို့ မသိဘဲ ရှိပါမည်နည်း။

လင်ယွိရှုမှာ ချီတုံချတုံ ဖြစ်နေ၏။ သူ့ညီမကို နုတ်ထွက်ခိုင်း၍ ရ၊ မရ ပါမောက္ခပါ့ရှန်ကို မေးချင်သော်လည်း မကောင်းတတ်ပေ။

"ဆရာပါ့ရှန်၊ ကျွန်တော်လည်း ဆရာနဲ့ လိုက်ပြီး လေ့ကျင့်လို့ ရမလား..." လင်ယွိရှုက လက်မလျှော့သေးဘဲ ကမန်းကတန်း မေးလိုက်သည်။

ပါမောက္ခပါ့ရှန်က ခေါင်းခါယမ်းလိုက်၏။ "ဒုတိယမင်းသား၊ မင်းရဲ့ ကျင့်စဉ်အဆင့်က ခုနစ်စဉ်ကြယ်အဆင့် ရောက်နေပြီဆိုတော့ အတော်လေး မြင့်နေပြီ... မင့်အသက်အရွယ်ကလည်းကြီးပြီ၊ မင်းလျှောက်မဲ့လမ်းကလည်း ရွေးပြီးသွားပြီ... အဲဒါကြောင့် မင်းကို ငါ သင်ပေးဖို့ မဖြစ်နိုင်တော့ဘူး... စိတ်မပူပါနဲ့၊ ငါ ရှိနေတာပဲ၊ သတ္တမမင်းသမီး မထိခိုက်စေရဘူး... ပြန်တော့..."

လင်ယွိရှုမှာ မပြန်နိုင်သေးဘဲ ထိုနေရာတွင် ရပ်၍ ချင်မူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

ချင်မူမှာ နားမလည်နိုင် ဖြစ်နေ၏။ ဤမင်းသားကို သူ မည်သို့ အပြစ်ပြုမိခဲ့သည်မှန်း မသိချေ။

ပါမောက္ခပါ့ရှန် လေးနက်သော အသံဖြင့် ကြေညာလိုက်သည်။ "ကဲ လူစုံပြီဆိုတော့ သွားကြစို့..."

ချင်မူက ကမန်းကတန်း ပြောလိုက်သည်။ "ဆရာ၊ ခဏစောင့်ပါဦး..."

ပါမောက္ခပါ့ရှန်က ခြေလှမ်းများ ရပ်၍ ပြန်လှည့်ကြည့်လိုက်သည်။ ချင်မူက နဂါးချီလင်၏ ရှေ့သို့ လျှောက်သွား၏။ ကြီးမားတုတ်ခိုင်လှသော အစိမ်းရောင် နွားသိုးကြီးက ကမန်းကတန်း နောက်ဆုတ်၍ သူ့ကို သတိနှင့် ကြည့်လိုက်သည်။

ချင်မူက သူ့ကို အရေးမစိုက်ဘဲ အသက်အောင့်၍ ကျောက်စိမ်းပုလင်း တစ်လုံး ထုတ်ယူလိုက်သည်။ ထို့နောက် ပုလင်းဖုံးကို ဖွင့်၍ နဂါးချီလင်၏ နှယခေါင်းအောက် တေ့လိုက်၏။ နဂါးချီလင်မှာ တစ်မုဟုတ်ချင်း မြေပေါ်သို့ ပျော့ခွေလဲကျသွားသည်။

အစိမ်းရောင် နွားသိုးကြီးမှာ ချက်ချင်း နောက်ခုန်ဆုတ်သွားပြီး သူ့ကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်လိုက်သည်။

ချင်မူက ပုလင်းဖုံးကို အမြန်ပြန်ပိတ်လိုက်ပြီး မြေခွေးလေးက ပျံ့ထွက်လာသည့် ထူးဆန်းသော အမွှေးနံ့များ ပြယ်လွင့်သွားအောင် လေဖြင့် မှုတ်ထုတ်ပစ်၏။ ထို့နောက်မှသာ ချင်မူ အသက်ကို အမောတကော ရှူလိုက်ရသည်။ ဟူလင်းအာက နောက်ထပ် ပုလင်းတစ်လုံး အိတ်ထဲမှ ထုတ်ယူလိုက်ပြီး ချင်မူ့ထံ ကမ်းပေးလိုက်သည်။ ချင်မူက ထိုပုလင်းကို ဖွင့်လိုက်ရာ ချဉ်စူးစူးအနံ့ တစ်ခု ထောင်းခနဲ ထလာ၏။ ထို့နောက် ပုလင်းထဲမှ အရည်များကို နဂါးချီလင်၏ ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။

ထိုအရည်များက သံပရာသီးကို ညှစ်ယူလာသော သံပရာရည်များ ဖြစ်သည်။ နဂါးချီလင်မှာ သတိလစ်၍ မလှုပ်ရှားနိုင်သော်လည်း ချဉ်စူးစူး သံပရာရည် အရသာ ပါးစပ်ထဲ ဝင်လာသည်နှင့် သူ့လျှာရင်းမှ သွားရည်များ ထိန်းမရသိမ်းမရ စီးကျလာ၏။

ဟူလင်းအာက အိတ်ထဲမှ ကျောက်စိမ်းပုလင်းများ အမြန်ထုတ်လိုက်သည်။ ချင်မူက ထိုပုလင်းများကို ယူ၍ နဂါးချီလင်း၏ ပါးစပ်ထောင့်တွင် တေ့ကာ သွားရည်များ ခံထားလိုက်၏။ ဆယ်ပုလင်းခန့် ရပြီးသောအခါ နဂါးချီလင်၏ သွားရည်များ ခန်းခြောက်သွားပြီး ထပ်ထွက်မလာတော့ချေ။

ချင်မူက ထပ်ရပ်၍ ပြုံးလိုက်သည်။ "ဆရာ၊ မိန်းကလေး ယွိရှို့... ကျွန်တော်တို့ သွားလို့ ရပြီ..."

ပါမောက္ခပါ့ရှန်က သတိလစ်နေသော နဂါးချီလင်ကို တစ်ချက်ကြည့်၍ စူးစမ်းမေးမြန်းလိုက်၏။ "မင်းက နဂါးသွားရည်တွေ စုပြီး ဘာလုပ်ဖို့လဲ..."

ချင်မူက ရှင်းပြလိုက်၏။ "ဒါက ပြင်ပဒဏ်ရာတွေအတွက် နတ်ဆေးပဲ... ဓားဒဏ်ရာတွေ ရလာရင် ဒါကို လိမ်းလိုက်တာနဲ့ အသားပြန်ဆက်ပြီး အနာဖေးတက်လာလိမ့်မယ်... အခုတစ်ခေါက်က အပြင်ထွက်ပြီး အတွေ့အကြုံ ရှာမှာဆိုတော့ မလွှဲသာမရှောင်သာ ထိခိုက်ဒဏ်ရာရမှာပဲ... ကြိုတင် ပြင်ဆင်လာခဲ့လို့ ထိခိုက်နိုင်စရာ အကြောင်း မရှိပါဘူး..."

ပါမောက္ခပါ့ရှန်၏ ရင်ထဲတွင် လှုပ်ခတ်သွား၏။ ချင်မူ ဤသည်ကို လမ်းခရီးတွင် ကြုံတွေ့ရမည့် ထိခိုက်ဒဏ်ရာများ အတွက်သာ မဟုတ်၊ သားသတ်သမား၏ ခန္ဓာကိုယ်အောက်ပိုင်းကို ပြန်ဆက်၍ ပကတိ ပြန်ကောင်းလာအောင် ကုသပေးရန်အတွက်လည်း ရည်ရွယ်စုဆောင်းခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ထို့နောက် ချင်မူက ပြောလိုက်သည်။ "ဆရာ၊ ကျွန်တော့်ကို ဆရာ့ရဲ့ နွားသိုးစိမ်းကြီး ငှားလို့ ရမလား..."

အစိမ်းရောင် နွားသိုးကြီးမှာ အလန့်တကြား ဖြစ်သွား၏။ "မင်း ဘာလုပ်မလို့လဲ... လင်းအာနဲ့ ငါနဲ့ သွေးသောက်မောင်နှမ ဖွဲ့ပြီးပြီနော်... မင်း ငါ့ကို စားရဲရင် ငါ့အစ်မကြီးက မင်းကို တိုက်ခိုက်လိမ့်မယ်... ဟုတ်တယ် မဟုတ်လား မမကြီး လင်းအာ..."

ဟူလင်းအာက ဝင့်ကြွားစွာ ပြောလိုက်သည်။ "သူက အမူးလွန်ပြီး ကျွန်မရဲ့ သွေးသောက်မောင်လေး ဖြစ်သွားတာ..."

ချင်မူက ပြုံးလိုက်၏။ "ငါက မင်းကို ငါ့အိတ်ကလေး သယ်ခိုင်းမလို့ပါ... ဘာတွေ ဂနာမငြိမ် ဖြစ်နေတာလဲ... ဒါနဲ့ အစောက ငါ ကြည့်ခဲ့ပြီးပြီ၊ အဲဒီနဂါးချီလင်က အထီးကြီးနော်..."

နွားသိုးစိမ်းကြီးမှာ မိုးကြိုး အချက်ပေါင်း သုံးဆယ် ပစ်ချခံလိုက်ရသည့်နှယ် နေရာတွင် မလှုပ်မယှက် ငုတ်တုတ်မေ့သွား၏။ သူက ရုတ်တရက်  အော်ကြီးဟစ်ကျယ် ထငိုလိုက်ပြီး ဟူလင်းအာက သွား၍ နှစ်သိမ့်လိုက်သည်။ "ဘာမှ မဖြစ်ဘူး... ဘာမှ မဖြစ်ဘူး... အထီးဖြစ်ဖြစ်၊ အမဖြစ်ဖြစ် ဘာမှ မဖြစ်ဘူး၊ သူက နင့်ကို ကြိုက်တာမှ မဟုတ်တာ... သူက ကြိုက်နေရင်သာ နင့်အတွက် အခြေအနေမကောင်းမှာ..."

ပါမောက္ခပါ့ရှန်က ခေါင်းခါယမ်း၍ သူတို့ကို ခေါ်ဆောင်ပြီး နန်းတွင်းကောလိပ်မှ မြို့တော်အပြင်ဘက်ထိ ထွက်လာခဲ့၏။

အစိမ်းရောင် နွားသိုးကြီးက ရုတ်တရက် မြေပေါ်သို့ လေးဖက်ထောက်၍ ခပ်အုပ်အုပ် အော်မြည်လိုက်သည်။ သူ၏ နွားရေခွံအောက်မှ ခန္ဓာကိုယ်က တဝုန်းဝုန်း ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး အရိုးအဆစ်များ လျင်မြန်စွာ ကြီးထွားလာ၏။ သူ၏ ကြွက်သားမြှောင်းများကလည်း ဖောင်းကြွလာပြီး အမွေးအမှင်များ လျင်မြန်စွာ ရှည်ထွက်လာသည်။

နဂိုကပင် သူ မတ်တတ်ရပ်သည့်အခါ လူ့အရပ် နှစ်ဆ၊ သုံးဆ ရှိ၏။  ယခု သူ၏ ပုံသဏ္ဌာန် အမှန်သို့ ပြောင်းလဲလိုက်သောအခါ နဂို အရွယ်အစားထက်ပင် ပိုကြီးလာ၏။ ခန္ဓာကိုယ်က ဆယ်ဆခန့် ပိုကြီးလာပြီး သူ့လက်များက နွားခွာများအဖြစ် ပြောင်းလဲသွားသည်။ သူ၏ နှာခေါင်းပေါက်မှ အခိုးအငွေ့များ ထွက်လာပြီး ခြေထောက်အောက်၌ လေပွေများ ထလာသည်။

ပါမောက္ခပါ့ရှန်က ချင်မူနှင့် လင်ယွိရှို့ကို နွားသိုးကြီး၏ ကျောပေါ်သို့ တက်စေပြီး သူတို့၏ အထုပ်အပိုးများကို နေရာချခိုင်းလိုက်သည်။

"ဒုတိယမင်းသား၊ ငါတို့ကို လိုက်ပို့ဖို့ မလိုဘူး... ပြန်တော့..."

ပါမောက္ခပါ့ရှန်က သူတို့ကို မြို့ပြင်ရောက်သည်အထိ လိုက်ပို့နေသော လင်ယွိရှုကို ကြည့်၍ ပြုံးလိုက်သည်။ "အဆင်ပြေမှာပါ... ပြန်တော့..."

လင်ယွိရှုက မချိပြုံး ပြုံး၍ လင်ယွိရှို့ကို လက်ပြနှုတ်ဆက်လိုက်သည်။ လင်ယွိရှို့က ချင်မူနှင့် စကားပြောနေပြီး ထိုခြေသွက်လက်သွက်ကောင်၊ ချင်မူက မည်သည့် ဟာသကို ပြောလိုက်သည်မသိ၊ လင်ယွိရှို့က တခစ်ခစ် ရယ်မောပြီး သူ၏ ရင်ဘတ်ကို ထုနှက်လိုက်သည်။

လင်ယွိရှုမှာ သူ့ရင်ဘတ်ကို ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသကဲ့သို့ အောင့်မျက်နာကျင်သွား၏။

အစိမ်းရောင် နွားသိုးကြီး၏ ခြေလေးချောင်းက ခပ်ကြဲကြဲ လှမ်းထွက်သွားပြီး သူ့ခြေထောက်အောက်၌ လေပွေများ ထလာသည်။ သူက အဝေးသို့ တစ်ဟုန်ထိုး ပြေးထွက်သွားသဖြင့် လင်ယွိရှုမှာ ဖုန်တောထဲ ကျန်ရစ်ခဲ့၏။

ဟူလင်းအာက နွားသိုးကြီး၏ ဦးချိုကောက်ကောက်ပေါ်တွင် ထိုင်၍ လိုက်ပါလာပြီး သူမ၏ မျက်နှာသို့ တဟူးဟူး တိုက်ခတ်နေသော လေအဟုန်ကြောင့် အမွေးဖြူဖြူလေးများ တလွင့်လွင့် ဖြစ်နေ၏။ နွားသိုးကြီး၏ ဦးချိုနှစ်ချောင်းက စက်ဝိုင်းပိတ်ပုံ ဖြစ်အောင် ခွေကောက်နေသဖြင့် လေနှင့်အတူ လွင့်ထွက်မသွားဘဲ အေးအေးဆေးဆေး ထိုင်လိုက်လာနိုင်ခြင်း ဖြစ်သည်။

မြေခွေးလေးက စိတ်ဝင်တစား မေးလိုက်သည်။ "မောင်လေးနွား... နင်က လေကို ထိန်းချုပ်နိုင်တာလား..."

အစိမ်းရောင် နွားသိုးကြီးက ပြုံးလိုက်၏။ "လေကို ထိန်းချုပ်ရတာ ဘာများ ခက်ခဲနေလို့လဲ... ငါက နဂါးမျိုးနွယ်လေ၊ လေမုန်တိုင်းတွေကို ထိန်းချုပ်နိုင်တာ ငါ့ရဲ့ မွေးရာပါ အရည်အချင်းပဲ... ငါ့အရေခွံကို ကြည့်ရင် နင် သိလိမ့်မယ်... ငါ့ရဲ့ အစိမ်းရောင် အရေခွံနဲ့ အမွေးအမှင်တွေက နဂါးစိမ်းနဲ့ မတူဘူးလား... ဒါမျိုးက နင်တို့လို မှော်မိစ္ဆာငယ်လေးတွေ ယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး..."

သူက လွန်စွာ မာန်တက်ဝင့်ကြွားသူ ဖြစ်၏။ သူ၏ မျိုးဆက်သွေးက အခြား ဆန်းကြယ်သားရဲများနှင့် များစွာ ခြားနားသည်။ အခြား ဆန်းကြယ်သားရဲများနှင့် ရင်ဆိုင်တွေ့လျှင် သူ၏ နဂါးသွေး အရှိန်အဝါကို အသုံးပြုရုံဖြင့် တစ်ဘက်သားရဲကို ကြောက်ရွံ့တုန်လှုပ်၍ ဝပ်တွားခယလာအောင် ပြုလုပ်နိုင်စွမ်း ရှိ၏။

ဟူလင်းအာက သူ၏ ဦးရေပြားကို ပွတ်သပ်ကြည့်လိုက်ရာ အလွန်တရာ ထူထဲမာကြော၍ ပြောင်လက်တောက်ပနေကြောင်း တွေ့ရ၏။ သူ၏ အရေပြားက ဓားဖြင့် ခုတ်၍ မပြတ်လောက်အောင် မာကြောခိုင်ခံ့လှပြီး လည်ကုပ်မှ နဂါးအကြေးခွံများကလည်း  မျက်စိကျိန်းလောက်ဖွယ် ဖြစ်သည်။ သူမက တအံ့တဩ ချီးကျူးလိုက်၏။ "မောင်လေးနွား... နင့်ရဲ့ နွားသားရေကို ရောင်းလိုက်ရင် ပိုက်ဆံတော်တော် ရမှာပဲ..."

အစိမ်းရောင် နွားသိုးကြီးမှာ မိုက်ခနဲ ယိမ်းထိုးသွားပြီး ကမန်းကတန်း ပါးစပ်ပိတ်ကာ စိတ်ထဲမှ ရေရွတ်လိုက်သည်။ "ငါ့သွေးသောက် အစ်မတော်ကလည်း တကယ့်ကို ရက်စက်ကြမ်းကြုတ်တဲ့ သူပါလား... သူ့သခင်က ငါ့ကို စားချင်တယ်၊ သူက ငါ့အရေခွံကို ဆုတ်ပြီး ရောင်းစားချင်တယ်... အညှာတာကင်းတယ်၊ သူတို့ရဲ့ အညှာတာကင်းမှုက တကယ့်ကို ပြိုင်ဘက်ကင်းပဲ... ငါ၊ နွားနွားက ရိုးသားနုံအတဲ့သူ... ဒီလို လူဆိုးသူဆိုးတွေနဲ့ အပတ်အသက် အဆက်အဆံ နည်းနိုင်သမျှ နည်းအောင်နေတာ အကောင်းဆုံးပဲ... သူက ငါ့ကို အရက်မူးအောင် တိုက်ခဲ့လို့သာ သူနဲ့ သွေးသောက်မောင်နှမ ဖွဲ့မိပြီး သူ့အကွက်ထဲ ဝင်သွားခဲ့တာ..."

လင်ယွိရှို့က ပါမောက္ခပါ့ရှန်ကို လှည့်မေးလိုက်၏။ "ဆရာ၊ ကျွန်မတို့ ဘယ်ကို သွားကြမှာလဲ..."

"မဟာတံတိုင်းရဲ့ အပြင်ဘက်..."

ပါမောက္ခပါ့ရှန်က ချင်မူနှင့် သူမ ယူဆောင်လာသော ရှေးဟောင်းစာလိပ်များကို ဖတ်ရှုနေပြီး ခေါင်းမော့မကြည့်ဘဲ ပြန်ဖြေလိုက်သည်။ "မန်သီ လူရိုင်းနယ်မြေ..."

လင်ယွိရှို့မှာ အလန့်တကြား ထခုန်လိုက်မိ၏။ "မန်သီလူရိုင်းနယ်မြေ ဟုတ်လား..."

မန်သီလူရိုင်းနယ်မြေရှိ အခြေအနေ ဆိုးရွားလှသော စစ်မြေပြင်အကြောင်းကို သူမ ကြားဖူးသည်မှာ ကြာပြီ ဖြစ်၏။

ချင်မူ၏ ရင်ထဲတွင် အနည်းငယ် လှုပ်ခါသွားပြီး ပါမောက္ခပါ့ရှန်ကို ကြည့်လိုက်သည်။ "ဆရာတူ အစ်ကိုကြီး... ဘိုးဘိုးသားသတ်သမားရဲ့ ခန္ဓာကိုယ် အောက်ပိုင်းကို တွေ့ပြီလား..."

ပါမောက္ခပါ့ရှန်က ခေါင်းညိတ်လိုက်သည်။ "ဆရာရဲ့ ခန္ဓာကိုယ် အောက်ပိုင်းကို ဂိုဏ်းငယ်လေး တစ်ဂိုဏ်းက ခိုးသွားတာ... အဲဒီဂိုဏ်းကို မန်သီလူရိုင်းနယ်မြေက အောက်လမ်းမှော်ဆရာဂိုဏ်း ဖြစ်တဲ့ လိုလန်ရွှေနန်းတော်က ဂိုဏ်းလုံးကျွတ် သတ်ပစ်လိုက်တယ်... ဆရာ့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းက လိုလန်ရွှေနန်းတော်ရဲ့ လက်ထဲမှာ ရောက်နေတာ ဖြစ်ဖို့ များမယ်..."

ချင်မူ သက်ပြင်းချလိုက်၏။ ပါမောက္ခပါ့ရှန်က မန်သီလူရိုင်းနယ်မြေသို့ သွားရန် ရွေးခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့။

သူ အနည်းငယ် နားမလည်နိုင် ဖြစ်မိသည်။ လိုလန်ရွှေနန်းတော်က အဘယ်ကြောင့် ထိုဂိုဏ်းငယ်လေးကို သုတ်သင်၍ ဘိုးဘိုးသားသတ်သမား၏ ခန္ဓာကိုယ် အောက်ပိုင်းကို လုယူသွားရသနည်း။

အစိမ်းရောင် နွားသိုးကြီးက အနောက်ဘက်သို့ ဦးတည် ခရီးနှင်ရင်း ရွှံ့မြစ်ကမ်းပါးသို့ ရောက်လာသည်။ ၎င်းက မြေရေပြင်ပေါ်ဆင်း၍ ရေဆန်အတိုင်း အထက်သို့ တစ်ဟုန်ထိုး ဆက်ပြေးသွား၏။

All Chapters