ဝူခန်
Vol. 11 Ch. 149
ဤနွားသိုးကြီး၏ စွမ်းရည်က မှော်မိစ္ဆာဘုရင် တစ်ကောင်နှင့် ယှဉ်၍ ရသည်။ ရေပြင်ပေါ်တွင် ပြေးသွားသည်က သူ့အတွက် မြေပြင်ပေါ်ထက်ပင် ပို၍ ချောမွေ့ညင်သာသေး၏။ ထို့ပြင် လေနှင့် မိုးကြိုးကို ထိန်းချုပ်နိုင်သူ ဖြစ်သဖြင့် သူ၏ ပြေးနှုန်းက အလွန်တရာ လျင်မြန်လှသည်။ ဤနှုန်းအတိုင်း ပြေးလျှင် တစ်ရက်အတွင်း မိုင်တစ်ထောင်ခန့် ရောက်နိုင်ပေလိမ့်မည်။
ပါမောက္ခပါ့ရှန်က ချင်မူနှင့် လင်ယွိရှို့တို့ ရွေးလာသော ရှေးဟောင်းစာလိပ်များကို အကြမ်း ဖတ်ကြည့်ရင်း ချင်မူရွေးလာသော စာလိပ်များ အရောက်တွင် ခေါင်းကိုက်သွား၏။ လင်ယွိရှို့ ရွေးလာသည်က ဓားလမ်းစဉ်မှာ ကောင်းကင်နတ်သိုင်းများနှင့် မှော်သိုင်းများသာ ဖြစ်သည်။ ချင်မူ ရွေးလာခဲ့သည့် ဆည်းဆာဓားသိုင်းက မထူးခြားလှသော်လည်း အခြားစာလိပ်နှစ်လိပ်က သူ့ကို ငုတ်တုတ်မေ့သွားစေ၏။
ထိုစာလိပ် နှစ်ခုအနက် တစ်ခုက ဝိညာဉ်လမ်းညွှန်ဟု ခေါ်၍ အခြားတစ်ခုက တစ္ဆေကူးပြောင်း၊ နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်ဟု ခေါ်သည်။
ဓားပညာနှင့် မှော်ပညာ၏ မည်သည့် ကောင်းကင်နတ်သိုင်း ဖြစ်စေ တူညီသည့် အခြေခံ အချက်များ ရှိပြီး ပါမောက္ခပါ့ရှန်၏ နက်ရှိုင်းမြင့်မားသော အတွေ့အကြုံ ဗဟုသုတဖြင့် လမ်းညွှန်ထောက်ပြမှုများ ပြုလုပ်နိုင်သည်။
ချင်မူ ရွေးချယ်လာသည့် ရှေးဟောင်းစာလိပ်နှစ်ခုကသာ လူသိနည်းတကာ့ အနည်းဆုံး ဖြစ်နေခြင်း ဖြစ်၏။ ပုံမှန်အားဖြင့် ပါမောက္ခပါ့ရှန် မှတ်တမ်းထိန်းဆောင်သို့ ရောက်၍ ထိုစာလိပ်များကို တွေ့မိလျှင်ပင် တစ်ချက်ကြည့်၍ ဘေးချထားပြီး ဖတ်ရှုဖြစ်လိမ့်မည် မဟုတ်ပေ။ သူ့အနေဖြင့် ထိုစာလိပ်များကို ရှင်းလင်းထောက်ပြရန် ခက်ခဲလှ၏။
သူကဲ့သို့ အဆင့်ရှိသူ၏ မျက်လုံးထဲတွင် ဝိညာဉ်လမ်းညွှန်နှင့် တစ္ဆေကူးပြောင်း၊ နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်၏ မှော်စွမ်းအားက များစွာကြီးမားခြင်း မရှိသကဲ့သို့ လိုချင်နှစ်ခြိုက်စိတ်ဖြင့် မျက်လုံးများ အရောင်တောက်လာအောင်လည်း ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ချင်မူက မည်သို့သော ရည်ရွယ်ချက်ဖြင့် ဤစာလိပ်နှစ်လိပ်ကို ရွေးချယ်ခဲ့သည်မှန်း သူ မသိချေ။
ပါမောက္ခပါ့ရှန်က နွားသိုးကြီး၏ ကျောပေါ်တွင် ထိုင်ချလိုက်ပြီး ထိုစာလိပ် နှစ်လိပ်ကို ချင်မူ့ထံ ပစ်ပေးကာ သူ့ဖာသာ လေ့လာစေလိုက်သည်။ ထို့နောက် လင်ယွိရှို့ မှတ်တမ်းထိန်းဆောင်မှ ယူလာသော စာလိပ်များကို ရှင်းပြလိုက်၏။
လင်ယွိရှို့က တော်ဝင်မိသားစု၏ မျိုးဆက်သွေး ဖြစ်သည့်အားလျော်စွာ မှတ်တမ်းထိန်းဆောင်၏ ဒုတိယထပ်ထိ ဝင်ရောက်နိုင်ပြီး တာအိုဂိုဏ်းမှ လျှို့ဝှက်မှော်သိုင်း တစ်မျိုးကို ရွေးချယ်ခဲ့သည်။ ထိုကျင့်စဉ်သိုင်းကွက်က ကောင်းကင်ပြာ မိုးကြိုးဆင့်ခေါ်ဟု အမည်တွင်၏။
ဤနာမည်သက်သက်ကပင် ဝိညာဉ်လမ်းညွှန်နှင့် တစ္ဆေကူးပြောင်း၊ နတ်ဘုရားစေလွှတ် အမိန့်မှော် အစီအရင်ဟူသော နာမည်များထက် လမ်းမှန် ပိုကျ၏။
ဤသည်က တာအိုလမ်းစဉ်မှ လမ်းမှန် လျှပ်စီးမှော်သိုင်း ဖြစ်ပြီး နာမည်နှင့် လိုက်အောင် ဖြောင့်မှန်သော သိုင်းကွက် ဖြစ်သည်။ ပါမောက္ခပါ့ရှန်၏ လမ်းညွှန် ထောက်ပြမှုများကလည်း ရှင်းလင်း၍ ကျိုးကြောင်းဆီလျော်လှသဖြင့် လင်ယွိရှို့အတွက် နားလည်ရခက်သော အပိုင်းများအားလုံး ရိုးရှင်းလွယ်ကူသွား၏။
သူတို့ဘေးမှ ချင်မူမှာလည်း သဘောကျ နှစ်ခြိုက်စွာ နားထောင်နေမိသည်။ ရုတ်တရက် သူ့ခေါင်းထဲတွင် ကောင်းကင်ပြာ မိုးကြိုးဆင့်ခေါ်သိုင်းကွက်နှင့် မိုးကြိုးရှစ်ချက် လက်သီးသိုင်းကို ကောင်းကွက်များ ထုတ်နုတ် ပေါင်းစည်းနိုင်လျှင် မမျှော်မှန်းနိုင်လောက်သော စွမ်းအားတစ်ရပ် ထုတ်ဖော်နိုင်မည် ဟူ၍ အတွေး ပေါ်လာ၏။
သူက အတွေးရေယာဉ်ကြော၌ စီးမျောလိုက်ပါ၍ ကြံစည်တွက်ချက်နေမိပြီး ပါမောက္ခပါ့ရှန်၏ ပြောစကားများကို မကြားတော့ချေ။
လင်ယွိရှို့က သူမ နားမလည်သော အပိုင်းများကို ပါမောက္ခပါ့ရှန်ထံ မေးမြန်း၍ ချက်ချင်း စမ်းသပ် ကစားကြည့်လိုက်၏။ ဓမ္မသိုင်းကွက်များ ဆင့်ကဲ လှုပ်ရှားသွားပြီး ရုတ်တရက် ကောင်းကင်ယံမှ လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာကာ မြစ်ရေမျက်နှာပြင်ပေါ် ကျရောက်သွားသည်။ သုံးကိုက်ခန့် အရှည်ရှိသော မြစ်ငါးကြီးများ ပေါက်ကွဲ လွင့်စင်သွား၏။
လင်ယွိရှို့ အံ့ဩဝမ်းသာပြီး လွန်စွာ ကျေနပ်သဘောကျသွားသည်။
ပါမောက္ခပါ့ရှန်က ခေါင်းခါယမ်းလိုက်၏။ "မင်းသမီး... မင်းသမီးရဲ့ အခြေခံက အတော်လိုသေးတယ်... သေသေချာချာ မလေ့ကျင့်ခဲ့ဘူးပဲ... ကောင်းကင်ပြာ မိုးကြိုးဆင့်ခေါ် သိုင်းကွက်ရဲ့ စွမ်းအားက ဒီလောက်လေး မဟုတ်ဘူး..."
ပါမောက္ခပါ့ရှန်က သူ၏ ကောင်းကင်ရတနာများကို ပိတ်လိုက်ပြီး ဝိညာဉ်သန္ဓေသားနှင့် ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာများကိုသာ ချန်၍ လင်ယွိရှို့နှင့် အဆင်တူ ဖြစ်အောင် ပြုလုပ်လိုက်သည်။ ထို့နောက် ကောင်းကင်ပြာ မိုးကြိုးဆင့်ခေါ် သိုင်းကွက်ကို ထုတ်ဖော်ကစားလိုက်၏။ သူ့မျက်နှာရှေ့၌ လက်ညှိုးနှင့် လက်ခလယ်ကို ပူးကပ်၍ မမြင်ရသော အပ်ပေါက်များထဲသို့ အပ်ချည်မျှင်များ ထိုးသွင်းသည့်ပမာ လှုပ်ရှားလိုက်သည်။
လျှပ်စီးများ ဝင်းခနဲ လက်ပြီး မိုးကြိုးပေါက်ကွဲသံများ မြစ်ပြင်ထက်၌ တဝုန်းဝုန်း ထွက်ပေါ်လာ၏။ သူ လက်ညှိုးညွှန်လိုက်သည့် နေရာတိုင်းတွင် လျှပ်စီးတန်းများ ကျရောက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း မိုးကြိုးလျှပ်စီး တစ်ဒါဇင်ခန့် ပစ်ချပြီး ဖြစ်သွား၏။
မြစ်ရေမျက်နှာပြင်က လှိုင်းခေါင်းဖြူများ ထလာပြီး နေရာအနှံ့တွင် ငါးကြီးများ ပေါက်ကွဲ လွင့်စင်သွားသည်။
လင်ယွိရှို့မှာ ပါမောက္ခပါ့ရှန်ကို လုံးဝ အထင်ကြီး လေးစားသွား၏။ ပါမောက္ခပါ့ရှန်သည်လည်း ဤကောင်းကင်ပြာ မိုးကြိုးဆင့်ခေါ် သိုင်းကွက်ကို ယခုမှ ဖတ်ရှုဖူးခြင်း ဖြစ်ပြီး ပထမဆုံးအကြိမ်တွင်ပင် ရင်သပ်ရှုမောဖွယ်ကောင်းအောင် အလွန်တရာ ကျွမ်းကျင်ပိုင်နိုင်စွာ ထုတ်ဖော်ကစားပြနိုင်ခဲ့သည်။
ပါမောက္ခပါ့ရှန်က ပြုံးလိုက်၏။ "တော်ဝင်မိသားစုရဲ့ ကျင့်စဉ် ဖြစ်တဲ့ နဂါးကိုးကောင် ဧကရာဇ် ကျင့်စဉ်က စွမ်းအားကြီးမားပါတယ်... ကျင့်စဉ်အခြေခံသာ ကျစ်လျစ်ခိုင်မာခဲ့ရင် မင်းသမီးရဲ့ ကောင်းကင်ပြာ မိုးကြိုးဆင့်ခေါ် သိုင်းကွက်က ငါ့ထက် ပိုစွမ်းအားကြီးမှာ အမှန်ပဲ... သတ္တမမင်းသမီး... ဒီရက်ပိုင်းမှာ တခြား ကျင့်စဉ်သိုင်းကွက်တွေ မသင်ပေးသေးဘူး၊ မင်းသမီးရဲ့ အခြေခံ ခိုင်မာအောင်ပဲ အရင်လေ့ကျင့်ကြမယ်..."
လင်ယွိရှို့က ချက်ချင်း သဘောတူ ခေါင်းညိတ်လိုက်၏။
ပါမောက္ခပါ့ရှန်က အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝပြီး ဂိုဏ်းချုပ်ကြီးအဆင့် ရှိသူတစ်ယောက် ဖြစ်သည်။ ထို့ပြင် သူက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ၏ ပြုပြင်ပြောင်းလဲမှုကိုလည်း တွေ့မြင်ကြုံတွေ့ခဲ့ရသူ ဖြစ်ပြီး နန်းတွင်းကောလိပ်တွင် အစဉ်တစိုက် နေထိုင်၍ သိုင်းဂိုဏ်းကြီးများ အားလုံး၏ ကျင့်စဉ်၊ သိုင်းကွက်၊ ကောင်းကင်နတ်သိုင်းများကို ဖတ်ရှုလေ့လာခဲ့သည်။ ထိုမျှ နက်ရှိုင်းသော အတွေ့အကြုံ ဗဟုသုတ ရှိသည် ဖြစ်၍ သူ့ကို ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ ထိပ်တန်း ပညာရှင်တစ်ယောက်ဟု သတ်မှတ်၍ ရ၏။
အစိမ်းရောင် နွားသိုးကြီးက နယ်စပ်ဒေသသို့ ဦးတည်၍ ပြေးလွှားနေပြီး ပါမောက္ခပါ့ရှန်က သူတို့ မှတ်တမ်းထိန်းဆောင်မှ ယူဆောင်လာသော ရှေးဟောင်းစာလိပ်များကို ဖတ်ရှုပြီး ရှင်းလင်း သင်ကြားပေးခဲ့သည်။ နှစ်ရက်၊ သုံးရက်ခန့် ကြာပြီးသောအခါ ချင်းမန်တံခါးအနီးသို့ ရောက်လာ၏။
ချင်းမန်တံခါးက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာနှင့် မန်သီလူရိုင်းနယ်မြေ ထိစပ်နေသည့် နယ်စပ်ဒေသ ဖြစ်သည်။ ထို့ပြင် မဟာမြို့ပျက်နှင့် မန်သီလူရိုင်းနယ်မြေ ထိစပ်ရာ နေရာလည်း ဖြစ်၏။
ချင်းမန်တံခါးနှင့် မန်သီလူရိုင်းနယ်မြေ၏ နယ်စပ်စခန်းကြားတွင် မိုင်သုံးဆယ်ကျော် ကွာဝေး၏။ ထိုမိုင်သုံးဆယ်၏ အလယ်တွင် မိုင်ပေါင်းများစွာ ရှည်လျားသော တောအုပ်တစ်ခု ရှိနေသည်။ ထိုတောအုပ်က မဟာမြို့ပျက်နှင့် တစ်ဆက်တည်း ဖြစ်ပြီး မဟာမြို့ပျက်၏ နယ်မြေထဲတွင် ပါဝင်၏။ ညအချိန် အမှောင်ထုကြီး ကျရောက်လာသည့် အခါတိုင်း ခမ်းနားထည်ဝါသော နယ်စပ်စခန်း နှစ်ခုကို ကန့်လန့်ဖြတ် ပိုင်းခြား ပစ်သည်။
မဟာမြို့ပျက်မှာ မန်သီလူရိုင်းနယ်မြေနှင့် ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ ကြားတွင် သဘာဝ အဟန့်အတား တစ်ခု ဖြစ်လာသည်။ နှစ်ဖက်သော တပ်ဖွဲ့များက တိတ်တဆိတ် ချောင်းမြောင်း တိုက်ခိုက်လိုကြသော်လည်း ညအမှောင်ထု၏ အရိပ်ကို ခိုလှုံနိုင်ခြင်း မရှိကြ။ နေ့ခင်းအချိန်တွင်သာ တိုက်ခိုက်ကြရသဖြင့် တိုက်ပွဲအခြေအနေက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသည်။
နှစ်ဖက်နယ်စပ်မှ တပ်မှူးများနှင့် စစ်သည်များက ထိုမဟာမြို့ပျက်နယ်မြေကို ဘဲလျှာဟု ခေါ်ဆိုကြ၏။
ချင်မူတို့က ချင်းမန်တံခါးမှ ဝင်လာခဲ့ပြီး ပါမောက္ခပါ့ရှန်က နယ်စပ်စခန်းသို့ ခရီးသွားလာခွင့် ကတ်ပြားကို ကမ်းပေးလိုက်သည်။ အစောင့်စစ်သည်က လူအရေအတွက်ကို စစ်ကြည့်ရင်း ချင်မူ့ကို မြင်သောအခါ ရုတ်ခြည်း ကျောက်ရုပ်သဖွယ် ဖြစ်သွား၏။ ထို့နောက် မြို့ထဲသို့ တရောသောပါး ပြေးဝင်သွားသည်။
အားလုံး ဇဝေဇဝါ ဖြစ်သွားကြပြီး ပါမောက္ခပါ့ရှန်က စိတ်ရှုပ်ရှုပ်နှင့် မေးလိုက်၏။ "မင်း ဒီမှာ ဘာပြဿနာ ရှာထားသေးတာလဲ..."
အစိမ်းရောင် နွားသိုးကြီးက ချင်မူ၏ အဖြစ်ကို ဝမ်းသာအားရ ဝင်ပြောလိုက်၏။ "ဘာပြဿနာ ရှာရမှာလဲ... သခင်ကြီး မေ့နေပြီလား၊ သခင်ကြီးရဲ့ ဆရာတူညီလေးက မဟာမြို့ပျက်ရဲ့ အစွန့်ပစ်ခံ လူတစ်ယောက်လေ... နယ်စပ်စခန်းရဲ့ စစ်သားတွေက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို ဝင်လာရဲတဲ့ မဟာမြို့ပျက်က စွန့်ပစ်ခံလူမှန်သမျှကို သတ်ဖို့ အမိန့်ရထားတာ... သခင်ကြီးရဲ့ ဆရာတူညီလေးတော့ ခေါင်းဖြတ်သတ်ခံရလား၊ ကျွန်ဘဝ ရောက်မလား တစ်ခုခုပဲ..."
ပါမောက္ခပါ့ရှန်က မျက်မှောင်ကြုတ်လိုက်၏။ တစ်ခဏ ကြာသောအခါ မြို့ထဲမှ ချပ်ဝတ်တန်ဆာ အချင်းချင်း ထိခတ်သံ တချွင်ချွင်နှင့်အတူ အသံဝါကြီးတစ်သံ ဟိန်းထွက်လာသည်။ "နတ်ဆေးသမားတော်... နတ်ဆေးသမားတော်ချင် ဘယ်မှာလဲ..."
ခေါင်းမွေးများ ဖွေးဖွေးဖြူနေသော တပ်မှူးတစ်ယောက်က စစ်သည် အယောက်တစ်ရာခန့် ခြံရံ၍ ရောက်ရှိလာပြီး လူအုပ်ကို အစုံအဆန် ကြည့်လိုက်သည်။ "မင်းတို့ထဲမှာ ဘယ်သူက နတ်ဆေးသမားတော်ချင်လဲ..."
ချင်မူက ပြုံးလိုက်သည်။ "ကျုပ် ဒီမှာပါ... နတ်ဆေးသမားတော်လို့ မခေါ်ဆိုထိုက်သေးပါဘူး... ဒီက တပ်မှူးက..."
ဝုန်း...။
သူ့ရှေ့တွင် စစ်သား အားလုံး ဒူးထောက်ချလိုက်ပြီး ထိုတပ်မှူးအိုကြီးကလည်း ဒူးတစ်ဖက်ထောက် ထိုင်၍ လက်သီးဆုပ်နှစ်ဖက်ကို ခေါင်းအထက်မြှောက်ကာ အရိုအသေပြုလိုက်သည်။ "နတ်ဆေးသမားတော်ချင် ပေးခဲ့တဲ့ ဆေးက ကျုပ်တို့ နယ်စပ်စခန်းက မရေမတွက်နိုင်တဲ့ စစ်သည်တွေရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်... ကျုပ်က ဒီနယ်စပ်ကို စောင့်ရှောက်ဖို့ တာဝန်ကျနေတဲ့အတွက် မြို့တော်ကို လာပြီး နတ်ဆေးသမားတော်ချင်ကို ကျေးဇူးစကား မဆိုနိုင်ခဲ့ပါဘူး... အခုလို နတ်ဆေးသမားတော်ချင် ကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ မျှော်လင့်မထားမိဘူး... ကျုပ်တို့ စစ်သည်အားလုံးရဲ့ဘအလေးအမြတ်ထား ဂါရဝပြုတာကို လက်ခံပေးပါ..."
ချင်မူက ကမန်းကတန်း လက်မြှောက်၍ ပြောလိုက်၏။ "ထပါ တပ်မှူးကြီး... ကျွန်တော့်ရဲ့ ပိုးကောင်သတ် သန့်စင်ဆေးက အာနိသင် ထိရောက်ရဲ့လား..."
တပ်မှူးပြန့်က ထရပ်လိုက်ပြီး မုတ်ဆိတ်မွေးဖြူဖြူများ လှုပ်ခါသွားအောင် ခေါင်းညိတ်လိုက်သည်။ "ထိရောက်တယ်၊ အခုဆို မန်သီလူရိုင်းနယ်မြေရဲ့ အောက်လမ်းမှော်ဆရာတွေက ကျုပ်တို့ စစ်သည်တွေကို သူတို့ရဲ့ မှော်ပညာတွေနဲ့ ထိခိုက်အောင် မလုပ်နိုင်တော့ဘူး... ကျုပ်တို့ ချင်းမန်တံခါး နယ်စပ်စခန်းမှာ နတ်ဆေးသမားတော်လေးရဲ့ အကြင်နာကြီးမှုကို ကျေးဇူးမတင်တဲ့သူ ဘယ်သူမှ မရှိဘူး..."
" နေပါပြီ၊ ဘယ်လောက်မှ အားစိုက်လိုက်ရတာ မဟုတ်ပါဘူး..."
ချင်မူက ပြုံးလိုက်၏။ "တပ်မှူးပြန့်... ဒါက ကျွန်တော်တို့ နန်းတွင်းကောလိပ်က ပါမောက္ခပါ့ရှန်ပါ... ဒါကတော့ သတ္တမမင်းသမီးပါ..."
ပြန့်ကျန်းယွင်က ပြောလိုက်သည်။ "ပါမောက္ခပါ့ရှန်ရဲ့ နာမည်ကို ကျုပ် ကြားဖူးတာ ကြာပါပြီ၊ အခုမှ လူကိုယ်တိုင် တွေ့ရတယ်၊ တကယ်ပဲ ထူးချွန်ထက်မြက်လှပါပေတယ်... သတ္တမမင်းသမီးကတော့..."
သူ့အမူအရာက အနည်းငယ်သုန်မှုန်သွားပြီး နှုတ်ခမ်းများ တွန့်ကွေးလိုက်၏။ "မင်းသမီးက ဒီလို ဝေးလံခေါင်သီတဲ့ နေရာမှာ ဘာလာလုပ်တာလဲ... သူ တစ်ခုခု ဖြစ်သွားရင် ဘယ်သူ တာဝန်ခံမှာလဲ..."
ပါမောက္ခပါ့ရှန်က ပြုံးလိုက်သည်။ "သူတို့ အတွေ့အကြုံ ရဖို့ ကျုပ် ခေါ်လာတာပါ... တပ်မှူးပြန့်အနေနဲ့ အခက်တွေ့အောင် မလုပ်ဖို့ မျှော်လင့်ပါတယ်..."
ပြန့်ကျန်းယွင်၏ အမူအရာ ပျော့ပြောင်းသွားပြီး လက်မခံချင့်ခံချင်နှင့် ပြောလိုက်၏။ "နတ်ဆေးသမားတော်လေးရဲ့ အကျိုးအတွက်ဆိုတော့ ခင်ဗျား အခက်တွေ့အောင် မလုပ်တော့ပါဘူး... ပါမောက္ခက သူတို့ အတွေ့အကြုံရအောင် ကျုပ်တို့ ချင်းမန်တံခါးဆီ ခေါ်လာတာလား..."
ပါမောက္ခပါ့ရှန်က ခေါင်းခါယမ်းလိုက်သည်။ "မန်သီလူရိုင်းနယ်မြေကိုပါ..."
ပြန့်ကျန်းယွင်မှာ အလန့်တကြား ထခုန်၍ အော်ဟစ်လိုက်မိ၏။ "မင်း... မင်းတို့က မန်သီလူရိုင်းနယ်မြေကို ဝင်မလို့ ဟုတ်လား... မင်းတို့ သေချင်နေကြတာလား... အခုက တိုင်းပြည်နှစ်ခု စစ်ဖ့စ်နေတာ၊ မင်းတို့ ဝင်သွားရင် သေချာပေါက် အသတ်ခံရလိမ့်မယ်... ပြီးတော့ မင်းသမီးလည်း ပါလာတာ၊ သူ တစ်ခုခု ဖြစ်သွား နန်းတွင်းကောလိပ် တစ်ခုလုံး ခေါင်းဖြတ် သတ်ခံရလိမ့်မယ်..."
ပါမောက္ခပါ့ရှန်က ပြုံးလိုက်သည်။ "ကျုပ် ရှိနေသရွေ့ ဘာမှ မဖြစ်စေရပါဘူး... မန်သီလူရိုင်းနယ်မြေမှာလည်း ကျုပ်ရဲ့ မျက်စိတွေ၊ နားတွေ ရှိပါတယ်..."
ပြန့်ကျန်းယွင်က သရော်တော်တော် ပြုံးလိုက်၏။ "အဲဒါ ကျုပ်က ဘာလုပ်ရမှာလဲ... ခင်ဗျားတို့ နန်းတွင်းကောလိပ်ရဲ့ ကိစ္စပဲ၊ တစ်ခုခုဖြစ်ရင် ခင်ဗျားတို့ နန်းတွင်းကောလိပ်က တာဝန်ခံရမှာပဲ... နတ်ဆေးသမားတော်ချင်၊ ကြွပါ..."
လင်ယွိရှို့မှာ စိုးရိမ်ပူပန်မိသွား၏။ ပါမောက္ခပါ့ရှန် သူတို့ကို မဟာတံတိုင်းအပြင်ဘက် သွားမည်ဟု ပြောခဲ့စဉ်က နယ်စပ်ဒေသသို့ သွားရောက် လေ့ကျင့်ရန်သာ ဖြစ်မည်ဟု ထင်ခဲ့သည်။ မန်သီလူရိုင်းနယ်မြေအတွင်းသို့ ဝင်ရောက်လိမ့်မည်ဟု မထင်ခဲ့မိ။
သို့သော်လည်း သူမက အမြဲတစေ ရဲဝံ့စွန့်စားလိုသူ တစ်ယောက် ဖြစ်ပြီး မဟာမြို့ပျက်သို့ပင် ချင်ဖေးယွဲ့နှင့် လိုက်ပါလာခဲ့သည် မဟုတ်လား။ ယခု သူတို့ မန်သီလူရိုင်းနယ်မြေသို့ ဝင်မည်ဟု ကြားသောအခါ အနည်းငယ် စိုးရိမ်ပူပန်သွားမိသော်လည်း စိတ်လှုပ်ရှား ပျော်ရွှင်မှုက ပို၏။
ညရောက်သောအခါ တပ်မှူးနန်းဆောင်၌ ညစာစားပွဲ ကျင်းပပြီး ပြန့်ကျန်းယွင်ကိုယ်တိုင် သူ့စစ်သည်များကို ခေါ်ဆောင်၍ ချင်မူ့ကို လာရောက် ဖိတ်ခေါ်၏။ ပါမောက္ခပါ့ရှန်တို့ကို ဖိတ်ခေါ်သော်လည်း ချင်မူနှင့် အဖော်လိုက်ပါရန် သက်သက်သာ ဖြစ်သည်။
နောက်တစ်နေ့ နံနက်တွင် ပြန့်ကျန်းယွင်က သူတို့ကို လိုက်ပါပို့ဆောင်ပြီး ချင်မူ့ကို ရွှေတုံးများ ပေးလိုက်၏။ "မန်သီလူရိုင်းနယ်မြေမှာ တဖုန်းကြေးပြားတွေ သုံးလို့ မရဘူး... ရွှေတုံး၊ ရွှေစပဲ သုံးလို့ ရတယ်... နတ်ဆေးသမားတော်လေး၊ ဒါတွေကို ခရီးစားရိတ်အဖြစ် လက်ခံပေးပါ..."
ချင်မူက ကျေးဇူးတင်စကား ဆိုလိုက်၏။
အားလုံးက နွားသိုးကြီး၏ ကျောပေါ်သို့ တက်လိုက်ကြပြီး ချင်းမန်တံခါး နယ်စပ်စခန်းမှ ထွက်ခွာခဲ့ကြသည်။
သူတို့ မဟာမြို့ပျက်၏ ဘဲလျှာကို ဖြတ်ကျော်၍ မဟာတံတိုင်းအလွန်သို့ ခရီးနှင်လာခဲ့ကြသည်။ ထိုအခိုက် နေရာအနှံ့မှ ဖုန်တထောင်းထောင်း ထလာပြီး ထိုဖုန်လုံးများကြား၌ ခေါင်းပေါ်တွင် အရိုးချွန်များ ပေါက်နေသော သတ္တဝါဆန်းများ ပြေးလွှားလာသည်ကို သူတို့ မြင်လိုက်ရ၏။ ထိုသတ္တဝါဆန်းများ၏ ကျောပေါ်တွင် ထောင်ထောင်မောင်းမောင်းနှင့် လူရိုင်းစစ်သည်များ စီးနင်း လိုက်ပါ၍ ကျယ်လောင်စွာ အော်ဟစ်လာကြသည်။ "ဟေး... ဟေး..."
ပါမောက္ခပါ့ရှန်က အစိမ်းရောင် နွားသိုးကြီး၏ ခေါင်းပေါ်သို့ တက်ရပ်လိုက်၏။ သူ၏ ခြေထောက်နှစ်ဖက်ကို နွားချိုနှစ်ဖက်ပေါ် နင်းထားပြီး အပေါ်ထပ် အင်္ကျီကို ဆွဲဖွင့်လိုက်သည်။
လူရိုင်းစစ်သည်များက သူ့ရင်ဘတ်ပေါ်မှ ဆေးမင်ကြောင် အမှတ်အသားကို မြင်သောအခါ ကမန်းကတန်း အော်ဟစ်၍ အရှိန်သတ်လိုက်၏။ ထို့နောက် သူ့ကို အရိုအသေပြု၍ သတ္တဝါဆန်းများကို ဇက်ကြိုးဆွဲကာ နောက်ပြန် လှည့်ထွက်သွားကြသည်။
ပါမောက္ခပါရှန်က သူ့ရင်ဘတ်ကို ပြန်စေ့၍ နွားသိုးကြီး၏ ဦးခေါင်းပေါ်မှ ပြန်ဆင်းလာ၏။ ချင်မူနှင့် လင်ယွိရှို့မှာ နားမလည်နိုင် ဖြစ်နေသည်။ ဤလူရိုင်းများက အဘယ်ကြောင့် ပါမောက္ခပါရှန်ကို အရိုအသေပြုကြသနည်း။
မန်သီလူရိုင်းနယ်မြေ၏ နယ်စပ်စခန်းသို့ ရောက်သောအခါ အစောင့်အကြပ် ထူထပ်စွာ ချထားသော အဆောက်အဦမြင့်ကြီးများကို မြင်ရ၏။ ပါမောက္ခပါ့ရှန်က နယ်စပ်စခန်း အခြေသို့ ဦးတည်၍ သွားလိုက်ပြီး ဝင်ပေါက်တံခါးက ပွင့်ဟသွားသည်။ မရေမတွက်နိုင်သော လူရိုင်းစစ်သည်များက လမ်းတစ်ဖက်တစ်ချက်တွင် ရပ်၍ သူတို့ကို အလေးအမြတ်ပြု ကြိုဆိုကြသည်။
သူတို့နှစ်ယောက် ပို၍ ဇဝေဇဝါ ဖြစ်လာ၏။
ယခုတစ်ခါတွင်တော့ မန်သီလူရိုင်းနယ်မြေ နယ်စပ်စခန်းကို စောင့်ကြပ်နေသော တပ်မှူးကိုယ်တိုင် ရောက်ရှိလာပြီး တဟားဟား ရယ်မောလိုက်၏။ "တစ်လောကလုံးရဲ့ ပြိုင်ဘက်ကင်း ဝူခန်၊ ငါတို့ မြက်ခင်းလွင်ပြင်ရဲ့ ဘုရင်... မတွေ့ရတာ အတော်ကြာပြီပဲ... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ အမှုထမ်းတစ်ယောက်အဖြစ် ခံယူသွားပြီးကတည်းက ဝူခန်ရဲ့ နာမည်ဂုဏ်သတင်းက အနံ့ဆိုးတွေ ထွက်နေခဲ့တာနော်..."
ပါမောက္ခပါ့ရှန်က တဟားဟား ရယ်မောလိုက်သည်။ "ငါက မြက်ခင်းလွင်ပြင်ရဲ့ လူမှ မဟုတ်ပဲ... မင်းတို့ မြက်ခင်းလွင်ပြင်က သူရဲကောင်းတွေကို အနိုင်ခဲ့လို့သာ ဝူခန်အဖြစ် ဂုဏ်ပြုခံခဲ့ရတာ..."
"ဝူခန် ဟုတ်လား..."
ချင်မူနှင့် ကျန်သူများမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြပြီး ဟူလင်းအာက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။ "ပါမောက္ခ... ရှင့်ရဲ့ ရင်ဘတ်မှာ ထိုးထားတဲ့ ဆေးမင်ကြောင်က ဘာအမှတ်အသားလဲ... သူတို့က ရှင့်ကို မြင်တော့ ဘာလို့ မတိုက်ခိုက်ဘဲ အလေးပြုကြတာလဲ..."
ပါမောက္ခပါ့ရှန်က သူ့ရင်ဘတ်ကို ဖွင့်ပြပြီး ပြုံးလိုက်၏။ "ကြည့်ကြည့်လေ..."
ချင်မူ ကြည့်ကြည့်လိုက်သောအခါ သူ့ရင်ဘတ်တွင် အရိုးချွန်များ ဖုံးလွှမ်းနေသည့် ထူးဆန်းသော အရိုးခေါင်းပုံ တစ်ခု ရေးထိုးထားသည်ကို တွေ့ရ၏။
"ဒါက မန်သီလူရိုင်းနယ်မြေက ခန်တွေရဲ့ ဆေးမင်ကြောင် အမှတ်အသားပဲ... မန်သီလူရိုင်းအင်ပါယာ အထွတ်အမြတ်နယ်မြေရဲ့ ဥသျှောင်မှော်ဆရာကိုယ်တိုင် အပ်နှင်းတဲ့ အမှတ်အသား၊ လူတိုင်းမှာ မရှိဘူး..."
ပါမောက္ခပါ့ရှန်က သူ့ရင်ဘတ်ကို ပြန်ဖုံး၍ ပြောလိုက်သည်။ "ငါက မန်သီလူရိုင်းနယ်မြေရဲ့ ခန်တစ်ယောက်ပဲ... အရင်တုန်းက ငါ့ဆရာနောက် လိုက်ပြီး ခရီးဆန့်ရင်း မန်သီလူရိုင်းနယ်မြေကို ရောက်ခဲ့ကြတယ်... မန်သီလူရိုင်းနယ်မြေက တိုက်ခိုက်ရေး စွမ်းရည်ကို အလေးအမြတ်ပြုတယ် ကြားလို့ မြက်ခင်းလွင်ပြင်က ထိပ်သီးပညာရှင်တွေကို ငါ စိန်ခေါ်တိုက်ခိုက်ခဲ့တယ်... တိုက်ပွဲပေါင်း ရာချီကို အရှုံးမရှိဘဲ အနိုင်ယူနိုင်ခဲ့တဲ့အတွက် ငါ့ကို ဝူခန်ဘွဲ့ အပ်နှင်းခဲ့ကြတယ်... ဝူခန်ဆိုတာ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ အလိုအရဆို သိုင်းဧကရာဇ်ပေါ့..."