← Chapters

မဟာတံတိုင်းအလွန်မှ ထျန်းခန်

Vol. 11 Ch. 150

မဟာတံတိုင်းအလွန်မှ ထျန်းခန်

Vol. 11 Ch. 150

"သိုင်းဧကရာဇ်တဲ့လား... ဆရာတူ အစ်ကိုကြီး ပါ့ရှန်က မန်သီလူရိုင်းနယ်မြေမှာ ဒီလိုမျိုး နာမည်ဂုဏ်သတင်း ကျော်စောမယ်လို့ မထင်မိဘူး..." ချင်မူ ကျိတ်၍ အံ့အားသင့်မိ၏။

လင်ယွိရှို့က ကမန်းကတန်း မေးလိုက်သည်။ "ဆရာက သိုင်းကွက် အသားပေး လမ်းစဉ်လိုက်တဲ့သူလား..."

ပါမောက္ခပါ့ရှန်က ခေါင်းညိတ်၍ ပြုံးပြလိုက်၏။ "အရင်တုန်းက ငါ့ဆရာဆီမှာ ဓားမသိုင်း သင်ခဲ့တယ်... ဒါပေမဲ့ ဆရာ ပျောက်သွားပြီးတဲ့နောက်ပိုင်း ဓားမသိုင်းမှာ အဆင့် ထပ်မတက်နိုင်တော့ဘူး... ဧကရာဇ် အတိုင်ပင်ခံ ပြုပြင် ပြောင်းလဲမှုတွေစတော့ သူ့ဆီက အကြံဉာဏ်ရယူပြီး ထာဝရ ငြိမ်းချမ်းရေး အင်ပါယာမှာ မှော်ပညာနဲ့ ဓားသိုင်းတွေ လေ့လာသင်ယူခဲ့တာ... ဒါပေမဲ့ တိတိကျကျ ပြောရရင် ငါ အားသာတာက သိုင်းကွက် အသားပေး လမ်းစဉ်ဘက်မှာ မဟုတ်ဘူး၊ သိုင်းကွက်မှော် အမျိုးအစားဘက်မှာပဲ..."

လင်ယွိရှို့၏ ရင်ထဲတွင် အနည်းငယ် လှုပ်ခါသွား၏။ ဤခရီးစဉ်တစ်လျှောက်တွင် ပါမောက္ခပါ့ရှန်က သူတို့ကို တာအိုသဘောတရားများ၊ သိုင်းကွက်များ၊ ကောင်းကင်နတ်သိုင်းများ သင်ကြားပေး၍ ရှေးဟောင်းလိပ်များ တစ်လိပ်ပြီး တစ်လိပ် ရှင်းပြခဲ့သည်။ သို့ဖြစ်၍ ပါမောက္ခပါ့ရှန် အကျွမ်းကျင်ဆုံးမှာ မှော်ပညာနှင့် ဓားသိုင်း ဖြစ်မည်ဟု ထင်ခဲ့မိ၏။ သူက သိုင်းကွက်အသားပေး လမ်းစဉ်မှ ဖြစ်လိမ့်မည်ဟု မထင်ခဲ့မိ။ တကယ်ပင် အံ့အားသင့်စရာ ကောင်းလှသည်။

ပို၍ အံ့အားသင့်စရာ ကောင်းသည်က ပါမောက္ခပါ့ရှန်မှာ မန်သီလူရိုင်းနယ်မြေတွင် သိုင်းဧကရာဇ်ဘွဲ့ ရထားပြီး အထူး ရိုသေလေးစားခံရခြင်း ဖြစ်သည်။

ဤသည်က မန်သီလူရိုင်းနယ်မြေအတွက် အမြင့်ဆုံး အလေးမြတ်ပြု ခံရခြင်း ဖြစ်၏။

ထိုလူရိုင်းတပ်မှူးက သူတို့အားလုံးကို ဝင်ခွင့်ပြုပြီး မေးလိုက်သည်။ "ဝူခန်က ဘာလုပ်ဖို့ ကျုပ်တို့ နယ်မြေကို ပြန်လာတာလဲ... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို သစ္စာခံလိုက်ကတည်းက ဝူခန့်ကို ကျုပ်တို့ မြက်ခင်းလွင်ပြင်ရဲ့ သူရဲကောင်းတွေ အကုန်လုံး ရှုတ်ချပြီး သိုင်းဧကရာဇ်ဘွဲ့ကို ပြန်သိမ်းယူချင်နေကြတာ..."

ပါမောက္ခပါ့ရှန်က ပြုံးလိုက်၏။ "ငါတို့ နန်းတွင်းကောလိပ်ရဲ့ ကျောင်းတော်သားတွေက ငါလျှောက်ခဲ့တဲ့ လမ်းအတိုင်း လျှောက်ချင်လို့ မင်းတို့ မှော်ဆရာဂိုဏ်းရဲ့ မျိုးဆက်သစ် သူရဲကောင်းလေးတွေနဲ့ တွေ့ရအောင် လာခဲ့တာပဲ..."

ထိုလူရိုင်းတပ်မှူးက မသိမသာ တုန်ခါသွားပြီး ချင်မူနှင့် လင်ယွိရှို့တို့ကို ကြည့်၍ ပြက်ရယ်ပြုလိုက်၏။ "သူတို့လား... တကယ်ကြီးလား..."

လင်ယွိရှို့က စိတ်လှုပ်ရှားသွားပြီး ချင်မူ့ကို တစ်ချက်ကြည့်၍ ခပ်တိုးတိုး ရယ်မောလိုက်သည်။ "ငါတို့တော့ မှော်ဆရာဂိုဏ်းရဲ့ မျိုးဆက်သစ်လူငယ်တွေနဲ့ တွေ့ရတော့မယ်..."

ပါမောက္ခပါ့ရှန်က ပြောလိုက်၏။ "သူတို့ပါပဲ... ဒီတစ်ခေါက်လာတာ မြက်ခင်းလွင်ပြင်ရဲ့ အထွတ်အမြတ်နယ်မြေ၊ လိုလန်ရွှေနန်းတော်ရဲ့ ဝင်ပေါက်ထွက်ပေါက် ပိတ်ဖို့ပဲ... အရင်တုန်းကလည်း လိုလန်ရွှေနန်းတော်ရဲ့ ဝင်ပေါက်ထွက်ပေါက် ပိတ်ပြီး သိုင်းဧကရာဇ်ဘွဲ့ကို ငါ ရခဲ့တာ မဟုတ်လား..."

ထိုလူရိုင်းတပ်မှူး၏ မျက်လုံးထောင့်စွန်းများ ကြွက်သားများ ဒေါသတကြီး ရုန်းကြွလာပြီး သရော်စကားဆိုလိုက်၏။ "အဲဒီတုန်းက ထျန်းခန် ပါလာခဲ့လို့ပါ... အခု ဝူခန်ရဲ့ စွမ်းရည်က ထျန်းခန်နဲ့ ယှဉ်နိုင်ပြီလား..."

"ငါက သူ့လောက် မတော်ပေမဲ့ အများကြီးလည်း မကွာခြားပါဘူး..."

ထိုလူရိုင်းတပ်မှူး၏ မျက်နှာ သုန်မှုန်သွားပြီး စစ်သည်တစ်ယောက်ကို အော်ဟစ် ပြောဆိုလိုက်၏။ "သိမ်းငှက်ဝံပုလွေ လွှတ်ပြီး လိုလန်ရွှေနန်းတော်ကို သတင်းပို့လိုက်... ဝင်ပေါက်ထွက်ပေါက် ပိတ်ဖို့ ဝူခန် ရောက်လာတယ်လို့..."

ထိုလူရိုင်းစစ်သည်က ချက်ချင်း ဆင့်ကဲ အော်ဟစ်လိုက်ပြီး တစ်ခဏအကြာတွင် အတောင်ပံပါသည့် ကြီးမားသော ဝံပုလွေကြီးတစ်ကောင် ကောင်းကင်ယံသို့ ထိုးတက်၍ မြက်ခင်းလွင်ပြင်၏ အတွင်းပိုင်းဆီသို့ ပျံသန်းထွက်ခွာသွား၏။

လူရိုင်းတပ်မှူးက ပါမောက္ခပါ့ရှန်က ကြည့်၍ ဦးညွှတ် အရိုအသေပြုလိုက်သည်။ "ဝူခန်၊ ရှေ့ဆက်ရမဲ့ လမ်းခရီးကတော့ ကြမ်းတမ်းပါလိမ့်မယ်..."

ပါမောက္ခပါ့ရှန်က တဟားဟား ရယ်မော၍ ချင်မူတို့ကို ခေါ်ဆောင်ကာ မြက်ခင်းပြင်များဆီသို့ ဦးတည်ထွက်ခွာခဲ့သည်။

လင်ယွိရှို့က မေးလိုက်၏။ "ဆရာပါ့ရှန်၊ အဲဒီလူရိုင်းတပ်မှူး ပြောတဲ့ ထျန်းခန်ဆိုတာ ဘယ်သူ့ကို ပြောတာလဲ..."

"ငါ့ဆရာ၊ ကောင်းကင်ဓားမ,ပါ..."

ပါမောက္ခပါ့ရှန်က မိုးပေါ်သို့ မော့ကြည့်၍ တည်ငြိမ်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ "အရင်တုန်းက လိုလန်ရွှေနန်းတော်ရဲ့ ဝင်ပေါက်ထွက်ပေါက် ပိတ်ဖို့ သူ ငါ့ကို ခေါ်သွားခဲ့ပြီး မဟာတံတိုင်း အလွန်က ကောင်းကင်ဧကရာဇ်ဆိုတဲ့ ဘွဲ့ကို အပ်နှင်းဂုဏ်ပြုခံခဲ့ရတာ..."

"ဘိုးဘိုးသားသတ်သမား အရင်တုန်းက သိပ်အစွမ်းထက်ခဲ့တာပါလား..." ချင်မူ အံ့ဩတုန်လှုပ်သွား၏။

သားသတ်သမားက စိတ်တိုလွယ်ပြီး အမြဲတစေ ဒေါသထွက်နေတတ်သူ ဖြစ်သည်။ ဘွားဘွားကြီး ဘုရားကျောင်းသို့ အသားရောင်းရန် သွားသည့်အခါ သူ့ပုံစံက ဓားမနှစ်လက် လက်ထဲတွင် ကိုင်ထားသည့် ရန်လိုရက်စက်သော မကောင်းဆိုးဝါးအသွင် ဖြစ်နေ၏။ မဟာမြို့ပျက်ရှိ မိန်းမငယ်များမှာ သူ့ကို မြင်ပြီး မျက်ရည်ပေါက်ပေါက် ကျအောင် ကြောက်လန့်ခဲ့ကြသည်။

သူက အတိတ်ဘဝတွင် ထျန်းခန်ဟူသော ဘွဲ့ကို ရခဲ့သည်တဲ့လား...။

ထျန်းခန်ဆိုသည်က ကောင်းကင်ဧကရာဇ်ဟု အဓိပ္ပာယ်ရပြီး ကောင်းကင်ဧကရာဇ် ဟူသော ဘွဲ့က မည်မျှ ကြီးကျယ် ခမ်းနားလိုက်ပါသနည်း။

အဘယ်သို့ မိန်းမငယ်လေးများကို မျက်ရည်ကျစေရုံသက်သက် ဟုတ်နိုင်ပါမည်နည်း။

အတိတ်ကာလတွင် သားသတ်သမား၏ လွှမ်းမိုးမှု မည်မျှရှိခဲ့မည်ကို ချင်မူ မတွေးဝံ့ပေ။

ဟူလင်းအာက တီးတိုး ရေရွတ်လိုက်၏။ “ မဟာတံတိုင်း အလွန်က သိုင်းဧကရာဇ်... မဟာတံတိုင်း အလွန်က သိုင်းဧကရာဇ်... ဘယ်လောက် ခမ်းနားတဲ့ နာမည်လဲ…”

မြက်ခင်းလွင်ပြင်ဒေသက ကျယ်ပြန့်သော်လည်း လူဦးရေ ကျဲပါး၏။ တစ်ခါတစ်ရံတွင် နေ့တစ်ဝက်ခန့် လမ်းလျှောက်ပြီးသည့်တိုင် ရွာတစ်ရွာမျှ မမြင်ရ။ မိုးတိမ်မြူ ကင်းစင်နေသော ကောင်းကင်ယံသို့ သူတို့ မော့ကြည့်လိုက်သည်။ မြက်ခင်းလွင်ပြင်ဒေသ၏ အစိမ်းရောင်သည် ကောင်းကင်ပြင်၏ အပြာရောင်နှင့် ရောယှက် ပေါင်းစည်းနေ၏။ လှပသောရှုခင်းကြောင့် လန်းဆန်းသွားသည်။

ပါမောက္ခပါ့ရှန်က ကြမ်းတမ်းခက်ထန်၍ မြင့်မားသော အရပ်အမောင်း ရှိကာ အလွန်တရာ ကြံ့ခိုင်သန်စွမ်းပြီး မြက်ခင်းလွင်ပြင်ဒေသမှ လူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ သူတို့ ရွာတစ်ရွာအနီးမှ ဖြတ်သန်းသွားသည့်အခါတိုင်း နွားကျောင်းသား၊ သိုးကျောင်းသားများက ရွာထဲ ဝင်၍ စားသောက်သွားရန် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ကြသည်။

"ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ဂိုဏ်ကြီးသုံးဂိုဏ်း ရှိတယ်... အဖြူရောင် လမ်းစဉ်ရဲ့ နံပါတ်တစ်ဂိုဏ်းက တာအိုဂိုဏ်း၊ ဗုဒ္ဓလမ်းစဉ်ရဲ့ နံပါတ်တစ်ဂိုဏ်းက မဟာမိုးခြိမ်းသံ ကျောင်းတော်၊ မိစ္ဆာလမ်းစဉ်ရဲ့ နံပါတ်တစ်ဂိုဏ်းက ကောင်းကင်နတ်ဆိုးဂိုဏ်းပဲ..."

ညအခါကာလ ရောက်သောအခါ သူတို့ ရွာတစ်ရွာသို့ ဝင်၍ တည်းခိုလိုက်သည်။ ပါမောက္ခပါ့ရှန်က မီးပုံဘေးတွင် ထိုင်ချ၍ ပြောလိုက်သည်။ "ဒါပေမဲ့ မြက်ခင်းလွင်ပြင်ဒေသမှာတော့ နံပါတ်တစ် အထွတ်အမြတ်နယ်မြေက အကြီးဆုံး မှော်ဆရာဂိုဏ်း ဖြစ်တဲ့ လိုလန်ရွှေနန်းတော်ပဲ... လိုလန်ရွှေနန်းတော်ရဲ့ ဥသျှောင်မှော်ဆရာက မြက်ခင်းလွင်ပြင်ဒေသမှာ အတော်လေး မြင့်မားတဲ့ အနေအထား ရှိတယ်၊ မြက်ခင်းလွင်ပြင်က ခန်တွေ အကုန်လုံးကို လိုလန်ရွှေနန်းတော်ရဲ့  ဥသျှောင်မှော်ဆရာက ဧကရာဇ်အာဏာ အပ်နှင်းထားတာ... ခန်တစ်ယောက် သေသွားပြီး သူ့သားက သူ့နေရာကို ဆက်ခံချင်ရင် ဥသျှောင်မှော်ဆရာဆီမှာ ဧကရာဇ်အာဏာ တောင်းခံဖို့ လိုလန်ရွှေနန်းတော်ကိုသွားရတယ်..."

လင်ယွိရှို့က ဝင်ပြောလိုက်၏။ “ငါတို့ ထာဝရငြိမ်းချမ်းရေး အင်ပါယာလည်း အရင်တုန်းက ဒီအတိုင်းပဲ... ငါ့အဖေ ပြောတာတော့ အရင်တုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာက အခုအနေအထားရဲ့ ဆယ်ပုံတစ်ပုံပဲ ရှိပြီးတော့ သက်တော်ရှည်ဂိုဏ်းရဲ့ လက်အောက်ခံ ပြည်နယ် တစ်ခုပဲတဲ့... အဲဒီတုန်းက ငါတို့လင်မိသားစုဆိုတာ တော်ဝင်မိသားစု မဟုတ်သေးဘူး... သက်တော်ရှည်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဧကရာဇ်ကို သဘောမကျတော့လို့ ဖြုတ်ချပစ်ပြီး ငါတို့ လင်မျိုးရိုးကို မင်းဆက်အဖြစ် ရွေးချယ် တင်မြှောက်ခဲ့တာ... အဲဒီနောက်မှာ ငါတို့ လင်မိသားစုက ကြီးကျယ်ခမ်းနားတဲ့ အင်ပါယာတစ်ခုတည်ဆောက်ဖို့ အားသွန်ခွန်စိုက် ကြိုးစားပြီး တိတ်တဆိတ် အင်အားချဲ့ထွင်ခဲ့တယ်၊ နောက်ဆုံးတော့ သက်တော်ရှည်ဂိုဏ်းကိုဖယ်ရှားပစ်နိုင်ခဲ့တယ်... ဒီလိုနဲ့ လက်ရှိ အနေအထားထိ တိုးမြင့်ခဲ့တာပဲ..."

ချင်မူ အံ့ဩမှင်တက်မိသွား၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ထိုသို့သော အတိတ်မျိုး ရှိကြောင်း သူမသိခဲ့ပေ။

ပါမောက္ခပါ့ရှန်က သူ၏ အရက်အိုးကို တစ်ကျိုက် မော့သောက်ပြီး ပြန်ချထားလိုက်သည်။ “လက်ရှိ ထာဝရငြိမ်းချမ်းရေး အင်ပါယာရဲ့ ပိုင်နက်မှာ အရင်တုန်းက တိုင်းပြည်ငယ် သုံးဆယ်ကျော် ရှိတယ်... အဲဒီ တိုင်းပြည်တိုင်းမှာ ဧကရာဇ်ကိုယ်စီ ရှိပြီးတော့ သိုင်းဂိုဏ်းကြီးတွေက အာဏာ ချုပ်ကိုင်ထားတယ်... အဲဒီ ဂိုဏ်းတွေကို တိုင်းပြည်က ထောက်ပံ့ပေးခဲ့ကြရတာ... ဧကရာဇ်တွေက သိုင်းဂိုဏ်းတွေက်ု နှစ်စဉ်နှစ်တိုင်း အခွန်အခ ဆက်သခဲ့ကြရတယ်... အခုတော့ သိုင်းဂိုဏ်းတွေက အင်ပါယာရဲ့ လက်အောက်ခံ ဖြစ်သွားပါပြီ... သိုင်းဂိုဏ်းတွေအနေနဲ့ မကျေမနပ် ဖြစ်ကြတာ မထူးဆန်းပါဘူး၊ အခွင့်အရေးတာနဲ့ ပုန်ကန်ကြလိမ့်မယ်... မဟာတံတိုင်းရဲ့ အပြင်ဘက်မှာလည်း သိုင်းဂိုဏ်းတွေ အများကြီး ရှိတယ်၊ ဒါပေမဲ့ စွမ်းအား အကြီးမားဆုံးကတော့ လိုလန်ရွှေနန်းတော်ပဲ... နယ်မြေအသီးသီးမှာ ရှိတဲ့ ခန်တွေက လိုလန်ရွှေနန်းတော်ကို သစ္စာခံထားတာဆိုတော့ တခြားဂိုဏ်းတွေအတွက် လိုလန်ရွှေနန်းတော်ကို ယှဉ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး..."

ချင်မူက မေးလိုက်၏။ "ဆရာတူအစ်ကိုကြီး၊ ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ ယှဉ်ရင် လိုလန်ရွှေနန်းတော်ရဲ့ အင်အားအခြေအနေက ဘယ်လိုရှိမလဲ..."

ပါမောက္ခပါ့ရှန်က တည်ငြိမ်စွာ ပြောလိုက်၏။ "အတူတူလောက်ပဲ..."

ချင်မူ၏ မျက်လုံးများ အရောင်တောက်သွားသည်။ ရိုလန်ရွှေနန်းတော်၏ မုခ်ဦးတံခါးကို ပိတ်ဆို့ခြင်းသည် တာအိုဂိုဏ်း၏ တောင်တံခါးနှင့် မဟာမိုးခြိမ်းသံ ကျောင်းတော်၏ တောင်တံခါးတို့ကို ပိတ်ဆို့ခြင်းနှင့် အတူတူပင် ဖြစ်၏။

"ဒါပေမဲ့ ဒီတစ်ခေါက် လိုလန်ရွှေနန်းတော်ကို သွားတာက ဝင်ပေါက်ထွက်ပေါက ပိတ်ဖို့ မဟုတ်ဘူး၊ ခိုးစရာ တစ်ခု ရှိလို့ပဲ..."

ပါမောက္ခပါ့ရှန်က ခပ်တိုးတိုး ရယ်မောလိုက်သည်။ “ဆရာတူညီလေးနဲ့ မင်းသမီး၊ မင်းတို့နှစ်ယောက် ဝင်ပေါက်ထွက်ပေါက် ပိတ်ထားတုန်း ငါက နန်းတော်ထဲ ဝင်ခိုးမယ်... ငါ လိုချင်တာ ရတာနဲ့ ချက်ချင်း နောက်ပြန်ဆုတ်မယ်... မင်းသမီး၊ ဒီရက်ပိုင်း အခြေခံ ကျင့်စဉ် လေ့ကျင့်ခန်းကို ပိုတိုးပြီး လေ့ကျင့်ရမယ်... ဒါမှ နဂါးကိုးကောင်ဧကရာဇ် ကျင့်စဉ်ရဲ့ စွမ်းအားကို အမြင့်ဆုံး ထုတ်ဖော်နိုင်မယ်..."

လင်ယွိရှို့မှာ အနည်းငယ် စိုးရိမ်ပူပန်မိသည်။

နောက်တစ်နေ့တွင် သူတို့ ခရီးဆက်ခဲ့ကြ၏။ ဤတစ်ကြိမ်တွင်တော့ ပါမောက္ခပါ့ရှန်က သူတို့ကို ခြေလျင် ခရီးသွားစေခဲ့သည်။ လမ်းလျှောက်ရင်းနှင့် လင်ယွိရှို့ တတ်မြောက်ထားသည့် ကျင့်စဉ်ကို ထုတ်ဖော် ကစားခိုင်း၏။

ပါမောက္ခပါ့ရှန်က အမြင်စူးရှပြီး လင်ယွိရှို့၏ အားနည်းချက်များကိုတစ်ချက် ကြည့်ရုံဖြင့် သိမြင်သွားသည်။ ထို့နောက် သူက လင်ယွိရှို့ကို တည့်မတ် ပြုပြင်ပေးပြီး ထပ်ခါထပ်ခါ လေ့ကျင့်စေခဲ့သည်။

ဤမျှ ဒုက္ခခံရသည်မှာ လင်ယွိရှို့အဖို့ ပထမဦးဆုံး ဖြစ်၏။ သူမက ပါးနပ်လိမ္မာ၍ စွမ်းရည် ထက်မြက်သည် မှန်သော်လည်း ဤသည်က တော်ဝင်မိသားစု၏ သင်ကြားမှုကြောင့်သာ ဖြစ်သည်။ သိုင်းပညာရပ်များနှင့် ကောင်းကင်နတ်သိုင်းများကိုတော့ သူမက ကြိုးကြိုးစားစား သင်ကြား လေ့ကျင့်ခြင်း မရှိ။

ဤတစ်ကြိမ်တွင် ပါမောက္ခပါ့ရှန်က သူမ၏ ကျင့်စဉ်အခြေခံ ကျစ်လျစ်ခိုင်မာအောင် ပြုလုပ်ပေးရန် ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး နဂါးကိုးကောင်ဧကရာဇ် ကျင့်စဉ်၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်စေရန် အပြင်းအထန် လေ့ကျင့်စေခဲ့သည်။

နဂါးကိုးကောင်ဧကရာဇ် ကျင့်စဉ်သည် တော်ဝင်မိသားစု၏ အစွမ်းအထက်ဆုံးကျင့်စဉ် ဖြစ်သည်။ နဂါးကိုးကောင် စုဝေးရာ နေရာတွင် နန်းစိုက်ခဲ့ပြီးနောက် နဂါးကိုးကောင်ချီစွမ်းအင်များက နန်းစိုက်မြို့တော် တစ်ခုလုံး လွှမ်းခြုံနေသဖြင့် လင်ယွိရှို့တို့ကဲ့သို့သော တော်ဝင်မျိုးဆက်များအတွက် ဤကျင့်စဉ်တိုးတက်နှုန်း နှစ်ဆ ပိုမြန်လာသည်။

လင်ယွိရှို့၏ ချီစွမ်းအင်အဆင့်က မနိမ့်ကျလှ၊ သူမ၏ အခြေခံများ ကျစ်လျစ်ခိုင်မာမှု မရှိခြင်းသာ ဖြစ်သည်။

ဆယ်ရက်ကျော်ကြာပြီးနောက် ပါမောက္ခပါ့ရှန်၏ ပြုပြင်ပြောင်းလဲမှုအောက်တွင် သူမ၏ စွမ်းရည်များ လျင်မြန်စွာ တိုးတက်လာပြီး လုံးဝ ကွဲပြားခြားနားသော လူတစ်ယောက်ကဲ့သို့ ဖြစ်သွား၏။

"နဂါးကိုးကောင်ဧကရာဇ် ကျင့်စဉ်ကိုက မှော်လမ်းစဉ် ကောင်းကင်နတ်သိုင်းတွေအတွက် ရည်စူးထားတဲ့ ကျင့်စဉ်တစ်ခုပဲ၊ မှော်လမ်းစဉ် ကောင်းကင်နတ်သိုင်းတွေရဲ့ အားသာချက်က မျက်စိတစ်မှိတ်အတွင်း အရှိန်အဟုန် ပြင်းပြင်း ဖောက်ခွဲ ထုတ်ဖော်နိုင်တဲ့ စွမ်းအားပဲ၊ ဥပမာ ပြရရင်... မီးလျှံကောင်းကင်နတ်သိုင်း..."

ပါမောက္ခပါ့ရှန်က သူ့လက်ကို ဆန့်ထုတ်လိုက်ရာ မီးလုံးတစ်လုံး ထွက်ပေါ်လာပြီး မိုင်သုံးရာကျော်အထိ ပျံဝဲထွက်သွား၏။ ထိုမီးလုံးက လက်သီးဆုပ် အရွယ်မျှသာ ရှိသော်လည်း အဆပေါင်းထောင်ချီ ပြန့်ကားကြီးထွားလာသည့် အလျှံတညီးညီး တောက်လောင်နေသော မီးတောက်မီးလျှံများအဖြစ် ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာပြီး ကိုက်ပေါင်း ဒါဇင်ချီ ပတ်လည်ရှိ မြက်ခင်းပြင်များ ပျက်စီးသွားသည်။ မြေပြင် တစ်ခုလုံး မည်းနက်တူးခြစ်အောင် လောင်ကျွမ်းသွားပြီး ပေါက်ကွဲမှုအလယ်ရှိ ကျောက်တုံးများတွင် အရည်ပျော်စပြုသည့် လက္ခဏာများပင် ရှိ၏။

”နဂါးကိုးကောင်ဧကရာဇ် ကျင့်စဉ်က မှော်လမ်းစဉ်မှာ အတော်လေး ပေါက်မြောက်တဲ့ ကျင့်စဉ်ပဲ... မှော်လမ်းစဉ်နဲ့ သိုင်းကွက်အသားပေး လမ်းစဉ်က အစွန်းတစ်ဖက်စီလို့ တချို့လူတွေ ပြောကြတယ်၊ တကယ်တော့ မှော်လမ်းစဉ်နဲ့ သိုင်းကွက်အသားပေး လမ်းစဉ်က အစွန်းနှစ်ဖက် မဟုတ်ဘူး၊ ပေါင်းစည်းလို့ ရတယ်..."

ပါမောက္ခပါ့ရှန်က လင်ယွိရှို့ထံမှ သံတူကြီးကို ငှားယူလိုက်၏။ "မင်းသမီး၊ သေချာ ကြည့်ထားပါ... ဆရာတူညီလေး၊ ငါ့ကို လာတိုက်..."

ချင်မူ၏ ချီစွမ်းအင်က ပေါက်ကွဲ ထွက်ပေါ်လာပြီး အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ဓားအိမ်ထဲမှ ဆွဲယူ၍ ပါမောက္ခပါ့ရှန်ကို ထိုးစိုက်လိုက်သည်။

ပါမောက္ခပါ့ရှန်က လင်ယွိရှို့အား ချင်မူ ပေးထားခဲ့သည့် သံတူကြီးကို လွှဲယမ်းလိုက်၏။ ထိုအခိုက်၌ ၎င်းသံတူကြီး ထိပ်ဦးပိုင်းတွင် မီးတောက်မီးလျှံများ စွဲလောင်လာပြီး အိမ်ရှေ့စံကိုယ်ရံတော်ဓားနှင့် ထိပ်တိုက်တွေ့သွားသည်။

ဘုန်း...။

သံတူကြီးထံမှ ပြင်းထန်သော အားလှိုင်းတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာပြီး အိမ်ရှေ့စံကိုယ်ရံတော်ဓားကို အဝေးသို့ လွင့်ထွက်သွားအောင် ရိုက်ထုတ်ပစ်၏။

မီးတောက်မီးလျှံများက ပါမောက္ခပါ့ရှန်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် အလျှံတညီးညီး စွဲလောင်နေပြီး သူ ရပ်နေသည့် မြက်ခင်းပြင် ကွက်ကွက်လေးသာ စိမ်းလန်း၍ ကျန်ခဲ့သည်။

လင်ယွိရှို့မှာ အံ့ဩတုန်လှုပ်သွားပြီး အရေးကြီးသည့် အချက်များကို ချက်ချင်းမြင်လိုက်၏။ ပါမောက္ခပါ့ရှန်က မီးလျှံ ကောင်းကင်နတ်သိုင်းကို သံတူကြီးထဲတွင် သိုဝှက်ထည့်သွင်းခဲ့ပြီး အိမ်ရှေ့စံကိုယ်ရံတော်ဓားနှင့် ထိတွေ့သောအခါမှ ထိုမီးလျှံ ကောင်းကင်နတ်သိုင်းက ပေါက်ကွဲ ထွက်ပေါ်ကာ အိမ်ရှေ့စံကိုယ်ရံတော်ဓားကို လွင့်စင်ထွက်သွားအောင် ရိုက်ထုတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

ချင်မူက သူ၏ ချီစွမ်းအင်ကြိုးမျှင်ကို အသုံးပြု၍ အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ပြန်လည် သိမ်းယူလိုက်၏။ ဓားရောင်တစ်ချက် လက်သွားပြီး ပါမောက္ခပါ့ရှန်ကို တိုက်ခိုက်လိုက်သည်။

သူတို့နှစ်ဦးကြား အကွာအဝေးက အနည်းငယ် အလှမ်းကွာနေပြီး ပါမောက္ခပါ့ရှန်က သံတူကြီးကို အထက်အောက် ဝှေ့ယမ်း လှုပ်ရှား၍ အိမ်ရှေ့စံကိုယ်ရံတော်ဓား၏ ခုတ်ချက်တိုင်းကို အပြည့်အဝ ပိတ်ဆို့ကာကွယ်ထား၏။ သံတူကြီး တစ်ချက် လှုပ်ရှားသွားတိုင်း ပေါက်ကွဲသံများ တဝုန်းဝုန်း မြည်ဟည်း၍ အပူလှိုင်းများ တရှိန်ရှိန် ထွက်ပေါ်လာသည်။

လင်ယွိရှို့၏ ရင်ခုန်သံများ တဒိုင်းဒိုင်း မြန်လာ၏။ ပါမောက္ခပါ့ရှန်က သူမ တစ်ခါမျှ မစဉ်းစားဖူးသော တိုက်ခိုက်နည်းကို ပြသခဲ့ခြင်း ဖြစ်သည်။ သိုင်းကွက်အသားပေး ပညာရပ်နှင့် မှော်သိုင်းကို တွဲဖက်ညီစွာ ပေါင်းစည်းလိုက်သည့်အခါ အလွန်တရာ စွမ်းအားကြီးမားလာ၏။

ချင်မူ၏ အိမ်ရှေ့စံကိုယ်ရံတော်ဓားမှာ တစ်ခါပြီး တစ်ခါ လွင့်စင်ထွက်နေပြီး ပါမောက္ခပါ့ရှန်ကို အတောမသတ်အောင် လေးစားမိသွားသည်။ ပါမောက္ခပါ့ရှန်က ပထမ ကောင်းကင်ဓားမ၊ သားသတ်သမားထံမှ သင်ယူခဲ့၏။ ထို့နောက် ထာဝရငြိမ်းချမ်းရေး အင်ပါယာသို့ သွား၍ မှော်ပညာများ လေ့လာ သင်ယူခဲ့သည်။ ထိုမှစ၍ နောက်ဆုံးတွင် သူ့ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်နိုင်ခဲ့၏။

မှော်ပညာနှင့် သိုင်းကွက်အသားပေး ပညာကို ထိုသို့ ပေါင်းစည်းပြခဲ့သည်က ချင်မူ့အတွက်လည်း လမ်းညွှန် ထောက်ပြခဲ့ခြင်း ဖြစ်သည်။

သိုင်းဧကရာဇ်ဟူသော ဘွဲ့ထူးနှင့် ထိုက်တန်လှ၏။

ကွဲပြားခြားနားသော ကျင့်စဉ်နည်းလမ်း နှစ်ခုကို တစ်ခုတည်း အဖြစ်သို့ ပေါင်းစည်းနိုင်ခဲ့သည်ကို ထောက်ရှုလျှင် ပါမောက္ခပါ့ရှန်၏ စွမ်းရည်က သားသတ်သမားအောက် နိမ့်ကျသည့်တိုင် ဤမျိုးဆက်၏ ဆရာသခင် တစ်ယောက်ဖြစ် သတ်မှတ်၍ ရနေပြီ ဖြစ်သည်။

ပါမောက္ခပါ့ရှန်က သူ့သိုင်းကွက်ကို ပြန်ရုပ်သိမ်း၍ နီရဲ ပူလောင်နေသေးသော သံတူကြီးကို လင်ယွိရှို့အား ကမ်းပေးလိုက်၏။ "ဓားမသိုင်းကို လေ့ကျင့်နေရင် ငါ့ဆရာလို အထွတ်အထိပ်အဆင့်ကို ရောက်နိုင်မှာ မဟုတ်ဘူး၊ အဲဒါကြောင့် ငါ့အတွက် တခြားလမ်းကို ရွေးဖို့ပဲ ရှိတော့တာပေါ့... ဆရာ့ရဲ့ ဓားမက ကောင်းကင်နဲ့ မြေကြီးကို နှစ်ခြမ်းခွဲနိုင်တယ်... သူက ကောင်းကင်ကို ခုတ်ပိုင်းပြီး ကောင်းကင်နတ်သိုင်းတွေ အားလုံးကို ဓားမတစ်ချောင်းတည်းနဲ့ ဖျက်ဆီးပစ်နိုင်တယ်၊ ဒါပေမဲ့ ငါ အဲဒီလို မလုပ်နိုင်ဘူး... အဲဒါကြောင့် ဧကရာဇ်အတိုင်ပင်ခံရဲ့ ပြုပြင်ပြောင်းလဲမှုအောက်မှာ မှော်လမ်းစဉ်ကောင်းကင်နတ်သိုင်းတွေကို သင်ယူပြီး အဆင့်တက်နိုင်ဖို့အတွက် နန်းတွင်းကောလိပ်ကို ဝင်ခဲ့တာပဲ... မင်းသမီး ယွိရှို့၊ မင်းက နဂါးကိုးကောင်ဧကရာဇ် ကျင့်စဉ် အခြေခံ ရှိတာဆိုတော့ ငါ့လမ်းစဉ်ကို လိုက်တာ အကောင်းဆုံးပဲ..."

လင်ယွိရှို့က လိုလိုလားလားလက်ခံ၍ အလေးအနက် တိုင်ပင်ခဲ့သည်။ ပါမောက္ခပါ့ရှန်က သူမကို ကျင့်စဉ်အခြေခံများ အားသွန်ခွန်စိုက် လေ့ကျင့်ခိုင်းသည့် အခါတွင်ပင် စောဒကတက်ခြင်း မရှိတော့။

ချင်မူမှာလည်း မအောင့်အီးနိုင်ဘဲ ပါမောက္ခပါ့ရှန်ကို မေးမြန်းတိုင်ပင်လိုက်သည်။ ပါမောက္ခပါ့ရှန်က သူ သိသမျှ အိတ်သွန်ဖာမှောက် ပြောပြပြီး စကားစ မပြတ်တော့ချေ။ ဟူလင်းအာနှင့်အစိမ်းရောင် နွားသိုးကြီးပင် အတော်လေး အကျိုးများခဲ့၏။

မြက်ခင်းလွင်ပြင်ဒေသ၏ အတွင်းပိုင်းသို့ ခရီးဆက်ရင်း မှော်ပညာနှင့် သိုင်းကွက်အသားပေး ပညာရပ် ပေါင်းစည်းမှုကို သူတို့ လေ့ကျင့်လာခဲ့ကြသည်။ လင်ယွိရှို့က မှော်ပညာနှင့် သိုင်းကွက်အသားပေး ပညာရပ် ပေါင်းစည်းမှု အခြေခံလမ်းစကို ပိုင်နိုင်သွားပြီ ဖြစ်၏။ ချင်မူနှင့်သူမ အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီး သူတို့၏ တစ်ကိုယ်လုံး ချွေးဒီးဒီး ကျလာသည်။

အနားယူချိန် ရောက်သောအခါ ချင်မူက ချွေးသုတ်ရန် လက်ကိုင်ပဝါ ထုတ်ယူလိုက်၏။ လင်ယွိရှို့ကပြုံး၍ ပြောလိုက်သည်။ "တော်ဝင်ကျောင်းတော်သားကြီး၊ ရှင့်ရဲ့ ချွေးတွေ ကျွန်မ ကူသုတ်ပေးပါရစေ..."စကားဆုံးသည်နှင့် သူမက လက်ကိုင်ပဝါကို ဆွဲယူပြီး ချင်မူ့နဖူးကို တို့၍ ချွေးသုတ်ပေးလိုက်သည်။

ချင်မူလည်း သူမ၏ နဖူးတွင် ချွေးစို့နေသည်ကို တွေ့၏။ "နင်လည်း ချွေးထွက်နေတာပဲ... ငါ သုတ်ပေးမယ်..."

လင်ယွိရှို့က သူ့ကို လက်ကိုင်ပဝါ ပြန်ပေးလိုက်သည်။ ရုတ်တရက် ပါမောက္ခပါ့ရှန်၏ အမူအရာက အကြီးအကျယ် ပျက်ယွင်းသွားပြီး သူ့လက် နှစ်ဖက်ကို ရှေ့သို့ ဆန့်မြှောက် တွန်းထုတ်၍ မာန်သွင်း အော်ဟစ်လိုက်၏။ “ကောင်းကင်ဝိညာဉ်ကမ်းပါး...”

All Chapters