အစွမ်းအစနိမ့်ကျ
Vol. 11 Ch. 151
ပါမောက္ခပါ့ရှန်၏ မာန်သွင်း အော်ဟစ်သံနှင့်အတူ ကိုက်ပေါင်း ဒါဇင်ချီ မြင့်၍ ပါးလျသော အလင်းနံရံ တစ်ခု သူတို့ရှေ့တွင် ပေါ်ထွက်လာသည်။
ထိုကမ်းပါးနံရံက လိမ္မော်ရောင် ခပ်ဖျော့ဖျော့ လင်းနေပြီး ကိုက်ပေါင်း ခြောက်ရာခန့် ကျယ်ဝန်း၏။ ထူးဆန်းသော အမှတ်အသားများ ပြည့်နှက်နေပြီး ထိုအမှတ်အသား တစ်ခုစီ၏ အလယ်ဗဟိုတွင် တရှိန်ရှိန် လောင်ကျွမ်းနေသော ကြယ်ကြီးတစ်လုံးစီ ရှိသည်။ ထိုအလင်းနံရံ တစ်ခုလုံးတွင် အမှတ်အသား သင်္ကေတ သုံးဆယ့်ခြောက်ခု ရှိပြီး တရှိန်ရှိန် လောင်ကျွမ်းနေသော ကြယ်ကြီး သုံးဆယ့်ခြောက်လုံးက နက္ခတ်တာရာမြေပုံ တစ်ခုကဲ့သို့ ဖွဲ့တည်နေသည်။
ပါမောက္ခပါ့ရှန် ကောင်းကင်ဝိညာဉ်ကမ်းပါးနံရံကို ထုတ်သုံးလိုက်သည်နှင့် မရှေးမနှောင်းတွင် တိုက်ပွဲကြီးတစ်ခု သူတို့ထံသို့ ရွေ့လျားလာသည့်နှယ် ရှေ့တူရူမှ မာန်သွင်းအော်ဟစ်သံများ ရုတ်တရက်ထွက်ပေါ်လာ၏။
ရာချီသော ကောင်းကင်နတ်သိုင်း ပညာရှင်များက ကျယ်လောင်စွာ အော်ဟစ်မြည်ကြွေးနေသည့် သားရဲကြီးများပေါ်တွင် စီးနင်းလျက် တဝုန်းဝုန်း ပြေးဝင်လာကြပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ရုတ်တရက် ပေါ်ထွက်လာသည့် ဤကမ်းပါးနံရံနှင့် ထိပ်တိုက်တွေ့သွားသည်။
ထိုလူရိုင်း ကောင်းကင်နတ်သိုင်း ပညာရှင်များ၏ မျက်နှာများ ဖြူဖျော့သွားပြီး ဆံပင်မွေးများ ဖွေးဖွေးဖြူနေသည့် လူရိုင်းတပ်မှူးအိုကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "မြန်မြန် ဖြိုပစ်..."
မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်း ပညာရှင်များက အလင်းနံရံဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြပြီး တဝုန်းဝုန်း အသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။
များစွာသော ဓားပျံများ နားကွဲလုအောင် တရွှီရွှီ အော်မြည်၍ ထိုးစိုက်သွားသော်လည်း ထိုအလင်းနံရံကို ဓားထိပ်ဦးမျှသာ ဖောက်ထွင်းနိုင်ပြီး ရပ်တန့်သွားကြသည်။ ရှေ့သို့ ဆက်မထိုးနိုင်သကဲ့သို့ နောက်ကိုလည်း ပြန်သိမ်းယူ၍ မရတော့။
ဝုန်း... ဝုန်း... ဝုန်း...။ ကောင်းကင်ဝိညာဉ်ကမ်းပါးနံရံက အဆက်မပြတ် တုန်ခါနေပြီး ရာချီသော ဓားပျံများ ထပ်မံ ထိုးစိုက်လာ၏။ ထိုဓားများ၏ နောက်တွင် အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာသော ကောင်းကင်နတ်သိုင်း အားလှိုင်းများ ရှိနေသေးသည်။
ရာချီသော ကောင်းကင်နတ်သိုင်း ပညာရှင်များက အလင်းနံရံနှင့် ထိပ်တိုက် ရင်ဆိုင်တွေ့သွား၏။ အလင်းနံရံမှာ အက်ကွဲကြောင်းများ စတင် ပေါ်ထွက်လာသည်။ ပါမောက္ခပါ့ရှန်က မာန်သွင်းအော်ဟစ်၍ သူ့လက်များကို ရှေ့သို့ တွန်းထုတ်လိုက်ပြီး ဝှမ်ခနဲ အသံတစ်သံ ထွက်ပေါ်လာ၏။ နောက်ထပ် ကောင်းကင်ဝိညာဉ် ကမ်းပါးနံရံ တစ်ခု ဖွဲ့တည်လာပြီး ရှေ့ဆီမှ အက်ကွဲကြောင်းများ လိုက်လာသော ကမ်းပါးနံရံနှင့် ပေါင်းစည်းသွားသည်။
သူ တောင့်ခံထားရသည့် ဖိအားက မမှန်းဆနိုင်လောက်အောင် ဖြစ်ပြီး နောက်သို့ အဆက်မပြတ် ဆုတ်ပေးနေရသည်။ ထိုကောင်းကင်နတ်သိုင်း ပညာရှင် ရာချီထဲတွင် ခုနစ်စဉ်ကြယ်အဆင့်၊ ကောင်းကင်နတ်အသွင်အဆင့်နှင့် သေခြင်းရှင်ခြင်းအဆင့် ပညာရှင်များပင် ပါဝင်၏။ သူတို့အားလုံး ပူးပေါင်း တိုက်ခိုက်သည့် ဖိအားကို ပါမောက္ခပါ့ရှန်က ကောင်းကင်ဝိညာဉ် ကမ်းပါးနံရံ အသုံးပြု၍ ခုခံကာကွယ်ခဲ့ပြီး ထိုအလင်းနံရံ မပျက်စီးအောင် တောင့်ခံနိုင်ခဲ့သည်ကပင် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလှပြီ ဖြစ်သည်။
"ဓားမစက်လုံးတွေ ပစ်ထည့်..." ထိုတပ်မှူးအိုကြီးက အော်ဟစ် အမိန့်ပေးလိုက်၏။
ဝှီး...။
ဓားမစက်လုံးလေးများ ကောင်းကင်ယံသို့ ပျံဝဲတက်လာပြီး အလင်းနံရံရှေ့တွင် တဝီဝီ လည်ပတ်နေသည်။ ရုတ်တရက် မရေမတွက်နိုင်သော ဓားရောင်များ ထွက်ပေါ်လာပြီး အလင်းနံရံဆီသို့ ပြေးဝင်လာ တချွင်ချွင် အသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်းတွင် အလင်းနံရံ၌ သောင်းချီသော ဓားမများ စိုက်ဝင်သွားသည်။
ပါမောက္ခပါ့ရှန်၏ အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားပြီး အလင်းနံရံထံမှ ဖိအားကို မခံနိုင်ဘဲ နောက်သို့ ခြေဆယ်လှမ်းခန့် ဆုတ်သွားရ၏။ သူ၏ ကောင်းကင်ဝိညာဉ် ကမ်းပါးနံရံက ကြောက်မက်ဖွယ်ရာ အားအင်များ၏ ဖိအားကြောင့် အဆက်မပြတ် ကျုံ့ဝင်လာသည်။
"ဆရာတူညီလေးနဲ့ မင်းသမီး၊ငါတို့ လူရိုင်းတွေရဲ့ တိုက်ပွဲကွင်းပြင်ထဲ ဝင်တိုးရတော့မယ်..."
ပါမောက္ခပါ့ရှန်က အော်ဟစ်လိုက်သည်။ "သတိထားကြ..."
ချင်မူ၏ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွား၏။ ရုတ်တရက် မြက်ခင်းလွင်ပြင် အတွင်းပိုင်းမှ စူးစူးရှရှ ခရာသံတစ်သံ ကြားလိုက်ရသည်။ အခြားတပ်ဖွဲ့က နောက်မှ လိုက်မီလာဟန်ရှိ၏။
လူရိုင်းတပ်မှူးအိုကြီးမှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားပြီး အော်ဟစ် အမိန့်ပေးလိုက်သည်။ "ရန်သူကို ရင်ဆိုင်..."
နောက်မှ လိုက်လာသော တပ်ဖွဲ့က လူရိုင်းမျိုးနွယ် သိုင်းသမားများ၊ ကောင်းကင်နတ်သိုင်း ပညာရှင် များစွာနှင့် ဖွဲ့စည်းထားသော တပ်မကြီး ဖြစ်သည်။ သိုင်းသမားများက ခြေလျင်တပ်သားများ ဖြစ်ပြီး ကောင်းကင်နတ်သိုင်း ပညာရှင်များက ကြီးမားသော ဆန်းကြယ်သားးရဲကြီးများ စီးနင်းလာကြသည်။ ထို့အပြင် ကောင်းကင်ယံ၌ ပျံသန်းလာသော ငှက်ကြီးများလည်း ရှိပြီး ၎င်းတို့၏ ကျောပေါ်တွင် မန်သီလူရိုင်းနယ်မြေမှ တပ်သားအချို့ စီးနင်းလိုက်ပါလာသည်။ သို့သော်လည်း သူတို့အားလုံးက ခေါင်းပေါ်တွင် သက်တံရောင် အမွေးအတောင်များ ထိုးစိုက်ထားသည့် အမျိုးသမီးများ ဖြစ်ပြီး အောက်ဘက်ဆီသို့ မှော်သိုင်းများ၊ ဓားပျံများနှင့် ပစ်လွှတ်တိုက်ခိုက်ကြ၏။
ချင်မူ အလင်းနံရံကို ဖောက်ထွင်း၍ ကြည့်ရှုလိုက်ရာ ဆင်ဖြူတစ်ကောင်ပေါ်တွင် ထည်ဝါခမ်းနားသော သွင်ပြင်ဖြင့် ထိုင်နေသော လူရိုင်းတပ်မှူး တစ်ဦးကို တွေ့လိုက်ရသည်။ ထိုဆင်ဖြူက အခြား ဆန်းကြယ်သားရဲများထက် ပိုမို မြင့်မားပြီး သူတို့ စီးနင်းလာသည့် အစိမ်းရောင် နွားသိုးကြီးအောက် မကျချေ။
ထိုလူရိုင်းတပ်မှူးငယ်က သူတို့ ရှိရာသို့ တစ်ချက် ဝေ့ကြည့်လိုက်ပြီး ကောင်းကင်ဝိညာဉ် ကမ်းပါးနံရံကို မြင်သောအခါ အံ့အားသင့်သည့် အမူအရာ ပေါ်လာ၏။ သူ့စိတ်သူ ချက်ချင်း တည်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီး အော်ဟစ်လိုက်သည်။ "လေ..."
တပ်ဖွဲ့တစ်ဖွဲ့က တစ်မုဟုတ်ချင်း ရှေ့ထွက်လာပြီး နောက်ကျောတွင် လွယ်ပိုးထားသည့် ကြီးမားသော ဗူးသီးခြောက်ကြီးများကို ဖြုတ်ယူလိုက်၏။ ထိုဗူးသီးခြောက်များကို သူတို့ရှေ့တွင် ပြင်းထန်စွာ ဆောင့်ချ၍ အဖုံးဖွင့်လိုက်သောအခါ အနက်ရောင် လေပွေများ တရှိန်ထိုး ပြေးထွက်သွားသည်။ ထိုအရောင်လေပွေများက လေဆင်နှာမောင်းများအဖြစ် ပြောင်းလဲသွားပြီး တစ်စထက်တစ်စ ကြီးမားလာကာ ကောင်းကင်တွင် ဦးခေါင်း၊ မြေပြင်တွင် အမြီး ထိစပ်နေသည့် နဂါးကြီး တစ်ကောင်ကဲ့သို့ ဖြတ်သန်းသွားသည့် လမ်းတစ်လျှောက် အရာအားလုံးကို ဖျက်ဆီးသွား၏။
ထိုအခိုက်၌ ထိုလေပွေများကို ထုတ်လွှတ်ခဲ့သည့် တပ်သားများက ကောင်းကင်ယံသို့ ချက်ချင်း ခုန်တက်ပြီး တပ်မှူးအိုကြီး၏ တပ်ဖွဲ့ဆီသို့ လေလမ်းကြောင်း ပြောင်းအောင် ထိန်းကျောင်းလိုက်သည်။ မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်း ပညာရှင်များ လေထဲသို့ လွင့်ပါသွားကြ၏။
လေပွေ ထုတ်လွှတ်ခဲ့သည့် တပ်သားများက လေထဲသို့ မျောပါလာသော လူရိုင်းတပ်သားများကို တစ်ယောက်ပြီး တစ်ယောက် ဓားမများဖြင့် ခုတ်ပိုင်းလိုက်ကြသည်။
ဆင်ဖြူပေါ်မှ တပ်မှူးငယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "မိုး..."
နောက်တပ်ဖွဲ့တစ်ခု ရှေ့သို့ ပြေးထွက်လာပြီး သူတို့၏ နောက်ကျောတွင် သယ်ဆောင်လာသည့် မြေခရားများကို အောက်ချလိုက်ကြသည်။ ထိုမြေအိုးများ၏ အဖုံးကို ဖွင့်လိုက်သောအခါ တိမ်မြူများ အဆုပ်လိုက် ထွက်ပေါ်လာ၏။ ထိုလူရိုင်းတပ်သားများက တိမ်မြူများအပေါ် စီးနင်း၍ လေထဲသို့ ခုန်တက်လိုက်ပြီး မကြာမီ မိုးကြီး သည်းထန်စွာ ရွာသွန်းတော့၏။
ထိုတပ်သားများက မိုးတိမ်တိုက်များထဲတွင် မှော်ဂါထာများ စီရင်ရွတ်ဖတ်ပြီး မိုးရေစက်များကို ဓားသွားများအသွင် ပြောင်းလဲ၍ အောက်ဘက်သို့ ထိုးစိုက်ချလိုက်သည်။ အောက်ဘက်မှ လူရိုင်းစစ်သည်များမှာ ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ သူတို့၏ ခေါင်းတွင် မိုးရေစက်ဓားသွားများ ထိုးစိုက်ခံလိုက်ရပြီး ဇကာပေါက်များ ဖြစ်သွား၏။
ထိုတပ်မှူးငယ်က ထပ်၍ အော်လိုက်ပြန်သည်။ "မိုးကြိုး..."
ငှက်ကြီးများ၏ ကျောပေါ်မှ လူရိုင်းမများက ဗုံများကို တီးခတ်လိုက်ကြပြီး မိုးခြိမ်းသံများ ဂျိုးဂျိုးဂျိမ့်ဂျိမ့် ထွက်ပေါ်လာသည်။ အထက်ကောင်းကင်ယံမှ မိုးကြိုးများ တဂျိမ်းဂျိမ်း ပစ်ချလာသဖြင့် လေနှင့်မိုးကို အသည်းအသန် ခုခံကာကွယ်နေကြသော လူရိုင်းစစ်သည်များမှာ အာရုံထွေပြားသွားကြ၏။ အတော်များများမှာ သတိလက်လွတ် ဖြစ်သွားပြီး လေနှင့်မိုးထဲသို့ ပါသွားကာ မျက်စိတစ်မှိတ်အတွင်း သေဆုံးသွားကြသည်။
လေ၊ မိုးနှင့် မိုးကြိုး တပ်ဖွဲ့များ၏ မှော်အတတ်နှင့်ပင် အသက်ရှင် ကျန်ရစ်သည့် လူရိုင်းစစ်သည် များများစားစား မရှိတော့ပေ။ အသက်ရှင် ကျန်ရစ်သူများက သာမန် မှော်သိုင်းကွက်မျှနှင့် မထိခိုက်နိုင်သော အဆင့်မြင့် ပညာရှင်များ ဖြစ်ကြသည်။
တပ်မှူးအိုကြီးက တုဖက်ယှဉ်ပြိုင်နိုင်စွမ်း မရှိသကဲ့သို့ ထွက်ပြေး၍လည်း မလွတ်နိုင်တော့ကြောင်း သိသဖြင့် မြေကြီးပေါ် ဒူးထောက်ချ၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "တပ်မှူးထို့လီမူ၊ ကျုပ် အညံ့ခံပါတယ်... အညံ့ခံပါတယ်... ကျုပ်အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ပါတယ်..."
ထိုအဖြစ်အပျက်ကို မြင်သောအခါ အခြား လူရိုင်းတပ်သား နှစ်ဆယ်ကျော်မှာ အညံ့မခံလိုသော်လည်း ဒူးထောက်ချလိုက်ကြ၏။ အသက်ရှင်သန်ရေးက သူတို့အတွက် ပိုအရေးကြီးလှသည်။ "အညံ့ခံပါတယ်..."
တပ်မှူးထို့လီမူ၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းရောင် တစ်ခု လက်သွားပြီး ပြက်ရယ်ပြုလိုက်၏။ "မင်းတို့ ထျဲအားမူမျိုးနွယ်က ပုန်ကန်ဖို့ ကြိုးစားပြီးမှ အသက်ရှင်ချင်သေးတာလား... လက်နက်ချတာ လက်မခံဖို့ ခန်က အမိန့်ပေးပြီးသား..."
တပ်မှူးထို့လီမူ လက်မြှောက်လိုက်သည်ကို မြင်သောအခါ တပ်မှူးအိုကြီး၏ အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားပြီး အပြင်းအထန် တိုက်ခိုက်ရန် ပြင်လိုက်သည်။ လက်မအရွယ်ခန့် ရှိသော ဓားတိုင်လုံး တစ်လုံးက လေထုကို ထိုးခွင်းလား၏။ သူတို့နှစ်ယောက်ကြား အကွာအဝေးက ကိုက်သုံးရာခန့် ရှိသော်လည်း ထိုဓားတိုင်လုံးက မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။ တပ်မှူးအိုကြီးမှာ ရှောင်တိမ်းရန် အချိန်မရတော့ဘဲ သူ့ခေါင်းခွံ ထုတ်ချင်းခတ် ပေါက်ထွက်သွား၏။
ထိုဓားတိုင်က ပါမောက္ခပါ့ရှန်၏ ကောင်းကင်ဝိညာဉ် ကမ်းပါးနံရံဖြင့် ဖွဲ့စည်းထားသော အလင်းနံရံသို့ ထိုးစိုက်ပြီး အပေါက်သေးသေးလေး ပေါက်သွားသည်။
ပါမောက္ခပါ့ရှန်က မျက်ခုံးပင့်၍ ကောင်းကင်ဝိညာဉ် ကမ်းပါးနံရံကို ပြန်ရုပ်သိမ်းလိုက်၏။ တပ်မှူးထို့လီမူ၏ တပ်ဖွဲ့က ပုန်ကန်သူ လူရိုင်းတပ်ဖွဲ့ကို တစ်ယောက်မကျန် သတ်ဖြတ်နေကြသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
လူရိုင်းတပ်စုခေါင်းဆောင်များက ခေါင်းပြတ်များကို ခါးတွင် ချိတ်ဆွဲ၍ အတောမသတ်အောင် ရွှင်မြူးနေကြသည်။
အချို့မှာ လူခေါင်းပြတ်များကို လုယက်၍ မည်သူ သတ်သည်ဆိုခြင်းကို ငြင်းခုန်နေကြသေး၏။
ချင်မူ မျက်မှောင်ကြုတ်လိုက်သည်။ မဟာမြို့ပျက်တွင်ပင် ထိုသို့ လူခေါင်းပြတ် လုသည့် ဓလေ့မျိုး မရှိ။
"သူတို့ရဲ့ ဝိညာဉ်တွေ အကုန်လုံး ဖမ်းယူပြီး ရွှေနန်းတော်ကို ဆက်သလိုက်..."
တပ်မှူးထို့လီမူက ဆင်ဖြူကြီးကို စီးနင်း၍ ရောက်ရှိလာပြီး ပါမောက္ခပါ့ရှန်ကို နှုတ်ဆက်လိုက်သည်။ "ဒါက ဝူခန်လား မသိဘူး..."
ပါမောက္ခပါ့ရှန်က ခေါင်းညိတ်လိုက်သည်။
တပ်မှူးထို့လီမူ၏ မျက်လုံးများ အရောင်တဖျတ်ဖျတ် လက်သွားပြီး တိုက်ခိုက်လိုစိတ်များ ထက်သန်လာ၏။ "ကောင်းကင်နတ်သိုင်း ပညာရှင် ရှစ်ရာကို တစ်ယောက်တည်းနဲ့ တားဆီးနိုင်တာ ဝူခန်ရဲ့ စွမ်းရည်က အံ့မခန်းပါပဲ... ဒါပေမဲ့ ဒဏ္ဍာရီထဲကလောက်တော့ အစွမ်းမထက်ပါလား... ကြည့်ရတာ ဝူခန်ရဲ့ ဘွဲ့ကို ဆက်ထိန်းထားနိုင်တော့မယ် မထင်ဘူး..."
ပါမောက္ခပါ့ရှန်က နွားသိုးကြီးပေါ်တွင် တည်တည်ငြိမ်ငြိမ် ထိုင်နေရင်း ခပ်တိုးတိုး ရယ်မောလိုက်သည်။
တပ်မှူးထို့လီမူ၏ မျက်ဝန်းထဲမှ ဝင်းခနဲ လက်သွားပြီး ဆင်ဖြူကြီး၏ ကျောပေါ်မှ ရုတ်တရက် ထရပ်လိုက်၏။ သူ့လက်ထဲမှ ဓားရောင် လက်ခနဲ ဆန့်ထွက်လာသည်။ သူ၏ ဓားချီက လေထုကို ထိုးခွင်း၍ ပါမောက္ခပါ့ရှန်ကို ထိုးစိုက်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ကောင်းကင်တစ်ခွင်လုံး ဓားရောင်များ ပြည့်နှက်သွား၏။
ပါမောက္ခပါ့ရှန်က သူ၏ ဓားမကို ဆွဲထုတ်ပြီး တစ်ချက် ခုတ်ချလိုက်သည်။ ဓားရောင်များ ရုတ်ခြည်း ပျောက်ကွယ်သွားပြီး ကောင်းကင်နှင့် မြေကြီးကြားမှ အလျားလိုက် ခုတ်ပိုင်းလာသော ဓားမတစ်လက်၏ အရိပ်ကိုသာ မြင်ရတော့၏။ ဝုန်းခနဲ အသံကြီး မြည်ဟည်းသွားပြီး တဝင်းဝင်း လက်နေသည့် ဓားမရောင် ပျောက်ကွယ်သွားသည်နှင့်အတူ ဆင်ဖြူကြီး၏ ကျောပေါ်မှ တပ်မှူးထို့လီမူလည်း ပျောက်ကွယ်သွားသည်။
ထိုဆင်ဖြူကြီး၏ ကျောပေါ်တွင် အခြား လူရိုင်းတပ်မှူးများလည်း မတ်တတ်ရပ်နေပြီး သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။ သူတို့၏ နောက်ဘက်မှ အားခနဲ အသံရှည်ကြီးတစ်သံ ကြားလိုက်ရပြီး အလျင်အမြန် နောက်လှည့် ကြည့်လိုက်သောအခါ အဝေးသို့ လွင့်ထွက်သွားသော တပ်မှူးထို့လီမူကို မြင်လိုက်မိကြသည်။
"သူ့အစွမ်းအစက မဆိုးပေမဲ့ အခြေအနေမှန်ကို သုံးသပ်နိုင်စွမ်း မရှိဘူး..."
ပါမောက္ခပါ့ရှန်က သူ၏ ဓားမကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။ အတန်ကြာသောအခါမှ တပ်မှူးထို့လီမူ ပြန်ရောက်လာ၏။ သူ့ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည့် ချပ်ဝတ်တန်ဆာမှာ နှစ်ခြမ်းကွဲနေပြီး ပါမောက္ခပါ့ရှန်ကို ကြည့်သည့် အကြည့်များတွင် လေးစားမှု အရိပ်အယောင်များ ယှက်သန်းလာသည်။
"ဝူခန်ရဲ့ သိုင်းစွမ်းအား အကြောင်းကို မြက်ခင်းလွင်ပြင်မှာ ဒီနေ့အချိန်ထိ ပြောဆိုနေကြတုန်းပါပဲ..."
ထို့လီမူက ဒူးတစ်ဖက် ထောက်ချ၍ ရင်ဘတ်တွင် လက်ဖဝါးတင်ကာ ပြောလိုက်သည်။ "ဝူခန်က ရွှေနန်းတော်ကို သွားနေတာလား... ဥသျှောင်မှော်ဆရာက ဝူခန့်ကို ပျူပျူငှာငှာ ဆက်ဆံဖို့ မှာထားပါတယ်..."
ပါမောက္ခပါ့ရှန်က ခေါင်းညိတ်လိုက်သည်။ "သိပြီ၊ ထပါ... အရင်တုန်းက ဥသျှောင်မှော်ဆရာကိုယ်တိုင် ငါ့ကို ဝူခန်ဘွဲ့ ပေးခဲ့တာ... ကြည့်ရသလောက်တော့ သူကိုယ်တိုင် အပ်နှင်းခဲ့တဲ့ ဘွဲ့ကို သူကိုယ်တိုင် ပြန်သိမ်းယူရတော့မယ်... မင်းတို့ မြက်ခင်းလွင်ပြင်ဒေသမှာ သူရဲကောင်းတွေ ထပ်ပြီး ပေါ်ထွန်းလာပြီ ထင်တယ်၊ မဟုတ်ရင် ဥသျှောင်မှော်ဆရာက ငါ လိုလန်ရွှေနန်းတော် လာတာကိုစောင့်မျှော်နေမှာ မဟုတ်ဘူး..."
ထို့လီမူက ထရပ်၍ ပြောလိုက်၏။ "ကျုပ်တို့ မြက်ခင်းလွင်ပြင်ရဲ့ သူရဲကောင်းတွေက ကောင်းကင်က ကြယ်တွေလိုပဲ ပေါများပါတယ်... ဝူခန့်ကို အနိုင်ယူနိုင်တဲ့သူတွေ မရှားပါဘူး..."
ဟူလင်းအာက တခစ်ခစ် ရယ်မောလိုက်သည်။ "ဒီကတပ်မှူးလေး၊ နင် ကြွားလုံးထုတ်တဲ့ပုံကို ငါ အတော် သဘောကျသွားပြီ..."
"နွားသိုးကို ထိုးမယ် ဟုတ်လား... ဘယ်သူက ငါ့ကို ထိုးရဲတာလဲ..." (တရုတ်စာမှာ ကြွားလုံးထုတ် ဆိုတဲ့စာလုံးက နွားကို ထိုးတယ်ဆို စာလုံးနဲ့ ဆင်တူပါတယ်)
နွားသိုးကြီးက နှာခေါင်းရှုံ့လိုက်၏။ ထိုအခိုက်၌ ဆင်ဖြူကြီးကို ရုတ်တရက် မြင်သွားပြီး အနားသို့ ကသောကမျော ပြေးကပ်ကာ တဟစ်ဟစ် ရယ်မောလိုက်၏။ "ဟေး ဆင်ဖြူလေး... နင်က အထီးလား၊ အမလား..."
ထိုဆင်ဖြူကြီးက သူ၏ ကိုယ်လုံးကို လှုပ်ခါ၍ တိုက်ချလိုက်သည်။ နွားသိုးစိမ်းကြီးမှာ နှာခေါင်းသွေးများ တောက်တောက်ကျသွား၏။
"အဲဒါ အမ..." ဟူလင်းအာ နွားသိုးစိမ်းကြီး နားနားသို့ ကပ်၍ တီးတိုး ပြောလိုက်သည်။
နွားသိုစိမ်းကြီးမှာ စိတ်အားတက်ကြွသွားပြီး ဆင်ဖြူကြီးကို ဟဲခနဲ ရယ်ပြလိုက်၏။ "နင့်ရဲ့ အသားအရေက သိပ်ဖြူတာပဲ၊ ငါတော့ သဘောကျသွားပြီ... နင် ပျိုနီပန်းပင် စားတတ်လား... ငါ့ဆီမှာ ရှိတယ်၊ ဒီအပင်တွေက သိပ်နူးညံ့တာ၊ နင် ဝါးကြည့်လိုက်ရင် အရည်တွေတောင် စိမ့်ထွက်လာဦးမယ်..."
ထို့လီမူနှင့် သူ၏ တပ်ဖွဲ့က သူတို့ကို လိုလန်ရွှေနန်းတော်သို့ လိုက်ပါ ပို့ဆောင်၏။ ချင်မူက ထိုတပ်ဖွဲ့ကို အကဲခတ်၍ စိတ်ဝင်စားသွားသည်။
သူပုန်တပ်ဖွဲ့ကို ရှင်းလင်း သုတ်သင်ခဲ့သည့် နည်းဗျူဟာက လွန်စွာ ထူးဆန်းလှ၏။ ထာဝရငြိမ်းချမ်းရေး အင်ပါယာ၏ နည်းဗျူဟာနှင့် အတော်လေး ဆင်တူသည်။ ထာဝရငြိမ်းချမ်းရေး အင်ပါယာက ထိုလူရိုင်းများ၏ နည်းဗျူဟာကို အတုခိုးသည်လား၊ လူရိုင်းများက ထာဝရငြိမ်းချမ်းရေး အင်ပါယာ၏ နည်းဗျူဟာကို အတုခိုးသည်လားတော့ သူ မပြောတတ်...။
ပါမောက္ခပါ့ရှန်နှင့် တိုက်ခိုက်အပြီးတွင် ထို့လီမူမှာ သူတို့ကို လွန်စွာ ရို့ကျိုး လေးစား၍ လမ်းခရီးတစ်လျှောက် အစာရေစာ လစ်ဟင်းမှုမရှိအောင် ဂရုစိုက်ခဲ့၏။
ပါမောက္ခပါ့ရှန်က ချင်မူနှင့် လင်ယွိရှို့တို့ကို သိုင်းကွက်အသားပေး ပညာနှင့် မှော်ပညာ ပေါင်းစည်း ဖော်ထုတ်သည့် နည်းလမ်းများ သင်ပေးသည့်အခါတွင် ထို့လီမူတို့ကို ဂရုမစိုက်ဘဲ နေခဲ့သည်။ သို့သော်လည်း အရေးပါသည့် သဘောတရားများ သင်သည့်အခါတွင်တော့ အသံပို့လွှတ်၍ လျှို့ဝှက် သင်ကြားပေး၏။
ခြောက်ရက်၊ ခုနစ်ရက်ခန့် ကြာပြီးသောအခါ မြက်ခင်းလွင်ပြင်ဒေသ၏ အတွင်းအကျဆုံးအပိုင်းသို့ ရောက်လာပြီး လိုလန်ရွှေနန်းတော်နှင့် များစွာ ဝေးကွာခြင်း မရှိတော့ချေ။ ထို့လီမူက သူတို့ကို ဆက်၍ လိုက်မပို့တော့ဘဲ သူ့တပ်ဖွဲ့ကို ဦးဆောင်၍ သူတို့ မျိုးနွယ်စု ရှိရာသို့ ပြန်သွားသည်။
ပါမောက္ခပါ့ရှန်က မျက်မှောင်ကြုတ်၍ လေပူတစ်ချက် မှုတ်ထုတ်လိုက်၏။ "ကြည့်ရတာ ဥသျှောင်မှော်ဆရာက ငါ့ကို ကြိုဆိုဖို့ စေ့စေ့စပ်စပ် ပြင်ဆင်ထားတဲ့ပုံပဲ... ဒီတစ်ခါတော့ ဝူခန်ဘွဲ့ကို သေချာပေါက် ပြန်သိမ်းယူလိမ့်မယ်... ရွှေနန်းတော်ကို ရောက်တဲ့အခါ စိန်ခေါ် တိုက်ခိုက်ခံရမှာက ငါ ဖြစ်နေမှာစိုးတယ်... အဲဒီလိုသာဆိုရင် ဆရာရဲ့ ခန္ဓာကိုယ် အောက်ပိုင်းကို ခိုးဖို့ ငါ့အတွက် အချိန်ရမှာ မဟုတ်ဘူး ...”
ချင်မူက စိတ်အားထက်သန်စွာ ပြောလိုက်၏။ "ဆရာတူအစ်ကိုကြီး၊ ကျွန်တော်က ခိုးနည်းတွေ သင်ဖူးတယ်..."
ပါမောက္ခပါ့ရှန်က သူ့ကို တစ်ချက်ကြည့်၍ ခေါင်းခါယမ်းလိုက်သည်။ "လိုလန်ရွှေနန်းတော်က မြက်ခင်းလွင်ပြင်ရဲ့ အထွတ်အမြတ်နယ်မြေပဲ၊ တာအိုဂိုဏ်းနဲ့ မဟာမိုးခြိမ်းသံ ကျောင်းတော်လို အထွတ်အမြတ်နယ်မြေတွေနဲ့ တစ်တန်းတည်း သတ်မှတ်လို့ ရတယ်... အထဲမှာ မရေမတွက်နိုင်တဲ့ ယန္တရားတွေနဲ့ မှော်အစီရင် အမျိုးမျိုး ရှိတယ်... မင်းရဲ့ သူခိုးပညာက အသုံးဝင်မှာ မဟုတ်ဘူး... အထဲက ယန္တရားတွေ၊ မှော်အစီအရင်တွေကို မင်း မဖျက်ဆီးနိုင်ဘူး..."
"ကျွန်တော့်ကို ခိုးနည်း သင်ပေးတဲ့လူက သိပ်ကို စွမ်းအားကြီးတာ..."
ချင်မူက အလေးအနက် ပြောလိုက်သည်။ "ကျွန်တော်တို့ရွာက ဘိုးဘိုးထော့ကျိုးလေ၊ ခြေထောက်တစ်ဖက် မရှိတော့ပေမဲ့ သူက..."
ပါမောက္ခပါ့ရှန်က လက်ခါပြ၍ သူ့ကိုယ်သူ စိတ်အားမြှင့်တင်လိုက်သည်။ "သူ့ခြေထောက်တောင် သူများက ခုတ်ဖြတ်သွားတာပဲ၊ အဲဒါ ကြည့်ရင် မစွံဘူးဆိုတာ သိသာပါတယ်... ဆရာ့ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ခိုးယူဖို့ မင်း ပူမနေနဲ့... ငါ ကြည့်ရှင်းပါ့မယ်... မင်းတို့ နှစ်ယောက်စလုံး လိုလန်ရွှေနန်းတော်ရဲ့ မုခ်ဦးတံခါးကို ပိတ်ဖို့သာ အာရုံစိုက်ပါ၊ ကျန်တာ ငါ့တာဝန် ထားလိုက်..."