← Chapters

လိုလန်ရွှေနန်းတော်

Vol. 11 Ch. 152

လိုလန်ရွှေနန်းတော်

Vol. 11 Ch. 152

သူက ချင်မူ့ကို စကားပြောခွင့် မပေးဘဲ တတွတ်တွတ် ရေရွတ်လိုက်သည်။ "ဒီဥသျှောင်မှော်ဆရာ အဘိုးကြီးက ညစ်ပတ်ပြီး ငါ့ကို တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုင်းမှာ စိုးရိမ်တာပဲ၊ အဲဒါဆို ငါ ထွက်သွားလို့ရမှာ မဟုတ်ဘူး... နည်းနည်းတော့ ခက်ပြီ..."

များစွာမကြာလိုက်ဘဲ အားလုံး၏ မျက်စိရှေ့၌ လိုလန်ရွှေနန်းတော် ပေါ်ထွက်လာ၏။

ချင်မူ အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သောအခါ အဆုံးအစမဲ့ မြက်ခင်းလွင်ပြင်ကြီးထဲတွင် ရေကန်ကြီးတစ်ကန် ရုတ်တရက် ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုရေကန်က စိမ်းပြာရောင် လှိုင်းကြက်ခွပ်များ ထနေပြီး မြက်ခင်းလွင်ပြင်ထဲမှ သမုဒ္ဒရာ တစ်ခုအလား ထင်ရအောင် အပြောကျယ်လှ၏။

ထိုရေကန်၏ အခြားတစ်ဖက်တွင် တောင်တန်းကြီးများ သွယ်တန်းနေသည်ကို ခပ်ရေးရေး လှမ်းမြင်ရသည်။ ထိုတောင်တန်းကြီးများက နှင်းခဲများ ဖုံးလွှမ်း၍ ငွေရောင် တောက်ပနေ၏။

ထိုတောင်တန်းများ၏ အလယ်တွင်တော့ တလက်လက် တောက်ပနေသော ရွှေတောင်ကြီးတစ်လုံး ရှိသည်။ ချင်မူ ကောင်းကင်မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ ထိုအရာက ရွှေတောင်ကြီး မဟုတ်ဘဲ ဝင်းလက်တောက်ပနေသော ရွှေနန်းတော်ကြီးတစ်ခု ဖြစ်ကြောင်း တွေ့လိုက်ရ၏။

နန်းဆောင်များ များပြားလွန်းလှပြီး တစ်တောင်လုံး ပြည့်နှက် ဖုံးလွှမ်းနေသဖြင့် အဝေးမှ လှမ်းကြည့်သောအခါ ရွှေတောင်ကြီးကဲ့သို့ ထင်ရခြင်း ဖြစ်သည်။

မြက်ခင်းလွင်ပြင်တွင် လဲလှယ်သုံးစွဲရန် ငွေကြေး သတ်မှတ်ထားခြင်း မရှိဘဲ ရွှေစရွှေနများကိုသာ လက်ခံသဖြင့် လမ်းတစ်လျှောက် နေရေးစားရေးအတွက် တပ်မှူးပြန့်ကျန်းယွင် ပေးလိုက်သော ရွှေတုံးများကိုသာ သုံးစွဲခဲ့ရ၏။

မြက်ခင်းလွင်ပြင်မှရှိ သာမန် အရပ်သားများအတွက် ရွှေဆိုသည်မှာ လွန်စွာ ရှားပါးလှပြီး အလွန်တရာ တန်ဖိုးကြီးလှသည်။ ဤနန်းတော်ရာက ရွှေအတိပြီးစွာ ဆောက်လုပ်ထားသည်ကို ကြည့်လျှင် မည်မျှ ပြည့်စုံကုံလုံကြောင်း သိနိုင်၏။

ပါမောက္ခပါ့ရှန်က ရေကန်ဆီသို့ လျှောက်သွားပြီး ချင်မူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ကန်စပ်တွင် သစ်သားလှေတစ်စင်း ရှိပြီး လှေပေါ်၌ ခေါင်းတွင် ချိုပေါက်နေသော လူတစ်ယောက် ထိုင်နေသည်။ ထိုသူက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လှေဦးထိပ်တွင် ထိုးဝါးတစ်ချောင်းကို မှီ၍ ရပ်နေ၏။

ရေကန်စပ်တွင်တော့ ဝါးလုံးတိုင်များ စိုက်ထားပြီး ထိုတိုင်များပေါ်တွင် လူခေါင်းပြတ်များ ချိတ်ဆွဲထားသည်။

"ဒီမှော်ဆရာတွေရဲ့ ဝိညာဉ်စုတဲ့ ပညာက ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းထက် ပိုပြီး မိစ္ဆာဆန်ပါလား..."

ချင်မူ ထိုလူ့ကို သေချာကြည့်လိုက်သောအခါ သူ့မျက်နှာက တောင်ဆိတ်တစ်ကောင်နှင့် တူနေကြောင်း တွေ့ရ၏။ တွေ့နေကျ တောင်ဆိတ်များကဲ့သို့ အဖြူရောင်တော့ မဟုတ်ဘဲ အညိုရောင် တောင်ဆိတ်ဖြစ်သည်။ ထို့ပြင် ထိုသူ၏ မျက်နှာ၌ အမွေးအမှင် များစွာ မရှိချေ။

"ဆိတ်မျက်နှာ မှော်ဆရာလား..." ချင်မူ မှင်တက်မိသွားသည်။ သူ မြို့တော်တွင် ရှိစဉ်က မှော်ဆရာအဆိပ်မိလာသော စစ်သည်အချို့ကို ကုပေးခဲ့ပြီး ထိုစစ်သည်များက ခေါင်းတွင် ချိုပေါက်နေသော လူရိုင်းတစ်ယောက်နှင့် တွေ့ခဲ့ခြင်း ဖြစ်သည်ဟု ပြောခဲ့၏။ ထိုလူရိုင်းက ကြေးမုံမှန်တစ်ချပ်ဖြင့် အလင်းပြန်စေပြီး သူတို့ကို သတိလစ်သွားအောင် လုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က မျက်နှာဖုံး တပ်ထားသော မှော်ဆရာတစ်ယောက် ဖြစ်မည်ဟုသာ ချင်မူ ထင်ခဲ့မိသော်လည်း ယခု လှေပေါ်မှ မှော်ဆရာကို မြင်သောအခါမှ ခေါင်းပေါ်တွင် အမှန်တကယ် ချိုပေါက်နေသော လူရိုင်းမှော်ဆရာများ ရှိကြောင်း သိသွား၏။

ဆိတ်မျက်နှာနှင့် မှော်ဆရာက သူတို့ကို တစ်ချက် ကြည့်၍ စူးရှရှ အသံဖြင့် ပြောလိုက်သည်။ "ဝူခန်၊ ဥသျှောင်မှော်ဆရာက စောင့်နေတာ ကြာပါပြီ... လှေပေါ်တက်ပါ..."

ပါမောက္ခပါ့ရှန်က လှေပေါ်တက်၍ ပြုံးလိုက်သည်။ "ဒီကန်ထဲက ရေက ရေသေတွေ၊ ရေပေါ် ပေါ်နိုင်တဲ့ ပင့်အား မရှိဘူး... ငှက်မွေးလေး တစ်ခု ကန်ရေပြင်ပေါ် ကျသွားရင်တောင် တန်းမြုပ်သွားမှာ... ငါတို့ လိုလန်ရွှေနန်းတော်ဆီသွားဖို့ ဒီလှေစီးပြီး ဖြတ်သွားမှပဲ ရမယ်... လှေပေါ်တက်ကြ..."

ချင်မူ၊ လင်ယွိရှို့၊ နွားသိုးစိမ်းကြီးနှင့် ဟူလင်းအာတို့ သစ်သားလှေပေါ် တက်လိုက်ကြ၏။ ထိုမှော်ဆရာ၏ အကြည့်က ချင်မူနှင့် လင်ယွိရှို့တို့အပေါ် ကျရောက်သွားပြီး သရော်ပြုံး ပြုံးကာ လှေကို တစ်ဘက်ကမ်းသို့ ထိုးဝါးထောက်၍ မျှောချလိုက်သည်။

လင်ယွိရှို့က ပြုံးလိုက်၏။ "ရေသေပေါ်မှာ လမ်းမလျှောက်နိုင်ဘူး ဆိုရင် ကွေ့ပတ်ပြီး လျှောက်သွားလို့ မရဘူးလား... လေပေါ်က ပျံသွားလို့လည်း ရတယ်လေ..."

ထိုလူရိုင်းမှော်ဆရာက လှောင်ရယ် ရယ်လိုက်သည်။ "ပျံသွားမယ် ဟုတ်လား... ပျံနိုင်လား၊ မပျံနိုင်လား စမ်းကြည့်ပါဦးလေ... ဒီနေရာက လေက လေသေပဲ..."

"လေသေ ဟုတ်လား..." လင်ယွိရှို့က ဇဝေဇဝါဖြင့် မေးလိုက်သည်။

သူမ၏ ဘေးမှ နွားသိုးစိမ်းကြီးက ခပ်အုပ်အုပ် ပြောလိုက်၏။ "ဟုတ်တယ် လေက တကယ် အသေပဲ... ဒီနေရာမှာ ပျံလို့ မရဘူး..."

သူက လေကို ထိန်းချုပ်ရာတွင် ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်သဖြင့် ဤနေရာရှိ လေထုက စီးဆင်းခြင်း မရှိသည်ကို ခံစားမိသည်။ လူတစ်ယောက် အသက်ရှူသောအခါ ပုံမှန်အားဖြင့် လေက ဝင်ထွက် လှည့်လည်မည် ဖြစ်သည်။ လေစီးဆင်းမှု မရှိသောအခါ အသက်ရှူသွင်းလိုက်လျှင် နှာခေါင်းပေါက်အောက်မှ လေက ကုန်ဆုံးသွားပြီး လေဟာနယ် ဖြစ်သွားပေလိမ့်မည်။ ဘေးနားမှ လေထုက နှာခေါင်းပေါက်အောက်သို့ ပြန်လည် ဖြည့်တင်းပေးနိုင်ခြင်း မရှိသောအခါ အသက်ရှူမရ ဖြစ်ပေလိမ့်မည်။

ဤရေသေအိုင်က ထိုကဲ့သို့ ဖြစ်၏။ ကန်ရေပြင်ထက်မှ လေထုက မမြင်နိုင်သည့် စွမ်းအား တစ်ခုဖြင့် ထိန်းချုပ်ထားသဖြင့် ရွေ့လျားနိုင်ခြင်း မရှိပေ။ သစ်သားလှေ ရှေ့သို့ လျှောတိုက် ရွေ့လျားသွားသောအခါမှ လှေပေါ်မှ လူများလည်း ရွေ့လျားသွားပြီး အပြောင်းအလဲ မရှိ အသက်ရှူနိုင်၏။ လှေ၏ ရွေ့လျားမှု ရပ်တန့်သွားသည်နှင့် သူတို့၏ နှာခေါင်းအောက်မှ လေများ ရှူသွင်းပြီး အချိန်တစ်ခု ကြာသောအခါ သေချာပေါက် အသက်ရှူမရ ဖြစ်လာပေလိမ့်မည်။

ကန်ရေပြင်ထက်မှ ပျံသန်းသွားရန်မှာလည်း မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်။ ပျံသန်းခြင်း အတတ်ပညာများက အပေါ်သို့ ပင့်တင်နိုင်ရန်အတွက် လေထုကို တုန်ခါအောင် လုပ်ရန် လိုအပ်၏။ သို့သော်လည်း ဤနေရာတွင် လေထုကို တုန်ခါအောင် လုပ်လျှင် လေဟာနယ်သာ ဖြစ်ပြီး ပျံသန်းနိုင်လိမ့်မည် မဟုတ်ပေ။

ဟူလင်းအာလည်း စမ်းသပ်ကြည့်ပြီး လေခေါ်၊ မိုးခေါ်သည့် မှော်ပညာရပ်များ ဤနေရာတွင် သုံး၍မရကြောင်း တွေ့သွားသည်။

လူရိုင်းမှော်ဆရာက ခပ်တိုးတိုး ရယ်မောလိုက်၏။ "ကွေ့ပတ်လျှောက်သွားဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ဒီရေသေအိုင်က ကျယ်လွန်းတော့ ကွေ့ပတ်လျှောက်သွားမယ်ဆိုရင် နှစ်ရက်ကြာလိမ့်မယ်... ပြီးတော့ နှင်းတောင်တန်းတွေဆီ ရောက်သွားရင် ပြန်ထွက်လာနိုင်တဲ့သူ များများစားစား မရှိဘူး..."

လင်ယွိရှို့ ပြောစရာစကား ရှာမရ ဖြစ်သွားသည်။

ချင်မူ သူ၏ ကောင်းကင်မျက်လုံးနှင့် အစိမ်းရောင် ကောင်းကင်မျက်လုံးကို တိတ်တဆိတ် ဖွင့်၍ အပေါ်သို့ မော့ကြည့်လိုက်သည်။ ပဝါပါးတစ်လွှာကဲ့သို့ မြူခိုးမြူငွေ့များက ကန်ရေပြင်ထက်ရှိ ကောင်းကင်တစ်ခွင်လုံး လွှမ်းခြုံဖုံးအုပ်နေသည်ကို ဝိုးတဝါး မြင်တွေ့ရပြီး သူ့ရင်ထဲတွင် လှုပ်ရှားသွား၏။ "ဒီမြူခိုးလွှာက လေထုကို မစီးဆင်းနိုင်အောင် လုပ်ထားတာ ဖြစ်ရမယ်..."

ထိုမြူခိုးလွှာက ထိတွေ့၍ မရသော်လည်း အမှန်တကယ် တည်ရှိနေ၏။ ဤသည်က ပါမောက္ခပါ့ရှန် ပြောသည့် အကာအကွယ် အတားအဆီး ဖြစ်ပေလိမ့်မည်။

သူ ရေထဲသို့ တစ်ချက် အကြည့်ရောက်သွားသည်တွင် တုန်လှုပ်ချောက်ချားသွား၏။ ကန်ရေပြင် အောက်ခြေ၌ အရိုးဖြူများ အစုလိုက် အပုံလိုက် ရှိနေသည်။ လင်ယွိရှို့မှာလည်း အောက်သို့ ငုံ့ကြည့်မိပြီး အသက်ရှူရပ်သွား၏။

ပါမောက္ခပါ့ရှန်က ပြောလိုက်သည်။ “အဲဒါ မှော်ဆရာဂိုဏ်းက သူတို့ရဲ့ မှော်အစီအရင်တွေ စီရင်ဖို့ အသုံးချထားတဲ့ ကျွန်တွေပဲ…”

ချင်မူ အရိုးထဲထိ စိမ့်တက်သွား၏။

ဆိတ်မျက်နှာ မှော်ဆရာက ထူးဆန်းသော လျှို့ဝှက် နည်းစနစ် တစ်ခုကို အသုံးပြု၍ သစ်သားလှေကို ကန်ရေပြင်ထက်တွင် လေအလျဉ်ကဲ့သို့ ပြေးအောင် လှော်ခတ်နေသည်။ ရေသေအိုင်ပင် ဤလှေငယ်ကို နစ်မြုပ်အောင် မပြုလုပ်နိုင်ပေ။

များစွာမကြာလိုက်ဘဲ သစ်သားလှေက နှင်းတောင်တန်း၏ အခြေတွင် ဆိုက်ကပ်သွားသည်။ ဆိတ်မျက်နှာနှင့် မှော်ဆရာက တဟီးဟီး ရယ်မောလိုက်၏။ “ဝူခန် ကြွပါ…”

ပါမောက္ခပါ့ရှန်က ပြုံးပြ၍ ရွှေတောင်ကြီးဆီသို့ လျှောက်သွားလိုက်သည်။

တူ… တူ…။

ကြေးခရာမှုတ်သံ တစ်သံ ရှည်လျား ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ ထိုအသံက နားစည်မြှေးများပင် တုန်ခါသွားသည်အထိ စူးရှ ကျယ်လောင်လှသည်။ အဝေးဆီမှ တောင်တန်းများမှာ ရုတ်တရက် နှင်းခဲများ တဖွဲဖွဲ ပြိုကျသွားပြီး ထိုခရာသံကို ပို၍ ခမ်းနား ကြီးကျယ်အောင် ပြုလုပ်ပေးနေသကဲ့သို့ ရှိ၏။

ပါမောက္ခပါ့ရှန်က ကြေးခရာသံနှင့် နှင်းတောင်ပြိုသံများကို ဖုံးလွှမ်းသွားအောင် တဟားဟား အော်ဟစ်ရယ်မောလိုက်သည်။ ချင်မူနှင့် ကျန်သူများမှာ မည်သို့မျှ မခံစားရသော်လည်း တောင်ပေါ်မှ လူများကတော့ သူတို့၏ ချီစွမ်းအင်နှင့် သွေးများ ပွက်ပွက်ဆူ၍ ခေါင်းများ ပေါက်ကွဲထွက်မတတ် ခံစားလိုက်ကြရသည်။

ထိုအခိုက်၌ တောင်ထိပ်ပေါ်မှ ခပ်ဩဩ အသံတစ်သံ လွင့်ပျံ့လာသည်။ “ဝူခန်ရဲ့ ကျင့်စဉ်စွမ်းအားက အရင်တုန်းကထက် ပိုမြင့်လာတာပဲ… ရောက်ရောက်ချင်း အဲလို အစွမ်းထုတ်ပြဖို့ လိုလို့လား… ဝူခန်၊ တောင်ပေါ်တက်လာပြီး ငါနဲ့ လာတွေ့ပါ…”

ထိုအသံက ပါမောက္ခပါ့ရှန်၏ ရယ်သံကြားမှ ကြည်လင်စွာ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အိုမင်းသည့် လေသံ ပေါက်သော်လည်း အားအင်အပြည့် ပါ၏။ အထွတ်အထိပ် ပညာရှင် တစ်ယောက် ဖြစ်ကြောင်း ထင်ရှားသည်။

“ဥသျှောင်မှော်ဆရာရဲ့ စကားကို ကျုပ် လိုက်နာရမှာပေါ့… ဒါပေမဲ့ ဒီနေ့ ကျုပ် လာတာက ခင်ဗျားတို့ရဲ့ တောင်တံခါးမုခ်ဝကို ပိတ်ဖို့ပဲ၊ အတိတ်အကြောင်းတွေ ပြန်ပြောနေဖို့ မဟုတ်ဘူး…”

ပါမောက္ခပါ့ရှန်နှင့် ထိုအိုမင်းသော အသံပိုင်ရှင်က အဝေးတစ်နေရာစီမှ အေးဆေးသက်သာစွာ ပြောဆိုနေကြသည်။ “ကျုပ် အခု တောင်ပေါ် တက်လာခဲ့မယ်…”

ချင်မူ ခေါင်းမော့ကြည့်လိုက်သောအခါ တောင်ပေါ်သို့ တက်သော ရွှေလှေကားထစ်များကို တွေ့ရ၏။ တစ်ခဏမျှ လှမ်းတက်ပြီးသောအခါ တံခါးရွက် မရှိသော ရွှေတံခါးမုခ်ဝကြီးကို မားမားမတ်မတ် ဆီးကြိုနေသည်။ ထိုမုခ်ဝက ရွှေအစစ်ဖြင့် ပြုလုပ်ထားပြီး အမြင့်အားဖြင့် ကိုက်သုံးဆယ်ကျော်၊ အကျယ်အားဖြင့် ကိုက်ခြောက်ဆယ်ကျော် ရှိ၏။ အဖိုးတန် ကျောက်စိမ်း၊ ပုလဲများ မြှုပ်နှံထားပြီး အတော်လေး ခမ်းနားလှသည်။

ပါမောက္ခပါ့ရှန်ကို သားသတ်သမား ဤနေရာသို့ ခေါ်လာခဲ့စဉ်က သုံးလတိုင်တိုင် ဝင်ပေါက်ထွက်ပေါက် ပိတ်၍ လိုလန်ရွှေနန်းတော်မှ လူငယ်ပါရမီရှင်များ အားလုံးနှင့် သတင်းကြား၍ အပြေးရောက်လာသော မြက်ခင်းလွင်ပြင်အနှံ့မှ အဆင့်မြင့် ပါရမီရှင်များကို အနိုင်.ယူခဲ့သည်။

ထို့အတွက်ကြောင့် မြက်ခင်းလွင်ပြင်ဒေသက ပါမောက္ခပါ့ရှန်ကို သိုင်းဧကရာဇ်ဟု ဘွဲ့နှင်း ဂုဏ်ပြုခဲ့ခြင်း ဖြစ်၏။

ထိုစဉ်က သားသတ်သမားမှာလည်း လိုလန်ရွှေနန်းတော်မှ ထိပ်သီး ပညာရှင်များ အားလုံးနှင့် တိုက်ပွဲပေါင်း တစ်ရာကျော် တိုက်ခိုက် အနိုင်ယူနိုင်ခဲ့သဖြင့် ကောင်းကင်ဧကရာဇ်၊ ထျန်းခန်၍ နာမည်ဂုဏ်သတင်း ကျော်စောခဲ့သည်။

ပါမောက္ခပါ့ရှန်က သူတို့ကို တောင်တံခါး မုခ်ဝရှေ့သို့ ခေါ်ဆောင်သွား၏။ ထိုနေရာတွင် များစွာသော မှော်ဆရာများ စောင့်ဆိုင်းနေကြသည်။ သူတို့က မြက်ခင်းလွင်ပြင်ဒေသ၏ အဆင့်မြင့် ပညာရှင်များ ဖြစ်ပြီး လိုလန်ရွှေနန်းတော်၏ ဂိုဏ်းသားများ မဟုတ်ကြသော်လည်း ဤနေရာတွင် စောင့်ကြပ်နေကြ၏။ သူတို့က မြက်ခင်းလွင်ပြင်ဒေသ၏ ထင်ရှား ကျော်ကြားသူများ ဖြစ်ပြီး သတင်းကြားသောကြောင့် အပြေးရောက်လာကြခြင်း ဖြစ်ပေလိမ့်မည်။

“နွားနွား…” ပါမောက္ခပါ့ရှန်က တစ်ချက် အော်ဟစ်လိုက်၏။

နွားသိုးစိမ်းကြီးက ဝမ်းခေါင်းသံဖြင့် တွန်ကျူးလိုက်သည်။ သူ့ခန္ဓာကိုယ်က ရုတ်ခြည်း ကြီးထွားမြင့်မားလာပြီး ကြွက်သားများ ဖုထစ်ဖောင်းကြွကာ ကြွက်သားတောင့်တင်းသည့် ခန္ဓာကိုယ်နှင့် နွားခေါင်းရှိသော မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။

ဘေးနားရှိ လူရိုင်းမှော်ဆရာများနှင့် အဆင့်မြင့် သိုင်းသမားများမှာ ကျောက်ရုပ်သဖွယ် ဖြစ်သွားကြသည်။

ပါမောက္ခပါ့ရှန်က ဂရုမစိုကဟန်ဖြင့် ပြောလိုက်၏။ “မုခ်ဦးကို တောင်ပေါ်သယ်ခဲ့…”

ချင်မူ၏ ရင်ထဲတွင် တုန်လှုပ်သွား၏။ ပါမောက္ခပါ့ရှန်၏ ရည်ရွယ်ချက်ကို သူ သိသည်။ သူတို့ မုခ်တံခါးကို တောင်အောက်၌ ပိတ်လျှင် လိုလန်ရွှေနန်းတော်အတွင်းသို့ ဝင်ရန် ခက်ခဲပေလိမ့်မည်။ မုခ်ဦးကို တောင်ပေါ်သို့ သယ်လာပြီး လိုလန်ရွှေနန်းတော်၏ ပင်မခန်းဆောင်ရှေ့တွင် ပိတ်ဆို့ခြင်းအားဖြင့် သားသတ်သမား၏ ခန္ဓာကိုယ်အောက်ပိုင်းကို ခိုးယူရန် ပိုမို လွယ်ကူမည် ဖြစ်၏။

သို့သော်လည်း ထိုသို့ ပြုမူခြင်းက လိုလန်ရွှေနန်းတော်ကို အဆုံးစွန် ထိပါးစော်ကားသည်နှင့် အတူတူပင် ဖြစ်သည်။ သူတို့အနေဖြင့် နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်ကြရပေတော့မည်။

လိုလန်ရွှေနန်းတော်၏ အတွင်းပိုင်းထိ ဝင်သွားလျှင် ထိုအဆင့်မြင့် ပညာရှင်များက တောင်ဆင်းလမ်းကို အသာပိတ်ဆို့ထားရုံဖြင့် သူတို့ ထောင်ချောက်အတွင်းမှ ကြွက်ငယ်ပမာ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဆိုပါက အခြေအနေက အတော်ဆိုးဝါးသွားမည် ဖြစ်၏။

ပါမောက္ခပါ့ရှန်က အေးစက်စက် နှာခေါင်းရှုံ့၍ ရှေ့ဆက်လျှောက်သွားပြီး ချင်မူ၏ နားထဲသို့ အသံပို့လွှတ် ပြောဆိုလိုက်သည်။ “တောင်ပေါ်ရောက်ရင် မင်းတို့ နှစ်ယောက် မုခ်ဦးတံခါး ပိတ်တာနဲ့တင် ပြီးမှာ မဟုတ်ဘူး… သူတို့က ငါကို ပြဿနာ ရှာကြမှာပဲ… အခြေအနေက ငါမှန်းထားသလို မဟုတ်တော့ဘူး…”

ချင်မူက သူ့ကို နှစ်သိမ့်လိုက်၏။ “ကျွန်တော့်ကို ခိုးနည်းသင်ပေးတဲ့သူက ထော့ကျိုးပါ၊ သူက တကယ် အစွမ်းအစကြီးပါတယ်…”

“သူ ဘယ်လိုလုပ် ထော့ကျိုး ဖြစ်သွားတာလဲ…” ပါမောက္ခပါ့ရှန်က မေးလိုက်သည်။

ချင်မူ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ အမှန်အတိုင်း ဖြေလိုက်သည်။ “ခိုးတာ မိသွားလို့ သူ့ခြေထောက် တစ်ဖက် ခုတ်ဖြတ်ခံလိုက်ရတာ ထင်တယ်…”

ပါမောက္ခပါ့ရှန်က စိတ်ဓာတ်ကျစွာ ရယ်မောလိုက်သည်။ “ထော့ကျိုးတစ်ယောက်လို့ မင်း ပြောတာ ကြားကတည်းက ခိုးတာ မိသွားလို့ ထော့ကျိုးဖြစ်သွားတယ် ဆိုတာ ငါ သိပါတယ်… အရင်တုန်းကရော မင်း ခိုးဖူးလား…”

ချင်မူ ထပ်မံ၍ တုံ့ဆိုင်းသွားပြီး ခေါင်းခါယမ်းလိုက်သည်။ “တစ်ခါမှ စမ်းမကြည့်ရသေးဘူး…”

ပါမောက္ခပါ့ရှန်၏ မျှော်လင့်ချက်များ လုံးဝ ပျက်သုဉ်းသွားပြီး သူ့အမူအရာက မျိုးစုံ ပြောင်းလဲသွား၏။ ရုတ်တရက် ချင်မူထံ မြေပုံတစ်ခု ထိုးပေး၍ ပြောလိုက်၏။ “ဒါက လိုလန်ရွှေနန်းတော်ရဲ့ မြေပုံပဲ၊ သိမ်းထားလိုက်… ဒီမြေပုံကို မင်း အသုံးမချရပါစေနဲ့လို့တော့ ငါ မျှော်လင့်တာပဲ… ငါတို့ တစ်ဆင့်ချင်း သွားကြတာပေါ့… ရွှေနန်းတော်ကို ရောက်တော့မှ မီးစင်ကြည့် ကကြမယ်… ဆရာ့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းကို ခိုးဖို့ အခွင့်အရေး ရချင်ရမှာပါ…”

လိုလန်ရွှေနန်းတော်၏ လှေကားထစ်များက အလွန်တရာ ရှည်လျားလှပြီး တောင်ထိတ်အပေါ်ထိ ရောက်၏။ ချင်မူနှင့် လင်ယွိရှို့က ပါမောက္ခပါ့ရှန်၏ နောက်မှ လိုက်၍ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလာခဲ့သည်။ လမ်းတစ်လျှောက်တွင် ရွှေရောင်တလက်လက် တောက်ပနေသော နတ်ဘုရားရုပ်တု များစွာကို တွေ့ခဲ့ရ၏။ ရုပ်တုတိုင်းက အလွန်တရာ ထူးဆန်းလှသည်။ လူနှင့် တူသော်လည်း လူမဟုတ်၊ မိစ္ဆာနှင့် တူသော်လည်း မိစ္ဆာမဟုတ်၊ နတ်ဘုရားနှင့် တူသော်လည်း နတ်ဘုရားမဟုတ်။ လူ၊ မိစ္ဆာနတ်ဆိုးနှင့် နတ်ဘုရားတို့၏ ဝိသေသလက္ခဏာများ တစ်ချိန်တည်းတွေ့ရသော်လည်း ကွဲပြားခြားနားမှုများ ရှိနေသည်။

ထိုသို့သော လမ်းမျိုးပေါ်တွင် လျှောက်ရသည်မှာ မွန်းကျပ်ဖွယ် ကောင်းလှ၏။ နွားသိုးစိမ်းကြီးနှင့် တစ်ချိန်လုံး ဆူညံဆူညံ ငြင်းခုန်တတ်သော ဟူလင်းအာပင် ငြိမ်သက်နေ၏။ ပတ်ဝန်းကျင် တစ်ခွင်လုံး၌ နွားသိုးစိမ်းကြီး၏ လေးလံပြင်းထန်သော ခြေသံများသာ ပဲ့တင်ထပ်နေသည်။

ချင်မူ နောက်ပြန်လှည့်ကြည့်သောအခါ အဆင့်မြင့် သိုင်းသမားများနှင့် မှော်ဆရာများက မျက်ဝန်းများ မီးဝင်းဝင်းတောက်လျက် သူတို့နောက်မှ စကားတစ်ခွန်းမျှ မဆိုဘဲ လိုက်လာကြသည်ကို တွေ့ရသည်။

ရှေ့တွင်တော့ ရွှေရောင် တဝင်းဝင်း လက်နေသည့် နန်းဆောင်များကို လှမ်းမြင်ရ၏။ ထိုနန်းဆောင်များ၏ အောက်တွင် ထူးဆန်းသည့် အသွင်သဏ္ဌာန်နှင့် လူများ ရပ်နေကြသည်။ အချို့က ခေါင်းတွင် ချိုများ ပေါက်နေပြီး အချို့က နောက်ကျောတွင် အတောင်ပံများ ပေါက်နေ၏။ အချို့က သားရဲဦးခေါင်းများ ရှိကြပြီး အချို့က မြွေမြီးများ ပေါက်နေကြသည်။

သို့သော်လည်း သူတို့က မှော်မိစ္ဆာမျိုးနွယ်များ မဟုတ်ကြ။ မှော်မိစ္ဆာမျိုးနွယ်များက မိစ္ဆာအငွေ့အသက် ရှိကြ၏။ ဥပမာဆိုရလျှင် ဟူလင်းအာတွင် မိစ္ဆာ အငွေ့အသက် ရှိသည်။ နွားသိုးစိမ်းကြီးမှာလည်း များစွာ မသိသာသည့်တိုင် မိစ္ဆာအငွေ့အသက် ရှိသည်သာ ဖြစ်၏။

သို့သော်လည်း ဤဗီဇပြောင်း သတ္တဝါများကတော့ မိစ္ဆာအငွေ့အသက် မရှိ။

ဟူလင်းအာနှင့် နွားသိုးစိမ်းကြီးက လူသားအသွင်ဘက်သို့ ပြောင်းလာကြခြင်း ဖြစ်ပြီး လိုလန်ရွှေနန်းတော်မှ မှော်ဆရာများက လူမဟုတ်သည့် သတ္တဝါများဘက်သို့ ပြောင်းလဲနေကြခြင်း ဖြစ်သည်။

ထာဝရငြိမ်းချမ်းရေး အင်ပါယာနှင့် မဟာတံတိုင်းအလွန်မှ စွမ်းအင်ကျင့်စဉ် သဘောတရားများက ကွဲပြားခြားနားနေ၏။ လူသားမဟုတ်သည့် အသွင်သို့ ပြောင်း၍ မိစ္ဆာနတ်ဆိုးနှင့် နတ်ဘုရားဖြစ်အောင် လေ့ကျင့်သူများက မှော်ဆရာများ ဖြစ်ကြသည်။

သို့သော်လည်း အချို့လူများကတော့ သာမန်လူများ အသွင်သာ ဖြစ်၏။ ထိုသူများက ကောင်းကင်နတ်သိုင်းဖြင့် သူတို့၏ ခန္ဓာကိုယ်ကို ထိန်းချုပ်၍ လိုသလို ပုံပြောင်းနိုင်ကြသူများ ဖြစ်ပေလိမ့်မည်။

နန်းတော်ခန်းမရှေ့တွင် လှောင်အိမ်များစွာ ရှိပြီး အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်ထားသော လူများကို ပြည့်သိပ်အောင် ထည့်သွင်း ချုပ်နှောင်ထား၏။ သူတို့က လိုလန်ရွှေနန်းတော်မှာ မှော်ဆရာများ ကျင့်စဉ် လေ့ကျင့်ရန်အတွက် အသုံးချခံပစ္စည်းများ ဖြစ်ပေလိမ့်မည်။

လင်ယွိရှို့၏ အမူအရာ အနည်းငယ် ပျက်ယွင်းသွားပြီး ဒေါသထွက်သွားသည်။ “ဒါ ငါတို့ ထာဝရငြိမ်းချမ်းရေး အင်ပါယာက လူတွေပဲ…”

ချင်မူက ခပ်အေးအေး ပြောလိုက်သည်။ “ထာဝရငြိမ်းချမ်းရေး အင်ပါယာကလည်း ငါတို့ မဟာမြို့ပျက်က လူတွေကို ဖမ်းပြီး ကျွန်တွေလို ဆက်ဆံတာပဲလေ…”

လင်ယွိရှို့ ခန္ဓာကိုယ် တစ်ချက် တုန်ခါသွားပြီး နှုတ်ဆိတ်သွားသည်။

“သခင်လေး၊ သူတို့က လူတွေတင် ကျင့်စဉ်လေ့ကျင့်ဖို့ ဖမ်းထားတာ မဟုတ်ဘူး၊ မိစ္ဆာတွေလည်း ပါတယ်…”

ဟူလင်းအာ နှုတ်သီးဖြင့် ညွှန်ပြရာဘက်သို့ ချင်မူ ကြည့်လိုက်သောအခါ လှောင်ချိုင့်အချို့၌ မှော်မိစ္ဆာများ ဖမ်းဆီးထားသည်ကို တွေ့ရ၏။

ပါမောက္ခပါ့ရှန်က ပြောလိုက်သည်။ “မှော်ဆရာဂိုဏ်းက တစ်မူထူးခြားတဲ့ ကျင့်စဉ်ကို လေ့ကျင့်ကြတာ၊ ဝိညာဉ်တွေကိုသုံး သူတို့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံ ပြောင်းလဲအောင် လေ့ကျင့်ကြတယ်… ဥပမာဆိုရရင် ငှက်ဝိညာဉ်ကို စုပ်ယူလေ့ကျင့်ပြီးတော့ အတောင်ပံတွေ ပေါက်နိုင်တယ်၊ ငှက်ခေါင်းဖြစ်အောင် ပြောင်းနိုင်တယ်… ဆိတ်ဝိညာဉ်ကို စုပ်ယူလေ့ကျင့်ပြီးတော့ ဆိတ်ခန္ဓာကိုယ် ဖြစ်အောင် ပြောင်းလဲနိုင်တယ်… ကောင်းကင်နတ်သိုင်း လေ့ကျင့်နိုင်တဲ့သူတွေကို အဆင့်မြင့် မှော်ဆရာလို့ ခေါ်တယ်၊ မကျင့်နိုင်သေးတဲ့သူကိုတော့ မှော်ဆရာလို့ပဲ ခေါ်ကြတယ်… ကောင်းကင်နတ်အသွင် အဆင့်ရောက်တဲ့သူတွေကို မှော်ဆရာဘုရင်လို့ ခေါ်တယ်… လိုလန်ရွှေနန်းတော်က မှော်ဆရာဂိုဏ်းရဲ့ အထွတ်အမြတ်နယ်မြေပဲ၊ သူတို့ရဲ့ ကျင့်စဉ်က ဥသျှောင်မှော်ဆရာ နတ်ဒေဝါကျမ်းစာလို့ ခေါ်တယ်… အတော်လေး ထူးခြားတဲ့ ကျင့်စဉ်ပဲ…”

All Chapters