လောကသခင်ခန္ဓာ
Vol. 11 Ch. 153
တောင်ထိပ်သို့ ရောက်သောအခါ ဤနေရာ၏ ခမ်းနားကြီးကျယ်ပုံကို မျက်ဝါးထင်ထင် မြင်တွေ့ရ၏။ အဆောက်အဦများနှင့် နန်းဆောင်များက ရွှေရောင် တလက်လက် တောက်ပနေပြီး ပင်မနန်းဆောင်၏ တိုင်လုံးများက လူနှစ်ဖက်စာခန့် ရှိသည်။ ရွှေသားနတ်ဘုရား ရုပ်တုများက ဤနေရာတွင် ပိုများပြီး ထိုနတ်ဘုရားရုပ်တုများ၏ အောက်တွင် လူရိုင်းများစွာ မတ်တပ်ရပ်နေကြ၏။
ရုတ်တရက် ရွှေရုပ်တု တစ်ခုက လှုပ်ရှားလာသဖြင့် ချင်မူ၏ ရင်ထဲတွင် ထိတ်ခနဲ ခုန်သွားသည်။ ယခုအခါမှ ဤရွှေရုပ်တုများက နတ်ဘုရားရုပ်တုများ မဟုတ်ဘဲ အဆင့်မြင့် မှော်ဆရာများ ဖြစ်နေကြောင်း သိလိုက်ရသည်။
လိုလန်ရွှေနန်းတော်၏ အဆင့်မြင့် မှော်ဆရာများက သူတို့၏ ခန္ဓာကိုယ်များကို ရွှေစင်ရွှေသားကဲ့သို့ ဖြစ်အောင် လေ့ကျင့်ထားကြခြင်း ဖြစ်၏။
ရွှေနန်းတော်၏ အရှေ့၊ မိုးထိုးနေသည့် မုခ်ဦးကြီးအောက်တွင် အဆင့်မြင့် မှော်ဆရာများက နတ်ဘုရားများကဲ့သို့ ရွှေရောင် တဝင်းဝင်း လက်၍ ခန့်ညားဝင့်ထည်စွာ ရပ်နေကြသည်။ ထိပ်ဆုံးမှ ဦးဆောင်သူက တောင့်တင်းသန်မာသည့် ရွှေခန္ဓာကိုယ်နှင့် ရွှေရောင်ဆံပင်များ ရှိသော အဘိုးကြီး တစ်ဦး ဖြစ်သည်။ သူက ရွှေရောင် ဝတ်စုံကို ဝတ်ဆင်၍ လက်ထဲတွင် ကျိုင်းတုတ် တစ်ချောင်းကို ကိုင်ဆောင်ထား၏။ ခေါင်းပေါ်တွင်တော့ ငှက်မွေးသရဖူကို ဆောင်းထားပြီး လိုဏ်သံပါသော အသံဖြင့် မေးလိုက်သည်။ “ဝူခန်၊ ဒီလောက် နှစ်တွေအကြာကြီး စိတ်လွတ်ကိုယ်လွတ် နေခဲ့ပြီးမှ ဘာလို့ ငါတို့ မုခ်တံခါးဝကို ကိုယ်တိုင် ဆောင်ကြဉ်းလာရတာလဲ…”
“မုခ်တံခါးဝကို ဆောင်ကြဉ်းလာတာ ဟုတ်လား၊ ကောင်းလိုက်တဲ့ စကား… နွားသိုးစိမ်း၊ တောင်တံခါး မုခ်ဦးကို ချလိုက်…”
အစိမ်းရောင် နွားသိုးကြီးက တောင်တံခါး မုခ်ဦးကို ဝုန်းခနဲ ပစ်ချလိုက်ပြီး ပါမောက္ခပါ့ရှန်က တဟားဟား ရယ်မောလိုက်သည်။ “ဥသျှောင်မှော်ဆရာ… တောင်တံခါးမုခ်ဦးကို ကျုပ် ဆောင်ကြဉ်းလာပြီ… ဒီဝါစဉ်ကြီး ရွှေညီကိုတွေ အများစုက ကျုပ်လက်အောက်မှာ ရှုံးနိမ့်ခဲ့တဲ့သူတွေပါလား… ဟိုအရင် ရက်တစ်ရာလောက် မုခ်တံခါးကို ပိတ်ခဲ့တုန်းက ကျူပ်လက်ချက်နဲ့ အတော်များများ ထိခိုက်ဒဏ်ရာရပြီး သေခဲ့ကြတယ်… အရည်အချင်း မြင့်တဲ့သူတွေနဲ့ တိုက်တဲ့အခါ ညှာလို့ မဖြစ်နိုင်တဲ့အတွက် အသေသတ်ခဲ့ရတယ်၊ အရည်အချင်း နိမ့်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့တာပေါ့လေ… အဲဒီ အရည်အချင်း နိမ့်တဲ့သူတွေက အခု ဒီမှာ ရှိနေတဲ့သူတွေ ဖြစ်လာတာပဲ…”
သူ့စကားအဆုံးတွင် တစ်တောင်လုံး ကျွက်ကျွက်စီအောင် ဆူညံသွားသည်။ လိုလန်ရွှေနန်းတော်မှ ဝါစဉ်ကြီး အဆင့်မြင့် ပညာရှင်များ အားလုံး ထိန်းမရအောင် ဒေါသထွက်သွားကြပြီး ရန်လိုသော အငွေ့အသက်များ ပြည့်နှက်လာ၏။
ပါမောက္ခပါ့ရှန်က လျှာစောင်းထက်လှပြီး သူ့စကား တစ်ခွန်းတည်းနှင့် လိုလန်ရွှေနန်းတော်မှ အဆင့်မြင့် ပညာရှင်များ အားလုံး အနာပေါ် တုတ်ကျ၍ ဆွေ့ဆွေ့ခုန်သွားကြသည်။ ထို့ပြင် တောင်တံခါးမုခ်ဝကိုလည်း တောင်ပေါ်သို့ သယ်လာသေးရာ သူတို့ အနေဖြင့် ဤနေရာမှ ပြန်ထွက်သွားနိုင်ရန် သေချာပေါက် ခဲယဉ်းပေလိမ့်မည်။
အဆင့်မြင့် မှော်ဆရာ တစ်ယောက်က တင်းမာသော မျက်နှာထားနှင့် ရှေ့ထွက်လာပြီး သတ္ထုချင်း ထိရိုက်သည့် အသံ စူးရှရှဖြင့် ရယ်သွမ်းသွေးလိုက်၏။ “ဒဏ်ရာတွေ ကျက်တာ ကြာပါပြီ… ဒီနှစ်တွေမှာ ငါတို့ရွှေနန်းတော်က အထူးတလည် အားထုတ် လေ့ကျင့်ခဲ့ကြတာ ဆိုတော့ အတိတ်က အရှက်ရခဲ့တာတွေ ပြန်လည် ချေဖျက်ဖို့ ဝူခန်နဲ့ ပညာ ဖလှယ်ချင်ပါသေးတယ်လေ….”
ပါမောက္ခပါ့ရှန်က ပြုံးလိုက်၏။ “အခွင့်အရေး ရပါလိမ့်မယ်… ဒါပေမဲ့ ဒီတစ်ခေါက်က မုခ်တံခါးပိတ်ဖို့ လာခဲ့တာ၊ မင်းတို့ကို ရိုက်သတ်ဖို့ လာတာ မဟုတ်ဘူး…”
သူက ချင်မူနှင့် လင်ယွိရှို့တို့ကို ရှေ့ခေါ်ထုတ်၍ ရွှေနန်းတော် မုခ်ဝဆီသို့ လျှောက်သွားလိုက်သည်။ တောင်တံခါးမုခ်ဦးကို မော့ကြည့်ရင်း အတိတ်ကို ပြန်သတိရသွားပြီး သက်ပြင်းချလိုက်၏။ “ဟိုးအရင်တုန်းက ငါ ဒီတောင်တံခါးမုခ်ဝ အခြေထိ ဆရာနဲ့ လိုက်လာခဲ့ပြီး လူတွေအများကြီး ရိုက်သတ်ခဲ့တာ…”
အဆင့်မြင့် မှော်ဆရာများ၏ မျက်လုံးများက နတ်ဘုရားများကဲ့သို့ အရောင်တလက်လက် တောက်ပနေရာမှ မီးပွင့်များ တဖွားဖွား လွင့်ကျလာတော့မည့်နှယ် သူတို့ကို ကြည့်လာ၏။ ပါမောက္ခပါ့ရှန်က နောက်ပြန်လှည့်ကြည့်၍ ချင်မူနှင့် လင်ယွိရှို့တို့ကို မျက်ရိပ်ပြလိုက်သည်။ “အခု ဒီတောင်တံခါးကို မင်းတို့ နှစ်ယောက်ရဲ့ လက်ထဲ ထည့်ခဲ့မယ်…”
လင်ယွိရှို့က အနည်းငယ် စိုးရိမ်မိပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “ဆရာ၊ ဒီက စည်းမျဉ်းတွေက ထာဝရငြိမ်းချမ်းရေး အင်ပါယာနဲ့ မတူဘူး ထင်တယ်နော်…”
ပါမောက္ခပါ့ရှန်က ပြုံး၍ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ “တာအိုဂိုဏ်းနဲ့ မဟာမိုးခြိမ်းသံကျောင်းတော် နန်းတွင်းကောလိပ်ကို ဝင်ပေါက်ထွက်ပေါက် လာပိတ်တာက ပညာချင်း ယှဉ်ရုံသက်သက်ပဲ၊ သူသေကိုယ်သေ မဟုတ်ဘူး… တိုက်ပွဲပြီးသွားရင် ရင်းရင်းနှီးနှီး ချိုချိုသာသာပဲ ဆက်ပြီး ပြောဆို ဆက်ဆံကြတယ်… ဒီမှာက သေတဲ့အထိ တိုက်ခိုက်ကြတာ… တစ်ဘက်လူကို အသေမသတ်ဘဲ ထားလို့တော့ ရတယ်၊ ဒါပေမဲ့ အဆင့်တူချင်း တွေ့ရင် အညှာပေးဖို့ မလွယ်တော့ အသေသတ်ရလိမ့်မယ်… အရင်တုန်းက ငါနဲ့ တွေ့တဲ့သူထဲမှာ အဆင့်တူ ပညာရှင်တွေ အများကြီးပါတယ်၊ အဲဒါကြောင့် အများကြီး သေခဲ့ကြတာ…”
လင်ယွိရှို့ ခေါင်းကျိန်းသွား၏။
ချင်မူလည်း သူ့စိတ်သူ တည်ငြိမ်အောင် ထိန်း၍ အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းလိုက်သည်။ နောက်ဆုံးတော့ မဟာမြို့ပျက်၏ စည်းမျဉ်းအတိုင်း ဖြစ်လာချေပြီ။
မဟာမြို့ပျက်တွင်လည်း ထိုသို့သော စည်းမျဉ်းသာ ဖြစ်၏။
ဥသျှောင်မှော်ဆရာက တောင်တံခါးမုခ်ဝ အခြေသို့ ဆင်းလျှောက်လာသည်။ သူ့အကြည့်က ချင်မူနှင့် လင်ယွိရှို့အပေါ် ကျရောက်သွားပြီး မနှေးလွန်း မမြန်လွန်းသော လေသံဖြင့် ပြောလိုက်၏။ “အရင် စည်းမျဉ်းအတိုင်းပဲ သူသေကိုယ်သေ တိုက်မယ်… ဒါ့အပြင် ဝူခန်ရဲ့ ဘွဲ့ကိုလည်း အသေရရ၊ အရှင်ရရ ပြန်သိမ်းယူရလိမ့်မယ်…”
ပါမောက္ခပါ့ရှန်၏ အမူအရာက အပြောင်းအလဲ မရှိဘဲ တစ်လုံးချင်း ပီပီသသ ပြောလိုက်သည်။ “သူတို့ရဲ့ ကျင့်စဉ်အဆင့်က ဓာတ်ကြီးငါးပါးအဆင့်မှာ…”
“တောင်တံခါးမုခ်ဝ ပိတ်ဆို့တဲ့ စည်းမျဉ်းတွေ ငါတို့ သိပါတယ်…”
ဥသျှောင်မှော်ဆရာ၏ မျက်နှာက မည်သည့် ခံစားချက် အမူအရာမျှ မပြဘဲ သူ၏ ကျိုင်းတုတ်ကို မြေပေါ်သို့ ဆောင့်ချလိုက်၏။ “ရွှေနန်းတော်က ဂိုဏ်းသားတပည့်တွေ နားထောင်၊ ဓာတ်ကြီးငါးပါးအဆင့်နဲ့ပဲ ယှဉ်ပြိုင်ပြီး သူသေကိုယ်သေတိုက်ရမယ်… ဓာတ်ကြီးငါးပါးအဆင့်ထက် ပိုတဲ့သူ ငါ့လက်နဲ့ သတ်မယ်…”
သူ့အသံက ကျယ်လောင်ခြင်း မရှိသော်လည်း တစ်တောင်လုံး ကြားရအောင် ပျံ့နှံ့သွား၏။
ဥသျှောင်မှော်ဆရာက စကားဆုံးသည်နှင့် ပါမောက္ခပါ့ရှန်ဘက် တစ်မုဟုတ်ချင်း လှည့်ကြည့်၍ ပြုံးပြလိုက်၏။ “ဝူခန်၊ အရင်တုန်းက တောင်တံခါးမုခ်ဝ ပိတ်ဖို့ ထျန်းခန်က မင်းကို ရွှေနန်းတော်ဆီ ခေါ်လာခဲ့တာ… ထျန်းခန်ရဲ့ ထူးချွန်တဲ့ အရည်အချင်းက အဆုံးအစမဲ့တာမလို့ ရိုသေလေးစားမှုကို ရတာ… ဒါပေမဲ့ မင်းက ထျန်းခန် မဟုတ်ဘူး…”
ပါမောက္ခပါ့ရှန်က မျက်နှာ သုန်သုန်မှုန်မှုန်နှင့် တောင်တံခါးမုခ်ဝမှ ဖြတ်လျှောက်သွားသည်။ သူ့အသံက ချင်မူနှင့် လင်ယွိရှို့တို့၏ နားထဲသို့ တိုးဝင်လာ၏။ “ဆရာတူညီလေးနဲ့ မင်းသမီး၊ စိတ်မပူပါနဲ့… သူတို့ ငါ့ကို မသတ်နိုင်သေးသမျှ မင်းတို့ကို စည်းမျဉ်းအတိုင်းပဲ တိုက်ခိုက်ကြဦးမှာပါ… ငါ သေသွားရင်တော့ မင်းတို့ နှစ်ယောက် အန္တရာယ်ကျမှာပဲ…”
လင်ယွိရှို့နှင့် ချင်မူ၏ ရင်ထဲတွင် တုန်ခါသွား၏။
သူတို့၏ ဘေးကင်းလုံခြုံရေးက ပါမောက္ခပါ့ရှန်၏ အသက်ရှင်သန်မှုအပေါ် မူတည်နေသည်။ ပါမောက္ခပါ့ရှန်သာ ဝူခန်ဘွဲ့ ပြန်အသိမ်းခံရပြီး ချင်မူနှင့် လင်ယွိရှို့တို့ အသတ်ခံလိုက်ရလျှင် သတင်းပေါက်ကြားစရာ မည်သူမျှ မရှိတော့။ ဤနည်းအားဖြင့် ပြင်ပလောကက ဤစိန်ခေါ်မှုအကြောင်း မသိတော့ဘဲ လိုလန်ရွှေနန်းတော်၏ နာမည်ဂုဏ်သတင်း ထိခိုက်စရာ ရှိတော့မည် မဟုတ်ပေ။
မြက်ခင်းလွင်ပြင်ဒေသမှ အခြား အဆင့်မြင့် ပညာရှင်များအားလုံးကလည်း လိုလန်ရွှေနန်းတော်၏ အုပ်ချုပ်မှုအောက်မှ ဖြစ်သည့်အတွက် အမိန့်တစ်ချက် ထုတ်ရုံဖြင့် ရေငုံနှုတ်ပိတ် နေကြမည်သာ ဖြစ်သည်။
ပါမောက္ခပါ့ရှန်ကိုသာ လိုလန်ရွှေနန်းတော်မှ အသက်ရှင်လျက် ပြန်ခွင့်ပေးလိုက်လျှင် သူ၏ ပါးစပ်ဖွာမှုကြောင့် မြက်ခင်းလွင်ပြင်ဒေသ တစ်ခုလုံး ဤကိစ္စကို သိရုံသာမက တစ်လောကလုံးပင် ဟိုးလေးတကြော်ကြော် ဖြစ်သွားပေလိမ့်မည်။
ပါမောက္ခပါ့ရှန်က ဤသို့သော စွမ်းရည်မျိုး သေချာပေါက် ရှိသူ ဖြစ်၏။
ထိုအချိန်ရောက်လျှင် လိုလန်ရွှေနန်းတော်၏ ဂုဏ်သိက္ခာက ကုန်းကောက်စရာ မရှိအောင် မြောင်းထဲရောက်သွားပေလိမ့်မည်။
သို့ဖြစ်၍ ပါမောက္ခပါ့ရှန် သေဆုံးခြင်း မရှိမီ လိုလန်ရွှေနန်းတော်က ချင်မူနှင့် လင်ယွိရှို့ကို အုပ်စုဖွဲ့ တိုက်ခိုက်မည် မဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းအတိုင်း တိုက်ခိုက်မည်သာ ဖြစ်သည်။
“သခင်ကြီး၊ သေအောင် ရိုက်သတ်မခံခဲ့ရစေနဲ့နော်…” အစိမ်းရောင် နွားသိုးကြီးက ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
ပါမောက္ခပါ့ရှန်မှာ ခြေချော်လဲလုမတတ် ယိမ်းထိုးသွားပြီး ဒေါသတကြီး နောက်ပြန်လှည့်ကြည့်လိုက်၏။ “ဒီက ပြန်ရင် ငါတို့ အမဲသား စားကြမယ်…”
နွားသိုးစိမ်းကြီးမှာ ကမန်းကတန်း ခေါင်းပုလိုက်သည်။
“သတ္တိကောင်းလိုက်တဲ့ ကောင်လေးနဲ့ ကောင်မလေး၊ မင်းတို့က အထွတ်အမြတ်နယ်မြေရဲ့ မုခ်ဦးတံခါးကို ပိတ်ထားတယ်ဆိုတာ သိကြရဲ့လား…”
ရုတ်တရက် ချင်မူ၏ နောက်ကျောဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ ချင်မူနှင့် လင်ယွိရှို့တို့က မတ်တတ်ထရပ်လိုက်ပြီး တောင်အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ထူးဆန်းသော အသွင်သဏ္ဌာန်နှင့် မှော်ဆရာ များစွာက တောင်တက်လမ်းကို ပိတ်ဆို့၍ တက်လာကြကြောင်း တွေ့ရ၏။
ထိုထဲမှ မှော်ဆရာတစ်ယောက်က ခြေလှမ်းကြဲများဖြင့် ရှေ့တိုးထွက်လာသည်။ သူ၏ ခန္ဓာကိုယ်က ရွှေရောင် ခပ်ဖျော့ဖျော့ လင်းလက်နေ၏။ သူ့ခေါင်းတွင် ချိုများပေါက်နေပြီး နောက်ကျောတွင် တောင်ပံတစ်စုံ ရှိကာ ပါးစပ်နေရာ၌ နှုတ်သီးချွန်ကြီး ဖြစ်နေ၏။ ဤသို့ လူမဟုတ်သည့် သတ္တဝါအဖြစ် ပြောင်းလဲအောင် ကျင့်ကြံသော ကျင့်စဉ်မျိုးက မြင်တွေ့ရခဲလှသည်။
“နောင်တော်…” ချင်မူနှင့် လင်ယွိရှို့က နှုတ်ဆက်လိုက်၏။
သို့တောင်အောင် လိုလန်ရွှေနန်းတော်မှ ထိုမှော်ဆရာက ပြန်လှန်နှုတ်ဆက်ခြင်း မပြုဘဲ ခပ်ဩဩ အသံဖြင့် ပြောလိုက်သည်။ “လောကဝတ်ဆိုတာ မင်းတို့ ထာဝရငြိမ်းချမ်းရေး အင်ပါယာက လုပ်တဲ့ ကိစ္စပဲ… ငါတို့ လိုလန်ရွှေနန်းတော်က စည်းမျဉ်းစည်းကမ်းတွေ အများကြီး မရှိဘူး… မင်းတို့ နှစ်ယောက်စလုံးကို သတ်ပြီးရင် မင်းတို့ရဲ့ ဝိညာဉ်ကို စုပ်ယူပြီး ငါ့ကောင်းကင်နတ်သိုင်း လေ့ကျင့်ရမယ်… မင်းတို့လို လူမျိုးတွေက ဟိုကျွန်တွေထက် အများကြီး စွမ်းအားမြင့်တယ်၊ မင်းတို့ရဲ့ ဝိညာဉ်တွေကလည်း နှိုင်းမရအောင် သန်မာမှာပဲ… ဒီလိုဝိညာဉ်မျိုးတွေက ငါ့ကောင်းကင်နတ်သိုင်း ကျင့်ဖို့အတွက် အကောင်းဆုံးပဲ…”
ချင်မူ၏ မျက်ဝန်းများ လှုပ်ခတ်သွား၏။ “မိန်းကလေးယွိရှို့၊ သူတို့ရဲ့ ကျင့်စဉ်သိုင်းကွက်တွေကို ငါ အရင် ထွက်စမ်းသပ်လိုက်မယ်…”
လင်ယွိရှို့ ခေါင်းညိတ်လိုက်သည်။ ဤခရီးစဉ်တွင် သူမ၏ စွမ်းရည်များ လျင်မြန်စွာ တိုးတက်လာခဲ့သော်လည်း ချင်မူနှင့် သူမကြား ကွာဟချက် ရှိနေဆဲပင် ဖြစ်၏။ မှော်ဆရာများ၏ အဝင်အထွက် တိုက်ခိုက်ပုံ နည်းလမ်းကို မသိဘဲ တိုက်ခိုက်ရလျှင် တစ်ပန်းရှုံးပေလိမ့်မည်။
ချင်မူက လေပူတစ်ချက် မှုတ်ထုတ်၍ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “နွားသိုးစိမ်းကြီး၊ ငါ့အိတ် ယူလာခဲ့…”
နွားသိုးစိမ်းကြီးက ရှေ့သို့ ထွက်လာပြီး သူ့ကျောပေါ်မှ အိတ်ကို ချပေးလိုက်သည်။ ချင်မူက ဝက်ခုတ်ဓားမနှစ်လက် ထည့်ထားသော ဓားအိမ်နှစ်ခုကို နောက်ကျောတွင် ကြက်ခြေခတ်လွယ်လိုက်၏။ ထို့နောက် ဓားပျံများ ထည့်ထားသော ဓားအိတ်ကို ၎င်းတို့၏ နောက်၌ သိုင်းလွယ်လိုက်သည်။ ပြီးနောက် သံတူကြီးကို ချိတ်ဆွဲ၊ ဝါးတောင်ဝှေးကို ထိုးထည့်၍ အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ခါးတွင် ချိတ်လိုက်၏။
အစိမ်းရောင် နွားသိုးကြီးက လူသတ်လိုသော အငွေ့အသက်များ စိမ့်ဖြာ၍ မေးလိုက်သည်။ “မင်းက အရင်တုန်းက နွားကျောင်းခဲ့တာလို့ ကြားတယ်… ငါ့ကိုတောင် မနိုင်ဘဲနဲ့ သူတို့ကို အနိုင်ယူနိုင်ပါ့မလား…”
ချင်မူက ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်အောင် အညောင်းဆန့်လိုက်ပြီး ခပ်အေးအေး ပြောလိုက်၏။ “ငါက လောကသခင်ခန္ဓာ ပိုင်ရှင်…”
နွားသိုးစိမ်းကြီးက အော်ဟစ်လိုက်သည်။ “ငါ့သခင်ကြီးက ဒီရွှေနန်းတော်မှာ တစ်ခါမှ အရှုံးမရှိခဲ့ဘူး…”
ချင်မူ၏ အမူအရာက အပြောင်းအလဲ မရှိချေ။ “ငါက မွေးရာပါ လောကခင်ခန္ဓာ… တစ်လောကလုံးမှာ ငါ့ကို အဆင့်တူချင်း ယှဉ်နိုင်တဲ့သူ မရှိဘူး…”
ငှက်တောင်ပံနှင့် မှော်ဆရာက ရွှေသားကျည်ပွေ့ကြီး နှစ်ခုကို ထုတ်ယူ၍ မျက်လုံးများ အရောင်တဖျတ်ဖျတ် လက်လာပြီး ရယ်မောလိုက်သည်။ “ဘယ်က ပေါက်ကရ လောကသခင်ခန္ဓာလဲ၊ တစ်ခါမှ မကြားဖူးဘူး…”
ချင်မူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို လှည့်ပတ်၍ သူ၏ ချီစွမ်းအင်ကို ပြင်းထန်သော အရှိန်အဟုန်ဖြင့် လည်ပတ်စေရာ မျက်စိတစ်မှိတ်အတွင်း တစ်ကိုယ်လုံးသို့ ပျံနှံ့သွားသည်။
“ငါက… လောကသခင်ခန္ဓာ…”
သူ့ခြေထောက်ကို ပင့်မြှောက်လိုက်၏။ ရွှေသားကြမ်းပြင်မှာ နက်ရှိုင်းသော ခြေရာကြီး တစ်ခု ထင်ကျန်ခဲ့သည်။ ဘုန်း…။ သူ့တစ်ကိုယ်လုံးက ငှက်တောင်ပံနှင့် မှော်ဆရာထံ တစ်ဟုန်ထိုး တိုးဝင်သွား၏။ မြန်ဆန်လွန်းလှသဖြင့် ဘေးမှ ကြည့်နေသူများမှာ အရိပ်မျှသာ မြင်လိုက်ရသည်။
“ပြိုင်ဘက်ကင်း လောကသခင်ခန္ဓာ…”
ငှက်တောင်ပံနှင့် မှော်ဆရာမှာ အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားပြီး သူ့တောင်ပံများကို အလျင်အမြန် ခတ်လိုက်၏။ သို့သော်လည်း ကောင်းကင်ယံသို့ ထိုးတက်နိုင်ခြင်း မရှိမီမှာပင် ချင်မူ၏ လက်သီးချက်က သူထံ တိုးဝင်လာသည်ကို မြင်လိုက်ရသည်။ နဂါးတွန်သံများ ကြားလိုက်ရပြီး လက်သီးချက်အစား အားမာန်ပြင်းသည့် နဂါးခေါင်း တစ်ခုကို မြင်လိုက်ရသဖြင့် သူ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။
နောက်တစ်ခဏ၌ နဂါးခေါင်း နှစ်လုံးကို မြင်လိုက်ရသည်။ ထို့နောက် သုံးလုံး၊ လေးလုံး…။
အတောင်ပံများကို တဖျတ်ဖျတ် ခတ်၍ ရှောင်ရှားလိုသော်လည်း နောက်ကျသွားချေပြီ။ ရွှေသားကျည်ပွေ့များကိုသာ ရင်ဝရှေ့၌ ကန့်လန့်ဖြတ် ကာဆီးလိုက်ရ၏။
ထိုရွှေသားကျည်ပွေ့ နှစ်ခုမှာ ရုတ်တရက် ကွေးကောက်သွားသည်။ ချင်မူ၏ လက်သီးချက်မှ အားလှိုင်းက ထိုဝိညာဉ်လက်နက် နှစ်ခုကို ရွှံ့မှ လုပ်ထားသည့်ပမာ ပြားချပ်သွားအောင် ရိုက်ချပစ်၏။
ဝှီး…။
ထိုငှက်တောင်ပံနှင့် မှော်ဆရာမှာ ကောင်းကင်ယံသို့ မြောက်တက်သွားပြီး ဘုန်းခနဲ ပေါက်ကွဲကာ သွေးစက်မှုန်များ ဖြစ်သွားသည်။ ထိုသွေးစက်မှုန်များမှ နဂါးတွန်သံများ ထွက်ပေါ်လာပြီး အားမာန်ပြင်းထန်သည့် နဂါးရိုင်း လေးဆယ့်ငါးကောင်အဖြစ်သို့ ပြောင်းလဲသွား၏။ ထိုငှက်တောင်ပံနှင့် မှော်ဆရာကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် လုပ်ပစ်သည်မှာ ချင်မူ၏ လက်သီးချက် မဟုတ်ဘဲ ဤသွေးနဂါး လေးဆယ့်ငါးကောင် ဖြစ်သကဲ့သို့ ထင်ရသည်။
ထိုအခိုက်၌ တောင်တံခါးရှေ့မှ ရွှေသားစင်မြင့်ပေါ်မှ ချင်မူ၏ အားအဟုန် ပြင်းထန်သော လှုပ်ရှားမှုများ ရုတ်တရက် ငြိမ်ကျသွားသည်။ ရုန်းကြွ လှုပ်ရှားလာသော ချီစွမ်းအင်များလည်း ရုတ်ခြည်း ငြိမ်သက်သွားပြီး သူ့မျက်နှာက အေးငြိမ်းသော အသွင်သို့ ပြောင်းလဲသွား၏။
“နွားသိုးစိမ်းကြီး၊ မင့်သခင်ကြီးက လိုလန်ရွှေနန်းတော်ကို အနိုင်ယူဖို့ ရက်တစ်ရာတိတိ အချိန်ယူခဲ့ရတယ်…”
ချင်မူက ရွှေသားစင်မြင့်အောက်ရှိ မှော်ဆရာများကို အေးစက်စက် ဝေ့ကြည့်လိုက်၏။ “ငါ့အတွက် တစ်ရက်ပဲ လိုတယ်…”
သူက မုခ်ဦးအောက်တွင် ရပ်လိုက်ပြီး သူ့အသံက မိုးခြိမ်းသံကဲ့သို့ လိုလန်ရွှေနန်းတော် တစ်ခုလုံး ပျံ့နှံ့သွားသည်။ “လိုလန်ရွှေနန်းတော်က ဂိုဏ်းသားတပည့်တွေ အားလုံးရဲ့ စိတ်ဝိညာဉ်ကို အပိုင်းပိုင်း အစစ ဖျက်ဆီးပစ်ဖို့၊ သူတို့ရဲ့ မာနကို ချိုးဖျက်ဖို့၊ သူတို့ရဲ့ ဂုဏ်သိက္ခာကို နင်းချေဖို့ ငါ့အတွက် တစ်ရက်ပဲ လိုတယ်…”
“စော်ကားလှချည်လား…”
မှော်ဆရာ တစ်ယောက်က ဒေါသအိုးပေါက်ကွဲပြီး ချင်မူ့ထံ တစ်ဟုန်ထိုး ပြေးဝင်လာသည်။ ထိုသို့ ပြေးလာရင်းနှင့် သူ့ခန္ဓာကိုယ်က အသွင်ပြောင်းလဲသွား၏။ ဦးရေပြားနှင့် အရေခွံများ အရပ်မျက်နှာအနှံ့ ပြန့်ကြဲ လွင့်ထွက်သွားပြီး ဆင်ဦးခေါင်းတစ်ခု ပေါ်ထွက်လာသည်။ သူခန္ဓာကိုယ်က မြင့်မားကြီးထွား၍ ကြွက်သားများ အမြှောင်းအမြှောင်း ထလာပြီး ဝတ်ဆင်ထားသော အင်္ကျီမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ ခြေထောက်များကလည်း ဆင်ခြေထောက်ကဲ့သို့ တုတ်ခိုင်ကြီးမာလာ၏။
သူ၏ ဆင်ဦးခေါင်းနှင့် လူခန္ဓာကိုယ်မှ ရွှေရောင် အလင်းတန်းများ ဖြာထွက်နေပြီး အဆုံးမဲ့ စွမ်းအားများ ပိုင်ဆိုင်သည့် နတ်ဘုရားတစ်ပါး ရှင်သန် ထမြောက်လာသည့်အလား ထင်မှတ်မှားရသည်။
သူ၏ ကျင့်စဉ်စွမ်းအင်နှင့် အစွမ်းအစက ငှက်တောင်ပံနှင့် မှော်ဆရာထက် များစွာ သာလွန်ကြောင်း ထင်ရှားသည်။ ထိုငှက်တောင်ပံနှင့် မှော်ဆရာ၏ ခန္ဓာကိုယ်က ရွှေရောင် မပြောင်းသေးသော်လည်း ဤမှော်ဆရာ၏ ခန္ဓာကိုယ်က ရွှေသားစစ်စစ်ဖြင့် သွန်းလုပ်ထားသကဲ့သို့ ထင်ရ၏။
ဘုန်း…။
ဆေးကျိုအိုးကြီး တစ်လုံးကဲ့သို့ ကြီးမားသော လက်သီးကြီးက ချင်မူထံ ထိုးချလာပြီး လေထုကို ထိုးခွင်းလာသည့် အသံက မိုးခြိမ်းသံများကဲ့သို့ ပေါက်ကွဲ ထွက်ပေါ်လာသည်။ အဖြူရောင် အခိုးအငွေ့များက အကွင်းလိုက် အကွင်းလိုက် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွား၏။
လေအဟုန်ကြောင့် ချင်မူ၏ နောက်မှ ဟူလင်းအာ၏ နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသော အမွေးအမှင်များ တလူလူ လွင့်သွားသကဲ့သို့ လင်ယွိရှို့၏ လှပသော ဆံနွယ်များလည်း တလွန့်လွန့် လှုပ်ခါသွားသည်။
“သေပေတော့…” ဆင်ခေါင်းနှင့် မှော်ဆရာက ကြုံးဝါးလိုက်သည်။
ချင်မူက လေထဲသို့ ခုန်တက်၍ အရှိန်အဟုန် ပြင်းပြင်းနှင့် ဘေးဘက်မှ တိုးဝင်လာသော လက်သီးချက်ကို ရှောင်ရှားလိုက်၏။ သူ၏ ဓားမနှစ်လက်ကို လက်ထဲတွင် စွဲကိုင်၍ ဆင်ခေါင်းနှင့် မှော်ဆရာထံသို့ မျက်နှာချင်းဆိုင် တိုးဝင်သွားပြီး ဓားရောင်များ လင်းလက်သွားသည်။
တားမြစ်နယ်မြေမှ ဓားမကို ပင့်မြှောက်ခြင်း…။
ချင်မူက ကောင်းကင်ယံသို့ ခုန်တက်၍ နောက်ကျွမ်းပစ်ပြီး ပြန်ဆင်းလာ၏။ သူ့ခြေထောက်များ မြေပေါ် ပြန်ကျသောအခါ ဓားမနှစ်လက်စလုံးကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။ ထိုအခိုက်၌ ဆင်ခေါင်းနှင့် မှော်ဆရာ၏ ခန္ဓာကိုယ်ကြီးက နှစ်ခြမ်းကွဲထွက်၍ လိမ့်ဆင်းသွားပြီး ရွှေလှေကားထစ်များ ရဲရဲနီသွားသည်။
မှော်ဆရာ တစ်ယောက်၏ မျက်လုံးများက ဒေါသရောင်များ ရဲရဲတောက်၍ ရုတ်တရက် အနက်ရောင် အလံတစ်ခုကို ဆွဲထုတ်ကာ အော်ဟစ်ကြုံးဝါးရင်း ချင်မူ့ထံ ပြေးဝင်လာ၏။ “မင့်ဝိညာဉ်ကို ငါကိုယ်တိုင် ဖျက်ဆီးပစ်မယ်၊ သေပေတော့…”
ချင်မူက ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာကို အသုံးပြု၍ သူ၏ ယင်ဝိညာဉ်နှင့် ယန်ဝိညာဉ်များကို ထိုးပိတ်လိုက်သည်။ ထို့နောက် သူ့လက်ကို မြှောက်၍ လက်ညှိုးတစ်ချောင်း ညွှန်လိုက်သောအခါ နောက်ကျောတွင် သိုင်းလွယ်ထားသည့် ဓားအိတ်မှ ဓားတစ်ချောင်း ပျံဝဲ ထွက်ပေါ်လာပြီး ထိုမှော်ဆရာ၏ မျက်ခုံးနှစ်ခု အလယ်တည့်တည့်သို့ ရွှီးခနဲ ထိုးစိုက်သွား၏။
ချင်မူ၏ လက်ချောင်းကို အထက်သို့ တောက်ထုတ်သည့်အသွင် ပြုလိုက်ရာ ထိုဓားပျံက သူ့ထံသို့ ပျံဝဲ ရောက်ရှိလာပြီး ဓားအိတ်ထဲ သွေးစက်တန်းလန်းနှင့် ပြန်ဝင်သွားသည်။