စိတ်ဓာတ်ရေးရာဖျက်ဆီးခြင်း
Vol. 11 Ch. 154
“သတ်…”
ကျားသစ်ခေါင်းနှင့် ကျားသစ်အမြီး ရှိသော အမျိုးသမီး မှော်ဆရာ တစ်ဦးက ကြေးမုံမှန် တစ်ချပ်ကို မြှောက်၍ ချင်မူ့ဘက်သို့ လှည့်လိုက်ရာ ထိုမှန်ထဲမှ မကောင်းဆိုးဝါး ဝိညာဉ်များ ပေါ်ထွက်လာသည်။
ဒင်…။
ဓားပျံတစ်လက်က ကြေးမုံမှန်၏ ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာပြီး ထိုးစိုက်လိုက်၏။ သို့သော်လည်း ထိုကြေးမုံမှန်၏ မျက်နှာပြင်က အလွန်တရာ မာကျောလှသဖြင့် ထိုဓားပျံကို ခုခံကာကွယ်လိုက်နိုင်သည်။ သို့သော်လည်း နောက်တစ်ခဏ၌ ထိုဓားပျံက တဝီဝီ လည်ပတ်၍ လွန်သွားဓားချက်အဖြစ် ပြောင်းလဲသွားပြီး ကြေးမုံမှန်ပြင်ကို ထွင်းဖောက်သွား၏။ ဓားရောင်က ကြေးမုံမှန်ကို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားစေပြီး အမျိုးသမီး မှော်ဆရာ၏ ရင်အုံကို ထိုးစိုက် ဖောက်ဝင်သွားသည်။
“မှော်ဆရာအဆိပ်က ဘာများ ကြောက်ဖို့ ကောင်းလို့လဲ…”
ချင်မူ၏ အဝတ်အစားများက လေထဲတွင် တဖျတ်ဖျတ် လူးလွန့်နေပြီး သူ့လက်ကို မြှောက်၍ ဓားပျံကို ပြန်သိမ်းယူလိုက်သည်။ အခြား မှော်ဆရာ တစ်ယောက်က ကျားတစ်ကောင်၏ အမွေးအမှင်များ၊ ခြေသည်းလက်သည်းများနှင့် အမြီးပေါက်လာပြီး ခုန်အုပ်လိုက်၏။ ချင်မူ့ကို ဓားထုတ်ချိန် မရအောင် အရှိန်အဟုန်ဖြင့် ခုန်အုပ်လိုက်သဖြင့် လေပွေများ တဟူးဟူး ထသွားသည်။
ချင်မူက ဘေးဘက်သို့ လက်သီးတစ်ချက် ထိုးထည့်လိုက်ပြီး သူတို့ နှစ်ဦး၏ ခန္ဓာကိုယ်များ ဆန်းကြယ်စွာ လှုပ်ရှားသွားကာ ပေါက်ကွဲသံများ တဝုန်းဝုန်း ထွက်ပေါ်လာသည်။ ထိုမှော်ဆရာက ခေါင်းတစ်ချက် ခါလိုက်ပြီး ကျားခေါင်းအသွင် ပြောင်းကာ တဝေါင်းဝေါင်း အဆက်မပြတ် ဟိန်းဟောက်၍ ချင်မူ၏ ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်များကို တိုက်ခိုက်လိုက်သည်။
ချင်မူက သူ၏ လက်သီးဆုပ်ကို လက်ဟန်မုဒြာတစ်ခု ပြုလုပ်၍ ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည် သိုင်းကွက်ကို ထုတ်ဖော်လိုက်၏။ ထို့နောက် လက်ငါးချောင်းကို ဖြန့်ကားပြီး ကောင်းကင်နတ်ဆိုး လွတ်မြောက်မုဒြာကို အသုံးပြုလိုက်သည်။ သူ၏ လက်များက လက်သီးဆုပ်လိုက်၊ လက်ဝါးဖြန့်လိုက် အဆက်မပြတ် ပြောင်းလဲ၍ ဗုဒ္ဓလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ် သိုင်းကွက် နှစ်မျိုးကို တစ်လှည့်စီ အသုံးပြုနေ၏။ မှော်ဆရာ၏ ကျားဟိန်းသံက သုံးကြိမ်သုံးခါသာ အသံထွက်လိုက်နိုင်ပြီး သူ၏ ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်များ တစ်စစီ ပြိုကွဲ၍ မြေပေါ်သို့ ပုံလဲသွားသည်။
နောက်ထပ် အရပ်ခြောက်မျက်နှာအဆင့် မှော်ဆရာ တစ်ယောက် ရုတ်တရက် ခုန်ထွက်လာပြန်သည်။ သူ၏ ကျင့်စဉ်စွမ်းအင်က ရှေ့လူများထက် သာလွန်၏။ သာမန်လူသားတစ်ယောက် အသွင်ကို မပျက်ယွင်းစေဘဲ သူ၏ ကောင်းကင်နတ်သိုင်းများကို စိတ်ကြိုက် အသုံးပြုနိုင်သည်။
အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကို ပိတ်ဆို့ထားသော်လည်း သူ၏ ကျင့်စဉ်ကို လှည့်ပတ်ထုတ်ဖော်လိုက်သည်နှင့် တိုင်လုံးတမျှ ကြီးမားသော ရွှေတင်းပုတ်ကြီးကို ကိုင်ဆောင်ထားသည့် ကြမ်းတိုင်းရိုင်းစိုင်းသော မျောက်ဝံကြီး တစ်ကောင်အဖြစ် တစ်မုဟုတ်ချင်း ပြောင်းလဲသွား၏။ ထိုမျောက်ဝံကြီးက စစ်သည်တစ်ထောင် အင်အားရှိသည့် တပ်ဖွဲ့တစ်ဖွဲ့ကို တစ်ချက်တည်းနှင့် သိမ်းကြုံးရိုက်ထုတ်နိုင်သော အဆုံးအစမဲ့ ခွန်အား ရှိရုံသာမက အလွန်တရာ သွက်လက်လျင်မြန်သေးသည်။
ချင်မူက ဝါးတောင်ဝှေးကို ဆွဲထုတ်ပြီး ရွှေတင်းပုတ်ကြီးကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။ သူတို့ နှစ်ယောက် လျှပ်ပြက်သကဲ့ တဝုန်းဝုန်း ရင်ဆိုင်တွေ့သွားပြီး ရုတ်တရက် ရွှေတင်းပုတ်ကြီး၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ ထိုမှော်ဆရာမှာ ရင်ဘတ်ကို ဝါးတောင်ဝှေးဖြင့် အထောက်ခံလိုက်ရပြီး အံ့အားသင့်သည့် အမူအရာ ပေါ်ထွက်လာ၏။
သို့သော်လည်း သူက အရပ်ခြောက်မျက်နှာအဆင့် ရှိသော အဆင့်မြင့်မှော်ဆရာ ဖြစ်သည်။ သာမန် မှော်ဆရာမျှ မဟုတ်။ တစ်မုဟုတ်ချင်း အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကို ပြန်ဖွင့်လိုက်၏။ သို့သော်လည်း သူ၏ ကောင်းကင်ရတနာ ပွင့်လျှင်ပွင့်ချင်းတွင်ပင် သူ့နှလုံးသားကို ဝါးတောင်ဝှေးက ထိုးစိုက်သွားပြီး မြေပေါ်သို့ ပုံလဲကျသွား၏။
ချင်မူက ဝါးတောင်ဝှေးကို ပြန်ဆွဲနုတ်လိုက်သည်။ အရပ်ခြောက်မျက်နှာအဆင့်၊ အဆင့်မြင့်မှော်ဆရာများကို ထာဝရငြိမ်းချမ်းရေး အင်ပါယာတွင် ကောင်းကင်နတ်သိုင်း ပညာရှင်များဟု ခေါ်ကြသည်။ သို့သော်လည်း အမည်ခေါ်တွင်ပုံသာ ကွာခြားပြီး များစွာ ခြားနားလှခြင်း မရှိ။
ဤကောင်းကင်နတ်သိုင်း ပညာရှင်သာ သူ၏ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကို ပိတ်မထားလျှင် ချင်မူ့အတွက် သူ့ကို သတ်နိုင်ရန် လွယ်ကူမည် မဟုတ်ပေ။ သို့သော်လည်း အဆင့်တူ အတွင်းသာ ရှိနေလျှင် အရပ်ခြောက်မျက်နှာအဆင့် ဖြစ်စေ၊ ခုနစ်စဉ်ကြယ်အဆင့် ဖြစ်စေ ထိုသူကို ထိုသူကို သူ သတ်နိုင်၏။
ဒုန်း…။
ရွှေရောင်လူသန်ကြီး တစ်ဦးက စင်မြင့်ပေါ်သို့ ခုန်တက်လာပြီး သိမ့်သိမ့်တုန်သွားသည်။ သူ့နောက်ကျောတွင် လူ့အရပ်တစ်ဆခွဲခန့် ရှိသော ဓားမထည့်သည့် ဓားအိမ်ကြီးကို သိုင်းလွယ်ထား၏။ ရုတ်တရက် ဟိန်းဟောက်မာန်သွင်းသံ ထွက်ပေါ်လာပြီး သူ၏ ဓားအိမ်ထဲမှ ဓားမရောင်များ တဖျတ်ဖျတ် လက်ကာ ကောင်းကင်တစ်ခွင်လုံး ဓားရိပ်များ ပြည့်နှက်၍ ချင်မူ့အပေါ် အုပ်မိုး နိမ့်ဆင်းလာသည်။
တစ်ချိန်တည်းတွင် ထိုရွှေရောင်လူသန်ကြီး၏ လက်နှစ်ဖက်စလုံး၌ ဓားမများ ကိုင်၍ ချင်မူ့ကို ဝှေ့ယမ်းခုတ်ထစ်လိုက်၏။ ဓားမနှစ်လက်က တစ်ခါတစ်ရံတွင် ရှေ့သို့ ဦးတည်သွားလိုက်၊ တစ်ခါတစ်ရံတွင် နောက်ဘက်သို့ ဦးတည်သွားလိုက်နှင့် ချင်မူ၏ ဘေးပတ်လည်တွင် မြွေကြီးနှစ်ကောင် ရစ်ပတ်ဖျစ်ညှစ်နေသည့်နှယ် လူးလာလွန်းထိုးနေသည်။
ချင်မူက လက်တစ်ဖက်တွင် ဝက်ခုတ်ဓားမ တစ်လက်ကို ပုံမှန်အတိုင်း ကိုင်၍ အခြား လက်တစ်ဖက်တွင် နောက်ဝက်ခုတ်ဓားမ တစ်လက်ကို နောက်ပြန်ကိုင်ထားပြီး သူ့နောက်ကျောရှိ ဓားအိတ်ထဲမှ ဓားပျံများ ပျံဝဲ ထွက်ပေါ်လာကာ ကောင်းကင်ယံမှ နိမ့်ဆင်းလာသော ဓားမရိပ်များကို ရင်ဆိုင်လိုက်၏။
တိမ်တိုက် အားလုံးတွင် ငွေရောင်အနားသတ် ရှိသည်။
လူနှစ်ယောက်၊ ထွားထွားကျိုင်းကျိုင်း တစ်ယောက်နှင့် သေးသေးငယ် တစ်ယောက်…။ ရွှေရောင်လူသန်ကြီး၏ ခန္ဓာကိုယ်က ချင်မူ့ထက် လူအရပ်တစ်ဝက်မျှ ပိုရှည်၏။ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့သွားကြပြီး အလျားလိုက်တစ်ချက်၊ ဒေါင်လိုက်တစ်ချက် ဓားမရောင် နှစ်ချက် လက်သွားသည်။ အလျားလိုက် ဓားချက်က တိုးဝင်လာသော တောင်မကြီးကို ပိတ်ဆို့တားဆီး၍ ဒေါင်လိုက်လိုက်ဓားချက်က ထိုတောင်မကြီးကို နှစ်ခြမ်းခွဲသည့် ဓားမ ဖြစ်သည်။ ဘီလူးကြီးတစ်ကောင်က သူ၏ ဓားမများကို လွှဲယမ်း၍ တောင်နံရံကို ခုတ်ထွင် လမ်းဖောက်သကဲ့သို့ သွေးနီရောင် ဓားရိပ်များ ကောင်းကင့်သို့ ထိုးတက်လာ၏။ ရွှေရောင်လူသန်ကြီး၏ ခန္ဓာကိုယ်က ထိုအလျားလိုက်နှင့် ဒေါင်လိုက် ဓားရောင်များ၏ လက်ချက်ဖြင့် လေးခြမ်းကွဲပြီး သေဆုံးသွားသည်။
ချင်မူ သူ့ဓားမကို တစ်ချက် ခါထုတ်၍ ဓားသွားပေါ်မှ သွေးစက်များကို သန့်ရှင်းလိုက်၏။ ထို့နောက် ဓားမနှစ်လက်လုံးကို နောက်ပြန်ကိုင်၍ ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။ ရုတ်တရက် သူ့လက်ကို မြှောက်၍ လက်ညှိုးညွှန်လိုက်ရာ ဓားပျံတစ်ချောင်း ပြေးထွက်လာပြီး မြားဖြင့် ချောင်းပစ်ရန် ကြံစည်နေသော မှော်ဆရာ၏ မျက်ခုံးနှစ်ခု အလယ်တည့်တည့်သို့ စိုက်ဝင်သွား၏။
“ဒီကောင့်ကို သတ်ပြီး ငါတို့ ညီကိုတွေအတွက် လက်စားချေကြ…”
မှော်ဆရာများက အဆက်မပြတ် ခုန်ဝင် တိုက်ခိုက်ကြသည်။ ချင်မူက သူတို့ကို ရှောင်ရှား၍ ကိုယ်တစ်ပတ်လှည့် ကန်ချ၏။ ဓားမ၊ ဓားရှည်၊ လက်သီး၊ ခြေထောက် အမျိုးစုံ သုံး၍ တက်လာသမျှ မှော်ဆရာများကို သတ်ဖြတ်ပစ်၏။
တစ်ခဏမျှ ကြာသောအခါ ပတ်ဝန်းကျင် တစ်ခုလုံး အပ်ကျသံ ကြားရအောင် တိတ်ကျသွားသည်။ လိုလန်ရွှေနန်းတော်၏ တောင်တံခါးရှေ့ ရွှေလှေကားထစ်များပေါ်တွင် လူသေအလောင်း လေးဆယ်ကျော်ခန့် ပြန့်ကြဲနေသည်။
ချင်မူက စင်မြင့်အောက်သို့ ငုံ့ကြည့်လိုက်၏။ စင်မြင့်အောက်တွင်တော့ ထိတ်လန့်တုန်လှုပ်နေသည့် မျက်နှာများ၊ ကြောက်ရွံ့နေသည့် မျက်ဝန်းများကိုသာ တွေ့ရ၏။ သူနှင့် အကြည့်ချင်း ဆုံသောအခါ ရင်ဆိုင် မကြည့်ဝံ့ဘဲ အကြည့်လွှဲသွားကြသည်။
ဤမှော်ဆရာများက စိတ်ဓာတ်ခိုင်မာသူများ ဖြစ်သော်လည်း ချင်မူက အယောက်လေးဆယ်ကျော် ဆက်တိုက် သတ်ဖြတ်ပြီးသည့်နောက်တွင် သူတို့၏ စိတ်ဓာတ်၊ စိတ်အားများက ပျော့ညံ့သွားရ၏။ စိတ်အား ပျော့ညံ့လာသည်နှင့် အကြောက်တရားက ကြီးထွားလာပြီး တစ်ဖက်လူကို အနိုင်မယူနိုင်ဟူသော အသိက သူတို့ရင်ထဲတွင် ချင်မူ့အပေါ် လေးစားကြောက်ရွံ့စိတ်များ တိုးပွားလာစေသည်။
ချင်မူ လမ်းတစ်လျှောက် မြင်တွေ့ခဲ့ရသည့် မြင်ကွင်းများကြောင့် လိုလန်ရွှေနန်းတော်အပေါ် မကျေနပ်စိတ်များ တရိပ်ရိပ် တိုးပွားလာခဲ့သည်။ တပ်မှူးထို့လီမူက ပုန်ကန်သူများ၏ ဝိညာဉ်ကို သိမ်းဆည်း၍ လိုလန်ရွှေနန်းတော်သို့ ဆက်သရန် အမိန့်ပေးခဲ့စဉ်က သူ ဇဝေဇဝါ ဖြစ်ခဲ့ရသေးသည်။ ယခုမှ လိုလန်ရွှေနန်းတော်က ဝိညဉ်များကို အသုံးပြု၍ ကျင့်စဉ်ကျင့်ကြံခြင်း ဖြစ်ကြောင်း သဘောပေါက်ခဲ့ရသည်။
ဤတစ်ကြိမ် သူ လာခဲ့သည်က သားသတ်သမား၏ ခန္ဓာကိုယ်အောက်ပိုင်းကို ပြန်ယူရန် ဖြစ်သည်။ တောင်တံခါးမုခ်ဝကို ပိတ်ဆို့ရန် မဟုတ်။ သူတို့ကြားမှ ရန်ငြှိုးရန်စကို အစဆွဲထုတ်ထားပြီး ဖြစ်၍ ဤဂိုဏ်း၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ရမည်၊ သူတို့၏ ယုံကြည်မှုကို အစိတ်စိတ်အမြွှာမြွှာ ချေမွပစ်ရမည်၊ သူတို့၏ ကျင့်စဉ်ပညာရပ်များကို နင်းချေပစ်ရမည်။ လူသားဝိညာဉ်များကို အသုံးပြု၍ လေ့ကျင့်သော သူတို့၏ ကောင်းကင်နတ်သိုင်းများက အလကားသာ ဖြစ်ကြောင်း သိစေရမည်။
“မင်းတို့ထဲက ဘယ်သူ ဥသျှောင်မှော်ဆရာ နတ်ဒေဝါကျင့်စဉ်ကို လေ့ကျင့်ထားလဲ…”
ချင်မူက အေးစက်စက် အမူအရာဖြင့် လှည့်ပတ်ကြည့်ရှုလိုက်၏။ သူနှုတ်ခမ်းက ပြုံးယောင်ယောင် တွန့်ကွေးသွားသည်။ “ထွက်ခဲ့… တစ်ယောက်လောက်တော့ ငါ သတ်ချင်သေးတယ်…”
တောင်တံခါးမုခ်ဝ ရှေ့ဘက်တစ်ခြမ်းလုံး တိတ်ကျသွားသည်။
တောင်တံခါးမုခ်ဝ အနောက်ဘက်တွင်တော့ ရွှေရောင် အဆင့်မြင့်မှော်ဆရာများ၏ မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာ၏။ တစ်ခဏကြာသောအခါ လူငယ်တစ်ယောက် ရှေ့သို့ လှမ်းထွက်လာပြီး သက်လတ်ပိုင်းအရွယ် မှော်ဆရာတစ်ယောက်က အသံဩဩဖြင့် ပြောလိုက်သည်။ “စစ်မူလော်၊ သူ့ရဲ့ အားနည်းချက်က ဘယ်ဘက်လက်ပြင်ရိုး ဒုတိယအပိုင်းမှာ… သူ့ကျင့်စဉ်ကို အဲဒီနေရာရောက်အောင် လေ့ကျင့်မထားနိုင်ဘူး…”
လူငယ်မှော်ဆရာက တည်ကြည်လေးနက်စွာ တုံ့ပြန်လိုက်သည်။ “နေရာ အတိအကျ မသိသေးပေမဲ့
သတိတော့ ထားမိပါတယ်… ညွှန်ကြား ထောက်ပြပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်၊ မှော်ဆရာဘုရင်…”
ပါမောက္ခပါ့ရှန်၏ မျက်နှာ သုန်မှုန်သွားပြီး သရော်စကား ဆိုလိုက်သည်။ “မှော်ဆရာဘုရင်၊ ဝါစဉ်ကြီး ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ မင့်လုပ်ရပ်က နည်းနည်း အောက်တန်းကျလွန်း မနေဘူးလား…”
“ဝူခန်၊ ကြွပါ…”
ထိုသက်လတ်ပိုင်း မှော်ဆရာက ရောချ၍ လက်မြှောက်လိုက်သည်။ “အရင်တုန်းက မင့်လက်အောက်မှာ ငါ ရှုံးနိမ့်ခဲ့ရပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး အားထုတ်လေ့ကျင့်ခဲ့လို့ ငါ့ကျင့်စဉ်စွမ်းအင် အကြီးအကျယ် တိုးတက်ခဲ့တယ်… အတိတ်က အရှက်ကွဲခဲ့ရတာကို ပြန်ပယ်ဖျက်ဖို့ စိတ်ရှိခဲ့ပေမဲ့ ငါ့ဆန္ဒတွေ ပြည့်ဝဖို့ မလွယ်ခဲ့ဘူး၊ အခု ကောင်းကင်ဘုံက ငါ့ကို သနားငဲ့ညှာပြီး မင်းကို ပြန်ဆောင်ကြဉ်းလာတာပဲ ဖြစ်ရမယ်…”
ပါမောက္ခပါ့ရှန်က ရုတ်တရက် လေထဲသို့ ခုန်တက်လိုက်ပြီး ကိုက်သုံးရာခန့် ရှည်လျား၍ ကောင်းကင်ကို နှစ်ခြမ်းခွဲနိုင်သော ဓားမရောင်တစ်ချက် လက်သွားသည်။ သူက အဝေးသို့ ရွေ့လျားသွားပြီး သူ့အသံက အဝေးမှ လွင့်ပျံ့လာသည်။ “ဒီကလူတွေရဲ့ ကျင့်စဉ်အဆင့်က သိပ်နိမ့်လွန်းတယ်… ငါတို့ တိုက်ခိုက်တဲ့ အားလှိုင်းဒဏ်တွေကို သူတို့ ခံနိုင်မှာ မဟုတ်ဘူး… နှင်းတောင်တန်းပေါ်မှာ သွားတိုက်ကြမယ်…”
ထိုသက်လတ်ပိုင်း မှော်ဆရာက ဥသျှောင်မှော်ဆရာကို ကြည့်လိုက်၏။ “သွား…”
ဝှစ်… ဝှစ်…။
ရွှေရောင် အလင်းတန်းများ ကောင်းကင်ယံသို့ ထိုးတက်လာပြီး နှင်းတောင်တန်းဆီသို့ ဦးတည်သွားသော ဓားမရောင်နောက်သို့ ပြေးလိုက်သွားကြသည်။
ဆွတ်ဆွတ်ဖြူသည့် နှင်းများ မျက်စိတစ်ဆုံး ဖုံးလွှမ်းနေသော တောင်တန်းကြီးများကြားတွင် ရွှေရောင်အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်ပြီး နှင်းခဲများ အရည်ပျော်ကျလာသည်။ ထိုရွှေရောင်အလင်းတန်းများကြားတွင် နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသော ဓားမရောင်များ တဖျတ်ဖျတ်လက်၍ ကမ္ဘာမြေ သိမ့်သိမ့်တုန်သည့် တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားသွား၏။ သို့သော်လည်း ထိုရောင်စဉ်တန်းများ၏ အားလှိုင်းက လိုလန်ရွှေနန်းတော်သို့ ရောက်သောအခါ အားပျော့သည့် လေလှိုင်းလှုပ်ခတ်မှုလေးများ အဖြစ်သာ ကျန်ရှိတော့သည်။
တောင်တံခါးမုခ်ဝအောက်တွင် ချင်မူက ရွှေနန်းတော်၏ အထွတ်အမြတ်ခန်းမမှ ဆင်းလာသော စစ်မူလော်ကို လှည့်ကြည့်လိုက်၏။
ပါမောက္ခပါ့ရှန်က လိုလန်ရွှေနန်းတော်ရှိ အဆင့်မြင့် ပညာရှင် အများစုကို အဝေးသို့ မျှားခေါ်ထုတ်သွား၏။ သူ့အတွက် သားသတ်သမား၏ ခန္ဓာကိုယ်အောက်ပိုင်းကို ခိုးယူရ လွယ်ကူစေရန် ဖြစ်ပေလိမ့်မည်။ သို့သော်လည်း အထွတ်အမြတ်ခန်းမရှေ့တွင် ဝါစဉ်ကြီး အဆင့်မြင့် ပညာရှင် အချို့ ကျန်နေသေး၏။
စစ်မူလော်က လေးနက်သော မျက်နှာအမူအရာ ရှိသည်။ သို့သော်လည်း သူ့မျက်ဝန်းများကတော့ စိတ်လှုပ်ရှားနေကြောင်း ဖော်ပြနေ၏။ သူခန္ဓာကိုယ်ကလည်း ရွှေရောင် ဖြစ်သည်။ ချင်မူ အခြား မှော်ဆရာများနှင့် တိုက်ခိုက်စဉ်က ဘေးမှ ကြည့်ရှုလေ့လာခဲ့သည်။
ချင်မူ၏ အားနည်းချက်ကို ရှာဖွေခြင်းအပြင်၊ ရှေ့သို့ ချက်ချင်း ထွက်မလာရသေးသည့် အကြောင်းရင်းမှာ ထိုမှော်ဆရာများနှင့် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ပြီး ချင်မူ၏ ကျင့်စဉ်စွမ်းအင် ကုန်ခန်းမည့်အချိန်ကို စောင့်နေခြင်း ဖြစ်သည်။
ယခု သူက ချင်မူ၏ အားနည်းချက်ကို တွေ့ပြီ ဖြစ်သည့်အပြင် ချင်မူက လူလေးဆယ်ကျော်ကို ဆက်တိုက် အနိုင်ယူခဲ့ပြီးပြီ ဖြစ်၍ သူ့အတွက် အခွင့်အရေးကြီး တစ်ရပ် ဖြစ်၏။
ချင်မူက ပြင်းထန်သည့် တိုက်ပွဲပေါင်း လေးဆယ်ကျော်ကို ဆင်နွှဲခဲ့ရသော်လည်း သူ့အမူအရာက ရေတွင်းအိုကြီး တစ်ခုကဲ့သို့ လှိုင်းထလှုပ်ခတ်ခြင်း မရှိဘဲ တည်ငြိမ်နေသည်။ ရုတ်တရက် သူတို့ နှစ်ယောက်၏ ခန္ဓာကိုယ်များ တစ်ချိန်တည်း လှုပ်ရှားသွား၏။ ချင်မူ၏ ခြေထောက်အောက်မှ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး အလွန်တရာ မြန်ဆန်သော အလျင်ဖြင့် မျက်စိတစ်မှိတ်အတွင်း စစ်မူလော်၏ မျက်နှာရှေ့သို ရောက်ရှိကာ လက်သီးတစ်ချက် ထိုးထည့်လိုက်သည်။
အထီးကျန် အရှေ့ပင်လယ်မှ နွေဦးမိုးကြိုး…။
စစ်မူလော်က လက်သီးတစ်ချက် အထိုးခံလိုက်ရသော်လည်း သူ့ခန္ဓာကိုယ်မှ ခေါင်းလောင်းသံကြီး ထွက်ပေါ်လာသည်။ ချင်မူမှာ ပင်လယ်ထဲသို့ တဝုန်းဝုန်း စီးဝင်နေသော မြစ်ကြီး တစ်စင်းသဖွယ် မာန်ဟုန်ပြင်းသည့် သူ၏ လက်သီးအားလှိုင်းက သံနံရံ၊ ကြေးနံရံကြီး တစ်ခုကို ထိုးမိသကဲ့သို့ အနည်းငယ်သော အားအင်မျှ တိုးမပေါက်နိုင်ကြောင်း တစ်မုဟုတ်ချင်း ခံစားလိုက်မိသည်။
စစ်မူလော်၏ ခန္ဓာကိုယ်က အမာကြောဆုံး သတ္ထုဖြင့် သွန်းလုပ်ထားသကဲ့သို့ ရှိ၏။
စစ်မူလော်၏ ခန္ဓာကိုယ် တစ်ချက် လှုပ်ခါသွားပြီး ငှက်ခေါင်းနှင့် အတောင်ပံ ရှိသော လူတစ်ယောက် အသွင်သို့ ပြောင်းလဲသွားသည်။ သူ့နောက်ကျောမှ အတောင်ပံတစ်စုံက ရွှေရောင်တလက်လက် တောက်ပနေပြီး မရေမတွက်နိုင်သော ရွှေဓားများဖြင် ဖွဲ့စည်းထား၏။ ထိုရွှေဓားများက တရွှစ်ရွှစ် မြည်၍ ခုတ်ပိုင်းချလာသည်။
ချင်မူက နောက်ဆုတ် ရှောင်တိမ်း၍ နောက်ကျောရှိ ဓားအိတ်ထဲမှ ဓားပျံများကို ပျံဝဲထွက်ပေါ်လာစေပြီး သူ့ထံသို့ ခုတ်ပိုင်းချလာသော ဓားအတောင်ပံများကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။
ရုတ်တရက် စစ်မူလော်၏ အတောင်ပံနှစ်ခုက သာမန်နှင့် မတူဘဲ ကွဲပြားခြားနားနေကြောင်း ချင်မူ သတိပြုမိလိုက်သည်။ ဓားသွားပုံ အမွေးတောင်များ တစ်ခုနှင့် တစ်ခုမှာ ချီစွမ်းအင်ကြိုးမျှင်ဖြင့် တွယ်ဆက်နေသည်ကို မြင်တွေ့ပြီး သူ့ရင်ထဲတွင် ဆတ်ခနဲ တုန်လှုပ်ကာ အခြေအနေမကောင်းတော့ကြောင်း တန်းသိလိုက်၏။
ဝှစ်…။
စစ်မူလော်၏ အတောင်ပံမှ ဓားသွားချွန်များက ရုတ်တရက် တစ်ရှိန်ထိုး ပျံသန်း ထွက်ပေါ်လာပြီး ချင်မူ့ကို အရပ်မျက်နှာအနှံ့မှ ထိုးစိုက်လိုက်သည်။
ထိုရွှေရောင်ဓားသွားများ အပေါ်တွင် နက်မှောင်သော မျက်လုံးများ ရှိပြီး ဟိုသည် လှည့်ပတ် ကြည့်ရှုနေသည်မှာ ထူးဆန်း ကြောက်ရွံ့ဖွယ်ကောင်းလှ၏။ ထိုဓားတစ်ချောင်းတွင် ဝိညာဉ်တစ်ကောင်စီ မြှုပ်နှံထားပြီး ၎င်းတို့က ထိုဓားများ၏ ဓားဝိညာဉ်များ ဖြစ်လာသည်။
ထိုမျက်လုံးများအပေါ် ချင်မူ အကြည့်ရောက်သွားသောအခါ ရုတ်တရက် မူးဝေသွားသည်။ အခြေအနေ မကောင်းကြောင်း သူ သိလိုက်သဖြင့် ကမန်းကတန်း မျက်စိမှိတ်၍ သူ၏ ဓားမများကို ဆွဲထုတ်လိုက်သည်။
မုန်တိုင်းထန် မြို့ပြများ၏ သန်းခေါင်ယံတိုက်ပွဲ…။
ဓားရောင်များက လျင်မြန်သွက်လက်စွာ လှုပ်ရှားသွားပြီး သူ့တစ်ကိုယ်လုံး လွှမ်းခြုံကာ ရွှေရောင်ဓားသွားများကို အဆက်မပြတ် ရိုက်ထုတ်ပစ်သည်။ မုန်တိုင်းထန် မြို့ပြများ၏ သန်းခေါင်ယံတိုက်ပွဲတွင် သန်းခေါင်ယံတိုက်ပွဲဟူသော စကားလုံး ပါ၏။ ထိုသည်က ဤဓားကွက်မှာ ပတ်ဝန်းကျင်ကို မျက်စိဖြင့် ကြည့်ရှုရန် မလိုအပ်ဟူသည့် သဘောပင် ဖြစ်သည်။
စစ်မူလော်၏ ဓားသွားများက အလွန်တရာ ထူးထွေဆန်းပြားလှပြီး သူ့ဓားပေါ် အကြည့်ရောက်သွားသည်နှင့် သူ့ထောင်ချောက်ထဲ ဝင်သွားမည် ဖြစ်၏။ သို့ဖြစ်၍ ဤဓားကွက်ကို သုံးလိုက်သည်မှာ မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်။
“ဥသျှောင်မှော်ဆရာ နတ်ဒေဝါကျင့်စဉ်က တကယ့်ကို ထူးကဲတာပဲ… အတော်လေး မိစ္ဆာဆန်တယ်…”
ချင်မူ၏ လက်ထဲမှ ဓားမများက တစ်ဘက်လူ၏ ဓားသွားများဖြင့် ထိပ်တိုက်တွေ့သွားပြီး ထိုသူ၏ စွမ်းအားက သူ့အောက် နိမ့်ကျကြောင်း တစ်မုဟုတ်ချင်း ခံစားမိလိုက်သည်။ သိုင်းကွက်အသားပေး လမ်းစဉ်၏ အားသာချက်မှာ သူတို့၏ လက်ထဲတွင် ကိုင်ဆောင်ထားသော လက်နက်က သူတို့တွင် ရှိသမျှ ခွန်အား အကုန်လုံးကို ထုတ်သုံးနိုင်ခြင်း ဖြစ်သည်။
စစ်မူလော်၏ ရွှေရောင်ဓားသွားများက မုန်တိုင်းထန် မြို့ပြများ၏ သန်းခေါင်ယံတိုက်ပွဲ ဓားကွက်ကြောင့် နောက်ပြန်ဆုတ်သွားရပြီး သူ၏ အတောင်ပံများ ပြန်ဖြစ်သွားသည်။ သူ၏ အတောင်ပံများကို ဝှေ့ယမ်း၍ ချင်မူ၏ ဓားအိတ်မှ ပစ်လွှတ်လာသော ဓားပျံများကို ပိတ်ဆို့ ကာကွယ်လိုက်၏။
ရုတ်တရက် ချင်မူ၏ ဓားမနှစ်လက်က သူ့လက်ထဲမှ ပြေးထွက်လာပြီး ယန်ဝိညာဉ်အပေါ် လင်းဖြာကျလာသည့် ကောင်းကင်ယံမှ နေမင်းကြီးသဖွယ် လက်သီးတစ်ချက် ထိုးထည့်လိုက်သည်။ စစ်မူလော်မှာ ထိုလက်သီးချက်၏ အရှိန်အဝါကြောင့် စိတ်ဝိညာဉ် ယိုင်နဲ့သွားသော်လည်း သူ၏ တိုက်ကွက်များအပေါ် သက်ရောက်မှု မရှိချေ။ သူ့ဓားများပေါ်မှ မျက်လုံးများကတော့ လင်းတောက်သည့် နေမင်းရောင်ခြည်ကြောင့် မျက်ခွံများ တင်းတင်းစေ့ပိတ်သွားပြီး စူးစူးရှရှ အော်ဟစ်ကာ အစိမ်းရောင် အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားသည်။
ချင်မူက အခြားလက်တစ်ဖက်ဖြင့် လွတ်မြောက်မုဒြာကို အသုံးပြုလိုက်သော်လည်း စစ်မူလော်က မတုန်မလှုပ် ရှိနေဆဲ ဖြစ်၏။ ဥသျှောင်မှော်ဆရာ နတ်ဒေဝါကျင့်စဉ်က အခြားသူများ၏ ဝိညာဉ်ကို အသုံးပြု၍ ကျင့်ကြံသူ၏ စိတ်ဝိညာဉ်ကို တုနှိုင်းမဲ့ စွမ်းအားကြီးအောင် လေ့ကျင့်သော ကျင့်စဉ် ဖြစ်သည်။
သူ့ခန္ဓာကိုယ်ကလည်း အလွန်တရာ မာကျောသန်မာလှသဖြင့် မိုးကြိုးရှစ်ချက် လက်သီးသိုင်းပင် ထိခိုက်အောင် မလုပ်နိုင်ချေ။
ချင်မူ မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် လက်ညှိုးတစ်ချောင်းဖြင့် ထိုးညွှန်လိုက်၏။ ဓားအိတ်ထဲမှ ဓားပျံ သုံးဆယ့်ခြောက်ချောင်းစလုံး ပျံဝဲ ထွက်ပေါ်လာပြီး အတူတကွ ပေါင်းစည်းကာ လွန်သွားဓားချက်အဖြစ် ဖွဲ့စည်း၍ စစ်မူလော်ကို ထိုးစိုက်လိုက်သည်။