← Chapters

အတားအဆီးအစီအရင်ဖွင့်သော အဆောင်ရတနာ

Vol. 12 Ch. 155

အတားအဆီးအစီအရင်ဖွင့်သော အဆောင်ရတနာ

Vol. 12 Ch. 155

စစ်မူလော်၏ အတောင်ပံများက သူ၏ ခန္ဓာကိုယ်ရှေ့တွင် အထက်အောက် ဝှေ့ယမ်းနေပြီး အတောင်ပံရှိ အမွေးအတောင် ဓားသွားများက အနေအထား အမျိုးမျိုး ပြောင်းလဲကာ ချင်မူ၏ တိုက်ခိုက်မှုများကို ပိတ်ဆို့ကာကွယ်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း နောက်တစ်ခဏ၌ လွန်သွားဓားချက်က သူ၏ ခုခံကာကွယ်မှုကို ချိုးဖောက်ဝင်ရောက်လာသည်။

စစ်မူလော် အံ့အားသင့်သွားပြီး သူ့ရင်ဘတ်ဆီမှ နာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏ ရွှေခန္ဓာကိုယ်က လွန်သွားဓားချက်ကို ခုခံကာကွယ်နိုင်ခြင်း မရှိ။ သူ ကမန်းကတန်း အတောင်ပံခတ်၍ ကောင်းကင်ယံသို့ ထိုးတက်သွားသည်တွင် လေပွေတစ်ခု ထသွား၏။

ဝှစ်…။

ထိုလေပွေ တိုက်ခတ်လာသည်နှင့် ချင်မူက လေအလျဉ်တွင် တစ်မုဟုတ်ချင်း နင်းတက်၍ လှုပ်ရှားလိုက်သည်။ စစ်မူလော် ထိတ်လန့်သွား၏။ ချင်မူ လေထဲမှ ပြေးလိုက်လာသော အမြန်နှုန်းက သူ အတောင်ပံခတ်၍ ပျံသန်းသည်ထက်ပင် မြန်သေးသည်။

ထော့ကျိုး၏ ကောင်းကင်ခိုးယူ ခြေလှမ်းသိုင်းက တစ်လောကလုံးတွင် အမြန်ဆုံး ဖြစ်သည်။ သူသာ လေပွေထအောင် အတောင်ပံ မခတ်ခဲ့လျှင် ချင်မူ့အနေဖြင့် အမီလိုက်ရန် ခက်ပေလိမ့်မည်။ သို့သော်လည်း လေလှိုင်းလှုပ်ခတ်မှု ရှိသည်နှင့် လေထုက ချင်မူ့အတွက် မြေပြင်ညီကဲ့သို့ ဖြစ်သွား၏။

“သွား…”

စစ်မူလော်က မာန်သွင်း အော်ဟစ်လိုက်သည်။ ရွှေရောင်ဓားသွားများက သူ့နောက်ကျောရှိ အတောင်ပံမှ ပျံဝဲထွက်ပေါ်လာပြီး ချင်မူ့ကို ထိုးစိုက် ဟန့်တားလိုက်၏။ သူ၏ အတောင်ပံများက မျက်စိတစ်မှိတ်အတွင်း ဗလာကျင်းသွားပြီး ငုံးတိဖြစ်ကျန်ခဲ့သည်။

သူ့ပုံရိပ်က မြေပြင်ပေါ်သို့ ထိုးဆင်းသွား၏။ ထိုအခိုက်၌ ဓားမရောင်များက ရေတံခွန်ကြီး တစ်ခုကဲ့သို့ တစ်ဟုန်ထိုး စီးမျောထွက်ပေါ်လာပြီး ရွှေရောင်ဓားသွားများနှင့် ထိပ်တိုက်တွေ့သွားသည်။ ဒုတ်ခနဲ အသံတစ်ချက် ထွက်ပေါ်လာပြီး ရွှေရောင် ဓားသွား တစ်ချောင်းက ချင်မူ၏ ရေတံခွန်ကို ဖြတ်၍ သူ၏ ဘယ်ဘက်ပခုံး လက်ပြင်ရိုး ဒုတိယအချိုး တည့်တည့်သို့ စိုက်ဝင်သွား၏။

ထိုအခိုက်၌ ချင်မူ၏ ခန္ဓာကိုယ်က စစ်မူလော်၏ ရှေ့သို့ ကျော်တက်သွားပြီး နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသော ဓားမရောင်က စစ်မူလော်၏ လည်ပင်းကို ဖြတ်သန်းသွားသည်။

ထိုဓားမရောင်က လွန်စွာ ပါးလျပြီး စစ်မူလော်၏ လည်ပင်းကို ခုတ်ဖြတ်သွားသလို ထင်ရသော်လည်း မည်သို့မျှ ထိခိုက်ဒဏ်ရာ ရစေခဲ့သည့်ပုံ မပေါ်ချေ။

စစ်မူလော်က မြေပေါ်သို့ ခြေစုံကျသွားသည်။ ရွှေရောင်ဓားသွားများက တချွင်ချွင် ပျံဝဲလာပြီး သူ့နောက်ကျောတွင် တောင်ပံတစ်စုံအဖြစ် ပြန်ဖွဲ့တည်သွား၏။

ထိုရွှေတောင်ပံတစ်စုံက ဖြန့်ကားလျက်သား အနေအထားနှင့် ရွှေရောင်အလင်းတန်းများ အရပ်မျက်နှာအနှံ့ ဖြာထွက် လင်းလက်နေသည်။

“သိပ်ကောင်းတယ်၊ အစ်ကိုကြီး စစ်မူလော်…” အံ့ဩဝမ်းသာသည့် အသံတစ်သံ စူးစူးရှရှ ထွက်ပေါ်လာသည်။

အခြားမှော်ဆရာများ၏ စိတ်ဓာတ်အင်အားများ တိုးမြင့်လာပြီး အော်ဟစ် အားပေးလိုက်ကြ၏။ “အစ်ကိုကြီး စစ်မူလော်၊ ထာဝရငြိမ်းချမ်းရေး အင်ပါယာက ကျွန်သဘောက်ကောင်ကို အပြတ်ရှင်းပစ်…”

“ထာဝရငြိမ်းချမ်းရေး အင်ပါယာက ကောင်တွေက ခြေနှစ်ချောင်းပဲ ရှိတဲ့ ဆိတ်တွေ… ကျင့်စဉ် ကျင့်ကြံတဲ့ နေရာမှာ အသုံးချဖို့ပဲ ကောင်းတာ၊ ဒီလောကကြီးမှာ အသက်ရှင်ဖို့ ထိုက်တန်တဲ့ကောင်တွေ မဟုတ်ဘူး…”

… …။

ချင်မူက မြေပြင်ပေါ်သို့ ခြေစုံပြန်ကျလာပြီး ဓားပျံများက သူ့ဓားအိတ်ထဲသို့ တစ်ချောင်းပြီး တစ်ချောင်း ပြန်ဝင်သွားသည်။

ထိုလူငယ်လေးက သူ၏ ပခုံးမှ ရွှေရောင်ဓားသွားကို ဆွဲနုတ်ပြီး မြေကြီးပေါ်သို့ ပစ်ချလိုက်၏။ သူ့ကိုယ်ပေါ်မှ ဝတ်စုံက အကောင်းပကတိ ရှိသေးသည်။ ရွှေချည်ထိုးဝတ်စုံ၏ အကာအကွယ် ရှိသော်လည်း ထိုရွှေရောင်ဓားသွားက ဝတ်စုံအစနှင့်အတူ သူ့လက်ပြင်ရိုးထဲ စိုက်ဝင်သွားခဲ့၏။

ဓားလှံလက်နက် တိုးမပေါက်ဟု ဆိုသော်ငြားလည်း တကယ်တမ်းတွင် အပြည့်အဝ ကာကွယ်နိုင်ခြင်း မရှိပေ။ အတောင်ပံခြောက်ခု ရွှေရောင် သဘာဝပိုးချည်ဖြင့် ရက်လုပ်ထားသော ဝတ်စုံက ရွှေရောင်ဓားသွားကို မပေါက်မပြဲ ကာကွယ်နိုင်ခဲ့သော်လည်း သူ ဒဏ်ရာရခဲ့သေးသည်သာ ဖြစ်၏။

ရွှေစင်မြင့်၏ အောက်တွင်တော့ မြူးထူးအော်ဟစ်သံများ လျှံတက်လာသည်။ စစ်မူလော်က သူ၏ အတောင်ပံများကို ခမ်းနား ထည်ဝါစွာ ဖြန့်ကားလျက် အားလုံး၏ အားပေးချီးမြှောက်မှုကို ခံယူနေသကဲ့သို့ ရှိ၏။

ချင်မူ ရှေ့သို့ လျှောက်သွားသောအခါ မြူးထူးအော်ဟစ်သံများ တဖြည်းဖြည်း တိုးကျသွားသည်။ သူ့လက်ကို မြှောက်၍ ဓားမများကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး စစ်မူလော်၏ ဘေးနားသို့ တိုးကပ်သွား၏။ သို့သော်လည်း စစ်မူလော်က လုံးဝ လှုပ်ရှားခြင်း မရှိဘဲ အတောင်ပံဖြန့်လျက် အနေအထားနှင့်သာ ဆက်ရှိနေသည်။

ချင်မူက စစ်မူလော်၏ ဆံပင်ကို လှမ်းကိုင်၍ အသာအယာ ဆွဲမလိုက်သည်။ စစ်မူလော်၏ ခေါင်းက လည်ပင်းမှ ပြုတ်ထွက် ပါလာ၏။ ခေါင်းပြတ်ကြီးကို စင်မြင့်အောက်သို့ ပစ်ချလိုက်သည်။

စင်မြင့်အောက်မှ အော်ဟစ်အားပေးသံများက တိုးသည်ထက် တိုးလျသွား၏။ ခပ်ဝေးဝေးမှ မှော်ဆရာများသာ ဤမြင်ကွင်းကို မမြင်ရသဖြင့် ဆက်လက် အော်ဟစ် အားပေးနေကြဆဲ ရှိသည်။ စင်မြင့်ပေါ်မှ ခေါင်းပြတ်ကြီး လိမ့်ဆင်းလာပြီး ထိုမှော်ဆရာများ၏ ခြေရင်းသို့ ရောက်သောအခါမှသာ အော်ဟစ်အားပေးသံများ ရပ်တန့်သွားသည်။

ဥသျှောင်မှော်ဆရာ နတ်ဒေဝါကျင့်စဉ်ကို လေ့ကျင့်ထားသော စစ်မူလော်လည်း သေဆုံးသွားချေပြီ။ အောင်ပွဲက လက်တစ်ကမ်း အလိုတွင်မှ သူ့ခေါင်းက ချင်မူ၏ ပိုင်းဖြတ်ခြင်း ခံလိုက်ရ၏။

လင်ယွိရှို့က ရှေ့သို့ အလျင်အမြန် ပြေးထွက်လာပြီး ချင်မူ၏ ဒဏ်ရာကို စည်းနှောင်ပေးရန် ပြင်လိုက်သည်။ ချင်မူက လက်ခါ၍ ပြောလိုက်၏။ “ရတယ်… သူတို့ရဲ့ စိတ်ဓာတ်အင်အားကို ငါ နင်းချေမယ်လို့ ပြောထားတာပဲ၊ ငါ လုပ်ရမှာပေါ့… နင် စိတ်အေးအေး နေပါ…”

လင်ယွိရှို့ မျက်မှောင်ကြုတ်လိုက်သည်။ ချင်မူက သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲနေသည်ဟု ခံစားမိ၏။

“နွားကျောင်းသား၊ နင့်ပခုံးက ဒဏ်ရာရထားတာ… ဒီအတိုင်းဆို နင့်ပခုံးရဲ့ အားနည်းချက်က ပိုဆိုးသွားလိမ့်မယ်… ဥသျှောင်မှော်ဆရာ နတ်ဒေဝါကျင့်စဉ်ကို ကျင့်တဲ့ နောက်ထပ် မှော်ဆရာ တစ်ယောက် ထပ်ထွက်လာရင်…”

သူမ၏စကား မဆုံးမီတွင်ပင် နောက်ထပ် လူငယ် အဆင့်မြင့် မှော်ဆရာ တစ်ယောက် လိုလန်ရွှေနန်းတော်၏ အထွတ်အမြတ်ခန်းမမှ ဆင်းလျှောက်လာသည်။ သူ့မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်းထား၏။ “ညီတော်စစ်မူလော်က အတွေ့အကြုံနည်းပြီး စိတ်တည်တည်ငြိမ်ငြိမ် မထားနိုင်လို့ ရှုံးသွားတာပဲ… ငါ တန်းပါ့လော်၊ အရပ်ခြောက်မျက်နှာအဆင့်က ငါ့ရဲ့ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကို ပိတ်ထားပါ့မယ်…”

ချင်မူ၏ အမူအရာက တည်ကြည်လေးနက်သွားပြီး သူ့ခန္ဓာကိုယ်က အနောက်ဘက်သို့ မျောလွင့်သွား၏။ သူ့ခြေထောက်များက လျင်မြန်စွာ လှုပ်ရှား၍ ရွှေနန်းတော်ခန်းမ၏ ခေါင်မိုးပေါ်သို့ ခုန်တက်သွားသည်။

တန်းပါ့လော်က တဟားဟား ရယ်မော၍ သူ့နောက်မှ အရိပ်သဖွယ် ကပ်လိုက်သွား၏။ သူက တူကြီး တစ်ချောင်းကို ကိုင်ဆောင်ထားပြီး တူခေါင်းက ကြီးမားသော အရိုးခေါင်းကြီး တစ်လုံး ဖြစ်သည်။ ထိုအရိုးခေါင်းက ရွှေအိုရောင် တောက်ပနေပြီး အရိုးချွန် ခုနစ်ချောင်း ထိုးထွက်နေ၏။ ထိုအရိုးချွန် တစ်ခုစီတွင် လက်သီးဆုပ်အရွယ် ခေါင်းခွံငယ်လေးများ ရှိသည်။

ထိုခေါင်းခွံ ရှစ်လုံး၏ မျက်တွင်းပေါက်များ၌ မျက်လုံးများ ရှိနေပြီး လွန်စွာ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှ၏။

တူခေါင်းက ကြီးမားလှသော်လည်း လက်ကိုင်ရိုးက တိုတိုလေး ဖြစ်ပြီး လက်တစ်ဆုပ်စာသာ ရှိသည်။

တန်းပါ့လော်က သူ၏ တူကြီးကို အသာအယာ ဝှေ့ယမ်းလိုက်သောအခါ ခေါင်းခွံငယ်လေးများ၏ မျက်လုံးများ တစ်မုဟုတ်ချင်း ပွင့်လာ၏။ မျက်တွင်းပေါက်ထဲမှ မျက်လုံးများက ဟိုသည် လှည့်ပတ် ကြည့်ရှုနေပြီး ရုတ်တရက် ခေါင်းခွံများ၏ ပါးစပ်ပေါက်မှ အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာသည်။ မီးခိုးငွေ့တန်း ခုနစ်ခုက ရှေ့နောက် လူးလာကူးသန်း၍ ရွှေနန်းတော်ခန်းမ ထိပ်ဖျားရှိ ချင်မူ့ထံသို့ နဂါးနက်များပမာ တစ်ရှိန်ထိုး တိုးဝင်သွား၏။

ချင်မူ၏ ဓားအိတ်ထဲမှ ဓားပျံများ ပျံဝဲထွက်ပေါ်လာသည်။ သူ့ဓားပျံများကို တစ်ချက် တောက်ထုတ်၍ ထိုနဂါးနက်များ၏ ခေါင်းကို ဖြတ်လိုက်၏။ သို့သော်လည်း ထိုတစ်ခဏ၌ ဓားပျံများကို ဆက်လက် ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ တချွင်ချွင် ပြုတ်ကျသွားသည်။

ဓားပျံခုနစ်ချောင်းက ရွှေနန်းတော်ခန်းမ ခေါင်မိုးပေါ်သို့ ပြုတ်ကျသွားပြီး ထိုဓားများထဲတွင် အနက်ရောင် ချီစွမ်းအင်များ ရှေ့နောက် လွန်းထိုးလှုပ်ရှားနေ၏။

ချင်မူ သူ၏ ချီစွမ်းအင် ညစ်နွမ်းစွန်းထင်းသွားသည်ကို တစ်ဟုတ်ချင်း ခံစားမိပြီး အံ့ဩတုန်လှုပ်သွားသည်။ ဥသျှောင်မှော်ဆရာ နတ်ဒေဝါကျင့်စဉ်က မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကဲ့သို့ပင် ကျင့်စဉ်တစ်ခုတည်း မဟုတ်ဘဲ ကျင့်စဉ်ပေါင်းချုပ် ဖြစ်ဟန် ရှိ၏။ ဥပမာဆိုရလျှင် စစ်မူလော် ကျင့်သည့်က ဓားလမ်းစဉ် ကောင်းကင်နတ်သိုင်း ဖြစ်သည်။

တန်းပါ့လော် ကျင့်သည်ကတော့ မှော်လမ်းစဉ် ကောင်းကင်နတ်သိုင်း ဖြစ်၏။ သူတို့ နှစ်ယောက်စလုံးက ဥသျှောင်မှော်ဆရာ နတ်ဒေဝါကျင့်စဉ်ကို ကျင့်ကြံသူများ ဖြစ်သော်လည်း လျှောက်လှမ်းသည့် လမ်းကြောင်းက ကွာခြားနေသည်။

ချင်မူ နောက်ဆုတ်၍ ရှောင်ရှားလိုက်သည်။  အနက်ရောင်နဂါးများ သူ့နောက်လိုက်၍ တိုက်ခိုက်မှုကြောင့် ရွှေနန်းတော်ခန်းမ၏ ရွှေအုတ်ကြွပ်မိုးများ တဖွားဖွား ပေါက်ကွဲ လွင့်စင်သွား၏။

လူရိပ်နှစ်ခုက ရွှေနန်းတော်ခန်းမ ခေါင်မိုးပေါ်တွင် ယုန်ကဲ့သို့ ခုန်ပေါက်၍ သိမ်းငှက်ကဲ့သို့ ပျံဝဲ ပြေးလွှားနေကြသည်။ သူတို့အတွက် လေးဖက်လေးတန် နံရံများပင် မြေပြင်ညီကဲ့သို့ ဖြစ်နေ၏။

ရုတ်တရက် ချင်မူ၏ ခန္ဓာကိုယ်က နိမ့်ဆင်းသွားပြီး ရွှေနန်းတော်ခန်းမထဲသို့ ကျွံဝင်သွားသည်။ တန်းပါ့လော်က သရော်ပြုံး ပြုံး၍ သူ၏ အရိုးခေါင်းတူကြီးကို လွှဲရမ်းပြီး ရွှေနန်းတော်ခန်းမခေါင်မိုးကို ရိုက်ခွဲကာ လိုက်ဝင်သွား၏။

ဘုန်း…။

လူရိပ်တစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး သူ၏ လက်ကို နောက်သို့ ယမ်း၍ ဓားပျံများဖြင့် ထိုးစိုက်လိုက်သည်။ တန်းပါ့လော်က အနက်ရောင် မီးခိုးငွေ့များအပေါ် နင်းလျှောက်၍ သူ့နောက်မှ ထက်ကြပ်မကွာ လိုက်လာ၏။ အနက်ရောင် မီးခိုးငွေ့များက ရှေ့သို့ အဆက်မပြတ် ထိုးလိုက်နေပြီး တန်းပါ့လော်က ချင်မူကို ရိုက်ချလိုက်သည်။

ချင်မူက ရွှေနန်းတော်ခန်းမ နံရံကို ဘုန်းခနဲ တိုက်၍ အခြား ခန်းမထဲသို့ ပြေးဝင်ပြီး တန်းပါ့လော်၏ တိုက်ခိုက်မှုများကို ရှောင်ရှားလိုက်၏။ တန်းပါ့လော်က သူ့နောက်မှ တရကြမ်း လိုက်လာသည်။ လိုလန်ရွှေနန်းတော်၏ မှော်ဆရာများ အားလုံးမှာ သွေးများ ပွက်ပွက်ဆူဝေလာပြီး အစောက စိတ်ဓာတ်ကျခဲ့ရသည်များ ပြယ်လွင့်သွား၏။

သူတို့နှစ်ယောက်က ရွှေနန်းတော်၏ ခန်းမများတစ်လျှောက် အညှာအတာကင်းမဲ့စွာ ပြေးလွှားတိုက်ခိုက်ရင်း တောင်တံခါးမုခ်ဝနှင့် ဝေးသည်ထက် ဝေးသွားသည်။

တန်းပါ့လော်၏ စိတ်ခွန်အားက တက်ကြွသည်ထက် တက်ကြွလာပြီး သူ၏ တိုက်ခိုက်မှုများက ပြင်းထန်သည်ထက် ပြင်းထန်လာ၏။။ ရွှေနန်းတော်၏ ခန်းမတစ်ခုထဲသို့ ပြေးဝင်သွားသည့် ချင်မူ့နောက်သို့ တစ်ဟုန်ထိုး ပြေးလိုက်သွားသည်တွင် ခန့်ညားထည်ဝါသော တောင်တန်းနှင့် မြစ်ပြင်ကြီးများ သူ့ထံ တိုးဝင်လာသည်ကို ရင်ဆိုင်လိုက်ရသည်။

တောင်တန်းနှင့် မြစ်ပြင်များကြားမှ ဖြတ်လျှောက်သွားသည့် ဓား…။

တန်းပါ့လော်မှာ သူ့ခန္ဓာကိုယ်က ကျုံ့ဝင် သေးငယ်၍ ထိုတောင်တန်းနှင့် မြစ်ပြင်များကြား ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး တုန်လှုပ်ချောက်ချားသွားသည်။

တောင်တံခါးမုခ်ဝရှေ့တွင် အားလုံးက သူတို့နှစ်ယောက် ခုန်ဝင်သွားရာ ရွှေနန်းတော်ခန်းမဆီသို့ မျက်တောင်မခတ် စိုက်ကြည့်နေကြ၏။ တစ်ခဏကြာသောအခါ ရွှေရောင်လူရိပ်တစ်ခု ရွှေနန်းတော်ခန်းမမှ ခုန်ထွက်လာပြီး အရိုးခေါင်းတူကြီးကို လက်တွင် စွဲကိုင်လျက် ခေါင်မိုးပေါ် တက်ရပ်လိုက်သည်။ အခြားလက်တစ်ဖက်တွင် ခေါင်းပြတ်တစ်လုံးကို ကိုင်ထားပြီး မိုးပေါ်သို့ မြှောက်ပြလိုက်၏။

လိုလန်ရွှေနန်းတော်မှ အားလုံးသောသူများ၏ အောင်ပွဲခံ အော်ဟစ်သံများ နားကွဲလောက်အောင် ဆူညံသွားသည်။ လင်ယွိရှို့၏ မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူရော်၍ အသိစိတ်လွတ်သကဲ့သို့ ဖြစ်သွားသည်။ နွားသိုးစိမ်းကြီးနှင့် ဟူလင်းအာမှာလည်း အကြောင်သား ငေးစိုက်ကြည့်နေမိကြ၏။

“နွားကျောင်းသား သေသွားပြီ…” လင်ယွိရှို့၏ စိတ်အလျဉ်မှာ ဟာလာဟင်းလင်း ဖြစ်သွားသည်။

အထွတ်အမြတ်ခန်းမ၏ ရှေ့မှ မှော်ဆရာဘုရင်များ၏ မျက်နှာ၌ ရှားရှားပါးပါး အပြုံးများ ပေါ်လာပြီး တစ်ယောက်ကိုယ်တစ်ယောက် ကြည့်ကာ အသာအယာ ခေါင်းဆတ်လိုက်ကြသည်။

“တန်းပါ့လော်က မဆိုးဘူး… ကြမ်းတမ်းရက်စက်နိုင်သလို တည်တည်ငြိမ်ငြိမ်လည်း ရှိတယ်… ထူးကဲတဲ့ ပါရမီရှင်ပဲ…”

မှော်ဆရာဘုရင်အိုကြီး တစ်ယောက်က တအံ့တဩ မေးလိုက်သည်။ “သူက ဘာလို့ ခန်းမထဲ ပြန်ဝင်သွားရတာလဲ…”

တန်းပါ့လော်က ခေါင်းပြတ်ကို သယ်ဆောင်၍ ရွှေနန်းတော်ထဲသို့ ခုန်ဝင်သွားပြီး တောင်တံခါးမုခ်ဝရှေ့သို့ ထွက်မလာချေ။ အခြား မှော်ဆရာဘုရင် တစ်ယောက်က ပြုံးလိုက်သည်။ “သူ ဒဏ်ရာရသွားတာ ဖြစ်မှာပေါ့… တန်းပါ့လော်က အစစအရာရာ ဂရုတစိုက် လုပ်တတ်တဲ့ အကျင့်ရှိတယ်… ဒဏ်ရာရသွားတာနဲ့ သေချာပေါက် အတွင်းဒဏ်မကျန်အောင် အရင် ကုစားမှာပဲ… အဲဒါကြောင့်လည်း ငါတို့ သူ့ကို မျှော်လင့်ချက်ထားကြတာ… အခု ဟိုကောင်မလေး တစ်ယောက်ပဲ ကျန်တော့တယ်၊ သူလည်း မကြာခင် သေရမှာပါပဲ… တောင်ပေါ်မှာ အခြေအနေ ဘယ်လိုရှိလဲ မသိဘူး…”

မှော်ဆရာဘုရင်များက တိုက်ပွဲအခြေအနေကို စူးစမ်းလိုသော်လည်း ဥသျှောင်မှော်ဆရာက ဤနေရာတွင် နေ၍ အထွတ်အမြတ်ခန်းမကို စောင့်ရှောက်ရန် အမိန့်ပေးခဲ့သဖြင့် သူတို့ တစ်ဖဝါးမျှ မခွာရဲချေ။

ရွှေနန်းတော်ခန်းမထဲတွင် တန်းပါ့လော်က ခေါင်းပြတ်ကို လွှင့်ပစ်၍ စာလိပ်တစ်လိပ်ကို ထုတ်ယူကာ ဂရုတစိုက် ဖွင့်ဖတ်လိုက်၏။

“လိုလန်ရွှေနန်းတော်ရဲ့ ရတနာတိုက်က ဒီပင်မခန်းမဘေး တည့်တည့်ပဲ… ငါလာခဲ့တာ မမှားဘူး…”

သူက လိုလန်ရွှေနန်းတော်၏ မြေပုံကို ပြန်သိမ်းဆည်း၍ ထရပ်လိုက်သည်။ ရုတ်တရက် ပခုံးဆီမှ စူးခနဲ အောင့်မျက်နာကျင်သွားသဖြင့် ကျောက်စိမ်းပုလင်း တစ်လုံးကို အလျင်အမြန် ထုတ်ယူလိုက်၏။ တစ်ချက် ကြည့်ပြီးနောက် အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ “အတိတ်မေ့မွှေးရနံ့နဲ့ လွဲတော့မလို့…”

သူက နောက်ထပ် ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ယူ၍ နဂါးသွားရည်အချို့ကို ပခုံးမှ ဒဏ်ရာပေါ်သို့ သုတ်လိမ်းလိုက်သည်။ တစ်ခဏအတွင်း နာကျင်မှု ဝေဒနာ သက်သာ၍ အနာကျက်သွား၏။

တန်းပါ့လော်က သူ၏ ကျောက်စိမ်းပုလင်းကို ပြန်သိမ်း၍ တစ်ခဏမျှ စဉ်းစားလိုက်သည်။ ထို့နောက် အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို ထုတ်ယူ၍ ဘေးဘက်မှ ရွှေနန်းတော်ခန်းမထဲသို့ လှမ်းဝင်သွားလိုက်၏။

ထိုခန်းမရှေ့တွင် နောက်ကျော၌ လိပ်ခွံရှိသည့် ရွှေရောင်မှော်ဆရာ တစ်ဦး ပုဆိန်ကြီး တစ်လက်ကို ကိုင်ဆောင်၍ စောင့်ကြပ်နေသည်။ ထိုသူက ဖားပါးစပ်နှင့် ရွှေရောင်လိပ်ခွံ ရှိကာ ရဲရင့်သန်မာပုံ ရသည်။ တန်းပါ့လော် ဝင်လာသည်ကို မြင်သောအခါ တအံ့တဩ မေးလိုက်၏။ “တန်းပါ့လော်… ဒီကို ဘာလာလုပ်တာလဲ…”

သူ့ကိုယ်ပေါ်မှ ရွှေရောင်က တန်းပါ့လော်ထက် ပို၍ တောက်ပ၏။ သို့သော်လည်း မှော်ဆရာဘုရင်များလောက်တော့ တောက်ပခြင်း မရှိပေ။ သူ့ရာထူးအဆင့်အတန်းနှင့် စွမ်းရည်က မှော်ဆရာဘုရင် တစ်ယောက်အောက် နိမ့်ကျမည်မှာ သေချာ၏။

“တပည့်က တောင်တံခါးမုခ်ဝ လာပိတ်တဲ့ လူရမ်းကားကို သတ်ပြီး ရတနာဓားတစ်လက် ရခဲ့ပါတယ်… အဲဓားကို ကိုယ့်အတွက်ကိုယ် သိမ်းမထားဝံ့လို့ နတ်ဂိုဏ်းကို လာဆက်သတာပါ…”

တန်းပါ့လော်က အိမ်ရှေ့စံကိုယ်ရံတော်ဓားကို လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ဆက်သပြီး ပြုံးလိုက်သည်။ “ဒီဓားရဲ့ အရည်အသွေးက အတော်လေး ကောင်းပေမဲ့ ဓားသိုင်းကျင့်တဲ့သူ မဟုတ်လို့ ကျွန်တော့်အတွက် အသုံးမဝင်ပါဘူး… အဲဒါကြောင့် ဒါနဲ့ တခြားရတနာ တစ်ခုခု လဲလှယ်ချင်ပါတယ်…”

ထိုလိပ်ခွံအစောင့်မှော်ဆရာက အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ယူ၍ ရွှမ်းခနဲ ဆွဲထုတ်လိုက်သည်။ အေးစိမ့်သည့် ဓားရောင်ကြောင့် သူ့မျက်ဝန်းများ ကျုံ့သွားပြီး တအံ့တဩ အော်ဟစ်လိုက်၏။ “ထိပ်တန်းဓား တစ်လက်ပဲ… လိုလန်ရွှေနန်းတော်မှာ ဒီဓားနဲ့ တန်းတူလိုက်နိုင်တဲ့ ရတနာ များများစားစား မရှိဘူး… ဒီလို အဖိုးတန် ရတနာမျိုး ဆက်သလာတာ ဆိုတော့ မင်းကို ဥသျှောင်မှော်ဆရာက ကျိန်းသေ ဆုချမှာပဲ…”

သူက ခန်းမတံခါးကို ဆွဲဖွင့်ပေးလိုက်၏။ တန်းပါ့လော်က ကမန်းကတန်း မေးလိုက်သည်။ “တပည့်အနေနဲ့ လိုချင်တဲ့ ရတနာ ဝင်ရွေးထားလို့ ရမလား မသိဘူး…”

လိပ်ခွံအစောင့်မှော်ဆရာက တစ်ချက် စဉ်းစား၍ ပြုံးလိုက်သည်။။ “အဲအကြံလည်း မဆိုးပါဘူး… မင်းက ကောင်းကျိုးအကြီးကြီး ပြုပြီး ဒီလို ရတနာမျိုး ဆက်သခဲ့တာဆိုတော့ ဥသျှောင်မှော်ဆရာက သေချာပေါက် မြှောက်စားချီးမြှင့်မှာပဲ… ဒါပေမဲ့ အထဲရောက်ရင် လိုချင်တဲ့ ရတနာကို မျက်စိနဲ့ပဲ ကြည့်ပြီး ရွေးထား၊ ယူလို့တော့ မရသေးဘူး… ဥသျှောင်မှော်ဆရာက မင်းကို ဆုအဖြစ် ချီးမြှင့်ပြီး အစီအရင်တွေ ဖယ်ရှားတော့မှ ယူလို့ရမယ်…”

တန်းပါ့လော်က ဝမ်းပန်းတသာ ဖြစ်သွားပြီး သူ့နောက်မှ ထက်ကြပ်မကွာ လိုက်သွား၏။

လိပ်ခွံအစောင့်မှော်ဆရာက ခန်းမအလယ်တွင် ရပ်၍ အတားအဆီး အစီအရင် အချို့ကို ဂရုတစိုက် ဖွင့်လှစ်လိုက်သည်။ ထို့နောက် ရှေ့သို့ ခြေနှစ်လှမ်း လျှောက်၍ နောက်ထပ် အစီအရင် အချို့ ဖယ်ရှားပြီး ခြေလှမ်း အနည်းငယ် ဆက်လျှောက်သွား၏။ ပြီးသောအခါ အဆောင်ရတနာ တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအဆောင်ရတနာက စက္ကူဖြင့် ပြုလုပ်ထားပြီး မျက်နှာပြင် ဆယ်လေးခုနှင့် ထောင့်ချွန်း နှစ်ဆယ့်လေးခု ပါဝင်ကာ မှော်သင်္ကေတများ စီရင်ထားသည့် ကုဗတုံးတစ်တုံး ဖြစ်သည်။ ထိုအဆောင်ရတနာထဲသို့ ချီစွမ်းအင် ပို့လွှတ်လိုက်သောအခါ လေပေါ်တွင် ပေါလောမျော၍ အလင်းရောင်များ တဖြည်းဖြည်းချင်း လင်းလက်လာသည်။

ထိုအဆောင်ရတနာက လင်းသည်ထက် လင်းလက်လာပြီး တဝီဝီ လည်ပတ်၍ မျက်နှာပြင် တစ်ခုစီမှ မှော်သင်္ကေတများ လေထုထဲသို့ လွင့်ပျံလာ၏။

တန်းပါ့လော်မှာ သူတို့ရှေ့ရှိ လေထုက ထွင်းဖောက်မြင်နိုင်သော ကုဗတုံး မြောက်မြားစွာအဖြစ် တဖြည်းဖြည်းချင်း ပြောင်းလဲသွားကြောင်း မြင်တွေ့လိုက်သည်။ ထိုကုဗတုံးများ၏ အတွင်း၌ လက်သီးဆုပ်အရွယ်ခန့် ရှိသော လူတစ်ယောက်စီ ရှိနေပြီး သူတို့၏ ရုပ်သွင်က မကောင်းဆိုးဝါးနှင့် တူ၏။ ထိုသူများက ကုဗတုံးထဲတွင် ဂနာမငြိမ်စွာ လမ်းလျှောက်နေကြပြီး ယခုချက်ချင်းပင် ခုန်ထွက်၍ သတ်ဖြတ်တော့မည့်အသွင် ရှိနေသည်။

All Chapters