အန္တရာယ်များသောစိတ်ကူး
Vol. 12 Ch. 156
“ထူးဆန်းတဲ့ အစီအရင် အတားအဆီးတွေပဲ…”
တန်းပါ့လော်က ထိုမကောင်းဆိုးဝါး သတ္တဝါငယ်လေးများကို ကြည့်ပြီး ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ ထိုသတ္တဝါငယ်လေး တစ်ကောင်ချင်းစီက အဆင့်မြင့် ပညာရှင်များ၏ ဝိညာဉ်ကို အသုံးပြု စီရင်ထားခြင်း ဖြစ်၍ အလွန်တရာ စွမ်းအားကြီးပြီး သတ်ဖြတ်ဖို့ တစ်ခုတည်းသာ အာရုံရှိကြသည်။
ထူးဆန်းသည့် ကုဗတုံးလေးများက အလွန်တရာ ရှုပ်ထွေးသည့် သော့အိမ်တစ်ခုအဖြစ် ဖွဲ့တည်နေ၏။ ထိုကုဗတုံးများပေါ်သို့ မှော်သင်္ကေတများ ထွန်းလင်းကျရောက်လာပြီး အစီအစဉ်မှန်မှသာ သော့အိမ်ပွင့်မည် ဖြစ်သည်။ သူ့အစဉ်အတိုင်း မဟုတ်ခဲ့လျှင် ဤသတ္တဝါကောင်လေးများသာ လွတ်ထွက်လာပေလိမ့်မည်။
ထွင်းဖောက်မြင်နိုင်သည့် ကုဗတုံးများက မရေမတွက်နိုင်အောင် ရှိနေ၏။ အဆောင်ရတနာမှ မှော်သင်္ကေတများ လင်းလက်လာပြီး ကုဗတုံးတစ်တုံးအပေါ် ကျရောက်သွားတိုင်း ထိုကုဗတုံးက အလိုအလျောက် နောက်ဆုတ်၍ ပျောက်ကွယ်သွားသည်။
“အတားအဆီးတွေ ဖွင့်တဲ့ အဆင့်တွေက အတော်လေး ရှုပ်ထွေးတာပဲ… ဒီအဆောင်ရတနာ မပါဘဲ ဖွင့်ဖို့ လွယ်မှာ မဟုတ်ဘူး…”
အဆာင်ရတနာက ဆက်လက် လည်ပတ်နေပြီး မျက်နှာပြင် ဆယ့်လေးခုရှိ မှော်သင်္ကေတများကလည်း အဆက်မပြတ် ပြောင်းလဲနေ၏။ သူတို့ရှေ့မှ ကုဗတုံးများက တစ်ခုပြီးတစ်ခု နောက်ဆုတ်သွားသည်။
အဆောင်ရတနာက ရှေ့သို့ ပျံဝဲသွားပြီး လိပ်ခွံအစောင့် မှော်ဆရာက နောက်မှ လိုက်သွား၏။ တန်းပါ့လော်လည်း အလျင်အမြန် လိုက်သွားရသည်။ အတန်ကြာအောင် လျှောက်ပြီးသောအခါ ကျယ်ဝန်းသော ခန်းမကြီး တစ်ခုကို ဘွားခနဲ မြင်တွေ့လိုက်ရ၏။
လိုလန်ရွှေနန်းတော်က လိုဏ်ဂူကြီး တစ်ခုကဲ့သို့ ဖြစ်သည်။ အပြင်ပန်းမှ ကြည့်လျှင် များစွာ ကြီးမားခြင်း မရှိသလို ထင်ရသော်လည်း အတွင်းပိုင်းမှာ အပြင်မှ မြင်ရသည်ထက် ဆယ်ဆကျော် ကျယ်ဝန်း၏။ ခန်းမထဲတွင် တိုင်လုံးကြီးများ တန်းစီနေပြီး ထိုတိုင်လုံးများကို ကျော်လာသောအခါ အရွယ်အစား အမျိုးမျိုး ရှိသည့် ရွှေပလ္လင်များ ရှိနေသည်။ ထိုရွှေပလ္လင်များပေါ်၌ ထူးခြားဆန်းကြယ်သည့် ရတနာပစ္စည်း တစ်ခုစီ ရှိ၏။
လိပ်ခွံအစောင့် မှော်ဆရာက အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို ကိုင်၍ ရှေ့ဆက်လျှောက်သွားရင်း ပြုံးလိုက်သည်။ “ဒီလို အဖိုးတန်ရတနာမျိုးက အတွင်းအကျဆုံး၊ အမြင့်မြတ်ဆုံး နေရာမှာ သေချာပေါက် ထားရလိမ့်မယ်… ဒီဓားကို အစီအရင်ထဲ ထားဖို့ ငါ့စွမ်းအားနဲ့ မလုံလောက်ဘူး၊ ဥသျှောင်မှော်ဆရာကို စောင့်ရုံပဲ ရှိတယ်… တန်းပါ့လော် မင်းက တကယ့်ကို အကျိုးဆောင်နိုင်ခဲ့တာပဲ၊ ငါတောင် မနာလို ဖြစ်မိတယ်…”
တန်းပါ့လော်က ပြုံးလိုက်၏။ “အဲဒီကောင်ဆီက ရတနာဓား တစ်မျိုးတည်း ရခဲ့တာ မဟုတ်ပါဘူး… ကျောက်စိမ်းပုလင်းလေး တစ်လုံးလည်း ရခဲ့သေးတယ်၊ အထဲက ကောင်းကင်နတ်ဆေး တစ်မျိုးမျိုး ထင်တာပဲ… ကျွန်တော် တစ်ချက်ရှူကြည့်တာ အင်မော်တယ် နတ်ဝိဇ္ဇာ ဖြစ်ပြီး ကောင်းကင်ဘုံ ရောက်သွားသလို ခံစားလိုက်ရတယ်…”
သူက အင်္ကျီလက်အိုးထဲမှ ကျောက်စိမ်းပုလင်းလေး တစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုပုလင်းကို မြင်သောအခါ လိပ်ခွံအစောင့် မှော်ဆရာ၏ မျက်လုံးများ အရောင်တောက်သွား၏။ ထို့နောက် ဖျတ်ခနဲ လုယူပြီး ပြုံးပြလိုက်သည်။ “တန်းပါ့လော်၊ အခု မင်းက ငါတို့ဂိုဏ်းအတွက် အများကြီး အကျိုးပြုခဲ့တာ ဆိုတော့ ဥသျှောင်မှော်ဆရာက သေချာပေါက် ဆုချမှာပဲ… မင်း လိုချင်တဲ့ ရတနာ ကြိုရွေးလို့ရအောင် ငါ ခေါ်လာခဲ့တာကို လက်ဆောင်လေး တစ်ခုတစ်လေတောင် မပေးဘဲ နေတော့မလို့လား… ဒီကျောက်စိမ်းပုလင်းထဲက ကောင်းကင်နတ်ဆေးကို ငါ ယူလိုက်မယ်…”
တန်းပါ့လော်၏ မျက်နှာ ရှုံ့မဲ့သွား၏။
လိပ်ခွံအစောင့် မှော်ဆရာက သူ့အမူအရာကို မြင်သောအခါ ပြုံးလိုက်သည်။ “ကပ်စေးနှဲကောင်…” သူက ကျောက်စိမ်းပုလင်း၏ အဖုံးကို ဖွင့်၍ ရှူကြည့်လိုက်၏။
“မွှေး… လိုက်… တာ…”
ထိုလိပ်ခွံအစောင့် မှော်ဆရာ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး အတောင့်လိုက် လဲကျသွားသည်။
တန်းပါ့လော်က အသက်အောင့်၍ ကျောက်စိမ်းပုလင်းကို ကမန်းကတန်း ဖမ်းယူပြီး အဖုံးပိတ်လိုက်၏။ သူ တစ်ချက် စဉ်းစားပြီး အခြား ကျောက်စိမ်းပုလင်း တစ်လုံး ထုတ်ယူ၍ ပတ်ဝန်းကျင်မှ လေထုကို ပုလင်းထဲသို့ စုပ်သွင်းကာ လိပ်ခွံအစောင့် မှော်ဆရာ၏ ပါးစပ်ကို ဖြဲဟလိုက်သည်။ ထို့နောက် ထိုကျောက်စိမ်းပုလင်းကို အဖုံးပြန်မဖုံးဘဲ လိပ်ခွံအစောင့် မှော်ဆရာ၏ ပါးစပ်ထဲသို့ ထိုးထည့်ထားလိုက်၏။
“ဒီလိုဆိုရင် တော်တော်နဲ့ ပြန်နိုးလာမှာ မဟုတ်တော့ဘူး... ဖူး…”
တန်းပါ့လော်က လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူ့အရေခွံကို ဆွဲခွာချလိုက်သည်။ တန်းပါ့လော်၏ အရေခွံအောက်မှ အခြား လူတစ်ယောက် ထွက်ပေါ်လာ၏။ ထိုသူက ချင်မူ ဖြစ်သည်။
“အခုတော့ ငါလည်း မိစ္ဆာလမ်းစဉ်က ပညာကို သုံးဖူးသွားပြီပေါ့…”
ချင်မူက ကြမ်းပြင်ပေါ်မှ အရေခွံကို ကြည့်၍ ခေါင်းယမ်းလိုက်သည်။ အဘွားစစ်က အခြားသူများ၏ အရေခွံကို ဝတ်ဆင်၍ တစ်ချိန်လုံး ရုပ်သွင် ပြောင်းလဲနေသော်လည်း သူ့အနေဖြင့် စိတ်မသိုးမသန့် ဖြစ်နေဆဲ ရှိ၏။
ချင်မူက အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို ပြန်ကောက်ယူလိုက်သည်။ ထို့နောက် လိပ်ခွံအစောင့် မှော်ဆရာ၏ ခန္ဓာကိုယ်ကို ဆွဲလှန်၍ အစောက အဆောင်ရတနာကို ရှာဖွေကာ သူ့အင်္ကျီရင်ဘတ်ကြားထဲ ထိုးထည့်လိုက်၏။ ထိုအဆောင်ရတနာအပြင် အခြား ပစ္စည်း အတိုအထွာ အချို့ကိုလည်း တွေ့ရသည်။
ဟိုဟိုသည်သည် လှန်လှော ကြည့်ရှုပြီး အသုံးဝင်သည့်အရာ မတွေ့သဖြင့် ပြန်ချထားခဲ့၏။
“ကောင်းကင်မျက်လုံး၊ နိုးထ… အစိမ်းရောင် ကောင်းကင်မျက်လုံး၊ နိုးထ…”
ချင်မူ၏ သူငယ်အိမ်တွင် ကောင်းကင်မျက်လုံးနှင့် အစိမ်းရောင် ကောင်းကင်မျက်လုံး ပွင့်လာပြီး ပြွတ်သိပ်နေသော မှော်သင်္ကေတများက ကောင်းကင်ဘုံ အလွှာနှစ်ထပ်အဖြစ် ဖွဲ့စည်းသွား၏။ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်သောအခါ အရာအားလုံးက သူ့မျက်လုံးထဲတွင် ပြတ်သား ကြည်လင်လာသည်။
ဤနေရာရှိ ရွှေပလ္လင် တစ်ခုစီတွင် အစောက တွေ့ခဲ့သည့် ကုဗတုံးကဲ့သို့ အစီအရင်များဖြင့် ဖုံးအုပ်ထား၏။ ထိုကုဗတုံး တစ်ခုစီတွင် ရန်လိုသည့် အသွင်ဖြင့် သတ္တဝါငယ်လေးများ ရှိနေသည်။ ၎င်းတို့က မျက်နှာများ ရှုံ့မဲ့တွန့်လိမ်၍ ဆံပင်မွေးများ ရှုပ်ပွကာ လွှသွားကဲ့သို့ ချွန်ထက်သော သွားများ၊ လက်သည်းများ ရှိ၏။ ချင်မူသာ ကောင်းကင်မျက်လုံးကို အသုံးမပြုခဲ့လျှင် ၎င်းတို့ကို မြင်ရလိမ့်မည် မဟုတ်ပေ။
ချင်မူက အဆောင်ရတနာကို ကိုင်၍ မျက်နှာပြင် ဆယ့်လေးခုမှ မှော်သင်္ကေတများကို ဂရုတစိုက် လေ့လာပြီး ကုဗတုံးများနှင့် ယှဉ်ထိုး သုံးသပ်ကြည့်လိုက်၏။ သူ ခေါင်းယမ်းလိုက်သည်။ ဤအဆောင်ရတနာက ရွှေပလ္လင်များကို ဖွင့်လှစ်၍ရသော သော့မဟုတ်။ ဤနန်းတော်ခန်းမကို ဖွင့်သော သော့သာ ဖြစ်ပေလိမ့်မည်။
ရှေ့ဆက်လျှောက်သွားပြီး ရွှေပလ္လင်များကို တစ်ခုပြီးတစ်ခု လိုက်ကြည့်လိုက်သည်။ သူ ခပ်မြန်မြန် လှုပ်ရှားမှ ရမည်။ အပြင်ဘက်တွင် လင်ယွိရှို့က တောင်တံခါးမုခ်ဝကို ပိတ်ဆို့နေရဆဲ ရှိ၏။ လင်ယွိရှို့၏ သိုင်းစွမ်းရည်က သူ့အောက် တစ်ဆင့်နိမ့်သည် ဖြစ်၍ သိုင်းကွက်အသားပေး လမ်းစဉ်နှင့် မှော်လမ်းစဉ် ပေါင်းစည်းနိုင်ရန် ပါမောက္ခပါရှန့်ထံမှ သင်ယူထားခဲ့သော်လည်း အချိန် အကြာကြီး တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ရွှေပလ္လင်များပေါ်၌ ရတနာပစ္စည်း အမျိုးမျိုး ရှိပြီး အတော်များများမှာ လိုလန်ရွှေနန်းတော်မှ ဖန်တီးထားသည့် ရတနာများ ဖြစ်ကာ ထူးထွေဆန်းပြားလှသည်။ လူအရေခွံဖြင့် ဖန်တီးထားသော ပန်းချီကားပိတ်စနှင့် မှော်သင်္ကေတ ရေးသားရန် အောက်ခံစများ ရှိ၏။ လူခေါင်းခွံဖြင့် ပြုလုပ်ထားသော သပိတ်၊ လူ့အရေပြားဖြင့် ပြုလုပ်ထားသော ဗုံ၊ အရိုးဖြူအလံ၊ အဆိပ်တစ်ထောင် ဝိညာဉ်စားအလံ၊ အရိုးဖြူစေတီ အစရှိသည့် ရတနာများလည်း ရှိ၏။ ဤအရာ အားလုံးက အောက်လမ်းဂိုဏ်းသားများ အသုံးပြုသည့် အစီအရင် အဆောင်များ ဖြစ်သည်။
ထိုပစ္စည်းများအပြင် ရွှေရောင် တလက်လက် တောက်ပနေသည့် အရည်အသွေးကောင်း ရတနာပစ္စည်းအချို့လည်း ရှိ၏။ ထိုရတနာများက မှော်ဆရာဘုရင်အဆင့်ရှိသူ တစ်ဦးဦး ဖန်တီးထားသည့် ရတနာများ ဖြစ်ဟန် ရှိသည်။
မှော်ဆရာဂိုဏ်းမှ မဟုတ်သော ရတနာအချို့ကိုလည်း ဤနေရာတွင် ထားထားသည်ကို ချင်မူ တွေ့၏။ ဗုဒ္ဓဂိုဏ်း၏ အထွတ်အမြတ် ရတနာ ဖြစ်သော တံခွန်ကုက္ကားတစ်ထောင်စေတီနှင့် သရီရဓာတ်တော်များ ရှိသကဲ့သို့ စပျစ်သီးအရွယ်ခန့် ရှိသော ဓားစက်လုံး တစ်လုံး၊ အစွန်းတစ်ဖက်တွင် မီးကျွမ်းနေသော ကုချင်း တစ်လက်နှင့် ဓားကျိုး တစ်ချောင်းလည်း ရှိသည်။
ရုတ်တရက် ချင်မူ၏ ခြေလှမ်းများ ရပ်ပြီး ရှေ့ဆက် မသွားနိုင်ဘဲ ဖြစ်သွားသည်။ သူ့ရှေ့မှ ရွှေပလ္လင်ပေါ်တွင် ကျောက်ပြားတစ်ခု ထောင်ထားပြီး ထိုကျောက်ပြားပေါ်တွင် အပြည့်အစုံ မဟုတ်သော စွမ်းအင်လှည့်ပတ်မှု လမ်းကြောင်းပြ သရုပ်ဖော်ပုံ တစ်ပုံ ရေးထိုးထားသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုပုံက လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်၏ စွမ်းအင်လှည့်ပတ်မှု လမ်းကြောင်းပြ သရုပ်ဖော်ပုံ ဖြစ်ကြောင်း သိလိုက်၏။ သို့သော်လည်း အရပ်ခြောက်မျက်နှာအဆင့် စွမ်းအင်လှည့်ပတ်မှု လမ်းကြောင်းပြ သရုပ်ဖော်ပုံတော့ မဟုတ်။ အလျင်လိုနေသည် ဖြစ်၍ မည်သည့်အဆင့်အတွက် စွမ်းအင်လှည့်ပတ်မှု လမ်းကြောင်းပြ သရုပ်ဖော်ပုံ ဖြစ်သည်ကို မဆန်းစစ်အားတော့ချေ။
“သွား… သွား… ငါ ခန္ဓာကိုယ်အောက်ပိုင်းပြတ်ကို လိုက်ရှာရဦးမှာ…”
ချင်မူ ရတနာတိုက်၏ အတွင်းပိုင်းသို့ သုတ်ခြေတင် ပြေးသွားလိုက်သည်။ အတန်ကြာသောအခါ ရတနာတိုက် တစ်ခုလုံး ရှာဖွေ ကြည့်ရှုပြီး၍ ရွှေပလ္လင်တစ်ခုရှေ့တွင် ရပ်လိုက်၏။ ဤရွှေပလ္လင်ကို သူ တစ်ခေါက် တွေ့ခဲ့ပြီး ဖြစ်သော်လည်း ပြန်လာကြည့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ရွှေပလ္လင်ပေါ်၌ လူတစ်ယောက်၏ ခန္ဓာကိုယ် အောက်ပိုင်းပြတ် တစ်ခု ရှိနေသည်။ ၎င်းက ခါးအောက်ပိုင်းမှ တိတိရိရိ ပြတ်နေပြီး မားမားမတ်မတ် ရပ်လျက်သား အနေအထားနှင့် ရှိ၏။
သို့သော်လည်း ဤသည်က သားသတ်သမား၏ ခန္ဓာကိုယ်အောက်ပိုင်း မဟုတ်။
ဤခန္ဓာကိုယ်အောက်ပိုင်းက ရွှေရောင် တလက်လက် တောက်ပနေပြီး ရွှေရောင်သွေးစက်များ၊ အသား၊ အရိုးများနှင့် ဖြစ်သည်။
ကြောက်မက်ဖွယ်ရာ အရှိန်အဝါ အငွေ့အသက်တစ်ခု စိမ့်ဖြာထွက်နေပြီး မှော်ဆရာဘုရင်များထက်ပင်၍ အရှိန်အဝါ အားကောင်းလှ၏။
“ဥသျှောင်မှော်ဆရာရဲ့ ခန္ဓာကိုယ်လား…”
ချင်မူ မျက်တောင် တဖျတ်ဖျတ် ခတ်၍ သူ့ခါးကို ကိုင်ကြည့်ကာ သားသတ်သမား၏ ခန္ဓာကိုယ်ကို မြင်ယောင်ကြည့်လိုက်သည်။ သားသတ်သမား၏ ခန္ဓာကိုယ်က ဤခန္ဓာကိုယ် အောက်ပိုင်းခြမ်းပေါ်တွင် ကွက်တိကျနိုင်၏။
“ဥသျှောင်မှော်ဆရာက ဘိုးဘိုးသားသတ်သမားရဲ့ ခန္ဓာကိုယ်အောက်ပိုင်း ခိုးသွားတဲ့ ဂိုဏ်းကို အမြတ်ဖြတ် သုတ်သင်ပြီး ကြားဖြတ် လုယူသွားတယ်၊ ပြီးတော့ သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ဖြတ်ပြီး ဘိုးဘိုးသားသတ်သမားရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို တပ်လိုက်တာ ဖြစ်မယ်… မဟုတ်ရင် ဘိုးဘိုးသားသတ်သမားရဲ့ ခန္ဓာကိုယ်အောက်ပိုင်းက ဒီနေရာမှာ ရှိနေရမှာ…”
ချင်မူ၏ မျက်လုံးထောင့်စွန်းများ တွန့်ခနဲ ဖြစ်ပြီး ကြောက်စရာကောင်းသည့် ဖြစ်နိုင်ချေ တစ်ခုကို စဉ်းစားမိသွားသည်။
ဥသျှောင်မှော်ဆရာက သူ၏ ခန္ဓာကိုယ်အောက်ပိုင်းကို ဖြတ်၍ ဘိုးဘိုးသားသတ်သမား၏ ခန္ဓာကိုယ်အောက်ပိုင်းနှင့် အစားထိုးလိုက်ခြင်း ဖြစ်၏။
“ငါ့ရဲ့ ဆေးပညာနဲ့ သေချာပေါက် ဒီလိုမျိုး ဖြတ်ပြီး ဆက်နိုင်တယ်… ဥသျှောင်မှော်ဆရာကလည်း လုပ်နိုင်မှာပဲ…”
သူ ခေါင်းကျိန်းသွားသည်။ ကိုယ့်ခန္ဓာကိုယ်အောက်ပိုင်းကို ဖြတ်၍ အခြားသူ၏ ခန္ဓာကိုယ်အောက်ပိုင်းနှင့် အစားထိုးပစ်သည်။ ဥသျှောင်မှော်ဆရာက မည်သို့သော ရည်ရွယ်ချက် ရှိနေသနည်း။
“ဘိုးဘိုးသားသတ်သမားရဲ့ ခန္ဓာကိုယ်က သူ့ရဲ့ ရွှေခန္ဓာကိုယ်ထက် ပိုစွမ်းအားကြီးပြီး သူ့တစ်သက်လုံး လေ့ကျင့်ရင်တောင် အဲလို ဘဝမျိုး မရနိုင်တော့လို့ ဖြတ်လဲလိုက်တာလား… ဒါပေမဲ့ ဘိုးဘိုးသားသတ်သမားရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ခြေနှစ်ချောင်းနဲ့ ဝိညာဉ်လက်နက် ဖြစ်အောင် သွန်းလုပ်ပစ်တာလည်း ဖြစ်နိုင်တာပဲ…”
ချင်မူ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်ထွက်လာသည်။ ဝိညာဉ်လက်နက် လုပ်ပစ်သည်ဟူသော အတွေးက ဖြစ်နိုင်ချေ နည်းသော်လည်း လုံးဝ မဖြစ်နိုင်သည်တော့ မဟုတ်။ သူ့မျက်နှာ တစ်မျိုးတစ်မည် ဖြစ်သွား၏။ ရွှေပလ္လင်ပေါ်မှ ခန္ဓာကိုယ် အောက်ပိုင်းပြတ်ကလည်း အစီအရင်ဖြင့် ကာကွယ်ထားပြီး သူ့လက်ဆန့်၍ ယူလိုက်ပါက ကုဗတုံးထဲမှ သတ္တဝါလေးများ၏ လက်ချက်ဖြင့် အရိုးပင် ကျန်ခဲ့လိမ့်မည် မဟုတ်ပေ။
ပါမောက္ခပါ့ရှန်သာ ရှိလျှင် ဤအစီအရင်များကို ခွန်အားသုံး ဖျက်ဆီးပစ်နိုင်မည် ဖြစ်သော်လည်း ချင်မူတွင် ထိုသို့သော စွမ်းရည်မျိုး မရှိ။
“ဘိုးဘိုးထော့ကျိုးက ကောင်းကင်ခိုးယူ နေမင်းလဲလှယ် လက်သိုင်းကို သင်ပေးထားပေမဲ့ ငါ တစ်ခါမှ မသုံးဖူးသေးဘူး… ဒီအစီအရင် အတားအဆီးကို ဖြတ်ကျော်ပြီး လှမ်းယူလို့ ရနိုင်လောက်မလား…”
သူ့ရင်ထဲတွင် စိုးရိမ်မိပြီး ရုတ်တရက် ထော့ကျိုး သင်ပေးထားသည့် ကောင်းကင်ခိုးယူ ခြေလှမ်းသိုင်းကို ထုတ်သုံး၍ ရတနာတိုက်ထဲတွင် ပတ်ပြေးလိုက်သည်။ သူ့ပြေးနှုန်းက အရိပ်တစ်ခု ဖြတ်ပြေးသွားသည့်နှယ် မြန်လွန်း၍ သာမန်မျက်စိဖြင့် လိုက်မမီနိုင်ချေ။
ချင်မူက ပြေးနေရင်းနှင့် ကောင်းကင်ခိုးယူ နေမင်းလဲလှယ် လက်သိုင်းကို ထုတ်သုံးလိုက်ရာ သူ့လက်များက လျှပ်ပြက်သကဲ့သို့ မြန်သည်ထက် မြန်လာသည်။ ထော့ကျိုးက သူ၏ ကိုယ်စွမ်းဉာဏ်စွမ်း အားလုံးကို ခြေလက်များအပေါ်တွင် အသုံးပြုခဲ့၏။ သူ့ခြေထောက်များ မြန်မြန် ပြေးနိုင်အောင် လေ့ကျင့်ခဲ့ခြင်းက လူမိသွားလျှင် အသက်ဘေးမှ လွတ်အောင် ပြေးနိုင်ရန် ဖြစ်ပြီး သူ့လက်များ မြန်အောင် လေ့ကျင့်ခဲ့ခြင်းက ရတနာ ပစ္စည်းများ ခိုးယူနိုင်ရန် ဖြစ်သည်။
ချင်မူက ကောင်းကင်ခိုးယူ ခြေလှမ်းသိုင်းကို အားသွန်ခွန်စိုက် လေ့ကျင့်ဖြစ်သော်လည်း ကောင်းကင်ခိုးယူ နေမင်းလဲလှယ် လက်သိုင်းကို များစွာ မလေ့ကျင့်ဖြစ်ပေ။ ယခု နောက်ဆုံးအချိန် အားထုတ်သည့်အနေဖြင့် ၎င်း၏ အနှစ်သာရ သဘောတရားကို ပိုမို နားလည်သဘောအောင် ကြိုးစားကြည့်ခြင်း ဖြစ်သည်။
ကောင်းကင်ခိုးယူ ခြေလှမ်းသိုင်းနှင့် ကောင်းကင်ခိုးယူ နေမင်းလဲလှယ် လက်သိုင်းကို တစ်ပြိုက်နက် ထုတ်သုံးကြည့်လိုက်သောအခါ ထူးဆန်းသည့် အရာတစ်ခုကို ချင်မူ သတိပြုမိပြီး လွှတ်ခနဲ အော်၍ ခြေလှမ်းများ ရပ်တန့်သွား၏။
မတူညီသည့် သိုင်းကွက်နှစ်မျိုးကို တစ်ပြိုင်နက် ထုတ်သုံးလိုက်သောအခါ ဤသိုင်းကွက် နှစ်ခုက တစ်ခုတည်း ဖြစ်သည်ဟု ခံစားမိ၏။ ထော့ကျိုးက သူ့ကို နှစ်ခြမ်းခွဲ၍ သင်ပေးခဲ့လေသည်လား။
ယခင်က ကောင်းကင်ခိုးယူ ခြေလှမ်းသိုင်းကို လေ့ကျင့်သောအခါ ချီစွမ်းအင် စီးဆင်းမှု အလွန်တရာ ချောမွေ့၍ အဆီးအတား မရှိသကဲ့သို့ ခံစားခဲ့ရသည်။ ယခု ဤသိုင်းကွက် နှစ်ခုစလုံးကို ထုတ်သုံးလိုက်သောအခါ သူ၏ ချီစွမ်းအင် လှည့်ပတ်စီးဆင်းမှုက အဆပေါင်းများစွာ ပိုမြန်လာကြောင်း တွေ့ရ၏။
ချီစွမ်းအင် စီးဆင်းမှု အဆပေါင်းများစွာ မြန်ဆန်သွားသည် ဆိုခြင်းမှာ သူ့ခြေလက်များ၏ လှုပ်ရှားမှု အဆပေါင်း များစွာ ပိုမြန်လာသည် ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။
ချင်မူ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်၍ ရှေ့တူရူသို့ ကြည့်လိုက်သည်။ ရွှေနန်းတော် ရတနာတိုက်၏ အတွင်းပိုင်းက လွန်စွာ ကျယ်ဝန်းပြီး သူ ပြေးလွှားရန် လုံလောက်သော အကျယ်အဝန်း ရှိ၏။ ရုတ်တရက် သူ့ခြေထောက်များကို အားစိုက်၍ လေပေါ်တွင် ပျံဝဲနေသကဲ့သို့ တစ်ဟုန်ထိုး ပြေးသွားလိုက်သည်။
ခန်းမအတွင်းရှိ လေထုကို ထိုးခွင်းသွားသကဲ့သို့ ရွှီခနဲ မြည်ဟည်းသွားပြီး ရုတ်တရက် ဘုန်းခနဲ အသံကြီး ထွက်ပေါ်လာသည်။ စပြေးသည့် နေရာမှ ကိုက်သုံးရာခန့် ကွာဝေးသည့် နန်းတော်ခန်းမနံရံနှင့် ပြင်းထန်စွာ တိုက်မိပြီး ချင်မူ အတောင့်လိုက် နောက်ပြန် လန်လဲကျသွားသည်။
သူ့ခန္ဓာကိုယ် တစ်ဝိုက်၌ အဖြူရောင် အခိုးအငွေ့များ အကွင်းလိုက် ပေါ်ထွက်လာပြီး ပါးလျ လွင့်ပြယ်သွား၏။
တစ်ခဏကြာသောခါ ချင်မူ ထရပ်၍ ခေါင်းခါထုတ်လိုက်သည်။ သူ့ခြေထောက်များကို ခွန်အား ထပ်စိုက်လိုက်၏။ ဘုန်းခနဲ အသံကြီး ထပ်မံ ပေါ်ထွက်လာပြီး အဖြူရောင် အခိုးအငွေ့များ တလူလူ ထွက်၍ တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ်သွား၏။ သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ သူ နံရံနှင့် မတိုက်မိတော့ဘဲ နံရံတစ်လျှောက် အပေါ်သို့ ပြေးတက်၍ မျက်နှာကြက်ပေါ် ဝှစ်ခနဲ ဖြတ်ပြေးသွားသည်။
လေခွင်းသံ တဝှီးဝှီး အဆက်မပြတ် ပေါ်ထွက်လာပြီး ချင်မူက ရတနာတိုက်ထဲရှိ လေထုကို နင်းလျှောက်၍ လှစ်ခနဲ ပြေးထွက်ကာ မျက်စိတစ်မှိတ်အတွင်း ဝှစ်ခနဲ ပြန်ရောက်လာသည်။
ရုတ်တရက် ထိုသို့ ပြေးနေစဉ်အတွင်း သူ့လက်ကို ဆန့်ထုတ်၍ ကောက်ယူလိုက်၏။ ရွှေပလ္လင် တစ်ခု ဗလာကျင်းသွားပြီး ချင်မူ၏ လက်ထဲတွင် လူခေါင်းခွံဖြင့် ပြုလုပ်ထားသော သပိတ်တစ်လုံး ပါလာသည်။
ဒေါင်…။
ထိုသပိတ်က ကြမ်းပြင်ပေါ်သို့ ကျသွားပြီး ချင်မူ တဟားဟား အော်ရယ်လိုက်၏။ သူ့စိတ်ကို လွှတ်ချပြီး လက်နှစ်ဖက်ကို ဘေးတွင် ဆန့်တန်း၍ ရွှေပလ္လင်များဆီသို့ ကြယ်တံခွန် တစ်ခုပမာ တစ်ဟုန်ထိုး ပြေးထွက်သွားသည်။ ရွှေပလ္လင်များ တစ်ခုပြီးတစ်ခု ဗလာကျင်း၍ ကြမ်းပြင်ပေါ်တွင် ရတနာပစ္စည်းများ ပြန့်ကျဲသွား၏။
တစ်ခဏကြာသောအခါ ရွှေပလ္လင်အားလုံး အပြောင်ရှင်းသွားသည်။ ချင်မူက ခြေထောက်တစ်စုံကို ပိုက်၍ ရွှေပလ္လင်တစ်ခု ဘေးမှ ဖြတ်ကျော်သွား၏။
သူ့ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွားပြီး ထိုရွှေခန္ဓာကိုယ် အောက်ပိုင်းကို ကြမ်းပေါ် ချလိုက်သည်။
“ဘိုးဘိုးထော့ကျိုးက ပစ္စည်းတွေ ခိုးရတာ ကြိုက်တာ မဆန်းဘူး၊ ခိုးရတာ ဒီလောက် စိတ်ပျော်ဖို့ ကောင်းတာကို…”
ဒုက္ခိတဘိုးဘွားကျေးရွာမှ လူငယ်လေးက လေပူတစ်ချက် မှုတ်ထုတ်၍ ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲနေသော ရတနာများကို ကြည့်ကာ နှစ်ထောင်းအားရသော လေသံဖြင့် ကျူးရင့်လိုက်သည်။ “ခြေတစ်ဖက် ဖြတ်ခံရရင်တောင် တန်တယ်…”