ရွှေနန်းတော်ကို မေ့ဆေးခပ်ခြင်း
Vol. 12 Ch. 157
ချင်မူ ရုတ်တရက် အသိဝင်လာပြီး ထိုအတွေးက အလွန် အန္တရာယ်များကြောင်း သတိပြုမိလိုက်သည်။ ဤနည်းဖြင့် ဘိုးဘိုးထော့ကျိုး၏ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရခြင်း ဖြစ်၏။ ဘိုးဘိုးထော့ကျိုးမှာ မျက်နှာတွင် အပြုံးတစ်ခု အမြဲ ဆင်မြန်းထားသော်လည်း တိတ်တခိုး သက်ပြင်းချချနေရပြီး ခုတ်ဖြတ်ခံလိုက်ရသည့် ခြေထောက်တစ်ဖက်ကို ပြန်ရှာချင်သည့်တိုင် မရှာရဲသည့် ဘဝသို့ ရောက်ခဲ့ရသည်။
ဘိုးဘိုးထော့ကျိုး ဒုက္ခိတဘဝ မရောက်မီ အချိန်ကကဲ့သို့ ခိုးယူခြင်းကို စွဲလမ်းသည့် ဝဲဂယက်ထဲ နစ်မြုစ်သွားလျှင် မကြာမီ သူလည်း ထိုနည်းနှင်နှင် အဆုံးသတ်ကောင်း အဆုံးသတ်သွားပေလိမ့်မည်။
“ဒီလို အရသာမျိုးက ကျေနပ်အားရစရာ ကောင်းပေမဲ့ တတ်နိုင်သမျှ ရှောင်တာ အကောင်းဆုံးပဲ…”
ချင်မူ သူ့ကိုယ်သူ သတိပေး၍ ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲနေသော ရတနာများကို ကြည့်လိုက်သည်။ လိုလန်ရွှေနန်းတော်မှ ဖန်းတီးထားသည့် အောက်လမ်းရတနာပစ္စည်းများမှ လွဲလျှင် အခြားရတနာပစ္စည်းများ အားလုံးကို သူ ယူဆောင်သွားချင်သော်လည်း အများကြီး သယ်နိုင်လိမ့်မည် မဟုတ်။
“ဒီဓားစက်လုံးက ဒီမှာ ထားထားတာဆိုတော့ တစ်ခုခု ထူးခြားလို့နေမှာ…”
ချင်မူက ဓားစက်လုံးကို ကောက်ယူလိုက်သည်။ ထိုဓားစက်လုံးက လွန်စွာ လေးလံလှပြီး ရတနာဓား မြောက်မြားစွာ ထည့်သွင်းထားခြင်း ဖြစ်မည်။
သူ၏ ချီစွမ်းအင်က ဓားစက်လုံးထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်သွား၏။ ဝှမ်ခနဲ မြည်သံတစ်ချက်နှင့်အတူ ဓားကွေးတစ်လက် ပျံဝဲထွက်ပေါ်လာသည်။
“ဒါက ဓားစက်လုံး မဟုတ်ဘူး၊ ဓားမစက်လုံးပဲ…”
ချင်မူ အံ့အားသင့်သွားသည်။ ဤသို့သော ဓားမစက်လုံးမျိုးကို မန်သီလူရိုင်းနယ်မြေ၏ သူပုန်တပ်ဖွဲ့ထံတွင် သူ မြင်ဖူးခဲ့၏။ သူပုန်တပ်ဖွဲ့က ထိုသို့သော ဓားမစက်လုံးများကို အသုံးပြု၍ ပါမောက္ခပါ့ရှန်၏ ကောင်းကင်ဝိညာဉ်ကမ်းပါးနံရံသို့ ပစ်လွှတ်တိုက်ခိုက်ခဲ့သော်လည်း ထိုကမ်းပါးနံရံတွင် ထောင်သောင်းချီသော ဓားမများ ငြိတွယ်၍ ပြန်နုတ်ယူမရ ဖြစ်ခဲ့ရသည်။ သို့အတွက်ကြောင့် ထို့လီမူက သူပုန်တပ်ဖွဲ့ကို အသာအယာ သုတ်သင်နိုင်ခဲ့ခြင်း ဖြစ်၏။
ချင်မူ ဓားကွေးတစ်လက်ကို ကောက်ယူကြည့်လိုက်သည်။ ဤဓားစက်လုံးကို သူ အလွယ်တကူ အသုံးပြု၍ မရ။ ၎င်းကို အသက်သွင်းရသည့် အထူးအထွေ နည်းလမ်း တစ်ခုခု ရှိချေလိမ့်မည်။ သို့သော်လည်း ဤဓားကွေး၏ အရည်အသွေးက သူပုန်တပ်ဖွဲ့၏ ဓားမများထက် များစွာ သာလွန်၏။ သူ၏ ဝက်ခုတ်ဓားမအောက်ပင် မကျချေ။
သူ့ချီစွမ်းအင်ကို ပြန်ရုပ်သိမ်းလိုက်ရာ ဓားကွေးက ဓားမစက်လုံးထဲ ချွင်ခနဲ ပြန်ဝင်၍ အစအန ရှာမရအောင် ပျောက်ကွယ်သွားသည်။
ဤဓားမစက်လုံးထဲတွင် အလွန်တရာ များပြားသော ဓားကွေးများ ရှိသည်ဖြစ်၍ လူသတ်လက်နက်ကြီး တစ်ခု ဖြစ်မည်မှာ သေချာ၏။
ထို့နောက် ချင်မူ ဓားကျိုးကို ကောက်ယူကြည့်လိုက်သည်။ ဤဓားကျိုးမှာ မည်သည့် စွမ်းအားမျှ မရှိသကဲ့သို့ ခံစားရပြီး သူ့လက်ထဲတွင် ပေါ့ရွှတ်နေ၏။
ချင်မူ သူ၏ ကောင်းကင်မျက်လုံးနှင့် အစိမ်းရောင် ကောင်းကင်မျက်လုံးကို ဖွင့်၍ ဂရုတစိုက် အကဲခတ် ကြည့်ရှုလိုက်သော်လည်း မည်သည့် ထူးခြားမှုကိုမျှ မတွေ့ရချေ။ လိုလန်ရွှေနန်းတော်အနေဖြင့် ဤဓားကျိုးကို ယခုကဲ့သို့ ရတနာတိုက်ထဲတွင် သိမ်းဆည်းထားသည်မှာ တစ်ခုခု ထူးကဲ၍သာ ဖြစ်ရမည်။ သို့ဖြစ်၍ ဤဓားကျိုးကိုလည်း သူ ကောက်သိမ်းလိုက်သည်။
အစွန်းတစ်ဖက်တွင် မီးကျွမ်းနေသော ကုချင်းကို တစ်ချက်ကြည့်ပြီးသောအခါ ထိုမီးကျွမ်းရာမှာ မိုးကြိုးပစ်ခံထားရခြင်း ဖြစ်ကြောင်း ချင်မူ တွက်ဆလိုက်မိသည်။
“ဟမ်… မဟုတ်သေးဘူး… ဒီကုချင်းက အန္တရာယ်ကြီးတဲ့ မိစ္ဆာအငွေ့အသက်တွေ ရနေပါ့လား…”
ချင်မူ အသေးစိတ် ကြည့်ရှု အကဲခတ်ကြည့်သောအခါ ပို၍ ပို၍ ထူးဆန်းလာကြောင်း ခံစားမိသည်။ ဤကုချင်းက သိပ်သည်း နက်ရှိုင်းသော ချီစွမ်းအင်နှင့် နှလုံးသွေးများ စီးဆင်းလှည့်ပတ်နေသကဲ့သို့ အန္တရာယ်ကြီးသည့် အငွေ့အသက် တစ်ခု စိမ့်ဖြာနေသည်။ ထို့ပြင် မိစ္ဆာ အရှိန်အဝါ အငွေ့အသက်ကလည်း အလွန်တရာ ထူထပ်သိပ်သည်းနေ၏။
ဤကုချင်းက ကုချင်းတစ်လက်နှင့် မတူဘဲ အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသည့် မိစ္ဆာကြီးတစ်ကောင်နှင့် တူနေသည်။
“ကြည့်ရတာ သစ်ပင်ဝိညာဉ်တစ်ခုက မှော်မိစ္ဆာဖြစ်အောင် ကျင့်ကြံနိုင်ခဲ့ပြီး တစ်ယောက်ယောက်က အဲဒီ သစ်ပင်မိစ္ဆာကို ကုချင်း လုပ်ပစ်လိုက်တာများလား… ပစ္စည်းကောင်းပဲ၊ ဒါလည်း ငါ ယူသွားရမယ်…”
ချင်မူက ကုချင်းကို သူ့ကျောတွင် လွယ်ပိုး၍ လက်ရိုး တစ်ခုကို ကောက်ကိုင်ကြည့်လိုက်၏။ ထိုတစ်ခဏ၌ မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး ဆတ်ခနဲ တုန်ခါသွားပြီး သူ့ခေါင်းထဲတွင် ကျယ်လောင်သည့် အသံတစ်သံ ပဲ့တင်ထပ် မြည်ဟည်းလာ၏။
“နတ်ဘုရား ဘာသာစကား…”
ချင်မူ၏ အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားပြီး ကမန်းကတန်း လွှင့်ပစ်လိုက်သည်။ ထိုအသံက နတ်ဘုရား ဘာသာစကားဖြင့် ပြောလာခြင်း ဖြစ်ပြီး သူ့လက်ထဲ၌ လက်ရိုးကို ကိုင်ထားစဉ် စိတ်အာရုံထဲတွင် နတ်ဘုရား တစ်ပါး ပေါ်ထွက်လာသကဲ့သို့ ထင်ယောင်မိ၏။ အစောပိုင်းတွင် သူ ထိုလက်ရိုးကို ရွှေပလ္လင်ပေါ်မှ ကောက်ယူခဲ့စဉ်က ကြမ်းပြင်ပေါ်သို့ ချက်ချင်း ပစ်ချခဲ့သည်။ ယခုမှ ထိုသို့ ပစ်ချခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ကြောင်း သိသွား၏။
“ဒီလက်ရိုးက အတော်လေး ထူးဆန်းတာပဲ… တကယ်ပဲ နတ်ဘုရားတစ်ပါးရဲ့ အရိုး ဖြစ်နေမလား…”
သူ့စိတ်ကို တည်ငြိမ်အောင် ပြန်ထိန်း၍ အိမ်ရှေ့စံကိုယ်ရံတော်ဓားဖြင့် ထိုလက်ရိုးကို ကော်ယူလိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်မှ အိတ်တစ်လုံးကို ကောက်ယူ၍ ထိုအိတ်ထဲသို့ ထည့်လိုက်၏။
“ဗုဒ္ဓဂိုဏ်းရဲ့ တံခွန်ကုက္ကားတစ်ထောင် စေတီကလည်း ပစ္စည်းကောင်းပဲ… ဒါပေမဲ့ နည်းနည်း ကြီးလွန်းနေတယ်…”
ချင်မူက တံခွန်ကုက္ကားတစ်ထောင် စေတီကို အစုံအဆန် ကြည့်လိုက်သည်။ ဤစေတီ၏ တံခွန်ကုက္ကား တစ်ခုချင်းစီက လွန်စွာ လက်ရာမြောက်လှပြီး သုံးလက်မခန့်သာ ရှည်၏။ သို့သော်လည်း ထောင်ချီသော တံခွန်ကုက္ကားများဖြင့် စေတီပုံ ဖော်လိုက်သောအခါ လွန်စွာ ကြီးမားသွားသည်။ အရွယ်အစားအရ ကိုက်ပေါင်းများစွာ မြင့်သည်ဖြစ်၍ သူ့နောက်ကျောတွင် သယ်ဆောင်သွားပါက လူအများ သတိထားမိစရာ ဖြစ်သွားပေလိမ့်မည်။
သူ သရီရဓာတ်တော်အချို့ကို ကောက်ယူ၍ အိတ်ထဲသို့ ပစ်ထည့်လိုက်၏။ ထို့နောက် ကျောက်စိမ်းပုလဲ အချို့ကိုလည်း အိတ်ထဲ ကောက်ထည့်လိုက်သည်။
ချင်မူ ဓားမစက်လုံးကို အိတ်ထဲ ထည့်လိုက်သောအခါမှ တစ်စုံတစ်ရာ လွဲချော်နေကြောင်း သတိပြုမိလိုက်၏။ ဓားမစက်လုံးက လွန်စွာ လေးလံသော်လည်း အိတ်ထဲသို့ ရောက်သွားသောအခါ မည်သည့် အလေးချိန်ကိုမျှ မခံစားရတော့ချေ။
ထိုအိတ်ကို ကောက်မ၍ အကြိမ်ပေါင်း များစွာ လှန်လှော ကြည့်ရှုလိုက်၏။ ဤအိတ်သည်လည်း ရွှေပလ္လင်ပေါ်တွင် အစီအရင် ကာရံ၍ သိမ်းဆည်းထားသော ရတနာ တစ်ခု ဖြစ်သည်။ မည်သည့် အရာနှင့် ပြုလုပ်ထားပြီး မည်သို့ အသုံးဝင်မှန်း သူ မသိချေ။ အိတ်၏ တစ်ဖက်၌ ပါးစပ်ဖြဲဟနေသည့် ဆန်းကြယ်သားရဲ တစ်ကောင်ပုံ ချည်ထိုးထား၏။ ထိုဆန်းကြယ်သားရဲ၏ ပါးစပ်ပေါက်က အိတ်ပေါက်နှင့် ကွက်တိကျနေသည်။
အိတ်ကို ဖွင့်၍ အထဲသို့ ချောင်းကြည့်လိုက်သောအခါ နှမ်းစေ့ခန့် အရွယ်ရှိသော ရတနာပစ္စည်း အချို့ကို တွေ့ရ၏။ ထိုပစ္စည်းများက အစောပိုင်း သူ ပစ်ထည့်ခဲ့သော ရတနာများ ဖြစ်သည်။
ချင်မူ မှင်တက်မိသွား၏။ နတ်ဘုရားလက်ရိုး၊ သရီရဓာတ်တော်များ၊ ဓားစက်လုံးနှင့် အခြားပစ္စည်းများကို သွန်ချလိုက်သည်။ ထိုပစ္စည်းများက အိတ်အပြင် ရောက်လာသောအခါ မူလ အရွယ်အစားအတိုင်း မပြောင်းမလဲ ရှိနေသး၏။
“ထူးဆန်းတယ်…”
ချင်မူ အိတ်ကို ဖွင့်၍ ခေါင်းထိုးကြည့်လိုက်သည်။ အထဲ၌ စတုရန်းပေ ခြောက်ထောင်ကျော် ကျယ်ဝန်း၍ အမြင့်အားဖြင့် ပေနှစ်ဆယ်ခန့် ရှိသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွား
သူ့ခေါင်းကို ပြန်ထုတ်ပြီး လက်ထိုးထည့်ကြည့်လိုက်သည်။ လက်တစ်ချောင်းလုံး ဝင်သွားသည့်တိုင် အိတ်၏ အောက်ခြေကို မစမ်းမိချေ။
ချင်မူ တစ်ခဏမျှ စဉ်းစား၍ နတ်ဘုရားလက်ရိုး၊ သရီရဓာတ်တော်များ၊ ဓားစက်လုံးနှင့် အခြားပစ္စည်းများကို အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် ကုချင်းနှင့် တံခွန်ကုက္ကားတစ်ထောင်စေတီကို ထည့်လိုက်၏။
ရွှေသား ခန္ဓာကိုယ်အောက်ပိုင်းကိုလည်း ကောက်မ၍ အိတ်ထဲသို့ ထိုးထည့်လိုက်သည်။
ဒုက္ခိတဘိုးဘွားကျေးရွာမှ လူငယ်လေးက ထရပ်လိုက်ပြီး အိတ်ထဲထည့်ရန် ကြီးလွန်းသည့် အရာများမှ လွဲ၍ ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲနေသော ရတနာ ပစ္စည်း အားလုံးကို ကောက်ထည့်လိုက်သည်။
တစ်ခဏကြာသောအခါ ထိုအိတ်က အနည်းငယ် ဖောင်းကြွလာပြီး အလေးချိန် တစ်ခု ခံစားမိလာသည်။ သို့သော်လည်း များစွာ လေးလှသည်တော့ မဟုတ်။
ချင်မူ သူ လွှင့်ပစ်ထားခဲ့သော ပစ္စည်းများကို နောက်တစ်ကြိမ် ပြန်၍ ငုံ့ကောက်လိုက်၏။ ဆေးကျိုအိုးအချို့ကိုလည်း ကောက်ယူခဲ့သည်။ ထိုထဲမှ တစ်ခုက အလုံပိတ်ဆေးကျိုအိုး ဖြစ်ပြီး ထိုအလုံပိတ်ဆေးကျိုအိုးက နန်းတွင်းကောလိပ်မှ ဆေးကျိုအိုးထက် ပိုကြီးပြီး ပိုအဖိုးထိုက်တန်၏။
ဤရတနာတိုက်ထဲတွင် ကျန်တော့သည်က လိုလန်ရွှေနန်းတော်မှ လူအရိုးဖြင့် ပြုလုပ်ထားသော အောက်လမ်း အဆောင်ရတနာများသာ ဖြစ်၏။ ချင်မူ သက်ပြင်းတစ်ချက် ချ၍ သူ့ခါးတွင် အိတ်ကို ချိတ်ကာ အင်္ကျီဖြင့် ဖုံးလိုက်သည်။
“အချိန်သိပ်မရတော့ဘူး… မိန်းကလေးယွိရှို့ကို သွားကြည့်ရဦးမယ်၊ ဒီနေရာက မြန်မြန်ထွက်မှ…”
ချင်မူ၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်လာပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။ တစ်ခဏမျှ စဉ်းစားတွက်ချက်ပြီးနောက် တန်းပါ့လော်၏ အရေခွံကို ပြန်မဝတ်တော့ဘဲ ဝက်ခုတ်ဓားမကို ထုတ်ယူ၍ သူ့ဆံပင်ကို မှော်ဆရာဂိုဏ်းမှ ဂိုဏ်းသားတစ်ဦးအသွင် ပေါက်အောင် ပြုပြင်လိုက်သည်။
ထို့နောက် တန်းပါ့လော်၏ အဝတ်အစားများကို ဝတ်၍ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှ ကောင်းကင်နတ်ဘုရား ဖန်ဆင်းကျင့်စဉ်ကို အသုံးပြုလိုက်သည်။ မသိမသာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး သူ့ခန္ဓာကိုယ်မှ ရွှေရောင်ဖျော့ဖျော့ တောက်ပလာ၏။ ဖျတ်ခနဲ ကြည့်လိုက်လျှင် သူ့သွင်ပြင်က လိုလန်ရွှေနန်းတော်မှ ထွန်းပေါက် အောင်မြင်စ မှော်ဆရာတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်။
ချင်မူ လိုလန်ရွှေနန်းတော်၏ မြေပုံကို တစ်ချက် ဖွင့်ကြည့်ပြီး ပြန်သိမ်းလိုက်၏။
ထို့နောက် သူ၏ ချီစွမ်းအင်ဖြင့် ကုဗတုံး အဆောင်ရတနာကို အသက်သွင်းလိုက်သည်။ ထိုအဆောင်ရတနာက လေထဲသို့ ပျံဝဲတက်၍ မှော်သင်္ကေတများ တစ်ခုပြီးတစ်ခု လင်းလက်တောက်ပလာကာ ရတနာတိုက် တံခါးမှ အစီအရင် အတားအဆီးများပေါ်သို့ ကျရောက်သွား၏။
“ဆယ့်နှစ်၊ ကိုး၊ ခြောက်၊ တစ်ဆယ်၊ ခုနစ်၊ ခြောက်၊ ခုနစ်၊ တစ်…”
ချင်မူက နံပါတ်စဉ်များ တတွတ်တွတ် ရွတ်နေပြီး နံပါတ်တစ်ခုလျှင် ကုဗတုံး အဆောင်ရတနာ တစ်ပတ်လည်၍ မျက်နှာပြင် ဆယ့်လေးခုထဲမှ တစ်ခု လင်းလက်လာသည်။
ရတနာတိုက်ထဲသို့ ဝင်ရောက်စဉ်၌ လိပ်ခွံအစောင့် မှော်ဆရာက ဤကုဗတုံး အဆောင်ရတနာကို အသက်သွင်း၍ အတားအဆီး အစီအရင်ကို ဖွင့်လှစ်ခဲ့သည်။ အဆောင်ရတနာက မျက်နှာပြင် ဆယ့်လေးခု ရှိပြီး တစ်ဖက်စီတွင် မတူညီသော မှော်သင်္ကေတများ ပါရှိသဖြင့် အပြောင်းအလဲက အလွန်တရာ ရှုပ်ထွေးလှသည်။ ဤမှော်သင်္ကေတများ အားလုံး၏ အစီအစဉ်ကို မှတ်သားရန်မှာ အတော်လေး ခက်ခဲလှ၏။
သို့သော်လည်း ချင်မူ့အတွက်တော့ ဤမှော်သင်္ကေတများ၏ အစီအစဉ်ကို မှတ်သားရန်မှာ မခက်ခဲပေ။
အဆောင်ရတနာ၏ မျက်နှာပြင် ဆယ့်လေးဖက်ကို ကိန်းဂဏန်း ဆယ့်လေးလုံးဖြင့် အစားထိုး၍ မှတ်သားခဲ့၏။ ထို့နောက် လိပ်ခွံအစောင့် မှော်ဆရာ အသုံးပြုခဲ့သော မှော်သင်္ကေတ အစီအစဉ်ကို အထဲမှ အပြင်သို့ ပြောင်းပြန် ပြန်စဉ်လိုက်သည်။
သူ့ရှေ့တွင် ကုဗတုံးများ ပေါ်ထွက်လာ၍ တစ်ခုပြီးတစ်ခု နောက်ဆုတ်သွားကာ ရတနာတိုက်ထဲမှ အဆီးအတားမရှိ လျှောက်လှမ်း ထွက်လာခဲ့၏။
ချင်မူ သက်ပြင်းတစ်ချက်ချ၍ အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ဆွဲထုတ်ကာ ကုဗတုံး အဆောင်ရတနာကို အစိတ်စိတ်အမြွှာအမြွှာ ခုတ်ဖြတ်ပစ်လိုက်သည်။ ထို့နောက် မြေပုံပေါ်မှ လမ်းကြောင်းအတိုင်း လိုလန်ရွှေနန်းတော်၏ သိုလှောင်ခန်းသို့ ဦးတည်ထွက်သွား၏။
လိုလန်ရွှေနန်းတော်က မုခ်ဦးပိတ်ဆို့ခံနေရသော်လည်း သိုလှောင်ခန်းတွင် တာဝန်ကျသည့် အဆင့်မြင့် မှော်ဆရာတစ်ဦး ရှိနေသေးသည်။ ချင်မူက ဆေးစာရွက်တစ်ရွက် ထုတ်ပေးလိုက်၏။ ထိုမှော်ဆရာက ဖတ်ရှုလိုက်သည်။ “ရှဲမိန်ဘယ်ရီ ၂ချမ်၊ ကောင်းကင်ဝါးပင် ၁လျှံနဲ့ ၆ချမ်၊ နွယ်သာကီပန်း ၄ချမ်… များလိုက်တဲ့ ဆေးပင်တွေပါလား… မင်းက ဆေးကြီးဝါးကြီးတွေ ဖော်မလို့လား…”
ချင်မူက ခေါင်းညိတ်၍ အဖြူထည် အပြုံးတစ်ခု ပြုံးပြလိုက်၏။ “ကျွန်တော် ဒဏ်ရာရလာလို့ ကုသဖို့ပါ…”
“မင်းက မုခ်ဦးပိတ်တဲ့ကောင်နဲ့ တိုက်လာတာလား… ငါလည်း အဲဒီသတင်း ကြားတယ်၊ အတော်လေး သေကြတာပဲ… ကံကောင်းလို့ အဲကောင်ကို သတ်နိုင်လိုက်တာ၊ အများကြီး အရှက်မကွဲတော့ဘူးပေါ့… ဝူခန် မုခ်ဦးတံခါး ပိတ်တုန်းက တကယ့်ကို အရှက်ကွဲခဲ့တာ…”
ထိုအဆင့်မြင့်မှော်ဆရာက ဆေးပင်များ ထုတ်ယူလာ၏။ ချင်မူက တန်းပါ့လော်၏ ငွေအိတ်ကို ကမ်းပေးလိုက်သည်။ “သွေးနီပုလဲမြက်ရဲ့ အသီးလတ်လတ်ဆတ်ဆတ်ရော ရနိုင်မလား… လေးလုံးလောက် ထည့်ပေးပါ…”
“အဲဒါက သိပ်ဈေးကြီးတာ၊ ဘယ်လိုလုပ် လတ်လတ်ဆတ်ဆတ် ရှိမှာလဲ… အခြောက်ခံထားတာ ဆိုရင်တော့ ရမယ်၊ ယူမလား…”
“အခြောက်လည်း ရတယ်…”
ထိုမှော်ဆရာက အသီးခြောက်များ ယူလာသည်။ ချင်မူက အသီးခြောက် တစ်ခုကို ပါးစပ်ထဲ ကောက်ထည့်လိုက်၏။ ထိုမှော်ဆရာက ချင်မူ၏ ရိုးရိုးအအပုံကို ကြည့်၍ ကျိတ်ပျော်သွားပြီး ငွေအိတ်ထဲမှ ရွှေစအချို့ကို ပိုနှိုက်ယူထားလိုက်သည်။
ရုတ်တရက် ချင်မူ၏ အမူအရာ ပြောင်းလဲသွားပြီး အော်ဟစ်လိုက်၏။ “ခင်ဗျားက ကျုပ်ငွေတွေ ပိုယူထားတာပဲ…”
မှော်ဆရာမှာ မျက်နှာပျက်သွားပြီး ဒေါသတကြီး ပြန်အော်လိုက်၏။ “ငါ ဘယ်မှာ ပိုယူလို့လဲ၊ လျှောက်မစွပ်စွဲနဲ့…”
ချင်မူ သူ၏ ငွေအိတ်ကို ဆွဲယူ၍ ပြောလိုက်သည်။ “ကျုပ်အိတ်ထဲမှာ ဘယ်လောက်ရှိလဲ ကျုပ် သိတယ်… ခင်ဗျားပိုယူရင် ကျုပ် သိမှာပဲ… ဒီကိစ္စကို မှော်ဆရာဘုရင်ဆီ သွားတိုင်မယ်…”
မှော်ဆရာက ငွေအိတ်ကို ကမန်းကတန်း ပြန်ဆွဲယူလိုက်ရာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ကျောက်စိမ်းပုလင်း တစ်လုံး ကြမ်းပြင်ပေါ်သို့ မတော်တဆ ပြုတ်ကျကာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွား၏။
“သွားမတိုင်… ပါ… နဲ့…”
ထိုမှော်ဆရာမှာ စကားဆုံးအောင်ပင် မပြောနိုင်လိုက်ဘဲ ကြမ်းပြင်ပေါ်သို့ ရုတ်ခြည်း ပုံလဲသွားသည်။ မွှေးကြိုင်ထုံသင်းသော ရနံ့တစ်ခုက သိုလှောင်ခန်းထဲတွင် ပျံ့နှံ့သွားပြီး ရုတ်ရုတ်သဲသဲ အသံကြားသဖြင့် ရောက်လာကြသော မှော်ဆရာများသည်လည်း အနားသို့ မရောက်မီပင် ကြမ်းပြင်ပေါ် ပြိုလဲသွားကြ၏။
ချင်မူက ငွေအိတ်ကို သိုလှောင်ခန်းထဲသို့ လွှင့်ပစ်လိုက်ရာ မှော်ဆရာ၏ ကိုယ်ပေါ်သို့ ကျသွားသည်။ ထို့နောက် သူ့ခါးမှ အိတ်ထဲသို့ ဂရုတစိုက် ကြည့်ရှု၍ ဆေးကျိုအိုး တစ်လုံးကို ထုတ်ယူလိုက်၏။ ထိုဆေးကျိုအိုးက ရတနာတိုက်ထဲမှ ယူလာသည့် အလုံပိတ်ဆေးကျိုအိုး ဖြစ်သည်။
“ဒီတစ်ခေါက် အတိတ်မေ့မွှေးရနံ့ကို ဆယ်ဆပိုထည့်ထားတယ်… လိုလန်ရွှေနန်းတော် တစ်ခုလုံး သတိမေ့မလဲဘဲ နေနိုင်မယ်လို့ ငါ မယုံဘူး…”
ဆေးပင်များကို ဆေးကျိုအိုးထဲ ထည့်ပြီးနောက် သူ၏ ချီစွမ်းအင်က တစ်ရှိန်ထိုး ထွက်ပေါ်လာကာ ဆေးကျိုအိုး၏ ပတ်ပတ်လည်တွင် ထပ်ခါထပ်ခါ လှည့်ပတ်နေ၏။ သူ၏ လက်ဟန်နည်းစနစ်များက မူးနောက်စရာကောင်းအောင် အဆက်မပြတ် ပြောင်းလဲနေသည်။ အတန်ကြာပြီးသောအခါ အတိတ်မေ့မွှေးရနံ့ ဖော်စပ်ပြီးစီးသွား၏။ သို့သော်လည်း ချင်မူ၏ လက်ဖဝါးထက်မှ ချီစွမ်းအင်က အားကောင်းသော မီးတောက်မီးလျှံများအဖြစ် ဆက်လက် လောင်ကျွမ်းနေဆဲ ရှိသေးသည်။ ပြီးခဲ့သည့် အခေါက်ကကဲ့သို့ လိပ်နက်ချီစွမ်းအင်ဖြင့် အေးမြသွားအောင် မလုပ်ဘဲ ပို၍ပို၍ အရှိန်မြှင့် လောင်ကျွမ်းစေလိုက်၏။
တစ်ခဏကြာပြီးသောအခါ ချင်မူ ရပ်တန့်ပြီး ဆေးကျိုအိုး အဖုံးကို ဖွင့်လိုက်သည်။ ပန်းနုရောင် မီးခိုးငွေ့များက ဟုန်းခနဲ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွား၏။ သူ၏ ပါးစပ်ထဲတွင် ငုံထားသည့် သွေးနီပုလဲ အသီးခြောက်က အတိတ်မေ့မွှေးရနံ့၏ အာနိသင်ကို ချေဖျက်နိုင်ခြင်းကြောင့်သာ မဟုတ်လျှင် သူ့ခြေလက်များ ပျောက်ကွယ်သွားသကဲ့သို့ ခံစားရပေလိမ့်မည်။
ချင်မူ ကမန်းကတန်း အသက်အောင့်လိုက်သည်။ ဆေးကျိုအိုးထဲမှ ပန်းနုရောင် အခိုးအငွေ့များက တလူလူ ဆက်ထွက်နေဆဲ ရှိသေး၏။ သူ၏ ချီစွမ်းအင်က နဂါးစိမ်းချီအဖြစ် ပြောင်းလဲသွားပြီး မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှ လေပြင်းဆင့်ခေါ် မှော်သိုင်းကို အသုံးပြု၍ ထိုမီးခိုးငွေ့များ ပျံနှံ့သွားအောင် မှုတ်ထုတ်လိုက်သည်။
များမကြာမီ အတိတ်မေ့မွှေးရနံ့က တစ်တောင်လုံး ပျံ့နှံ့သွား၏။
ချင်မူ သူ့အိတ်ကို သယ်၍ ဝက်ခုတ်ဓားမနှစ်လက်၊ သံတူကြီးနှင့် ဓားအိတ်ကို နေရာတကျ ရှိ၊ မရှိ စမ်းပြီး တောင်တံခါးမုခ်ဝဆီသို့ အပြေးသွားလိုက်သည်။
သူ၏ ချီစွမ်းအင်က လိပ်နက်ချီအဖြစ် ပြောင်းလဲ၍ ရေငွေ့များ ထုတ်လွှတ်ကာ ရေလုံးများ ဖန်တီးလိုက်၏။
ထို့နောက် ကျန်နေသေးသည့် သွေးနီပုလဲ အသီးခြောက် သုံးခုကို ရေလုံးများထဲသို့ ထည့်၍ ဆက်ပြေးသွားသည်။ လက်တစ်ဖက်က ရေလုံးသုံးလုံးကို ကိုင်ထားပြီး ကျန်လက်တစ်ဖက် တစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှားလိုက်၏။ သူ၏ လက်ချောင်းများက အမျိုးမျိုးသော လက်ဟန်နည်းစနစ်များဖြင့် ထက်အောက် လှုပ်ရှား၍ ရေလုံးများကို ထိုးစိုက်ကာ သွေးနီပုလဲ အသီးခြောက်များ၏ ဆေးစွမ်းအာနိသင်ကို နှိုးဆွနေသည်။
ထိုအသီးခြောက် သုံးလုံးက ရေဓာတ်ကို စုပ်ယူပြီး ပြည့်ဖောင်းလာ၏။ ဆေးစွမ်းအာနိသင်ကလည်း ချင်မူ၏ လှုံ့ဆော်မှုကြောင့် ပိုမို ရုန်းကြွလာသည်။
ချင်မူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ရုတ်တရက် ရွှေရောင်အလင်းတန်းများ ကောင်းကင်ယံသို့ ထိုးတက်ပြီး အဝေးသို့ ပျံသန်းသွားသည်ကို မြင်လိုက်ရ၏။ ထိုအလင်းတန်းများက လိုလန်ရွှေနန်းတော်၏ အထွတ်အမြတ်ခန်းမရှေ့တွင် စောင့်ကြပ်နေသော မှော်ဆရာဘုရင်များ ဖြစ်ပြီး တစ်တောင်လုံးရှိ ဂိုဏ်းသားများ အဆိပ်မိ သေဆုံးသွားသည်ကို တွေ့၍ အလန့်တကြား ပြေးထွက်သွားကြခြင်း ဖြစ်မည်။
“သေကုန်ပြီ၊ အကုန်သေကုန်ပြီ…” ကြောက်လန့် တုန်လှုပ်စွာ အော်ဟစ်လိုက်သော အသံနက်ကြီးက အဝေးဆီသို့ လွင့်ပါး ပျောက်ကွယ်သွား၏။
ချင်မူ သူ၏ ပြေးအားကို အစွမ်းကုန် တင်လိုက်ပြီး တောင်အောက်သို့ ပြေးဆင်းသွားသည်။ နွားသိုးစိမ်းကြီး၊ ဟူလင်းအာနှင့် လင်ယွိရှို့တို့ အားလုံး မြေပြင်ပေါ်တွင် လဲကျနေသည်ကို သူ တွေ့လိုက်ရ၏။ လင်ယွိရှို့၏ ကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ ရှိပြီး သွေးများ စွန်းပေနေသည်။
သူတို့၏ ပါးစပ်ထဲသို့ သွေးနီပုလဲအသီးများ အလျင်အမြန် ခွံ့လိုက်၏။ များစွာမကြာလိုက်ဘဲ သတိရလာကြသည်။ သို့သော်လည်း သူတို့၏ ခြေလက်များ ထုံထိုင်းနေဆဲရှိပြီး စိတ်အလျဉ်နှင့် ဝိညာဉ်သန္ဓေသားများမှာလည်း ထှိုင်းမှိုင်းနေ၏။ မည်သို့ ဖြစ်သွားသည်မှန်း သူတို့ မသိလိုက်ကြချေ။
“အတိတ်မေ့မွှေးရနံ့က မှော်ဆရာဘုရင်တွေကို ခြောက်ရုံပဲ ခြောက်လှန့်နိုင်တယ်၊ သတိမေ့သွားအောင် မလုပ်လိုက်နိုင်ဘူး…”
ချင်မူက လောဆော်လိုက်၏။ “ဒီသတင်းကြားရင် ပါမောက္ခပါ့ရှန့်နဲ့ တန်းတူယှဉ်နိုင်တဲ့ လိုလန်ရွှေနန်းတော်က အဆင့်မြင့် ပညာရှင်တွေ အပြေးရောက်လာမှာ စိုးရတယ်… ငါတို့ မြန်မြန် ထွက်သွားမှ ရမယ်…”