ခိုးရာလိုက်ပြေးခြင်း
Vol. 12 Ch. 158
လင်ယွိရှို့က ဒယိမ်းဒယိုင်နှင့် ထရပ်လိုက်သည်။ နွားသိုးစိမ်းကြီးကလည်း ခေါင်းကြီး ယိမ်းထိုးနေ၏။ ချင်မူက မြေခွေးလေးကို ကောက်ချီ၍ နောက်ကျောမှ အိတ်ထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် လင်ယွိရှို့၊ အခြား လက်တစ်ဖက်ဖြင့် နွားသိုးစိမ်းကြီးကို ဆွဲခေါ်ကာ တောင်အောက်သို့ တစ်ရှိန်ထိုး ပြေးဆင်းသွား၏။
လင်ယွိရှို့က သတိရတစ်ဝက်၊ မရတစ်ဝက် ဖြစ်နေဆဲ ရှိသည်။ သူက ချင်မူ့ကို ကြောင်တောင်တောင် ပြုံးပြ၍ ပြောလာ၏။ “နွားကျောင်းသား၊ နင် မသေသေးဘူးပေါ့…”
ချင်မူက သူ့စကားကို မကြားယောင်ပြု၍ တောင်အောက်သို့ ခြေကုန်သုတ် ပြေးနေသည်။ သူ့ပြေးနှုန်းက မြန်လွန်းလှသဖြင့် လင်ယွိရှို့နှင့် နွားသိုးစိမ်းကြီးမှာ မီအောင် လိုက်မပြေးနိုင်ဘဲ လေထဲတွင် မျောလွင့်၍ ပါလာ၏။
တောင်ခြေသို့ ရောက်သောအခါ ချင်မူ သစ်သားလှေရှိရာသို့ လှမ်းကြည့်လိုက်သည်။ ဆိတ်မျက်နှာမှော်ဆရာက ရေထဲသို့ ခေါင်းစိုက်ကျ၍ သတိလစ်နေ၏။ သူ့ခန္ဓာကိုယ်တစ်ပိုင်းက လှေပေါ်တွင် ထိုင်လျက်သားနှင့် ရေနစ်သေဆုံးနေပြီ ဖြစ်သည်။
ချင်မူ လှေပေါ်သို့ အလျင်အမြန် ပြေးတက်၍ ဆိတ်မျက်နှာ မှော်ဆရာ၏ ခြေထောက်နှစ်ချောင်းကို ဆွဲလှန်ကာ ရေထဲသို့ ပစ်ချလိုက်သည်။ ထို့နောက် ထိုးဝါးဖြင့် ထိုးလိုက်၏။ သို့သော်လည်း လှေက တုတ်တုတ်မျှ မလှုပ်ချေ။
ချင်မူ ထိုးဝါးကို အမျိုးမျိုး ပြောင်းထိုးကြည့်သော်လည်း လှေက မလှုပ်မယှက်သာ ရှိနေ၏။
“ရေသေအိုင်က တွန်းကန်အား လုံးဝမရှိတာပါလား…”
ချင်မူ တစ်မုဟုတ်ချင်း သဘောပေါက်သွားသည်။ သူ၏ ချီစွမ်းအင်ကို ထိုးဝါးထဲသို့ ပို့လွှတ်လိုက်၏။ ၎င်း၏ မျက်နှာပြင်တွင် ထူးဆန်းသော အမှတ်အသားများ ပေါ်ထွက်လာသည်။ ထို့နောက် ရေသေအိုင်ထဲသို့ ထိုးဝါးဖြင့် ထိုးကြည့်လိုက်ရာ ရေ၏ ခုခံအားကို ခံစားမိ၏။
ချင်မူ သက်ပြင်းတစ်ချက် ချပြီး ထိုးဝါးဖြင့် ထိုး၍ တစ်ဖက်ကမ်းသို့ မျှောသွားလိုက်သည်။ သစ်သားလှေက လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ တစ်ရိပ်ရိပ် ပြေးသွားသော်လည်း အတော်လေး နှေးနေသည်ဟု သူ ခံစားရ၏။
လိုလန်နန်းတော်မှ ဥသျှောင်မှော်ဆရာနှင့် မှော်ဆရာဘုရင်များ တောင်ထိပ်သို့ ပြန်ရောက်လာလျှင် ဤဂိုဏ်းသားများက အဆိပ်မိခြင်း မဟုတ်ဘဲ သတိလစ်သွားခြင်းသာ ဖြစ်ကြောင်း သိပြီး အတိတ်မေ့မွှေးရနံ့၏ အာနိသင် ပျက်ပြယ်အောင် ချက်ချင်း ဖြေဖျောက်နိုင်ကောင်း ဖြေဖျောက်သွားနိုင်ပေလိမ့်မည်။
ယခုအချိန်သာ သူတို့ လိုက်လာလျှင် ချင်မူနှင့် ကျန်သူများ ရင်ဆိုင်ရမည့် အနေအထားက အတော်လေး ဆိုးဝါးမည် ဖြစ်၏။
အခြားဘက်ကမ်းသို့ ရောက်သောအခါ နွားသိုးစိမ်းကြီးက အသိဝင်လာပြီး ကမန်းကတန်း အော်ဟစ်လိုက်သည်။ “သခင်ကြီးက တောင်ပေါ်မှာပဲ ရှိသေးတယ်…”
ချင်မူ သူ့ကို နှစ်သိမ့်လိုက်၏။ “မပူပါနဲ့၊ ငါတို့တောင် လွတ်အောင် ပြေးနိုင်သေးရင် သူလည်း လွတ်အောင် ပြေးနိုင်ပါတယ်… မင့်သခင်ကြီးက ငါတို့ထက် အများကြီး စွမ်းအားကြီးတာပဲ၊ ငါတို့ ပြန်သွားရင် သူ့အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လိမ့်မယ်… ပြီးတော့ ဥသျှောင်မှော်ဆရာနဲ့ မှော်ဆရာဘုရင်တွေ လိုလန်ရွှေနန်းတော်ကို ပြန်လာကြရင် သူ့အတွက် ထွက်ပြေးဖို့ အခွင့်အရေး ရမှာပါ…”
သူ ကမ်းပေါ်သို့ ခုန်တက်၍ လက်ကမ်းပေးလိုက်သည်။ သို့သော်လည်း လင်ယွိရှို့နှင့် နွားသိုးစိမ်းကြီးတို့က ကမ်းပေါ်သို့ လိုက်ခုန်တက်လာကြပြီ ဖြစ်ပြီး သူ ကူညီရန် မလိုတော့ချေ။
သွေးနီပုလဲသစ်သီးကြောင့် နဂိုအတိုင်း ပြန်ကောင်းသွားချေပြီ။ သွေးနီပုလဲသစ်သီးက အမှန်ပင် အတိတ်မေ့မွေးရနံ့အတွက် ဖြေဆေး ဖြစ်၏။ အတိတ်မေ့မွှေးရနံ့မှာ မူလက နဂါးတစ်ကောင်ကို မေ့ဆေးခပ်ရန်အတွက် ဘိုးဘိုးဆေးဆရာ ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။ ထိုနဂါးက အလွန်တရာ စွမ်းအားကြီးလှပြီး ကောင်းကင်နတ်အသွင်အဆင့် ပညာရှင်တစ်ယောက်နှင့် ကောင်းကောင်းကြီး ယှဉ်နိုင်၏။ သို့သော်လည်း ဘိုးဘိုးဆေးဆရာ၏ လက်ချက်ဖြင့် တုန်းခနဲ သတိမေ့လဲခဲ့သည်။
ဤမေ့ဆေးအတွက် အိပ်မက်ဆိုးက သွေးနီပုလဲသစ်သီးသာ ဖြစ်၏။
“နွားသိုးစိမ်းကြီး…”
ချင်မူက တစ်ချက် အော်လိုက်သည်။ နွားသိုးစိမ်းကြီးက သူ၏ စိတ်ဆန္ဒကို သိ၏။ တစ်မဟုတ်ချင်း မြေပေါ်သို့ လေးဖက်ထောက်ကျသွားပြီး သူ့ပုံသဏ္ဌာန် အစစ်အမှန်ကို ဖော်ထုတ်၍ တိမ်တိုက်နှင့် လေပြင်းကို စီးနင်းထားသည့် ခန့်ညားထည်ဝါသော အစိမ်းရောင် နွားသိုးကြီး တစ်ကောင်အသွင်သို့ ပြောင်းလဲသွားသည်။
ချင်မူနှင့် လင်ယွိရှို့က နွားသိုးကြီး၏ ကျောပေါ်သို့ ခုန်တက်လိုက်၏။ “နွားသိုးစိမ်းကြီး၊ မြန်နိုင်သမျှ အမြန်ဆုံး ပြေး…”
နွားသိုးစိမ်းကြီး၏ ခြေထောက်များ လှုပ်ရှားသွားသည်။ သူ၏ ခွာများက မြေပြင်ကို မထိဘဲ တိမ်တိုက်နှင့် လေပြင်းများအပေါ်တွင် ပြေးလွှားနေ၏။ နွားသိုးကြီး၏ ကျောပေါ်မှ လူနှစ်ယောက်မှာ လေတဟူးဟူး တိုးတိုက်မှုကြောင့် မျက်နှာတစ်ပြင်လုံး စပ်ဖျဉ်းဖျဉ်း ခံစားလိုက်ရသည်။ ချင်မူ၏ နောက်ကျောရှိ အိတ်ထဲမှ ဟူလင်းအာမှာ သတိရလာပြီး ခေါင်းပြူထွက်အကြည့်တွင် လေနောက်ပါ၍ လွင့်ထွက်သွားတော့မလို ဖြစ်သွားသဖြင့် ကျောပိုးအိတ်ကို ကမန်းကတန်း ဖမ်းဆွဲလိုက်ရသည်။ သူ့တစ်ကိုယ်လုံးမှာ အိတ်ထဲမှ လွင့်ထွက်သွားပြီး ပြင်းထန်သည့် လေအဟုန်ကြောင့် အမြီးနှင့် ခန္ဓာကိုယ်က အတန်းလိုက် ပါလာ၏။
အစိမ်းရောင် နွားသိုးကြီး၏ ခွာများက အနိမ့်အမြင့်၊ အတက်အကျ စည်းချက်ညီညီ ပြေးလွှားနေပြီး မြေပြင်နှင့် ထိရန် တစ်ပေခန့်အလိုတွင် သူ၏ ခွာမှ လေပွေများ ထွက်ပေါ်၍ အထက်သို့ တွန်းတင်သဖြင့် ပြေးနှုန်းအရှိန်က အလွန်တရာ လျင်မြန်လှသည်။
ချင်မူ နောက်ပြန်လှည့်ကြည့်လိုက်သည်တွင် သူ၏ ဆံပင်များ ဖွာလန်ကြဲ ရှုပ်ပွသွား၏။ သူ့ဆံပင်ကို မှော်ဆရာ တစ်ယောက်နှင့် တူအောင် ပြုပြင်ထားသဖြင့် စည်းနှောင်ခြင်း မပြုခဲ့ရချေ။ ထိုအခါမှသာ ဟူလင်းအာက ရှေ့လက်နှစ်ဖက်ဖြင့်သာ ကျောပိုးအိတ်ကို ကုတ်တွယ်ထားရကြောင်း တွေ့လိုက်မိ၏။ ဟူလင်းအာ၏ ခန္ဓာကိုယ်က လေထဲတွင် တလွင့်လွင့် ဖြစ်နေသဖြင့် ကမန်းကတန်း ဖမ်းထိန်းလိုက်ရသည်။
လင်ယွိရှို့က လှမ်းအော်လိုက်၏။ “နွားကျောင်းသား၊ သူ့ကို ငါ သယ်ခဲ့မယ်… နင့်ဆံပင်တွေ စည်းဖို့လုပ်…”
ချင်မူက ဟူလင်းအာကို လင်ယွိရှို့ထံ ပေးလိုက်သည်။ လင်ယွိရှို့က ဟူလင်းအာကို ရင်ခွင်ထဲတွင် ပိုက်ထားလိုက်၏။ ဟူလင်းအာမှာ လင်ယွိရှို့ ရွှေရင်အစုံ၏ နူးညံ့မွှေးပျံ့မှုကို ခံစားမိပြီး ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်သည်။ သူ့အနေဖြင့် မကျေနပ်သော်လည်း လွန်စွာ သက်သောင့်သက်သာ ရှိလှသဖြင့် ခေါင်းဖြင့် တိုးဝှေ့လိုက်မိ၏။ သူမ ပင်ပန်းနေချေပြီ။
ချင်မူက ခေါင်းစည်းကြိုး တစ်ခု ထုတ်ယူပြီး သူ့ဆံပင်များကို စည်းနှောင်ကာ နောက်ဘက်သို့ တစ်ချက်တစ်ချက် ပြန်ပြန်လှည့်ကြည့်နေ၏။ လိုလန်ရွှေနန်းတော်က ဝေး၍ ဝေး၍ ကျန်ခဲ့သည်။ ရုတ်တရက် နှင်းတောင်တန်းဆီမှ ရွှေရောင်အလင်းတန်းများက လိုလန်ရွှေနန်းတော်ဆီသို့ ခပ်မှန်မှန် ပျံသန်းသွားကြောင်း ခပ်ဝါးဝါး မြင်လိုက်မိ၏။
ထိုရွှေရောင်အလင်းတန်းများက မြန်လှသည့်ပုံ မပေါ်သော်လည်း အမှန်တကယ်တမ်းတွင် အလွန်တရာ လျင်မြန်ပြီး အသက်တစ်ရှိုက်စာ အချိန်အတွင်း လိုလန်ရွှေနန်းတော်သို့ ရောက်ရှိသွားသည်။
တစ်ခဏကြာသောအခါ ရွှေရောင်အလင်းတန်း အချို့ လိုလန်ရွှေနန်းတော်မှ ထွက်ခွာ၍ သူတို့ ရှိရာအရပ်သို့ ပျံသန်းလာ၏။
ချင်မူ့ရင်ထဲတွင် လေးလံသွားသည်။ ထိုရွှေရောင်အလင်းတန်းများက လိုလန်ရွေနန်းတော်၏ မှော်ဆရာဘုရင်များ ဖြစ်ပြီး သူတို့၏ ခြေရာကို ခံမိ၍ နောက်မှ လိုက်လာခြင်း ဖြစ်မည်။ နွားသိုးစိမ်းကြီး၏ ပြေးနှုန်းက အလွန်တရာ လျင်မြန်လှသော်လည်း သူ၏ ကျင့်စဉ်အဆင့်က မှော်ဆရာဘုရင်များနှင့် ယှဉ်၍ မရပေ။
ထိုအခိုက်၌ အဖြူရောင် အလင်းတန်း တစ်ခုက ကောင်းကင်ယံသို့ ထိုးတက်လာပြီး ရွှေရောင်အလင်းတန်းများကို ကြားဖြတ်တားလိုက်သည်။ ထိုအလင်းတန်းများက ကောင်းကင်ယံတွင် ထိပ်တိုက်တွေ့ကာ ပြန်ခွာသွားကြပြီးနောက် ထပ်မံ၍ ထိပ်တိုက် ရင်ဆိုင်လိုက်ကြပြန်၏။
ချင်မူ ရောက်နေသည့် နေရာမှ ကြည့်လျှင် ထိုအလင်းတန်းများ၏ လှုပ်ရှားမှုက မြန်သည်ဟု မထင်ရသော်လည်း အနီးအနားမှ ကပ်ကြည့်လျှင် လွန်စွာ မြန်ဆန်လှသဖြင့် သဲသဲကွဲကွဲပင် မြင်ရလိမ့်မည် မဟုတ်ပေ။
ထိုရွှေရောင် အလင်းတန်းများက အဖြူရောင် အလင်းတန်းနှင့် အကြိမ်အနည်းငယ် ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ကောင်းကင်ယံတွင် အလင်းလုံးကြီး တစ်ခု ရုတ်တရက် ပေါက်ကွဲ၍ အနက်ရောင် မီးခိုးငွေ့တန်းကြီး ထွက်ပေါ်လာကာ အရိုးခေါင်းတစ်ခုအသွင် ပြောင်းလဲသွားသည်။ အရိုးခေါင်းကြီးက ပါးစပ်ထဲမှ အနက်ရောင် မီးခိုးငွေ့တန်းများ မှုတ်ထုတ်လိုက်၏။ ထိုမီးခိုးငွေ့တန်းများက အရိုးခေါင်းငယ်များအသွင် ပြောင်းသွားသည်။ ထိုသို့ သုံးကြိမ်သုံးခါ ဖြစ်ပွားပြီးနောက် ကောင်းကင်တစ်ခွင်လုံး အရိုးခေါင်းများဖြင့် ပြည့်နှက်သွား၏။
ထိုအရိုးခေါင်းများက အဝေးမှပင် မြင်ရသည်ဖြစ်ရာ အနီးကပ်သာဆိုလျှင် အလွန်တရာ ကြီးမားပေလိမ့်မည်။ တောင်လုံးကြီးများကဲ့သို့ပင် ရင်သပ်ရှုမောဖွယ် ကောင်းနိုင်၏။
ထို့နောက် ဓားမတစ်လက်က အပြောကျယ်သည့် ကောင်းကင်ယံကို ခုတ်ထစ် ဖြတ်သန်းသွားပြီး ရုတ်တရက် ရွှေရောင်အလင်းတန်းများကြားမှ အလင်းတန်းတစ်ခု ပျက်စီးကြွေလွင့်သွားကြောင်း ချင်မူ မြင်တွေ့လိုက်သည်။
နွားသိုးစိမ်းကြီးက မြန်သည်ထက် မြန်အောင် ပြေးလွှားနေပြီး အဝေးမှ တိုက်ပွဲကို ကောင်းကောင်း မမြင်ရတော့။
တောင်တန်းအချို့ကို ထပ်မံ ကျော်ဖြတ်ပြီးသောအခါ မည်သည်ကိုမျှ မမြင်ရတော့ချေ။
နေလုံးကြီး အနောက်ဘက်ကမ်းတွင် မေးတင်သွားသောအခါ ကောင်းကင်တစ်ခွင်က တဖြည်းဖြည်း မှောင်ရိပ်သန်းလာသည်။ နွားသိုးစိမ်းကြီးမှာ နေ့တစ်ဝက်ခန့် မနားတမ်း ပြေးလာရ၍ ဟောဟဲဆိုက်ကာ အမြှုပ်တစီစီထနေချေပြီ။ ရှေ့တူရူရှိ မြက်ခင်းလွင်ပြင်မှ ရေကန်တစ်ကန်ကို မြင်သောအခါ ကမန်းကတန်း ပြေးသွားပြီး အငမ်းမရ ပြေးသောက်လိုက်၏။
များစွာ မကြာလိုက်ဘဲ ကန်ထဲမှ ရေတစ်ဝက် မျက်လှည့်ပြသလို ပျောက်ကွယ်သွားသည်။
ရေတိမ်ပိုင်းတွင် ငါးများ၏ ကျောပြင်စိမ်းစိမ်းများ ပေါ်ထွက်လာ၏။ တစ်ပေ၊ နှစ်ပေခန့် ရှည်လျားသော ငါးကြီးများမှာ ရွှံ့ညွန်ထဲတွင် တိုးဝှေ့၍ ရေများသည့်ဘက်သို့ သွားရန် ကြိုးစားနေကြသည်။
ချင်မူက နွားသိုးစိမ်းကြီး မခံနိုင်လောက်အောင် မောပန်းနေကြောင်း တွေ့ရ၍ အောက်ခုန်ဆင်းလိုက်သည်။ “နွားသိုးစိမ်းကြီး၊ ဆက်မပြေးတော့နဲ့… နည်းနည်းလောက် နားရအောင်…”
နွားသိုးစိမ်းကြီး အားရအောင် မသောက်ရသေးမီတွင် အိုမင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။ “ဟဲ့နွား၊ ရပ်လိုက်စမ်း… မင်း ဆက်သောက်နေရင် ငါတို့ရွှာအတွက် ရေသောက်စရာ မရှိတော့ဘဲ နေလိမ့်မယ်…”
နွားသိုးစိမ်းကြီး ခေါင်းမော့ကြည့်လိုက်သောအခါ သိုးကျောင်းသား အဘိုးကြီးတစ်ဦးက သိုးအုပ်ကို ပစ်ထားခဲ့ပြီး အလောတကြီး ပြေးလာနေသည်ကို တွေ့လိုက်ရ၏။ သူက နှင်တံကို ဝှေ့ယမ်း၍ ခြောက်ထုတ်ရန် ပြင်လိုက်သော်လည်း ကြောက်မက်ဖွယ်ကောင်းအောင် ကြီးမားသည့် နွားသိုးစိမ်းကြီးကို မြင်သောအခါ အနားသို့ ကပ်မလာရဲဘဲ အဝေးမှ လှမ်းမောင်းထုတ်၏။ “ရှူး… ရှူး…”
ချင်မူက နွားသိုးကြီး၏ ခွာကို ပုတ်လိုက်၏။ နွားသိုးစိမ်းကြီးက သူ၏ ပုံသဏ္ဌာန် အစစ်အမှန်သို့ ပြောင်းလဲထားပြီး အလွန်တရာ မြင့်မားတုတ်ခိုင်လှသဖြင့် ချင်မူ့ အရပ်အမောင်းက သူ့ခြေကျင်းဝတ်သာ ရှိသည်။ သို့ဖြစ်၍ နွားသိုးကြီး၏ ခွာကိုသာ ပုတ်နိုင်၏။
နွားသိုးစိမ်းကြီးက ကမန်းကတန်း ရေသောက် ရပ်လိုက်သည်။ လင်ယွိရှို့က နွားသိုးကြီး၏ ကျောပေါ်မှ အလျင်အမြန် ခုန်ဆင်းလိုက်၏။ ဟူလင်းအာလည်း လင်ယွိရှို့၏ ရင်ခွင်ထဲမှ ရုန်းထွက်၍ ချင်မူ၏ ကျောပိုးအိတ်ပေါ်သို့ ခုန်တက်လိုက်သည်။
ထိုအဘိုးအိုက ရှေ့တိုးမလာရဲချေ။ နွားသိုးစိမ်းကြီးက သူခန္ဓာကိုယ် အရွယ်အစားကို ပြန်ကျုံ့သွင်းပြီး လူတစ်ယောက်ကဲ့သို့ ခြေထောက်နှစ်ချောင်းပေါ်တွင် ရပ်လိုက်သည်။ သို့တိုင်အောင် သူ့အရပ်အမောင်းက သာမန်လူတစ်ယောက်၏ နှစ်ဆ၊ သုံးဆခန့် ရှိသေး၏။ သူက အမြီးကို ယမ်း၍ ယင်ကောင်များ၊ မှက်များကို ရိုက်သတ်ပစ်လိုက်သည်။
ချင်မူက အဝေးမှ လှမ်းနှုတ်ဆက်လိုက်၏။ “အဘိုး၊ ကျွန်တော်တို့က ခရီးသွားတွေပါ… မှောင်လာပြီမို့လို့ အနားယူဖို့ ပြင်နေတာပါ… ခရီး အတော်လေး ပန်းလာပြီး ရေငတ်နေတဲ့အတွက် ကျွန်တော့် နွားသိုးကြီးက နည်းနည်း ပိုသောက်လိုက်မိပါတယ်… တောင်းပန်ပါတယ် ခင်ဗျ…”
ထိုအဘိုးအိုက ရှေ့သို့ တိုးလာပြီး နွားသိုးစိမ်းကြီးကို ခေါင်းမော့ကြည့်၍ တအံ့တဩ ရေရွတ်လိုက်သည်။ သူ အနည်းငယ် ကြောက်ရွံ့နေသေး၏။ “မင်းရဲ့ နွားက တကယ့်ကို ကောင်းကောင်း ကျွေးမွေးပြုစုထားတာပဲ၊ အတော်ကြီး ကြံ့ခိုင်သန်စွမ်းတယ်… ဘယ်လိုလုပ် ဒီနွားက အစိမ်းရောင် ဖြစ်နေရတာလဲ…”
ချင်မူက ပြုံးလိုက်သည်။ “သူက နဂါးသွေး တစ်ဝက်ပါလို့ အစိမ်းရောင် ဖြစ်နေတာပါ…”
ထိုအဘိုးအိုက ထိကြည့်ချင်သော်လည်း မထိရဲဘဲ ဖြစ်နေ၏။ နောက်ဆုံးတွင်မှ သတ္တိမွေး၍ နွားသိုးကြီး၏ ဘေးနား တိုးကပ်ပြီး ထိကြည့်လိုက်သည်။ နွားသိုးကြီး၏ အရေပြားက ဖဲသားကဲ့သို့ ချောမွေ့နေပြီး ကြွက်သားများက သံမဏိကဲ့သို့ မာကြောနေ၏။ “သူ့ကြွက်သားတွေက တကယ့်ကို သန်မာတာပဲ… ငါတို့ ရွာမှာ နွားမတွေ ရှိတယ်၊ သူနဲ့ သားစပ်လို့ ရနိုင်မလား…”
နွားသိုးစိမ်းကြီးမှာ မကျေမနပ် ဖြစ်သွားသည်။ “အဘိုးကြီး၊ ကျုပ်က သားစပ်တဲ့နွား မဟုတ်ဘူး… ပြီးတော့ ကျုပ်နှလုံးသားကလည်း ပိုင်ဆိုင်သူ ရှိနေပြီ…”
ထိုအဘိုးအိုမှာ အလန့်တကြား ထခုန်၍ ရေရွတ်လိုက်မိသည်။ “မိ… မိစ္ဆာလား…”
ချင်မူက ကမန်းကတန်း ပြောလိုက်သည်။ “သူက မိစ္ဆာ မဟုတ်ပါဘူး…”
ဟူလင်းအာက ခေါင်းပြူထွက်လာ၏။ “ကျွန်မကမှ မှော်မိစ္ဆာ…”
အဘိုးအိုက ရုတ်တရက် သဘောပေါက်သွားသကဲ့သို့ ရှိပြီး ချင်မူနှင့် လင်ယွိရှို့ကို ပြုံးကာ ကြည့်လိုက်သည်။ “ငါ သိပြီ… မင်းတို့က လူချမ်းသာ မိသားစု တစ်ခုခုကနေ ထွက်ပြေးလာတာ မဟုတ်လား… ချမ်းသာတဲ့ မိသားစုတွေပဲ ဒီလို ဆန်းကြယ်သားရဲနဲ့ မြေခွေးနတ်ဝိဇ္ဇာမျိုး မွေးမြူထားနိုင်တာ… မိုးက မှောင်နေပြီ၊ ငါတို့ရွာမှာ လိုက်နားပါလား…”
ချင်မူက တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီး လင်ယွိရှို့ကို ကြည့်လိုက်သည်။ လင်ယွိရှို့က ခပ်တိုးတိုး ပြောလိုက်၏။ “နွားသိုးစိမ်းကြီးက သိပ်ပင်ပန်းနေပြီ… ဆက်ပြေးနိုင်မှာ မဟုတ်တော့ဘူး…”
ချင်မူ မျက်မှောင်ကြုတ်လိုက်သည်။ “လိုလန်ရွှေနန်းတော်က မီလာရင် သူတို့ပါ ဒုက္ခရောက်မှာ စိုးတယ်…”
လင်ယွိရှို့က တီးတိုး ပြောလိုက်၏။ “နွားသိုးစိမ်းကြီးက တစ်ချိန်လုံး လေပေါ်က ဆင်းခဲ့တာမှ မဟုတ်တာ… ခြေရာလက်ရာ မကျန်ပါဘူး၊ သူတို့ ခြေရာကောက်ဖို့ ခက်ပါလိမ့်မယ်… ဒီလို လုပ်မလား၊ ရွာက သိုသိုဝှက်ဝှက်ဆိုရင် တစ်ညအိပ်လိုက်ကြမယ်၊ မြင်သာထင်သာ ဖြစ်နေရင်တော့ ခရီးဆက်ကြတာပေါ့…”
ချင်မူ ခေါင်းညိတ်လိုက်၏။ “အဘိုး၊ အဲဒီလိုဆို ကျွန်တော်တို့ ဒီညအတွက် အဘိုးကိုပဲ ဒုက္ခပေးပြီး နောက်ရက် မနက်မှ ခရီးဆက်ပါတော့မယ်…”
အဘိုးအိုက ပြုံးလိုက်သည်။ “နောက်ရက်တွေ ဆက်နေလည်း ကိစ္စမရှိဘူး… ငါတို့ရွာမှာ လူသိပ်ရှိတော့တာ မဟုတ်ဘူး၊ သေခါနီး အဘိုးကြီး အဘွားကြီးတွေချည်းပဲ ရှိတာ… လူလေးရဲ့ ခန္ဓာကိုယ်က အတော်လေး ကြံ့ခိုင်သန်စွမ်းတာပဲ… အဘိုးကို သိုးတွေ ကျောင်းခဲ့ပေးပါလား…”
ချင်မူက ရှေ့သို့ ပြေးသွား၏။ သူ၏ ကိုယ်ဟန်လှုပ်ရှားမှုက အလွန်တရာ လျင်မြန်လှသည်။ မကြာမီ သိုးအုပ်ကို မောင်းထုတ်လာ၏။ အဘိုးအို၏ မျက်လုံးများက အရောင်တောက်သွားသည်။ “လုံမလေး၊ မင်းက တကယ့်ကို အမြင်စူးရှတာပဲ… ဒီလူလေးက ကြံ့ခိုင်သန်စွမ်းပြီး အစွမ်းအစ အတော်ရှိတယ်…”
လင်ယွိရှို့၏ မျက်နှာ နီရဲသွား၏။ “အဘိုး ထင်သလို မဟုတ်ပါဘူး…”
အဘိုးအိုက တဟားဟား အော်ရယ်၍ သိုးအုပ်ကို မောင်းနှင်ရင်း သူတို့ကို ခေါ်ဆောင်သွားသည်။ တောင်ကြားချိုင့်ဝှမ်းတစ်ခုကို ကျော်ဖြတ်ပြီးသောအခါ တောအုပ်အလယ်မှ ရွာငယ်လေးတစ်ခုသို့ ရောက်ရှိသွား၏။ ထိုရွာက များစွာ မကြီးမားလှဘဲ အိမ်ခြေနှစ်ဆယ်ခန့်သာ ရှိသည်။ သို့သော်လည်း အိမ်ခြေအများစုက ဟာလာဟင်းလင်း ဖြစ်၍ အဘိုးကြီး၊ အဘွားကြီး ဆယ်ယောက်ကျော်သာ နေထိုင်ကြ၏။ ထိုရွာတည်ရှိရာ တောအုပ်က ဆိတ်ငြိမ်ခေါင်သီလှပြီး မြင့်မားသော သစ်ပင်ကြီးများကို ခုတ်ထွင်နိုင်မည့်သူ မရှိသဖြင့် ရွာငယ်လေးကို အုပ်မိုးထားသကဲ့သို့ ရှိသည်။
“ဘာလို့ လူတွေ ဒီလောက် နည်းနေရတာလဲ…” ချင်မူ စိတ်အေးသွားပြီး နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။
“ခန်တွေက နေ့တိုင်း စစ်ပွဲတွေ တိုက်ပြီး အပြန်အလှန် သတ်ဖြတ်နေကြတာ… သန်သန်မြန်မြန် အရွယ်ကောင်းတွေကို ဟိုခန်က ဆွဲသွားလိုက်၊ ဒီခန်က ဆွဲသွားလိုက်နဲ့ လူတွေ တဖြည်းဖြည်း လျော့လျော့သွားတာပါပဲကွယ်…”
အဘိုးအိုက သက်ပြင်းချလိုက်၏။ “ရွာမှာရှိတဲ့ သန်သန်မြန်မြန်တွေ အကုန်လုံး ပြောင်းရွှေ့သွားကြပြီ၊ ငါတို့ အဘိုးကြီး အဘွားကြီးတွေပဲ ကျန်ခဲ့တော့တယ်… ငါတို့ ဘိုးဘွားတွေကတော့ ရွှေ့ချင် ပြောင်းချင်ရင်တောင် မရွှေ့ပြောင်းနိုင်ပါဘူးကွယ်… ဘယ်မှလည်း သွားစရာ မရှိဘူး… သူတို့ ဒီနှစ်ပိုင်းထဲ သန်သန်မြန်မြန်လူငယ်တွေကို ဆွဲခေါ်သွားတုန်းက ငါတို့ အရိုးအိုတွေကို ဒီအတိုင်း ထားခဲ့တာပဲ ကံကောင်းလှပြီ… ရှင်မရေ၊ ဧည့်သည်တွေ ပါလာတယ်…”
အဝတ်ပြဲများ ချုပ်နေသော အဘွားအိုတစ်ယောက်က တုန်ချိတုန်ချိနှင့် ထွက်လာပြီး ပြုံးပြလိုက်သည်။ “ဧည့်သည်တွေပါလား… လာ လာ... အဘွား စားဖို့သောက်ဖို့ ပြင်လိုက်ဦးမယ်…”
ချင်မူက ကမန်းကတန်း ပြောလိုက်၏။ “ကျွန်တော် လုပ်လိုက်မယ် အဘွား… ရွာမှာတုန်းက ကျွန်တော်ပဲ စားဖို့သောက်ဖို့ တာဝန်ယူ ပြင်ဆင်ခဲ့တာ…”
အဘွားအိုက ပြောဆို၍ မနိုင်သဖြင့် ချင်မူ ချက်ပြုတ် ပြင်ဆင်သည်ကို အဘိုးအိုနှင့်အတူ ကြည့်၍သာ နေရ၏။ လင်ယွိရှို့က ကမန်းကတန်း ရှေ့ထွက်၍ အဘိုးကြီး အဘွားကြီး နှစ်ယောက်ကို အထိုင်ခိုင်းလိုက်သည်။
“သူတို့ ဘယ်က လာကြတာလဲ…” အဘွားအိုက ပြုံးပြရင်း မေးလိုက်သည်။
အဘိုးအိုက မျက်စိမှိတ်ပြပြီး လက်မနှစ်ချောင်း ပူး၍ နမ်းသည့်ပုံစံမျိုး လုပ်ပြလိုက်သည်။ “ချမ်းသာတဲ့ မိသားစု တစ်ခုခုက ထွက်ပြေးလာတာ၊ ခိုးပြေးလာတဲ့ စုံတွဲ…”
လင်ယွိရှို့၏ မျက်နှာက ရှက်သွေးဖြာသွားပြီး ခပ်တိုးတိုး ငြင်းဆန်လိုက်သည်။ “အဲဒီလို မဟုတ်ပါဘူး၊ ကျွန်မတို့က ရိုးရိုးသားသားပါ…”
“ငါတို့လည်း ငယ်ရာကနေ ကြီးလာတာပါကွယ်၊ နားလည်ပါတယ်… ဒီလုံမလေးကလည်း ရှက်တတ်လိုက်တာ…”
အဘွားအိုက လင်ယွိရှို့ကို ခြေဆုံးခေါင်းဆုံး ကြည့်၍ ကျိုးတို့ကြဲတဲ သွားများပေါ်အောင် ပြုံးလိုက်သည်။ “လုံမလေးက မိန်းမကောင်းလေးပဲ၊ ဖွံ့ထွားတဲ့ တင်တွေ ရင်တွေနဲ့ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ် ရှိတယ်… ဟိုလူလေးတော့ အတော် ကံကောင်းတာပဲ…”
အဘိုးအိုက ပြုံးလိုက်သည်။ “ဟိုလူလေးကလည်း ယောက်ျားကောင်းလေးပါ… အတော်လေး ကြံ့ခိုင်တယ်… ရိုးလည်း ရိုးသားတယ်၊ မောက်မာဝင့်ကြွားတာမျိုးလည်း မရှိဘူး… ငါ့လို ယိုင်နဲ့နဲ့ လူအိုကြီးကို တွေ့တာတောင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံတယ်…”
အဘွားအိုက ဆက်ပြောလိုက်၏။ “မင်းတို့ နှစ်ယောက် တစ်နှစ်၊ နှစ်နှစ်လောက် အတူနေပြီးရင် အိမ်ပြန်သင့်တယ်… ကလေးတစ်ယောက်သာ မွေးပြီး ခေါ်သွားလိုက်၊ မင်းတို့ မိသားစုတွေ အသိအမှတ် မပြုချင်ရင်တောင် မရတော့ဘူး…”
လင်ယွိရှို့မှာ ရင်ထဲတွင် ဗြောင်းဆန်၍ ခေါင်းကိုသာ တွင်တွင် ညိတ်နေမိသည်။ ဘာဆက်ပြောရမှန်း မသိတော့။ သူ့စိတ်ထဲမှ ကျိတ်တွေးလိုက်မိသည်။ “ငါသာ နွားကျောင်းသားနဲ့ ကလေးတစ်ယောက် မွေးခဲ့ရင် ငါ့အဖေ ဒေါသထွက်လို့ သေသွားမလားပဲ… မဟုတ်ဘူး၊ မဟုတ်ဘူး… ငါ့အဖေတော့ ဒေါသထွက်လို့ မသေဘူး၊ သူပဲ ခေါင်းဖြတ်သတ်ခံရမှာ… ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေ…”
တစ်ခဏမျှ ကြာပြီးသောအခါ ထမင်းနံ့၊ ဟင်းနံ့များ ပျံ့လွင့်လာပြီး လင်ယွိရှို့က အပြေးသွား၍ ထမင်းခူးခပ်ရန် ကူညီလိုက်၏။ စားသောက် ပြီးစီးသွားသောအခါ ကောင်းကင်တစ်ခွင်က ပိန်းပိတ်အောင် မှောင်နေပြီ ဖြစ်သည်။ တစ်ရွာလုံးတွင် သက်ကြီးရွယ်အိုများသာ ရှိသည် ဖြစ်၍ အိပ်ရာမဝင်မီ ခဏသာ ဆီမီးအိမ်များ ထွန်းထားကြ၏။ ချင်မူက အဘိုးအဘွား နှစ်ယောက်ကို လုပ်စရာရှိသည်များ ကူညီ လုပ်ကိုင်ပေးပြီးနောက် အဘိုးအိုက ပြောလိုက်သည်။ “ရွာထဲမှာ အိမ်လွတ်တွေ အများကြီး ရှိတယ်… လူလေးတို့ တစ်လုံးရွေးပြီး နေလိုက်ကြ…”
ချင်မူက ကျေးဇူးစကား ဆို၍ အိမ်ဝင်းလွတ် တစ်လုံးအတွင်း ဝင်သွားလိုက်သည်။ ဟူလင်းအာက အခန်းသုံးခန်းကို သန့်ရှင်းရေး လုပ်ပြီးနောက် သူ့ဖာသာ တွက်ချက်လိုက်၏။ “နွားသိုးစိမ်းကြီးက တစ်ခန်း၊ ရင်ကြီးကြီးနဲ့ မြေခွေးမက တစ်ခန်း၊ သခင်လေးနဲ့ ငါ့အတွက်က တစ်ခန်း… သုံးခန်း ကွက်တိပဲ…”
ရုတ်တရက် ချင်မူ တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ ကောင်းကင်ယံသို့ ခေါင်းမော့ကြည့်လိုက်သည်။ ကြယ်တံခွန် နှစ်လုံးက အနောက်ဘက် ကောင်းကင်ယံမှ ရွေ့လျားလာသည်ကို မြင်ရသဖြင့် အဆောတလျင် ပြောလိုက်၏။ “အကုန် အထဲဝင်ကြ…”
လင်ယွိရှို့၊ နွားသိုးစိမ်းကြီးနှင့် ဟူလင်းအာတို့က အိမ်ထဲသို့ အလျင်အမြန် ပြေးဝင်သွားကြသည်။ သူတို့ အထဲရောက်သည်နှင့် ဝီခနဲ အသံကြားရပြီး အလင်းတန်းကြီး နှစ်ခု နိမ့်ဆင်းလာကာ တစ်ရွာလုံး နေ့ခင်းသဖွယ် လင်းထိန်သွား၏။