← Chapters

မျက်ကန်း၏မျက်လုံး

Vol. 12 Ch. 159

မျက်ကန်း၏မျက်လုံး

Vol. 12 Ch. 159

ထိုအလင်းတန်း နှစ်ခုက စက္ခုအလင်းများ ဖြစ်ပြီး ထိုစက္ခုအလင်း၏ ပိုင်ရှင်က ကောင်းကင်ယံတွင် ပျံဝဲ၍ မြက်ခင်းလွင်ပြင်ထဲ လိုက်လံရှာဖွေနေခြင်း ဖြစ်သည်။ စက္ခုအလင်းတန်း နှစ်ခုက အောက်ဘက်သို့ ထိုးကျနေပြီး မြက်ခင်းလွင်ပြင် တစ်ခုလုံး ရွှေရောင် တောက်ပလင်းလက်နေ၏။ ထို့နောက် ဤရွာငယ်လေးအပေါ်မှ ကျော်ဖြတ်ပြီး အဝေးသို့ ထွက်ခွာသွားသည်။

ချင်မူ သက်ပြင်းတစ်ချက်ချ၍ အိမ်တံခါး ဖွင့်ကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။ အချင်း နှစ်မိုင်၊ သုံးမိုင်ခန့်ထိ တောက်ပလင်းလက်နေသော အလင်းတန်းကြီးများ၏ လက်သည်တရားခံ ကြယ်တာရာနှစ်လုံးက ဝေး၍ ဝေး၍ သွားသည်။

“ဆရာတူအစ်ကိုကြီး ပါ့ရှန် ဘယ်လိုနေလဲ မသိဘူး…”

ချင်မူ အမှန်ပင် စိတ်ပူမိသည်။

အစောက ဖြတ်သွားသူများမှာ လိုလန်ရွှေနန်းတော်မှ မှော်ဆရာဘုရင်အဆင့် ရှိသော အဆင့်မြင့်ပညာရှင်များ ဖြစ်ပေလိမ့်မည်။ နွားသိုးစိမ်းကြီးက ခြေရာလက်ရာ မချန်ခဲ့သည့်အပြင် ဤရွာလေးက မီးများ မှိတ်၍ တောအုပ်ထဲတွင် ပျောက်ကွယ်နေသည့်အတွက် ထိုမှော်ဆရာဘုရင်က မတွေ့ခဲ့ခြင်း ဖြစ်၏။ ဤနေရာရှိ လူများက သက်ကြီးရွယ်အိုများ ဖြစ်ကြပြီး အိပ်ရာစောစော ဝင်သွားကြပေပြီ။

သို့သော်လည်း ဤမှော်ဆရာဘုရင်က သူတို့ကို လာရောက် ရှာဖွေနိုင်သည်မှာ ပါမောက္ခပါ့ရှန်က တားမထားနိုင် ဟူသော သဘောပင် ဖြစ်၏။ ပါမောက္ခပါ့ရှန် ထိခိုက်ဒဏ်ရာ ရသွားသည်လား၊ ဝိုင်းဖွဲ့တိုက်ခိုက် ခံနေရသည်လား တစ်ခုခု ဖြစ်ဖို့ များသည်။

“အိပ်ကြစို့…”

ချင်မူ ကျောက်စိမ်းပုလင်းလေး တစ်လုံးကို လင်ယွိရှို့ထံ ပစ်ပေးလိုက်၏။ “မိန်းကလေးယွိရှို့၊ နဂါးသွားရည်က နင့်ကိုယ်ပေါ်က ဒဏ်ရာတွေအတွက် သိပ်ကောင်းတယ်… မအိပ်ခင် နည်းနည်း လိမ်းထားလိုက်… မနက် လင်းတာနဲ့ ငါတို့ ဒီက ထွက်ကြမယ်…”

လင်ယွိရှို့က ခေါင်းညိတ်၍ အခန်းထဲ ဝင်သွားသည်။ တစ်ခဏကြာသောအခါ ဤမိန်းကလေးက တံခါးပြန်ဖွင့်၍ ခေါင်းပြူထွက်လာ၏။ နက်မှောင်လှပသော ဆံနွယ်များက သူ၏ ရွှေရင်အစုံရှေ့တွင် ဝဲကျပြီး နူးညံ့ချောမွတ်သည့် ပခုံးသား တစ်ခြမ်းက အတိုင်းသား မြင်နေရသည်။ ကျန်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းများကတော့ တံခါးချပ်နောက်တွင် ကွယ်နေ၏။ သူမက ရှက်ဝဲဝဲနှင့် ပြောလိုက်သည်။ “နွားကျောင်းသား၊ ငါ ကြည့်လို့ မမြင်ရတဲ့ နေရာတွေကျ ဆေးလိမ်းလို့ အဆင်မပြေဘူး ဖြစ်နေတယ်… အဲဒါ…”

“ငါ ကူညီပေးမယ်…”

ဟူလင်းအာက ဝမ်းသာအားရ ပြေးထွက်လာပြီး ပြုံးလိုက်သည်။ “နင့်ကို ငါ လိမ်းပေးမယ်… ဒီကိစ္စလောက်နဲ့ သခင်လေးကို သွားဒုက္ခပေးနေစရာ မလိုဘူး…”

ထိုတစ်ညက စကားလုံးများ ကင်းမဲ့ခဲ့သော ညတစ်ည ဖြစ်၏။

နောက်တစ်ရက် အရုဏ်မတက်မီ ချင်မူ နိုးလာပြီး အညောင်းဆန့်လိုက်သည်။ ရွာထဲမှ အဘိုးကြီး၊ အဘွားကြီးများလည်း နိုးနေ၏။ ကြက်စာကျွေးနေသော အသံများ ကြားရသကဲ့သို့ သိုးခြံထဲမှ သိုးများ မောင်းထုတ်နေသော အသံများ၊ အဘိုးကြီး အဘွားကြီး အချင်းချင်း နှုတ်ဆက် ပြောဆိုနေသော အသံများလည်း ကြားရသည်။ ချင်မူ သူ့ကိုယ်သူ မဟာမြို့ပျက်မှ ဒုက္ခိတဘိုးဘွားကျေးရွာသို့ ပြန်ရောက်နေသည်လားဟု တစ်ခဏမျှ အထင်ရောက်မိသွား၏။

“လူလေးတို့ စုံတွဲ၊ နိုးကြပြီလားကွယ့်… မနက်စာ အသင့်ဖြစ်နေပြီ… အဘတို့အိမ်ကို လာစားကြ…” အဘွားအို၏ အသံက အိမ်အပြင်ဘက်မှ ထွက်ပေါ်လာသည်။

ချင်မူ နိုးနေပြီ ဖြစ်ကြောင်း ပြန်ဖြေ၍ လင်ယွိရှို့နှင့် နွားသိုးစိမ်းကြီးကို နှိုးပြီး ဟူလင်းအာကို အိပ်ရာထက်မှ ချီမကာ အပြင်ထွက်ခဲ့၏။

ထိုအခိုက်၌ ရွာအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ “ဒီမှာ ရွာတစ်ရွာဟ… လမ်းဝင်မေးကြည့်ရအောင်…”

“လမ်းမေးမယ် ဟုတ်လား… လမ်းမှားစရာ ဘာမှ မရှိဘူး…”

ဒေါသခြောင်းခြောင်း ထနေသည့် အသံတစ်သံက သရော်စကား ဆိုလိုက်၏။ “ငါ အရင်က ဒီနေရာကို လာပြီး ရက်တစ်ရာတိတိ မုခ်ဦးတံခါး ပိတ်ခဲ့တာ… လမ်းမှားစရာ ဘာအကြောင်းမှ မရှိဘူး…”

ချင်မူ မှင်တက်မိသွားပြီး မယုံနိုင်သလို ဖြစ်ကာ ရွာဝင်ပေါက်သို့ တစ်မုဟုတ်ချင်း ပြေးသွားလိုက်သည်။

“မေးကြည့်တာ မမှားပါဘူး… မင်းပဲ လမ်းမှတ်မိတယ် ဆိုပြီး ဒီမြက်ခင်းလွင်ပြင်ထဲမှာ တစ်ပတ်ပြီးတစ်ပတ် ပတ်နေတာ ကြာလှပြီ… ငါက ဟိုခွေးကောင် ထော့ကျိုးလို မြန်မြန် ပြေးနိုင်တာ မဟုတ်ဘူး…”

ချင်မူ ရွာဝင်ပေါက်သို့ ခြေလှမ်းကြဲများဖြင့် ပြေးသွားသောအခါ ဝါးတောင်ဝှေး တစ်ချောင်းနှင့် လျှောက်လာသော မျက်ကန်းတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူ၏ ဘေးတွင်တော့ ကိုယ်တစ်ပိုင်းသာ ရှိ၍ နောက်ကျောတွင် ဝက်ခုတ်ဓားမ နှစ်လက်ကို လွယ်ထားသော မုတ်ဆိတ်မွေး ထူလပျစ်နှင့် မကောင်းဆိုးဝါးပုံစံ အဘိုးကြီးတစ်ယောက် ရှိ၏။

ချင်မူ အံ့ဩဝမ်းသာသွားသည်။ စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ကိုယ်တစ်ပိုင်းတည်းသာ ရှိသည့် အဘိုးကြီးကို ပြေးဖက်လိုက်၏။ ထို့နောက် ထိုအဘိုးကြီးကို ဘေးသို့ ပစ်ချ၍ ပိန်ပိန်ခြောက်ခြောက် အဘိုးကြီးကို တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။

“သားသတ်သမား၊ မင်းကို ငါ လမ်းမှားလာပြီလို့ မပြောဘူးလား…”

ထိုမျက်ကန်းအဘိုးကြီးက မျက်နှာဘေးလွှဲ၍ ချင်မူ့ကို ရှောင်လိုက်ပြီး ကျောက်ရုပ်သဖွယ် ဖြစ်နေသော သားသတ်သမား ရှိရာသို့ လှမ်းကြည့်လိုက်၏။ “မင်းပဲ ငါ့ကို မဟာတံတိုင်း အပြင်ဘက် သွားမယ် ပြောပြီး အခု ဘယ်လို ဖြစ်သွားပြီလဲ ကြည့်ဦး… မဟာမြို့ပျက်က ငါတို့ရွာကို ပြန်ရောက်လာပြီ… မူအာ၊ လွှတ်စမ်း… ငါ အသက်ရှူကျပ်သေလိမ့်မယ်… ရွာလူကြီး ဘယ်မှာလဲ… ဟိုအဘွားကြီးရော ပြန်ရောက်ပြီလား… ဆေးဆရာ၊ ဆေးဆရာ… ပုန်းမနေနဲ့ မင်းကို ငါ မြင်တယ်…”

တစ်ခဏကြာပြီးသောအခါ မျက်ကန်းနှင့် သားသတ်သမားက ရွာထဲရှိ သက်ကြီးရွယ်အိုများကို နှုတ်ဆက်လိုက်သည်။ ရွာထဲမှ အဘိုးအဘွားများမှာ သူတို့ထက် အသက်ပိုကြီးပြီး ဒုက္ခိတ ဖြစ်နေသည့်တိုင် သန်စွမ်းဆဲ ဖြစ်နေသည့် မျက်ကန်းနှင့် သားသတ်သမားကို ကြည့်၍ အတောမသတ်အောင် လေးစားအားကျနေကြ၏။

လင်ယွိရှို့က ရေချိုး၊ ခေါင်းလျှော်၍ အခန်းထဲမှ ထွက်လာပြီး ထိုအဘိုးကြီး နှစ်ယောက်ကို မြင်သောအခါ အလန့်တကြား ထခုန်လိုက်မိသည်။ အခန်းထဲသို့ ကမန်းကတန်း ပြန်ဝင်ပြေး၍ ရင်တဒိတ်ဒိတ် ခုန်သွား၏။ “ဒီအဘိုးကြီး နှစ်ယောက်က မာန်ဟုန်မြစ်မှာ ငါနဲ့ တပ်မှူးလေးချင်ကို ခြောက်ထုတ်လိုက်တဲ့ သူတွေ မဟုတ်လား…”

ချင်မူက ရွာထဲမှ အဘိုးအဘွားများ အားလုံးကို ရှောင်ရှား၍ သူ့ခါးမှ အိတ်ကို ဖြုတ်ယူလိုက်သည်။ ထို့နောက် အိတ်အခြေကို တွန်း၍ အထဲမှ ပစ္စည်းများကို မွှေနှောက် ရှာဖွေပြီး ခန္ဓာကိုယ်အောက်ပိုင်း တစ်ခုကို ထုတ်ယူလိုက်၏။ “ဘိုးဘိုးသားသတ်သမား၊ ဒီရွှေသား ခန္ဓာကိုယ်အောက်ပိုင်းက ဘိုးဘိုးဟာလား…”

“မဟုတ်ပါဘူး၊ ဒါ ငါ့ဟာ မဟုတ်ဘူး…”

သားသတ်သမားက ထိုရွှေသား ခန္ဓာကိုယ်အောက်ပိုင်းကို သေသေချာချာ ကြည့်ရှုလိုက်သည်။ တစ်ခဏကြာသောအခါ ဝက်ခုတ်ဓားမဖြင့် တစ်ချက်လှီးကြည့်လိုက်၏။ စီးထွက်လာသော ရွှေရောင်သွေးများကို ထိကြည့်ပြီး ဒွိဟမကင်းစွာ ပြောလိုက်သည်။ “ဒါက ဥသျှောင်မှော်ဆရာရဲ့ ခန္ဓာကိုယ် ထင်တာပဲ… အဲအဘိုးကြီးနဲ့ တိုက်ဖူးတော့ သူ့သွေးကို ငါ ကောင်းကောင်း ရင်းနှီးတယ်… ဒီခန္ဓာကိုယ်အောက်ပိုင်းက သေလုနီးပါး ဖြစ်နေပြီ၊ ဘာမှ သုံးမရတော့ဘူး…”

ချင်မူလည်း မျက်မှောင်ကြုတ်၍ ရွှေရောင်သွေးများကို ထိကြည့်လိုက်သည်။ ထိုသွေးများက ခဲလုလု ဖြစ်နေသော်လည်း အသက်ရှိစဉ်ကကဲ့သို့ ဆူဝေတက်ကြွနေဆဲ ရှိ၏။ သွေးစက်တစ်စက်က သူ့လက်ချောင်းထိပ်များမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ လူးလွန့်တိုးဝင်ရန်ပင် ကြိုးစားလာသည်။

ချင်မူ သူ၏ ချီစွမ်းအင်ကို ကမန်းကတန်း ထုတ်သုံး၍ မီးငှက်ချီအဖြစ် ပြောင်းလဲပြီး လောင်တိုက်သွင်းလိုက်၏။ အတော်ကြီး ကြိုးစားအားထုတ်ပြီးမှ ထိုသွေးစက် အငွေ့ပျံသွားသည်။ “ဒါက ဥသျှောင်မှော်ဆရာရဲ့ ခန္ဓာကိုယ်ဆိုတော့ ဘိုးဘိုးသားသတ်သမားရဲ့ ခန္ဓာကိုယ်အောက်ပိုင်းက ဥသျှောင်မှော်ဆရာဆီမှာ နေမယ်…”

“အဲအဘိုးကြီးက ငါ့ကို အဲလောက်ထိ လေးစားအားကျနေတာလား…”

သားသတ်သမားက သူ၏ မုတ်ဆိတ်မွေးကို သပ်၍ သူ့ဖာသာ ကျေနပ်နေသည်။ “အဲဒီလိုဆို သူမွေးလာတဲ့ ကလေးတွေက သူ့ကလေးလား၊ ငါ့ကလေးလား…”

သူ့မျက်နှာပေါ်မှ မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေး ထိုးထိုးထောင်ထောင်က သံချွန်များကဲ့သို့ ဖြစ်နေပြီး လက်ဖြင့် သပ်လိုက်သောခါ တဂျစ်ဂျစ် မြည်သွား၏။

သူ တွေးလေလေ၊ ကျေနပ်မိလေလေ ဖြစ်ပြီး တဟားဟား အော်ရယ်လိုက်သည်။

မျက်ကန်းက မနှေးမမြန် လေသံမှန်မှန်ဖြင့် ပြောလိုက်၏။ “သူက တကယ်ကြီး ကလေးတစ်ယောက်ဖြစ်ဖြစ်၊ ကလေးတစ်ကျိပ်လောက်ဖြစ်ဖြစ် မွေးထားရင် မင်းက အသိအမှတ်ပြုမှာ မလို့လား…”

သားသတ်သမားမှာ ကျောက်ရုပ်ပမာ ဖြစ်သွားပြီး ချက်ချင်း မဲ့ရှုံ့သွား၏။ အစောက ကျေနပ်အားရခဲ့သည့် သွင်ပြင်က အစရှာမရအောင် ပျောက်ကွယ်သွားသည်။

မျက်ကန်းထံမှ စကားတစ်ခွန်းတည်းနှင့် သူ ငိုင်ကျသွား၏။ မျက်ကန်းက ချင်မူ့ကို မေးလိုက်သည်။ “မူအာ… မင်း ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ…”

ချင်မူက ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်၏။ မျက်ကန်းက လွှတ်ခနဲ အော်ဟစ်လိုက်သည်။ “မင်းက လိုလန်ရွှေနန်းတော်ရဲ့ မုခ်ဦးတံခါးကို သွားပိတ်တာပေါ့… သတ္တိကောင်းလှချည်လား… ငါ သားသတ်သမားနဲ့ အဖော်လိုက်လာတာလည်း လိုလန်ရွှေနန်းတော်ကို သွားဖို့ပဲ… သူ့ခန္ဓာကိုယ်အောက်ပိုင်းကို လိုလန်ရွှေနန်းတော်က လုသွားတာ ငါတို့ သိပြီးပြီ… သားသတ်သမားကတော့ ပြောပါတယ်၊ သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ရှာတွေ့ရင်တောင် ပြန်ဆက်လို့ရပါဦးမလား မသိဘူးတဲ့…”

ချင်မူက ပြုံးလိုက်၏။ “ခန္ဓာကိုယ်အောက်ပိုင်းက သေသွားရင်တော့ သေချာပေါက် ပြန်ဆက်လို့ မရတော့ဘူး… ဒါပေမဲ့ ဘိုးဘိုးသားသတ်သမားရဲ့ ခန္ဓာကိုယ်အောက်ပိုင်းက ဥသျှောင်မှော်ဆရာရဲ့ ကိုယ်ပေါ်မှာဆိုတော့ အသက်ဓာတ်မကုန်ခင် ဆက်ထားတာပဲ ဖြစ်မယ်… ဥသျှောင်မှော်ဆရာကို ရှာပြီး သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ဖြတ်ယူလာနိုင်ရင် ဘိုးဘိုးသားသတ်သမားရဲ့ ခန္ဓာကိုယ်ကို ကျွန်တော် ပြန်ဆက်ပေးနိုင်တယ်…”

မျက်ကန်းက ပြုံး၍ ပြောလိုက်သည်။ “ဒါက ဘာမှ ကြီးကျယ်တဲ့ ကိစ္စ မဟုတ်ဘူး… ဒီအယုတ်တမာ သားသတ်သမားက နောက်ဆုံးတော့ ခန္ဓာကိုယ် အပြည့်အစုံ ပြန်ရပြီပေါ့… အရင်တုန်းက သူ့မှာ ဂျိုးလေးတောင် မရှိခဲ့ဘူး…”

သားသတ်သမားမှာ ဒေါသအိုး ပေါက်ကွဲသွား၏။ “ငါ့ချီစွမ်းအင်နဲ့ ခန္ဓာကိုယ် ဖွဲ့စည်းနိုင်တယ်ကွ… ဘာဂျိုးမရှိဘူးလဲ… သေးကောင်းကောင်း ပေါက်နိုင်တယ် မင်း သိလား…”

သူတို့နှစ်ယောက် ထပ်မံ၍ အငြင်းပွားကြပြန်သည်။ ချင်မူ ခေါင်းကိုက်သွား၏။

သူ ကမန်းကတန်း ဝင်ပြောလိုက်သည်။ “အစ်ကိုကြီးပါ့ရှန်က လိုလန်ရွှေနန်းတော်မှာ ပိတ်မိနေသေးတယ်… သူ အခု ဘယ်ရောက်နေလဲ မသိရသေးဘူး… ဘိုးဘိုးတို့…”

သားသတ်သမားက ခေါင်းခါလိုက်သည်။ “အဲခွေးကောင်ကို ဂရုစိုက်မနေနဲ့… သူ့ပါးစပ်က တံခါးရှိတာ မဟုတ်ဘူး၊ ပေါက်ကရအကုန် မနားတမ်း ပြောတာ… သူ့ကို ထာဝရငြိမ်းချမ်းရေး အင်ပါယာမှာ တွေ့လိုက်သေးသားပဲ… ဒီလောက်ဖွာတဲ့ နှုတ်နဲ့ အခုထိ မသေနိုင်သေးဘူး… ဒီကောင် ငါ့နောက် ကပ်လိုက်ပြီး စိတ်ဒုက္ခပေးမှာ စိုးလို့ ငါ ထွက်ပြေးလာတာ…”

သူက ထိုသို့ ပြောလိုက်သော်လည်း လိုလန်ရွှေနန်းတော်သို့ ယခုပင် ထွက်ခွာချင်နေပြီ ဖြစ်သည်။ မည်သို့ဆိုစေ သူ့တပည့်ပါ့ရှန်အတွက် စိတ်ပူရသေးသည် မဟုတ်လား။

ဟူလင်းအာနှင့် လင်ယွိရှို့လည်း အထုပ်အပိုးများ ပြင်ပြီးသွားပြီ ဖြစ်ပြီး လင်ယွိရှို့က အိမ်ရှင် အဘိုးနှင့် အဘွားထံ သွား၍ ရွှေစအချို့ သွားကန်တော့၏။ သူတို့အနေဖြင့် တစ်ညသာ အိပ်စက် အနားယူခဲ့ရသော်လည်း ဧည့်ဝတ်ကျေသော ရင်းနီးဖော်ရွေမှုကို ရရှိခဲ့သည်။ ထို့ပြင် ဤရွာမှ အဘိုးကြီး အဘွားကြီးများက အတော်လေး အသက်ရလှပြီ ဖြစ်ပြီး အားကိုးစရာ လူငယ်လူရွယ်များ မရှိတော့။ သူတို့အတွက် ရွှေတိုရွှေစအချို့ ချန်ခဲ့သည်က သူတို့သက်တမ်း၏ နောက်ပိုင်းနှစ်များအတွက် အထောက်အကူ ဖြစ်ပေလိမ့်မည်။

သားသတ်သမားက လင်ယွိရှို့ကို ကြည့်လိုက်သည်။ ဤသတ္တမ မင်းသမီးကို သူ လုံးဝ မမှတ်မိတော့ချေ။ “ခွေးကောင်လေးက ရွေးတတ်သားပဲ၊ ဒီကောင်မလေးက မဆိုးဘူး…”

လင်ယွိရှို့က သတ္တိမွေး၍ သားသတ်သမားနှင့် မျက်ကန်းကို နှုတ်ဆက်လိုက်သည်။ “နွားသိုးစိမ်းကြီးက မြက်စားဖို့ဆိုပြီး မနက်ကတည်းက ထွက်သွားတာ၊ အခုထိ ပြန်မလာသေးဘူး…”

“သွားရှာကြတာပေါ့…”

သူတို့အားလုံး ရွာမှ ထွက်လာခဲ့သောအခါ ကြီးမားသော နွားသိုးစိမ်းကြီး တစ်ကောင် မြက်ခင်းလွင်ပြင်ဒေသ၏ မြက်နုများကို စားနေကြောင်း တွေ့ရ၏။ သူက မျက်ရည်များ သွင်သွင်စီးကျပြီး တတွတ်တွတ် ရေရွတ်နေသည်။ “သခင်ကြီးနောက် လိုက်ကတည်းက ဆေးပင်တွေနဲ့ အသီးအရွက်တွေပဲ အမြဲစားခဲ့ရတာ၊ တစ်ခါမှ မြက်မစားခဲ့ရဘူး… သခင်ကြီးက ငါ့အတွက် အသီးအရွက်ခြံကြီးတောင် စိုက်ပေးထားတာ…”

ဟူလင်းအာ ခုန်ပေါက်ပြေးသွားပြီး ပြောလိုက်၏။ “မောင်လေးနွား၊ ငိုမနေတော့နဲ့… နင့်သခင်ကြီးရဲ့ ဆရာ ရောက်လာပြီ… နင့်သခင်ကြီးကို ကူညီနိုင်တော့မယ်…”

မျက်ကန်းနှင့် ခန္ဓာကိုယ် အပေါ်ပိုင်းသာ ရှိတော့သော သားသတ်သမားကို မြင်သောအခါ မယုံမရဲဖြင့် နွားသိုးစိမ်းကြီး၏ မျက်နှာ ရှုံ့မဲ့သွားသည်။

သူတို့အားလုံး နွားသိုးစိမ်းကြီး၏ ကျောပေါ်သို့ တက်လိုက်ကြပြီး ချင်မူက ပြောလိုက်၏။ “မပူပါနဲ့… သူတို့က စွမ်းအားသိပ်ကြီးတာ… ငါတို့ လိုလန်ရွှေနန်းတော်ကို မြန်မြန် သွားပြီး မင့်သခင်ကြီးကို ကယ်ကြရအောင်…”

နွားသိုးစိမ်းကြီးမှာ လာလမ်းအတိုင်း ပြန်ပြေးရုံသာ တတ်နိုင်တော့၏။ လင်ယွိရှို့က နောက်ပြန်လှည့်ကြည့်လိုက်သည်။ တောအုပ်ထဲတွင် ကွယ်နေသော ရွာငယ်လေးက မမြင်ရတော့ချေ။

“ဒီအဘိုးအဘွားတွေ ပြောသလိုဆို မဟာတံတိုင်း အပြင်က ခန်တွေက တစ်ယောက်နဲ့ တစ်ယောက် စစ်ခင်းနေကြတာပေါ့… ဒါကို ကြည့်ရင် ထာဝရငြိမ်းချမ်းရေး အင်ပါယာ အင်အားကြီးထွားလာမှာကို မဟာတံတိုင်း အပြင်ကလူတွေလည်း စိုးရိမ်နေကြပြီ ထင်တယ်…”

လင်ယွိရှို့ စိတ်တည်ငြိမ်အောင် ထိန်း၍ ပြောလိုက်၏။ “ထာဝရငြိမ်းချမ်းရေး အင်ပါယာနဲ့ ရင်ဆိုင်နိုင်အောင် သူတို့အားလုံးရဲ့ အင်အားကို ထုတ်သုံးနိုင်မဲ့ အင်ပါယာ တစ်ခု စုစုစည်းစည်း တည်ဆောက်ဖို့ စဉ်းစားနေကြတာ ဖြစ်မယ်… ဒီခန်က ရည်မှန်းချက်ကြီးတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ပဲ… သူသာ မဟာတံတိုင်းအလွန်က မန်သီလူရိုင်းနယ်မြေကို တစ်စုတစ်စည်းတည်း သိမ်းသွင်းနိုင်ခဲ့ရင် ငါတို့ ထာဝရငြိမ်းချမ်းရေး အင်ပါယာအတွက် မလွယ်ဘူး… အထူးသဖြင့် ဒီလို ပြည်တွင်းရေး မငြိမ်မသက် ဖြစ်နေတဲ့ အချိန်မျိုးမှာ ပိုဆိုးမယ်…”

ချင်မူက ခေါင်းညိတ်လိုက်သည်။ “ဒါက လိုလန်ရွှေနန်းတော်ရဲ့ အကြံအစည်ပဲ ဖြစ်လိမ့်မယ်… လိုလန်ရွှေနန်းတော်က အထွတ်အမြတ်နယ်မြေ မဟုတ်လား… သူတို့သာ မန်သီလူရိုင်းနယ်မြေက အဲဒီခန်ကို ထောက်ခံခဲ့ရင် မဟာတံတိုင်းအလွန်က နယ်မြေကို စုစည်းဖို့ မခက်ဘူး… ငါ ထင်တာတော့ လိုလန်ရွှေနန်းတော်က နောက်ထပ် ထာဝရငြိမ်းချမ်းရေး အင်ပါယာတစ်ခု ထပ်မွေးထုတ်မိပြီး သူတို့ ထိန်းချုပ်ထားတဲ့ အာဏာ လက်လွတ်သွားမှာ စိုးရိမ်လို့ ချီတုံချတုံ ဖြစ်နေတာ ဖြစ်မယ်… အဲဒါကြောင့် မန်သီလူရိုင်းနယ်မြေက မဟာတံတိုင်း အပြင်ဘက်မှာ တစ်စုတစ်စည်းတည်း မစုစည်းနိုင်သေးတာ…”

လင်ယွိရှို့လည်း အနည်းငယ် စဉ်းစားကြည့်ပြီး ထိုစကားက ဖြစ်နိုင်ကြောင်း လက်ခံမိ၏။

သို့သော်လည်း ထာဝရငြိမ်းချမ်းရေး အင်ပါယာ၏ အကြီးဆုံး အထွတ်အမြတ်နယ်မြေ သုံးခု ဖြစ်သည့် တာအိုဂိုဏ်း၊ မဟာမိုးခြိမ်းသံကျောင်းတော်နှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းက ထာဝရငြိမ်းချမ်းရေး အင်ပါယာကို ထောက်ပံ့ပေးခြင်း မရှိပေ။ ထောက်ပံ့ခြင်း မရှိရုံသာမက ဒုက္ခများပင် ပြုသေး၏။

မန်သီလူရိုင်းနယ်မြေကသာ လိုလန်ရွှေနန်းတော်၏ အထောက်အပံ့ အပြည့်အဝ ရခဲ့လျှင် ထာဝရငြိမ်းချမ်းရေး အင်ပါယာသို့ ထိုးစစ်ဆင်နိုင်စွမ်း ရှိကောင်းရှိလာပေလိမ့်မည်။

နွားသိုးစိမ်းကြီးက နေ့တစ်ဝက်နီးပါး ပြေးပြီးသည့်အချိန်တွင် မျက်ကန်းက ရုတ်တရက် ပြောလိုက်၏။ “ရပ်…”

နွားသိုးစိမ်းကြီးက ကမန်းကတန်း ရပ်လိုက်သည်။ မျက်ကန်းက အနောက်တောင်အရပ်သို့ လက်ညှိုးညွှန်၍ ပြောလိုက်၏။ “အဲဘက်ကို သွား၊ အဲဒီမှာ တိုက်ခိုက်နေတဲ့ လူတွေ ရှိတယ်…”

နွားသိုးစိမ်းကြီးမှာ ကြောင်အမ်းအမ်း ဖြစ်သွား၏။ မျက်ကန်းက တိုက်ခိုက်နေသော လူများကို မြင်သည်တဲ့လား။ အဘယ်သို့ သူ မြင်ရသနည်း။

သို့သော်လည်း သူ့အတွက် မျက်ကန်းကို ပြန်လှန် မေးခွန်းထုတ်ရန်မှာ ကောင်းသောကိစ္စ မဟုတ်ပေ။ သို့ဖြစ်၍ လမ်းကြောင်းပြောင်းပြီး အနောက်တောင်ဘက်သို့ ပြေးရန်သာ ရှိတော့၏။

လင်ယွိရှို့မှာလည်း ဇဝေဇဝါ ဖြစ်နေပြီး ချင်မူ့ကို လှမ်းကြည့်လိုက်သည်။ ချင်မူက ရှင်းပြလိုက်၏။ “ဘိုးဘိုးမျက်ကန်းက ငါတို့ရွာမှာ အမြင်အား အကောင်းဆုံးပဲ…”

မျက်ကန်းက မြောက်ကြွမြောက်ကြွ ဖြစ်သွား၏။ လင်ယွိရှို့က မျက်ကန်း၏ မျက်လုံးများကို လှမ်းကြည့်လိုက်သောအခါ သူ့မျက်တွင်းများက ဟောက်ပက်ဖြစ်နေပြီး အထဲတွင် ဘာမျှ ရှိမနေချေ။ သူမ စိတ်ထဲမှ တွေးလိုက်သည်။ “ဘယ်လိုလုပ် မျက်ကန်းက အမြင်အား အကောင်းဆုံး ဖြစ်ရတာလဲ… ဘယ်လို သဘောပါလိမ့်…”

နွားသိုးစိမ်းကြီး လမ်းကြောင်းပြောင်းပြီး မကြာမီတွင် တောင်ထွတ်တစ်ခုပေါ်မှ ဓားမရောင် တစ်ချက် လက်သွားသည်ကို ဖျတ်ခနဲ လှမ်းမြင်လိုက်ကြ၏။ သို့သော်လည်း ဝေးနေသေး၍ မှုန်ဝါးဝါးသာ လှမ်းမြင်ရသည်။ ထိုအခါမှသာ သူတို့ မျက်ကန်းကို အတောမသတ်အောင် ချီးကျူးလိုက်မိကြ၏။

လင်ယွိရှို့မှာ မှင်တက်နေမိသည်။ “သူက တကယ် မျက်ကန်းရော ဟုတ်ရဲ့လား…”

သားသတ်သမားက လွှတ်ခနဲ ရေရွတ်လိုက်၏။ “မျက်ကန်းရဲ့ အမြင်အားက တကယ်ကောင်းတာပဲ…”

All Chapters