← Chapters

တည်ငြိမ်နေသောကန်ရေပြင် လှိုင်းထလှုပ်ရှား

Vol. 12 Ch. 160

တည်ငြိမ်နေသောကန်ရေပြင် လှိုင်းထလှုပ်ရှား

Vol. 12 Ch. 160

ချင်မူက မျက်ကန်း၏ နတ်ဘုရား စိတ်မျက်လုံးအကြောင်း ကောင်းကောင်းသိပြီး အသားကျနေခဲ့သည်မှာ ကြာပြီ ဖြစ်၏။ မျက်ကန်း၏ မျက်လုံးများက မမြင်နိုင်သော်လည်း သူ ‘မြင်’တွေ့နိုင်သည်က အခြားသူများထက် များစွာ ပိုသည်။

သူက ထရပ်၍ အဝေးသို့ လှမ်းကြည့်လိုက်၏။ ထိုတောင်ကို ဝန်းရံ လှည့်ပတ်နေသော ရွှေရောင် အလင်းတန်းများ ရှိသည်။

နွားသိုးစိမ်းကြီးက အားကုန်ထုတ်၍ ပြေးနေပြီး ထိုတောင်ထွတ်နှင့် နီးသည်ထက် နီးလာ၏။ များစွာမကြာလိုက်ဘဲ အလင်းတန်းများက ပို၍ ထူထပ်သိပ်သည်းလာပြီး တောင်ထွတ်ပတ်လည်တွင် တံခွန်ကုက္ကားများကဲ့သို့ ဟိုသည် မျောလွင့်နေသည်။

သူတို့ အနီးသို့ ကပ်သွားသောအခါ ရွှေရောင်အလင်းတန်းများထဲတွင် အရာများစွာ ရှိနေသည်ကို မြင်ရ၏။ ထိုအရာများက မှော်ဆရာဘုရင်များ၏ ကောင်းကင်နတ်သိုင်းများ ဖြစ်ပြီး ဓားမကွေးများလည်း သိုဝှက်မျောပါနေသည်။ အချို့ ရွှေရောင် အလင်းတန်းများထဲ၌ ရွှေလူသားများ ရှိပြီး အချို့ အလင်းတန်းများထဲတွင်တော့ ရွှေနဂါးများ လူးလွန့်ကူးခတ်နေ၏။

မှော်ဆရာဘုရင်များ၏ စွမ်းအားက အံအားသင့်စရာကောင်းအောင် ကြီးမားလှပြီး ကောင်းကင်နတ်အသွင်အဆင့်ထိ လေ့ကျင့်ထားသူများကိုသာ မှော်ဆရာဘုရင်ဟု ခေါ်ကြသည်။ သို့သော်လည်း လိုလန်ရွှေနန်းတော်က မဟာတံတိုင်းအလွန်မှ အထွတ်အမြတ်နယ်မြေ ဖြစ်သည် မဟုတ်လား။ ဤမှော်ဆရာဘုရင် အများစုက သေခြင်းရှင်ခြင်းအဆင့်များ ဖြစ်ကြပြီး ကောင်းကင်တံတားအဆင့် ရှိသော ဂိုဏ်းချုပ်ကြီးအဆင့် မှော်ဆရာဘုရင် တစ်ယောက်ပင် ပါသေး၏။

နွားသိုးစိမ်းကြီးက အားကုန်ထုတ် ပြေးလွှားနေပြီး ထိုတောင်ထွတ်သို့ ရောက်ရန် သုံးမိုင်ခန့်သာ လိုတော့သည်။ ချင်မူ နောက်တစ်ခေါက် ထပ်ကြည့်လိုက်သောအခါ တောင်ပတ်ပတ်လည် အရပ်ရှစ်မျက်နှာတွင် မှော်ဆရာဘုရင် တစ်ယောက်စီ ရှိနေသည်ကို တွေ့ရ၏။

အရှေ့ဘက်အရပ်ရှိ ငှက်ခေါင်းလူကိုယ် မှော်ဆရာဘုရင်က ကြေးမုံမှန်ဝိုင်း တစ်ချပ်ကို ကိုင်ဆောင်ထားသည်။ ထိုကြေးမုံမှန်က ထူးဆန်းလှပြီး မှန်သားပြင်မှ အရိုးဖြူ ဆယ့်နှစ်ချောင်း ငေါထွက်နေ၏။ ရွှေရောင် အလင်းတန်း တစ်ခုက ထိုကြေးမုံမှန်မှ ဖြာကျနေသည်။

အနောက်ဘက်အရပ်မှ ကျားသစ်ခေါင်းလူကိုယ် မှော်ဆရာဘုရင်က လက်ထဲတွင် ကျိုင်းတုတ်တစ်ချောင်း ကိုင်ဆောင်ထားသည်။ ထိုကျိုင်းတုတ်ပေါ်တွင် အမြီးကဲ့သို့ အရာတစ်ခု ရစ်ပတ်၍ လူးလွန့်လှုပ်ရှားနေပြီး ထိပ်ဖျားပိုင်းတွင်တော့ ရွှေရောင် အရိုးခေါင်းတစ်ခု ရှိ၏။ ထိုအရိုးခေါင်း၏ မျက်တွင်းပေါက်မှ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေသည်။

တောင်ဘက်ခြမ်းတွင် ခေါင်းသုံးလုံးနှင့် ရွှေရောင်လူတစ်ယောက် ရှိ၏။ ထိုခေါင်းသုံးလုံးက မြေခွေးခေါင်းများ ဖြစ်သည်။

မြောက်ဘက်ခြမ်းတွင်တော့ နောက်ကျော၌ အတောင်ပံ တစ်စုံ ပါသည့် မှော်ဆရာဘုရင် တစ်ယောက် ရှိ၏။ သူ၏ အတောင်ပံမှ ရွှေဓားများ အဆက်မပြတ် ထွက်ပေါ်၍ တောင်ထွတ် အလယ်ဗဟိုသို့ ဓားမိုး ရွာချနေသည်။

အရှေ့တောင်အရပ်၊ အနောက်တောင်အရပ်၊ အရှေ့မြောက်အရပ်နှင့် အနောက်မြောက်အရပ်မှ မှော်ဆရာဆရာဘုရင်များမှာလည်း ပုံသဏ္ဌာန် အရွယ်အစား အမျိုးမျိုး ရှိကြ၏။ အချို့က သားရဲခေါင်းနှင့် လက်ရှစ်ဖက် ရှိ၏။ အချို့က ခြေထောက်ခြောက်ချောင်း ရှိ၏။ အချို့က အတောင်ပံများ ရှိ၏။ အချို့က မျက်လုံးအပိုများ ရှိပြီး လက်ဖဝါးတွင်ပင် မျက်လုံးများ ရှိနေသည်။

တောင်ထွတ်အလယ်မှ အလျားလိုက်နှင့် ဒေါင်လိုက် ဓားမရောင်များ လက်သွားပြီး အရပ်မျက်နှာအနှံ့မှ တိုးဝင်လာသော ကောင်းကင်နတ်သိုင်းများကို ပိတ်ဆို့ကာကွယ်လိုက်၏။

တစ်ချက်တစ်ချက် တောင်ထိပ်ပေါ်မှ ကျောက်တုံးကြီးများ ပြုတ်ကျလာသည်။ ထိုကျောက်တုံးကြီးများက အိမ်တစ်လုံး အရွယ်ခန့် ရှိ၏။ အဝေးမှ ကြည့်သည့်အခါ ဖုန်မှုန့်သဲမှုန့်များ တဖွဲဖွဲ ကျနေသကဲ့သို့သာ မြင်ရပြီး အနီးရောက်လာသောအခါမှ ထိုဖှုန်မှုန့်သဲမှုန့်များ မည်မျှ ကြီးမားကြောင်း သိရသည်။

ထိုတောင်ထွတ်မှာ ပါမောက္ခပါ့ရှန်နှင့် မှော်ဆရာဘုရင် ရှစ်ယောက်တို့၏ ကောင်းကင်နတ်သိုင်းများကြောင့် တောင်ကတုံး တစ်ခုသဖွယ် ဖြစ်နေပေပြီ။ ပါမောက္ခပါ့ရှန် ရပ်နေသော နေရာအောက်တည့်တည့်သာ စိမ်းစို၍ ကျန်ခဲ့၏။

သားသတ်သမားက တစ်ချက်ကြည့်၍ သက်ပြင်းချပြီး ပြုံးလိုက်သည်။ “အာကျယ်က အခုထိ မသေသေးဘူး… ငါတို့ ပြန်ကြစို့…”

ချင်မူ ရယ်ရမလား၊ ငိုရမလား မသိ ဖြစ်သွား၏။ နွားသိုးစိမ်းကြီးက ရှေ့သို့ ပို၍ အားသွန်ခွန်စိုက် ပြေးသွားလိုက်သည်။

သူတို့ တောင်ခြေသို့ မရောက်မီ သားသတ်သမားက လေထဲသို့ ရုတ်တရက် ခုန်တက်သွား၏။ တောက်ပလင်းထိန်သော ဓားမရောင် တစ်ချက်က ကောင်းကင်ယံကို နှစ်ခြမ်းခွဲပစ်လိုက်သည်။ ချင်မူ ခေါင်းမော့ကြည့်လိုက်သောအခါ ထိုဓားရောင် ပျောက်ကွယ်သွားပြီး အရာအားလုံး မည်းမှောင်သွားသကဲ့သို့ ခံစားလိုက်ရ၏။ အလင်းရောင်က တောက်ပလွန်းပြီး အားလုံး၏ မျက်လုံးထဲတွင် ဓားမရာတစ်ခု ချန်ရစ်ခဲ့သည်။ ထိုဓားမရာက ထက်ရှလွန်းသဖြင့် ကောင်းကင်ယံကို နှစ်ခြမ်းခွဲပစ်သကဲ့သို့ ထင်ရ၏။

မည်သည့် တစ်ယောက်မှန်း သူ မသိလိုက်ချေ။

“ထျန်းခန်…”

အံ့အားတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်၍ ခေါင်းပြတ်တစ်လုံး ကောင်းကင်ယံမှ လိမ့်ဆင်းလာ၏။ ဦးခေါင်း မရှိတော့သည့် မှော်ဆရာဘုရင် တစ်ယောက်က အတောင်ပံများကို တဖျပ်ဖျပ် ခတ်၍ ရွှေရောင် အလင်းတန်းများ နေရာအနှံ့ ဆက်လက် ထုတ်လွှတ်နေဆဲ ရှိသေးသည်။ ထိုသူက မြောက်ဘက်အရပ်မှ လူခေါင်းငှက်ကိုယ် ရှိသော မှော်ဆရာဘုရင် ဖြစ်၏။

ယခု ရှိနေသာ မှော်ဆရာဘုရင်များ အားလုံးထဲတွင် သူတစ်ယောက်သာ ကောင်းကင်တံတားအဆင့် ရှိသည့် အထွတ်အထိပ် ပညာရှင်တစ်ယောက် ဖြစ်သည်။ သို့တိုင်အောင် သားသတ်သမားက သူ့အနီးသို့ ဖျတ်ခနဲ တိုးကပ်၍ ဓားမတစ်လက်ဖြင့် ခုတ်ဖြတ်သွားသည်ကို ခံလိုက်ရ၏။

သားသတ်သမားက သိုင်းကွက်အသားပေး လမ်းစဉ်မှ ဖြစ်ပြီး သူ့ကို အနားအကပ်ခံလိုက်လျှင် မည်သို့ ဖြစ်မည်ကို မြင်ယောင်ကြည့်နိုင်ပေသည်။

သားသတ်သမားက နွားသိုးစိမ်းကြီး၏ ကျောပေါ်သို့ တည်ငြိမ်စွာ ပြန်ကျလာပြီး အမိန့်ပေးလိုက်၏။ “အခု မင့်သခင် ဘာမှ မဖြစ်တော့ဘူး… နည်းနည်းလောက် ဒဏ်ရာထပ်ရရုံပဲ ရှိမယ်၊ သူ့ဖာသာ ဖောက်ထွက်လာနိုင်တယ်… နွားသိုးစိမ်းကြီး၊ ငါတို့ကို လိုလန်ရွှေနန်းတော်ဆီ ခေါ်သွား…”

နွားသိုးစိမ်းကြီးက ချီတုံချတုံ ဖြစ်သွားပြီး မေးလိုက်သည်။ “သခင်ကြီးရဲ့ ဆရာသခင်က သခင်ကြီးကို မကယ်တော့ဘူးလား… သခင်ကြီးက သူ့ဆရာ တော်ကြောင်း၊ ကောင်းကြောင်းတွေ အမြဲ ပြောတာ…”

“ဒီကောင့်ကို ငါ ဘာလို့ ကယ်ရမှာလဲ… ငါ့ကို အာရုံလိုက်နှောက်ဖို့လား…”

သားသတ်သမားက ခေါင်းခါယမ်းလိုက်သည်။ “ပြီးခဲ့တဲ့ နှစ်တွေ ရွာမှာ နေရတာ သိပ်ကို အေးချမ်းတယ်… ဒီကောင် ငါ့ကို စိတ်ဒုက္ခ လိုက်ပေးမှာ တွေးမိတိုင်း ခေါင်းကိုက်ရတယ်… ငါ့အမိန့်ပေးတဲ့အတိုင်း သွားတော့… လေဆက်ရှည်နေရင် ဒီည ငါတို့ အမဲသားနဲ့ စားရတော့မယ်… ရွာမှာတုန်းက ငါ့အလုပ်က ဘာလဲ မင်း သိလား…”

နွားသိုးစိမ်းကြီးမှာ ကြောက်ရွံ့စိတ်ဖြင့် တဆတ်ဆတ် တုန်သွားပြီး ဆက်မပြောရဲတော့ပေ။ ဤနွားသိုးကြီးက လွန်စွာ ပါးနပ်ပြီး သူ့ကျောပေါ်မှ သူမှာ နွားများ၊ ဝက်များကို သတ်ဖြတ်သော သားသတ်သမား တစ်ယောက် ဖြစ်ကြောင်း သိထားပြီး ဖြစ်၏။

“ဆရာ…”

ပါမောက္ခပါ့ရှန်၏ အသံက တောင်ထွတ်ပေါ်မှ ပျံလွင့်လာသည်။ သူ့ အသက်ရှူသံက မမှန်ဘဲ ဒဏ်ရာရထားကြောင်း ထင်ရှား၏။ သူက တအံ့တဩ အော်ဟစ်လိုက်သည်။ “ဆရာ၊ ဆရာ မဟုတ်လား… ဆရာ မသေသေးဘူးဆိုတာ ကျွန်တော် သိတယ်… ဆရာ ကျွန်တော့်ကို ထာဝရငြိမ်းချမ်းရေး အင်ပါယာမှာ အကြာကြီး ပစ်ထားခဲ့ပြီး တစ်ယောက်တည်း စိတ်အေးလက်အေး နေနေတာ… ကျွန်တော့်ကို ဘယ်လို အလျော် ပြန်ပေးမှာလဲ… ကျွန်တော့်မှာ ဆရာ့ကို ပြောစရာတွေ အများကြီး ရှိသေးတယ်…”

“မြန်မြန်ပြေး…” သားသတ်သမားက ပြောလိုက်သည်။

နွားသိုးစိမ်းကြီးက လိုလန်ရွှေနန်းတော် ရှိရာဘက်သို့ ကမန်းကတန်း ပြေးထွက်သွား၏။ ပါမောက္ခပါ့ရှန်က တောင်ထွတ်ပေါ်မှ ပြေးလိုက်ရန် ပြင်သေးသော်လည်း အခြား မှော်ဆရာဘုရင် ခုနစ်ယောက်၏ ပိတ်ဆို့ တားဆီးခြင်းကို ခံရသဖြင့် မည်သို့မျှ မတတ်နိုင်ဘဲ တောင်ပေါ်တွင်သာ ကျန်ရစ်ခဲ့၏။

မှော်ဆရာဘုရင် ခုနစ်ယောက်မှာ ယခုအခါတွင် ဝံပုလွေကို နားရွက်ဆွဲထားမိသလို ခံစားနေရသည်။ ပါမောက္ခပါ့ရှန်ကို သူတို့ ရှစ်ယောက် ပူးပေါင်း တိုက်ခိုက်၍ မရဏလမ်းသို့ ပို့ရန် ပြင်ဆင်ထားခြင်း ဖြစ်၏။ နှစ်ပေါင်းများစွာကတည်းက သေဆုံးသွားပြီဟု သတင်းပျံ့ခဲ့သော ထျန်းခန် ပြန်ပေါ်လာပြီး သူတို့ထဲမှ စွမ်းအားအမြင့်ဆုံး မှော်ဆရာကို ဓားမဖြင့် ခုတ်သတ်သွားမည်ဟု မျှော်လင့်မထားမိခဲ့ကြပေ။

အစောပိုင်းတွင် ထျန်းခန်က သူတို့ကိုပါ သတ်ဖြတ်လိမ့်မည် တွေးမိခဲ့ကြသည်။ ပါမောက္ခပါ့ရှန်ကလည်း စိတ်အားတက်ကြွလာပြီး အစွမ်းကုန် တိုက်ကွက်ထုတ်၍ သူတို့ မပြေးနိုင်အောင် ပိတ်ဆို့တားဆီးခဲ့သဖြင့် လိပ်ပြာလွင့်လုမတတ် ကြောက်ရွံ့သွားခဲ့၏။

သို့သော်လည်း ထျန်းခန်က ပါမောက္ခပါ့ရှန်ကို ထား၍ နွားသိုးကြီးနှင့် ထွက်ပြေးသွားသည်။

ပါမောက္ခပါ့ရှန်မှာလည်း မှင်တက်မိသွား၏။ ရုတ်တရက် သူ အသိဝင်လာပြီး ထိုအဘိုးကြီးကို ကျိန်ဆဲတော့သည်။

နေ့တစ်ဝက်နီးပါး ကြာပြီးနောက် ချင်မူတို့ ရေသေအိုင်သို့ ရောက်ရှိသွား၏။

သားသတ်သမားက မျက်ကန်းကို ကြည့်၍ ပြောလိုက်သည်။ “မျက်ကန်း၊ မင်းနဲ့ မူအာ တောင်ပေါ်ကို လိုက်ခဲ့… ငါ့ခန္ဓာကိုယ်အောက်ပိုင်း မရှိတော့ဘူးဆိုတော့ အဲဒီ အဘိုးကြီးကို နိုင်မှာ မဟုတ်တော့ဘူး…”

“အေး…”

မျက်ကန်းက နွားသိုးကြီး၏ ကျောပေါ်မှ ခုန်ဆင်းလိုက်၏။ ချင်မူက လင်ယွိရှို့၊ ဟူလင်းအာနှင့် နွားသိုးစိမ်းကြီးတို့ကို နေရာတွင်ပင် စောင့်နေခိုင်းခဲ့သည်။ “ငါတို့ ပြန်လာခဲ့မယ်…”

လင်ယွိရှို့က ခေါင်းညိတ်လိုက်၏။ “ဂရုစိုက်နော်…”

သားသတ်သမားက ရေသေအိုင်ရှေ့သို့ လျှောက်သွားပြီး ခေါင်းခါယမ်းလိုက်သည်။ “ဟိုခွေးကောင်လေး ပါ့ရှန်က ဒီလောက် နှစ်တွေ အများကြီး ကြာတာကို ဘာမှ တိုးတက်မလာဘူး… ဒီကန်လေးတောင် ရွှေ့မပစ်နိုင်ပါလား…”

သူက အသက်ပြင်းပြင်း တစ်ချက် ရှိုက်ရှူလိုက်၏။ သူ့နောက်မှ သုံးယောက်သား မှင်တက်မိသွားကြသည်။ ပတ်ဝန်းကျင် တစ်ခုလုံးက ခန္ဓာကိုယ် အပေါ်ပိုင်းသာ ရှိတော့သည့် ဤအဘိုးကြီးထံသို့ မုန်တိုင်းတစ်ခုပမာ စုဝေးလာသည်ကို သူတို့ မြင်လိုက်ရ၏။ ကောင်းကင်ယံမှ မိုးတိမ်များပင် ဤလေပြင်းမုန်တိုင်းနောက် ပါသွားသည်။

မြက်ခင်းလွင်ပြင်ဒေသမှာ ကုန်းပြင်မြင့်တွင် တည်ရှိ၍ မိုးတိမ်များက ခပ်နိမ့်နိမ့်သာ ရှိသော်လည်း သူတို့ ခေါင်းထက် ပေတစ်သောင်းခန့် ကွာဝေးသေး၏။ ဤအဘိုးကြီး၏ စွမ်းအားက ကြီးမားလွန်းလှသဖြင့် ကောင်းကင်ယံမှ မိုးတိမ်ဖြူများ အားလုံးကို သူ၏ ဝမ်းဗိုက်ထဲသို့ တစ်ချက်ထဲ စုပ်သွင်းပစ်လိုက်နိုင်သည်။

“ဒါ... ဒါက… သိုင်းကွက်အသားပေး လမ်းစဉ်ရဲ့ ဒဏ္ဍာရီလာ အထွတ်အထိပ် ပညာရှင်ပဲ…”

လင်ယွိရှို့၏ ရင်ထဲတွင် လှုပ်ခါသွား၏။ ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ သိုင်းကွက်အသားပေး လမ်းစဉ်မှ အဆင့်မြင့် ပညာရှင်များနှင့် တာအိုဆွေးနွေးပွဲ ကျင်းပပြီးကတည်းက ထိုအဆင့်မြင့် ပညာရှင်များမှာ သေသည့်သူကသေ၊ ထွက်ပြေးသွားသူက ထွက်ပြေးနှင့် ဇာတ်မြှုပ်သွားကြသူများပင် ရှိသေးသည်။

သို့သော်လည်း ထိုဖြစ်ရပ် ပြီးသည့်နောက်တွင် သိုင်းကွက်အသားပေး လမ်းစဉ်မှ အထွတ်အထိပ် ပညာရှင် တစ်ဦးတစ်လေမျှ ပေါ်ထွက်မလာတော့ပေ။

ရုပ်ခန္ဓာ အပြင်အားက သိုင်းကွက်အသားပေး လမ်းစဉ်၏ အားသာချက် ဖြစ်သည်။ ထိပ်သီး သိုင်းကွက်အသားပေး ပညာရှင်များ အားလုံး၏ တူညီသော အချက်မှာ သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခုက နတ်ဘုရားအဆင့်သို့ ရောက်ရှိနေခြင်းပင် ဖြစ်၏။

သူတို့အနေဖြင့် ကောင်းကင်နတ်သိုင်းများကို သီးခြား ဖော်ထုတ်စရာ မလိုပေ။ သူတို့၏ ခန္ဓာကိုယ် လှုပ်ရှားမှုတိုင်းကပင် ကောင်းကင်နတ်သိုင်း ဖြစ်နေသည်။

ခန္ဓာကိုယ် အပေါ်ပိုင်းသာ ရှိတော့သည့် ဤအဘိုးကြီးက ထိုသို့သော ပုဂ္ဂိုလ်မျိုး ဖြစ်ကြောင်း ထင်ရှား၏။

သားသတ်သမားက အသက်ပြင်းပြင်း တစ်ချက် ရှူ၍ ပတ်ဝန်းကျင်တစ်ခွင်မှ တိမ်တိုက်အားလုံးကို အကုန်အစင် စုပ်သွင်းပြီး ဝှူးခနဲ မှုတ်ထုတ်လိုက်သည်။

သူတို့ရှေ့မှ ရေသေအိုင်က ရုတ်တရက် ကြွတက်လာပြီး ရေလှိုင်းများ ကြီးသည်ထက် ကြီးကာ ဒေါင်လိုက်ထောင်သွားသော ပင်လယ်ပြင်တစ်ခုကဲ့သို့ ဖြစ်သွား၏။

ထိုရေပြင်က လျင်မြန်စွာ ဆုတ်ခွာသွားပြီး မျက်စိတစ်မှိတ်အတွင်း နှင်းတောင်တန်းများဆီသို့ လွင့်စင်၍ နှင်းတောင်တန်းမှ ချိုင့်ဝှမ်းလွင်ပြင် အားလုံး ရေအပြည့် ဖြစ်သွားသည်။

သူတို့ရှေ့ရှိ ရေကန်မှာ ရေတစ်စက်မျှ မရှိတော့ဘဲ ကန်အောက်ခြေမှ အရိုးများလည်း လွင့်ထွက်သွား၏။ အောက်ခြေကြမ်းပြင်က စိုစွတ်ဆဲ ရှိသေးသော်လည်း ရွှံ့နွံများပါ လွင့်ထွက်သွားသည့်အတွက် ရွှံ့နွံပြင် မဟုတ်တော့ချေ။

ချင်မူ ကောင်းကင်မျက်လုံး ဖွင့်၍ ကြည့်လိုက်သောအခါ ကန်ရေပြင်ပေါ်တွင် လွှမ်းခြုံထားသော မြူခိုးလွှာမှာလည်း သားသတ်သမား၏ လေမှုတ်ထုတ်မှုနှင့်အတူ ပါသွားပြီး အစအန ရှာမရတော့ကြောင်း တွေ့ရ၏။

သိုင်းကွက်အသားပေး လမ်းစဉ်မှ ထိပ်သီးပညာရှင်များက ရေမြေအနေအထားကို ပြောင်းလဲနိုင်သည့် မှော်ကောင်းကင်နတ်သိုင်းများ မတတ်ကျွမ်းသော်လည်း ဤသို့ ရေမြေရာသီဥတုကို ပြောင်းလဲနိင်သည့် ကြံ့ခိုင်သန်စွမ်းသော ခန္ဓာကိုယ် ရှိနေသည် ဖြစ်ရာ မှော်ကောင်းကင်နတ်သိုင်းများ သင်ယူရန် လိုပါသေးမည်လား။

“သိုင်းကွက်အသားပေး လမ်းစဉ်ရဲ့ ခန္ဓာကိုယ်၊ ဓားပျံလမ်းစဉ်ရဲ့ ဓားသိုင်းနဲ့ မှော်လမ်းစဉ်ရဲ့ ကောင်းကင်နတ်သိုင်းတွေ အကုန်လုံး ပိုင်ဆိုင်ထားနိုင်ရင် ပြိုင်ဘက်ကင်း ဖြစ်မသွားနိုင်ဘူးလား…”

ချင်မူ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်၍ သားသတ်သမား၏ နောက်မှ လိုက်သွားသည်။ သူ လေ့ကျင့်သည်က လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ် ဖြစ်ပြီး ဤကျင့်စဉ်က အဘက်ဘက်တွင် အသုံးဝင်၏။ တစ်ခုသာ ရှိသည်။ ဤကျင့်စဉ်က ၎င်းနှင့် သက်ဆိုင်သည့် ကောင်းကင်နတ်သိုင်း မရှိ၊ ခန္ဓာကိုယ်ကျင့်စဉ် မရှိ၊ ဓားသိုင်း မရှိ။

သူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ် လေ့ကျင့်နေသည့်အတွက် သူ့ကျင့်စဉ် တိုးတက်မှု မနှောင့်နှေးစေရန် သားသတ်သမားက သူ၏ ခန္ဓာကိုယ်ကျင့်စဉ်ကို မသင်ပေးခဲ့ခြင်း ဖြစ်သည်။

အမှန်တကယ်အားဖြင့် ရွာထဲရှိသူ အားလုံးက သီးခြား ကိုယ်ပိုင်ကျင့်စဉ်များ ပိုင်ဆိုင်ထားကြသော်လည်း မည်သူမျှ သူ့ကို သင်ကြားပေးခဲ့ခြင်း မရှိပေ။

သားသတ်သမားက ရေသေအိုင်ကို တစ်ချက်တည်း မှုတ်ထုတ်လိုက်သည်ကို မြင်သောအခါ လိုလန်ရွှေနန်းတော် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ ထိုသို့သော တုနှိုင်းမဲ့ ကောင်းကင်နတ်သိုင်းမျိုးက မှော်ဆရာဘုရင်များ၏ စိတ်နှလုံးကို အဘယ်သို့ မတုန်လှုပ်စေဘဲ ရှိလိမ့်မည်နည်း။

အထွတ်အမြတ်ခန်းမ၏ ရှေ့တွင် ဥသျှောင်မှော်ဆရာက ကျိုင်းတုတ်ကို ကိုင်၍ မတ်တတ်ရပ်နေ၏။ သူ့မျက်လုံးမှ ရွှေရောင်အလင်းတန်း နှစ်ခု ပြေးထွက်၍ ရေကန်ကြမ်းပြင်ပေါ် ဖြတ်လျှောက်လာသော လူသုံးယောက်အပေါ် ကျရောက်ပြီး သူ့မျက်ဝန်းများ တွန့်ခနဲ ဖြစ်သွားသည်။

သူက ဤရွှေနန်းတော်၏ အကြီးအကဲ ခေါင်းဆောင် ဖြစ်၏။ သားသတ်သမား၏ သန်စွမ်းသော ခန္ဓာကိုယ်ကို မနာလို အားကျနေခဲ့ပြီး ကောင်းကင်ဘုံသို့ ဓားမကို ပင့်မြှောက်ခဲ့သဖြင့် သားသမား၏ ခန္ဓာကိုယ် ပိုင်းဖြတ်ခံလိုက်ရကြောင်း ကြားသိသောအခါ ထာဝရငြိမ်းချမ်းရေး အင်ပါယာအတွင်း ထွင်းဖောက် ဝင်ရောက်၍ သားသတ်သမား၏ ခန္ဓာကိုယ် အောက်ပိုင်းကို လုယူသွားသော ဂိုဏ်းငယ်လေးကို သုတ်သင်ရှင်းလင်းခဲ့သည်။

သားသတ်သမား၏ ခန္ဓာကိုယ်က သူ့ထက် များစွာ သာလွန်ကြောင်း သိသဖြင့် သူ့ခန္ဓာကိုယ် အောက်ပိုင်းကို အတုံ့အဆိုင်းမရှိ ခုတ်ဖြတ်ပြီး သားသတ်သမား၏ ခန္ဓာကိုယ်အောက်ပိုင်းနှင့် ပြန်ဆက်ခဲ့၏။

ယခု သူ၏ အိပ်မက်ဆိုးကြီးက အမှန်တကယ် ဖြစ်လာချေပြီ။

ထျန်းခန်က ယခုထိ မသေသေး။ အသက်ရှိနေဆဲ ဖြစ်ပြီး ယခု သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ပြန်တောင်းယူရန် လာနေပြီ ဖြစ်၏။

ဥသျှောင်မှော်ဆရာ၏ မျက်ဝန်းထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွားပြီး အထွတ်အမြတ်ခန်းမထဲ ပြန်ဝင်သွားသည်။ ခန်းမထဲတွင် ရွှေပလ္လင်များပေါ်၌ ထိုင်နေသော ရွှေအရိုးစုများ ရှိ၏။ ဤအရိုးစုများက လူရိုးစုများ ဖြစ်ပြီး သားရဲ့ အရိုးစုများလည်း ရှိသည်။ စုစုပေါင်း ပလ္လင် ဆယ့်ရှစ်ခု ရှိပြီး ရွှေအရိုးစု ဆယ့်ခုနစ်ခု ရှိ၏။ ဆယ့်ရှစ်ခုမြောက် ပလ္လင်ထက်တွင် အသက်မရှိတော့သကဲ့သို့ အရိုးပေါ် အရေတင်နေသော ပေစုတ်စုတ် အဘိုးကြီး တစ်ယောက် ရှိနေသည်။

“ဆရာသခင်၊ ထျန်းခန် ရောက်လာပါတယ်…” ဥသျှောင်မှော်ဆရာက ခေါင်းငုံ့ပြီး ကျိုင်းတုတ်ကို အားပြု၍ ဒူးတစ်ဖက် ထောက်ချလိုက်သည်။

မီးခြစ်ဆံ တစ်ချောင်းကဲ့သို့ ပိန်ကပ်နေသော အဘိုးကြီးက လင်းတောက်သော မျက်ဝန်းများကို ဖွင့်လာသည်။ သူ့အသံက ဇီးကွက်တစ်ကောင်ကဲ့သို့ စူးစူးရှရှနိုင်လှ၏။ “မင်းကို ငါ ရှာခိုင်းထားတဲ့ ပြန်လည်မွေးဖွားရာ ကောင်းကင်သားတော် ဘယ်မှာလဲ…”

ဥသျှောင်မှော်ဆရာ၏ နဖူးထက်တွင် ရွှေရောင် ချွေးစက်များ စို့လာပြီး အထစ်ထစ် အငေါ့အငေါ့ ပြောလိုက်သည်။ “ရှာ… ရှာမတွေ့သေးပါဘူး”

ထိုပေစုတ်စုတ် အဘိုးကြီးက စူးရှရှ အသံဖြင့် အော်ဟစ်လိုက်၏။ “ပြန်လည်မွေးဖွားရာ ကောင်းကင်သားတော် မရှိရင် ပြီးခဲ့တဲ့ ဆယ့်ခုနစ်ဘဝ ငါ ပြန်ဝင်စားခဲ့တာ အလကား ဖြစ်မသွားဘူးလား… နတ်ဘုရား ဖြစ်ဖို့ ခြေလှမ်းဝက်ပဲ လိုတော့တယ်ကွ… ခြေလှမ်းဝက်…”

ဥသျှောင်မှော်ဆရာမှာ ခေါင်းကြီးသာ ငုံ့ထား၍ တစ်ခွန်းမျှ မဆိုဝံ့တော့ချေ။

ထိုပေစုတ်စုတ် အဘိုးကြီးက တင်းမာစွာ ပြောလိုက်၏။ “ငါ ရှိနေရင် ထျန်းခန် မင်းကို အခက်တွေ့အောင် မလုပ်ရဲပါဘူး… ဒါပေမဲ့ မင်းကို ကူညီဖို့ ငါ့အသက်ဓာတ်ကို အလွယ်တကူ အကုန်ဆုံးခံမှာ မဟုတ်ဘူး… သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ပြန်ပေးလိုက်… ပြီးတာနဲ့ ငါ့အတွက် ပြန်လည်မွေးဖွားရာ ကောင်းကင်သားတော်ကို ချက်ချင်း သွားရှာ…”

ဥသျှောင်မှော်ဆရာမှာ ထိတ်ခနဲ ဖြစ်သွားသည်။ ရုတ်တရက် အလင်းတန်း တစ်ခု သူ့ခါးကို ဖြတ်သန်းသွား၏။ သူ့အနေဖြင့် ခုခံရန် အတော်လေး နောက်ကျသွားချေပြီ။

သူ တစ်ခဏမျှ တိတ်ကျသွားပြီး သူ့ပါးစပ်ကို ဖွင့်ဟလိုက်၏။ “ညီတော်ကျားစုန်၊ အထဲဝင်ခဲ့…”

မှော်ဆရာဘုရင် တစ်ယောက်မှာ သူ့ခေါ်သံကို ကြားသောအခါ အထွတ်အမြတ်ခန်းမအတွင်းသို့ ကမန်းကတန်း ဝင်ရောက်လာပြီး ဦးညွှတ် အရိုအသေပြုလိုက်သည်။ “ဥသျှောင်မှော်ဆရာ၊ ဘာများ အမိန့်ရှိလိုပါသလဲ…”

ဥသျှောင်မှော်ဆရာက ကျိုင်းတုတ်ကို ကောက်ယူ၍ ထိုမှော်ဆရာ၏ ခေါင်းသို့ ထိုးချလိုက်၏။ ထို့နောက် ထိုသူ၏ ခန္ဓာကိုယ်အောက်ပိုင်းကို ဖြတ်ယူပြီး သူ့ခန္ဓာကိုယ်နှင့် ပြန်ဆက်လိုက်သည်။ သူ့အမူအရာ တစ်ချက်မှ ပျက်ယွင်းခြင်း မရှိဘဲ ဦးညွှတ် အရိုအသေပြု၍ ပြောလိုက်၏။ “ဆရာသခင်၊ တပည့်ကို ခွင့်ပြုပါဦး…”

All Chapters