← Chapters

ပိုင်ရှင်ထံ ပြန်ရောက်လာခြင်း

Vol. 12 Ch. 161

ပိုင်ရှင်ထံ ပြန်ရောက်လာခြင်း

Vol. 12 Ch. 161

ပေစုတ်စုတ် အဘိုးကြီးက မျက်လုံးများ မှိတ်လိုက်၏။ “ပြန်လည် မွေးဖွားရာ ကောင်းကင်သားတော်ကို တွေ့အောင် မရှာနိုင်ရင် အကျိုးဆက်ကို မင်း သိပါတယ်…”

ဥသျှောင်မှော်ဆရာက ဦးညွှတ် အရိုအသေပြု၍ သားသတ်သမား၏ ခန္ဓာကိုယ်အောက်ပိုင်းကို ဆွဲကာ အထွတ်အမြတ်ခန်းမမှ ပြန်ထွက်ခွာခဲ့၏။ သူ ခန်းမ အပြင်ဘက်သို့ ရောက်သောအခါ ခန်းမထဲမှ မှော်ဆရာဘုရင် ကျားစုန်၏ ခန္ဓာကိုယ်ကို တစ်စုံတစ်ခုက စားသောက်နေသကဲ့သို့ တဂျွတ်ဂျွတ် အသံများ ထွက်ပေါ်လာသည်။

ဥသျှောင်မှော်ဆရာ၏ မျက်ဝန်းများ တွန့်ခနဲ ဖြစ်သွားပြီး သူ့ခါးဆီမှ စူးအောင့်နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က မှော်စွမ်းအင်ကို အသုံးပြု၍ မှော်ဆရာဘုရင် ကျားစုန်၏ ခန္ဓာကိုယ်နှင့် ဆက်ထားခြင်း ဖြစ်သည်။ သို့သော်လည်း အသွေးအသား၊ အရိုး၊ အရွတ်၊ ချီစီးဆင်းမှု လမ်းကြောင်းများက တစ်ခုနှင့်တစ်ခု တွယ်ဆက်သွားခြင်း မရှိသေးပေ။

လျှို့ဝှက်ဆေးဝါးများကို အသုံးပြု၍ ကျားစုန်၏ ခန္ဓာကိုယ်ကို သူ့ခန္ဓာကိုယ် ဖြစ်အောင် ပေါင်းစည်းရပေဦးမည်။

သားသတ်သမား၏ ခန္ဓာကိုယ်ကို ရရှိခဲ့ကတည်းက သူ့စွမ်းအင် ကျင့်ကြံမှုတွင် နောက်ထပ် အဆင့်တစ်ခု တက်နိုင်ခဲ့သည်။ သားသတ်သမားက အသက်ရှိနေသေးဆဲ ဖြစ်ပြီး သူ့ကို ပြန်လာရှာလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပေ။ ထို့ပြင် ဆရာသခင်၏ ရုပ်ခန္ဓာက အသက်ဓာတ် ကုန်ခန်းလုနီးပါး ခြောက်သွေ့နေပြီ ဖြစ်၍ သားသတ်သမားနှင့် သူသေကိုယ်သေ မတိုက်ခိုက်ရဲဘဲ သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ပြန်ပေးလိုက်ရုံသာ ရှိတော့၏။

မှော်ဆရာဘုရင်ကျားစုန်၏ ခန္ဓာကိုယ်က နိမ့်ကျခြင်း မရှိသော်လည်း ဥသျှောင်မှော်ဆရာ၏ မူလခန္ဓာကိုယ်နှင့်တော့ ယှဉ်၍ မရပေ။ သူ၏ နဂိုမူလအဆင့်သို့ ရောက်အောင် ပြန်လေ့ကျင့်လိုလျှင် အချိန် မည်မျှ ကုန်ဆုံးရဦးမည် မသိ။

ဥသျှောင်မှော်ဆရာမှာ နာကျင်မှုကို ကျိတ်မှိတ် အောင့်ခံ၍ သားသတ်သမား၏ ခန္ဓာကိုယ်ကို ယူကာ တောင်အောက်သို့ ဆင်းခဲ့သည်။ ချင်မူ၊ သားသတ်သမားနှင့် မျက်ကန်းက တောင်ပေါ်သို့ တက်လာနေပြီ ဖြစ်ပြီး လမ်းတစ်ဝက်တွင် သူတို့ ဆုံတွေ့ကြ၏။

ဥသျှောင်မှော်ဆရာက သားသတ်သမား၏ ခန္ဓာကိုယ်အောက်ပိုင်းကို အောက်ချ၍ နှုတ်ဆက်လိုက်သည်။ “ထျန်းခန်…”

သားသတ်သမားက သူ၏ ခန္ဓာကိုယ်အောက်ပိုင်းကို ကြည့်လိုက်သည်။ ထို့နောက် ဥသျှောင်မှော်ဆရာ၏ ခါးသို့ လှမ်းကြည့်၍ ခေါင်းခါယမ်းလိုက်၏။ “ဘာတွေ ပူပန်နေတာလဲ… ငါ့ခန္ဓာကိုယ်ကို နှစ်ပေါင်း နှစ်ရာကျော်တဲ့အထိ အသက်ဓာတ်ရှိနေသေးအောင် ပြုစုပျိုးထောင်ပေးထားတဲ့အတွက် ကျေးဇူးတောင် တင်ရဦးမယ်…”

ဥသျှောင်မှော်ဆရာ၏ မျက်ဝန်းများ နှစ်ကြိမ်နှစ်ခါတိတိ တွန့်ခနဲ ဖြစ်သွားသည်။

ချင်မူက ရွှေရောင် ခန္ဓာကိုယ်အောက်ပိုင်းကို ထုတ်ယူ၍ ပြောလိုက်၏။ “ဥသျှောင်မှော်ဆရာ၊ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ပြန်ပေးလိုက်မယ်… ကျုပ်ဆီမှာ သိမ်းထားစရာ အကြောင်းမရှိဘူး…”

ဥသျှောင်မှော်ဆရာ၏ မျက်နှာပေါ်မှ ကြွက်သားများ တွန့်ခနဲ ဖြစ်သွားပြီး အက်ကွဲကွဲ လေသံဖြင့် တုံ့ပြန်လိုက်သည်။ “ငါ့အတွက် ဘာမှ အသုံးမဝင်ဘူး…”

“ရတနာလက်နက် ဖြစ်အောင် သွန်းလုပ်လို့ ရတယ်လေ…”

ချင်မူ စိတ်ရင်းစေတနာကောင်းဖြင့် မေးလိုက်၏။ “ခင်ဗျားရဲ့ ခန္ဓာကိုယ်က သေချာ မဆက်ရသေးပါလား… ကျုပ်က ဆေးပညာ တတ်ကျွမ်းပါတယ်၊ ဥသျှောင်မှော်ဆရာ ယုံကြည်မယ်ဆိုရင် ပကတိ ဆက်သွားအောင် ကူညီပေးနိုင်ပါတယ်…”

“မင်းက အခွင့်ကောင်းယူပြီး ဒုက္ခပေးချင်တာ မဟုတ်လား…”

ဥသျှောင်မှော်ဆရာက သရော်တော်တော် ပြုံး၍ သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ယူကာ လှည့်ထွက်သွားသည်။

ချင်မူ ခေါင်းခါယမ်း၍ သက်ပြင်းချလိုက်၏။ “သမားတော်တွေ အားလုံးက လူနာကို ရင်ဝယ်သားလို သဘောထား ကုသကြတာ မဟုတ်ဘူးလား… ဘိုးဘိုးသားသတ်သမားရဲ့ ခန္ဓာကိုယ်ကို ပြန်ဆက်မပေးခင် သူ့ခန္ဓာကိုယ်နဲ့ အရင်လေ့ကျင့်မလို့ လုပ်နေတာ…”

သားသတ်သမားက ပြုံးလိုက်သည်။ “မင်းရဲ့ ဆေးပညာကို ငါ ယုံပါတယ်… ရွာပြန်ပြီး ဆေးဆရာကို ပြန်ဆက်ခိုင်းရင် ပိုကောင်းတာပေါ့… ဒါပေမဲ့ မဟာမြို့ပျက်ကို ပြန်ဖို့က အတော်ကြာလိမ့်မယ်…”

သူ ရုတ်တရက် အော်ဟစ်လိုက်သည်။ “အဘိုးကြီး၊ အသက်ရှိသေးရဲ့လား…” ကျယ်လောင်သော အသံက တစ်တောင်လုံး ပဲ့တင်ထပ် ပျံ့နှံ့သွား၏။

ရှေးကျ၍ စူးရှသော အသံတစ်သံက လိုလန်ရွှေနန်းတော်မှ ပျံ့လွင့်လာသည်။ “စိတ်မပူပါနဲ့… ထျန်းခန်တောင် အခုထိ မသေသေးရင် ငါ ဘယ်လိုလုပ် သေဦးမှာလဲ…”

“ဒီတစ္ဆေအိုကြီးက အခုထိ အသက်ရှင်နေတုန်းပါလား…”

သားသတ်သမားက အေးစက်စက် ရယ်မောလိုက်သည်။ “တစ်ချိန်ချိန်တော့ ခင်ဗျားသေအောင် ကျုပ် လုပ်ပေးရမှာပေါ့… သွားကြစို့…”

ချင်မူက သားသတ်သမား၏ ခန္ဓာကိုယ်အောက်ပိုင်းကို သယ်ဆောင်၍ သူတို့ သုံးယောက်သား တောင်အောက်ဆင်းခဲ့ကြသည်။

မျက်ကန်းက တောင်ပေါ်သို့ လှည့်ကြည့်ရင်း အတွေးနက်သွားဟန် ရှိ၏။ “အဲဒီ တစ်ယောက်က အတော်လေး စွမ်းအားကြီးတာပဲ…”

သားသတ်သမားက သက်ပြင်းချ၍ ပြုံးလိုက်သည်။ “ငါ့ခန္ဓာကိုယ်အောက်ပိုင်း မရှိဘဲနဲ့ သူ့ကို ငါ ယှဉ်နိုင်မှာ မဟုတ်ဘူး… အဲ့ဒါကြောင့် မင်းကို အဖော်ခေါ်လာတာ… အဲဒီ အဘိုးကြီးက ဆယ့်ခုနစ်ခါ ပြန်ဝင်စားပြီး ဆယ့်ရှစ်ဘဝ နေထိုင်လာခဲ့တာ၊ သူ့သက်တမ်းက နှစ်တစ်သောင်းလောက် ရှိပြီ၊ အခုထိ မသေနိုင်သေးဘူး… သူနဲ့ ငါ သုံးလေးကြိမ်လောက် တိုက်ဖူးတယ်၊ သူ့စွမ်းအားက အတော်လေး ကြီးတယ်…”

ချင်မူ လွှတ်ခနဲ အော်ဟစ်လိုက်သည်။ “ဆယ့်ရှစ်ဘဝ နေထိုင်ခဲ့တာ… နှစ်တစ်သောင်း သက်တမ်း ရှိပြီ ဟုတ်လား… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဟုတ်လား… မဟာမြို့ပျက်မှာ နှစ်သောင်းချီထက် ပိုကြာအောင် သက်တမ်းရှိတဲ့ နတ်ဘုရားတွေနဲ့ မိစ္ဆာနတ်ဆိုးတွေကို မင်း မြင်ဖူးတယ် မဟုတ်ဘူးလားး… ဒီလောကကြီးမှာ ကြောက်စရာကောင်းတဲ့ အရာတွေ အများကြီးပဲ… ဒါပေမဲ့ မင်းက ငယ်သေးတော့ အဲဒီလိုဟာမျိုးတွေ မြင်တွေ့ဖူးဦးမှာ မဟုတ်ဘူး…”

သားသတ်သမားက ဆက်ပြောလိုက်သည်။ “အဲဒီ အဘိုးကြီးက နတ်ဘုရားလည်း မဟုတ်၊ မိစ္ဆာနတ်ဆိုးလည်း မဟုတ်သေးပေမဲ့ သိပ်မလိုတော့ဘူး… သူက အတိတ်က အကြောင်းတွေနဲ့ လျှို့ဝှက်ချက်တွေ အများကြီး သိထားတယ်… သူသာ ရန်သူ မဟုတ်ခဲ့ရင် ငါ သူနဲ့ ဆန့်ကျင်ဘက် ပြုမိမှာ မဟုတ်ဘူး…”

မျက်ကန်းက ခေါင်းညိတ်လိုက်သည်။ “ကြောက်စရာကောင်းတဲ့ အရာတွေ တကယ် ရှိတယ်… ဥပမာ ပြောရရင် ငါ့မျက်လုံး…”

သူက ခေါင်းခါယမ်း၍ ဆက်မပြောတော့ပေ။

ချင်မူ၏ ရင်ထဲတွင် လှုပ်ခါသွား၏။ မျက်ကန်း၏ မျက်လုံးများကို တစ်စုံတစ်ယောက်က ထုတ်ယူသွားခြင်း ဖြစ်ပြီး မည်သူကို ထိုသို့ ထုတ်ယူသွားကြောင်း မျက်ကန်းက မပြောခဲ့ပေ။ ဤဖြစ်ရပ်၏ နောက်ကွယ်မှ လျှို့ဝှက်ချက်က မည်သည်များ ဖြစ်မည်နည်း။

သူတို့ လိုလန်ရွှေနန်းတော်မှ ထွက်ခွာပြီး လင်ယွိရှို့တို့ကို ခေါ်ဆောင်ကာ မြက်ခင်းလွင်ပြင်ဒေသ၏ လူရိုင်းမြို့တော် တစ်ခုသို့ သွားခဲ့၏။ ချင်မူက မြို့ထဲမှ ဆေးပစ္စည်းအချို့ ဝယ်ယူပြီး သူ့အိတ်ထဲမှ ဆေးကျိုအိုးကြီး တစ်လုံးကို ထုတ်ယူလိုက်သည်။ “ဘိုးဘိုးသားသတ်သမား၊ ဘိုးဘိုးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ဥသျှောင်မှော်ဆရာရဲ့ သွေးနဲ့ မှော်ဆရာ အဆိပ်တွေ ဖယ်ဖို့ ရေနွေးနဲ့ ပြုတ်ရလိမ့်မယ်…”

သူ့က ဆေးကျိုအိုးထဲသို့ ရေတစ်ပုံး ထည့်ပြီး ဆေးပင်များ တစ်ခုပြီး တစ်ခု ပစ်ထည့်လိုက်သည်။ ရေစဆူလာပြီး ဆေးနံ့များ ထွက်လာသောအခါ သားသတ်သမား၏ ခန္ဓာကိုယ်အောက်ပိုင်းကို ရေထဲ ထည့်လိုက်၏။

ဟူလင်းအာက စိုးရိမ်သွားသည်။ “ကျက်မသွားဘူးလားဟင်…”

မျက်ကန်းက သွားအဖြီးသား ပြုံး၍ ပြောလိုက်၏။ “အသားနံ့ မွှေးလာရင် ကျက်ပြီပေါ့…”

သားသတ်သမားက ဒေါသတကြီး ဖြေလိုက်သည်။ “ငါ့ခန္ဓာကိုယ်က နတ်ဘုရားတစ်ပါး ခုတ်ဖြတ်ခံရပြီးတာတောင် မသေတာ ဘယ်လိုလုပ် ရေနွေးတစ်အိုးနဲ့ ကျက်သွားရမှာလဲ…”

အတန်ကြာအောင် ပြုတ်ပြီးသောအခါ ချင်မူက ဆေးရည်၏ အရောင်ကို ကြည့်ရှု၍ ခွက်တစ်လုံးထဲမှ ဖားနီ၊ ဖားနက် အခြောက် တချို့ကို ပစ်ထည့်လိုက်သည်။ ထိုဖားများက လက်သည်းခွံ အရွယ်ခန့်သာ ရှိပြီး ဆေးကျိုအိုးထဲသို့ ပြန့်ကျဲ ကျရောက်သွား၏။

ဖားပြုတ်များက ခြောက်ကပ်နေပြီ ဖြစ်သော်လည်း ရေထဲသို့ ရောက်သွားသောအခါ အသက်ပြန်ဝင်လာပြီး ရေနွေးပူထဲ၌ လှည့်ပတ်ကူးခတ်၍ မှော်ဆရာအဆိပ်များကို စုပ်ယူနေသည်။

များစွာမကြာလိုက်ဘဲ ထိုဖားများ အဆိပ်မိ၍ သေဆုံးသွားကြ၏။

ချင်မူက နောက်ထပ် ရေတစ်အိုးလဲ၍ ရှေ့က အဆင့်များအတိုင်း ကိုးကြိမ်ကိုးခါတိတိ ပြုလုပ်ပြီး မှော်ဆရာ အဆိပ်များ ကုန်စင်အောင် ဖယ်ရှားလိုက်သည်။ သားသတ်သမား၏ ခန္ဓာကိုယ်အောက်ပိုင်းက အနီရောင် ပြန်သန်းလာပြီး သွေးကြောများ အတွင်းရှိ သွေးများက အသက်ရှိနေသကဲ့သို့ အလိုအလျောက် လှည့်ပတ်လာသည်ကို သူ မြင်ရ၏။

ချင်မူ နောက်ထပ် ရေနွေးတစ်အိုးတည်၍ ဆေးပင် တစ်ဒါဇင်ကျော် ပြောင်းထည့်ကာ သားသတ်သမား၏ ခန္ဓာကိုယ်ရှိ အသွေးအသားများ၏ လုပ်ဆောင်မှုကို ညာဉ့်နက်သည်အထိ လှုံ့ဆော် နှိုးဆွနေသည်။

လင်ယွိရှို့နှင့် မြေခွေးလေးက အိပ်ပျော်သွားပြီ ဖြစ်၏။ နွားသိုးစိမ်းကြီးကလည်း အိပ်နေပြီး မျက်ကန်းက ကြမ်းပေါ်ထိုင်၍ သူ၏ ဝါးတောင်ဝှေးကို မှီကာ ငိုက်နေသည်။ ချင်မူနှင့် သားသတ်သမားသာ ဆေးကျိုအိုဘေး၌ စောင့်ကြပ်နေကြ၏။

ချင်မူက သူ၏ အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ထုတ်ယူကာ သားသတ်သမားကို ကမ်းပေးလိုက်သည်။ “ဘိုးဘိုးသားသတ်သမား၊ ဘိုးဘိုးရဲ့ ခန္ဓာကိုယ်ကို ကျွန်တော် မဖြတ်နိုင်ဘူး၊ ဘိုးဘိုးဖာသာပဲ ဖြတ်ရလိမ့်မယ်… ဘိုးဘိုးရဲ့ ခါးပြတ်တဲ့နေရာက အသားပြန်တက်နေတာတွေကို လှီးထုတ်ပစ်ရမယ်…”

“မင့်ဓား သုံးဖို့ မလိုပါဘူး… ငါ့ဓားမ သုံးလိုက်မယ်…”

သားသတ်သမားက ဝက်ခုတ်ဓားမကို ဆွဲထုတ်၍ အံကြိတ်ကာ သူ့ဒဏ်ရာဟောင်းပေါ်မှ အသားတက်နေသည်များကို လှီးထုတ်လိုက်၏။ သူ၏ ကျင့်စဉ်စွမ်းအင်က မြင့်မားသည့်အတွက် ဒဏ်ရာတစ်ဝိုက်မှ သွေးကြောများကို ချီစွမ်းအင်ဖြင့် ထိုးပိတ်ပြီး သွေးမထွက်အောင် ပြုလုပ်လိုက်သည်။

ချင်မူက ခန္ဓာကိုယ်အောက်ပိုင်းကို ဆေးကျိုအိုးထဲမှ ဆွဲထုတ်လိုက်၏။ ဤခန္ဓာကိုယ်အောက်ပိုင်းမှ ဒဏ်ရာက လတ်လတ်ဆတ်ဆတ် ရှိနေသေး၍ လှီးဖြတ်ပစ်ရန် မလိုချေ။ ချင်မူ ကျောက်စိမ်းပုလင်းများ ထုတ်ယူ၍ သားသတ်သမား၏ ခန္ဓာကိုယ် အောက်ပိုင်းနှင့် အပေါ်ပိုင်းပြတ် နေရာကို နဂါးသွားရည်များ ဂရုတစိုက် သုတ်လိမ်းလိုက်သည်။

နဂါးသွားရည် လိမ်းလိုက်သည်နှင့် အသားမျှင်များက အနီရောင် ပိုးကောင်များကဲ့သို့ လျင်မြန်စွာ တွန့်လိမ် တိုးထွက်လာ၏။

သူက ထိုခန္ဓာကိုယ် နှစ်ပိုင်းကို ချက်ချင်း မဆက်သေးဘဲ ချီစွမ်းအင်ကို ကြိုးမျှင်ဖွဲ့၍ အရွတ်များ၊ အကြောများ အားလုံးကို တစ်မျှင်ချင်းစီ ကောက်ယူပြီး အရင်ဆက်လိုက်သည်။

သူ့လက်ဖဝါးထက်မှ ချီစွမ်းအင်ကြိုးမျှင် အရေအတွက်က တိုးပွားလာပြီး ကြွက်သားမျှင်များ၊ အမြှေးပါးများ၊ အူများ၊ ကျောရိုးများ တစ်ခုချင်းစီကို တေ့ဆက်လိုက်သည်။ ၎င်းတို့က တဖြည်းဖြည်းချင်း တစ်သားတည်း ပေါင်းစည်းသွား၏။ သို့သော်လည်း ခါးပတ်လည် အရေပြားကတော့ ပြန်ဆက်ခြင်း မရှိသေးပေ။

နောက်ဆုံးတွင် ချင်မူက ထိုဒဏ်ရာပေါ်သို့ နဂါးသွားရည်အချို့ သုတ်လိမ်းလိုက်သည်။ အရေပြားက တဖြည်းဖြည်း ပြန်တက်လာပြီး အနာစေ့ပိတ်သွား၏။

သူ့စိတ်အားကို မြှင့်တင်၍ သားသတ်သမားကို ချီမကာ ဆေးကျိုအိုးထဲ ထည့်လိုက်သည်။ ထို့နောက် ဆေးပင်များ ပစ်ထည့်ပြီး မီးအေးအေးဖြင့် တည်လိုက်၏။

သားသတ်သမားက ဆေးကျိုအိုး၏ ဘေးနှုတ်ခမ်းတွင် လက်တင်နေရင်းမှ ရုတ်တရက် ပြောလိုက်သည်။ “မူအာ၊ ပင်ပန်းသွားပြီ… ကျေးဇူး…”

ချင်မူ ခေါင်းခါယမ်း၍ ပြုံးလိုက်၏။ “ကျွန်တော့် ဆေးပညာကို ဘိုးဘိုးဆေးဆရာဆီက နှစ်တွေအကြာကြီး သင်လာခဲ့တာပါ… သိပ်ပြီး အားထုတ်ရတယ်လို့ မဆိုနိုင်ပါဘူး…”

“မင်းလည်း ဆေးဆရာလို နာမည်ဆိုး မထွက်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ…”

ရေက တဖြည်းဖြည်း ဆူလာပြီး သားသတ်သမားက အဖြူရောင် ရေငွေ့များကို မှုတ်ထုတ်လိုက်သည်။ “ဒါနဲ့ အဲဒီအိတ်လေးထဲနေ မင့်ပစ္စည်းတွေ တစ်ခုပြီးတစ်ခု ထုတ်ယူနေတာ တွေ့တယ်… အတော်ထူးဆန်းတာပဲ… တစ်ချက် ကြည့်ကြည့်ရအောင်…”

ချင်မူက သူ့အိတ်ကို ဖြုတ်ပေးလိုက်သည်။ “ဒီအိတ်ကို ကျွန်တော် လိုလန်ရွှေနန်းတော်က ရလာတာ… ဘယ်လို လုပ်ထားလဲတော့ မသိဘူး၊ အိတ်ထဲမှာ တစ်ဧကလောက် ကျယ်တယ်… အဲဒါနဲ့ ပစ္စည်းသိမ်းဖို့ လုပ်ထားတာ…”

သားသတ်သမားက ထိုအိတ်ကို ဖွင့်၍ အထဲသို့ ကြည့်လိုက်ပြီး ထူးဆန်းသော မျက်နှာ အမူအရာသို့ ပြောင်းသွားသည်။ “မူအာ၊ ကြည့်ရတာ လိုလန်ရွှေနန်းတော်ရဲ့ ရတနာတိုက်ကနေ ရတနာပစ္စည်းတွေ အများကြီး ကောက်လာခဲ့တာနဲ့ တူတယ်…”

ချင်မူ၏ မျက်နှာ အနည်းငယ် နီရဲသွား၏။

“မင်း ထော့ကျိုးဆီက သင်တာသင်၊ စွဲမသွားစေနဲ့…”

သားသတ်သမားက သက်ပြင်းချလိုက်သည်။  “တကယ်တော့ ငါတို့ အားလုံးမှာ အကျင့်ဆိုးတွေ ရှိကြတာပဲ… ထော့ကျိုးက ခိုးတယ်၊ ဆေးဆရာ သူများတွေကို အဆိပ်ခပ်ပြီး မိန်းမပွေတယ်… ငါကတော့ ဘဝင်မြင့်လွန်းပြီး ကောင်းကင်ဘုံကို ဓားမပင့်မြှောက် စိန်ခေါ်ခဲ့တယ်… မျက်ကန်းက သူကိုယ့်သူ အထင်ကြီးပြီး တစ်ချိန်လုံး ရွှတ်နောက်နောက် လုပ်နေတယ်… နားကန်းက မာနကြီးလွန်းတယ်… ရွှေအက သူ့ဖာသာ တစ်ယောက်တည်း ကျိတ်တွေးပြီး ဘယ်သူ့မှ ပြောမပြဘူး… ရွာလူကြီးကတော့ ပြောမနေနဲ့၊ သူ့ကိုယ်သူ သိပ်သည်းနက်ရှိုင်းတဲ့ ရေတွင်းအိုကြီးလို လုပ်နေတာ… အဘွားကြီးစစ်ကလည်း ပြဿနာအိုးပဲ… ငါတို့အားလုံးရဲ့ ဆိုးကွက်တွေ အကုန်လုံး မင်း တတ်သွားမှာပဲ ငါ စိုးရိမ်တာ…”

ချင်မူက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့ ဘိုးဘိုးသားသတ်သမား… ကျွန်တော် ရွာက ထွက်လာကတည်းက ဘာတစ်ခုမှ ပြဿနာ မရှာရသေးပါဘူး… ဂိုဏ်းချုပ်က ကျွန်တော့်ကို အတော်လေး သဘောကျပါတယ်…”

“အဲဒါဆို ကောင်းတာပေါ့… ပြဿနာ ရှာတာက ရှာလို့ရတယ်၊ မင်းရှာတဲ့ ပြဿနာ မင်း ရှင်းနိုင်ဖို့ပဲ လိုတာ…”

သားသတ်သမားက လက်ထဲမှ အိတ်ကို လှုပ်ခါကြည့်ပြီး ပြုံးလိုက်သည်။ “ဒီလိုအိတ်မျိုး အရင်က ငါ မြင်ဖူးတယ်… ထောင်ထျယ်အိတ်လို့ ခေါ်တယ်၊ ထောင်ထျယ်သားရဲရဲ့ အရေခွံကနေ လုပ်ထားတာ... မဟာမြို့ပျက်မှာ မျိုးသန့် ထောင်ထျယ်စစ်စစ်တွေ ရှိလိမ့်ဦးမယ်၊ ငါတို့ ရွာကလူတွေ အကုန်ဝိုင်းတိုက်ရင်တော့ တစ်ကောင်လောက် ရနိုင်မှာပါ… ဒီထောင်ထျယ်အိတ်ကို လုပ်ထားတဲ့ အရေခွံက မျိုးသန့် ထောင်ထျယ်စစ်စစ်က မဟုတ်ပေမဲ့ ထောင်ထျယ်သွေး အတော်လေး ပါတယ်… အရင် ငါ မြင်ဖူးတဲ့ ထောင်ထျယ်အိတ်က အချင်း ဆယ်ပေလောက်ပဲကျယ်တာ၊ ဘာမှ သိပ်မဆံ့ဘူး… ထောင်ထျယ်သွေးပါတဲ့ ဆန်းကြယ်သားရဲ တစ်ကောင်ကောင်ရဲ့ အရေခွံနဲ့ လုပ်ထားတာ နေလိမ့်မယ်…”

“အဲဒီလိုလား..”

ချင်မူ အံ့အားသင့်သွားပြီး ကမန်းကတန်း မေးလိုက်သည်။ “တချို့အိမ်တွေ အပြင်က ကြည့်ရင် သိပ်မကြီးသလို ထင်ရပေမဲ့ အထဲမှာ အကျယ်ကြီးပဲ… အဲဒါကရော ဘယ်လို လုပ်ထားတာလဲ…”

“သိပ်မထူးဆန်းပါဘူး… ထောင်ထျယ်သွေးပါတဲ့ ဆန်းကြယ်သားရဲတွေရဲ့ အရိုးကို အမှုန့်ကြိတ်ပြီး အင်္ဂတေထဲ ထည့်ရောထားတာ၊ သုတ်ဆေးထဲ ထည့်လည်း ရတယ်… အဲဒါကြောင့် အထဲက နေရာက ပိုကျယ်လာတာ…”

သားသတ်သမားက ပြောလိုက်သည်။ “ထောင်ထျယ်က နဂါးမျိုးနွယ်ဝင် နတ်သားရဲပဲ… ဒီနတ်သားရဲက စားပဲ စားတယ်၊ ကျင်ကြီး ပြန်မစွန့်ဘူး… အဲဒါကြောင့် သူ့ အစာအိမ်က အကျယ်ကြီး ဖြစ်နေတာ… သူ့အရေခွံကို အိတ်လုပ်ပြီး အရိုးကို အိမ်ဆောက်တဲ့ နေရာမှာ သုံးတယ်… တခြား အသုံးဝင်တာတွေ အများကြီး ရှိသေးပေမဲ့ မျိုးသန့် ထောင်ထျယ်တွေက သိပ်ရှားတယ်…”

ချင်မူက သားသတ်သမားဘေးတွင် နေ၍ အကြာကြီး စကားတွတ်ထိုး ပြောဆိုရင်း ငိုက်ခနဲ အိပ်ပျော်သွားသည်။ သူ နိုးလာသောအခါ ဆေးကျိုအိုးအောက်မှ မီးဖိုက ငြိမ်းနေချေပြီ။ မီးပြန်မွှေးရန် ပြင်လိုက်စဉ် သူ့ဘေးမှ သားသတ်သမား၏ အသံ ထွက်ပေါ်လာ၏။ “မူအာ၊ မလိုတော့ဘူး ရပြီ… ငါ့ကိုယ်မှာ ဘာမှ ကြီးကြီးမား ပြဿနာ မရှိတော့ဘူး…”

ချင်မူ ကမန်းကတန်း နောက်ပြန် လှည့်ကြည့်လိုက်သောအခါ သားသတ်သမားက အဝတ်အစားများ ဝတ်ပြီးသွားပြီ ဖြစ်ကြောင်း တွေ့ရ၏။ သူ ဆေးပစ္စည်းများ သွားဝယ်စဉ်က အထည်စပါ ဝယ်လာပြီး ချုပ်ပေးထားသည့် ဘောင်းဘီ အသစ်ကို ဝတ်ဆင်ထားသည်။

ဤအဘိုးအိုက ခန္ဓာကိုယ် အပေါ်ပိုင်းတွင် ရိုးရာ သင်တိုင်းအင်္ကျီရှည်ကို ဝတ်ထားပြီး အမြဲတစေ ရှုပ်ပွနေသော မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးများကို သပ်သပ်ယပ်ယပ် ရိတ်သင်ထားသဖြင့် လန်းဆန်းတက်ကြွသည့် အသွင်သစ် ဖြစ်နေ၏။

သားသတ်သမားက သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်၍ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ “မင်း အရွယ်ရောက်လာပြီပဲ… အရင်တုန်းက မင်းကို ငါတို့ ဖေးမစောင့်ရှောက်ခဲ့ရတယ်၊ အခု မင်းက ငါတို့ကို ပြန်ဖေးမနိုင်နေပြီ… ကောင်းတယ်၊ ကောင်းတယ်…”

မျက်ကန်း၏ အသံက အပြင်မှ ထွက်ပေါ်လာ၏။ “ဝက်သတ်တဲ့ကောင်… မင်း လေဆက်ရှည်နေရင် ထွက်သွားလို့ ရမှာ မဟုတ်တော့ဘူး… မင့်တပည့်က မီလာပြီ…”

သားသတ်သမားက အပြင်သို့ လှမ်းထွက်ရင်း ပြောလိုက်သည်။ “မင့်ရဲ့ ထောင်ထျယ်အိတ်ထဲမှာ နတ်ဘုရားတစ်ပါးရဲ့ လက်ရိုး တွေ့တယ်၊ အဲဒါ ငါ သိမ်းပေးထားမယ်… အဲပစ္စည်းကို မင်း လျှောက်သယ်သွားလို့ မရဘူး… အဲဒီ နတ်ဘုရားက သက်ရှိထင်ရှား ရှိသေးတယ်… မင်းဆီမှာ ရှိနေရင် အန္တရာယ်ကို ဖိတ်ခေါ်ထားသလို ဖြစ်လိမ့်မယ်…”

ချင်မူ တုန်လှုပ်သွား၏။ “အဲဒီလက်ရိုးရဲ့ ပိုင်ရှင်က အသက်ရှိသေးတာလား…”

All Chapters