သခင်လေးက သဘောကျတယ်
Vol. 12 Ch. 162
“အရင်တုန်းက ငါ ကိုယ်တိုင် ခုတ်ဖြတ်ပစ်ခဲ့တာ… အသက်ရှိသေးတယ်…”
သားသတ်သမားနှင့် မျက်ကန်းက ရှေ့ဆင့်နောက်ဆင့် ထွက်ခွာ၍ တဖြည်းဖြည်း ဝေးသွားသည်။ သူတို့၏ ခြေလှမ်းများက နှေးသယောင် ထင်ရသော်လည်း သူတို့ ထွက်ခွာသွားသည့် နှုန်းက လွန်စွာ လျင်မြန်လှ၏။ သားသတ်သမား၏ အသံက အဝေးမှ ပျံ့လွင့်လာသည်။ “ဒါ ငါ့ခန္ဓာကိုယ်အောက်ပိုင်းနဲ့ လဲခဲ့ရတဲ့ လက်ပဲ… ဒါပေမဲ့ အသွေးအသားတွေက ခွာပြီး စွမ်းအင်ဆေးလုံး လုပ်ခံလိုက်ရတာ ဖြစ်မယ်၊ အဲဒါကြောင့် အရိုးပဲ ကျန်တော့တာ…”
“မူအာ… နှစ်သစ်ကူးပွဲကျရင် ရွာပြန်လာဖို့ မမေ့နဲ့…” မျက်ကန်း၏ အသံလည်း အဝေးမှ ပျံ့လွင့်လာသည်။
ချင်မူ သူတို့ ထွက်သွားရာဘက်သို့ ကြည့်၍ ပြုံးလိုက်၏။ သူတို့၏ နောက်ကျောပြင်များဆီသို့ လက်ဝှေ့ယမ်းပြလိုက်သည်။ “နှစ်သစ်ကူးကျရင် သေချာပေါက် ပြန်လာခဲ့မယ်…”
မျက်ကန်းက သူ လက်ဝှေ့ယမ်း နှုတ်ဆက်နေသည်ကို မြင်ရသည့်ပမာ နောက်လှည့်မကြည့်ဘဲ လက်မြှောက်၍ ပြန်ဝှေ့ယမ်း နှုတ်ဆက်သွား၏။
“ဘိုးဘိုးမျက်ကန်းက တကယ့်ကို စွမ်းအားကြီးတာပဲ…”
ချင်မူ တအံ့တဩ ရေရွတ်လိုက်မိသည်။ “ဒီလောက် အဝေးကြီးကနေ သဲသဲကွဲကွဲ မြင်နိုင်တယ်…”
များစွာ မကြာလိုက်ဘဲ အဝေးဆီမှ အသံကျယ်ကြီး တစ်သံ လွင့်ပျံ့လာပြီး မြက်ခင်းလွင်ပြင်ဒေသ၏ ကောင်းကင်တစ်ခွင်၌ ပဲ့တင်ထပ်သွားသည်။ “ဆရာတူညီလေးချင်၊ ညီလေးချင်၊ ချင်…”
ထိုအသံက ပါမောက္ခပါ့ရှန်၏ အသံမှန်း သိသဖြင့် ချင်မူ ပြန်အော်လိုက်သည်။ “ကျွန်တော် ဒီမှာ…”
ထိုအသံက ဆက်၍ ထွက်ပေါ်လာ၏။ “တော်ဝင်ကျောင်းတော်သားချင်၊ ကျောင်းတော်သားချင်၊ ချင်…”
ချင်မူ ထပ်ထူးလိုက်သော်လည်း ပါမောက္ခပါ့ရှန်၏ အသံက အဝေးဆီမှ ဆက်ခေါ်နေသည်။ သူ သဘောပေါက်သွား၏။ “ပါမောက္ခပါ့ရှန်က ဒီနဲ့ မိုင်တစ်ရာလောက် ဝေးဦးမယ်… သူ့အသံက ငါ့ဆီ ရောက်လာနိုင်ပေမဲ့ ငါ့အသံက သူ့ဆီ မရောက်နိုင်ဘူး…”
လင်ယွိရှို့က နိုးလာပြီး ကမန်းကတန်း ပြောလိုက်သည်။ “နွားကျောင်းသား၊ ငါ လုပ်လိုက်မယ်…” သူမက စကားဆုံးသည်နှင့် လက်တစ်ဖက် ဝှေ့ယမ်းပြီး မီးလျှံကောင်းကင်နတ်သိုင်းကို ဖော်ထုတ်ကာ ကောင်းကင်ယံသို့ မီးလုံးတစ်လုံး ပစ်လွှတ်လိုက်၏။ ထိုမီးလုံးက အပူလှိုင်းများ တရှိန်ရှိန်ထ၍ ပေါက်ကွဲသွားသည်။
သူမ၏ ဉာဏ်ကောင်းမှုကို ချင်မူ ကျိတ်ချီးကျုးမိပြီး ပြုံးလိုက်၏။ “ဒါလည်း ထူးမှာ မဟုတ်ဘူး… ပါမောက္ခပါ့ရှန်က ဒီနေရာနဲ့ မိုင်တစ်ရာလောက် ဝေးတော့ မမြင်နိုင်ဘူး…”
ဟူလင်းအာနှင့် နွားသိုးစိမ်းကြီးလည်း နိုးလာကြ၏။ နွားသိုးစိမ်းကြီးက လှည့်ပတ်ကြည့်ရှု၍ သားသတ်သမားနှင့် မျက်ကန်းကို မမြင်သောအခါ မေးလိုက်သည်။ “သခင်ကြီးရဲ့ဆရာ ဘယ်ရောက်သွားလဲ…”
“သွားပြီ…”
ပါမောက္ခပါ့ရှန် သူ့ကို အမျိုးစုံ အော်ခေါ်နေသံကို အဆက်မပြတ်ကြားနေရသေး၏။ ချင်မူ သက်ပြင်းချလိုက်သည်။ ပါမောက္ခပါ့ရှန်၏ အသံက အမှန်ပင် အောင်လှပြီး မရပ်မနား ပြောနိုင်လွန်း၏။ ကြမ်းကြမ်းတမ်းတမ်း ယောက်ျားရင့်မာကြီးက ဤမျှ စကားများလွန်းသည်မှာ မယုံနိုင်စရာပင် ဖြစ်သည်။ ချင်မူ ပြောလိုက်၏။ “နယ်စပ်စည်းရိုးဘက်ပဲ သွားကြတာပေါ့… ပါမောက္ခပါ့ရှန် ငါတို့ကို ရှာမတွေ့ရင် အဲဒီကို ရောက်လာမှာပဲ…”
နွားသိုးစိမ်းကြီးက သူ၏ ပုံသဏ္ဌာန်အမှန်ကို ဖော်ထုတ်လိုက်ပြီး ချင်မူက ဟူလင်းအာ ပွေ့၍ နွားသိုးကြီး၏ ကျောပေါ်သို့ တက်လိုက်သည်။ လင်ယွိရှို့လည်း ခုန်တက်လိုက်၏။ နွားသိုးစိမ်းကြီးက နယ်စပ်စည်းရိုးဘက်သို့ ဦးတည်၍ ပြေးသွားသည်။ ချင်မူက သူ့ဘေးမှ မိန်းမငယ်လေးကို ကြည့်၍ မေးလိုက်၏။ “နင့်ဒဏ်ရာတွေ ကျက်ပြီလား…”
လင်ယွိရှို့က ခေါင်းညိတ်လိုက်သည်။ “အမာရွတ်တောင် မရှိတော့ဘူး… ဒီမှာကြည့်၊ အစက ငါ့ခါးမှာ ဓားဒဏ်ရာ ရှိတာ၊ အခု ဘာအရာမှ မရှိတော့ဘူး…”
သူမက ခါးပေါ်အောင် အင်္ကျီ မ၍ တစ်ဘက်သို့ လှည့်လိုက်သည်။ “ဒီမှာလေ…”
သူမ၏ အသားအရေက ချောမွတ်လှပြီး သေးကျဉ်သော ခါးလေးက ဖြူဝင်းနေ၏။ နေမထိ လေမထိ နေခဲ့ရဟန် ရှိသည်။ ချင်မူ၏ အသားအရေမှာ မူလက ပိုညို၏။ နွေရာသီ နေပူပူတွင် မာန်ဟုန်မြစ်ထဲ မကြာခဏ ရေဆင်းကူးခဲ့သည် မဟုတ်လား။ ငါးကြီးများ နောက်မှ လိုက်သောကြောင့် အသည်းအသန် ပြေးခဲ့ရသည့် အခါများပင် ရှိခဲ့သေး၏။
ယခု နန်းတွင်းကောလိပ်သို့ ရောက်လာသည့်အခါမှ ကိုယ်တုံးလုံးကျွတ် လျှောက်ပြေးရန် အခွင့်မသင့်တော့သည့်အတွက် သူ့အသားအရေ တဖြည်းဖြည်း ပြန်ဖြူလာသည်။ သို့သော်လည်း လင်ယွိရှို့နှင့် ယှဉ်သောအခါ ချင်မူက ညိုနေသေး၏။
ချင်မူ လက်တစ်ချောင်း ဆန့်ထုတ်၍ သူမ၏ ဒဏ်ရာနေရာကို ထိကြည့်လိုက်သည်။ ထိုနေရာ၌ အဖုသေးသေးလေး တစ်ဖု ရှိနေသေးသည်ကို သူ စမ်းမိ၏။
လင်ယွိရှို့ ယားပြီး တခစ်ခစ် ရယ်လိုက်မိသည်။
ချင်မူ ပြောလိုက်၏။ “မလှုပ်နဲ့၊ သွေးခဲ ချေပေးမလို့… မဟုတ်ရင် ဒီနေရာမှာ အဖုကြီး ဖြစ်ကျန်ခဲ့လိမ့်မယ်…”
လင်ယွိရှို့ ကမန်းကတန်း ရပ်တန့်လိုက်ပြီး အင်္ကျီကို မကာ ကိုင်ထားလိုက်သည်။ ချင်မူက သူ၏ ချီစွမ်းအင်ကို နဂါးစိမ်းချီအဖြစ် ပြောင်းလဲလိုက်ပြီး လက်ချောင်းထိပ်ဖျားမှ ချီစွမ်းအင်ကြိုးမျှင်များ ထုတ်လွှတ်၍ သူမ၏ အရေပြားကို ဖောက်ကာ ခဲနေသော သွေးများကို ချေဖျက်လိုက်၏။
လင်ယွိရှို့မှာ ထုံကျင်ယားယံမှုကိုသာ ခံစားရပြီး တခစ်ခစ် ရယ်မောလိုက်မိပြန်သည်။ “နင်က ငါ့ကို ယားအောင် လုပ်နေတာပဲ… အဲနားမှာ ယားကြော ရှိတယ်…”
ချင်မူက ခေါင်းမော့မကြည့်ဘဲ ပြောလိုက်၏။ “အောင့်ခံ… ခဏနေရင် ယားမှာ မဟုတ်တော့ဘူး၊ နည်းနည်း နာလိမ့်မယ်…”
တစ်ခဏ ကြာသောအခါ လင်ယွိရှို့ အပ်ချွန်နှင့် ထိုးခံရသကဲ့သို့ စူးခနဲ နာကျင်သွားပြီး ကမန်းကတန်း ငုံ့ကြည့်လိုက်သည်။ ချင်မူက သူ၏ သဘာဝမွှေးရနံ့ပိုးချည် လက်ကိုင်ပဝါဖြင့် စီးထွက်လာသော သွေးခဲများ သုတ်နေ သည်ကို မြင်တွေ့လိုက်ရ၏။ သွေးခဲများ ထွက်သွားသောအခါ သူမ၏ အရေပြားတွင် မည်သည့် အရာမျှ ကျန်မနေတော့ချေ။
လင်ယွိရှို့က အင်္ကျီကို ပြန်ချ၍ အပြစ်ကင်းစင်သော အမူအရာဖြင့် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ “နတ်ဆေးသမားတော်လေး၊ ငါ့နောက်ကျောမှာလည်း ဒဏ်ရာတွေ ရှိသေးတယ်… အမာရွတ်တွေများ ကျန်ဦးမလား မသိဘူး…”
ဟူလင်းအာက ကျယ်လောင်သော အသံဖြင့် ဝင်ပြောလိုက်သည်။ “နင့်နောက်ကျောက ဒဏ်ရာတွေကို ဆေးမလိမ်းခင် သွေးခဲ ညှစ်ထုတ်ထားပေးပြီးသား၊ ဘာအမာရွတ်မှ ကျန်မှာ မဟုတ်ဘူး…”
လင်ယွိရှို့ သူမကို ကြည့်လိုက်သောအခါ မြေခွေးလေးက တုံ့ပြန်ပြုံးပြလိုက်၏။ ထိုအပြုံးက လွန်စွာ ချိုမြသကဲ့သို့… လွန်စွာမှ အတုအယောင်ဆန်လှ၏။
“ဟွန့်… ကောက်ကျစ်တဲ့ မြေခွေးမ…” နှစ်ယောက်စလုံး၏ စိတ်ထဲတွင် တစ်ပြိုက်နက် တွေးမိလိုက်ကြသည်။
ဟူလင်းအာက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။ “မိန်းကလေးယွိရှို့၊ နင့်အသက်က ဘယ်လောက်ရှိပြီလဲ…”
လင်ယွိရှို့၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီး ပြန်မေးလိုက်သည်။ “နင့်အသက်ကရော…”
“ကျွန်မက ဆယ့်နှစ်…”
“ငါက ဆယ့်ခြောက်…”
“နင်က သခင်လေးထက် တစ်နှစ် ပိုကြီးတာပဲ…”
…။
လင်ယွိရှို့မှာ မြေခွေးလေးက သူ့အပေါ် ခုန်အုပ်၍ ရင်ဝကို နှစ်ချက်ဆင့် ထိုးသွားသကဲ့သို့ ခံစားလိုက်ရ၏။ ဤမြေခွေးလေးက ငယ်ရွယ်သော်လည်း သူ ရွှေ့သည့် အကွက်များက ရက်စက်ကြမ်းကြုတ်၍ မမျှော်လင့်ထားသော ထောင့်ချိုးမှ ဖြစ်သည့်အတွက် သူမ ခုခံကာကွယ်နိုင်ခြင်း မရှိပေ။
ဤမြေခွေးလေးတွင် မကောင်းသည့် အကြံအစည်များ ရှိကြောင်း သတိပြုမိခဲ့သည်မှာ ကြာပြီ ဖြစ်၏။ ညစဉ်ညတိုင်း ချင်မူ၏ အိပ်ခန်းထဲ တိုးဝင်၍ မည်သည်ကိုမျှ မသိသည့်နှယ် ဟန်ဆောင်ပြီး အထိန်းအကွပ်မဲ့ အရှက်ကင်းမဲ့စွာ ချစ်စဖွယ်ဟန်ပန် လုပ်နေသည်။
ယခု ဤအပျက်မလေးက စတင်၍ တိုက်ခိုက်လာချေပြီ။
လင်ယွိရှို့က အခြားမိန်းကလေးများကဲ့သို့ မဟုတ်ဘဲ စိတ်သဘောထားကြီး၍ ပွင့်ပွင့်လင်းလင်း ရဲရဲရင့်ရင့် ပြောဆိုနေထိုင်တတ်သူဟု ထင်ရသော်လည်း အထိအရှမခံသည့် စိတ်တစ်ခြမ်း ရှိ၏။ သူမက ချိုမြစွာ ပြုံးလိုက်သည်။ “မိန်းကလေးလင်း… နင့်လက်ဖဝါးက အမွေးလေးတွေက နုနုလေးတွေနော်… ဘာလို့ လူလက်လေးတွေ ဖြစ်အောင် ပြောင်းဖို့ မကြိုးစားတာလဲ…”
ဟူလင်းအာက သမ်းဝေ၍ မျက်လုံးများ မှေးစင်းလိုက်သည်။ “သခင်လေးက ဒီတိုင်းပဲ ကြိုက်တာ…”
“မိန်းကလေးလင်း၊ နင် ဘာလို့ လူပုံမပြောင်းတာလဲ…”
“သခင်လေးက ဒီတိုင်းပဲ ကြိုက်တာ…”
“နင့်မျက်လုံးတွေကို ကြည့်ဦး၊ ငါတို့နဲ့ မတူဘူးနော်…”
“သခင်လေးက ဒီတိုင်းပဲ ကြိုက်တာ…”
…။
လင်ယွိရှို့ မရှုမလှ ရှုံးနိမ့်သွား၏။ ၎င်းမြေခွေးလေးက ထွင်းဖောက်၍ မရသော ခံစစ်ရှိနေပြီး တန်ပြန် တိုက်စစ်ပင် ဆင်နေသေးသည်။ သူ၏ ခုခံကာကွယ်မှုက မဟာမိုးခြိမ်းသံ ကျောင်းတော်မှ ကောင်းကင်နတ်သိုင်း ဖြစ်သည့် ကြေးမုံမှန်ပြင်မှ ပန်းပွင့်များဟူသော သိုင်းကွက်ကဲ့သို့ ဖြစ်၏။ ထိုသိုင်းကွက်က တစ်ဘက်လူ၏ တိုက်ကွက်ကို ထိုသူ့ထံ ပြန်ပို့လွှတ်နိုင်သည်။
“ဒီမြေခွေးမက ဘယ်သူဆီကများ သင်လာသလဲ မသိဘူး…” လင်ယွိရှို့မှာ သူ့ကို ယှဉ်မပြောနိုင်သဖြင့် ဒေါပွမိသည်။
ဟူလင်းအာက သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေ၏။ ဤပညာရပ်များကို သူ မိုးသံနားဆင်စံအိမ်ရှိ မိန်းမပျိုလေးများထံမှ သင်ယူလာခြင်း ဖြစ်သည်။
လင်ယွိရှို့မှာ ရုတ်တရက် ရယ်ရမည်လား၊ ငိုရမည်လား မသိ ဖြစ်သွားသည်။ သူက မြေခွေးလေးတစ်ကောင်ကို သဝန်တို၍ တော်ဝင်မင်းသမီး တစ်ယောက်၏ အရှိန်အဝါပင် ပျောက်ဆုံးသွားခဲ့၏။ သူ့တွင် လှပသော ကောက်ကြောင်းများ ရှိသည်။ ချင်မူက အမြင်ကွယ်နေ၍ သူမကို ဝသည်ဟု ပြောသော်လည်း သူ့ရုပ်သွင်က ထိုမျှ မဆိုးလှ။ မြေခွေးလေး၏ အကွက်များက မည်မျှပင် ထက်မြက်စေကာမူ လူအသွင် ပြောင်းပြခြင်း မရှိခဲ့။
အောင်မြင်မှုက သူ့လက်ထဲတွင် ဖြစ်ပြီး ထိုကောက်ကျစ်သည့် မြေခွေးမကို မနာလို ဝန်တိုနေစရာ အကြောင်းမရှိချေ။
သူတို့ နယ်စပ်စည်းရိုးသို့ မရောက်မီ ပါမောက္ခပါ့ရှန်က မီလာ၏။ သားသတ်သမား ထွက်သွားပြီ ဖြစ်ကြောင်း သိလိုက်သောအခါ ဤသန်သန်မာမာ ယောက်ျားသားကြီးမှာ ငိုင်ကျသွားပြီး အော်ကြီးဟစ်ကျယ် ငိုယို၍ တစ်ချိန်တည်းတွင် ကောင်းကင်ဓားမ နာမည်တပ်ကာ ကျိန်ဆဲတော့၏။
ချင်မူ သူ့ကို တစ်ခဏမျှ နှစ်သိမ့်၍ ပြောလိုက်၏။ “သူ့က ဆရာတူအစ်ကိုကြီးကို မလွမ်းလို့ မဟုတ်ပါဘူး… နားပူတာ မခံနိုင်လို့ ထွက်သွားတာ… ဆရာတူအစ်ကိုကြီး အန္တရာယ်တွေ့နေတာကို သိတော့ အရင်ဆုံး ပြေးလိုက်သွားတာ သူပါပဲ… မငိုတော့နဲ့၊ မငိုတော့နဲ့… နယ်စပ်စည်းရိုးကို ရောက်တော့မယ်… ဝူခန်က မိန်းမငယ်လေး တစ်ယောက်လို ငိုနေတာ သူများတွေ တွေ့သွားလို့ မဖြစ်ဘူးလေ…”
ပါမောက္ခပါ့ရှန်က မျက်ရည်များသုတ်၍ ချင်မူ့ကို သူ ဆင်းရဲဒုက္ခ ရောက်ခဲ့ရသည်များ အိတ်သွန်ဖာမှောက် ပြောပြတော့သည်။ ငယ်စဉ်တောင်ကျေး ကလေးဘဝမှ စ၍ အိပ်ရာထဲ ရှူးပေါက်ချမိသဖြင့် အပြစ်ပေးခံရသည်များ၊ သူ ကျင့်စဉ် လေ့ကျင့်ခဲ့ပုံများ၊ ကောင်းကင်ဓားမကို အတွင်းခံ လျှော်ပေးခဲ့ရသည်များ၊ ကောင်းကင်ဓားမက သူ့ကို ခေါ်၍ တစ်ဘက်ရွာမှ ဘဲသားစွပ်ပြုတ် သွားခိုးကြသည်များအထိ ပါ၏။
ချင်မူက လင်ယွိရှို့ကို အကူအညီတောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်သော်လည်း လင်ယွိရှို့ ကူညီနိုင်သော ကိစ္စမဟုတ်ပေ။
နန်းတွင်းကောလိပ်…။
လူငယ်ဂိုဏ်းချုပ်က ပစ္စည်းများကို တိတ်တဆိတ် ထုပ်ပိုး၍ အရာရှိအမှတ်တံဆိပ်တွင် တွယ်ချိတ်ထားသော ဖဲကြိုးကို ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် သူ၏ အရာရှိအမှတ်တံဆိပ်ကို သင်ကြားရေးခန်းမ၏ တံခါး၌ ချိတ်ဆွဲ၍ နန်းတွင်းကောလိပ်ကို နောက်ဆုံးအနေဖြင့် တစ်ချက်ကြည့်ပြီး ပြုံးလိုက်၏။
စည်းကမ်းထိန်း အကြီးအကဲက ဝါးခြင်းတောင်းလေး တစ်ခုကို သယ်ဆောင်၍ ခပ်သုတ်သုတ် လျှောက်လှမ်းလာသည်။ ထိုဝါးခြင်းတောင်းထဲတွင် ထီးတစ်လက်နှင့် စာလိပ်များ၊ စာအုပ်များ ပါရှိ၏။
“သွားစို့၊ သူများတွေ ရုတ်ရုတ်သဲသဲ မဖြစ်စေတော့နဲ့…” လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်သည်။
သူတို့ နှစ်ယောက်သား မည်သူ့ကိုမျှ အကြောင်းမကြားတော့ဘဲ တောင်ပေါ်မှ ဆင်းလာခဲ့ကြ၏။ တောင်ခြေသို့ ရောက်သောအခါ နဂါးချီလင်က အမြီးတယမ်းယမ်းဖြင့် ကမန်းကတန်း မတ်တတ်ထရပ်လိုက်သည်။
“ငါ့သက်တမ်းက အဆုံးသတ်တော့မယ်… မင်းကို ရှေ့ဆက် ခေါ်မသွားနိုင်တော့ဘူး…”
လူငယ်ဂိုဏ်းချုပ်က နဂါးချီလင်၏ ခေါင်းကို ပွတ်သပ်၍ ခေါင်းခါယမ်းလိုက်၏။ “မင်း ငါ့နောက်လိုက်ရင် ငါ သက်တမ်းကုန်ပြီး သေတာကို ထိုင်စောင့်ရသလိုပဲ ဖြစ်လိမ့်မယ်… မိတ်ဆွေလေး၊ မင်း လွတ်လပ်သွားပြီ…”
ဖျောက်…။
နဂါးချီလင်၏ လည်ပင်းမှ သံကြိုးများက ပြေလျော့သွားသည်။ နဂါးချီလင်က သူ့ကို ကြောင်ငေးငေး စိုက်ကြည့်နေမိ၏။ သူ့ခေါင်းကို ခါယမ်းပြီး မေးလိုက်သည်။ “သခင်ကြီး… ကျွန်တော် သခင်ကြီးနောက် မလိုက်ရရင် ဘယ်ကို သွားရမှာလဲ…”
“မင်း အရင်က လွတ်လွတ်လပ်လပ် လှည့်ပတ်သွားလာနေခဲ့တာပဲ၊ မင်း မသွားရမဲ့နေရာ ရှိသေးလို့လား…”
လူငယ်ဂိုဏ်းချုပ်က လက်ဝှေ့ယမ်းပြပြီး သူကိုယ်တိုင် တည်ဆောက်ခဲ့သော နန်းတွင်းကောလိပ်ကို နောက်ဆံငင်သော အကြည့်များဖြင့် ကြည့်လိုက်၏။ ရုတ်တရက် နောက်လှည့်၍ ထွက်ခွာသွားသည်။ “ငါ့သက်တမ်းရဲ့ လက်ကျန်နှစ်တွေကို ဒီနေရာမှာ ကုန်ဆုံးခဲ့ပေမဲ့ ဒီနေ့တော့ ငါ ထွက်သွားတော့မယ်… ဒီနန်းတွင်းကောလိပ်မှာပဲ ငါ ခေါင်းမချချင်ဘူး…”
အဘိုးကြီးတစ်ယောက်နှင့် လူငယ်လေးတစ်ယောက်က မြို့တော်အပြင်ဘက်သို့ ထွက်ခွာလာခဲ့ကြသည်။ မြို့ပြင်ရောက်သောအခါ လူငယ်ဂိုဏ်းချုပ်က စည်းကမ်းထိန်းအကြီးအကဲကို နောက်ချန်နေခဲ့ရန် မှာကြားပြီး တစ်ယောက်တည်း ရှေ့ဆက်လျှောက်သွား၏။
“တာအိုရောင်းရင်း…”
ဧကရာဇ်အတိုင်ပင်ခံက နှုတ်ဆက်လိုက်သည်။ “ခင်ဗျား ဒီလိုပဲ ထွက်သွားတော့မှာလား… ဧကရာဇ်ဆီက နှုတ်ထွက်မိန့် မတောင်းခံတော့ဘူးလား…”
လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်၏။ “ငါ ဒီရာထူးကို လက်ခံခဲ့တုန်းကလည်း ဧကရာဇ်အတွက် လာခဲ့တာ မဟုတ်ဘူး၊ အခု ထွက်သွားတော့ ဘာအတွက် ဧကရာဇ်ဆီက နှုတ်ထွက်ခွင့် တောင်းခံရဦးမှာလဲ… မင်း ငါ့ကို ဒီနေရာ လာဖို့ ဖိတ်ခေါ်ခဲ့တာနဲ့ အခု လိုက်ပို့နှုတ်ဆက်တာနဲ့တင် သိပ်ကို ကျေနပ်မိပါပြီ…”
ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက စိတ်မကောင်းစွာ သက်ပြင်းချလိုက်သည်။ “တာအိုရောင်းရင်းက သေခြင်းတရားကို ရင်ဆိုင်နိုင်သွားပြီပဲ… ကျွန်တော့်အနေနဲ့ ခင်ဗျားရဲ့ စိတ်ထားမျိုး ထားနိုင်ဖို့ ဘယ်လောက်ကြာအောင် ကျင့်ကြံရဦးမယ် မသိဘူး… တာအိုရောင်းရင်းကို လိုက်ပို့ပါရစေ…”
သူတို့ နှစ်ယောက်သား ဘေးချင်းယှဉ် လျှောက်သွားကြပြီး စည်းကမ်းထိန်း အကြီးအကဲက မလှမ်းမကမ်းမှ လိုက်လာ၏။ ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်သည်။ “ခင်ဗျား ထွက်သွားတော့မယ် ဆိုတာ သိရတော့ ကျွန်တော့်ရင်ထဲမှာ အစိတ်အပိုင်းကြီး တစ်ခု ပျောက်ဆုံးသွားသလို ခံစားရတယ်… ဒီလောကကြီးမှာ ကျွန်တော့်ကို ခင်ဗျားထက် ပိုသိတဲ့သူ မရှိတော့ဘူး… ခင်ဗျား မရှိရင် ကျွန်တော် ရင်ဖွင့်နိုင်မဲ့သူ တစ်ယောက် လျော့သွားတော့မှာပဲ…”
လူငယ်ဂိုဏ်းချုပ်က ပြောလိုက်သည်။ “မင်းမှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိသလို မင်းရဲ့ အနာဂတ်ကလည်း အခက်အခဲတွေ များတယ်… မင်းလျှောက်မဲ့ လမ်းက ခလုတ်တံသင်းတွေ အပြည့်ပဲ… မင်းကို ငါ သင်ပြနိုင်တာ ဘာမှ မရှိတော့ဘူး၊ မင်းကိုယ်မင်းပဲ အားကိုးရတော့မယ်…”
ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခြေလှမ်းများ ရပ်တန့်လိုက်၏။ “ကျွန်တော် ခင်ဗျားကို ဆရာအဖြစ် အသိအမှတ်ပြုချင်တုန်းက ဘာလို့ လက်မခံခဲ့တာလဲ…”
လူငယ်ဂိုဏ်းချုပ်က တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။ “မင်းရဲ့ အရည်အချင်းက ငါ့ထက်ပိုသာတဲ့အပြင် အနာဂတ်မှာ အောင်မြင်မှုတွေ အများကြီး ရမယ်ဆိုတာ ငါ သိတယ်… ငါ့အနေနဲ့ မင့်ဆရာ မဖြစ်ထိုက်ဘူး၊ အဲ့ဒါကြောင့် မင်းကို တပည့်အဖြစ် လက်မခံခဲ့တာပဲ… မင်း စိတ်ကူးကြံစည်ခဲ့တဲ့ အရာတွေက ငါ တစ်ခါမှ မတွေးခဲ့ဘူးတဲ့ အရာတွေ၊ ငါ့ဘဝတစ်လျှောက်လုံး ပြီးမြောက် အောင်မြင်အောင် မလုပ်ဆောင်နိုင်တော့မဲ့ အရာတွေပဲ… ငါလည်း မင်းဆီက အတော်များများ သင်ယူခဲ့ရတယ်၊ အဲဒါကြောင့် မင့်ဆရာ မဖြစ်နိုင်ဘူး…”
ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခြေလှမ်းကြဲကြဲလှမ်း၍ လူငယ်ဂိုဏ်းချုပ်နောက် လိုက်သွား၏။ “ကျွန်တော် နည်းနည်း စိတ်ရှုပ်ထွေးနေသေးတယ်၊ ဒီနောက်ပိုင်းမှာ အားလျော့ချင်သလိုတောင် ဖြစ်လာတယ်… ပြောပါ၊ ကျွန်တော်တို့ လျှောက်တဲ့လမ်းက မှန်ကန်တဲ့ လမ်းစဉ် ဟုတ်ရဲ့လား…”
“သမာသမတ်ဂိုဏ်းလို့ ခေါ်ကြတဲ့သူတွေရဲ့ မျက်လုံးထဲမှာတော့ ငါတို့ လျှောက်တဲ့လမ်းက လမ်းမှန် မဟုတ်ဘူး…”
လူငယ်ဂိုဏ်းချုပ်က ခြေလှမ်းများ ရပ်၍ သူ၏ မျက်ဝန်းများထဲသို့ ကြည့်လိုက်သည်။ “ငါတို့က ဂိုဏ်းတွေကို ပြုပြင်ပြောင်းလဲပြီး ဂိုဏ်းပေါင်းစုံက ပညာရပ်တွေကို ကျောင်းတော်သားတွေကို သင်ကြားပေးဖို့၊ သာမန်အရပ်သားတွေနဲ့ သိုင်းဂိုဏ်းတွေရဲ့ ဂိုဏ်းသားတွေ တန်းတူ အခွင့်အရေး ရဖို့ အခြေခံကျောင်းတွေ၊ ကောလိပ်တွေနဲ့ နန်းတွင်းကောလိပ်ကို တည်ထောင်ခဲ့တယ်… သူတို့ရဲ့ မျက်လုံးထဲမှာ ငါတို့က လမ်းမှန်ကနေ သွေဖည်ပြီး ခွင့်မလွှတ်နိုင်တဲ့ အပြစ်တွေကို ကျူးလွန်နေတဲ့သူတွေပဲ… ဒါပေမဲ့ ငါတို့ရဲ့ မျက်လုံးထဲမှာတော့ ဒါက လမ်းမှန်ပဲ… တခြားသူတွေ ပြောတာကို နားမယောင်နဲ့၊ အမှန်တရားက အမှန်တရားပဲ… ခွေးဟောင်လို့ တောင်ရွေ့မသွားဘူး…”