← Chapters

ပန်ကုန်းစုန်

Vol. 12 Ch. 163

ပန်ကုန်းစုန်

Vol. 12 Ch. 163

“မင်း လုပ်ချင်တဲ့ အရာတွေက ကြီးမားပြီး ရှေ့ဆက်လျှောက်ရမဲ့ လမ်းက ဆူးငြောင့်ခလုတ်တွေ ပြည့်နေတယ်… ငါ့သက်တမ်းက ကုန်တော့မယ်၊ မင်းကို ရှေ့ဆက် မကူညီနိုင်တော့ဘူး… မင်းဖာသာပဲ အားကိုးရတော့မယ်…”

လူငယ်ဂိုဏ်းချုပ်က အသာအယာ ပြုံးလိုက်သည်။ “ပြန်တော့…”

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မြေပြင်နှင့် ဦးတိုက် အရိုအသေပြုလိုက်သည်။ “သက်တမ်းတစ်ဝက်တာ ထောက်ပံ့ ကူညီပေးခဲ့တဲ့အတွက် တာအိုရောင်းရင်းကို ကျေးဇူးတင်ပါတယ်…”

လူငယ်ဂိုဏ်းချုပ်က ပြန်၍ အရိုအသေပြုလိုက်သည်။ “ငါတို့က တစ်ခရီးတည်း သွားနေတာဆိုတော့ အပြန်အလှန် ကူညီထောက်မရမှာပါပဲ…”

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက နောက်ပြန်လှည့်ထွက်သွား၏။ သူ၏ အဝတ်အနားစများက လေထဲတွင် တဖျပ်ဖျပ် လွင့်ပျံနေပြီး မြို့တော်၏ အဆုံးအစမဲ့ လူပင်လယ်ကြီးထဲ တိုးဝင် ပျောက်ကွယ်သွားသည်။

လူငယ်ဂိုဏ်းချုပ်က ထရပ်၍ စည်းကမ်းထိန်း အကြီးအကဲကို လှမ်းခေါ်လိုက်သည်။ “သွားကြစို့၊ ဂိုဏ်းသခင်လေး နန်းတက်ဖို့ အချိန်ကျပြီ…”

မဟာတံတိုင်းနယ်စပ်တွင် ပါမောက္ခပါ့ရှန်၏ မျက်နှာက သုန်မှုန်နေပြီး ချင်မူနှင့် လင်ယွိရှို့တို့ကို နယ်စပ်ခံတပ်စခန်းသို့ ခေါ်ဆောင်လာ၏။ သူရင်ထဲတွင် အတော်လေး မကျေမနပ် ဖြစ်နေသည်။ တာဝန်ကျ လူရိုင်းတပ်မှူးက သူတို့ လာသည်ကို မြင်သောအခါ မျက်နှာပျက်သွားပြီး ရှေ့ထွက်လာ၏။ “ဝူခန်၊ အထွတ်အမြတ်နယ်မြေက ဝူခန်တို့ကို နယ်စပ်ကနေ ထွက်ခွာခွင့် မပေးဖို့ အမိန့်ထုတ်ထားပါတယ်…”

ပါမောက္ခပါ့ရှန်က အေးစက်စက် ကြည့်၍ မေးလိုက်၏။ “မင်း သေချင်နေတာလား…”

ထိုလူရိုင်းတပ်မှူးမှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး ဘေးသို့ လှည့်ကြည့်လိုက်၏။ ပါမောက္ခပါ့ရှန်က ဘေးနားမှ တပ်မှူးများ အားလုံးကို ဝေ့ကြည့်လိုက်ပြီး အေးစက်စက် မေးလိုက်သည်။ “မင်းတို့ အားလုံး သေချင်နေတာလား…”

ထိုလူရိုင်းတပ်မှူးက စိတ်ဆုံးဖြတ်၍ အော်ဟစ်လိုက်သည်။ “တံခါးတွေ ဖွင့်လိုက်…”

နယ်စပ်တံခါးမက ပွင့်ဟသွားပြီး ပါမောက္ခပါ့ရှန်က နွားသိုးကြီးကို မောင်းနှင်၍ ထွက်ခွာသွား၏။

ချင်မူ နောက်ပြန်လှည့်ကြည့်ပြီး တအံ့တဩ ရေရွတ်လိုက်မိသည်။ လူရိုင်းငယ်လေး တစ်ယောက်က မြို့ရိုးမျှော်စင်ထိပ်တွင် လက်သီးထိုး လေ့ကျင့်နေပြီး လေခွင်းသံ တဝှီးဝှီး ထွက်ပေါ်နေ၏။ ထိုလူရိုင်းငယ်က တစ်စုံတစ်ယောက် ကြည့်နေကြောင်း ခံစားမိသဖြင့် ကမန်းကတန်း ရပ်၍ ငုံ့ကြည့်လိုက်သည်။

“ဒီကောင်လေးက အတော် သန်မာတာပဲ၊ သိုင်းအခြေခံလည်း သိပ်ကောင်းတယ်…” ချင်မူ ချီးကျူးလိုက်မိ၏။

ထိုလူငယ်က သူတို့ဘက် အကြည့်ရောက်လာပြီး မျက်လုံးများ အရောင်တောက်ကာ အော်ဟစ်လိုက်သည်။ “ဝူခန်၊ ကျုပ်နာမည်က ပန်ကုန်းစုန်၊ မြက်ခင်းလွင်ပြင်ဧကရာဇ်ရဲ့ သားပဲ… နောင်တစ်ချိန်ကျရင် ကျုပ် ဝူခန့်ကို သေချာပေါက် အနိုင်ယူပြီး မြက်ခင်းလွင်ပြင်ရဲ့ အရှင်သခင် ဖြစ်လာစေရမယ်…”

ပါမောက္ခပါ့ရှန်က နောက်ပြန်လှည့်ကြည့်၍ ထိုလူရိုင်းငယ်ကို ခြေဆုံးခေါင်းဆုံး ကြည့်ကာ ချီးကျူးလိုက်သည်။ “သိပ်ကောင်းတဲ့ စိတ်ဓာတ်ပဲ၊ ဆက်လေ့ကျင့်… မင်းရဲ့ အခြေခံက သိပ်ကောင်းတယ်၊ ငါ့ကို လက်သီးပြန်ထိုးပြပါဦး…”

ပန်ကုန်းစုန်က နောက်ထပ် လိုက်သီးထိုးပြလိုက်၏။ ပါမောက္ခပါ့ရှန်က ချင်မူကို ပြောလိုက်သည်။ “ဒီကလေးရဲ့ သူ့လက်သီးအားကို ထိန်းချုပ်နိုင်စွမ်းနဲ့ အားအင်က တခြားသူတွေထက် အများကြီး သာတယ်… သူ့ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကလည်း ထူးခြားတယ်.. သေချာပေါက် စွမ်းရည်ထက်မြက်တဲ့သူ ဖြစ်လာမှာပဲ…”

ချင်မူက ခေါင်းညိတ်လိုက်၏။ တူညီသော သိုင်းကွက်၊ တူညီသော ကျင့်စဉ်စွမ်းအားနှင့်ပင် အချို့လူများ၏ လက်သီးချက်က အခြားသူတို့ထက် စွမ်းအားပိုကြီးသည်။ ဤသည်က ဘုရားပေးသည့် ပါရမီစွမ်းရည်ကြောင့် ဖြစ်ပြီး အခြားသူများ အနေဖြင့် မနာလို အားကျစွာ ငေးမောနေရုံမှတစ်ပါး အခြား မရှိချေ။

“အထင်ကြီးစရာပဲ၊ သူ မသေခဲ့ရင် မြက်ခင်းလွင်ပြင်မှာ ထင်ရှားကျော်ကြားတဲ့သူ တစ်ယောက် သေချာပေါက် ဖြစ်လာနိုင်တယ်…”

ချင်းမန်တံခါးသို့ သူတို့ ဆက်သွားလိုက်ကြ၏။ ပန်ကုန်းစုန်မှာ ပါမောက္ခပါ့ရှန်၏ ချီးကျူးစကားကြောင့် စိတ်အားတက်ကြွသွားပြီး ပို၍ အရှိန်မြင့် လေ့ကျင့်လိုက်သည်။ များစွာ မကြာလိုက်ဘဲ ရွှေရောင်အလင်းတန်း တစ်ခု ကောင်းကင်မှ ထိုးဆင်းလာပြီး မှော်ဆရာဘုရင်တစ်ယောက် ရောက်လာ၏။ သူက သုန်မှုန်သော မျက်နှာထားဖြင့် တာဝန်ကျ တပ်မှူးကို ဆင့်ခေါ်မေးမြန်းလိုက်သည်။ “မင်းက ဝူခန့်ကို လွှတ်ပေးလိုက်တာပေါ့ ဟုတ်လား…”

တာဝန်ကျ တပ်မှူးက အားတင်း၍ ပြောလိုက်၏။ “ဝူခန်က မှန်းဆလို့ မရတဲ့ သိုင်းစွမ်းအားကို ပိုင်ဆိုင်ထားတာ၊ ကျွန်တော်တို့ ဘယ်လိုလုပ် တားဆီးဝံ့မှာလဲ… ဇွတ်အတင်း တားရင် ကျွန်တော်တို့ နယ်စပ်စခန်း တစ်ခုလုံးနီးပါး ကျဆုံးသွားလိမ့်မယ်၊ အဲဒါဆို ထာဝရငြိမ်းချမ်းရေး အင်ပါယာက တပ်ဖွဲ့တွေကို ခုခံနိုင်မှာ မဟုတ်တော့ဘူး…”

ထိုမှော်ဆရာဘုရင်က အေးစက်စက် နှာခေါင်းရှုံ့၍ ဒေါသအိုးပေါက်ကွဲတော့မည် ပြင်လိုက်စဉ်တွင် မြို့ရိုးမျှော်စင်ပေါ်၌ လက်သီးထိုး လေ့ကျင့်နေသော ပန်ကုန်းစုန်ကို ရုတ်တရက် မြင်လိုက်မိ၏။ သူ အံ့ဩဝမ်းသာသွားပြီး ပန်ကုန်းစုန်ကို လက်ညှိုးထိုး၍ မေးလိုက်သည်။ “ဒါ ဘယ်သူ့ကလေးလဲ…”

“မန်သီအင်ပါယာ ဧကရာဇ်ခန်ရဲ့ သားငယ်၊ ပန်ကုန်းစုန် မင်းသားပါ…”

ထိုမှော်ဆရာဘုရင်က ပြုံး၍ အဝေးမှ လှမ်းဆွဲခေါ်လိုက်သည်။ ပန်ကုန်းစုန်၏ ခန္ဓာကိုယ်က ခြေကားရားလက်ကားရာ မျောလွင့်လာပြီး သူရှေ့သို့ ကျရောက်သွား၏။

“သိပ်ကောင်းတဲ့ အထုံပါရမီပါလား၊ ဒါ ဥသျှောင်မှော်ဆရာ ရှာနေတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးပဲ…”

မှော်ဆရာဘုရင်က သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်၍ ကျေနပ်သည့် အမူအရာ ပေါ်ထွက်လာသည်။ “ဥသျှောင်မှော်ဆရာ ရှာခိုင်းထားတဲ့ ပြန်လည်မွေးဖွားရာ ကောင်းကင်သားတော်ကို နောက်ဆုံးတော့ တွေ့ပြီ… ပန်ကုန်းစုန်၊ ငါ့နောက် လိုက်ခဲ့…”

တာဝန်ကျ တပ်မှူးက ထိတ်လန့်သွားပြီး တားဆီးဟန် ပြင်လိုက်သော်လည်း ထိုမှော်ဆရာဘုရင်က ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲ၍ ပန်ကုန်းစုန်ကို ခေါ်ဆောင်သွားပြီ ဖြစ်သည်။

သူ လိုလန်ရွှေနန်းတော်သို့ ရောက်သောအခါ ဤမင်းသားငယ်ကို ဥသျှောင်မှော်ဆရာရှေ့မှောက် ခေါ်ဆောင်သွား၏။ ဥသျှောင်မှော်ဆရာမှာ အံ့ဩဝမ်းသာသွားသည်။ သူက ပန်ကုန်းစုန်ကို အထွတ်အမြတ်ခန်းမသို့ ကမန်းကတန်း ခေါ်ဆောင်သွားပြီး ဦးညွှတ် အရိုအသေပြုလိုက်၏။ “ဆရာသခင်၊ ပြန်လည်မွေးဖွားရာ ကောင်းကင်သားတော်ကို တွေ့ပါပြီ… ဒီကလေးက ဆရာသခင်ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံနဲ့ အတူတူပါပဲ… မြက်ခင်းလွင်ပြင်ဒေသမှာ နှစ်တစ်ရာနေမှ တစ်ယောက် တွေ့ရတတ်တဲ့ ရှားရှားပါးပါး ပါရမီရှင်ပါ… အခု ဆရာသခင် ပြန်လည် ဝင်စားနိုင်ပါပြီ…”

ပလ္လင်ထက်ဆီမှ ဆွဲဆွဲငင်ငင် ရယ်မောသံတစ်သံ ထွက်ပေါ်လာပြီး အရိုးစုမိစ္ဆာတစ်ကောင် ရုတ်တရက် ပျံဝဲလာ၏။ ထို့နောက် အောက်ဘက်သို့ ဦးစိုက်ဆင်း၍ ပန်ကုန်းစုန်နှင့် ခေါင်းချင်း တိုက်လိုက်သည်။

ပန်ကုန်းစုန်၏ စိတ်အလျဉ်တွင် ကမ္ဘာမြေပြင် တစ်ခုလုံး တုန်လှုပ်သွားသကဲ့သို့ ပေါက်ကွဲသံကြီး အုန်းခနဲ ကြားလိုက်ရပြီး သူ့စိတ်ဝိညာဉ် ပျက်စီးသွား၏။

ထိုမိစ္ဆာကောင်၏ ကိုယ်ထဲမှ စွမ်းအင်များ အဆက်မပြတ် ထွက်ပေါ်လာပြီး ပန်ကုန်းစုန်၏ ကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ တစ်ချိန်တည်းတွင် မှော်ဆရာသခင်၏ စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲမှ ထွက်ခွာ၍ ပန်ကုန်းစုန်၏ ခန္ဓာကိုယ်ထဲသို့ ပြောင်းရွှေ့သွား၏။ “ငါ့တပည့်၊ ငါ ပြန်ဝင်စားတဲ့အခါ သေသင့်တဲ့သူက မသေသလို ရှင်သင့်တဲ့သူက မရှင်နိုင်တော့ဘူး… ဒီဖြစ်ရပ်က ကံကြမ္မာကို ပြောင်းလဲပြီး သဘာဝတရားကို ဆန့်ကျင်တဲ့အတွက် ငါ့ဝိညာဉ်ကို ခေါ်ဆောင်ဖို့ မရဏတမန်တော် လာလိမ့်မယ်… အဲဒီ မရဏတမန်တော်ကို ကာကွယ်ဖို့ အစီအရင် သေချာချထား…”

ဥသျှောင်မှော်ဆရာက ကမန်းကတန်း ရှေ့ထွက်၍ ရွှေပလ္လင်များကို သယ်ဆောင်ကာ ပန်ကုန်းစုန်၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် နေရာချလိုက်သည်။ ထိုပလ္လင်များပေါ်တွင် မှော်ဆရာသခင်၏ ပြီးခဲ့သည့် သက်တမ်းဆယ်ခုနစ်ခုမှ အရိုးစုများ ရှိပြီး ထိုအရိုးစုများကို မှော်အဆောင်ရတနာအဖြစ် စီရင်ထား၏။

ရုတ်တရက် ဘေးနားမှ အာကာသ ဟင်းလင်းပြင်က တုန်ခါသွားပြီး အခြားသော ဟင်းလင်းပြင်အချိန်ကာလမှ အေးစိမ့်သည့် လေတစ်ချက် တိုက်ခတ်လာသည်။ အထွတ်အမြတ်ခန်းမအတွင်းမှ မီးရောင်များ မှိန်ကျသွားပြီး အခြား ဟင်းလင်းပြင် အချိန်ကာလမှ လှေငယ်တစ်စင်း ဖြည်းညင်းစွာ မျောလွင့်လာ၏။

ထိုအရာက အမှောင်ကမ္ဘာ ဖြစ်ပြီး တစ်ခုတည်းသော အလင်းရောင်က လှေဦးထိပ်တွင် ချိတ်ဆွဲထားသည့် အစိမ်းရောင်မီးအိမ်မှ ထွက်ပေါ်နေသည်။ ထိုအစိမ်းရောင်မီးအိမ်၏ အလင်းရောင်က မှိန်ဖျော့လှပြီး ၎င်း၏ အောက်၌ အဘိုးအိုတစ်ဦး ထိုင်ကာ စက္ကူလှေနှင့် လူရုပ်များ ခေါက်နေ၏။

လှေငယ်လေးက အထွတ်အမြတ်ခန်းမထံသို့ ဖြည်းညင်းစွာ စီးမျောလာသည်။

ဥသျှောင်မှော်ဆရာက အလွန်တရာ စိတ်လှုပ်ရှားနေပြီး သူ၏ မှော်စွမ်းအင်များ အားလုံးကို ရွှေပလ္လင်များထံသို့ ပို့လွှတ်လိုက်၏။ ပလ္လင်များပေါ်မှ ရွှေရောင် အရိုးစု ဆယ့်ခုနစ်ခုက အသက်ဝင်လာပြီး အခြားကမ္ဘာနှင့် လက်ရှိကမ္ဘာကြား ဝင်ပေါက်တွင် တန်းစီရပ်တန့်လိုက်ကြသည်။

လှေငယ်လေးပေါ်တွင် ထိုင်လျက် လိုက်ပါလာသော အဘိုးအိုကို အဆုံးမဲ့အမှောင်ထုကြီးက ဝန်းရံလျက် ရှိပြီး သူ့နေရာမှ ကြည့်လျှင် လှေပေါ်ရှိ မီးအိမ်၏ အလင်းရောင်နှင့် အခြားကမ္ဘာ၏ ဝင်ပေါက်မှ အလင်းရောင်သာ ရှိသည်။ ထိုဝင်ပေါက်မှာ လက်ရှိတွင် အရိုးစု ဆယ့်ခုနစ်ခုက ပိတ်ဆို့ထား၏။

ထိုအဘိုးအိုက သူ၏ လက်ကို မြှောက်လိုက်သည်တွင် စက္ကူလူရုပ်နှင့် စက္ကူမြင်းရုပ်များ အသက်ဝင်သည်။ စက္ကူလူရုပ်များက စက္ကူမြင်းရုပ်များအပေါ် တက်ခွ၍ ရွှေရောင် အရိုးစုများ ပိတ်ဆို့ထားသော ဝင်ပေါက်ဆီသို့ ဒုန်းစိုင်း ပြေးဝင်လာ၏။ တစ်ချိန်တည်းတွင် မြင်းပေါ်မှ လူရုပ်များက သူတို့၏ စက္ကူဓားများကို ဝှေ့ယမ်းလိုက်ကြသည်။ ပါးစပ်များကို ဖွင့်ဟ၍ အော်ဟစ်မြည်ကြွေးလိုက်ကြသကဲ့သို့ ထင်ရသော်လည်း မည်သည့် အသံမျှ ထွက်မလာပေ။

အရိုးစု ဆယ့်ခုနစ်ခုက တစ်ပြိုင်နက် လှုပ်ရှားလာပြီး ပြေးဝင်လာသော စက္ကူလူများ၊ စက္ကူမြင်းများကို ရင်ဆိုင်တိုက်ခိုက်လိုက်၏။

ဤရွှေရောင်အရိုးစု ဆယ့်ခုနစ်ခုက အစီအရင်ဝင်္ကပါ တစ်ခုအဖြစ် နေရာယူထားပြီး ထိုဝင်္ကပါက နတ်ဘုရားများနှင့်ပင် ယှဉ်နိုင်သော စွမ်းအားတစ်ရပ်ကို ထုတ်ဖော်တိုက်ခိုက်နိုင်၏။ သို့သော်လည်း အခြားကမ္ဘာမှ အင်အားက ကြောက်မက်ဖွယ် ကောင်းလှသည်။ စက္ကူဓားများ ခုတ်ပိုင်းချလာသောအခါ မှော်ဆရာသခင်၏ ရွှေရောင်အရိုးစုများပင် ခုခံကာကွယ်နိုင်စွမ်း မရှိပေ။ ဓားမတစ်လက်က အရိုးတစ်ချောင်းကို အလွယ်တကူ ခုတ်ပိုင်းနိုင်သကဲ့သို့ ဓားရှည်တစ်လက်က ဦးခေါင်းခွံများကို အသာအယာ ထိုးစိုက်နိုင်၏။

ဥသျှောင်မှော်ဆရာက ရွှေရောင်အရိုးစု ဆယ့်ခုနစ်ခုကို ထိန်းချုပ်၍ စက္ကူလူရုပ်များ၊ စက္ကူမြင်းများ၏ တိုက်ခိုက်မှုကို အသည်းအသန် ခုခံကာကွယ်နေရသည်။ ထိုအချိန်တွင် မှော်ဆရာသခင်က သူ၏ ပြန်လည် ဝင်စားခြင်းကို ပြီးမြောက်အောင် အရှိန်ပိုမြှင့်လိုက်၏။ သို့သော်လည်း အခြားကမ္ဘာမှ လှေငယ်လေးက နီးသည်ထက် ပိုနီးလာသည်။ လှေပေါ်မှ အဘိုးအိုက မီးအိမ်ကို ကောက်ယူ၍ ထရပ်လိုက်၏။

လှေငယ်လေးက အခြားကမ္ဘာမှ လက်ရှိကမ္ဘာသို့ ဖြတ်ကူးလာတော့မည်ကို မြင်သောအခါ ဥသျှောင်မှော်ဆရာ၏ နဖူးတွင် ချွေးသီးများ စီးကျလာသည်။ ထိုအခိုက်၌ လှေပေါ်မှ အဘိုးအိုက မီးအိမ်ကို ဆွဲကိုင်၍ အခြားကမ္ဘာတစ်ဖက်ခြမ်းမှ လက်ဆန့်တန်းကာ ပြန်လည် ဝင်စားနေသော မှော်ဆရာသခင်ကို ဆွဲခေါ်ရန် ပြင်လိုက်၏။

ရုတ်တရက် မှော်ဆရာသခင်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး အသက်မရှူတော့ဘဲ လေထဲမှ ပြုတ်ကျသွားသည်။ တစ်ပြိုင်တည်းတွင် ပန်ကုန်းစုန်၏ အနက်ရောင် မျက်လုံးတောက်တောက်များ ပွင့်လာ၏။

သူ့မျက်လုံးများ ပွင့်လာသည်နှင့် ကမ္ဘာနှစ်ခုကြား ဆက်သွယ်သည့် ဝင်ပေါက်က ပြိုကျ ပျက်စီးသွားသည်။ စက္ကူလူရုပ်များနှင့် စက္ကူမြင်းများမှာလည်း အလိုလို မီးလောင်ပြာကျသွား၏။ တစ်ချိန်တည်းတွင် အခြားကမ္ဘာတစ်ဖက်မှ ဆန့်ထွက်လာသော လက်က တဖြည်းဖြည်း ပြန်ရုပ်သိမ်း၍ ပျောက်ကွယ်သွားသည်။

အထွတ်အမြတ်ခန်းမထဲတွင် မီးရောင်များ ပြန်လင်းလာပြီး အစောက အမှောင်ထုမှာ အစအန ရှာမရအောင် ပျောက်ဆုံးသွား၏။

ပန်ကုန်းစုန် သက်ပြင်းတစ်ချက် ချ၍ ပြုံးလိုက်၏။ “နောက်ဆုံးတော့ အောင်မြင်သွားပြီ…”

“ဝမ်းမြောက်မိပါတယ် ဆရာသခင်…” ဥသျှောင်မှော်ဆရာက ဦးညွှတ် အရိုအသေပြုလိုက်သည်။

ပန်ကုန်းစုန်က လက်ဝှေ့ယမ်း ပြလိုက်သဖြင့် ဥသျှောင်မှော်ဆရာ ဆုတ်ခွာခဲ့၏။ ခန်းမတံခါးကို ပြန်ပိတ်ရင်း သက်ပြင်းချလိုက်သည်။ “ဆရာသခင် အသက်ကြီးပြီး ခန္ဓာကိုယ် အားနည်းသွားတာကြောင့်သာ မဟုတ်ရင် ထျန်းခန် တိုက်ခိုက် သတ်ဖြတ်တာတွေကို သူ ဘယ်လိုလုပ် ကြည့်နေခဲ့မှာလဲ… အခု ဆရာသခင် ပြန်ဝင်စားပြီးသွားပြီဆိုတော့ နောက်ဘဝသစ် တစ်ခု ပြန်စနိုင်ပြီ… ဒီအတိုင်းဆို ထာဝရငြိမ်းချမ်းရေး အင်ပါယာကို ကြောက်စရာ မလိုတော့ဘူး၊ ထျန်းခန်ကိုလည်း ပူစရာ မလိုတော့ဘူး…”

ချင်းမန်တံခါးတွင် ချင်မူက ပါမောက္ခပါ့ရှန်ကို ကျောက်စိမ်းပုလင်း နှစ်လုံး ပစ်ပေးခဲ့ပြီး ဆေးဖော်ရန်အတွက် ဆေးပင်များ အဝယ်ထွက်သွား၏။

“သခင်လေး၊ ဂိုဏ်းချုပ်က သခင်လေးကို ရှာနေပါတယ်…”

ချင်မူက ပရဆေးပင်များ ရွေးချယ်နေခြင်းကို လက်စသတ်လိုက်သည်။ ထိုဆေးဆိုင်၏ ဆိုင်အကူက ပြောလိုက်၏။ “သခင်လေး၊ ဒီနယ်စပ်တံခါးက စောနိုင်သမျှစောစော ထွက်ပြီး သဟဇာတပြည်နယ်ကို သွားပါ…”

ချင်မူ အနည်းငယ် မှင်တက်မိသွားပြီး ခေါင်းညိတ်လိုက်သည်။

သူ တည်းခိုဆောင်သို့ ပြန်၍ ပါမောက္ခပါ့ရှန်၏ ဒဏ်ရာများအတွက် စွမ်းအင်ဆေးတစ်အိုး ဖော်လိုက်၏။ ထို့နောက် မည်သည့် စကားမျှ မဆိုတော့ဘဲ ဟူလင်းအာကို ခေါ်ကာ နယ်စပ်တံခါးမှ ထွက်၍ သဟဇာတပြည်နယ်သို့ ဦးတည်သွားလိုက်သည်။

လင်ယွိရှို့မှာ ထိုအချိန်က ရေချိုးနေပြီး သူ ရေချိုးပြီးသွားသောအခါ ချင်မူက အစအန ရှာမရအောင် ပျောက်ဆုံးသွား၏။ သူမ အံ့အားသင့်မိနေပြီး ပါမောက္ခပါ့ရှန်ကို သွားမေးလိုက်သည်။ ပါမောက္ခပါ့ရှန်လည်း ချင်မူ ထွက်သွားသည်ကို မသိလိုက်ပေ။ သူ တစ်ချက် စဉ်းစားပြီး ပြောလိုက်၏။ “မင်းသမီး၊ စိတ်ပူစရာ မရှိပါဘူး… ဟိုမြေခွေးလေးလည်း မရှိတော့ဘူး ဆိုတော့ ဆရာတူညီလေးကို သူများ ဖမ်းသွားတာ မဖြစ်နိုင်ဘူး၊ သူ့ဖာသာ ထွက်သွားတာ နေမယ်…”

လင်ယွိရှို့ စိတ်ခုသွား၏။ ချင်မူက သူ့ကို တစ်ခွန်းမျှ မပြောဘဲ တိတ်တဆိတ် ထွက်ခွာသွားသည်။

ထို့မျှ လျှို့လျှို့ဝှက်ဝှက် လုပ်ဆောင်ရန် လိုပါ၏လား။

“ဘာလို့ တစ်ခွန်းမှ မပြောဘဲ ထွက်သွားရတာလဲ…”

ပါမောက္ခပါ့ရှန်က စွမ်းအင်ဆေးလုံးများကို ပါးစပ်ထဲ ကောက်ထည့်ပြီး ထရပ်လိုက်သည်။ “မင်းသမီး၊ ငါတို့ နန်းတွင်းကောလိပ်ကို ပြန်ကြစို့… ငါတို့ ထွက်လာတဲ့ အချိန်က တွက်ရင် ပါမောက္ခချုပ် နှုတ်ထွက်တော့မဲ့ အချိန် ရောက်ပြီ… မကြာခင် ပါမောက္ခချုပ်အသစ်လည်း တက်လာလိမ့်မယ်… ပါမောက္ခချုပ်က ငါ့ကို အမြဲ ကြည့်ရှုစောင့်ရှောက်ခဲ့တာ၊ အနည်းဆုံးတော့ သူ ထွက်မသွားခင် ငါ နှုတ်ဆက်စကား ပြောရမယ်…”

လင်ယွိရှို့ ခေါင်းညိတ်လိုက်သည်။

ထိုအခိုက်၌ ချင်မူက ဟူလင်းအာကို ခေါ်၍ သဟဇာတပြည်နယ် အနီးသို့ ရောက်လာ၏။ လမ်းခရီးတစ်လျှောက်လုံး၌ ဆူပူအုံကြွမှုများ၊ မငြိမ်မသက်ဖြစ်မှုများ ပြည့်နေသည်။ အချို့ သိုင်းဂိုဏ်းများက ဧကရာဇ်မှာ လမ်းမှားရောက်နေပြီး ဖောက်ပြန်ရေးသမား ဧကရာဇ်အတိုင်ပင်ခံကို တစ်လောကလုံး ရှုပ်ထွေးအောင် စိတ်တိုင်းကျ ပြုလုပ်ခွင့်ပေးနေကြောင်း၊ သို့ဖြစ်၍ သိုင်းဂိုဏ်းများအနေဖြင့် အမှန်တရားဘက်မှ ရပ်တည်၍ မှားယွင်းမှုများကို ဆေးကြောသုတ်သင်ရန် တွန်းလှန်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ကြ၏။

သဟဇာတပြည်နယ် အနီးရှိ လောမြို့သို့ ရောက်လာသောအခါ လောမြို့ တစ်မြို့လုံးမှာ တိုက်ပွဲများ ဖြစ်ပွားနေသည်။ မြို့သူမြို့သားများမှာ အသက်မွေးဝမ်းကျောင်း ပြုရန် မဖြစ်နိုင်တော့။ နေရာအနှံ့တွင် စစ်သည်များက ပုန်ကန်သူများကို နှိမ်နင်းနေ၏။ သို့သော်လည်း ပွက်ပွက်ဆူနေသည့် ရေကို ငြိမ်သက်အောင် တားဆီးရသည့်နှယ် မည်သို့မျှ အရာထင်ခြင်း မရှိချေ။

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဤမီးစများကို အရှိန်ပြင်းပြင်း လောင်ကျွမ်းခွင့် ပြုထား၏။ ထာဝရငြိမ်းချမ်းရေး အင်ပါယာ၏ ဒေသန္တရအုပ်ချုပ်ရေးတွင် ခန့်အပ်ထားသော အရာရှိများမှာ သိုင်းဂိုဏ်းအသီးသီးမှ အဆင့်မြင့် ပညာရှင်များ ဖြစ်ပြီး ယခု ထိုသိုင်းဂိုဏ်းများ ပုန်ကန်သောအခါ သူတို့လည်း အလိုတူ အလိုပါ ပုန်ကန်ထကြွကြသည်။ အင်ပါယာ၏ အခြေခံအုတ်မြစ်က ယိမ်းယိုင်လာပြီး ပုန်ကန်မှုများကို နှိမ်နင်းရန် လွန်စွာ ခက်ခဲလာပြီ ဖြစ်၏။

“ဧကရာဇ်အတိုင်ပင်ခံက တစ်လောကလုံး ပရမ်းပတာ ဖြစ်နေတာကို ဘယ်လို နည်းလမ်းနဲ့များ ငြိမ်သက်အောင် လုပ်မှာပါလိမ့်…”

ချင်မူ စိတ်ရှုပ်ထွေးသွားမိသည်။ “ဒီအတိုင်း ဆက်သွားရင် တစ်လောကလုံးက သိုင်းဂိုဏ်းတွေ ပုန်ကန်ထကြွကြတော့မှာပဲ… အဲဒီအခါကျ ပုန်ကန်မှုတွေ ငြိမ်ဝပ်ပိပြားအောင် နှိမ်နင်းနိုင်ရင်တောင် ထာဝရငြိမ်းချမ်းရေး အင်ပါယာရဲ့ အင်အားက အတော်လေး ချိနဲ့သွားလိမ့်မယ်…”

ဤအဖြစ်မျိုးကို ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ သေချာပေါက် မြင်တွေ့ချင်လိမ့်မည် မဟုတ်ပေ။

ထာဝရငြိမ်းချမ်းရေး အင်ပါယာ၏ အင်အား ဆိုးဆိုးရွားရွား ချိနဲ့သွားလျှင် သူ့အနေဖြင့် အိမ်နီးချင်း နိုင်ငံများကို မည်သို့ ရင်ဆိုင်တိုက်ခိုက်နိုင်တော့ပါမည်နည်း။ မဟာမြို့ပျက်ကို မည်သို့ သိမ်းပိုက်နိုင်တော့ပါမည်နည်း။

လောမြို့နယ်စပ်မှ ဖြတ်အသွားတွင် ချင်မူ ဓားပြအုပ်စု ဆယ်ခုမက ရင်ဆိုင်ကြုံတွေ့ခဲ့ရ၏။ အချို့ ဓားပြများက ပုန်ကန်သူ ကောင်းကင်နတ်သိုင်း ပညာရှင်များ ဖြစ်ပြီး အချို့က တောင်ကုန်းများကို သိမ်းပိုက်၍ သူတစ်လူငါတစ်မင်း စိုးစံနေသော လောမြို့၏ အရာထမ်းများ ဖြစ်သည်။

ချင်မူက သူတို့ကို ရင်ဆိုင် မတိုက်နိုင်သောအခါ ထော့ကျိုး၏ ကောင်းကင်ခိုးယူ ခြေလှမ်းသိုင်းကို ထုတ်သုံး၍ ထွက်ပြေးခဲ့သဖြင့် အန္တရာယ် ကြုံတွေ့ရခြင်း မရှိပေ။

“ဧကရာဇ်အတိုင်ပင်ခံက ဒီပုန်ကန်မှုကို နှိမ်နင်းပြီး ဆန့်ကျင်သူတွေ အကုန်လုံးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ရင် ထာဝရငြိမ်းချမ်းရေး အင်ပါယာ တစ်ခုလုံး ကြောက်ဖို့ကောင်းအောင် တစ်သွေးတည်း တစ်သားတည်း စည်းလုံးညီညွတ်သွားလိမ့်မယ်…”

All Chapters