ကောင်းကင်နတ်မယ်
Vol. 12 Ch. 164
ချင်မူ လမ်းတစ်လျှောက် မြင်တွေ့ခဲ့ရသည်များကို တအံ့တဩ စုတ်သပ်၍မဆုံး ဖြစ်ခဲ့သည်။ လောမြို့ တစ်မြို့တည်းတွင်ပင် ကောင်းကင်နတ်သိုင်း ပညာရှင်များ မရေမတွက်နိုင်အောင် ရှိနေပြီ ဖြစ်၏။ အင်ပါယာ တစ်ခုလုံးဆိုလျှင် ကောင်းကင်နတ်သိုင်း ပညာရှင် မည်မျှပင် ရှိလိမ့်မည်နည်း။
ယခု ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဤအင်အားများကို အသုံးမချနိုင်သေးသော်လည်း ပုန်ကန်သူများကို သုတ်သင်ရှင်းလင်းပြီးသည်နှင့် ထာဝရငြိမ်းချမ်းရေး အင်ပါယာ၏ အင်အားက လျော့ကျမသွားဘဲ အကြီးအကျယ် တိုးမြင့်လာပေလိမ့်မည်။
နောက်ဆုံးတွင် သူ သဟဇာတပြည်နယ်သို့ ရောက်ရှိလာ၏။ ဤနေရာက လောမြို့နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ သဟဇာတပြည်နယ် တစ်ခုလုံးမှာ တည်ငြိမ်အေးချမ်း၍ စည်ပင်ဝပြောသည့် အသွင်ရှိပြီး ပြည်နယ်သူ ပြည်နယ်သားများမှာလည်း အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်နေထိုင်လျက် ရှိကြ၏။ ချင်မူ လယ်ကွင်းများဘေးမှ ဖြတ်သွားသောအခါ သိုင်းသမားအချို့က မှော်သိုင်းများ ထုတ်သုံး၍ လေအလျဉ်ကို လေပြင်းဓားသွားများအဖြစ် ပြောင်းလဲကာ လယ်သမားများအတွက် ကောက်ရိတ်သိမ်းပေးနေသည်ကို တွေ့လိုက်မိသည်။
သူ ခဏရပ်၍ ကြည့်လိုက်သောအခါ ထိုသိုင်းသမား အသုံးပြုသည့် မှော်သိုင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ဖြစ်ကြောင်း တွေ့ရ၏။ သူတို့က လေကို ထိန်းချုပ်၍ လယ်သမားများကို ကောက်ရိတ် ပေးပြီးနောက် အခကြေးငွေများ သွားရောက် လက်ခံယူကြသည်။
မိန်းကလေးတစ်ယောက်က ပြောလိုက်၏။ “ဒီနေ့ စပါးမလှန်းနဲ့ဦးနော်… ညနေကျရင် မိုးရွာလိမ့်မယ်…”
လယ်သမားမိသားစုများက ကျေးဇူးတင်စကား အထပ်ထပ် ပြောလိုက်ကြသည်။
သိုင်းသမားများက လယ်ကွင်းဘေး၌ ချင်မူ ရပ်နေသည်ကို မြင်သောအခါ ထူးဆန်းသလို ခံစားလိုက်မိကြ၏။ လယ်သမားများနှင့် စကားပြောခဲ့သည့် မိန်းကလေးက ချင်မူနှင့် မလှမ်းကမ်းတွင် ရပ်၍ နှုတ်ဆက်လိုက်သည်။ “ဒီက အစ်ကိုတော်၊ ဘာအကြောင်းထူးများ ရှိလို့ပါလဲ…”
ချင်မူက နွေးထွေးစွာ ပြုံး၍ မေးလိုက်၏။ “မင်းတို့က လေစံအိမ်ကလား…”
မိန်းကလေးမှာ အံ့အားသင့်သွားပြီး သူ့မေးခွန်းကို မဖြေရဲချေ။ ချင်မူက ပြုံးလိုက်၏။ “အစောက မင်းတို့သုံးတဲ့ မှော်သိုင်းက ‘မြေပြင်ပေါ် ရှပ်တိုက်ပြေးတဲ့ နွေဦးလေပြည်’ ဆိုတဲ့ သိုင်းကွက် ဖြစ်နေလို့ မေးတာပါ… မင်းတို့ကို ဒီသိုင်းကွက် သင်ပေးတာ လေစံအိမ်သခင် လိန်ကျန်းရင်လား…”
ထိုမိန်းကလေးက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ်၊ လေစံအိမ်သခင် လိန်ကျန်းရင်ပါ…”
ချင်မူက စိတ်ဝင်တစား မေးမြန်းလိုက်၏။ “လေစံအိမ်သခင်က မင်းတို့ကို ဒီသိုင်းကွက် အပြည့်အစုံ မသင်ပေးဘူးလား…”
အခြား သိုင်းသမားများလည်း ရှေ့တိုးလာပြီး ခေါင်းခါယမ်းလိုက်သည်။ “လေစံအိမ်သခင်က ကျွန်တော်တို့ကို တစ်ခါတစ်လေမှ သိုင်းကွက် နည်းနည်းပါးပါး သင်ပေးတာ… တစ်ခါ သင်ပြီးရင် ထပ်သင်မပေးတော့ဘူး… အဲဒါကြောင့် ကျွန်တော်တို့ အပြည့်အစုံ မတတ်ဘဲ ဖြစ်နေတာပါ…”
ချင်မူက သူ၏ ချီစွမ်းအင်ကို လှည့်ပတ်၍ နဂါးစိမ်းချီအဖြစ် ပြောင်းလဲရင်း ပြုံးလိုက်သည်။ “ငါ အချိန်ရှိတုန်း မင်းတို့ကို သင်ပေးသွားမယ်၊ သေချာကြည့်…”
ထို့နောက် လယ်ကွင်းများဘေး၌ပင် သူ၏ နဂါးစိမ်းချီစွမ်းအင်ကို လှည့်ပတ်၍ ‘မြေပြင်ပေါ် ရှပ်တိုက်ပြေးသည့် နွေဦးလေပြည်’ သိုင်းကွက်ကို ထုတ်ဖော်ကစားလိုက်သည်။ ဓားကွေးများနှင့် ဆင်တူသည့် လေပြင်းဓားသွားများက လယ်ကွင်းများအတွင်း မြွေများကဲ့သို့ လျှောတိုက် ပြေးထွက်သွားသည်ကို သူတို့ မြင်တွေ့လိုက်ရ၏။
“ဒီသိုင်းကွက်က ဓားသွားတွေကို မြေကြီးနား ကပ်သုံးဖို့ပဲ မဟုတ်ဘူး… ဒီလိုလည်း သုံးလို့ ရတယ်…”
ရုတ်တရက် ချင်မူက သူ့ခြေထောက်များကို မြေပြင်ပေါ် ဆောင့်နင်း၍ လေထဲသို့ ခုန်တက်သွားသည်။ သူ့ခြေဖျားများက လျင်မြန်စွာ လည်ပတ်နေသော လေပြင်းဓားသွားများအပေါ် ကျရောက်ပြီး ၎င်းတို့ ခေါ်ဆောင်ရာသို့ လိုက်ပါသွား၏။
ထို့နောက် လေပြင်းဓားသွားများအပေါ် မတ်တတ်ရပ်နေရင်းမှ ယင်းမှော်သိုင်းကွက်ကိုပင် ထပ်ဆင့် ထုတ်ဖော် တိုက်ခိုက်လိုက်သည်။ ရာချီသော လေပြင်းဓားသွားများ ဝှီးခနဲ ပြေးထွက်၍ ကိုက်နှစ်ဆယ် အချင်းရှိသော နေရာတစ်ခုလုံး ဖုံးလွှမ်း ခုတ်ဖြတ်သွား၏။
‘မြေပြင်ပေါ် ရှပ်တိုက်ပြေးသည့် နွေဦးလေပြည်’ သိုင်းကွက်က သာမန်မှော်သိုင်း တစ်ခုသာ ဖြစ်သော်လည်း ၎င်း၏ စွမ်းအားက မသေးလှပေ။ ဆိုရလျှင် နည်းလမ်း အမျိုးမျိုးဖြင့် အသုံးပြုနိုင်သော ဤသိုင်းကွက် တစ်ခုတည်းနှင့်ပင် မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ စွမ်းအားကို သိမြင်နိုင်၏။
ချင်မူက မြေပေါ်သို့ ပြန်ဆင်းသက်၍ သူ့သိုင်းကွက်များကို ရုပ်သိမ်းလိုက်သည်။
သိုင်းသမားလူငယ်များမှာ အံ့ဩဝမ်းသာသွား၏။ “လေစံအိမ်သခင်က လေပြင်းဓားသွားတွေအပေါ် နင်းတက်လို့ ရတယ်ဆိုတာ တစ်ခါမှ မသင်ပေးဖူးဘူး…”
သူတို့က ချင်မူထံ အပြေးအလွှား မေးမြန်း တိုင်ပင်လိုက်ကြသည်။ ချင်မူက လယ်ကွင်းဘေးတွင် ထိုင်ချ၍ သူတို့၏ မေးမြန်းမှုများ အားလုံးကို ဖြေကြားပေးလိုက်၏။ ထို့ပြင် ဤမှော်သိုင်းကွက်၏ ချီစွမ်းအင် လှည့်ပတ်မှု လမ်းကြောင်းနှင့် ချီစွမ်းအင်ကို မည်သို့ သေသပ်စွာ ထိန်းချုပ်ရမည် ဆိုခြင်းကိုလည်း ရှင်းပြခဲ့သည်။
“ဒီသိုင်းကွက်က အပြောင်းအလဲတွေ လုပ်လို့ရသေးတယ်… လေပြင်းဓားသွားက အမြဲတမ်း မြေကြီးပေါ်မှာ ကပ်ပြေးပြီးပဲ တိုက်ခိုက်ဖို့ မလိုဘူး…”
ချင်မူက ‘မြေပြင်ပေါ် ရှပ်တိုက်ပြေးသည့် နွေဦးလေပြည်’ သိုင်းကွက်ကို နောက်တစ်ကြိမ် ထုတ်ဖော်ပြီး သူ့လက်ချောင်းများကို ရုတ်တရက် လှုပ်ခါလိုက်သည်။ လေပြင်းဓားသွားများက ဒေါင်လိုက်အနေအထားသို့ ပြောင်းသွားပြီး အထက်သို့ တိုက်ခိုက်သည့်အသွင် ဖြစ်သွား၏။ “တကယ်တမ်းတော့ မှော်လမ်းစဉ်က ဓားလမ်းစဉ်၊ သိုင်းကွက်အသားပေး လမ်းစဉ်တွေနဲ့ အပြန်အလှန် ဆက်စပ်မှု ရှိတယ်… ‘မြေပြင်ပေါ် ရှပ်တိုက်ပြေးတဲ့ နွေဦးလေပြည်’ သိုင်းကွက်က မှော်သိုင်းကွက် ဖြစ်ပေမဲ့ ဓားသိုင်းနဲ့ တခြား သိုင်းကွက်အသားပေး ပညာရပ်တွေလို ပြောင်းပြီး သုံးလို့ ရ တယ်…”
ရုတ်တရက် သူက ဓားမစက်လုံး တစ်လုံးကို ထုတ်ယူပြီး ခပ်သာသာ လှုပ်ခါလိုက်သည်။ ဓားမစက်လုံးထဲမှ ဓားကွေးများ ထွက်ပေါ်လာပြီး ‘မြေပြင်ပေါ် ရှပ်တိုက်ပြေးသည့် နွေဦးလေပြည်’ သိုင်းကွက်ကို ထုတ်ဖော်လိုက်၏။ မှော်သိုင်းအဖြစ် အသုံးပြုခြင်းလောက် အကွက်အပြောင်းအလဲများစွာ ဖော်ဆောင်နိုင်ခြင်း မရှိသော်လည်း အားအဟုန်က အဆပေါင်းများစွာ တိုးမြင့်လာသည်။
ချင်မူက ဓားကွေးနှစ်လက်ကို ဖျတ်ခနဲ ဆုပ်ကိုင်လိုက်၏။ ဓားရောင်က ရုတ်တရက် ပြန့်ကားထွက်သွားသည်။ သူ့လက်များက နိမ့်လိုက်မြင့်လိုက် လှုပ်ရှားသွားပြီး ဓားရောင်များက မြေပြင်ပေါ် ရှပ်တိုက်ပြေးထွက်သွား၏။ သူ ထုတ်သုံးလိုက်သည့် တိုက်ကွက်က ‘မြေပြင်ပေါ် ရှပ်တိုက်ပြေးသည့် နွေဦးလေပြည်’သာ ဖြစ်ပြီး အားအဟုန်က ဓားမစက်လုံးဖြင့် အသုံးပြုသည်ထက် ပိုပြင်းထန်လာသည်။
ချင်မူ သူ၏ ဓားမများကို ရုပ်သိမ်းလိုက်၏။ ဓားကွေးများက ဓားမစက်လုံးထဲသို့ တစ်ချောင်းပြီးတစ်ချောင်း ပြန်ဝင်သွားသည်။
နောက်ပြန်လှည့်ကြည့်လိုက်သောအခါ သိုင်းသမားလူငယ်များက မှင်တက်ငေးမောလျက် ရှိသည်ကို တွေ့ရ၏။
ချင်မူက ပြုံး၍ မေးလိုက်သည်။ “မင်းတို့ နားလည်လိုက်လား…”
မိန်းကလေး တီးတိုးရေရွတ်လိုက်သည်။ “ဘယ်လိုလုပ်ပြီး မှော်သိုင်းက ဓားသိုင်းရော၊ သိုင်းကွက်အသားပေး ပညာရော ဖြစ်သွားရတာလဲ… စံအိမ်သခင်လိန်တောင် ဒီလိုမျိုး ထုတ်မသုံးနိုင်ဘူး…”
ချင်မူက စိတ်ရှည်ရှည်ဖြင့် သင်ကြားပြသပေးလိုက်သည်။ “မှော်သိုင်းကို မှော်သိုင်းလိုပဲ သုံးရမယ်လို့ ဘယ်သူက စည်းမျဉ်းချထားလို့လဲ… ဓားသိုင်းလို၊ သိုင်းကွက်အသားပေး ပညာလို သုံးဖို့ ဘာလို့ မရရမှာလဲ… ဒါလည်း သဘာဝတရားကို သူ့သဘောသူ ဆောင်ခွင့်ပြုတာပဲ မဟုတ်ဘူးလား… သိုင်းပညာကို လေ့ကျင့်တဲ့အခါ လမ်းရိုးအတိုင်းပဲ လိုက်နေဖို့ မလိုဘူး၊ သူတစ်ပါးရဲ့ အတွေ့အကြုံနဲ့ ကိုယ့်ကို ကန့်သတ်ထားခံစရာလည်း မလိုဘူး…”
သိုင်းသမားလူငယ်များမှာ အတွေးနက်သွားကြ၏။
ချင်မူက ထိုသိုင်းကွက်၏ အနှစ်သာရကို အကြိမ်အနည်းငယ် ထပ်ရှင်းပြလိုက်ပြီး သူတို့ အပြည့်အဝ နားလည်သွားသောအခါ မေးကြည့်လိုက်၏။ “မင်းတို့ ကျောင်းမသွားကြဘူးလား… မင်းတို့အသက်က ငယ်ငယ်လေးပဲ ရှိသေးတာ၊ ဘာလို့ အခြေခံကျောင်းမှာ ပညာသွားမရှာဘဲ နေရတာလဲ…”
လူငယ်တစ်ယောက်က ကြေကွဲဝမ်းနည်းစွာ ပြောလိုက်သည်။ “ဆင်းရဲလို့ပါ… ကျောင်းတက်စရာ ဘယ်က ပိုက်ဆံရမှာလဲ… ကောက်ရိတ်သိမ်းတဲ့ ရာသီမှာပဲ ငွေစကြေးစ နည်းနည်းရတာ… နတ်ဂိုဏ်းက ကျွန်တော်တို့ကို ငတ်မသေအောင်၊ ဝမ်းကျောင်းနိုင်အောင် မှော်သိုင်း၊ ဓားသိုင်းနဲ့ သိုင်းကွက်အသားပေး ပညာတွေ သင်ပေးထားပါတယ်…”
“သဘောပေါက်ပြီ…”
ချင်မူ တစ်စုံတစ်ခုကို တွေးနေသကဲ့သို့ ငြိမ်ကျသွားစဉ် ရင်းနှီးနေသော အသံတစ်သံ အဝေးမှ ထွက်ပေါ်လာ၏။ “မင်း ကောင်းကောင်း သင်ပေးခဲ့သလို သူတို့လည်း ကောင်းကောင်း သင်ယူခဲ့တာပဲ…”
ချင်မူ ချက်ချင်း လှည့်ကြည့်လိုက်သောအခါ ထိုစကားပြောလိုက်သည့်သူကို တွေ့ရ၏။ သူ ကမန်းကတန်း နှုတ်ဆက်လိုက်သည်။ “ဂိုဏ်းချုပ်၊ စည်းကမ်းထိန်းအကြီးအကဲ… ဘယ်တုန်းက ရောက်လာကြတာလဲ…”
မည်သည့်အချိန်ကတည်းက လူငယ်ဂိုဏ်းချုပ်နှင့် စည်းကမ်းထိန်းအကြီးအကဲ ရောက်နေသည်မှန်း သူ မသိချေ။ စည်းကမ်းထိန်း အကြီးအကဲက ပြုံးလိုက်၏။ “ငါတို့ ရောက်နေတာ အတော်ကြာပါပြီ… ဒီနားက ဖြတ်သွားရင်း သူတို့ကို မင်း သင်ပေးနေတာ တွေ့လို့ မနှောင့်ယှက်ဘဲ ရပ်နားထောင်နေတာ…”
လူငယ်ဂိုဏ်းချုပ်က ချီးကျူးလိုက်သည်။ “ငါ မင်းကို မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ လက်လွှဲပေးခဲ့မိတာ သိပ်မှန်တဲ့ ရွေးချယ်မှုပဲ… မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို နားလည်အောင် လေ့ကျင့်နိုင်ခဲ့ရင်ပဲ အတော်လေး ထူးချွန်တယ်လို့ သတ်မှတ်နိုင်ပြီ… တခြား ဂိုဏ်းသခင်တွေ သိုင်းကွက်တစ်ကွက်ကို အသုံးချနိုင်ရင် အလွန်ဆုံး တစ်မျိုး၊ နှစ်မျိုးပဲ… မင်းကတော့ အသုံးချနိုင်မဲ့ နည်းအမျိုးမျိုး စဉ်းစားနိုင်တယ်… ကောင်းတယ်၊ သိပ်ကောင်းတယ်…”
ချင်မူ စိတ်ရှုပ်ထွေးသွားသည်။ “သိုင်းကွက်တွေက ဒီလိုပဲ အသုံးချရတာ မဟုတ်ဘူးလား…”
လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်၏။ “ဟုတ်တာပေါ့… ပြီးခဲ့တဲ့ ဂိုဏ်းသခင်တွေ ဉာဏ်တုံးလွန်းလို့သာ ဒီလိုမျိုး အသုံးချဖို့ မစဉ်းစားမိခဲ့ကြတာ… သွားစို့…”
ချင်မူက ခေါင်းညိတ်၍ ဟူလင်းအာကို ခေါ်ဆောင်ကာ သူတို့နောက်မှ လိုက်လာခဲ့သည်။
“အာ… သူ ဘယ်သူလဲ မေးဖို့ မေ့သွားတယ်…” မိန်းကလေးက လွှတ်ခနဲ အော်လိုက်မိ၏။
ထိုသိုင်းသမားလူငယ်များက ဝေး၍ ဝေး၍ သွားသော ချင်မူတို့ကို ငေးကြည့်လိုက်ကြသည်။ လူငယ်တစ်ယောက်က တီးတိုး ရေရွတ်လိုက်၏။ “အစောက သူနဲ့ စကားပြောနေတဲ့ တစ်ယောက်ကို ဂိုဏ်းချုပ်လို့ ခေါ်ပြီး နောက်တစ်ယောက်ကို စည်းကမ်းထိန်း အကြီးအကဲလို့ ခေါ်လိုက်တယ်… သူက ဘယ်သူလဲ မသိဘူး…”
“သူ့ရဲ့ အသိပညာဗဟုသုတက စံအိမ်သခင်လိန်ထက်တောင် ပိုမြင့်သေးတယ်… ငါတို့ နတ်ဂိုဏ်းက အရေးပါတဲ့လူ တစ်ယောက်ယောက် ဖြစ်နေမလားပဲ…”
လမ်းတစ်လျှောက်တွင် ကောင်းကင်နတ်ဆိုးဂိုဏ်းသားများကို ချင်မူ ထပ်တွေ့ခဲ့သေးသည်။ အချို့က မှော်သိုင်း အသုံးပြု၍ မြေကျင်းတူးနေကြ၏။ အချို့က ထွန်ယက်နေကြသည်။ အချို့ကတော့ သစ်ပင်အမြင့်သို့ ပျံတက်၍ သစ်သီးများ ခူးနေကြ၏။
သို့သော်လည်း ဤဂိုဏ်းသားများက သူတို့၏ မှော်သိုင်းများကို ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိဘဲ အများစုက တစ်ဝက်တစ်ပျက်သာ တတ်မြောက်ထားကြသည်။
ဤတစ်ကြိမ်တွင်တော့ သူ ရပ်၍ မသင်ပေးတော့။ တစ်လောကလုံးတွင် ဖြန့်ကျက်ထားသော ကောင်းကင်နတ်ဆိုးဂိုဏ်းသားများက များပြားလွန်းလှသည်။ သူတို့အားလုံးကို ကိုယ်တိုင်ကိုယ်ကျ လိုက်၍ သင်ကြားပေးနေလျှင် နှစ်ပေါင်း မည်မျှကြာအောင် အချိန်ယူရမည် မသိ။ မည်သို့မျှ မဖြစ်နိုင်ပေ။
“သဟဇာတပြည်နယ်မှာ ငါတို့ နတ်ဂိုဏ်းရဲ့ ဂိုဏ်းသားတွေ ပိုများပါလား…”
လူငယ်ဂိုဏ်းချုပ်က ပြုံး၍ မေးလိုက်သည်။ “ဒီအခြေအနေကို ကြည့်ပြီး မင်း ဘယ်လို အတွေးပေါ်လဲ…”
“ဂိုဏ်းချုပ်က ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို အခြေခံကျောင်းတွေ၊ ကောလိပ်ကျောင်းတွေနဲ့ နန်းတွင်းကောလိပ် တည်ထောင်နိုင်အောင် ကူညီခဲ့ပေမဲ့ ကျွန်တော်တို့ ဂိုဏ်းသားတွေအတွက် သင်ယူဖို့နေရာ မရှိခဲ့ဘူး… ဂိုဏ်းချုပ်က တစ်လောကလုံးရဲ့ ကောင်းကျိုးအတွက် စိတ်ထဲ ရှိခဲ့ပေမဲ့ ကျွန်တော်တို့ ဂိုဏ်းကို မေ့နေခဲ့တယ်…”
ချင်မူက ခေါင်းခါယမ်းလိုက်၏။ “ဂိုဏ်းချုပ်အနေနဲ့ ကျွန်တော်တို့ နတ်ဂိုဏ်းမှာ အခြေခံကျောင်းတွေ၊ ကောလိပ်ကျောင်းတွေနဲ့ တော်ဝင်ကောလိပ်ကို တည်ထောင်သင့်တယ်… အဲဒါမှ ကျွန်တော်တို့ ဂိုဏ်းသားတွေ နောက်ကျကျန်မနေခဲ့မှာ…”
လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်သည်။ “ဒါက နတ်ဂိုဏ်းသခင် လုပ်ရမဲ့ အလုပ်၊ ဂိုဏ်းချုပ် လုပ်ရမဲ့ အလုပ် မဟုတ်ဘူး… ဂိုဏ်းသခင်လေး၊ အခုချိန်ကစပြီး ဒီကိစ္စက မင့်တာဝန် ဖြစ်လာလိမ့်မယ်…”
ချင်မူ ကြောင်ငေးငေး စိုက်ကြည့်ရင်း မေးလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်လေးဆယ်တုန်းက ဂိုဏ်းသခင်လီ ဘာဖြစ်လို့ မလုပ်ခဲ့တာလဲ…”
“ဂိုဏ်းသခင်လီက မိန်းမကိစ္စနဲ့ အလုပ်ရှုပ်နေတာ၊ ဂိုဏ်းသခင်မကို တန်းတန်းစွဲ ဖြစ်နေမှတော့ အပြင်လောကက လူတွေအပေါ် ဘယ်အာရုံရှိတော့မှာလဲ…”
ချင်မူ ပြောစရာစကား ရှာမရ ဖြစ်သွားသည်။ အဘွားစစ်က ထပ်ပါလာပြန်ချေပြီ။ လီထျန်းရှင်မှာ အဘွားစစ်ကို အရူးအမူး စွဲလမ်းနေခဲ့၍ တစ်လောကလုံး၏ အာရုံစိုက်ခံခဲ့ရသော ပြုပြင်ပြောင်းလဲမှုကြီးကိုပင် လွဲချော်ခဲ့၏။
နှိုင်းယှဉ်ရလျှင် တာအိုဂိုဏ်းနှင့် မဟာမိုးခြိမ်းသံကျောင်းတော်မှာ ဧကရာဇ်အတိုင်ပင်ခံ၏ ပြုပြင်ပြောင်းလဲမှုနောက် အမီလိုက်ရန် အဆင်မပြေချေ။ ထိုဂိုဏ်းနှစ်ဂိုဏ်းက သမာသမတ်လမ်းစဉ်နှင့် ဗုဒ္ဓလမ်းစဉ်၏ အထွတ်အမြတ်ဂိုဏ်းများ ဖြစ်ကြသော်လည်း သူတို့၏ သင်ကြားမှုနည်းစနစ်က ဆရာတစ်ယောက်လျှင် တပည့်အနည်းငယ်စီ လက်ခံ၍ ထိုဆရာကသာ သင်ကြားပေးနိုင်သည့် စနစ် ဖြစ်သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းကတော့ ထိုသို့ မဟုတ်။ သူတို့၏ နည်းလမ်းက စံအိမ်သခင်မှ တာဝန်ယူရသော နည်းစနစ် ဖြစ်သည်။ စံအိမ်သခင်များက အဆင့်မြင့်ပညာရှင်များ ဖြစ်ကြသော်လည်း သူတို့အနေဖြင့် တပည့်မွေးသည့် တာဝန်ယူစရာ မလိုချေ။ တစ်ခါတစ်လေမှသာ သူတို့၏ ပညာရပ်များ၊ ကောင်းကင်နတ်သိုင်းများ ပို့ချပေးရ၏။
ကောင်းကင်နတ်ဆိုးဂိုဏ်းအနေဖြင့် ဂိုဏ်းအတွင်းတွင် အခြေခံကျောင်းများ၊ ကောလိပ်ကျောင်းများ တည်ထောင်၍ ရသည်။ တော်ဝင်ကောလိပ်ကတော့…။
“တော်ဝင်ကောလိပ်အတွက်တော့ နန်းတွင်းကောလိပ်မှာပဲ တက်ခိုင်းလိုက်ရင် ရတယ်…”
ချင်မူ တွက်ကြည့်လိုက်သည်။ “ကျွန်တော်တို့ဂိုဏ်းက ထူးချွန်တဲ့ ဂိုဏ်းသားတွေကို ရွေးချယ်ပြီး နန်းတွင်းကောလိပ်ရဲ့ ဝင်ခွင့်စာမေးပွဲ ဝင်ဖြေခိုင်းလိုက်တာပေါ့၊ နန်းတွင်းကောလိပ်က ကျွန်တော်တို့ရဲ့ ဂိုဏ်းသားတွေကို ပြုစုပျိုးထောင်ပေးလိမ့်မယ်… ဒီလိုဆိုရင် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းအနေနဲ့ မဖွံ့ဖြိုးမတိုးတက်ဘဲ နေချင်ရင်တောင် ရတော့မှာ မဟုတ်ဘူး…”
လူငယ်ဂိုဏ်းချုပ်က သူ့ကို ကြည့်၍ သက်ပြင်းချလိုက်သည်။ “မင်း ဘာလို့ အနှစ်လေးဆယ်လောက် စောမမွေးခဲ့ရတာလဲ…”
သူက ချင်မူ့ကို မြို့ထဲသို့ ခေါ်လာခဲ့၏။ မြို့ထဲတွင် မြို့သူမြို့သားများက ပျားပန်းခပ်မျှ ရှုပ်ထွေး သွားလာနေကြသည်။ ချင်မူ နားမလည်နိုင် ဖြစ်သွားမိ၏။ “ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဌာနချုပ်က ဒီမြို့မှာ ရှိတာလား… မျက်စိကျစရာ မဖြစ်လွန်းနေဘူးလား…”
လူငယ်ဂိုဏ်းချုပ်က သူ့ကို မြို့စားနန်းဆောင်သို့ ခေါ်ဆောင်သွားပြီး ထိုနေရာသို့ ရောက်သောအခါ မည်သူ့ကိုမျှ သတင်းမပို့ဘဲ နန်းဆောင်ထဲ တန်းဝင်သွား၏။ နန်းဆောင်ထဲတွင် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ထိပ်သီးပုဂ္ဂိုလ်များ ရောက်နေကြချေပြီ။ စံအိမ်သခင်များ၊ ဂိုဏ်းထိန်းအကြီးအကဲများ၊ ဂိုဏ်းအုပ်များ၊ လက်ဝဲရံ၊ လက်ယာရံနှင့် ဂိုဏ်းစောင့်ကောင်းကင်နတ်မင်းများ စုံလင်နေသည်။
လူငယ်ဂိုဏ်းချုပ်နှင့် ချင်မူ ဝင်လာသည်ကို မြင်သောအခါ သူတို့အားလုံး ထရပ်၍ အရိုအသေပြု နှုတ်ဆက်လိုက်ကြ၏။
ချင်မူက သူတို့ကို ပြန်နှုတ်ဆက်လိုက်သည်။ လူငယ်ဂိုဏ်းချုပ်က အသာအယာ ခေါင်းညိတ်၍ မေးလိုက်၏။ “အားလုံး စုံပြီလား…”
ဂိုဏ်းထိန်းအကြီးအကဲ တစ်ယောက်က ပြောလိုက်သည်။ “ဂိုဏ်းသခင်မနဲ့ ကောင်းကင်နတ်မယ် ရောက်မလာသေးပါဘူး… ကောင်းကင်နတ်မင်းချမ်လည်း ရောက်မလာသေးပါဘူး…”
လူငယ်ဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်၏။ “အဲဒါဆို ခဏလောက် ထပ်စောင့်ကြတာပေါ့…”
များစွာမကြာလိုက်ဘဲ ချိုမြ၍ ဆွဲဆောင်မှု အပြည့်ရှိသော အသံတစ်သံ ထွက်ပေါ်လာသည်။ “မူအာနဲ့ ဂိုဏ်းချုပ် ရောက်ပြီလားဟင်…”
ချင်မူ ထိုအသံကို ကြားသောအခါ ခေါင်းထဲတွင် သွေးများ ဆောင့်တိုးလာသကဲ့သို့ ခံစားလိုက်ရ၏။ စံအိမ်သခင်များ၊ အကြီးအကဲများ အားလုံးမှာလည်း သူတို့၏ အိပ်မက်ချစ်သူကို မြင်တွေ့လိုက်ရသကဲ့သို့ မျက်နာများ ရဲတက်သွားသည်။
လူငယ်ဂိုဏ်းချုပ်၏ ရင်ထဲတွင်လည်း အနည်းငယ် လှုပ်ရှားသွားပြီး သူ့အမူအရာ ပျက်ယွင်းကာ အော်ဟစ်လိုက်သည်။ “စစ်ယိုယို တည်တည်ငြိမ်ငြိမ်နေစမ်း…”
အဘွားစစ်၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာ၏။ “ပျင်းစရာကောင်းလိုက်တာ…”
လူငယ်ဂိုဏ်းချုပ်က အပြင်ဘက်သို့ ပျံဝဲပြေးထွက်သွားသည်။ သူ့အသံက လွင့်ပျံထွက်ပေါ်လာ၏။ “နင့်ကို ဘယ်သူက ရုပ်အစစ်နဲ့ လာခိုင်းလို့လဲ… နင့်ရုပ်အမှန်ကို ပြလိုက်ရင် အခမ်းအနား တစ်ခုလုံး ဗြောင်းဆန်သွားမှာပေါ့ဟဲ့… ဟုတ်တယ်၊ ရုပ်ဆိုးကြီးနဲ့ လာရမှာ… နင် ပြုစုစောင့်ရှောက်ခဲ့တဲ့ ကလေးက ဂိုဏ်းသခင် ဖြစ်လာမှာ၊ နင်က သူ့ကိုပါ စွဲလမ်းသွားစေချင်တာလား… ဒီတိုင်းမှပေါ့၊ ဝင်တော့…”
ချင်မူနှင့် မြို့စားစံအိမ်ထဲမှ လူများအားလုံး သက်ပြင်းအတူတူ ချလိုက်မိကြသည်။ ဆံဖြူအကြီးအကဲများနှင့် ကောင်းကင်နတ်မင်းကြီးများ၏ နဖူးထက်တွင် ချွေးစေးများ ပြန်နေပြီး သူတို့ကိုယ်သူတို့ တည်ငြိမ်အောင် ပြန်ထိန်းလိုက်ကြ၏။
တံခါးအပြင်ဘက်မှ လူငယ်ဂိုဏ်းချုပ်နှင့် အဘွားစစ်တို့ လမ်းလျှောက်၍ ဝင်လာကြသည်။ အဘွားအိုလေးက ကျေနပ်သည့်ပုံ မပေါ်ဘဲ ဟိုဟိုသည်သည် ကြည့်လိုက်၏။ ချင်မူ့ကို တွေ့သောအခါမှ သူ ပြုံးနိုင်သည်။
“ဘွားဘွား…”
ချင်မူ ကမန်းကတန်း ရှေ့ထွက်၍ အဘွားစစ်၏ လက်များကို ဆွဲကာ ခေါ်လိုက်၏။ သူက ခပ်တိုးတိုး သရော်စကား ဆိုလိုက်သည်။ “ဘွားဘွား နန်းတွင်းကောလိပ်မှာ ရောက်နေတာ ကျွန်တော် သိတယ်၊ နာမည်တောင် မပြောင်းဘူး…”
အဘွားစစ်မှာ ဇဝေဇဝါ ဖြစ်သွား၏။ “ငါ နန်းတွင်းကောလိပ်ကို မသွားပါဘူး… အဝေးကနေပဲ စောင့်ကြည့်နေတာ… ပြီးတော့ နန်းတွင်းကောလိပ်မှာ ဂိုဏ်းချုပ် ရှိနေတာပဲ၊ မင်းအတွက် စိုးရိမ်စရာမှ မရှိတာ…”
ချင်မူ ပြုံးလိုက်သည်။ “ဘွားဘွားက ဟန်ဆောင်ဦးမလို့လား… ကျွန်တော် ရိပ်မိပြီးပြီ၊ ဘွားဘွားက နန်းတွင်းကောလိပ်က စစ်…”
“ကောင်းကင်နတ်မယ် ရောက်လာပါပြီ…” အပြင်ဘက်မှ ကျယ်လောင်သော အသံတစ်သံ ရုတ်တရက် ဟိန်းထွက်လာသည်။
ချင်မူ စစ်ယွင်ရှန်း၏ အမည်ကို ထုတ်ပြောတော့မည် ပြင်လိုက်စဉ်တွင် တံခါးပေါက်မှ စစ်ယွင်ရှန်း ဝင်လာသည်ကို မြင်လိုက်ရ၏။ အဘွားစစ်၏ အသံက သူ့နံဘေးမှ ထွက်ပေါ်လာသည်။ “ကောင်းကင်နတ်မယ်က ဂိုဏ်းသခင်ရဲ့ အတန်းဖော်တောင် ဖြစ်ခဲ့တာပဲ၊ မင်းတို့နှစ်ယောက်က နန်းတွင်းကောလိပ်ကို တစ်ချိန်တည်း ဝင်ခဲ့ကြတာ…”