← Chapters

ထာဝရရှင်သန်ခြင်းသုံးမျိုး

Vol. 12 Ch. 165

ထာဝရရှင်သန်ခြင်းသုံးမျိုး

Vol. 12 Ch. 165

ချင်မူ မှင်တက်မိသွား၏။ စစ်ယွင်ရှန်းကို တစ်လှည့်၊ သူ့ဘေးမှ အဘွားစစ်ကို တစ်လှည့် ကြည့်ရင်း ကျောက်ရုပ်သဖွယ် ဖြစ်သွားသည်။ စစ်ယွင်ရှန်းမှာ အဘွားစစ် ဖြစ်မည်ဟုသာ တစ်ချိန်လုံး ထင်နေခဲ့ပြီး ယခု နောက်ထပ် စစ်ယွင်ရှန်းတစ်ယောက် ပေါ်ထွက်လာသည့်အပြင် သူမက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ လက်ရှိ ကောင်းကင်နတ်မယ် ဖြစ်နေ၏။

သူ့စိတ် ရှုပ်ထွေးသွားသည်။ လက်ရှိ ကောင်းကင်နတ်မယ်မှာလည်း စစ်မျိုးရိုး ဖြစ်သည့်အတွက် စတွေ့သည့်အချိန်ကတည်းက အဘွားစစ်ဖြစ်မည်ဟုသာ ထင်မိပြီး ဟုတ်၊ မဟုတ် စမ်းသပ်ခဲ့မိ၏။ တစ်ခါတစ်ရံတွင် ရှက်တတ်၊ မရှက်တတ် သိချင်၍ တမင်တကာ စနောက်မိသည့် အခါများပင် ရှိခဲ့သည်။

နောက်ဆုံးတစ်ခေါက် စစ်ယွင်ရှန်း သူ့ကို စမ်းသပ်ခဲ့သည့် အခါမှသာ စစ်ယွင်ရှန်းဆိုသည်မှာ အဘွားစစ်ဖြစ်ကြောင်း အတည်ပြုခဲ့မိသည်။ ယခုတော့…။

“ဒီမျိုးဆက် ကောင်းကင်နတ်မယ်က အရင်မျိုးဆက် ကောင်းကင်နတ်မယ်ထက် အများကြီး အန္တရာယ်ကင်းတယ်… ပြီးခဲ့တဲ့ ကောင်းကင်နတ်မယ်က တကယ့်ကို ကဝေမပဲ…”

ဆံပင်ဖြူ အကြီးအကဲ တစ်ယောက်က သက်ပြင်းချလိုက်သည်။ “နှစ်ယောက်စလုံး စစ်မိသားစုက ဖြစ်ပေမဲ့ ဒီမျိုးဆက် ကောင်းကင်နတ်မယ်ကတော့ ငါတို့နတ်ဂိုဏ်းကို အန္တရာယ်ကျအောင် လုပ်မှာ မဟုတ်ပါဘူး…”

အဘွားစစ်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

ထိုအကြီးအကဲက ခေါင်းတစ်ဖက်လှည့်၍ မမြင်ချင်ယောင် ဆောင်လိုက်သည်။

စစ်ယွင်ရှန်းက ရှေ့တိုးလာပြီး ချင်မူ့ဘေးတွင် ရပ်လိုက်၏။ သူက အနည်းငယ် ရှက်ရွံ့သလို ရှိနေသေးပြီး ရို့ကျိုးစွာ နှုတ်ဆက်စကား ဆိုလိုက်သည်။ “ကောင်းကင်နတ်မယ် စစ်ယွင်ရှန်းက ဂိုဏ်းသခင်လေးကို ဂါရဝပြုပါတယ်…”

ချင်မူက ကမန်းကတန်း ပြန်အရိုအသေပြုလိုက်သည်။ “ညီမတော်က နှိမ့်ချလွန်းနေပါပြီ…”

“ဒီမျိုးဆက်ရဲ့ ကောင်းကင်နတ်မယ်က ပွင့်လင်းရိုးသားတယ်…”

အကြီးအကဲ တစ်ယောက်က လေးလေးပင်ပင် သက်ပြင်းချလိုက်၏။ “အရင်မျိုးဆက်က ကောင်းကင်နတ်မယ်လို မဟုတ်ဘူး၊ အရင်ကောင်းကင်နတ်မယ်က နတ်ဂိုဏ်းသခင်ကို ဇနီးမယားဘဝနဲ့ အသေသတ်ဖို့ အကွက်ဆင်ခဲ့တာ…”

အဘွားစစ်မှာ ဒေါသအိုး ပေါက်ကွဲကာ အော်ဟစ်လိုက်သည်။ “အဘွားကြီး ကျုပ်က ဒီမှာတင် ရှိတယ်… တော်တို့ အဘိုးကြီးတွေက ဘာဖြစ်ချင်နေကြတာလဲ…”

ထိုအကြီးအကဲမှာ ချက်ချင်း ပါးစပ်ပိတ်သွား၏။ သူမနှင့် ပြိုင်မငြင်းရဲချေ။

“ကောင်းကင်နတ်မယ် စစ်ယွင်ရှန်းက လွယ်တဲ့သူ မဟုတ်ဘူး…”

ချင်မူ၏ မျက်ဝန်းများ လှုပ်ခတ်သွား၏။ နူးညံ့သိမ်မွေ့၍ ရှက်တတ်ပုံပေါ်သော ဤမိန်းမငယ်လေးကို ကြည့်ရင်း သူ့စိတ်ထဲမှ တွေးလိုက်မိသည်။ “ဒီကောင်မလေးရဲ့ စိတ်က လျှို့ဝှက်နက်နဲတယ်၊ ဖိုကျစ်ကို အနိုင်ယူခဲ့တာ သူပဲ ဖြစ်မယ်… ပြီးတာနဲ့ ငါ့ရှေ့မှာ ကြွားလုံးထုတ်ပြီး ငါ့စိတ်ကို လာစမ်းသေးတယ်… ငါက ဂိုဏ်းသခင်လေးမှန်း သိထားရက်နဲ့ ငါ့ရှေ့မှာ လာကြွားလုံးထုတ်တာ ဘာအတွက်လဲ…”

အဘွားစစ်က ပြုံးလိုက်၏။ “စစ်ယွင်ရှန်းက ငါတို့ စစ်မိသားစုကပဲ၊ ဂိုဏ်းချုပ်ကိုယ်တိုင် သူ့ကို သင်ပေးနေတာ သုံးလေးငါးနှစ်ရှိပြီ… မင်းနဲ့တွေ့ပြီးမှ သူ့ကို တွေ့ခဲ့တာ၊ သူ့ကို စောစောတွေ့ခဲ့ရင် မင်းကို ရွေးဖြစ်မှာ မဟုတ်ဘူးလို့တောင် ဂိုဏ်းချုပ်က နောင်တရနေတာ…”

ချင်မူက စစ်ယွင်ရှန်းကို ကြည့်လိုက်သည်။ တိုက်ဆိုင်စွာပင် စစ်ယွင်ရှန်းကလည်း သူ့ကို လှမ်းကြည့်လာ၏။ သူတို့၏ အကြည့်များ ဆုံမိသည်နှင့် သူမ၏ မျက်ဝန်းထဲမှ လက်မခံလိုမှုကို ချင်မူ အတိုင်းသား မြင်ရသည်။

ချင်မူ ပြုံးပြလိုက်၏။

စစ်ယွင်ရှန်းကို လူငယ်ဂိုဏ်းချုပ်က ဂိုဏ်းသခင် တစ်ယောက်ကဲ့သို့ ပြုစုပျိုးထောင်ပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထို့နောက် သူ့ကို ချင်မူနှင့် တစ်နှစ်တည်း နန်းတွင်းကောလိပ် ဝင်ခွင့် ဖြေဆိုစေပြီး သူတို့နှစ်ယောက်ကို နှိုင်းယှဉ်ခဲ့သည်။

ချင်မူမှာ ဤမိန်းကလေးနှင့် ယှဉ်ပြိုင်ခဲ့ရကြောင်း မသိလိုက်မိ…။

ချင်မူက ဝင်ခွင့်စာမေးပွဲ၌ တာအိုရသေ့လင်းယွင်ကို ဧကရာဇ်ရှေ့မှောက် ရောက်သည်အထိ တိုက်ခိုက်အနိုင်ယူပြီး လွန်စွာ ထင်ပေါ်ခဲ့၏။ စစ်ယွင်ရှန်း မည်မျှ ကြိုးစားသည် ဖြစ်စေ သူ့ထက် သာလွန်နိုင်ခြင်း မရှိခဲ့ပေ။

ထို့အပြင် ဂိုဏ်းချုပ်က ချင်မူ့ကို ဂိုဏ်းသခင် တစ်ယောက် ဖြစ်ထိုက်သည့် အရည်အချင်း ရှိမရှိ စမ်းသပ်ခဲ့၏။ ထိုစမ်းသပ်မှုအပြီးတွင် ဂိုဏ်းချုပ်၏ ဆုံးဖြတ်ချက် ပြတ်သားသွားခဲ့သည်။ သူ ရွေးချယ်သည့်သူက စစ်ယွင်ရှန်း မဟုတ်ခဲ့။ သူမနှင့် ယှဉ်လျှင် ချင်မူက နတ်ဂိုဏ်းသခင် ဖြစ်ရန် ပိုသင့်လျော်၏။

သို့သော်လည်း စစ်ယွင်ရှန်းက လက်သင့်မခံနိုင်ခဲ့ချေ။ သို့ဖြစ်၍ ဖိုကျစ်ကို အနိုင်ယူပြီးသောအခါ ချင်မူ၏ ရှေ့တွင် လာကြွားလုံး ထုတ်ခဲ့ခြင်း ဖြစ်သည်။

လူငယ်ဂိုဏ်းချုပ်က ဘေးဘီသို့ လှည့်ပတ် ကြည့်ရှု၍ မေးလိုက်သည်။ “ကောင်းကင်နတ်မင်းချမ် အခုထိ ရောက်မလာသေးဘူးလား…”

“ရောက်မလာသေးပါဘူး…”

လူငယ်ဂိုဏ်းချုပ် မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်နတ်မင်းချမ်က အစိုးရိမ်ကြီးတတ်သူ ဖြစ်၏။ မည်သည့်ကိစ္စမဆို ရှေ့ဆုံးမှ ရောက်လာတတ်သည်။ ယခု အချိန်ထိ သူ ရောက်မလာသေးသည်ကို ထောက်လျှင် မလာနိုင်တော့ခြင်း ဖြစ်မည်။

ဂိုဏ်းသခင် နန်းတက်သည်ထက် မည်သည့်အရာကများ ပိုအရေးကြီးပါသနည်း။

ကောင်းကင်နတ်မင်းချမ် ဂိုဏ်းသခင်နန်းတက်ပွဲသို့ ရောက်မလာနိုင်သည့် အကြောင်းရင်း တစ်ခုတည်းသာ ရှိ၏။

“ဂိုဏ်းသခင်လေး၊ ကောင်းကင်နတ်မင်းချမ်ရဲ့ မိသားစုကို ကောင်းကောင်း ထောက်ပံ့ပေးရလိမ့်မယ်…” လူငယ်ဂိုဏ်းချုပ်က ခပ်တိုးတိုး ပြောလိုက်သည်။

ချင်မူ့ရင်ထဲတွင် လှုပ်ခါသွားပြီး မေးမြန်းရန် ပြင်လိုက်စဉ် လူငယ်ဂိုဏ်းချုပ်က တည်ကြည်လေးနက်စွာ ကြေညာလိုက်၏။ “စံအိမ်သုံးရာ့ခြောက်ဆယ်၊ အလံတွေဖြန့်… တန်ခိုးရှင်သက်ဆင်းတောင်မှာ ဆုံမယ်…”

ဝှစ်…။

ကြီးမားသော အလံကြီးများ ပြန့်ကားလာပြီး မြို့စားနန်းဆောင် တစ်ခုလုံးကို ဖုံးအုပ်သွား၏။ ထိုအလံကြီးများ ပြန်လိပ်သွားသောအခါ သဟဇာတပြည်နယ်၏ မြို့စားနန်းဆောင်က အစအန ရှာမရအောင် ပျောက်ကွယ်သွားသည်။ မြို့စားနန်းဆောင် တည်ရှိခဲ့သော နေရာက ကွင်းပြောင်ပြောင်ကြီး ဖြစ်ကျန်ခဲ့၏။

သူတို့အပေါ် ဖုံးအုပ်လာသည့် အလံကြီးများ ပျောက်ကွယ်သွားသောအခါ ချင်မူ ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး အကြီးအကျယ် အံ့အားသင့်သွားသည်။ သူတို့က စည်ကားသိုက်မြိုက်လှသော သဟဇာတပြည်နယ်ကို စွန့်ခွာ၍ လူ့ပြည်လူ့ရွာမှ ဟုတ်ပုံမရသော နေရာတစ်ခုသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။

သူ့ခေါင်းပေါ်၌ မိုးကောင်းကင် ခုံးခုံးကြီးကို မြင်တွေ့ရ၍ ခြေထောက်အောက်တွင်တော့ တောင်တန်းကြီးများ ရှိနေသည်။ အထက်ကို တက်၍ ကောင်းကင်ယံသို့ မရောက်နိုင်သလို အောက်ကို ဆင်း၍လည်း မြေပြင်သို့ မရောက်နိုင်ချေ။

တောင်တစ်ခုလုံးက စိမ်းစိုလတ်ဆတ်နေသော်လည်း ကောင်းကင်ယံတွင် နေလုံးကို မမြင်ရ။ အောက်သို့ ငုံ့ကြည့်သောအခါတွင်လည်း မြေပြင်ကို မမြင်ရ။ ဤတောင်က လူ့ပြည်လူ့ရွာတွင် ရှိနေပုံ မရချေ။

“ဒါ တန်ခိုးရှင်သက်ဆင်းတောင်လား…”

ချင်မူ လှည့်ပတ် ကြည့်ရှုလိုက်သောအခါ တောင်တန်း အထပ်ထပ်ကို မြင်တွေ့ရသည်။ အချို့ နန်းတော်ခန်းမများက တောအုပ်ထဲတွင် မြုပ်ကွယ်နေ၏။ ထိုနန်းတော်ခန်းမများက ကောင်းကင်နတ်ဂိုဏ်းမှ တည်ဆောက်ထားခြင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း လူငယ်ဂိုဏ်းချုပ်က သူ့ကို ထိုနန်းတော်ခန်းမများထံသို့ ခေါ်မသွားဘဲ အမြဲစိမ်းထင်းရှူးပင် တစ်ပင်ထံ ခေါ်ဆောင်သွားသည်။

ထိုအမြဲစိမ်းထင်းရှူးပင်က နှစ်ပေါင်း မည်မျှ ကြာအောင် ရှင်သန်ခဲ့သည်မသိ၊ စိမ်းစိုလန်းဆန်းနေ၏။ ထိုထင်းရှူးပင်၏ အောက်တွင် လွန်စွာ သန့်ရှင်းသပ်ယပ်သော ကောက်ရိုးတဲလေး တစ်လုံး ရှိသည်။ ထိုတဲက နှစ်ကာလ များစွာ ဖြတ်သန်းလာရမှန်း ထင်ရှားသော်လည်း ယိုယွင်းပျက်စီးသည့် လက္ခဏာ စိုးစဉ်းမျှ မရှိပေ။

အမြဲစိမ်းထင်ရှူးပင်၏ အောက်တည့်တည့်တွင် ကျောက်တုံးကြီး တစ်တုံး ရှိပြီး လူငယ်ဂိုဏ်းချုပ်က ထိုထင်းရှူးပင်၏ အခြေထိ လျှောက်သွား၏။ စံအိမ်သခင် သုံးရာ့ခြောက်ဆယ်၊ ဂိုဏ်းထိန်းအကြီးအကဲ ဆယ့်နှစ်ယောက်၊ ဂိုဏ်းအုပ် ရှစ်ယောက်၊ ကောင်းကင်နတ်မင်း သုံးယောက်၊ လက်ဝဲရံ၊ လက်ယာရံတို့က အမြဲစိမ်းထင်းရှူးပင်အောက်တွင် ထိုင်ချလိုက်သည်။

လူငယ်ဂိုဏ်းချုပ်က ချင်မူ့ကို ရှေ့တက်လာရန် လက်ယပ်ခေါ်လိုက်၏။ “ဒီတောင်က အရင်တုန်းက လူ့ပြည်မှာ ရှိတာ… ကောင်းကင်နတ်ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ပထမဆုံးဂိုဏ်းသခင် ဒီနေရာ ရောက်လာတဲ့ အချိန်မှာ သစ်ခုတ်သမား တစ်ယောက် ထင်းခုတ်နေတာကို သူ တွေ့ခဲ့တယ်… အဲဒီ သစ်ခုတ်သမား ခုတ်နေတဲ့ သစ်ပင်က ဒီအမြဲစိမ်းထင်းရှူးပင်ပဲ… သစ်ခုတ်သမားက ခပ်မှန်မှန်လေး ခုတ်နေပြီးတော့ သူ့ခုတ်ချက်တွေမှာ အကန့်အသတ်မဲ့ သဘောတရားတွေ ပါဝင်နေသလို ထင်ရတယ်… ဒါပေမဲ့ ဒီထင်းရှူးပင်က တစ်ချက် အခုတ်ခံလိုက်ရတိုင်း အသား ပြန်ပြည့်လာပြီး မူလအတိုင်း ဖြစ်သွားတယ်တဲ့… တည်ထောင်သူဂိုဏ်းသခင်က ပညာရှိတန်ခိုးရှင်နဲ့ တွေ့နေပြီဆိုတာ သဘောပေါက်ပြီး သစ်ခုတ်သမားဆီက လမ်းညွှန်မှု တောင်းခံခဲ့တယ်… သစ်ခုတ်သမားက သူ့ရဲ့ တာအိုသဘောတရားကို ဒီထင်းရှူးပင်အောက်မှာပဲ သင်ကြားပို့ချခဲ့ပြီး အဲဒီ သင်ကြားမှုက နှစ်ပေါင်း ဒါဇင်ချီ ကြာခဲ့တယ်လို့ ဆိုတယ်… တည်ထောင်သူဂိုဏ်းသခင်က အဆုံးအစမဲ့ သဘောတရားတွေ သိနားလည်ခဲ့ပေမဲ့ မကျေနိုင်သေးဘဲ သူတော်စင်တန်ခိုးရှင်တစ်ယောက် ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲလို့ သစ်ခုတ်သမားကို မေးခဲ့တယ်…”

ချင်မူက အာရုံစိုက် နားထောင်နေ၏။ လူငယ်ဂိုဏ်းချုပ်က ခဏနားပြီး ဆက်ပြောလိုက်သည်။ “သစ်ခုတ်သမားက ပြောတာက သူတော်စင်တန်ခိုးရှင်တစ်ယောက် ဖြစ်ချင်ရင် အရင်ဆုံး ထာဝရရှင်သန်ခြင်း သုံးမျိုးကို ဖြည့်ဆည်းရမယ်၊ အဲဒီ သုံးမျိုးက ကောင်းမွန်တဲ့ ကိုယ်ကျင့်သိက္ခာ ထူထောင်ရမယ်၊ ကောင်းမှုကုသိုလ် ဆောက်တည်ရမယ်၊ ဉာဏ်အလင်းပြနိုင်တဲ့ စိတ်ကူးစိတ်သန်းတွေကို ချန်ရစ်ရမယ်တဲ့… တည်ထောင်သူဂိုဏ်းသခင်က ထာဝရရှင်သန်ခြင်း သုံးမျိုးကို ဘယ်လိုနည်းနဲ့ ဖြည့်ဆည်းနိုင်မလဲလို့ ထပ်မေးခဲ့တယ်… သစ်ခုတ်သမားက ရှင်းလင်းတဲ့ ကျိုးကြောင်းဆင်ခြင်မှု သဘောတရား၊ ရှင်းလင်းတဲ့ ထိုးထွင်းနားလည်မှု၊ ရှင်းလင်းတဲ့ သင်ကြားပို့ချမှုလို့ ပြောတယ်၊ ရှင်းလင်းမှု သုံးမျိုးက လူသားအားလုံးရဲ့ ဆရာသခင် ဖြစ်လာစေနိုင်တယ်… အဲဒီမှာ တည်ထောင်သူဂိုဏ်းသခင်ဟာ အလုံးစုံ နားလည် သဘောပေါက်သွားခဲ့တယ်…”

လူငယ်ဂိုဏ်းချုပ်က နှစ်ကာလ တိုက်စားမှု များစွာ ဖြတ်ကျော်လာသည့် အမြဲစိမ်းထင်းရှူးပင်ကြီးကို မော့ကြည့်လိုက်သည်။ “တည်ထောင်သူဂိုဏ်းသခင်ဟာ သူတော်စင်တန်ခိုးရှင် ဖြစ်ဖို့ လူသားအားလုံးရဲ့ ဆရာသခင် အရင် ဖြစ်ရမယ်ဆိုတာ သဘောပေါက်သွားတဲ့အတွက် တန်ခိုးရှင်ရဲ့ သင်ကြားမှုအားလုံးကို သေချာတည်းဖြတ် မှတ်တမ်းတင်ခဲ့တယ်… အဲဒီ မှတ်တမ်းက အခု မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာ ဖြစ်လာခဲ့တာပဲ…”

“တည်ထောင်သူဂိုဏ်းသခင်ဟာ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ရေးသားတဲ့ အချိန်မှာ ရှင်းလင်းတဲ့ ကျိုးကြောင်းဆင်ခြင်မှု သဘောတရားကို ပိုင်ဆိုင်ခဲ့တယ်…”

“အဲဒီနောက်မှာ တည်ထောင်သူဂိုဏ်းသခင်က တစ်လောကလုံး လှည့်လည် သွားလာပြီး တန်ခိုးရှင် သင်ကြားပေးခဲ့တဲ့ အနှစ်သာရ သဘောတရားတွေကို နှစ်တစ်ရာတိတိ လက်ဆင့်ကမ်း ပို့ချခဲ့တယ်… တန်ခိုးရှင် သူ့ကို သင်ကြားပေးခဲ့တဲ့ အနှစ်သာရ သဘောတရားတွေဟာ တခြားသူကို လက်ဆင့်ကမ်း ပြန်သင်ပေးလိုက်တဲ့အခါ သူ့အနှစ်သာရ သဘောတရားတွေ ဖြစ်သွားတယ်… သူတစ်ပါးရဲ့ နှုတ်ဖျားက ကိုယ့်နား၊ ကိုယ့်နှုတ်ဖျားက အခြား သူတစ်ပါးရဲ့နား၊ ဒါက ထိုးထွင်းနားလည်မှုပဲ… တည်ထောင်သူဂိုဏ်းသခင်ဟာ ရှင်းလင်းတဲ့ ထိုးထွင်းနားလည်မှုကို ရရှိခဲ့တယ်…”

ရှင်းလင်းတဲ့ သင်ကြားပို့ချမှုအတွက်တော့ တည်ထောင်သူဂိုဏ်းသခင်ဟာ ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ခဲ့တယ်၊ လမ်းမှန်ပြသခဲ့တဲ့ သစ်ခုတ်သမားကို အောက်မေ့အမှတ်ရတဲ့အနေနဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းလို့ အမည်မှည့်ခေါ်ပြီး ဂိုဏ်းရဲ့ အယူဝါဒကို ချမှတ်ခဲ့တယ်… ‘တန်ခိုးရှင်လမ်းစဉ်ဆိုမှာ သာမန်လူများအတွက် နိစ္စဓူဝ အသုံးဝင်မှုမှ လွဲ၍ အခြားမရှိ၊ တစ်ပါးသော ကျင့်ကြံသူများ အားလုံးကို လမ်းလွဲသူဟု သတ်မှတ်သည်၊ ရိုးရှင်းလွယ်ကူစွာ နေထိုင်၍ သဘာဝတရား၏ လမ်းပြရာနောက် လိုက်ရမည်၊ ဤသည်က တာအို၏ အဓိပ္ပာယ် ဖြစ်၏။’ ဒါက ငါတို့ ဂိုဏ်းက ချမှတ်ထားတဲ့ အယူဝါဒလမ်းစဉ်ရဲ့ မူလအစပဲ…”

သူတို့၏ အောက်ရှိ စံအိမ်သခင်များ၊ လက်ဝဲရံ၊ လက်ယာရံ၊ အကြီးအကဲများ အားလုံးမှာ ဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်များ ဖြစ်သော်လည်း အများစုက ဂိုဏ်းသခင် နန်းတက်ပွဲကို ယခုမှ ပထမဆုံး တက်ဖူးသူများ ဖြစ်ကြ၏။ ဂိုဏ်းထိန်းအကြီးအကဲများ၊ ကောင်းကင်နတ်မင်းများပင် ဂိုဏ်း၏ သမိုင်းကြောင်းကို ထဲထဲဝင်ဝင် သိမီခြင်း မရှိကြချေ။

မူလက ဂိုဏ်းသခင် နန်းတက်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲရမည်ဟု သူတို့ ထင်ခဲ့မိကြသည်။ လူငယ်ဂိုဏ်းချုပ်က ဂိုဏ်း၏ သမိုင်းကြောင်းကို ပြောပြလိမ့်မည်ဟု မထင်မိကြ။

တည်ထောင်သူဂိုဏ်းသခင်၏ ဒဏ္ဍာရီဇာတ်ကြောင်းကို ဂိုဏ်းတွင် သိမ်းဆည်းထားသည့် ရှေးဟောင်းမှတ်တမ်းများမှ ဖတ်ရှုဖူးသော်လည်း တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ပြီး လူငယ်ဂိုဏ်းချုပ် ပြောပြသကဲ့သို့ အသေးစိတ် အစီအစဉ်တကျ မဟုတ်ချေ။

“ရှင်းလင်းတဲ့ သင်ကြားပို့ချမှုဆိုတာ သင်ကြားရမယ်၊ ပို့ချရမယ်… တည်ထောင်သူဂိုဏ်းသခင်ဟာ တန်ခိုးရှင်ရဲ့ သင်ကြားချက်တွေကို တစ်လောကလုံးကို လက်ဆင့်ကမ်းခဲ့တယ်… ရှင်းလင်းတဲ့ ကျိုးကြောင်းဆင်ခြင်မှု သဘောတရား၊ ရှင်းလင်းတဲ့ ထိုးထွင်းနားလည်မှု၊ ရှင်းလင်းတဲ့ သင်ကြားပို့ချမှုကို ပိုင်ဆိုင်ပြီး လူသားအားလုံးရဲ့ ဆရာသခင် ဖြစ်လာခဲ့တယ်… ကောင်းမွန်တဲ့ ကိုယ်ကျင့်သိက္ခာကို ထူထောင်နိုင်ခဲ့တယ်၊ ဉာဏ်အလင်းပြနိုင်တဲ့ စိတ်ကူးစိတ်သန်းတွေကို ချန်ထားနိုင်ခဲ့တယ်၊ ဒါပေမဲ့ ကောင်းမှုကုသိုလ်ကို မဆောက်တည်နိုင်ခဲ့တဲ့အတွက် သူတော်စင်တန်ခိုးရှင် ဖြစ်မလာခဲ့ဘူး…”

လူငယ်ဂိုဏ်းချုပ်က ဆက်ပြောလိုက်၏။ “သူ့သက်တမ်းရဲ့ နောက်ပိုင်းနှစ်တွေမှာ ထပ်ခါထပ်ခါ စဉ်းစားဆင်ခြင်ခဲ့ပေမဲ့ သူ့ကောင်းမှုကုသိုလ်က ဘယ်နေရာမှာ တည်နေလဲ သူ မသိခဲ့ဘူး… တည်ထောင်သူဂိုဏ်းသခင်ဟာ သူတော်စင်တန်ခိုးရှင် မဖြစ်ခဲ့ပေမဲ့ တန်ခိုးရှင်ဖြစ်လာနိုင်ဖို့ လမ်းညွှန်မှုတွေကို လက်ဆင့်ကမ်းနိုင်ခဲ့တယ်၊ ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ပြီး အယူဝါဒလမ်းစဉ် ချမှတ်ပေးနိုင်ခဲ့တယ်၊ ကိုယ်ကျင့်သိက္ခာကို ခြောက်ပစ်ကင်း သဲလဲစင်အောင် ကျင့်ကြံနိုင်ခဲ့တယ်… ရှင်းလင်းမှု သုံးသွယ်၊ ထာဝရ ရှင်သန်ခြင်း နှစ်မျိုးကို ပိုင်ဆိုင်ခဲ့ရုံနဲ့ မရေမတွက်နိုင်တဲ့ လူတွေထက် အဆများစွာ သာလွန်ခဲ့တယ်… ချင်မူ၊ မင်းအနေနဲ့ တည်ထောင်သူဂိုဏ်းသခင်ရဲ့ ကိုယ်ကျင့်သိက္ခာ၊ အတွေးအကြံ၊ ကျိုးကြောင်းဆင်ခြင်မှု သဘောတရား၊ ထိုးထွင်း သိမြင်မှုတွေကို အမွေဆက်ခံဖို့ ဆန္ဒရှိရဲ့လား…”

ချင်မူ လက်သီးဆုပ် အရိုအသေပြုလိုက်၏။ “တပည့်၊ ဆက်ခံလိုပါတယ်…”

လူငယ်ဂိုဏ်းချုပ်က ပြုံး၍ ပြောလိုက်သည်။ “အဲဒါဆို နတ်ဂိုဏ်းက မင်းနဲ့ သက်ဆိုင်သွားပြီ… ဒီတာဝန်ကို မင်း ထမ်းရွက်ရလိမ့်မယ်…”

ချင်မူက တည်ကြည်လေးနက်စွာ ဖြေကြားလိုက်သည်။ “တပည့် ဒီတာဝန်ကို ထမ်းရွက်ပါမယ်…”

လူငယ်ဂိုဏ်းချုပ်က ညင်သာနူးညံ့စွာ ပြုံး၍ ပြောလိုက်၏။ “ကျောက်တုံးပေါ်မှာ သွားထိုင်ချေ…”

ချင်မူက အမြဲစိမ်း ထင်းရှူးပင်အောက်မှ ကျောက်တုံးပေါ် သွားထိုင်လိုက်၏။

လူငယ်ဂိုဏ်းချုပ်က ငုံ့ကြည့်လိုက်သည်။ သူ့အသံက တုန်ခါမြည်ဟည်းလာ၏။ “ဒီကျောက်တုံးက တန်ခိုးရှင်ကျောက်တုံး၊ တန်ခိုးရှင်ထိုင်ခုံပဲ… တည်ထောင်သူဂိုဏ်းသခင်ကို လမ်းပြခဲ့တဲ့ သစ်ခုတ်သမားဟာ ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ သူတော်စင်တန်ခိုးရှင် တစ်ပါး ဖြစ်တယ်၊ သူက တည်ထောင်သူဂိုဏ်းသခင်နဲ့ သွေးမတော် သားမစပ်၊ အကျိုးအမြတ် ရစရာ မရှိပေမဲ့ အခွင့်ကံ ဆုံရုံသက်သက်နဲ့ သင်ကြားပို့ချပေးခဲ့တယ်… တန်ခိုးရှင်ကျောက်တုံးပေါ်မှာ ထိုင်တဲ့သူဟာ ဂိုဏ်းသခင်ပဲ၊ ငါတို့ဂိုဏ်းရဲ့ အထွတ်အမြတ် ဆရာသခင်လည်း ဖြစ်လာလိမ့်မယ်…”

သူ့အကြည့်က လက်ဝဲရံ၊ လက်ယာရံ၊ ကောင်းကင်နတ်မင်းများ၊ ဂိုဏ်းအုပ်များ၊ ဂိုဏ်းထိန်းအကြီးအကဲများ၊ စံအိမ်သခင်များ အားလုံးအပေါ် ဝေ့ဝဲ ကျရောက်သွားပြီး တည်ကြည်လေးနက်စွာ အမိန့်ပေးလိုက်သည်။ “မင်းတို့ အားလုံး၊ တပည့်ကျင့်ဝတ်အတိုင်း အထွတ်အမြတ် ဆရာသခင်ကို ဂါရဝပြုကြ…”

စံအိမ်သခင် သုံးရာခြောက်ဆယ်၊ ဂိုဏ်းထိန်းအကြီးအကဲ ဆယ့်နှစ်ယောက်၊ ဂိုဏ်းအုပ်ရှစ်ယောက်၊ ကောင်းကင်နတ်မင်းသုံးယောက်၊ လက်ဝဲရံ၊ လက်ယာရံတို့က တပည့်တစ်ယောက်၏ အရိုအသေပြုခြင်းမျိုးဖြင့် ဂါရဝပြုလိုက်ကြ၏။ ကောင်းကင်နတ်မယ် စစ်ယွင်ရှန်းက တစ်ခဏမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် အရိုအသေပြုလိုက်ရသည်။

“ကောင်းကင်နတ်ဂိုဏ်းသခင်ကို အရိုအသေပြုပါတယ်…”

တစ်ညီတစ်ညာတည်း ကြွေးကြော်အော်ဟစ်သံများက တန်ခိုးရှင်သက်ဆင်းတောင် တစ်ခုလုံး ပဲ့တင်ထပ် ဖုံးလွှမ်းသွား၏။

လူငယ်ဂိုဏ်းချုပ်က အဘွားစစ်ကို ကြည့်၍ တင်းမာစွာ ပြောလိုက်သည်။ “လီထျန်းရှင်၊ ဂိုဏ်းသခင်အသစ် နန်းတက်ပြီးပြီ… အခုထိ ကိုယ်ထင်မပြသေးဘူးလား… ငါတို့ဂိုဏ်းရဲ့ ကျင့်စဉ်ကို လက်ဆင့်ကမ်းဖို့ စိတ်ကူးမရှိဘူးလား၊ မင်းနဲ့အတူ သေရွာထိ ယူသွားတော့မလို့လား ဟမ်…”

အဘွားစစ်၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ခါသွားပြီး ရှေးကျသော အသံတစ်သံ ထွက်ပေါ်လာသည်။ “တပည့် ဆရာ့အမိန့်ကို နာခံပါ့မယ်…”

အဘွားစစ်က အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ထင်ရှားသော်လည်း သူ၏ စကားသံက အလွန်တရာ အရှိန်အဝါ အဟန့်အထည် ကြီးမားသည့် အဘိုးအိုတစ်ယောက်၏ အက်ကွဲကွဲ လေသံမျိုး ဖြစ်နေသည်။ သို့သော်လည်း လူငယ်ဂိုဏ်းချုပ်၏ ရှေ့တွင်တော့ အထိန်းအကွပ်မဲ့ မပြုမူရဲပေ။

အဘွားစစ်က ချင်မူ၏ ရှေ့သို့ လျှောက်လှမ်းသွား၏။ ချင်မူ ထရပ်မည် ပြင်လိုက်စဉ် အဘွားစစ်၏ လက်ဖဝါးက သူ့နဖူးကို ထိကပ်လာသည်။ အဘွားစစ်၏ မျက်ခုံးနှစ်ခုကြား၌ ရွှေရောင်အလင်းတန်းများ လူးလာကူးခပ်နေပြီး ထိုရွှေရောင်အလင်းတန်းများနှင့်အတူ အမျိုးစုံသော အသံလှိုင်းများက ချင်မူ၏ မျက်ခုံးနှစ်ခု အလယ်မှတစ်ဆင့် သူ့စိတ်အလျဉ်အတွင်းထိ ဝင်ရောက်လာ၏။

“ဂိုဏ်းသခင်လီ…” အောက်ဘက်မှ တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

ဤအခိုက်အတန့်၌ အဘွားစစ်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသူမှာ ပြီးခဲ့သည့် ဂိုဏ်းသခင် လီထျန်းရှင် ဖြစ်၏။ လီထျန်းရှင်က အဘွားစစ်၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသော်လည်း သူမ၏ တာအိုနှလုံးသားထဲတွင် သူ့ကိုယ်သူ မျိုးစေ့ချ၍ စိတ်နှလုံး မိစ္ဆာအဖြစ် ပြောင်းလဲပစ်သည်။ ထို့နောက် အဘွားစစ်၏ နေရာတွင် အစားထိုး ဝင်ရောက်၍ သူ့ကိုယ်တိုင် သူ အချစ်ရဆုံး အမျိုးသမီး ဖြစ်လာနိုင်မည့် အခွင့်အရေးကို ချောင်းနေခဲ့ခြင်း ဖြစ်၏။

အစီအစဉ် မကျနသော အသံမျိုးစုံက ချင်မူ၏ ခေါင်းထဲတွင် ဆူညံနေသည်။ ထိုအသံများက အထက်ကောင်းကင် ကိုးဆင့်မှ ပို့ချသင်ကြားသံများကဲ့သို့ ထင်ရ၏။ သူ့နားရွက်ဘေးမှ မိစ္ဆာနတ်ဆိုးများ တီးတိုးပြောနေသကဲ့သို့ ထင်ရ၏။ သူ့နှလုံးသားထဲတွင် ဗုဒ္ဓဘုရားရှင်များ တရားတော် ရွတ်ဖတ်နေသကဲ့သို့ ထင်ရ၏။ ဖော်မပြနိုင်လောက်အောင် ဆန်းကြယ်လှသည်။

“သူတော်စင်တန်ခိုးရှင်ရဲ့ အသံလား…”

သူ့ရင်ထဲတွင် ရုတ်တရက် တုန်ခါ၍ ဖြစ်နိုင်ချေ တစ်ခုကို စဉ်းစားမိသွားသည်။ ထိုအသံက သစ်ခုတ်သမား၏ အသံ ဖြစ်၏။ ဂိုဏ်းသခင်လီ သူ့ကို လက်ဆင့်ကမ်း လွှဲပြောင်းပေးသည်က တည်ထောင်သူဂိုဏ်းသခင်ကို သစ်ခုတ်သမား သင်ကြားပို့ချခဲ့သော သင်ခန်းစာများ ဖြစ်သည်။

All Chapters