← Chapters

ဂိုဏ်းချုပ်ကို နှုတ်ဆက်

Vol. 12 Ch. 167

ဂိုဏ်းချုပ်ကို နှုတ်ဆက်

Vol. 12 Ch. 167

လူငယ်ဂိုဏ်းချုပ်၏ အကြည့်များ လှုပ်ခတ်သွားပြီး ခေါင်းခါယမ်းလိုက်သည်။ “မင်းက ကိုယ့်ကိုယ်ကိုယ် စိတ်နှလုံးမိစ္ဆာအဖြစ် ပြောင်းပြီး သူ့နှလုံးသားထဲမှာ မျိုးစေ့ချခဲ့တာ… မင်းကို သူ ဖျက်ဆီးကျော်လွှားနိုင်ခဲ့ရင် သူ့အတွက် လမ်းဖောက်ပေးရုံသက်သက် ဖြစ်သွားမယ်ဆိုတာ သိသင့်တယ်…”

“သူက ကျွန်တော့်ကို ဖျက်ဆီးနိုင်တာ ဖြစ်ဖြစ်၊ ကျွန်တော်က သူ့နေရာ ဝင်ယူနိုင်တာ ဖြစ်ဖြစ် ကျွန်တော်တို့ နှစ်ယောက် ပေါင်းပြီး တစ်ယောက်တည်း ဖြစ်သွားမှာပါ…”

ဂိုဏ်းသခင်လီ၏ အသံက ပျံ့လွင့်လာ၏။ “ကောင်းတာပဲ ဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ် ဒါ ကျွန်တော့်ရဲ့ ရွေးချယ်မှုပါ… သူ့ကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်မိကတည်းက ကျွန်တော့် နှလုံးသားထဲက မိစ္ဆာနတ်ဆိုးဟာ သူ ဖြစ်နေပြီ ဆိုတာရယ်၊ သူ့ကို ရှင်းထုတ်ပစ်ရမယ် ဆိုတာရယ် ကျွန်တော် သိခဲ့တယ်… သူ့ကို ရှင်းထုတ်ပစ်မှသာ ကျွန်တော့်ရဲ့ စိတ်နှလုံးကို တာအိုရှာဖွေတဲ့ လမ်းကြောင်းပေါ် နှစ်မြုပ်ပြီး ရှေ့ဆက်နိုင်မှာ… ဆရာ့အနေနဲ့ ကျွန်တော် အောင်မြင်မှုရအောင် ကူညီဖို့ တောင်းဆိုပါတယ်…”

ချင်မူ၏ ရင်ထဲတွင် ဒိတ်ခနဲ ခုန်သွားပြီး လူငယ်ဂိုဏ်းချုပ် ရှိရာဆီသို့ လှမ်းကြည့်လိုက်သည်။

အဘွားစစ်၏ နှလုံးသားထဲတွင် မိစ္ဆာကြီး တစ်ကောင် ရှိနေမှန်း သူ သိသည်မှာ ကြာပြီ ဖြစ်၏။ ထိုမိစ္ဆာနတ်ဆိုးက အလွန်တရာ စွမ်းအားကြီးမားလှပြီး မဟာမိုးခြိမ်းသံကျောင်းတော်၏ ခက္ခရာတောင်ဝှေးဖြင့်ပင် ချေချွတ်ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ပေ။

ယခုမှသာ ထိုစိတ်နှလုံးမိစ္ဆာက ဂိုဏ်းသခင်ဟောင်း လီထျန်းရှင် ဖြစ်နေမှန်း သိလိုက်ရ၏။

အဘွားစစ်က လီထျန်းရှင်ကို သတ်ခဲ့သော်လည်း လီထျန်းရှင်က စိတ်နှလုံးမိစ္ဆာအဖြစ် ပြောင်းလဲ၍ အဘွားစစ်၏ တာအိုနှလုံးသားထဲတွင် မျိုးစေ့ချကာ သူမ၏ ခန္ဓာကိုယ်အတွက် ယှဉ်ပြိုင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

သူ့ရင်ထဲတွင် လီထျန်းရှင်ကို ဖျက်ဆီးပစ်ရန် အဘွားစစ်ကို ကူညီလိုသည်သာ ဖြစ်၏။ သို့သော်လည်း လူငယ်ဂိုဏ်းချုပ်က ဘက်မလိုက်သူ ဖြစ်၍ ဤသို့သော အတွေးမျိုး ရှိလိမ့်မည် မဟုတ်ချေ။

အဘွားစစ်က လီထျန်းရှင်ကို ဖျက်ဆီးနိုင်သည် ဖြစ်စေ၊ လီထျန်းရှင်က အဘွားစစ်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်သွားနိုင်သည် ဖြစ်စေ လူငယ်ဂိုဏ်းချုပ်အတွက် ပြဿနာ မရှိပေ။ သို့ဖြစ်၍ သူ့အနေဖြင့် ဝင်ပါလိမ့်မည် မဟုတ်။

တစ်ခဏကြာပြီးသောအခါ အဘွားစစ်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး မည်သို့မျှ မဖြစ်ခဲ့လေဟန်ဖြင့် ပြုံးပျော်ရွှင်မြူးလာ၏။

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ စံအိမ်သခင်များနှင့် ဂိုဏ်းသခင်များမှာ အဘွားစစ်ကို နှစ်သက်ခြင်း မရှိကြကြောင်း ချင်မူ မြင်တွေ့ရသည်။ ဤသည်မှာ အဘွားစစ်က လီထျန်းရှင်ကို သတ်ခဲ့သဖြင့် နှစ်ပေါင်းလေးဆယ်တိတိ ဦးဆောင်မည့် ဂိုဏ်းသခင် မရှိသည့် ဘဝသို့ ရောက်ခဲ့ရသောကြောင့် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သူတို့အားလုံး ဖုန်မှုန့်သဲမှုန့်များကဲ့သို့ ပြန့်ကြဲနေပြီး အခွင့်အရေး များစွာ လက်လွတ်ဆုံးရှုံးခဲ့ရသည်။ သို့ဖြစ်၍ အဘွားစစ်ကို ဤသို့ မုန်းတီးနေခြင်း ဖြစ်၏။

ဂိုဏ်းသခင် နန်းတက်ပွဲ အခမ်းအနားသို့ အဘွားစစ် လာရောက်သည့် အဓိက အကြောင်းအရင်းမှာ ချင်မူ့ကြောင့်သာ ဖြစ်သည်။

ဂိုဏ်းမှ လူများက ချင်မူ့ကို အနိုင်ကျင့်မည် စိုး၍ ဂိုဏ်းသူဂိုဏ်းသားများ၏ အမုန်းတရားနှင့် ရင်ဆိုင်ရမည်မှန်း သိသည့်တိုင် သူ့ကို လာရောက် အားပေးခြင်း ဖြစ်၏။

ပေါင်းစည်းကျင့်စဉ်ကို လက်ဆင့်ကမ်းသည် ဖြစ်စေ၊ မကမ်းသည် ဖြစ်စေ သူ ဂရုမစိုက်ချေ။ သူ ဂရုစိုက်သည်က ချင်မူသာ ဖြစ်၏။

လူငယ်ဂိုဏ်းချုပ်မှာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ပြည်ဖျက်နိုင်သည့် မိန်းမဆိုသည်မှာ အဘွားစစ်ကဲ့သို့ မိန်းမမျိုးကို ရည်ညွှန်းခြင်း ဖြစ်၏။ သူ့အလှက ထင်ပေါ်လွန်းနေသည့်အတွက် သူကိုယ်တိုင် မည်သည့် မကောင်းမှုဒုစရိုက်ကိုမျှ မကျူးလွန်သည့်တိုင် အခြားလူများက သူ့အတွက် မကောင်းမှုဒုစရိုက်များ ကျူးလွန်ကြပေလိမ့်မည်။

ဤကမ္ဘာ လောကီလူသား တစ်ယောက်အနေဖြင့် ထိုသို့သော အလှတရားမျိုးကို ခံနိုင်ရည် မရှိပေ။

လီထျန်းရှင်က လောကီလူသား တစ်ဦး ဖြစ်သကဲ့သို့ လူငယ်ဂိုဏ်းချုပ်မှာလည်း လောကီလူသား တစ်ဦး ဖြစ်သည်။ သို့ဖြစ်ရာ အခြားသူများအနေဖြင့်လည်း လောကီအာရုံမှ အဘယ်သို့ လွတ်မြောက်နိုင်ပါမည်နည်း။

ဤလောကီလူ့ဘောင်ကမ္ဘာကြီး၌ ရှင်သန်နေထိုင်လိုလျှင် သူမအနေဖြင့် အဘွားစစ်သာ ဖြစ်နေရပေလိမ့်မည်။ သူ၏ ရုပ်သွင်အမှန်ကို ပြ၍ မဖြစ်။ ယုတ်စွအဆုံး သူ၏ အသံကိုပင် ထုတ်ပြ၍ မဖြစ်ချေ။

နန်းတက်အခမ်းအနား ပြီးသောအခါ လူငယ်ဂိုဏ်းချုပ်က ချင်မူ့ကို ခေါ်၍ ဘေးချင်းယှဉ်လျှောက်ကာ ဤနေရာက မေ့လျော့ခံချစ်ခြင်းအဆောင်၊ ထိုနေရာက ဇာမဏီသက်ဆင်းတောင်၊ ဟိုးအဝေးဆီက ငါးကြည့်ကန် စသည်ဖြင့် တန်ခိုးရှင်သက်ဆင်းတောင်၏ ရှုခင်းများကို လိုက်လံပြသ၏။

လူငယ်ဂိုဏ်းချုပ်က အရာများစွာ ပြောပြခဲ့ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း၏ သမိုင်းအကျဉ်းကိုလည်း ရှင်းပြခဲ့သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ သမိုင်းမှတ်တမ်း အချို့စာမျက်နှာများမှာ လွန်စွာ ရှေးကျလှပြီး သူသာ ရှင်းမပြလျှင် သူ သေလွန်ပြီးနောက် မည်သူမျှ သိရှိနိုင်ခြင်း ရှိတော့မည် မဟုတ်ပေ။

“ဂိုဏ်းချုပ်၊ ဘာလို့ ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ဂိုဏ်းသခင် အသစ်တက်တာကို နန်းတက်တယ်လို့ သုံးနှုန်းရတာလဲ…”

ချင်မူက မေးမြန်းလိုက်သည်။ “နန်းတက်တယ်ဆိုတာ ဧကရာဇ်တွေအတွက်ပဲ သုံးရတာ မဟုတ်ဘူးလား…”

လူငယ်ဂိုဏ်းချုပ်က သူ့ကို ကြည့်၍ ခေါင်းခါယမ်းလိုက်သည်။ “ငါတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း ရွှေရောင် အတောက်ပဆုံးအချိန်တုန်းက အင်ပါယာကြီး ခြောက်ခုရဲ့ ဧကရာဇ်တွေဆိုတာ ငါတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ နောက်လိုက်တွေပဲ… ကောင်းကင်နတ်ဂိုဏ်းသခင်က ဧကရာဇ်တွေအတွက် သုံးတဲ့ နန်းတက်တယ်ဆိုတဲ့ အသုံးအနှုန်းကို သုံးခဲ့တာ ဧကရာဇ်တွေအပေါ် လေးစားသမှု ပြခဲ့တာ… အချိန်ကာလရဲ့ တိုက်စားမှုနဲ့အတူ အရာရာက ပြောင်းလဲလာခဲ့တော့ အခု အင်ပါယာဆိုတာ အကြီးမားဆုံးဂိုဏ်းတစ်ခု ဖြစ်သွားပြီ… ဂိုဏ်းတစ်ဂိုဏ်းအနေနဲ့ လူတွေအားလုံးကို ဂိုဏ်းသားအဖြစ် သိမ်းသွင်းဖို့ ခက်ပေမဲ့ အင်ပါယာကတော့ သူ့နယ်နိမိတ်အတွင်းက လူတွေအားလုံးကို နိုင်ငံသားအဖြစ် သတ်မှတ်ပစ်လို့ ရတယ်…”

ချင်မူ အတွေးနက်သွားသည်။

လူငယ်ဂိုဏ်းချုပ်က သူ့ကို တောင်ပေါ်သို့ ခေါ်ဆောင်သွား၏။ “တန်ခိုးရှင်သက်ဆင်းတောင်က ငါတို့ဂိုဏ်းရဲ့ ဌာနချုပ်ပဲ… မင်းအနေနဲ့ ဌာနချုပ်ကို ဝင်ဖို့ ခက်လိမ့်ဦးမယ်… ဒီတစ်ကြိမ်တော့ စံအိမ်သခင် သုံးရာ့ခြောက်ဆယ်က သူတို့ရဲ့ နေရာရွှေ့ပြောင်း အလံတွေကို အသက်သွင်းပြီး မင်းကို ခေါ်လာခဲ့ပေမဲ့ ဂိုဏ်းသခင်တစ်ယောက်အနေနဲ့ ဌာနချုပ်ကို ကိုယ့်အစွမ်းနဲ့ကိုယ် ဝင်နိုင်တဲ့ အစွမ်း မရှိဘဲ ဘယ်လိုလုပ် ဖြစ်မှာလဲ…”

ချင်မူက နောက်မှ လိုက်သွားရင်း လူငယ်ဂိုဏ်းချုပ်က ခန်းမကြီး တစ်ခုဆီသို့ ခေါ်ဆောင်လာကြောင်း တွေ့လိုက်ရသည်။ ထိုခန်းမကြီး၏ ပုံပန်းသဏ္ဌာန်က သာမန်သာ ဖြစ်ပြီး လိုလန်ရွှေနန်းတော်ကဲ့သို့ ခမ်းနားထည်ဝါခြင်း လုံးဝ မရှိပေ။ အစိမ်းရောင် အုတ်ခဲများ၊ အနီရောင် အုတ်ကြွပ်မိုးများဖြင့်သာ တည်ဆောက်ထား၏။

ခန်းမအတွင်းသို့ ရောက်သောအခါ အတွင်းပိုင်း အခင်းအကျင်းကလည်း ရိုးရှင်းကြောင်း တွေ့ရသည်။ သူတော်စင်တန်ခိုးရှင် ရုပ်တု တစ်ခုသာ ထားရှိ၏။

လူငယ်ဂိုဏ်းချုပ်က သူတော်စင်တန်ခိုးရှင်ရုပ်တုထံသို့ သွား၍ အမွှေးတိုင်များ ထွန်းညှိပူဇော်လိုက်သည်။ ချင်မူလည်း သူ့နောက်မှ လိုက်သွားပြီး ဦးညွှတ် ဂါရဝပြုလိုက်၏။ လူငယ်ဂိုဏ်းချုပ်က ပြောလိုက်သည်။ “အကြီးအကဲ အများစုနဲ့ ကောင်းကင်နတ်မင်းတွေက နေရာရွှေ့ပြောင်းပညာကို ကျွမ်းကျင်ပြီး တန်ခိုးရှင်သက်ဆင်းတောင်ကို သွားနိုင်ပြန်နိုင်ကြတယ်… နေရာရွှေ့ပြောင်းပညာကို ဒီခန်းမနံရံမှာ ရေးထွင်းထားတယ်… အချိန်ယူပြီး နားလည်အောင် လေ့လာလိုက်…”

ချင်မူ နန်းဆောင်ခန်းမ နံရံထက်သို့ ကြည့်လိုက်သောအခါ အဆောင်ရတနာ သွန်းလုပ်သည့် နည်းလမ်းတစ်ခု ရေးထွင်းထားသည်ကို တွေ့ရ၏။ ထိုသည်က နေရာရွှေ့ပြောင်း အလံများ သွန်းလုပ်နည်း အပါအဝင် နေရာရွှေ့ပြောင်း အလံများ ဖန်တီးရန် လိုအပ်သည့် ကောင်းကင်နတ်သိုင်းများ၊ မှော်သင်္ကေတများ ဖြစ်သည်။

လူငယ်ဂိုဏ်းချုပ်က ပြောလိုက်၏။ “ငါတို့ နတ်ဂိုဏ်းရဲ့ နံရံတိုင်းမှာ ကျင့်စဉ်သိုင်းကွက်တွေ ရေးထွင်းထားတယ်… ငါတို့ ဂိုဏ်းသားတွေအတွက် ကန့်သတ်ထားတာ မရှိဘူး၊ ဘာကိုမှ တန်ဖိုးထား လျှို့ဝှက်နေစရာ မရှိဘူး… လက်ဆင့်ကမ်း သင်ကြားပေးလိုက်တဲ့ ပညာရပ်အပေါ် ဘယ်လောက် ကျွမ်းကျင်သလဲဆိုတာ သူတို့ရဲ့ အရည်အချင်းပေါ်ပဲ မူတည်တယ်… မင်းအနေနဲ့ စိတ်သဘောထား ကြီးဖို့ လိုတယ်…”

ချင်မူ ခေါင်းညိတ်လိုက်၏။

ထို့နောက် လူငယ်ဂိုဏ်းချုပ်က ပြောလိုက်သည်။ “မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာထဲက ကျင့်စဉ်သိုင်းကွက်တွေကို သင်ပေးပစ်လို့ရတယ်၊ ဘာမှ လျှို့ဝှက်ထားစရာ မလိုဘူး… သူတို့ ဘယ်လောက် နားလည်နိုင်သလဲဆိုတာပဲ ကြည့်ရမယ်… ဂိုဏ်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေကတော့ သေးသေးဆို စံအိမ်သခင်တွေ ဖြေရှင်းလိမ့်မယ်၊ ကြီးရင် အကြီးအကဲတွေ ဖြေရှင်းလိမ့်မယ်… ပိုကြီးတဲ့ ကိစ္စတွေဆိုရင်တော့ ကောင်းကင်နတ်မင်းတွေ ဖြေရှင်းလိမ့်မယ်… စံအိမ်အားလုံးကို စစ်ဆေးကြပ်မတ်မဲ့ ဂိုဏ်းအုပ်တွေ၊ စည်းမျဉ်းစည်းကမ်းကိုင်မဲ့ စည်းကမ်းထိန်း အကြီးအကဲ၊ ကျင့်စဉ်သိုင်းကွက်တွေ သင်ကြားပို့ချမဲ့ ကျင့်စဉ်အကြီးအကဲတွေလည်း ရှိတယ်… အဲဒါကြောင့် မင်းကိုယ်တိုင် လုပ်ရမဲ့ ကိစ္စ အများကြီး မရှိဘူး… မင်း လုပ်ရမှာက ကောင်းကင်တန်ခိုးရှင်ဂိုဏ်း တစ်ခုလုံးရဲ့ ဦးတည်ရာကို ပဲ့ကိုင်ဖို့ပဲ ရှိတယ်…”

သူက ချင်မူ့ကို ကြည့်၍ မေးလိုက်သည်။ “အဲဒီတော့ နတ်ဂိုဏ်းသခင် ဖြစ်ပြီးနောက် မင်း ပထမဆုံး လုပ်မှာ ဘာဖြစ်မလဲ…”

ချင်မူက တစ်ခဏမျှတွေးပြီး ပြောလိုက်သည်။ “စံအိမ်အားလုံးမှာ အခြေခံကျောင်းတွေ ထားရှိဖို့အတွက် ကျောင်းစံအိမ်ကို သုံးရာခြောက်ဆယ့်တစ်ခုမြောက် စံအိမ်အဖြစ် တည်ထောင်မယ်… ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရဲ့ ပြုပြင်ပြောင်းလဲမှုကြောင့် အခြေခံကျောင်းနဲ့ ကောလိပ်တွေ ပေါ်ထွက်လာပြီး သက်မွေးဝမ်းကြောင်း လုပ်ငန်းအသစ်တစ်ခု ဖန်တီးခဲ့တယ်… နတ်ဂိုဏ်းမှာ စံအိမ်သုံးရာ့ခြောက်ဆယ် ရှိတဲ့အတွက် ဂိုဏ်းသားတပည့်တွေကို ပညာသင်ပေးဖို့ အခြေခံကျောင်း သုံးရာ့ခြောက်ဆယ် တည်ထောင်ချင်ပါတယ်…”

လူငယ်ဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်၏။ “ဒီကိစ္စအတွက် လက်ဝဲရံနဲ့ လက်ယာရံကို ခေါ်ပြီး ညွှန်ကြားလိုက်လို့ ရတယ်… သူတို့က စံအိမ်သခင်တွေ အားလုံးနဲ့ တိုင်ပင်ပြီး ကျောင်းစံအိမ် ထူထောင်ဖို့အတွက် ပါရမီရှင်တွေ ရွေးထုတ်လိမ့်မယ်… ဒီလိုနည်းနဲ့ ဂိုဏ်းတစ်ခုလုံးရဲ့ ဦးတည်ရာကို မင်းက ထိန်းချုပ်ပဲ့ကိုင်ပြီး လက်အောက်ငယ်သားတွေကို အရေးအရာ ကိစ္စတွေ ကိုင်တွယ်ဖြေရှင်းဖို့ အခွင့်အာဏာ ခွဲဝေပေးအပ်နိုင်တယ်… အကုန်လုံးကို မင်းကိုယ်တိုင် လိုက်လုပ်နေဖို့ ဘယ်ဖြစ်နိုင်မှာလဲ… အဲဒါဆို မင်းရဲ့ ကျင့်စဉ်စွမ်းအင် တိုးတက်ဖို့တောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး…”

ချင်မူ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ရုတ်တရက် ထူးဆန်းသော အတွေးတစ်ခု ပေါ်လာ၏။ ကောင်းကင်နတ်ဆိုးဂိုဏ်းက ဂိုဏ်းတစ်ဂိုဏ်းနှင့် မတူ၊ အင်ပါယာ တစ်ခုနှင့် ပိုတူသည်။

ထာဝရငြိမ်းချမ်းရေး အင်ပါယာက အင်ပါယာ အရေခြုံထားသည့် ဂိုဏ်းတစ်ဂိုဏ်းဟု ဆိုလျှင် ကောင်းကင်နတ်ဆိုးဂိုဏ်းက ဂိုဏ်းအရေခြုံထားသည့် အင်ပါယာတစ်ခု ဖြစ်၏။

ကောင်းကင်နတ်ဆိုးဂိုဏ်းက အင်ပါယာတစ်ခုနှင့် တူလွန်းလှသည်။

သက်မွေးဝမ်းကြောင်း ပညာရပ် အားလုံး၏ စံအိမ် သုံးရာ့ခြောက်ဆယ်နှင့် ထိုစံအိမ် တစ်ခုချင်းစီ၏ ဂိုဏ်းသားတပည့်များက သူတို့ဖာသာ အသက်မွေးကျောင်းသမှု ပြု၍ ရှင်သန်နေထိုင်ကြ၏။ ထိုစံအိမ်အားလုံးကို ကြီးကြပ်ကွပ်ကဲသည့် ဂိုဏ်းအုပ်များလည်း ရှိသည့်အပြင် ဂိုဏ်းထိန်းအကြီးအကဲများနှင့် ကောင်းကင်နတ်မင်းများက ရန်သူများကို ခုခံကာကွယ်ရန် တိုက်ခိုက်ရေးတပ်ဖွဲ့ ဖွဲ့စည်းထား၏။ လက်ဝဲရံ၊ လက်ယာရံတို့က ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အမွေဆက်ခံမှုကို တည်တံ့စေသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းသား သန်းချီကိုပါ တွက်လျှင် နိုင်ငံငယ်လေး တစ်နိုင်ငံနှင့် ကောင်းကောင်း ယှဉ်နိုင်၏။

ဟုတ်သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းသားများက သူတို့ကိုယ်သူတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းဟု မခေါ်၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းဟုသာ ခေါ်ဆိုကြ၏။

“နောက်တစ်ခု ပြောစရာ ရှိသေးတယ်…”

လူငယ်ဂိုဏ်းချုပ်က တည်ကြည်လေးနက်သော အမူအရာဖြင့် သူ့ကို ပြောဆိုလိုက်သည်။ “မင်းက ဖျက်ဆီးရတာ သဘောကျမှန်း ငါ သိတယ်၊ ပါမောက္ခပါ့ရှန်ကို စောင့်ကြည့်ခိုင်းထားတာတောင်မှ ကျောင်းတော်သားအိမ်ရာကို နောက်တစ်ခေါက် ဖျက်ဆီးပစ်ခဲ့သေးတယ်… ကျောင်းတော်သားအိမ်ရာကို ဖျက်ဆီးလို့ရပေမဲ့ ကောင်းကင်တန်ခိုးရှင်တောင်ကိုတော့ လုံးဝ ဖျက်ဆီးလို့ မရဘူးနော်… ကောင်းကင်တန်ခိုးရှင်တောင်ပေါ်မှာ ရှိတဲ့ နန်းဆောင်ခန်းမတိုင်းက သမိုင်းဝင်နေရာတွေ၊ ခန်းမထဲမှာ အစွမ်းထက်တဲ့ ကျင့်စဉ်သိုင်းကွက်တွေ အများကြီး ရေးထွင်းထားတာ…”

ချင်မူ့မျက်နှာ အနည်းငယ် နီရဲသွားပြီး တီးတိုးရေရွတ်လိုက်သည်။ “ကျွန်တော် ခဏခဏ မဖျက်ဆီးပါဘူး…”

“ဟုတ်ပါတယ်၊ နန်းတွင်းကောလိပ်ကို ရောက်ပြီး ရှစ်ရက်လောက်အတွင်းမှာ မဟာတံတိုင်းအပြင်ဘက် သွားပြီး မဖျက်ဆီးခင် နှစ်ကြိမ်၊ သုံးကြိမ်လောက်ပဲ ဖျက်ဆီးခဲ့တာပါ…”

လူငယ်ဂိုဏ်းချုပ်က ခန်းမအတွင်းမှ ထွက်သွား၏။ စည်းကမ်းထိန်းအကြီးအကဲက ခန်းမအပြင်တွင် အထုပ်အပိုးများ သယ်ဆောင်၍ စောင့်နေသည်။ လူငယ်ဂိုဏ်းချုပ်က ချင်မူ့ကို လက်ဝှေ့ယမ်းပြလိုက်၏။ “ငါ သွားတော့မယ်… ဂိုဏ်းသခင်ချင်၊ မင်း ငါ့ကို လိုက်ပို့မနေတော့နဲ့… ဒီတစ်ခေါက် နှုတ်ဆက်တာက နောက်ဆုံး နှုတ်ဆက်ခြင်း ဖြစ်ကောင်းဖြစ်လိမ့်မယ်… မင်း ဘယ်လောက်ဝေးဝေးထိ လိုက်ပို့ပို့ နောက်ဆုံးမှာ လမ်းခွဲရမှာပဲ…”

ချင်မူက ခေါင်းခါယမ်းလိုက်သည်။ “နောက်ဆုံး နှုတ်ဆက်ခြင်း ဖြစ်နိုင်ပေမဲ့ ဂိုဏ်းချုပ်ရဲ့ ကျေးဇူးတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ပါ…”

လူငယ်ဂိုဏ်းချုပ်က ခေါင်းညိတ်၍ တောင်အောက်သို့ ဦးတည်ဆင်းလျှောက်သွား၏။

ချင်မူက သူတို့၏ ဘေးမှ ထက်ကြပ်မကွာ လိုက်ပါလာခဲ့သည်။

သူ့အနေဖြင့် လူငယ်ဂိုဏ်းချုပ်နှင့် ပတ်သက်ဆက်ဆံရမှု နည်းပါးလှသည်။ ဂိုဏ်းချုပ်က သူ ကြီးပြင်းလာသည်ကို စောင့်ကြည့်နေခဲ့ကြသည့် အခြား အဘိုးအဘွားများကဲ့သို့ မဟုတ်။ အချိန်တစ်ဏသာ ပတ်သက်ဆက်ဆံခဲ့ရသော်လည်း ဒုက္ခိတဘိုးဘွားကျေးရွာမှ အဘိုးအဘွားများနှင့် ကွဲပြားခြားနားသည့် တစ်စုံတစ်ရာကို မြင်တွေ့ခွင့် ရခဲ့သည်။

ချင်မူ များစွာ သင်ယူခဲ့ရ၏။

ဒုက္ခိတဘိုးဘွားကျေးရွာတွင် သူက ကလေးတစ်ယောက်သာ အမြဲတမ်း ဖြစ်နေခဲ့သည်။ အဘွားစစ်နှင့် ရွာလူကြီး၏ မျက်လုံးထဲတွင် မည်သည့်အခါမျှ ကြီးပြင်းလာခြင်း မရှိမည့် ကလေးတစ်ယောက် ဖြစ်၏။

ဂိုဏ်းချုပ်ထံတွင်တော့ ကြီးပြင်းရင့်ကျက်လာရန် သင်ယူခဲ့ရသည်။

ယခု သူ လူကြီးတစ်ယောက် ဖြစ်လာချေပြီ။

မိုင်တစ်ထောင် ခရီးကို လိုက်ပို့ခဲ့သည့်တိုင် နောက်ဆုံးတွင် ခွဲခွာရမည်သာ ဖြစ်၏။ တောင်ပေါ်နှင့် တောင်အောက်က မိုင်တစ်ထောင် မရှိပေ။ နောက်ဆုံးတွင် ခရီးအဆုံးသို့ ရောက်ရှိလာသည်။

လူငယ်ဂိုဏ်းချုပ်က နောက်လှည့်၍ ဦးညွှတ် အရိုအသေပြုလိုက်၏။ “ကောင်းကင်နတ်ဂိုဏ်းသခင်၊ ထပ်ပြီး လိုက်ပို့စရာ မလိုတော့ပါဘူး…”

ချင်မူက ခြေလှမ်းများ ရပ်တန့်လိုက်သည်။ သူ့ရင်ထဲမှ ဝမ်းနည်းကြေကွဲစိတ်များကို မချိုးနှိမ်နိုင်ဘဲ ဦးညွှတ် အရိုအသေပြုလိုက်၏။ “နှုတ်ဆက်ပါတယ်၊ ဂိုဏ်းချုပ်…”

လူငယ်ဂိုဏ်းချုပ်က လေထဲသို့ ခုန်တက်၍ တောင်ပေါ်မှ ဆင်းသွားသည်။ စည်းကမ်းထိန်း အကြီးအကဲကလည်း သူ့နောက်မှ လိုက်ပါသွားပြီး အပြောကျယ်လှသော ကောင်းကင်ပြင်ကြီးထဲ၌ သူတို့နှစ်ဦး၏ ပုံရိပ်များ ပျောက်ကွယ်သွားသည်။

ချင်မူက အတန်ကြာသည်အထိ ဦးညွှတ် အရိုအသေ ပြုနေခဲ့သည်။ ပြီးသည့်အခါမှ ခါးပြန်မတ်၍ အထက်ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။ ဤအဘိုးကြီးအိုလေးကို မည်သည့်အခါမှ ပြန်တွေ့ရတော့မည် မဟုတ်မှန်း သူ သိသည်။

စည်းကမ်းထိန်း အကြီးအကဲ ပြန်လာသောအခါ လူငယ်ဂိုဏ်းချုပ်၏ အရိုးပြာများသာ ပြန်သယ်ဆောင်လာပေလိမ့်မည်။

သေခြင်းတရားက ကြောက်စရာ မရှိသည်လား။

သူ၏ ခန္ဓာကိုယ်ကို တောင်တန်းများ၌ ထာဝရ မြှုပ်နှံထားသည်တဲ့လား။

ဤတန်ခိုးရှင်သက်ဆင်းတောင်ကဲ့သို့ ဖြစ်လာရန်မှာ လူငယ်ဂိုဏ်းချုပ်၏ နောက်ဆုံးဆန္ဒ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

သူက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အယူဝါဒလမ်းစဉ်ကို တစ်သက်လုံး ဖော်ဆောင်၍ အောင်မြင်ခဲ့သည်ဟု သတ်မှတ်နိုင်ပေသည်။

ရုတ်တရက် တန်ခိုးရှင်သက်ဆင်းတောင်ထိပ်တွင် အလံကြီးများ ဖြန့်၍ သုံးရာ့ခြောက်ဆယ်သော စံအိမ်သခင်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။ ချင်မူက ဟူလင်းအာကို ခေါ်၍ အမြဲစိမ်းထင်းရှူးပင် ရှိရာသို့ ပြန်လာခဲ့သည်။ ထိုနေရာ၌ ဂိုဏ်းထိန်းအကြီးအကဲအချို့ ရှိနေသေးပြီး သူ လျှောက်လာသည်ကို မြင်သောအခါ အပြုံးကိုယ်စီဖြင့် နှုတ်ဆက်ကြသည်။ “နတ်ဂိုဏ်းသခင်…”

ချင်မူက ပြန်နှုတ်ဆက်လိုက်၏။ ထိုအဘိုးကြီး၊ အဘွားကြီးများမှ လွဲလျှင် အခြား မည်သူမျှ မရှိတော့ချေ။

အဘွားစစ်လည်း ပြန်သွားပေပြီ။ ကြည့်ရသည်မှာ လူငယ်ဂိုဏ်းချုပ်ကို နှုတ်ဆက်လိုက်ပို့ရန် ဖြစ်ချေလိမ့်မည်။

ချင်မူ လက်ဝဲရံနှင့် လက်ယာရံကို မြင်သောအခါ ကျောင်းစံအိမ် ထူထောင်ရန် ကိစ္စကို ပြောကြားလိုက်၏။ လက်ဝဲရံ၊ လက်ယာရံမှာ တစ်ယောက်က အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး နောက်တစ်ယောက်က အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် ယောက်ျားကြီးနှစ်ယောက် ဖြစ်သည်။ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်ရင်း လက်ဝဲရံက မေးလိုက်၏။ “နတ်ဂိုဏ်းသခင်အနေနဲ့ ကျောင်းစံအိမ်ကို ဘာများ သင်ကြားခိုင်းဖို့ စီစဉ်ထားပါသလဲ…”

ချင်မူက ပြောလိုက်သည်။ “မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာထဲက ကျင့်စဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေ အကုန်လုံး သင်ပေးလို့ ရတယ်… ကျောင်းစံအိမ်အပြင် မှတ်တမ်းထိန်းဆောင်ကိုလည်း တန်ခိုးရှင်သက်ဆင်းတောင်ပေါ်မှာ တည်ဆောက်ရမယ်… ဂိုဏ်းသားတွေ လေ့လာရ လွယ်အောင် ဂိုဏ်းအားလုံးက ပညာရပ်တွေ အကုန်လုံး မှတ်တမ်းထိန်းဆောင်မှာ စုစည်းထားမယ်… အလွယ်ဆုံးကတော့ နန်းတွင်းကောလိပ်က ကျင့်စဉ်စာလိပ်တွေ အကုန်လုံး မိတ္တူ ကူးယူပြီး ငါတို့ဂိုဏ်းရဲ့ မှတ်တမ်းထိန်းဆောင်ကို ပို့လိုက်တာပဲ…”

လက်ဝဲရံနှင့် လက်ယာရံက မှတ်သားထားလိုက်သည်။

ချင်မူက ထပ်ပြောလိုက်၏။ “ငါတို့ဂိုဏ်းမှာ နန်းတွင်းအရာရှိတွေ ရှိလား… သူတို့ကိုလည်း နန်းတွင်းကျင့်စဉ်ပညာရပ်တွေ ကူးယူပြီး မှတ်တမ်းထိန်းဆောင်ကို ပို့ဖို့ ပြောလိုက်ပါ…”

“အမိန့်အတိုင်းပါ…”

လက်ဝဲရံနှင့် လက်ယာရံက အသေးစိတ် မေးမြန်းပြီးနောက် တစ်မုဟုတ်ချင်း ထွက်ခွာသွားသည်။ ဝတ်စုံဖြူ၊ ဝတ်စုံနက် လူနှစ်ယောက်က သူတို့ ဝတ်စုံများကို ကိုယ်ပေါ်လွှမ်းခြုံလိုက်ပြီး ပျောက်ကွယ်သွားသည်။ သူတို့နှစ်ယောက်က တန်ခိုးရှင်သက်ဆင်းတောင်ပေါ်မှ နေရာပြောင်းရွှေ့ အစီအရင်ဖြင့် ဆင်းသွားခြင်း ဖြစ်ပေလိမ့်မည်။

“ငါတို့ဂိုဏ်းရဲ့ နေရာပြောင်းရွှေ့ပညာက တကယ့်ကို အစွမ်းထက်တာပဲ…”

ချင်မူ တအံ့တဩ ရေရွတ်မိပြီး နေရာပြောင်းရွှေ့ပညာ သင်ယူရန် ဟူလင်းအာကို ခေါ်၍ နန်းဆောင်ခန်းမသို့ အပြေး သွားလိုက်၏။ နေရာပြောင်းရွှေ့ပညာ မတတ်ဘဲ ဤနေရာမှ ထွက်သွားရန် မည်သို့မျှ ဖြစ်နိုင်မည် မဟုတ်ပေ။

နတ်ဂိုဏ်းသခင်တစ်ယောက် အနေဖြင့် အခြားသူတစ်ယောက်နှင့် ကပ်လိုက်ရန် သွားတောင်းဆိုသည်အထိ အရှက်ကင်းမဲ့၍ မရနိင်ပြီ မဟုတ်လား။

All Chapters