← Chapters

အဘိုးကြီးများ

Vol. 12 Ch. 168

အဘိုးကြီးများ

Vol. 12 Ch. 168

မဟာမြို့ပျက်၊ ဒုက္ခိတဘိုးဘွားကျေးရွာ…။

ရွာလူကြီးမှာ ယခင်ကကဲ့သို့ပင် ထမ်းစင်ပေါ်တွင် ထိုင်၍ ဆေးဆရာနှင့်အတူ လ္ဘက်ရည်ကြမ်း သောက်နေသည်။ ရုတ်တရက် ဆေးဆရာက လှည့်မေးလိုက်၏။ “ရွာလူကြီး၊ ခင်ဗျား ဒီနေရာမှာပဲ အကြာကြီး ထိုင်နေတော့မှာလား… ကြည့်ရတာ ပြီးခဲ့တဲ့ နှစ်ရက်လုံး ဒီနေရာမှာပဲ မလှုပ်မယှက် ထိုင်နေပြီး အမှောင်ထု ကျလာတာတောင် မရွှေ့တဲ့ပုံပဲ… အခန်း ပြန်မအိပ်ဘူးလား ဟမ်… ဒီမနက် ကျုပ် နိုးလာကတည်းက ခင်ဗျား ဒီနေရာမှာ လှဲနေတာ တွေ့တာပဲ…”

ရွာလူကြီးက ပျင်းရိလေးတွဲ့စွာ မျက်လုံးများ မှေးစင်း၍ ပြောလိုက်သည်။ “ဆေးဆရာ၊ မင့်စိတ်တွေ ကယောက်ကယက် ဖြစ်နေပြီ… မူအာ ထွက်သွားပြီးကတည်းက မင့်စိတ် မူမမှန်တော့တာပဲ…”

ဆေးဆရာက သရော်တော်တော် ပြုံးလိုက်၏။ “ကျုပ်စိတ်တွေ ကယောက်ကယက် ဖြစ်နေပြီ ဟုတ်လား… ခင်ဗျာ့စိတ်က ကယောက်ကယက် ဖြစ်နေတာ အရှင်းကြီးကို… ကျုပ်ကိုကြည့်၊ နေ့တိုင်း မျက်နှာသစ်၊ သန့်သန့်ရှင်းရှင်း သပ်သပ်ယပ်ယပ် နေတယ်၊ ခင်ဗျားလို ပေတိပေစုတ် မသေရုံတမယ် မဟုတ်ဘူး…”

ရွာလူကြီးက ပြောလိုက်သည်။ “မနေ့မနက်တုန်းက ငါ့ကို ရွာအဝင်ဝ ရွှေ့ပေးခဲ့ပြီး ညရောက်တော့ ပြန်ခေါ်ဖို့ မေ့နေတာ မင်းလေ… အဲဒါ မင့်စိတ်တွေ ကယောက်ကယက် ဖြစ်နေတာ မဟုတ်လို့ ဘာတုံး… နေ့တိုင်း လုပ်နေကျကိုတောင် မေ့နေတယ်…”

ဆေးဆရာမှာ ဒေါသအိုး ပေါက်ကွဲသွား၏။ “ကျုပ် ပြန်ရွှေ့ပေးဖို့ မေ့နေတယ် ဆိုရင်လည်း ခင်ဗျားဖာသာ ပြန်လျှောက်မလာနိုင်ဘူးလား… လေထဲ ဘယ်လို ပျံရလဲဆိုတာ မသိတော့ဘူးလား… ထူးချွန်လှပါချေရဲ့ ဆိုတဲ့ ကျင့်စဉ်စွမ်းအင်တွေက ဘာလုပ်ဖို့တုံး…”

ရွာလူကြီးမှာ တစ်ခဏမျှ ငြိမ်ကျသွားပြီး ဝမ်းနည်းကြေကွဲစွာ ပြောလိုက်သည်။ “မင်း သိပါတယ်၊ ငါ့မှာ ခြေတွေ လက်တွေမှ မရှိတော့တာ…”

ဆေးဆရာမှာ မူးမေ့လဲမတတ် ဖြစ်သွားသည်။ ဤသောက်အဘိုးကြီးက ယမန်နေ့ တစ်ညလုံး အမှောင်ထုထဲမှ မကောင်းဆိုးဝါးများ၏ လက်ချက်ဖြင့်ပင် မသေသည်ကို သူ့တွင် ခြေလက်မရှိဟု ပြောရဲသေး၏။

သူ အပြင်းအထန် ငြင်းခုန်တော့မည် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ခေါင်းမော့ကြည့်မိလိုက်သည်။ ရွာလူကြီးမှာလည်း ရွှင်ပျသွားပြီး စိတ်အားတက်ကြွစွာ ပြုံးလိုက်၏။ “အဝေးကလာတဲ့ ဧည့်သည်ဆိုတာ ပျော်စရာပဲ မဟုတ်လား… တာအိုရောင်းရင်း၊ အခုတော့ လွတ်လပ်ပေါ့ပါးသွားပြီပေါ့…”

လူငယ်တစ်ယောက်နှင့် လူကြီးတစ်ယောက်က မာန်ဟုန်မြစ် အောက်ပိုင်းမှ ဆန်တက်လာပြီး ဒုက္ခိတဘိုးဘွားကျေးရွာဆီသို့ လျှောက်လှမ်းလာသည်။

ရွာလူကြီးက ဆေးဆရာကို ကြည့်၍ ကမန်းကတန်း ပြောလိုက်၏။ “မင့်ခေါင်းဘီးရော… ဝှက်ထားမနေနဲ့… မင့်ဆီမှာ ခေါင်းဘီးတစ်ချောင်းတော့ အမြဲရှိတယ်ဆိုတာ ငါ သိပြီးသား… မင့်ရင်ဘတ်ထဲမှာ မဟုတ်လား၊ မြန်မြန်ထုတ်… ငါ ရေမချိုး၊ မျက်နှာမသစ်တာ နှစ်ရက်ရှိသွားပြီ… ဧည့်သည်တွေကို ဒီပုံအတိုင်း ဘယ်တွေ့လို့ ဖြစ်မှာလဲ…”

ဆေးဆရာက ဟွန့်ခနဲ နှာခေါင်းရှုံ့၍ မတုန်မလှုပ် ကျောက်ရုပ်သဖွယ်သာ နေနေ၏။

ရွာလူကြီးက ရယ်မောလိုက်သည်။ “ပြီးခဲ့တဲ့ နှစ်ရက်လုံး ငါ အပျင်းထူပြီး နေရာမရွှေ့ဘဲ နေခဲ့တာပါ ဟုတ်ပြီလား၊ ငါ့အမှားပါ…”

ဆေးဆရာက ခေါင်းဘီး လက်ကမ်းပေးလိုက်ပြီး ရွာလူကြီးက သူ၏ ချီစွမ်းဖြင့် ခေါင်းဘီးကို ထိန်းချုပ်ကာ ဆံပင်များ ဖြီးသင်၍ သပ်သပ်ယပ်ယပ် ဖြစ်အောင် လုပ်လိုက်၏။

လူငယ်ဂိုဏ်းချုပ်နှင့် စည်းကမ်းထိန်း အကြီးအကဲတို့က ရွာထိပ်သို့ လျှောက်လှမ်းလာပြီး နှုတ်ဆက်လိုက်သည်။ ရွာလူကြီးက ပြုံးလိုက်၏။ “ဒုက္ခိတဆိုတော့ ပြန်ထမနှုတ်ဆက်နိုင်တာ ခွင့်လွှတ်ပါ၊ ထိုင်ပါဦး… ဆေးဆရာ၊ ရေနွေးတည်ပါဟ…”

လူငယ်ဂိုဏ်းချုပ်က ဝင်ထိုင်၍ ပြုံးပြပြီး ဘေးနားတွင် ရပ်နေသော စည်းကမ်းထိန်း အကြီးအကဲကို ကြည့်လိုက်သည်။ “ငါက နတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် မဟုတ်တော့ဘူးလေ… စည်းမျဉ်းတွေ မလိုတော့ဘူး၊ လာထိုင်…”

စည်းကမ်းထိန်း အကြီးအကဲလည်း ဝင်ထိုင်လိုက်ပြီး သူ့နောက်ကျောမှ ဝါးခြင်းတောင်းကို ဘေးနားသို့ ချထားလိုက်သည်။

ဆေးဆရာက အကြမ်းပန်းကန်အိုးများ ယူလာပြီး ရေနွေးတစ်အိုး တည်လိုက်၏။ ထို့နောက် လ္ဘက်ခြောက်ခပ်၍ ခဏနှပ်ထားပြီးမှ အားလုံးအတွက် ငှဲ့ထည့်ပေးလိုက်သည်။

“ဆေးဆရာက တောင်ပိုင်းသား လ္ဘက်ရည်ကြမ်း သောက်နည်းနဲ့ပါလား…” လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်သည်။

ဆေးဆရာက ပြုံးလိုက်၏။ “ကျွန်တော်က တောင်ပိုင်းမှာ မွေးတာဆိုတော့ တောင်ပိုင်းသား သောက်နည်းနဲ့ အသားကျနေပါပြီ… မြောက်ပိုင်းလ္ဘက်ရည်ကြမ်းက လ္ဘက်ခြောက်ဖတ်တွေ အထက်တက်၊ အောက်ဆင်း လှုပ်ရှားနေတာကို ကြိုက်ကြပေမဲ့ တောင်ပိုင်းလ္ဘက်ရည်ကြမ်းကတော့ ကြည်လင်တဲ့ အခြေနဲ့ လူတွေရဲ့ စိတ်နှလုံးကို အေးချမ်းစေပါတယ်… နှစ်ခုစလုံးက သူ့ဟာနဲ့သူ ကောင်းကြတာပါပဲ…”

လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်သည်။ “ခင်ဗျားတို့ နှစ်ယောက်စလုံး ဒီနေရာမှာ ခဏခဏ ထိုင်ကြတာ အံ့ဩဖို့ မကောင်းတော့ပါဘူး… ရွာလူကြီး၊ ကျုပ် ဒီရွာမှာ တစ်ရက် နှစ်ရက်လောက် နေမယ်ဆိုရင် အဆင်ပြေမလား မသိဘူး…”

ရွာလူကြီး မည်သည်ကိုမျှ မပြောနိုင်မီ ဆေးဆရာက လက်ခုပ်လက်ဝါးတီး၍ ပြုံးလိုက်၏။ “ကောင်းတာပေါ့၊ သိပ်ကောင်းတယ်… မူအာ ထွက်သွားပြီးကတည်းက ဒီအဘိုးကြီးနဲ့ ကျုပ် ပျင်းလို့ သေတော့မယ်… နေ့တိုင်း ဒီနေရာမှာ အသေကောင်ကြီးလို ထိုင်ပြီး လှုပ်လည်း မလှုပ်၊ စကားလည်း မပြောနဲ့…”

ရွာလူကြီးက သူ့ကို စိုက်ခနဲ ကြည့်ပြီး လူငယ်ဂိုဏ်းချုပ်ကို ပြောလိုက်သည်။ “အားလပ်ချိန် ရပြီဆိုတော့ ဒီနေရာမှာ စိတ်ရှင်းလက်ရှင်း သုံးလေးငါးရက် နေသွားတာ ကောင်းတာပေါ့…”

လူငယ်ဂိုဏ်းချုပ်က ပြောလိုက်သည်။ “ကျုပ်အနေနဲ့ တာအိုရောင်းရင်းကို အတော်လေး လေးစားမိပါတယ်… ဂိုဏ်းသခင်ရဲ့ အရည်အချင်းက ခင်ဗျားတို့အားလုံး ပြုစုပျိုးထောင်ခဲ့တာနဲ့အညီ ထူးချွန်ထက်မြက်လှပါတယ်… အဲဒါကြောင့်လည်း ကျုပ် မေးမြန်းဆွေးနွေးဖို့ ရောက်လာခဲ့တာပါ… နတ်ဂိုဏ်းသခင်က မွေးရာပါ လောကသခင်ခန္ဓာ ဖြစ်ပြီး လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို လေ့ကျင့်တဲ့အတွက် ဒီလို ထူးခြားတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်… ကျုပ်ရဲ့ အသိပညာဗဟုသုတက နုံနဲ့တဲ့အတွက် ဒီလောကကြီးမှာ လောကသခင်ခန္ဓာလို့ ခေါ်တဲ့ အရာမျိုး ရှိတယ်ဆိုတာ မသိခဲ့ပါဘူး… အဲ့ဒါကြောင့် တာအိုရောင်းရင်းဆီက မေးမြန်း ပညာယူချင်မိပါတယ်…”

“လောကသခင်ခန္ဓာ ဟုတ်လား…”

ရွာလူကြီးနှင့် ဆေးဆရာမှာ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်မိပြီး ရုတ်တရက် ခွက်ထိုးခွက်လန် ရယ်မောလိုက်ကြသည်။ ဤအဘိုးကြီး နှစ်ယောက်မှာ အသက်အားဖြင့် မငယ်တော့သည့်တိုင် ပါးစပ် နားရွက် ချိတ်လုမတတ် ဟောဟဲဆိုက်အောင် ရယ်မော၍ မျက်ရည်များပင် စီးကျလာ၏။

“လောကသခင်ခန္ဓာ… ဝါး ဟား ဟား…”

ရွာလူကြီးမှာ ထမ်းစင်ပေါ်မှ လှိမ့်ဆင်း၍ တဟားဟား အော်ရယ်နေသကဲ့သို့ ဆေးဆရာမှာလည်း မြေပြင်ပေါ် ဖင်ထိုင်ကျ၍ မြေကြီးကို လက်ဝါးဖြင့် တဗြန်းဗြန်း ပုတ်ကာ ပြန်မထနိုင်ဘဲ ရှိနေသည်။

လူငယ်ဂိုဏ်းချုပ်နှင့် စည်းကမ်းထိန်း အကြီးအကဲတို့မှာ သူတို့ ရယ်မောနေသည်ကို ကြည့်၍ စိတ်ရှုပ်ထွေးသွား၏။ စည်းကမ်းထိန်း အကြီးအကဲမှာ စိတ်ပူမိသွားသည်။ “ဒီနှစ်ယောက်က ဘယ်လောက်တောင် ပျင်းနေသလဲ မသိဘူး… ဘာမှ ရယ်စရာ မရှိဘဲနဲ့ ဟောဟဲဆိုက်အောင် ရယ်နေကြတယ်… ငါနဲ့ ဂိုဏ်းချုပ်လည်း ဒီနေရာမှာ အကြာကြီး နေရရင် သူတို့လို ရူးသွားမှာလား မသိဘူး…”

ရွာလူကြီးမှာ တစ်ခဏမျှ အရယ်ရပ်၍ မြေပြင်ပေါ်တွင် လှဲကာ အမောဖြေလိုက်သည်။ ဆေးဆရာက လူငယ်ဂိုဏ်းချုပ်ကို လက်ညှိုးထိုး၍ ရယ်မောလိုက်၏။ “မိစ္ဆာဂိုဏ်းချုပ်ကိုတောင် ကျုပ်တို့ အရူးလုပ်နိုင်ခဲ့တယ်… ဟား ဟား ဟား…”

ရွာလူကြီးမှာ နောက်တစ်ကြိမ် တဟားဟား အော်ရယ်လိုက်ပြီး ဆေးဆရာကလည်း မြေပြင်ကို တဗြန်းဗြန်း ထပ်ပုတ်လိုက်သည်။

အတန်ကြာပြီးသောအခါ ရွာလူကြီးက လေထဲတွင် ပျံဝဲ၍ ထမ်းစင်ပေါ်သို့ တက်လိုက်ပြီး ချီစွမ်းအင်ဖြင့် ခေါင်းဘီးကို ထိန်းချုပ်ကာ ရှုပ်ပွသွားသော ဆံပင်များကို ဖြီးသင်လိုက်၏။ ဆေးဆရာက ဝေးဝေးသို့ လျှောက်သွားပြီး ကိုယ်ပေါ်မှ ဖုန်များကို ခါကာ မျက်နှာသစ်လိုက်သည်။ ထို့နောက် သူ့ရင်ဘတ်ထဲမှ နောက်ထပ် ဘီးတစ်ချောင်း ထုတ်ယူ၍ သပ်သပ်ယပ်ယပ် ဖြစ်အောင် ပြုပြင်လိုက်၏။ ပြီးသောအခါမှ ပြန်လာထိုင်ပြီး တောင်းပန်လိုက်သည်။ “တာအိုရောင်းရင်းတို့၊ ရွာမှာ ကျုပ်တို့ နှစ်ယောက်တည်း ကျန်ပြီး သေလုအောင် ပျင်းနေတာ မလို့ပါ… ကြက်နဂါးမတောင် အထီးတစ်ကောင်နဲ့ အပြင်ထွက် လျှောက်သွားပြီး ကြက်နဂါးပေါက်လေးတွေ မွေးထားပြီ… ကျုပ်တို့ကို ဟာသလာပြောမဲ့သူ ရှားတော့ မထိန်းနိုင်ဘဲ ဖြစ်သွားတယ်…”

လူငယ်ဂိုဏ်းချုပ်က သူတို့နောက်သို့ လှမ်းကြည့်လိုက်၏။ လူ့တစ်ရပ်ခန့် ရှိသော ကြက်နဂါးမတစ်ကောင်က ကြက်နဂါးပေါက်လေးများကို ခေါ်၍ ရွာထဲတွင် လှည့်လည် သွားလာနေသည်။ ထိုကြက်နဂါးမ အတောင်ပံ ခတ်လိုက်သောအခါ လေပွေများ ထလာ၏။

“လောကသခင်ခန္ဓာဆိုတာ ဘယ်လိုမျိုးလဲ…”

လူငယ်ဂိုဏ်းချုပ်က ရို့ကျိုးစွာ မေးမြန်းလိုက်သည်။ “တာအိုရောင်းရင်းတို့ နှစ်ယောက်စလုံးအနေနဲ့ ကျုပ်ကို သင်ပြပေးဖို့ တောင်းဆိုချင်ပါတယ်… ကျုပ်ရဲ့ အသိအမြင်က တကယ့်ကို နည်းပါးလွန်းပါတယ်…”

“ထပ်မပြောတော့နဲ့…”

ရွာလူကြီးက ရယ်ချင်စိတ်ကို အောင့်ထားလိုက်သည်။ “ကျုပ် ပြောပြမယ်…”

တစ်ခဏ ကြာပြီးသောအခါ လူငယ်ဂိုဏ်းချုပ်နှင့် စည်းကမ်းထိန်း အကြီးအကဲမှာ အဖြစ်မှန်ကို သိပြီး အံ့အားသင့်သွားကြ၏။ ကောင်းကင်ဘုံမှ မိုးကြိုးအချက်တစ်ရာ ပစ်ချခံရပြီး နွားရိုင်းအကောင်တစ်ရာ အဝှေ့ခံရသကဲ့သို့ စိတ်နှင့်လူ မကပ်သလို ဖြစ်သွားသည်။

အသန်မာဆုံး လောကသခင်ခန္ဓာ ဆိုသည်က တကယ်တမ်းတွင် သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ် ဖြစ်နေပြီး အစွမ်းအထက်ဆုံး လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ် ဆိုသည်က သာမန်လူများ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းစေရန် အသုံးပြုသော အခြေခံ အကျဆုံး တောက်ယင်ကျင့်စဉ်သာ ဖြစ်နေသည်တဲ့လား။

သို့တိုင်အောင် ချင်မူက ဤကျင့်စဉ်ကို အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့ပြီး သူ့ကိုယ်သူ လောကသခင်ခန္ဓာပိုင်ရှင်ဟု အထင်ရောက်နေသည်။

သို့သော်လည်း အဓိက အကျဆုံး အချက်မှာ ချင်မူက အကြွင်းမဲ့ ယုံကြည်မှုကို ကိုင်စွဲ၍ သာမန်ခန္ဓာကိုယ်နှင့် တောက်ယင်ကျင့်စဉ်ကို အသုံးပြုပြီး အခြားသော ပါရမီရှင်များ၊ ထူးချွန်သူများ အားလုံးကို ဖိန့်ဖိန့်တုန်အောင် အနိုင်ယူနိုင်ခဲ့သည်။ ထိုအဖြစ်က တကယ့် အစစ်အမှန် လောကသခင်ခန္ဓာအလား ထင်မှတ်မှားရ၏။

ရွာလူကြီးနှင့် ဆေးဆရာတို့မှာ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်၍ အကျေနပ်ကြီး ကျေနပ်နေကြသည်။ ရွာလူကြီးက တီးတိုး ပြောလိုက်၏။ “သူတို့ မျက်နှာတွေကို ကြည့်စမ်း၊ ငါ မျှော်လင့်ထားတဲ့ အတိုင်းပဲ…”

လူငယ်ဂိုဏ်းချုပ်က တစ်မျိုးတစ်မည်သော အမူအရာဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ “အဲဒီလိုလား… သဘောပေါက်ပြီ… ဒါပေမဲ့ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်နဲ့ ပတ်သက်ပြီး တစ်ခုခု မူမမှန်ဘူးလို့ မထင်ဘူးလား… အဲဒီကျင့်စဉ်က အတော်လေး ထူးခြားနေတယ်…”

“လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်က အခြေခံ တောက်ယင်ကျင့်စဉ် ဖြစ်တာ မှန်ပေမဲ့ တကယ်ပဲ ထူးခြားတာတွေ ရှိနေတယ်… ဒါပေမဲ့ မူအာ့လောက် ပေါက်မြောက်အောင် လေ့ကျင့်နိုင်သူက အတော်လေး ရှားလိမ့်မယ်၊ မူအာ တစ်ယောက်တည်း ရှိမယ်လို့တောင် ပြောလို့ရတယ်…”

ရွာလူကြီးက ပြတ်သားသော အမူအရာဖြင့် ပြောလိုက်သည်။ “အနည်းဆုံးတော့ ကျုပ်တစ်သက်မှာ တစ်ခါမှ မတွေ့ဖူးဘူးပေါ့… သံသယဝင်မိတာ တစ်ခု ရှိတယ်၊ ဒီကျင့်စဉ်က မဟာမြို့ပျက် မတိုင်မီက အစွမ်းထက်တဲ့ ကျင့်စဉ်တစ်ခု ဖြစ်ပြီး အဆင့်ဆင့် လက်ဆင့်ကမ်းလာရင်း အခြေခံ အကျဆုံး တောက်ယင် ဖြစ်သွားတာ များလားလို့… ဒါပေမဲ့ တပ်အပ်တော့ မပြောနိုင်ဘူး… ဒီကျင့်စဉ်ကို ကျင့်ကြံနိုင်တဲ့သူ တစ်ယောက် ရှိလာမယ်လို့ ဘယ်သူများ ထင်မိမှာလဲ…”

လူငယ်ဂိုဏ်းချုပ်၏ မျက်ဝန်းများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ “ဒါမှမဟုတ် မဟာမြို့ပျက် အပျက်အစီးပုံကြီးဘဝ မရောက်ခင်က သာမန်လူတွေလည်း စွမ်းအင်ကျင့်ကြံနိုင်ပြီး ဒီလောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်က သာမန်လူတွေ ကျင့်ကြံတဲ့ ကျင့်စဉ် ဖြစ်နေမယ်… မျှော်လင့်မထားတဲ့ အဖြစ်အပျက် တစ်ခုခုကြောင့် သာမန်လူတွေ စွမ်းအင်ကျင့်ကြံလို့ မရတဲ့ အခြေအနေ ရောက်သွားပြီး ဝိညာဉ်ခန္ဓာလေးမျိုးနဲ့ အခုလက်ရှိ အခြေအနေ ဖြစ်လာတာမျိုးလည်း ဖြစ်နိုင်တယ်…”

ဆေးဆရာ၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး မေးလိုက်သည်။ “သာမန်လူတွေ ကျင့်ကြံလို့ မရဘူး ဆိုရင် မူအာက ဘယ်လိုလုပ် လေ့ကျင့်နိုင်တာလဲ… သူရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဆိုတာချည်းပဲ ပြောလို့ မရဘူး၊ ဒီလောကကြီးမှာ သူ့ထက် ကြိုးစားအားထုတ်တဲ့သူတွေ သေချာပေါက် ရှိတယ်… တခြား သာမန်လူတွေထက် အထောက်အပံ့တွေ အဆတစ်ရာလောက် ရလို့ဆိုပြီးလည်း  ပြောမရဘူး၊ သာမန်သေမျိုးခန္ဓာ နိုးထလာဖို့အတွက် အထောက်အပံ့ အကြီးအကျယ် သုံးနိုင်တဲ့ လူတွေ ရှိတယ်… ဒါကို ကြည့်ရင် သူ့မှာ သာမန်လူတွေနဲ့ မတူတာ တစ်ခုခုတော့ ရှိနေလိမ့်မယ်…”

ရွာလူကြီး၏ ရင်ထဲတွင် ဒိတ်ခနဲ ခုန်သွားပြီး ပြောလိုက်သည်။ “သူက မဟာမြို့ပျက် အပျက်အစီးပုံဘဝ မရောက်ခင်က သာမန်လူတစ်ယောက်များ ဖြစ်နေမလား…”

သူတို့ သုံးယောက်သား တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်ပြီး ထိုအယူအဆကို သဘောတူမိသွားကြသည်။ လူငယ်ဂိုဏ်းချုပ်က မေးလိုက်၏။ “အဲဒါဆို ဒီကပ်ဆိုးမတိုင်ခင်က သာမန်လူ၊ သူက ဘယ်နေရာကများ လာခဲ့တာလဲ…”

ရွာလူကြီးနှင့် ဆေးဆရာ တစ်ညီတစ်ညာတည်း ပြန်ဖြေလိုက်သည်။ “ရွှင်ပျော်ပျော်ကျေးရွာ…” ပြောပြီးသည်နှင့် တစ်ယောက်ကိုယ်တစ်ယောက် ကြည့်၍ ရင်ထဲတွင် တုန်လှုပ်သွားမိကြသည်။

စည်းကမ်းထိန်း အကြီးအကဲ တစ်ယောက်သာ သူတို့နောက် အမီမလိုက်နိုင်သဖြင့် ဝေတေဝါးတား ဖြစ်ပြီး စကားဝိုင်းထဲ ဝင်မပါနိုင် ဖြစ်နေ၏။

“သူတို့ ပြောတာတွေ လိုက်မီအောင် မတွေးနိုင်တော့ဘူး…” စည်းကမ်းထိန်း အကြီးအကဲမှာ သူ့ကိုယ်သူ လူပိုတစ်ယောက်လို ခံစားလိုက်ရသည်။

“ရွှင်ပျော်ပျော်ကျေးရွာ ဟုတ်လား…”

လူငယ်ဂိုဏ်းချုပ်၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး မေးလိုက်သည်။ “ရွှင်ပျော်ပျော်ကျေးရွာက ဘယ်နေရာမှာ ရှိတာလဲ…”

ရွာလူကြီးက ပြုံးပြလိုက်၏။ “ငါလည်း မသိဘူး… ဒါပေမဲ့ တာအိုရောင်းရင်း စိတ်ဝင်စားတယ်ဆိုရင် ဒီနေ့ည ရွာကထွက်ပြီး လိုက်ရှာလို့ ရတယ်…”

“ရွာက ထွက်မယ် ဟုတ်လား…”

အပြောကျယ်လှသော မဟာမြို့ပျက်ကို လူငယ်ဂိုဏ်းချုပ် လှည့်ကြည့်လိုက်သည်။ သူ့ရင်ထဲတွင် ရုတ်တရက် လှုပ်ရှားသွားပြီး စိတ်ကူးမျှော်လင့်ချက်များ ခေါင်းထောင်ထလာ၏။

သူ လာသည့် နေရာ မှန်သွားချေပြီ။

စိတ်ထဲမှ ကျိတ်တွေးလိုက်မိသည်။

ဤသို့သော စိတ်လှုပ်ရှားမှုမျိုး မခံစားရသည်မှာ ကြာပြီ ဖြစ်၏။ ဒုက္ခိတဘိုးဘွားကျေးရွာမှ ဤအဘိုးကြီးများကြောင့် သူ့လူငယ်ဘဝမှ စိတ်လှုပ်ရှား စွန့်စားမှုမျိုးကို တစ်ဖန် ပြန်လည် ခံစားမိလာသည်။

သင်္ချိုင်းကုန်းသို့ ခြေတစ်ဖက်လှမ်းနေသော အဘိုးကြီး နှစ်ယောက်၊ လူအို တစ်ယောက်နှင့် အိုမင်းခြင်း မရှိသေးသော ဆေးဆရာတို့ ယခုညတွင် လျှို့ဝှက်ဆန်းကြယ်လှသော မဟာမြို့ပျက်၌ စွန့်စားခန်း ဖွင့်ကြမည်ဟူသော အဖြစ်အပျက်က တွေးကြည့်ရုံဖြင့်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှ၏။

တန်ခိုးရှင်သက်ဆင်းတောင်တွင်…။ ချင်မူက ညွှန်ကြားလိုက်၏။ “လင်းအာ၊ ဒီတောင်က ငါတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ အထွတ်အမြတ်နယ်မြေ ဖြစ်ပေမဲ့ ဒီကို ငါ ပထမဆုံး ရောက်ဖူးတာ၊ ဘယ်နေရာတွေက အန္တရာယ်ရှိမှန်း မသိသေးဘူး… လျှောက်မသွားနဲ့၊ ဒီနံရံပေါ်က နေရာရွှေ့ပြောင်းကျင့်စဉ်ကို ငါ အောင်မြင်အောင် လေ့ကျင့်ပြီးတာ စောင့်ဦး၊ ပြီးမှ အောက်ပြန်ဆင်းကြမယ်…”

ဟူလင်းအာက ခေါင်းညိတ်၍ နန်းဆောင်ခန်းမထဲမှ ပြေးထွက်သွားသည်။

ချင်မူက နံရံရှေ့တွင် ထိုင်ချ၍ နေရာရွှေ့ပြောင်းကျင့်စဉ်ကို ဂရုတစိုက် လေ့လာလိုက်သည်။

ဤနံရံပေါ်မှ နေရာရွှေ့ပြောင်းကျင့်စဉ်က အဆောင်ရတနာ သွန်းလုပ်နည်း ဖြစ်ပြီး မှော်သင်္ကေတများ၊ အစီအရင်များ၊ ကောင်းကင်နတ်သိုင်းများက သီးခြားစီ အသုံးပြု၍ မရပေ။ ၎င်းတို့ကို အသုံးပြု၍ အဆောင်ရတနာ စီရင်ဖန်တီးပြီးသောအခါမှ နေရာရွှေ့ပြောင်းအစီအရင်ကို အသက်သွင်းနိုင်၏။

သို့အတွက်ကြောင့် ဂိုဏ်းမှ အဆင့်မြင့်ပုဂ္ဂိုလ်များက နေရာရွှေ့ပြောင်း အလံများ၊ ဝတ်စုံများ စီရင်ဖန်တီးထားခြင်း ဖြစ်သည်။

နေရာရွှေ့ပြောင်းအလံကို ဖြန့်လိုက်သောအခါ ထိုအလံဖြင့် အုပ်မိသမျှ အရာအားလုံးကို နေရာရွှေ့ပြောင်း ပို့ဆောင်ပေးမည် ဖြစ်ပြီး လူများစွာကို ခေါ်ဆောင်သွားနိုင်၏။ နေရာရွှေ့ပြောင်းဝတ်စုံကတော့ လူတစ်ကိုယ်စာသာ ဖုံးလွှမ်းနိုင်သဖြင့် တစ်ယောက်တည်းသာ နေရာရွှေ့ပြောင်း ပို့ဆောင်နိုင်သည်။

ချင်မူက နေရာရွှေ့ပြောင်းကျင့်စဉ်၏ အနှစ်သာရ သဘောတရားများကို နားလည်အောင် ဂရုတစိုက် လေ့လာလိုက်သည်။ တစ်ရက် ကုန်ဆုံးပြီးသောအခါ နံရံပေါ်မှ နေရာရွှေ့ပြောင်းကျင့်စဉ်ကို နားလည် သဘောပေါက်သွားပြီး စိတ်ထဲမှ တွက်ချက်ကြည့်လိုက်၏။

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ နေရာရွှေ့ပြောင်းကျင့်စဉ်က မှော်သင်္ကေတများဖြင့် အစီအရင်ဝင်္ကပါကို အသက်သွင်း၊ ထိုအစီအရင်ဝင်္ကပါဖြင့် ကောင်းကင်နတ်သိုင်းကို အသက်သွင်းခြင်း ဖြစ်သည်။ ထိုဖြစ်စဉ် တစ်ရပ်လုံးက အလွန်တရာ ရှုပ်ထွေးလွန်းသဖြင့် ကောင်းကင်နတ်သိုင်းအဖြစ် တိုက်ရိုက် ထုတ်ဖော်ရန် ခက်ခဲလှသည်။ သို့ဖြစ်၍ အဆောင်ရတနာအဖြစ် စီရင်ဖန်တီးပြီး နေရာရွှေ့ပြောင်းရန် အသုံးပြုခြင်း ဖြစ်၏။

သူ့အနေဖြင့် ကောင်းကင်နတ်သိုင်းကို တိုက်ရိုက် ထုတ်သုံးနိုင်လျှင်လည်း နေရာရွှေ့ပြောင်းနိုင်မည် ဖြစ်ပြီး နေရာရွှေ့ပြောင်း အလံများ၊ နေရာရွှေ့ပြောင်း ဝတ်စုံများ အသုံးပြုခြင်းထက် သေချာပေါက် ပို၍ သွက်လက်မြန်ဆန်ပေလိမ့်မည်။

ထို့ပြင် ချင်မူ ယခုကဲ့သို့ အချိန်ယူ လေ့လာခဲ့စဉ်အတွင်း၌ ဤနေရာရွှေ့ပြောင်းကျင့်စဉ်က ပိုမို အဆင့်မြင့်သော တွက်ချက်မှုနည်းလမ်း တစ်ခု လိုအပ်ကြောင်း တွေ့ရှိခဲ့သည်။ မြင့်မားသော တွက်ချက်မှု စွမ်းရည်ဖြင့်သာ နေရာရွှေ့ပြောင်းကျင့်စဉ်ကို မြန်မြန်ဆန်ဆန် ကျွမ်းကျင်ပိုင်နိုင်ပေလိမ့်မည်။

“ပိုအဆင့်မြင့်တဲ့ အက္ခရာသင်္ချာကျမ်း တစ်အုပ် လိုတယ်…”

All Chapters