← Chapters

နတ်ဂိုဏ်းသခင်၏ဝါသနာ

Vol. 13 Ch. 169

နတ်ဂိုဏ်းသခင်၏ဝါသနာ

Vol. 13 Ch. 169

နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းမှာ အက္ခရာသင်္ချာဖြင့် တည်ဆောက်ထားသော ကောင်းကင်နတ်သိုင်းတစ်ရပ် ဖြစ်သည်။ မတူညီသော ဦးတည်ဘက်၊ မတူညီသော နေရာ၊ မတူညီသော အကွာအဝေး၊ မတူညီသော ဟင်းလင်းပြင် အနေအထားတို့အတွက် မှော်သင်္ကေတများ၏ အစီအစဉ်၊ နိယာမတရားကို တွက်ချက်ရန် လိုအပ်၏။

ရွှေ့ပြောင်းမည့် နေရာ တစ်ခုစီတိုင်းအတွက် မြောက်မြားစွာ တွက်ချက်ရသည်။

တွက်ချက်သည် ဆိုသော စကားရပ်ကို ကံကြမ္မာနှင့် တွက်ချက်ခြင်း ဟူသည့် စာလုံးနှစ်လုံးဖြင့် ဖွဲ့စည်းထား၏။ ကံကြမ္မာဆိုသည်မှာ အဘယ်နည်း။

ကံကြမ္မာဆိုသည်က မှော်သင်္ကေတ အစီအရင်၏ ရှေ့နောက်အစီအစဉ်၊ ဆင့်ကဲပြောင်းလဲမှု၊ ပြောင်းလဲခြင်းတရား၊ နိယာမတရား ဖြစ်သည်။ မှော်သင်္ကေတ အစီအရင်၏ ရှေ့နောက်အစီအစဉ် ဆင့်ကဲ ပြောင်းလဲသောအခါမှ နိယာမတရား ပြောင်းလဲမှုကို တွက်ချက်နိုင်၏။  ပေသီးခုံသည် အခြေခံ အကျဆုံး တွက်ချက်မှုပုံစံ ဖြစ်သည်။ အပေါ်ပေသီး၊ အောက်ပေသီးတို့၏ ရွေ့လျားပြောင်းလဲမှုသည် အရိုးရှင်းဆုံး အစီအရင်ဖွဲ့စည်းပုံ၏ ရှေ့နောက်အစီအစဉ် ပြောင်းလဲမှုပင် ဖြစ်၏။

နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းကို အဆောင်ရတနာ တစ်ခုအဖြစ် စီရင်ဖန်တီးခြင်းအားဖြင့် ထိုအဆောင်ရတနာပေါ်တွင် စီရင်ခတ်နှိပ်ထားသော မှော်သင်္ကေတများ၊ အစီအရင် ပြောင်းလဲမှုများကို အားပြု၍ လိုအပ်သော တွက်ချက်မှုကို မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်သည်။ ထိုတွက်ချက်မှုက ပေသီးခုံရှိ အပေါ်ပေသီး၊ အောက်ပေသီး ရွှေ့၍ တွက်ချက်သည်ထက် အဆပေါင်း ထောင်ချီ ပိုရှုပ်ထွေး၏။ ဆန်းကြယ်စွာ စီရင်တည်ဆောက်ထားသော ပေသီးခုံ အကြီးစားဟုပင် ပြော၍ ရသည်။

ကောင်းကင်နတ်သိုင်းသက်သက် အဖြစ်သာ ဖော်ထုတ် အသုံးပြုလိုလျှင် တွက်ချက်မှု အပြောင်းအလဲများကို အချိန်မရွေး နေရာမရွေး လိုက်လံ ညှိယူ ပြောင်းလဲနိုင်ရမည် ဖြစ်ပြီး ပြန့်ကြဲ ရှုပ်ထွေးနေသော မှော်သင်္ကေတများမှတစ်ဆင့် နေရာရွှေ့ပြောင်းခြင်း၏ လျှို့ဝှက်ချက်ကို ရှာဖွေရပေလိမ့်မည်။

သူ့တွင် ရှိသော သင်္ချာကျမ်း ဆယ်အုပ်မျှနှင့် ထိုမျှ ရှုပ်ထွေးလှသော အက္ခရာသင်္ချာ ပုံသေနည်းကို တွက်ထုတ်ရန် မဖြစ်နိုင်ပေ။

သို့ဖြစ်၍ ပိုမို အဆင့်မြင့်သော အက္ခရာသင်္ချာကျမ်း တစ်ခုခု ရရှိရန် လိုအပ်၏။ သို့မှသာ နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းကို အလုံးစုံ သင်ယူနိုင်ပေလိမ့်မည်။

“အဆင့်မြင့် တွက်ချက်နည်းတွေကို နန်းတွင်းကောလိပ်ရဲ့ ဓာတ်ငါးပါးဝင်္ကပါခန်းမမှာ သင်ပေးမှာပဲ… ဓာတ်ငါးပါးဝင်္ကပါခန်းမက ဝင်္ကပါအစီအရင်တွေအကြောင်း သင်ပေးတာဆိုတော့ အက္ခရာသင်္ချာကို အသုံးပြုရမှာ သေချာတယ်… တာအိုဂိုဏ်းမှာလည်း အဲလို သင်္ချာကျမ်း ရှိမှာပဲ၊ ပိုတောင် အဆင့်မြင့်နိုင်သေးတယ်…”

ချင်မူ တောက်ကျစ်လင်းရွှမ်ကို ရုတ်ခြည်း အမှတ်ရသွား၏။ တောက်ကျစ်လင်းရွှမ်က အဆုံးမရှိသော လှုပ်ရှားမှုများကို ဆက်သွယ်သည့် အစက်အပြောက်၊ လမ်းနှစ်သွယ် ဝဲလည်လှည့်သည့် ယင်နှင့်ယန်’ သိုင်းကွက်ကို ထုတ်ဖော် အသုံးပြုသည့်အခါတွင် အလွန်တရာ ရှုပ်ထွေးသော တွက်ချက်မှုနည်းလမ်းကို အသုံးပြုခဲ့သည်။

‘လမ်းနှစ်သွယ် ဝဲလည်လှည့်သည့် ယင်နှင့်ယန်’ သိုင်းကွက်က အလွန်တရာ များပြားသည့် တွက်ချက်မှုများ လိုအပ်၏။ မြင့်မားသည့် သင်္ချာတွက်ချက်မှု စွမ်းရည် မရှိဘဲ ထိုသိုင်းကွက်၏ အလှည့်အပြောင်းများကို တွက်ချက်ရန် လွန်စွာ ခက်ခဲမည် ဖြစ်သကဲ့သို့ ချင်မူ၏ အားနည်းချက်နေရာ အတိအကျကိုလည်း တွက်ချက်နိုင်လိမ့်မည် မဟုတ်ပေ။

“အဆင့်မြင့် သင်္ချာကျမ်း မရှိဘဲနဲ့တော့ နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းကို လေ့လာဖို့ အခုလောလောဆယ် မဖြစ်နိုင်ဘူး… ဘယ်လိုမျိုးလဲ ဆိုတာ သိလာပေမဲ့ ဘာကြောင့်ဆိုတဲ့ အကြောင်းရင်းကို မသိသေးဘူး… အရင်ဆုံး နေရာရွှေ့ပြောင်း အဆောင်ရတနာ တစ်ခု စီရင်ဖန်တီးတာ ပိုကောင်းမယ်…”

ချင်မူ သူ့စိတ်များကို တည်ငြိမ်အောင် ပြန်ထိန်း၍ အဆောင်ရတနာ စီရင်ဖန်တီးမည့်အပေါ်တွင်သာ စိတ်နှစ်လိုက်သည်။ နေရာရွှေ့ပြောင်းအလံကို စီရင်ဖန်တီးသည် ဖြစ်စေ၊ နေရာရွှေ့ပြောင်း ဝတ်စုံကို စီရင်ဖန်တီးသည် ဖြစ်စေ အဝတ်စ လိုအပ်၏။ သူ့တွင် ဝတ်ဆင်ထားသည့် ရွှေချည်ထိုး ဝတ်စုံတစ်စုံသာ ရှိသဖြင့် ထိုဝတ်စုံကိုသာ စီရင်ဖန်တီးရတော့သည်။

သူ၏ ရွှေချည်ထိုးဝတ်စုံက အတောင်ပံခြောက်ခု ရွှေပိုးကောင် သဘာဝချည်မျှင်ဖြင့် ပြုလုပ်ထားသည့်အတွက် နေရာရွှေ့ပြောင်းဝတ်စုံ ပြုလုပ်ရန် ချည်မျှင်အချို့ကို အစဆွဲထုတ်ရသည်။ ရွှေပိုးချည်မျှင်အချို့ ထုတ်ပြီးသောအခါ ထိုချည်မျှင်ဖြင့် အဝတ်စပေါ်တွင် မှော်သင်္ကေတ အစီအရင်များ ရေးထိုးလိုက်၏။ ထို့နောက် မှော်သင်္ကေတများကို သူ၏ ချီစွမ်းအင်ဖြင့် အမှတ်အသား ပြုလိုက်သည်။

ငယ်စဉ်ကတည်းက အဘွားစစ်ထံမှ အပ်ချုပ်ပညာ သင်ယူလာခဲ့သည့်အတွက် သူ့တွင် ရွှေချည်ထိုး ပုံဖော်ခြင်းနှင့် ပတ်သက်သော အတွေ့အကြုံကောင်းကောင်း ရှိသည်။ ဤမျှလောက်က သူ့အတွက် ခက်ခဲခြင်း မရှိပေ။

“ပြောကြည့်စမ်းပါဦး၊ နတ်ဂိုဏ်းသခင်အနေနဲ့ သူ့အားသူ ကိုးပြီး တန်ခိုးရှင်သက်ဆင်းတောင်က ထွက်သွားနိုင်ပါ့မလား…”

ကောင်းကင်နတ်မင်းသုံးပါးက တန်ခိုးရှင်သက်ဆင်းတောင်မှ ထွက်ခွာသွားခြင်း မရှိသေးပေ။ ချင်မူ ဤနေရာတွင် ပိတ်မိမနေစေရန်အတွက် စောင့်နေကြခြင်း ဖြစ်၏။ အကြီးအကဲ သုံးယောက်က မျောလွင့်အလင်းရောင်ခန်းမဆီသို့ လှမ်းကြည့်လိုက်သည်။ ကောင်းကင်နတ်မင်းလုက သူ့မေးစေ့မှ တောင်ဆိတ်ကဲ့သို့ မုတ်ဆိတ်မွေးများကို သပ်လိုက်၏။ “နေရာရွှေ့ပြောင်း အဆောင်ရတနာ တစ်ခု စီရင်ဖန်တီးတာ အဲလောက် လွယ်လို့လား… ငါတို့ နတ်ဂိုဏ်းရဲ့ နေရာရွှေ့ပြောင်း ပညာရပ်က လူတိုင်း ခေါင်းအခဲရဆုံး ကောင်းကင်နတ်သိုင်းလို့တောင် ပြောလို့ရတယ်…”

ကောင်းကင်နတ်မင်းယွီက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ “နေရာရွှေ့ပြောင်း ပညာရပ်က အက္ခရာသင်္ချာစွမ်းရည် မြင့်မြင့်မားမား ရှိဖို့ လိုတယ်၊ အက္ခရာသင်္ချာ မကျွမ်းဘဲနဲ့ လေ့လာဖို့ မဖြစ်နိုင်ဘူး… နတ်ဂိုဏ်းသခင်က ငယ်ငယ်လေးပဲ ရှိသေးတယ်၊ အက္ခရာသင်္ချာနဲ့ ပတ်သက်ပြီး များများစားစား တတ်ကျွမ်းဦးမှာ မဟုတ်ဘူး…”

“နှစ်ရက်၊ သုံးရက်လောက် လေ့လာပစေဦး… အခက်အခဲကို မသိရင် မတိုးတက်နိုင်ဘူး၊ အခက်အခဲ သိပြီး တိုးတက်လာမှ ပညာကို တောင်းတစိတ် ရှိမှာ…”

ကောင်းကင်နတ်မင်းရှီက အတည်ငြိမ်ဆုံး ဖြစ်သည်။ “နတ်ဂိုဏ်းသခင်က အခက်အခဲ ကြီးကြီးမားမား မကြုံတွေ့ရဘဲ လွယ်လွယ်ကူကူနဲ့ ဂိုဏ်းသခင်နေရာကို ရခဲ့တာ… ဓားသွေးကျောက်ပေါ် တင်မသွေးဘဲနဲ့ အရောင်အသွေး တောက်ပမလာနိုင်ဘူး… ဒါက ဂိုဏ်းချုပ်ရဲ့ အကြံအစည်ပဲ…”

အခြား ကောင်းကင်နတ်မင်း နှစ်ပါးက ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ “ငါတို့ သူ့ကို အခက်အခဲလေးတွေ ဖန်တီးပေးကြမလား…”

“မလိုဘူး၊ ဒီတစ်ခေါက် လေ့လာခိုင်းတာက အခက်အခဲ၊ မအောင်မြင်မှုဆိုတာ ဘာလဲ သူ သိအောင်လို့ပဲ… ဂိုဏ်းချုပ်ရဲ့ အကြံက သူ ဒီနေရာကနေ ထွက်မသွားနိုင်တဲ့အထိ ငါတို့ စောင့်နေပြီးမှ နေရာရွှေ့ပြောင်းအလံ တစ်ခု ပေးလိုက်ဖို့ပဲ…”

ကောင်းကင်နတ်မင်းရှီက ပြုံးလိုက်သည်။ “ဂိုဏ်းချုပ်ရဲ့ လုပ်ဆောင်မှုတိုင်းက အဓိပ္ပာယ်ရှိတယ်… နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းကို ကျွမ်းကျင်အောင် လေ့လာဖို့ ဘယ်လောက် ခက်ခဲတယ်ဆိုတာ မင်းတို့ သိပါတယ်… ဂိုဏ်းချုပ်က ဘာလို့ သူ့ကို နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်း လေ့လာဖို့ ဒီနေရာမှာ နေခိုင်းခဲ့တယ် ထင်လဲ…”

ကောင်းကင်နတ်မင်းလုနှင့် ကောင်းကင်နတ်မင်းယွီ၏ မျက်လုံးများ အရောင်တောက်သွားပြီး တအံ့တဩဖြင့် လက်ခုပ်လက်ဝါး တီးလိုက်မိကြသည်။

နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းက မျောလွင့်အလင်းရောင်ခန်းမတွင် ရှိပြီး ဂိုဏ်းသားများ လေ့လာသင်ယူခြင်းကို ကန့်သတ်မထားသော်လည်း နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းကို တတ်ကျွမ်းသူ များများစားစား မရှိချေ။ နတ်ဂိုဏ်း၏ စံအိမ်သခင်တိုင်းတွင် နေရာရွှေ့ပြောင်းအလံ တစ်လက်စီ ရှိကြသော်လည်း ထိုစံအိမ်သခင်များကိုယ်တိုင် စီရင်ဖန်တီးထားခြင်း မဟုတ်။ ကောင်းကင်နတ်မင်းလေးပါးက စီရင်ဖန်တီးပေးထားခြင်းသာ ဖြစ်သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်း တစ်ခုလုံးတွင် နေရာရွှေ့ပြောင်း ပညာရပ်ကို တတ်ကျွမ်းပြီး အဆောင်ရတနာအဖြစ် ဖန်တီးစီရင်နိုင်သူ များများစားစား မရှိပေ။ ယခင်မျိုးဆက် ကောင်းကင်နတ်မယ်ဖြစ်သူ စစ်ယိုယိုပင် တတ်ကျွမ်းခြင်း မရှိ။ သူက အက္ခရာသင်္ချာကို ကောင်းစွာ ကျွမ်းကျင်ခြင်း မရှိချေ။

ဂိုဏ်းချုပ်၏ အကြံအစည်က ချင်မူ့ကို မျောလွင့်အလင်းရောင်ခန်းမတွင် နေရာရွှေ့ပြောင်း ပညာရပ် လေ့လာစေရန် ဖြစ်ပြီး နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းက အက္ခရာသင်္ချာစွမ်းရည် အလွန်တရာ မြင့်မားစွာ လိုအပ်ကြောင်း ချင်မူ သိချိန်တွင် ဆယ်ရက်ကျော် အချိန်ကုန်ဆုံးပြီး ဖြစ်ပေလိမ့်မည်။

ထို့နောက် ဆယ်ရက်ကျော် ထပ်ကြာပြီးချိန်တွင် ဤကောင်းကင်နတ်သိုင်းကို လေ့ကျင့်နိုင်ခြင်း မရှိသေးဘဲ နေရာရွှေ့ပြောင်း အဆောင်ရတနာ တစ်ခု စီရင်ဖန်တီးရုံသာ တတ်နိုင်ကြောင်း သိသွားပေလိမ့်မည်။ နောက်ထပ် ဆယ်ရက်ကျော် ကြာပြီးသည့်အခါ အဆောင်ရတနာပင် စီရင်ဖန်တီးနိုင်ခြင်း မရှိကြောင်း သိရှိသွားမည် ဖြစ်၏။

ဤနည်းအားဖြင့် ငယ်ရွယ်ပျိုမျစ်သော နတ်ဂိုဏ်းသခင်၏ ဆိုဆုံးမရခက်သော စိတ်ထားကို ပြုပြင်ပြောင်းလဲနိုင်ပြီး ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး၏ အပြောကျယ်မှုကို သိသွားစေပေလိမ့်မည်။ သို့မှသာ သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲပြီး စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်းများ မပြုတော့မည် ဖြစ်၏။

ထိုအချိန် ရောက်သောအခါ ချင်မူ၏ စိတ်များ အနည်ထိုင်သွားပြီး ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ပေါင်းစည်းကျင့်စဉ်ကို အာရုံစိုက် လေ့လာနိုင်ပေလိမ့်မည်။ ထိုအခါမှ ကောင်းကင်နတ်မင်းသုံးပါးက ကိုယ်ထင်ပြ၍ ဤနတ်ဂိုဏ်းသခင်လေးကို နေရာရွှေ့ပြောင်းအလံတစ်ခု ပေးအပ်ကာ တန်ခိုးရှင်သက်ဆင်းတောင်မှ ထွက်ခွာစေပြီး အားလုံး နှစ်ထောင်းအားရ ကျေနပ်စေမည် ဖြစ်သည်။

ဤသည်က ချင်မူ့ကို တောင်ပေါ်တွင် နေခဲ့စေပြီး နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းကို လေ့လာခိုင်းခဲ့သည့် ဂိုဏ်းချုပ်၏ ရည်ရွယ်ချက် ဖြစ်၏။

ကောင်းကင်နတ်မင်းယွီက စိုးရိမ်သော အမူအရာဖြင့် ပြောလိုက်သည်။ “ကောင်းကင်နတ်မင်းချမ် ဘာဖြစ်နေလဲ သိကြလား… ဘာသတင်း ကြားသေးလဲ…”

ကောင်းကင်နတ်မင်းရှီနှင့် ကောင်းကင်နတ်မင်းယွီတို့က ခေါင်းခါယမ်းလိုက်သည်။ ကောင်းကင်နတ်မင်းရှီက ပြောလိုက်၏။ “အစ်ကိုကြီးချမ် ကံဆိုးမိုးမှောင်ကျသွားတာ ဖြစ်ဖို့များမယ်… သူက စိတ်အလောတတ်ဆုံးသူ၊ အဲဒါကို အခုထိ ရောက်မလာသေးတာ ကြည့်ရင် ရန်သူ့လက်ထဲ ရောက်သွားတာနေမယ်… ငါတို့ဂိုဏ်းရဲ့ ဌာနချုပ်နဲ့ ဂိုဏ်းသခင်အသစ် ဘယ်သူလဲဆိုတာ စစ်မေးခံရမှာပဲ၊ သူ့စိတ်နဲ့ဆို ဘာတစ်ခုမှ ထုတ်ပြောမှာ မဟုတ်ဘူး…”

ကောင်းကင်နတ်မင်းလု၏ ရင်ထဲတွင် ဒိတ်ခနဲ ခုန်သွားသည်။ “အစ်ကိုကြီးချမ်က ဒီလောက် ကျင့်စဉ်စွမ်းအား မြင့်တာ…”

“ကျင့်စဉ်စွမ်းအား ဘယ်လောက်မြင့်မြင့် သူ့ထက်သူ လူစွမ်းကောင်းတွေက ရှိနေတာပဲ…”

ကောင်းကင်နတ်မင်းရှီက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “နန်းတွင်းက ပထမအဆင့် နန်းတွင်းအရာရှိတွေ အားလုံးက ဂိုဏ်းချုပ်အဆင့် ပညာရှင်တွေချည်းပဲ… တာအိုဂိုဏ်းနဲ့ မဟာမိုးခြိမ်းသံကျောင်းတော်မှာလည်း အဲဒီလို ထိပ်သီးပညာရှင်တွေ မရှားဘူး… အခြားဂိုဏ်းတွေနဲ့ မိသားစုကြီးတွေမှာလည်း ငါတို့ ကောင်းကင်နတ်ဂိုဏ်းကို မျက်စိဒေါက်ထောက် ကြည့်နေတဲ့ လျှို့ဝှက်ပညာရှင်တွေ ရှိတယ်… အတော်များများက ငါတို့ ကောင်းကင်နတ်ဂိုဏ်းကို ဒီအနှစ်လေးဆယ်အတွင်း အတော်လေး နိမ့်ကျသွားပြီလို့ ထင်နေကြတာ၊ ဘယ်သူကများ ဒီလို အခွင့်အရေးကို လက်လွတ်ခံချင်ကြမှာလဲ… အရေးအကြီးဆုံး အချက်က လက်သည် ဘယ်သူလဲ ဆိုတာပဲ…”

အားလုံး ငြိမ်ကျသွားသည်။

တစ်ခဏ ကြာပြီးသောအခါ ကောင်းကင်နတ်မင်းယွီက ပြောလိုက်၏။ “ဒီတစ်ခေါက်မှာ ဂိုဏ်းသခင်က လက်ဝဲရံနဲ့ လက်ယာရံကို သုံးရာခြောက်ဆယ့်တစ်ခုမြောက် စံအိမ်၊ ကျောင်းစံအိမ်ကို ထူထောင်ဖို့ အမိန့်ပေးခဲ့တယ်… ဒါက ကိစ္စကြီး တစ်ရပ်ပဲ… ဒီဂိုဏ်းသခင်ရဲ့ စွမ်းဆောင်ရည်က ဂိုဏ်းသခင်လီထက် တစ်ဆင့်မြင့်တယ်… ဒီလို အမြင်ကျယ်ပုံမျိုးနဲ့ ရဲတင်းပြတ်သားပုံမျိုးက ဆယ်နှစ်စွန်းစွန်း ကလေးတစ်ယောက်နဲ့ မတူဘူး… နှစ်ပေါင်းရာကျော် နေလာတဲ့ လူကြီးတစ်ယောက်ထက်ကို အတွေ့အကြုံ ရင့်ကျက်နေတယ်လို့ ထင်ရတယ်…”

“ဂိုဏ်းချုပ်က သင်ပြခဲ့လို့ ဖြစ်မှာပေါ့…”

“ဟုတ်မှာပေါ့၊ အာ… နတ်ဂိုဏ်းသခင် ထွက်လာပြီ…”

ကောင်းကင်နတ်မင်း သုံးပါးမှာ မျောလွင့်အလင်းရောင်ခန်းမဆီသို့ လှမ်းကြည့်လိုက်သောအခါ ချင်မူ ထွက်လာသည်ကို မြင်ရ၏။ ဤနတ်ဂိုဏ်းသခင်လေးက ရွှေချည်ထိုး ဝတ်စုံ အပေါ်ရုံကို ဖြန့်ကြည့်နေရင်းမှ ရုတ်တရက် သူ့ကိုယ်ပေါ်သို့ လွှားကာ ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

ကောင်းကင်နတ်မင်းများမှာ ကျောက်ရုပ်သဖွယ် ဖြစ်သွား၏။ ဝုန်းခနဲ အသံကြီးတစ်သံသာ ကြားလိုက်ရသည်။ ဇာမဏီသက်ဆင်းစံအိမ် တစ်ခြမ်း ပြိုလဲသွား၏။

“မကောင်းတော့ဘူး…”

ကောင်းကင်နတ်မင်းသုံးပါး၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး ဇာမဏီသက်ဆင်းစံအိမ် ရှိရာသို့ လှမ်းကြည့်လိုက်သည်။ တစ်ခြမ်းလုံး ပြိုကျပျက်စီးနေသော ဇာမဏီသက်ဆင်းစံအိမ်၏ အပျက်အစီးပုံအောက်မှ လူငယ်လေး တစ်ယောက် ထရပ်လာပြီး ဟိုဟိုသည်သည် ကြည့်လိုက်သည်။ မည်သူမျှ သူ့ကို မမြင်ကြောင်း သိသည်နှင့် တစ်မုဟုတ်ချင်း သူ့ကိုယ်ပေါ်သို့ ဝတ်စုံကို လွှား၍ ထပ်မံ ပျောက်ကွယ်သွား၏။

“ဇာမဏီသက်ဆင်းစံအိမ်က ဆဋ္ဌမမြောက် ဂိုဏ်းသခင် ဇာမဏီငှက်တစ်ကောင် ရခဲ့တဲ့ နေရာပဲ… ငါတို့ တန်ခိုးရှင်သက်ဆင်းတောင်ပေါ်ကို ဇာမဏီတစ်ကောင် ခိုနားခဲ့တာ ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းတဲ့ အဖြစ်လဲ…”

ကောင်းကင်နတ်မင်းယွီ၏ ခြေထောက်များ ပျော့ခွေသွားပြီး တီးတိုးရေရွတ်လိုက်သည်။ “အခု တစ်ခြမ်းပြိုသွားပြီ ဆိုတော့ ဘိုးဘေးတွေနဲ့ ဂိုဏ်းသားတွေကို ဘယ်လို မျက်နှာပြရတော့မလဲ…”

ကောင်းကင်နတ်မင်းရှီမှာလည်း မျက်နှာပျက်သွားပြီး ချီတုံချတုံဖြင့် တတွတ်တွတ် ရေရွတ်လိုက်၏။ “ဇာမဏီသက်ဆင်းစံအိမ်မှာ ဆဋ္ဌမဂိုဏ်းသခင် ရေးသားခဲ့တဲ့ မှတ်တမ်းတစ်ခုပဲ ရှိတယ်၊ အထုပ္ပတ္တိတစ်ခုပါပဲ၊ ကျင့်စဉ်မှ မဟုတ်တာ… အဲမှတ်တမ်းကို ငါ အလွတ်မှတ်မိတယ်… ဇာမဏီသက်ဆင်းစံအိမ်ကို ပြန်ပြင်ပြီး စာပေစံအိမ်သခင်ကို ဆဋ္ဌမဂိုဏ်းသခင်ရဲ့ လက်ရေးတုပပြီး ပျက်စီးသွားတာတွေ ပြန်ဖြည့်ရေးခိုင်းလိုက်ကြစို့… အဲဒါဆို ဘယ်သူမှ မသိတော့ဘူး…”

“နတ်ဂိုဏ်းသခင်က နေရာရွှေ့ပြောင်းဝတ်စုံ ဖန်တီးပြီးသွားတာနဲ့ တူတယ်… ထိန်းချုပ်တာတော့ မကျွမ်းကျင်သေးဘူး…”

ကောင်းကင်နတ်မင်းလုမှာ အံ့အားသင့်သွား၏။ “သူက တကယ်ကြီး နေရာရွှေ့ပြောင်း အဆောင်ရတနာတစ်ခု စီရင်ဖန်တီးနိုင်သွားတာလား… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”

ထိုအခိုက်၌ နောက်ထပ် ဝုန်းခနဲ အသံတစ်သံ ကြားလိုက်ရသည်။ အသံလာရာသို့ ကြည့်လိုက်မိသောအခါ ကောင်းကင်နတ်မင်းသုံးပါး၏ မျက်နှာများ မည်းမှောင်သွား၏။

မင်းမြတ်သုံးပါးခန်းမ၏ ခေါင်မိုးက ပျက်စီးနေချေပြီ။ သူတို့၏ ဂိုဏ်းသခင်လေးက နေရာရွှေ့ပြောင်းဝတ်စုံကို အသုံးပြု၍ မင်းမြတ်သုံးပါးခန်းမ၏ အပေါ်တည့်တည့်သို့ နေရာရွှေ့ပြောင်း ရောက်ရှိသွားပြီး အောက်ပြုတ်ကျလာသဖြင့် ခေါင်မိုး၌ အပေါက်ကြီး တစ်ခု ဖြစ်သွားသည်။

မင်းမြတ်သုံးပါးခန်းမမှာ နတ်ဂိုဏ်းသခင် သုံးယောက်ကို ဂုဏ်ပြုတည်ဆောက်ထားခြင်း ဖြစ်၏။ ထိုနတ်ဂိုဏ်းသခင် သုံးယောက်က မျိုးဆက်တစ်ခုတည်းမှ ဖြစ်ပြီး ထိုအချိန်က သိုင်းဂိုဏ်းချင်း တိုက်ပွဲများ ပြင်းထန်နေသော ကာလဖြစ်သည်။ တာအိုဂိုဏ်းက တစ်လောကလုံးရှိ သမာသမတ်ဂိုဏ်းများကို စုစည်း၍ ကောင်းကင်နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ခဲ့၏။ ထိုစဉ်က ဂိုဏ်းသခင်ဟောင်းမှာ တိုက်ပွဲတွင် ကျဆုံးသွားပြီး သူ မသေမီ၌ နတ်ဂိုဏ်းကို ကောင်းကင်နတ်မင်းလေးပါးထဲမှ ကောင်းကင်နတ်မင်းချင်း၏ လက်ထဲသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် ကောင်းကင်နတ်မင်းချင်းက ကောင်းကင်နတ်မယ်ကို မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ လက်ဆင့်ကမ်းပြီး ဂိုဏ်းသားအားလုံးကို ဦးဆောင်၍ ကျောက်စိမ်းရေလှိုင်းကန်တွင် သွေးမြေကျသည်အထိ အသက်စွန့် တိုက်ခိုက်သွားခဲ့၏။

ကောင်းကင်နတ်မယ် ဂိုဏ်းသခင်ရာထူးကို ဆက်ခံပြီးသောအခါ တဖန် ပြန်၍ တိုက်ပွဲဝင်ပြီး တာအိုဂိုဏ်းမှ ပညာရှင်များကို သုတ်သင်ရှင်းလင်းခဲ့သည်။ ဆက်၍ ခုခံနိုင်ခြင်း မရှိသောအခါမှ နောက်ဆုတ်ပြန်လာခဲ့၏။ တန်ခိုးရှင်သက်ဆင်းတောင်သို့ ပြန်ရောက်သောအခါ ကောင်းကင်နတ်မယ်က မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို လက်ဆင့်ကမ်းပြီးနောက် ပြင်းထန်သည့် ဒဏ်ရာများကြောင့် ထိုင်လျက်အနေအထားနှင့်ပင် အသက်စွန့်သွားခဲ့သည်။

သို့ဖြစ်၍ နောက်တက်လာသည့် နတ်ဂိုဏ်းသခင်က သူတို့ကို ဂုဏ်ပြုသောအားဖြင့် မင်းမြတ်သုံးပါးခန်းမကို တည်ဆောက်ခဲ့သည်။

အစောက ချင်မူ နေရာရွှေ့ပြောင်းခြင်း မအောင်မြင်ဘဲ ဇာမဏီသက်ဆင်းစံအိမ်ကို ဖျက်ဆီးခဲ့သည်မှာ သည်းခံ၍ ရသေးသော်လည်း ယခု မင်းမြတ်သုံးပါးခန်းမကို ဖျက်ဆီးသည်ကတော့ အနည်းငယ် လွန်ကျူးသွားပြီ ဖြစ်၏။

ရုတ်တရက် ဝှစ်ခနဲ အသံတစ်သံ ထပ်ကြားလိုက်ရပြီး ချင်မူက သူ့ကိုယ်သူ နေရာရွှေ့ပြောင်းဝတ်စုံဖြင့် ဖုံးအုပ်၍ ပျောက်ကွယ်သွားသည်။ ကောင်းကင်နတ်မင်းသုံးပါးမှာ ခေါင်းမွေးများ ထောင်ထသွားပြီး ကမန်းကတန်း ပြေးလိုက်သွားရ၏။ “နတ်ဂိုဏ်းသခင်၊ ထပ်ဖျက်ဆီးလို့ မဖြစ်တော့ဘူး…”

ကောင်းကင်နတ်မင်းသုံးပါး၏ ကျင့်စဉ်စွမ်းအင်က သိပ်သည်းပြီး နေရာရွှေ့ပြောင်းပညာကိုလည်း လေ့ကျင့်ထားကြသူများ ဖြစ်သည်။ ကောင်းကင်နတ်မင်းရှီ၏ နေရာရွှေ့ပြောင်း အဆောင်ရတနာက အလံတစ်လက် ဖြစ်ပြီး အလံတစ်ချက် အလွှားတွင် နေရာမှ ပျောက်ကွယ်သွား၏။ ကောင်းကင်နတ်မင်းလုက ကြေးမုံမှန်တစ်ချပ်ကို စီရင်ဖန်တီးထားပြီး သူ့ဘက်သို့ မှန်လှည့်လိုက်သည်နှင့် နေရာရွှေ့ပြောင်း ရောက်ရှိသွားသည်။

ကောင်းကင်နတ်မင်းယွီက ကျောက်စိမ်းဆွဲသီး တစ်ခုကို စီရင်ဖန်တီးထားပြီး ခါးတွင် ချိတ်ဆွဲထား၏။ ခပ်သာသာ တစ်ချက် ပုတ်လိုက်သည်နှင့် ကျောက်စိမ်းဆွဲသီးမှ အလင်းရောင်များ ဖြာထွက်၍ အဝေးသို့ ရောက်ရှိသွားသည်။

သူတို့သုံးယောက်က နေရာရွှေ့ပြောင်းပညာရပ်ကို အချိန် အတော်ကြာအောင် စိတ်နှစ် လေ့လာခဲ့သူများဖြစ်ပြီး နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းကို လေ့ကျင့်နိုင်ခြင်း မရှိသေးသော်လည်း ယခုမှ တတ်မြောက်ခါစ ဂိုဏ်းသခင်လေးထက်တော့ သူတို့၏ အဆောင်ရတနာများကို ပိုမို လွယ်ကူလျင်မြန်စွာ ထိန်းချုပ်နိုင်လေသည်။

ကောင်းကင်နတ်မင်းသုံးပါးက ဤပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်သူများ ဖြစ်သဖြင့် ချင်မူ မည်သည့်နေရာသို့ ပြောင်းရွှေ့သွားတော့မည်ကို တွက်ဆနိုင်၏။ သို့ဖြစ်၍ ထိုနေရာသို့ အပြေးသွား၍ ကြားဖြတ်တားရန် ပြင်လိုက်သည်။ သို့သော်လည်း မျက်တောင်တစ်ခတ်စာမျှ နောက်ကျသွားပြီး လေဟာနယ်ထဲသို့ နင်းမိ၍ ငါးကြည့်ကန်ထဲသို့ အတူတူ ပြုတ်ကျသွား၏။

ကန်ထဲမှ ငါးနဂါးများက ရန်လိုကြမ်းကြုတ်ပြီး ချင်မူ ကျလာသည်နှင့် ပါးစပ်များကို ဖြဲဟ ဆီးကြိုနေကြသည်။ သို့သော်လည်း အချည်းနှီးသာ ဖြစ်သွား၏။ ထို့နောက်တွင် ကောင်းကင်နတ်မင်းသုံးပါးက သူတို့၏ ဆာလောင်မွတ်သိပ်မှုကို ဖြေဖျောက်ရန် နေရာရွှေ့ပြောင်း ရောက်ရှိလာကြသည်။

ကောင်းကင်နတ်မင်းသုံးပါး၏ ခန္ဓာကိုယ်များက နောက်တစ်ကြိမ် ထပ်မံ ပျောက်ကွယ်သွားပြီး ငါးနဂါးများမှာ လေထုကိုသာ ကိုက်မိ၍ လွှသွားကဲ့သို့ ချွန်ထက်သော သွားအချင်းချင်း ထိတိုက်ကာ မီးပွင့်သွား၏။

ငါးနဂါးများက ခေါင်းတခါခါနှင့် မကျေမနပ် ကူးခပ် ထွက်သွားကြသည်။

ကောင်းကင်နတ်မင်းသုံးပါး၏ ခန္ဓာကိုယ်များမှာ လေထဲတွင် ပေါ်ထွက်လာပြီး ရွှေချည်ထိုးဝတ်စုံကို ပင့်မြှောက်နေသာ ချင်မူ့ကို လှမ်းဆွဲလိုက်ကြ၏။ သူတို့လက်များ ဖမ်းဆုပ်မိတော့မည့်ဆဲဆဲတွင် ချင်မူက ခြေတစ်လှမ်း ပိုမြန်သွားသဖြင့် လေထုကိုသာ ဖမ်းမိသွားသည်။

“ဂိုဏ်းချုပ် မသွားခင်က ဂိုဏ်းသခင်လေးရဲ့ ဖျက်ဆီးတတ်တဲ့ ဝါသနာအကြောင်း ငါတို့ကို သတိပေးခဲ့တာ၊ သူ့ကို မိအောင် မဖမ်းနိုင်ရင်တော့…”

All Chapters