← Chapters

ကျင့်စဉ်များပေါင်းစည်းခြင်း

Vol. 13 Ch. 170

ကျင့်စဉ်များပေါင်းစည်းခြင်း

Vol. 13 Ch. 170

သူတို့ သုံးယောက်သား နေရာရွှေ့ပြောင်း အဆောင်ရတနာများကို ထပ်မံ အသက်သွင်းလိုက်ကြ၏။ တဒုတ်ဒုတ် အသံသုံးသံ ကြားလိုက်ရပြီး  မျက်စိရှေ့မှ မြင်ကွင်းများ အားလုံး မည်းမှောင်သွားသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ကြပ်တည်းစွာ ချုပ်နှောင်ခံထားရပြီး တစ်စုံတစ်ခု မှားယွင်းနေပြီ ဖြစ်ကြောင်း သိလိုက်၏။ သူတို့၏ ချီစွမ်းအင်များဖြင့် ခန္ဓာကိုယ်ပတ်လည်မှ အရာကို ဖောက်ခွဲဖျက်ဆီး ပစ်လိုက်သည်။ ထိုအခါမှ ချင်မူ့နောက်လိုက်ရင်း သူတို့ကိုယ်သူတို့ သစ်ပင်ကြီးများ၏ ပင်စည်အတွင်း နေရာ ရွှေ့ပြောင်း ပို့ဆောင်မိကြောင်း သိရှိသွားကြ၏။

“နတ်ဂိုဏ်းသခင် ဘယ်ရောက်သွားတာလဲ…” ကောင်းကင်နတ်မင်းရှီက မေးလိုက်သည်။

ထိုသို့ ပြောလိုက်စဉ်မှာပင် ချင်မူ၏ ခေါင်းက လူနှစ်ဖက်စာရှိသော သစ်ပင်ကြီးတစ်ပင်၏ ပင်စည်မှ ထိုးထွက်နေကြာင်း တွေ့လိုက်ရ၏။ သူ့ခန္ဓာကိုယ်က ပင်စည်ထဲတွင် ပိတ်မိနေပြီး ရုန်းထွက်နိုင်ခြင်း မရှိပေ။

ထိုသစ်ပင်က သာဂူပင် ဖြစ်ပြီး သူ့အသားက သာမန် သတ္ထုများထက်ပင် မာကျော၏။

ကောင်းကင်နတ်မင်းလုက စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်လိုက်သည်။ “ဂိုဏ်းသခင်၊ ပြေးဦးလေ၊ ဘာလို့ ဆက်မပြေးတော့တာလဲ…”

“ကောင်းကင်နတ်မင်းသုံးပါး၊ ခင်ဗျားတို့အားလုံး ဒီမှာ ရှိနေသေးတာလား…”

ချင်မူက ရှက်ရွံ့စွာ ပြန်ဖြေလိုက်၏။ “ကျွန်တော့် ချီစွမ်းအင် ကုန်သွားလို့ ဒီသာဂူပင်ထဲမှာ ပိတ်မိပြီး နေရာရွှေ့ပြောင်းဝတ်စုံကို မမြှောက်နိုင်တော့တာ… ကောင်းကင်နတ်မင်းသုံးပါး၊ ကျွန်တော့်ကို ကူညီပါဦး…”

ကောင်းကင်နတ်မင်းသုံးပါးမှာ ရယ်ရမည်လား၊ ငိုရမမည်လား မသိ ဖြစ်သွားသည်။ ကောင်းကင်နတ်မင်းရှီက သာဂူပင်ကို ခုတ်၍ ချင်မူ့ကို ကယ်ဆယ်လိုက်၏။ “ဂိုဏ်းသခင်က ကျွန်တော်တို့ ကောင်းကင်နတ်ဂိုဏ်းရဲ့ နတ်ဂိုဏ်းသခင် ဖြစ်နေပြီ၊ ဘာပဲပြောပြော မြင့်မားတဲ့ အဆင့်အတန်း တစ်ခုမှာ ရှိနေတာ မဟုတ်လား… ဒီတန်ခိုးရှင်သက်ဆင်းတောင်မှာ လျှောက်ဆော့နေလို့ မဖြစ်တော့ဘူးလေ… တန်ခိုးရှင်သက်ဆင်းတောင်ပေါ်မှာ ရှိတဲ့ အဆောက်အဦတွေ အားလုံးက သမိုင်းဝင်နေရာတွေ၊ သူ့အဓိပ္ပာယ်နဲ့သူ ရှိတယ်…”

ကောင်းကင်နတ်မင်းလုက ပြောလိုက်၏။ “ဂိုဏ်းသခင်က ကလေး မဟုတ်တော့ဘူးလေ…”

သူ ထိုသို့ ပြောပြီးမှ တစ်ခုခု မှားသွားသလို ခံစားလိုက်မိ၏။ ဤဂိုဏ်းသခင်လေးက ကလေးတစ်ယောက်သာ ရှိသေးသည် မဟုတ်လား။

ချင်မူက အသက်ဆယ့်ငါးနှစ်ပင် မပြည့်သေးဘဲ သူတို့ထက် အဆများစွာ ငယ်ရွယ်၏။

ကောင်းကင်နတ်မင်းလုက တီးတိုးရေရွတ်လိုက်သည်။ “ကျွန်တော် နတ်ဂိုဏ်းသခင် အရွယ်တုန်းက ရွှံ့ထဲမှာ လူးလှိမ့်…၊ မှားလို့ စပါးရိတ်ကူနေပြီ ပြောတာ… ဒါပေမဲ့ နတ်ဂိုဏ်းသခင်လေး၊ နေရာရွှေ့ပြောင်း ပညာရပ်က အတော်လေး အန္တရာယ်များတယ်၊ သတိမထားမိဘဲ ကန့်သတ်နေရာ တစ်ခုခုကို နေရာရွှေ့ပြောင်းလိုက်မိရင် နတ်ဘုရားတွေတောင် ကယ်နိုင်မှာ မဟုတ်ဘူး… ကျွန်တော်တို့ တန်ခိုးရှင်သက်ဆင်းတောင်မှာ ကန့်သတ်နေရာတွေ အများကြီး ရှိတယ်…”

ချင်မူ ကျောစိမ့်သွား၏။ သူသာ ကန့်သတ်နေရာ တစ်ခုခုသို့ နေရာရွှေ့ပြောင်းမိလျှင် မရှုမလှ သေပွဲဝင်သွားရပေလိမ့်မည်။

“ဂိုဏ်းသခင်၊ နေရာရွှေ့ပြောင်း အဆောင်ရတနာက သွားမဲ့နေရာကို ဆုံးဖြတ်ဖို့ လိုတယ်၊ အရေးအကြီးဆုံးက အဲနေရာကို အတိအကျ တွက်ချက်ဖို့ လိုတယ်…”

ကောင်းကင်နတ်မင်းသုံးပါးမှာ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်၍ သူတို့ရင်ထဲမှ အံ့အားသင့်မှုများကို ချိုးနှိမ်၍ ပြောလိုက်၏။ “ဂိုဏ်းသခင်က နေရာရွှေ့ပြောင်း အဆောင်ရတနာကို စီရင်ဖန်တီးပြီးသွားပေမဲ့ ပြောင်းရွှေ့မဲ့ နေရာကို ဘယ်လို တွက်ချက်ရမလဲဆိုတာ မကျွမ်းကျင်သေးဘူး… ဒါမျိုးက သိပ်ကို အန္တရာယ်များတယ်… နေရာရွှေ့ပြောင်းဖို့ဆိုရင် အရင် ကိုယ်ဘယ်နေရာမှာ ရှိနေတယ် ဆိုတာနဲ့ ဘယ်နေရာကို သွားချင်တယ်ဆိုတာ တွက်ချက် သတ်မှတ်ရမယ်… သွားချင်တဲ့ နေရာကို ရောက်ခါနီးရင် ချီစွမ်းအင်ကို ချက်ချင်း ပြန်ရုပ်သိမ်းရတယ်၊ မဟုတ်ရင် တစ်ခုခုနဲ့ ဝင်ဆောင့်လိမ့်မယ်… ပြီးတော့ ပထမဆုံး စပြီး စမ်းသပ်ရင် အဝေးကြီး မသွားနဲ့၊ နီးနီးနားနားပဲ စမ်းသပ်ကြည့်ရတယ်… အနီးအနားကို နေရာရွှေ့ပြောင်းရင် ကြိုက်တဲ့အချိန်မှာ ရပ်ပစ်လိုက်ဖို့ အဆင်ပြေတယ်…”

ချင်မူ၏ မျက်လုံးများ အရောင်တောက်သွားသည်။ “ထပ်စမ်းကြည့်လိုက်မယ်…”

ကောင်းကင်နတ်မင်းသုံးပါး၏ မျက်နှာထက်တွင် စိုးရိမ်သည့် အရိပ်အယောင်များ ပျံ့နှံ့သွား၏။

ကောင်းကင်နတ်မင်းယွီက အလျင်အမြန် ပြောလိုက်သည်။ “ဂိုဏ်းသခင်ရဲ့ ချီစွမ်းအင် ပြန်မပြည့်သေးတာ ဆိုတော့ အလျင်စလို လုပ်ဖို့ မလိုပါဘူး… ပြီးတော့ ဂိုဏ်းသခင်ကို ဒီနေရာမှာ နေခိုင်းခဲ့တဲ့ ဂိုဏ်းချုပ်ရဲ့ ရည်ရွယ်ချက်က နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းကို လေ့လာဖို့သက်သက် မဟုတ်ပါဘူး… ပေါင်းစည်းကျင့်စဉ်ကို လေ့လာဖို့ ဂိုဏ်းသခင်ရဲ့ စိတ်နှလုံးကို တည်ငြိမ်စေချင်တာပါ… တန်ခိုးရှင်သက်ဆင်းတောင်က အတော်လေး ဆိတ်ငြိမ်အေးချမ်းပြီး ပြင်ပလောကရဲ့ ဆူညံသံတွေ မရှိပါဘူး… ဒီနေရာက ထွက်သွားရင် ပေါင်းစည်းကျင့်စဉ်ကို အပြည့်အဝ နားလည်သဘောပေါက်ဖို့ တစ်နှစ်၊ နှစ်နှစ်လောက် အချိန်ယူနေရပါလိမ့်မယ်…”

ချင်မူ၏ ရင်ထဲတွင် အလင်းပွင့်သွားသည်။

ဂိုဏ်းချုပ် သူ့ကို နေခဲ့ခိုင်းသည်မှာ အမှန်တကယ်ပင် ရည်ရွယ်ချက် ရှိ၏။

ပြီးခဲ့သည့် နှစ်ရက်လုံး နေရာရွှေ့ပြောင်းဝတ်စုံ စီရင်ဖန်တီး၍ ဤနေရာမှ ထွက်သွားရန်သာ တွေးနေခဲ့မိသည်။ ဂိုဏ်းချုပ်၏ ရည်ရွယ်ချက် အစစ်အမှန်ကို မမြင်မိခဲ့ပေ။

“ကျွန်တော် စိတ်လောအားကြီးသွားတယ်…”

ချင်မူက တည်ငြိမ်စွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။ “လမ်းမှန် ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကောင်းကင်နတ်မင်းသုံးပါး…”

“မခံယူဝံ့ပါဘူး…”

ကောင်းကင်နတ်မင်း သုံးပါးက ကမန်းကတန်း ပြန်ခွန်းတုံ့ပြန်လိုက်သည်။

ကောင်းကင်နတ်မင်းရှီက ပြောလိုက်၏။ “ဂိုဏ်းသခင်က ထူးချွန်တဲ့ ဉာဏ်ပညာ ရှိတာဆိုတော့ ဒီနေရာမှာ ရက်နည်းနည်းလောက် ထပ်နေလိုက်ရင် အကျိုးကျေးဇူး ကြီးကြီးမားမား ရမှာ သေချာပါတယ်…”

ချင်မူက သူ့စိတ်သူ တည်ငြိမ်အောင် ထိန်း၍ အမြဲစိမ်း ထင်းရှူးပင်ကြီးထံသို့ လျှောက်သွားလိုက်သည်။ ထို့နောက် အပင်အောက်ရှိ ကျောက်တုံးပေါ်တွင် ထိုင်၍ သစ်ခုတ်သမား လက်ဆင့်ကမ်းခဲ့သော ပညာရပ်များကို အပတ်တကုတ် ကြိုးစား လေ့လာတော့သည်။

ကောင်းကင်နတ်မင်းသုံးပါးမှာ သက်ပြင်းချလိုက်မိကြ၏။ ကောင်းကင်နတ်မင်းရှီက တီးတိုးရေရွတ်လိုက်သည်။ “ဂိုဏ်းချုပ်က ဂိုဏ်းသခင်ကို သူ့ရဲ့ အကျင့်စရိုက် ပြင်အောင် တန်ခိုးရှင်သက်ဆင်းတောင်ပေါ်မှာ နေခဲ့ခိုင်းတာ… ဂိုဏ်းသခင်က တကယ့်ကို ခေါင်းမာပြီး ဇွတ်တရွတ်နိုင်တာပဲ… ဂိုဏ်းချုပ်အနေနဲ့ နေရာရွှေ့ပြောင်း ပညာကို ဂိုဏ်းသခင် ဒီလောက် မြန်မြန် လေ့ကျင့်နိုင်လိမ့်မယ်လို့ ထင်မထားလောက်ဘူး၊ ဟုတ်တယ် မဟုတ်လား…”

အခြားကောင်းကင်နတ်မင်း၏ မျက်နှာမှာ တစ်မျိုးတစ်မည် ဖြစ်သွား၏။ လူငယ်ဂိုဏ်းချုပ်၏ အကြံအစည်က ကောင်းမွန်သော်လည်း သူ ထွက်သွားပြီး မကြာမီတွင်ပင် နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းကို ယခုချက်ချင်း လေ့ကျင့်ရန် မဖြစ်နိုင်သေးဘဲ အက္ခရာသင်္ချာတွင် ကျွမ်းကျင်ရန် လိုသေးကြောင်း ချင်မူ သဘောပေါက်သွားမည်ဟု မည်သူများ ထင်ခဲ့မိလိမ့်မည်နည်း။

ပိုဆိုးသည်မှာ ချင်မူက နေရာရွှေ့ပြောင်း အဆောင်ရတနာကို အရင် စီရင်ဖန်တီး၍ ရကြောင်း ချက်ချင်း သဘောပေါက်သွားသည်။

ဒုတိယမြောက်နေ့တွင် နေရာရွှေ့ပြောင်း ဝတ်စုံတစ်ခုနှင့် ထွက်လာပြီး ဟိုခုန်ဒီခုန် ခုန်ကူး၍ ကောင်းကင်နတ်မင်းသုံးပါးကို နှိပ်စက်နေပြီ ဖြစ်၏။

ကောင်းကင်နတ်မင်းလုက ခေါင်းခါယမ်းလိုက်သည်။ “ဂိုဏ်းချုပ်က ဉာဏ်ပညာ ဒီလောက် ကြီးမားတာကို၊ ဘယ်လိုလုပ် မတွေးမိဘဲ နေမှာလဲ… ဒီလို အဖြစ်မျိုး မျှော်လင့်ထားလို့ ငါတို့ သုံးယောက်ကို ဒီနေရာမှာ စောင့်ခိုင်းခဲ့တာ နေမယ်…”

တစ်ခဏ ကြာပြီးသောအခါ ကောင်းကင်နတ်မင်းသုံးပါး တစ်ပြိုက်နက် သက်ပြင်းချလိုက်မိကြသည်။ “ဂိုဏ်းချုပ်က အဲဒီလို မမျှော်လင့်ထားခဲ့လောက်ဘူး…”

ကောင်းကင်နတ်မင်းသုံးပါး၏ ရင်ထဲတွင် စိုးရိမ်စိတ်များ ကြီးထွားလာ၏။ ဤနတ်ဂိုဏ်းသခင်က အလွန်တရာ ဇွတ်တရွတ်နိုင်သော်လည်း လွန်စွာ ဉာဏ်ကောင်းလှ၏။ သူတို့အနေဖြင့် သူ၏ စိတ်နေစိတ်ထား၊ အကျင့်စရိုက်ကို ချိုးနှိမ်နိုင်လိမ့်မည် မဟုတ်ချေ။

ချင်မူ၏ ဉာဏ်ရည်နှင့်ဆိုလျှင် နောက်ထပ် အကြိမ်အနည်းငယ် လေ့ကျင့်ရုံဖြင့် နေရာရွှေ့ပြောင်း ပညာကို ကျွမ်းကျင်ပိုင်နိုင်သွားမည် ဖြစ်သည်။ ထိုအခါ သူ၏ ဇွတ်တရွတ်နိုင်သော စိတ်ထားကို မည်သို့ ချိုးနှိမ်နိုင်ပါတော့မည်နည်း။

တစ်ခဏ ကြာပြီးသောအခါ ကောင်းကင်နတ်မင်းယွီက ပြုံးလိုက်၏။ “ငါတို့က အဖြေမရှိတဲ့ ပုစ္ဆာကို အချိန်ကုန်ခံနေမိပြီနဲ့ တူတယ်…”

အခြား ကောင်းကင်နတ်မင်း နှစ်ပါးက သူ့ကို ကြည့်လိုက်၏။ ကောင်းကင်နတ်မင်းယွီက ပြုံး၍ ပြောလိုက်သည်။ “နတ်ဂိုဏ်းသခင်က သိပ်ကို ဉာဏ်ကောင်းလွန်းတာ ဆိုတော့ သူ စိတ်ကြိုက် ဆော့ကစားချင်တယ် ဆိုရင် စိတ်ကြိုက် ဆော့ကစားပစေ… ဇွတ်တရွတ်နိုင်တဲ့ စိတ်ထား ရှိတယ်ဆိုရင် ဇွတ်တရွတ်နိုင်ပစေ… ကျန်တာတွေ ဂရုစိုက်မနေနဲ၊ သူ လုပ်ထားတဲ့ အရှုပ်ထုပ်တွေကို ရှင်းဖို့ပဲ အာရုံစိုက်ကြတာပေါ့… သူ့အရှုပ်ထုပ်တွေကို ပြေလည်အောင် ဖြေရှင်းပေးဖို့က ငါတို့ လုပ်ရမဲ့ ကိစ္စပဲ မဟုတ်လား…”

ကောင်းကင်နတ်မင်းရှီက ပြောလိုက်သည်။ “အဲဒီလိုပဲ ငါတို့ လုပ်နိုင်တော့မှာပေါ့… ဘာပဲပြောပြော ဂိုဏ်းသခင် ဆက်မွှေနေဦးမယ်ဆိုရင်တော့ တန်ခိုးရှင်သက်ဆင်းတောင်ပေါ်က ဆင်းပြီး နန်းတွင်းကောလိပ်ကို ပြန်နှိပ်စက်ခိုင်းတာ ပိုကောင်းမယ် ထင်တယ်…”

ကောင်းကင်နတ်မင်းသုံးပါးမှာ ဇာမဏီသက်ဆင်းစံအိမ်သို့ သွား၍ ကျောက်ဆစ်သမား၊ ပန်းရန်သမားများ လုပ်ကာ ပြန်လည် ပြုပြင်လိုက်ကြသည်။ ထို့နောက် မင်းမြတ်သုံးပါးခန်းမ၏ ခေါင်းမိုးကို ပြင်လိုက်၏။

ကောင်းကင်နတ်မင်းလုက တောင်ပေါ်မှ ဆင်းသွားပြီး နောက်နှစ်ရက်နေသောအခါ စာပေစံအိမ်သခင်ကို ခေါ်လာ၍ ဇာမဏီသက်ဆင်းစံအိမ် နံရံ၌ ဇာမဏီငှက် နားခိုခဲ့သည့် မှတ်တမ်းကို ပြန်လည် ရေးထိုးစေလိုက်သည်။

အရာအားလုံး ရှင်းလင်း ပြီးစီးသွားသောအခါ ကောင်းကင်နတ်မင်းသုံးပါး သက်ပြင်းချ၍ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြ၏။ “နတ်ဂိုဏ်းသခင်ရဲ့ ဉာဏ်ရည်နဲ့ ဒီတစ်ခေါက် ဈာန်ဝင်စားသွားတာ ငါတို့အတွက် နှစ်တစ်ဝက်လောက်တော့ စိတ်အေးရမှာပါ၊ ဟုတ်တယ် မဟုတ်လား…”

“နတ်ဂိုဏ်းသခင်ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းနဲ့ဆို အဲလောက် အခွင့်အရေး ရဖို့ ခဲယဉ်းလိမ့်မယ်…”

အမြဲစိမ်း ထင်းရှူးပင်အောက်ရှိ တန်ခိုးရှင်ကျောက်တုံးပေါ်တွင် ချင်မူ ထိုင်နေသည်မှာ ရက်အနည်းငယ် ရှိသွားပြီ ဖြစ်သည်။ သူ ရေငတ်သောအခါ မြေခွေးလေးက ပြေးထွက်သွားပြီး မည်သည့်နေရာကမှန်း မသိသည့် သစ်သီးများ ခူးယူလာပေးကာ နှစ်ယောက်သား သစ်သီးများ အတူစားသောက်ကြ၏။

ချင်မူမှာ ဆယ်ရက်ခန့် လေ့လာပြီး သစ်ခုတ်သမား သင်ကြားပို့ချခဲ့သည်များကို ဆယ်ကြိမ်ထက်မနည်း နားထောင်ခဲ့သော်လည်း ပေါင်းစည်းကျင့်စဉ်ကို နားလည်သဘောပေါက်ရန် သူ့အတွက် ခက်ခဲနေသေးကြောင်း ခံစားမိသဖြင့် စိတ်မရှည် ဖြစ်လာသည်။

“ဒီနေ့တော့ အသီးတွေ မစားတော့ဘူး… နေ့တိုင်း သစ်သီးတွေပဲ စားရတာ လျှာတွေ ထူလာပြီ…”

ချင်မူက တန်ခိုးရှင်ကျောက်တုံးပေါ်မှ ထရပ်၍ ဟူလင်းအာကို မေးလိုက်သည်။ “ငါတို့ ဒီနေ့ အသားစားရအောင်… လင်းအာ တောင်ပေါ်မှာ တခြား ဘာစားစရာတွေ ရှိသေးလဲ…”

ဟူလင်းအာမှာ ဝမ်းသာသွား၏။ “တောင်ပေါ်မှာ ကတိုးကောင်တွေ ရှိတယ်… အဲဒီကတိုးအုပ်ကို ဖမ်းချင်လို့ လက်ယားနေတာ ကြာပြီ၊ ဒါပေမဲ့ ဒါက တန်ခိုးရှင်သက်ဆင်းတောင် ဆိုတော့ အမှားအယွင်း ဖြစ်မှာစိုးလို့ ငြိမ်နေရတာ…”

ချင်မူ ဝမ်းသာသွားသည်။ “တစ်ကောင်လောက် သွားဖမ်းကြစို့…”

များစွာမကြာလိုက်ဘဲ လူတစ်ယောက်နှင့် မြေခွေးတစ်ကောင် ကတိုးကောင် အသားကို မီးကင်နေကြ၏။ ဟူလင်းအာက သူ၏ အိတ်ကလေးထဲမှ ဟင်းခပ်အမွှေးအကြိုင်များ ထုတ်ယူပြီး အသားကင်ပေါ်တွင် ဖြူးလိုက်သည်။ မွှေးပျံ့သော ရနံ့များက သွားရည်ယိုချင်စရာ ထွက်ပေါ်လာ၏။

သူတို့ နှစ်ယောက် ငတ်ပြတ်နေသည်မှာ ကြာပြီ ဖြစ်၍ ကတိုးကောင် တစ်ကောင်လုံး ပြောင်စင်အောင် စားပစ်လိုက်ကြသည်။ ဟူလင်းအာက မြေပြင်တွင် ကျောဆန့်၍ ဖောင်းကားနေသော ဗိုက်ပူပူလေးကို ပွတ်ကာ အားရကျေနပ်သွား၏။ ချင်မူလည်း ဗိုက်ဝသွားပြီ ဖြစ်သဖြင့် ထရပ်၍ လမ်းလျှောက်ရင်း အစာ မြန်မြန်ကြေအောင် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လေ့ကျင့်လိုက်သည်။

သူ့ခြေလှမ်းများက မြန်သည်ထက် မြန်လာပြီး မသိလိုက် မသိဖာသာဖြင့် ဒုက္ခိတဘိုးဘွားကျေးရွာတွင် လေ့ကျင့်သကဲ့သို့ စတင် လေ့ကျင့်လိုက်မိ၏။ ရုတ်တရက် မိုးကြိုးရှစ်ချက် လက်သီးသိုင်းကို ထုတ်ဖော်ကစားလိုက်ပြီး လက်သီးချက်၊ လက်ဝါးချက်တိုင်းက လေထုကို တုန်ခါပေါက်ကွဲစေ၍ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

ထို့နောက် လက်သီးဆုပ်ကို တူသဖွယ် သဘောထား၍ ရွှေအ၏ တူသိုင်းဖြင့် လေထဲတွင် ထုနှက်လိုက်၏။ ဘီလူးကြီး တစ်ကောင်က ဗုံကြီးတစ်လုံးကို ထုနှက်တီးခတ်နေသကဲ့သို့ တဘုန်းဘုန်း မြည်သံများနှင့်အတူ တောအုပ်အတွင်းရှိ သစ်ပင်များအားလုံး ယိမ်းထိုးလှုပ်ခါသွားသည်။

ချင်မူ၏ လှုပ်ရှားမှုများက ထပ်မံ ပြောင်းလဲသွားပြီး ခြေသိုင်းကို ထုတ်ဖော်ကစားလိုက်သည်။ ထို့နောက် လှံသိုင်း၊ ပြီးသည့်အခါ ဓားသိုင်း၊ ထိုမှတစ်ဆင့် ဓားမသိုင်းသို့ ဆက်တိုက် ပြောင်းလဲသွား၏။

သူ၏ ပြေးနှုန်းက ပိုမြန်လာပြီး ချီစွမ်းအင်ကို စုတ်တံတစ်ချောင်းအဖြစ် စုစည်း၍ လေထုကို စက္ကူဖြူတစ်ချပ်သဖွယ် သဘောထားကာ စိတ်လွတ်ကိုယ်လွတ် ပန်းချီရေးဆွဲတော့သည်။

ရုတ်တရက် မိုးရေစက်များ ရွှေ့ပြောင်းခြင်း သိုင်းကွက်ကို ထုတ်ဖော်လိုက်၏။ မိုးရေစက်များက ဓားသွားများ၊ တူရိယာကြိုးမျှင်များသဖွယ် ကျဆင်းလာပြီး မိုးသံနှင့် ကြိုးတပ်တူရိယာသံ ရောယှက် ထွက်ပေါ်လာသည်။

ထို့နောက် မိုးကြိုးမီးလျှံ သိုင်းကွက်အဖြစ် ပြောင်းလဲလိုက်ပြီး မိုးခြိမ်းသံ တဂျိမ်းဂျိမ်း မြည်ဟည်း၍ မီးလုံးများ နေရာအနှံ့ ပေါက်ကွဲကျဆင်းလာ၏။

နောက်ထပ် မီးလုံးတစ်လုံးက ကောင်းကင်ယံသို့ တဖြည်းဖြည်းချင်း ထိုးတက်၍ နီရဲသည်ထက် နီရဲလာပြီး ဆည်းဆာနေမင်းကြီးသဖွယ် ဖြစ်လာသည်။ မီးလျှံဓားချီများက အရပ်မျက်နှာအနှံ့ ပြေးထွက်သွားပြီး ဆည်းဆာဓားသိုင်းကို ထုတ်ဖော်ကစားလိုက်၏။

သူ၏ ချီစွမ်းအင်က ပြောင်းလဲသွားပြီး တရှိန်ထိုး ပြေးလွှားနေသော ကျားဖြူတစ်ကောင် အသွင်ဆောင်၍ ကျောက်တုံးများကို လက်သည်းဖြင့် လွှဲယမ်းကုပ်ဆွဲလိုက်ရာ ဘေးနားမှ ကျောက်တုံးကြီးများ အပိုင်းပိုင်းအစစ ဖြစ်သွားသည်။

ထို့နောက် ဖန်ဆင်းစာသား ကျင့်စဉ်ခုနစ်မျိုးကို ထုတ်ဖော်လှည့်ပတ်လိုက်၏။ ဝိညာဉ် ဖန်ဆင်းကျင့်စဉ်ဖြင့် အသွင်သဏ္ဌာန်ကို ပြောင်းလဲ၏။ ကောင်းကင်နတ်ဘုရား ဖန်ဆင်းကျင့်စဉ်ဖြင့် ကျင့်စဉ်သိုင်းပညာကို ပြောင်းလဲ၏။ ကောင်းကင်နတ်ဆိုး ဖန်ဆင်းကျင့်စဉ်ဖြင့် ရုပ်သွင်ကို ပြောင်းလဲ၏။ လူသားဧကရာဇ် ဖန်ဆင်းကျင့်စဉ်ဖြင့် နဂါးအဖြစ် ပြောင်းလဲ၏။ တစ္ဆေ ဖန်ဆင်းကျင့်စဉ်ဖြင့် ယန်ဝိညာဉ်ကို ပြောင်းလဲ၏။ ကမ္ဘာမြေမှုန် ဖန်ဆင်းကျင့်စဉ်ဖြင့် ယင်ဝိညာဉ်ကို ပြောင်းလဲ၏။ ဖြစ်တည်မှုအကြို ဖန်ဆင်းကျင့်စဉ်ဖြင့် ဖြစ်တည်ခါစအသွင်ကို ပြောင်းလဲ၏။

ပြီးသောအခါ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာရှိ မှော်သိုင်း၊ လက်သီးသိုင်း၊ ဓားသိုင်း၊ ဓားမသိုင်း အားလုံးကို ထုတ်ဖော်ကစားလိုက်၏။

မသိလိုက်မသိဖာသာဖြင့် ဆန်းကြယ်သော အနေအထား တစ်ခုသို့ စီးဝင်နစ်မျောသွားပြီး သစ်ခုတ်သမား၏ အသံက သူ့ခေါင်းထဲတွင် ပေါ်တစ်လှည့် ပျောက်တစ်ခါ ထွက်ပေါ်လာသည်။ တစ်ခါတစ်ရံတွင် ထိုအသံက တိုးတိုးအုပ်အုပ် ဖြစ်၍ တစ်ခါတစ်ရံတွင် ရှင်းလင်းကျယ်လောင်ပြီး တစ်ခါတစ်ရံတွင် မပီဝိုးတဝါး ဖြစ်နေ၏။

အမျိုးမျိုးသော နက်နဲဆန်းကြယ်မှုများက သူ့စိတ်အလျဉ်ထဲ တိုးဝင်လာပြီး ပြည့်သိပ်လျှံထွက်၍ လက်များဆီသို့ စီးမျောထွက်ခွာကာ အံ့ဖွယ် သိုင်းကွက်များ ဖြစ်သွားသည်။

သူ့ရင်ထဲတွင် ပေါ့ပါးလွတ်လပ်၍ ရွှင်မြူးနေခြင်း တစ်ခုသာ ရှိတော့ပြီး သိုင်းကွက်များ အားလုံးကို စိတ်ရှိလက်ရှိ ထုတ်ဖော်ကစားပစ်၏။ မည်သည့် မှော်သိုင်းကွက်ဖြစ်စေ၊ ကောင်းကင်နတ်သိုင်းဖြစ်စေ၊ ဓားသိုင်းဖြစ်စေ စိတ်ထဲတွင် ပေါ်လာသည်နှင့် အစီအစဉ်၊ ရှေ့နောက် အထားအသို မည်သည်ကိုမျှ ထည့်မစဉ်းစားဘဲ ထုတ်ဖော် ခုတ်ထစ်ပစ်သည်။

သူ့စိတ်များ ရူးသွပ် ဖောက်ပြန်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ ကျင့်စဉ်က ချောချောမွေ့မွေ့ စီးဆင်းခြင်း မရှိလျှင် ပြောင်းလဲပစ်၏။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ် လှည့်ပတ်မှု ဖုထစ်နေလျှင် သဘာဝအတိုင်း အလိုက်သင့် စီးမျောစေ၍ ချီစွမ်းအင် စီးဆင်းရာ လမ်းကြောင်းကို ပြုပြင်ပစ်၏။

ရိုးရှင်းလွယ်ကူစွာ နေထိုင်၍ သဘာဝတရား၏ လမ်းပြရာနောက်သို့ လိုက်ရမည်။ ဤသည်က တာအိုပင် ဖြစ်၏။ ဤအခိုက်အတန့်၌ ထိုစာသား၏ အဓိပ္ပာယ်ကို နက်နက်နဲနဲ နားလည် သဘောပေါက်သွားသည်။

ရှေးလူကြီးသူမ ဘိုးဘေးများ မည်သည့်အရာကို ချန်ရစ်ခဲ့သည် ဖြစ်စေ၊ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာတွင် မည်သို့ ဆိုထားသည် ဖြစ်စေ၊ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်က မည်သို့ ကျင့်ကြံရသည် ဖြစ်စေ  သူ၏ ချီစွမ်းအင်ကို နည်းစနစ်ကျ၏၊ မကျ၏ မစဉ်းစားတော့ဘဲ သဘာဝအတိုင်း အလိုက်သင့် စီးမျောစေရုံသာ ထိန်းညှိ၍ အမျိုးမျိုးသော သိုင်းကွက်များ၊ ကောင်းကင်နတ်သိုင်းများကို ထုတ်ဖော်ကစားလိုက်၏။

ထိုသို့ စိတ်လွတ်လပ်လာလေလေ သစ်ခုတ်သမား၏ သင်ခန်းစာများကို ပိုနားလည်လာလေလေ ဖြစ်ပြီး ဆန်းကြယ်နက်နဲသော သဘောတရားများကို ပို၍ သိမြင်လာ၏။

ကောင်းကင်နတ်မင်းသုံးပါးမှာလည်း အံ့အားသင့်သွားပြီး အပြေးလာကြည့်ကြသည်။ တန်ခိုးရှင်သက်ဆင်းတောင်၏ တောအုပ်ထဲတွင် တစ်ချက်တစ်ချက် မီးပွင့်များ တဖွားဖွား လက်နေသည်ကိုသာ မြင်တွေ့ရ၏။ မိုးခြိမ်းသံများ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်ဟည်းနေပြီး မြေပြင်က တသိမ့်သိမ့် တုန်နေသည်။ လေထုက ဓားမရောင်များ၊ ဓားရိပ်များဖြင့် တုန်ခါနေပြီး တောအုပ်တစ်ခုလုံး အပိုင်းပိုင်းအစစ ပြိုလဲသွား၏။

ကောင်းကင်နတ်မင်းသုံးပါး၏ မျက်နှာများ အကြီးအကျယ် ပျက်ယွင်းသွားပြီး ကောင်းကင်နတ်မင်းရှီက ရုတ်တရက် အော်ဟစ်လိုက်သည်။ “မကောင်းတော့ဘူး၊ နတ်ဂိုဏ်းသခင်က အထွတ်အမြတ်သစ်ပင်ဆီ ပြေးသွားနေပြီ…”

အကြီးအကဲများမှာ တစ်မုဟုတ်ချင်း လေထဲ ခုန်တက်၍ အမြဲစိမ်း ထင်းရှူးပင်ရှေ့သို့ သက်ဆင်းလိုက်သော်လည်း ချင်မူက ရူးသွပ်သွားသူ တစ်ယောက်ကဲ့သို့ အမျိုးမျိုးသော သိုင်းကွက်များ၊ ကောင်းကင်နတ်သိုင်းများ စိတ်လွတ်ကိုယ်လွတ် ထုတ်ဖော်ကစားနေသည်ကိုသာ မြင်လိုက်ရ၏။ သူ၏ ချီစွမ်းအင်က နတ်ဘုရားများ၊ မိစ္ဆာနတ်ဆိုးများ၏ ပုံရိပ်များကိုပင် ဖော်ဆောင်လာပြီ ဖြစ်သည်။ သမာသမတ်လမ်းစဉ်၊ မိစ္ဆာလမ်းစဉ်၊ ဗုဒ္ဓလမ်းစဉ် မည်သည့် လမ်းစဉ်မှ သိုင်းကွက် ဖြစ်စေ ဂရုစိုက်မနေဘဲ သူ ထုတ်ဖော်ကစားပစ်၏။

ကျားဖြူဝိညာဉ်ခန္ဓာ၏ ကောင်းကင်နတ်သိုင်း၊ လိပ်နက်ဝိညာဉ်ခန္ဓာ၏ ခုခံမှုနည်းလမ်း၊ နဂါးစိမ်းဝိညာဉ်ခန္ဓာ၏ လေပွေမုန်တိုင်း၊ မီးငှက်ဝိညာဉ်ခန္ဓာ၏ မီးတောက်မီးလျှံများ မည်သည့်အရာကိုမဆို သူ့လက်ထဲတွင် စိတ်တိုင်းကျ ထုတ်ဖော်အသုံးပြုနေသဖြင့် ကောင်းကင်နတ်မင်းသုံးပါးမှာ မှင်တက် အံ့ဩမိသွားသည်။

“ပေါင်းစည်းကျင့်စဉ်…”

ကောင်းကင်နတ်မင်းရှီက ရေရွတ်လိုက်သည်။ “သူ နားလည် သဘောပေါက်သွားပြီ… သူ နားလည် သဘောပေါက်သွားပြီ…”

All Chapters