မြေခွေးအမြီး
Vol. 13 Ch. 171
မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ ပေါင်းစည်းကျင့်စဉ်အတွက် လိုအပ်ချက် တစ်ခုတည်းသာ ရှိ၏။ ထိုသည်မှာ ဖန်ဆင်းစာသား ကျင့်စဉ်ခုနစ်ရပ် အပါအဝင် မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာရှိ မှော်သိုင်း၊ ကောင်းကင်နတ်သိုင်း၊ ဓားသိုင်း၊ သိုင်းကွက်အသားပေး ပညာရပ်များ အားလုံးကို တစ်စုတစ်စည်းတည်း ပေါင်းစည်းနိုင်ရမည် ဖြစ်သည်။
ထိုသို့ လုပ်ဆောင်နိုင်မှသာ ပေါင်းစည်းကျင့်စဉ်ဟု ခေါ်ဆိုနိုင်၏။
ပြီးခဲ့သည့် ဂိုဏ်းသခင်များ သစ်ခုတ်သမား၏ သင်ခန်းစာကို လက်ဆင့်ကမ်း ရရှိသည့်အခါ သူတို့၏ ကိုယ်ပိုင် ပေါင်းစည်းကျင့်စဉ်ကို သူတို့ဖာသာ နားလည် သဘောပေါက်အောင် လေ့လာရ၏။ ထိုသို့ နားလည် သဘောပေါက်သည့် အခါမှသာ ဂိုဏ်းသခင်နေရာအတွက် စိတ်ချရပေမည်။
သို့မဟုတ်လျှင် ဂိုဏ်းသခင် သေဆုံးသည်ကို အလေးမထားသော ကောင်းကင်နတ်ဆိုးဂိုဏ်းကဲ့သို့ ဂိုဏ်းမျိုးတွင် ဂိုဏ်းသခင် အပြောင်းအလွှဲ ကိစ္စမှာ ထမင်းစားရေသောက် ဖြစ်လာပေလိမ့်မည်။
ကောင်းကင်နတ်ဆိုး ဂိုဏ်းသခင် ဖြစ်လာနိုင်သူများ အားလုံးမှာ ထူးချွန်ထက်မြက်သည့် ပါရမီရှင်များ ဖြစ်ကြသည်။ မိန်းမတစ်ယောက်၏ အလှတွင် နစ်မျောခဲ့ရသော ဂိုဏ်းသခင်လီပင် ပါရမီ အရည်အချင်း ကြီးမားသူတစ်ယောက် ဖြစ်၏။ ထိုသို့သာ မဟုတ်လျှင် ရွာလူကြီးနှင့် ရွှေအကဲ့သို့ ထိပ်သီးပညာရှင်များပင် ဖယ်ရှားနိုင်ခြင်း မရှိသော စိတ်နှလုံးမိစ္ဆာကို အဘွားစစ်၏ တာအိုနှလုံးသားထဲတွင် အဘယ်သို့ မျိုးစေ့ချနိုင်ခဲ့လိမ့်မည်နည်း။
သို့သော်လည်း ကောင်းကင်နတ်မင်းသုံးပါး အံ့အားသင့်မိသည်မှာ ပေါင်းစည်းကျင့်စဉ်ကို ချင်မူ နားလည် သဘောပေါက်သည့်နှုန်းက အတော်လေး မြန်လွန်းနေခြင်း ဖြစ်သည်။ ဆယ်ရက်ကျော်ခန့်သာ ရှိသေး၏။ ပေါင်းစည်းကျင့်စဉ်၏ လမ်းစပေါ်သို့ ရောက်ရှိသွားပြီး ကျင့်စဉ်သိုင်းကွက်အားလုံးကို သဟဇာတဖြစ်အောင် ပြုပြင် ပေါင်းစည်းနိုင်နေချေပြီ။
သူတို့ မသိသည်မှာ ချင်မူ၏ လောကသခင်ခန္ဓာ ချီစွမ်းအင်တွင် မည်သည့် ဓာတ်သတ္တိမျှ မရှိသည့်အပြင် မည်သည့် ချီစွမ်းအင်ဓာတ်ကိုမဆို ပြောင်းလဲနိုင်စွမ်း ရှိ၏။ ထို့ပြင် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်သည်လည်း မည်သည့် ဓာတ်သတ္တိမျှ မရှိဘဲ မည်သို့သော ချီစွမ်းအင်ဓာတ်ကိုမဆို ပြောင်းလဲနိုင်စွမ်း ရှိ၏။
ချင်မူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး ထိုအခြေခံအုတ်မြစ်ပေါ်တွင် မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှ အတွေးအခေါ် အယူအဆများ၊ သစ်ခုတ်သမား၏ သင်ခန်းစာမှ သဘောတရားများကို ထပ်ဆင့်၍ လိုတိုးပိုလျှော့ လုပ်ကာ သူ့ကိုယ်ပိုင် ပေါင်းစည်းကျင့်စဉ်ကို ရုပ်လုံးပေါ်အောင် ပုံဖော်ခဲ့ခြင်း ဖြစ်သည်။
ရိုးရှင်းလွယ်ကူစွာ နေထိုင်၍ သဘာဝတရား၏ လမ်းပြရာနောက်သို့ လိုက်ရမည်။ ဤစာသားကို သူ ထူးချွန်ပြောင်မြောက်စွာ ဖော်ဆောင်နိုင်ခဲ့၏။
သူ၏ ပေါင်းစည်းကျင့်စဉ်က လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုထားသော်လည်း လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်တွင် အကိုင်းအခက်၊ အရွက်များ မရှိချေ။ သို့ဖြစ်၍ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ ကျင့်စဉ်နည်းလမ်းက သူ့ပေါင်းစည်းကျင့်စဉ်၏ အကိုင်းအခက် ဖြစ်လာပြီး မှော်သိုင်း၊ ကောင်းကင်နတ်သိုင်း၊ ဓားသိုင်း၊ သိုင်းကွက်အသားပေး ပညာရပ်များက အရွက်များ ဖြစ်လာသည်။
ပင်စည်အကိုင်းအခက် စိမ်းလန်း ဝေဆာလာသည်နှင့် ကျင့်စဉ်သိုင်းကွက်များ အောင်မြင်ပြီးမြောက်၍ အရာအားလုံးက သဘဝာတရားအတိုင်း အလိုက်သင့် စီးမျောသွားပေလိမ့်မည်။
တစ်ခဏ ကြာပြီးသောအခါ ချင်မူက အမြဲစိမ်းထင်းရှူးပင်ထံသို့ တိုက်ခိုက်ခုတ်ထစ် တိုးဝင်လာသဖြင့် ကောင်းကင်နတ်မင်းသုံးပါး စိုးရိမ်ထိတ်လန့်သွားသည်။ သူတို့ သတိလက်လွတ် ဖြစ်သွားသည့် အချိန်၌ နတ်ဂိုဏ်း၏ ကိုယ်စားပြု ဤရှေးဟောင်းသစ်ပင်ကြီးမှာ ချင်မူ၏ ခုတ်ဖြတ်ခြင်း ခံရပေတော့မည်။
သူတို့ မျှော်လင့်ထားသည်နှင့် လွဲချော်သွား၏။ ချင်မူက အမြဲစိမ်းထင်းရှူးပင်ရှေ့ ရောက်သောအခါ ဆက်၍ မခုတ်ထစ်တော့ဘဲ ရပ်တန့်လိုက်သည်။ ထို့နောက် တန်ခိုးရှင်ကျောက်တုံးပေါ်တွင် တင်ပျဉ်ခွေထိုင်၍ ငြိမ်ကျသွား၏။
သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ချီစွမ်းအင်များ ရစ်သိုင်းလွှမ်းခြုံလာသည်။ သူ၏ ဝိညာဉ်သန္ဓေသားက လှုပ်ရှားလာပြီး ကြယ်တာရာ ငါးခု လှုပ်ခါသွား၏။ ဓာတ်ကြီးငါးပါးက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ဓာတ်ငါးပါးကြယ်တာရာ ငါးခုအပေါ် ကျရောက်သွားသည်။
သူ့မျက်လုံးများက နှာသီးထိပ်ဖျားကို ကြည့်၍ နှာသီးထိပ်ဖျားက နှလုံးသားကို ကြည့်၏။ သူ၏ ဝင်သက်ထွက်သက်က အဖြူရောင် အလင်းတန်း တစ်ခုကဲ့သို့ ဖြစ်ပြီး မျက်လုံးထဲတွင် ရွှေရောင်အလင်းများ လင်းလက်ကာ ငြိမ်သက်စွာ ထိုင်နေသည်။
ကောင်းကင်နတ်မင်းလုက တစ်စုံတစ်ခု ပြောတော့မည် ပြင်လိုက်စဉ် ကောင်းကင်နတ်မင်းရှီက နှုတ်ခမ်းပေါ် လက်ညှိုးကန့်လန့်ဖြတ် ပိတ်၍ တိတ်တိတ်နေရန် အချက်ပြပြီး အသံမထွက်အောင် ခြေဖျားထောက် ထွက်ခွာသွား၏။ ကောင်းကင်နတ်မင်းလုနှင့် ကောင်းကင်နတ်မင်းယွီတို့လည်း သူ့နောက်မှ ခပ်ဖွဖွ နင်းလျှောက်၍ တိတ်တဆိတ် လိုက်သွားကြသည်။
“ဒီမျိုးဆက် နတ်ဂိုဏ်းသခင်က တကယ့်ကို ထူးချွန်ထက်မြက်တာပဲ…”
ကောင်းကင်နတ်မင်းရှီက ဝေးဝေးသို့ လျှောက်သွားပြီးမှ ချင်မူရှိရာသို့ လှည့်ကြည့်၍ သက်ပြင်းချလိုက်သည်။ “ဂိုဏ်းချုပ်က တကယ့်ကို အမြင်စူးရှတာပဲ… ငါတို့ နတ်ဂိုဏ်းရဲ့ အနာဂတ်က သူ့အပေါ် မှီခိုရတော့မယ် ထင်တယ်… ဒီလို ပါရမီ အရည်အချင်းမျိုးနဲ့ နားလည် သဘောပေါက်နိုင်စွမ်းက အတော်လေး ရှားတယ်…”
“နှစ်ငါးရာမှာ တစ်ခါပေါ်တဲ့ ပါရမီရှင်နဲ့တော့ ယှဉ်လို့ မရသေးဘူး…”
ကောင်းကင်နတ်မင်းယွီက သက်ပြင်းချလိုက်သည်။ “ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံလို လူမျိုးက နှစ်ငါးရာမှာမှ တစ်ခါ တွေ့နိုင်တာ…”
ကောင်းကင်နတ်မင်းလုက တစ်တောင်လုံး ပြည့်နေသော အပျက်အစီးပုံများကို ကြည့်လိုက်သည်။ ထိုအရာများက ချင်မူ စဉ်းစားဆင်ခြင်ရင်း ပြေးလွှားတိုက်ခိုက်ခဲ့စဉ်၌ ရိုက်နှက်ချိုးဖျက်ခဲ့သော သစ်ပင်များ ဖြစ်၏။ တချို့ သစ်ပင်များက မြေပေါ်တွင် လဲပြို၍ တဖျစ်ဖျစ် လောင်ကျွမ်းဆဲ ရှိသည်။
“အတော်ရှားတယ် ဆိုတာက နှစ်ငါးရာမှာ တစ်ခါပဲ တွေ့ရတယ် ဆိုတာနဲ့ ဘယ်ယှဉ်လို့ ရမှာလဲ… နှစ်ငါးရာမှ တစ်ယောက်ပဲ တွေ့နိုင်တာ မဟုတ်လား… ငါတို့ရဲ့ ဒီဂိုဏ်းသခင်က အဖက်ဖက်မှာ တော်ပေမဲ့ ဂြိုဟ်မွှေတာလေး တစ်ခုပဲ…”
ထိုကောင်းကင်နတ်မင်းမှာ သက်ပြင်းမော ချလိုက်၏။ “ငါတို့ရဲ့ တန်ခိုးရှင်သက်ဆင်းတောင်က တာအိုဂိုဏ်းနဲ့ မဟာမိုးခြိမ်းသံကျောင်းတော် လာတိုက်မှပဲ ဒီလို အခြေအနေမျိုးရောက်အောင် ဖျက်ဆီးခံရတာ မဟုတ်လား…”
“ဆက်မပြောတော့နဲ့၊ ဘာပဲပြောပြော သူက ဂိုဏ်းချုပ် ရွေးချယ်ထားတဲ့ ဂိုဏ်းသခင် မဟုတ်လား… သူ ဘယ်လောက် ပြဿနာရှာရှာ ငါတို့ သည်းခံရမှာပဲ… မီးသွားငြှိမ်းကြစို့…”
ချင်မူက တန်ခိုးရှင်ကျောက်တုံးပေါ်တွင် နောက်ထပ် နေ့တစ်ဝက်ခန့် ဆက်ထိုင်နေပြီး ဆာလောင်မွတ်သိပ်မှုကြောင့် နိုးထလာ၏။ သူက ဟူလင်းအာကို ခေါ်ပြီး ကတိုးသမင်တစ်ကောင် လိုက်ဖမ်း၍ ကင်စားလိုက်သည်။ တစ်ဝက်ခန့် စားပြီးသောအခါ ဆက်စားချင်စိတ် မရှိတော့ပေ။
“သခင်လေး စားရတာ ငြီးငွေ့သွားပြီလား…”
မြေခွေးလေးက ပျင်းပျင်းရိရိနှင့် သွားကြားထိုးရင်း ပြောလိုက်သည်။ “ငါးကြည့်ကန်ထဲမှာ ငါးနဂါးတွေ ကျွန်မ တွေ့ထားတယ်… ဆူဆူဖြိုးဖြိုးနဲ့ အတော်လေး အရသာ ရှိမဲ့ပုံပဲ…”
“ငါလည်း တွေ့တယ်၊ တကယ် သွားရည်ယိုစရာကြီး…”
ချင်မူ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။ “အဲငါးတွေကို ငါ မနိုင်မှာပဲ စိုးရတယ်… ဒါပေမဲ့ ဘိုးဘိုးဆေးဆရာ ပြောသလို မနိုင်ရင် အဆိပ်ခပ်လို့ ရတာပဲ…”
ဟူလင်းအာက ဝမ်းသာအားရ ဟေးခနဲ အော်ရင်းတန်းလန်း၊ မည်းမှောင်သော မျက်နှာများနှင့် သူတို့နောက်တွင် ရပ်နေသည့် ကောင်းကင်နတ်မင်းသုံးပါးကို မြင်မိသဖြင့် ကမန်းကတန်း ပါးစပ်ပိတ်လိုက်၏။
ချင်မူ ထရပ်၍ ပြုံးပြလိုက်သည်။ “ကောင်းကင်နတ်မင်းကြီးတွေ ဘယ်အချိန်ကတည်းက ရောက်နေတာလဲ…”
“အခုလေးတင်ပါ… အခုလေးတင်ပါ…”
ကောင်းကင်နတ်မင်းရှီက ချိုမြသော မျက်နှာထားကို ဆင်မြန်းထား၏။ “နတ်ဂိုဏ်းသခင် အေးအေးဆေးဆေး စားပါ… ဒါနဲ့ ငါးကြည့်ကန်မှာ ရှိတဲ့ ငါးနဂါးတွေက တစ်ဆယ့်ခြောက်ဆက်မြောက် ဂိုဏ်းသခင် မွေးထားခဲ့တာ… တစ်ဆယ့်ခြောက်ဆက်မြောက် ဂိုဏ်းသခင်က ဒီရေကန်နားမှာ ဂိုဏ်းသားတပည့်တွေကို သင်ခန်းစာ ပို့ချရင်း ငါးတွေ မွေးခဲ့တာ… ငါးကနေ နဂါးဖြစ်လာနိုင်ကြောင်း တပည့်တွေကို လမ်းညွှန်ပြသခဲ့တယ်… အဲဒီအဖြစ်အပျက်က စံနမူနာ ယူစရာ သမိုင်းတစ်ရပ်အဖြစ် ကျန်ခဲ့ပြီး ဒီငါးတွေကို ထိန်းသိမ်းမွေးမြူခဲ့တာ… နတ်ဂိုဏ်းသခင် အားရင် အဲဒီကန်ကို သွားပြီး မတော်တဆ လွတ်သွားတဲ့ ငါးများ ရှိသလား ရေကြည့်ထားပါဦး…”
ချင်မူ၏ မျက်နှာ အနည်းငယ် နီရဲသွား၏။ ဤငါးနဂါးများက စား၍ မရဘူးတဲ့လား။
“ဂိုဏ်းသခင်၊ ကတိုးကောင်တွေက အရသာ ဘယ်လိုနေလဲ…” ကောင်းကင်နတ်မင်းလုက အပြုံးတစ်ခုနှင့် မေးလိုက်သည်။
“လာထိုင်စားလေ…” ချင်မူက ဖိတ်ခေါ်လိုက်၏။
ကောင်းကင်နတ်မင်းသုံးပါးက ဟန်ဆောင်မနေတော့ဘဲ ထိုင်ချ၍ ကတိုးသမင်သားကို ဝေခြမ်း စားသောက်လိုက်သည်။ ကောင်းကင်နတ်မင်းယွီက လက်ချောင်းမှ ဆီများကို စုပ်ရင်း ပြုံးလိုက်၏။ “အရသာ မဆိုးဘူးပဲ… ဒီကတိုးကောင်တွေက ပြီးခဲ့တဲ့ မျိုးဆက်ရဲ့ ကောင်းကင်နတ်မယ် မွေးထားတာမှန်းသာ မသိရင် အစောကြီးကတည်းက ဖမ်းစားပစ်တာ ကြာပြီ…”
“ဒီကောင်တွေက အဘွားစစ် မွေးထားတာလား…”
ချင်မူ၏ မျက်နှာ မည်းမှောင်သွားသည်။ ဤတန်ခိုးရှင်သက်ဆင်းတောင်ပေါ်တွင် မည်သည့် အရာကိုများ စား၍ ရပါသေးသနည်း။
ကောင်းကင်နတ်မင်းလုက လွှတ်ခနဲ ထွက်သွားသလို ပြောလိုက်သည်။ “ဂိုဏ်းသခင် ဖျက်ဆီးခဲ့တဲ့ တောအုပ်က တည်ထောင်သူ ဂိုဏ်းသခင် လက်ထက်ကတည်းက စိုက်ပျိုးခဲ့တာ… သာဂူပင်တွေက ဖြည်းဖြည်းချင်း ကြီးတဲ့ အမျိုးတွေဆိုတော့ ဒီလောက် လုံးပတ်အထူ ရောက်ဖို့ နှစ်ပေါင်းထောင်ချီ ကြာတယ်လေ…”
ချင်မူ ငြိမ်ငြိမ် မထိုင်နိုင် ဖြစ်သွား၏။ ထိုတောအုပ်က တစ်တောလုံးနီးပါး သူ ဖျက်ဆီးပစ်ခဲ့ပြီး တငွေ့ငွေ့ လောင်ကျွမ်းနေဆဲ ဖြစ်သော သာဂူပင် ငုတ်တို အချို့သာ ကျန်ခဲ့သည်။
“အထွတ်အမြတ်နှလုံးသား ခန်းမမှာ ရှိတဲ့ ပန်းခင်းထဲက အထွတ်အမြတ်နှလုံးသား ပန်းပွင့်ကိုလည်း ဘယ်သူ ခူးသွားမှန်း မသိဘူး…” ကောင်းကင်နတ်မင်းယွီက ပြုံး၍ ပြောလိုက်သည်။
ချင်မူ ဟူလင်းအာကို ကြည့်လိုက်၏။ ဟူလင်းအာက ကတိုးသမင် အရိုးကို ငုံ့ကြည့်နေသည်။ သူ၏ တစ်ချိန်လုံး အငြိမ်မနေသည့် အမြီးဖွာလေးက ထူးထူးခြားခြား မလှုပ်မယှက် ရှိနေ၏။
ကောင်းကင်နတ်မင်းရှီက ပြောလိုက်သည်။ “ထျန်းချွီနန်းဆောင်ရဲ့ ကျောက်စိမ်းမီးအိမ်ထဲက နှမ်းဆီတွေကိုလည်း ဘယ်သူ သောက်သွားမှန်း မသိဘူး…”
ဟူလင်းအာက သူ၏ အမြီးကို ချင်မူ ကြည့်နေမှန်း သိသဖြင့် တင်ပါးအောက် တိတ်တဆိတ် ဝှက်၍ ထိုင်လိုက်သည်။
ချင်မူက ချောင်းတစ်ချက် ဟန့်၍ ပြောလိုက်၏။ “လင်းအာ၊ နင့်အမြီးက ပေါ်နေတယ်…”
“ဘယ်မှာလဲ…”
မြေခွေးလေးက လွှတ်ခနဲ အော်လိုက်သည်။ “ကျွန်မ သေချာ ဖွက်ထားတာကို…”
ကောင်းကင်နတ်မင်းလုက မနှေးလွန်း မမြန်လွန်းသော လေသံဖြင့် ပြောလိုက်သည်။ “ဆေးဘုရင် ခန်းမရှေ့မှာ ရှေးကျတဲ့ ဆေးပင်ကြီး တစ်ပင် ရှိတယ်၊ အဲအပင်ပေါ်မှာ ပွင့်ဖတ်ကိုးခုရှိတဲ့ ကြေးနီရောင် လင်ဇီးမှိုတစ်ပင်ကြီး တစ်ပင် ပေါက်နေတာ… နဝမမြောက် ပွင့်ဖတ်က အကုန်နီးပါး အစားခံလိုက်ရတယ်… အဲဒီ လင်ဇီးမှိုက ရှေးဟောင်းဆေးပင်ရဲ့ အဆီအနှစ်တွေ စုပ်ယူပြီး ကြီးထွားလာတာမလို့ ဆေးစွမ်းအာနိသင် ထက်တယ်… သူ့ရဲ့ မျိုးစေ့မှုန်လေးတွေက အများကြီး ရှိပြီး လေထဲမှာ ပျံလွင့်နေတတ်တာ၊ အဒီ မျိုးစေ့မှုန်လေးတွေက တစ်ခါတစ်ခါ မျိုးပွားပြီး လင်ဇီးမှိုပွင့်သေးသေးလေးတွေ ပေါက်လာတတ်တယ်…”
မြေခွေးလေး၏ ခေါင်းပေါ်တွင် လင်ဇီးမှိုပွင့် သေးသေးလေး ပေါက်နေပြီး ကမန်းကတန်း လက်မြှောက်၍ ခေါင်းကုတ်ချင်ယောင်ဆောင်ပြီး တိတ်တခိုး ခူးယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။ မည်သူမျှ မသိလိုက်ဟု ထင်မိသော်လည်း မျက်လုံးလှန်ကြည့်လိုက်သောအခါ ချင်မူနှင့် ကောင်းကင်နတ်မင်းသုံးပါးက သူ့ကို စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။
ကောင်းကင်နတ်မင်းရှီက ပြောလိုက်၏။ “မျောလွင့်တိမ်တိုက်စံအိမ်ရဲ့ လိုက်ကာမှာ မြှုပ်ထားတဲ့ တိမ်ပုလဲတွေလည်း ပြုတ်ထွက်ကုန်တာလား မသိဘူး…”
ဟူလင်းအာမှာ ဂနာမငြိမ် ဖြစ်သွားပြီး နောက်ကျောမှ အိတ်ကလေးကို ဖြုတ်ယူ၍ ကမန်းကတန်း ပိုက်ထားလိုက်သည်။
ချင်မူ ချောင်းနှစ်ချက်ဟန့်၍ ထရပ်လိုက်၏။ “ကောင်းကင်နတ်မင်းသုံးပါး၊ ကျွန်တော် တန်ခိုးရှင်သက်ဆင်းတောင်ပေါ် ရောက်နေတာ အတော်ကြာသွားပြီ… ကျွန်တော်က နန်းတွင်းကောလိပ်ရဲ့ တော်ဝင်ကျောင်းတော်သားပဲ ရှိသေးတယ်ဆိုတာ အခုမှ အမှတ်ရမိတယ်၊ သင်ခန်းစာတွေ အတော်လွတ်သွားလောက်ပြီ… ဒီနေ့ပဲ တန်ခိုးရှင်သက်ဆင်းတောင်ပေါ်က ဆင်းပြီး ရွှေမြို့တော်ကို ပြန်လိုက်တော့မယ်…”
ကောင်းကင်နတ်မင်းသုံးပါးမှာ သက်ပြင်းချလိုက်ကြပြီး ကောင်းကင်နတ်မင်းရှီက ပြောလိုက်သည်။ “ပုံမှန်ဆိုရင်တော့ နတ်ဂိုဏ်းသခင်ကို ဒီနေရာမှာပဲ လေ့လာသင်ယူဖို့ ခေါ်ထားမလို့ပါ… ဒါပေမဲ့ ဂိုဏ်းသခင်ရဲ့ ပညာရေးက ပိုအရေးကြီးတာဆိုတော့ မတားတော့ပါဘူး…”
ကောင်းကင်နတ်မင်းယွီက ဖော်ဖော်ရွေရွေ ပြောလိုက်သည်။ “နတ်ဂိုဏ်းသခင်၊ တန်ခိုးရှင်သက်ဆင်းတောင်ဆိုတာ ဂိုဏ်းသခင်ရဲ့ အိမ်ပါပဲ… အဲတော့ ကိုယ့်ကိုယ်ကိုယ် သူစိမ်းလို သဘောမထားပါနဲ့၊ အိမ်ကို မကြာခဏ ပြန်လာခဲ့ပါ…”
“လာပါ့မယ်၊ လာပါ့မယ်…”
ချင်မူက နွေးနွေးထွေးထွေး ပြန်ပြောလိုက်သည်။ “နတ်ဂိုဏ်းသခင်တစ်ယောက်အနေနဲ့ မကြာမကြာ ပြန်လာရမှာပေါ့…”
“နတ်ဂိုဏ်းသခင်ကို ကျွန်တော်တို့ တောင်အောက် လိုက်ပို့ဖို့ လိုသေးလား မသိဘူး…”
“ရတယ်၊ ရတယ်… ကောင်းကင်နတ်မင်းသုံးပါး၊ ကျွန်တော့်ကို လိုက်ပို့ဖို့ မလိုဘူး…”
…။
“သခင်လေးကို ကောင်းကင်နတ်မင်းတွေက ပြစ်တင်ရှုတ်ချလိုက်တာနဲ့ တူတယ်နော်…” ဟူလင်းအာက အပြစ်ကင်းစင်သည့် အမူအရာဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
ချင်မူက သူ့ကို စိုက်ကြည့်လိုက်သဖြင့် မြေခွေးလေးမှာ သူ၏ အမြီးကို တိတ်တခိုး ထပ်ဝှက်လိုက်သည်။ ချင်မူ ပြောစရာစကား ရှာမရ ဖြစ်သွားပြီး ခေါင်းခါယမ်းလိုက်၏။ “နင်က နေရာအနှံ့ ပြဿနာ ရှာခဲ့ပေမဲ့ သေးသေးလေးတွေပါ… ငါ ရှာခဲ့တဲ့ ပြဿနာတွေက နင့်ထက် မနည်းတဲ့အပြင် အကြီးကြီးတွေ ဖြစ်နေတော့ မျက်နှာပြောင်ပြောင်နဲ့ ဆုံးမစကား မဆိုချင်တော့ဘူး… ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ သမိုင်းမှာ ဂိုဏ်းသခင်ကို သူ့လက်အောက်ငယ်သားတွေက ပြစ်တင်ရှုတ်ချတာ ဒါ ပထမဦးဆုံး ဖြစ်မယ်ထင်တယ်… ထားပါလေ၊ ငါလည်း ပေါင်းစည်းကျင့်စဉ်ကို အတော်လေး နားလည် သဘောပေါက်ခဲ့ပြီဆိုတော့ တောင်ပေါ်က ဆင်းကြစို့…”
ဟူလင်းအာက ခပ်သွက်သွက် ခေါင်းညိတ်လိုက်သည်။
ချင်မူ သုံးလေးကြိမ်ခန့် စမ်းသပ်ပြီးနောက် နေရာရွှေ့ပြောင်းဝတ်စုံကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ပြီဟု ခံစားမိလိုက်၏။ ဟူလင်းအာကို ကောက်ပွေ့ရင်း ပြောလိုက်သည်။ “ဒီနေရာရွေ့ပြောင်းတာကို သိပ်တော့ မပိုင်နိုင်သေးဘူး… ချီစွမ်းအင် ကုန်သွားရင် ပြန်ဖြည့်နိုင်အောင် ဆေးလုံးတွေတော့ အိတ်ထဲ ပါပါတယ်…”
ဟူလင်းအာမှာ စိတ်ဖြောင့်လက်ဖြောင့် မထားနိုင်ဘဲ သူ့ရင်ခွင်ထဲတွင် ကျစ်ကျစ်ပါအောင် ဖက်တွယ်ထားသည်။ ချင်မူက တန်ခိုးရှင်သက်ဆင်းတောင်ပေါ်မှ ခုန်ချလိုက်၏။ သူ့နားထဲတွင် လေတိုးသံတဝှီးဝှီး ကြားလိုက်သည်။
လူငယ်လေး၏ ရွှေချည်ထိုးဝတ်စုံ ဖုံးအုပ်၍ ပြန်ဖယ်လိုက်ခြင်းနှင့်အတူ လေပေါ်မှ ဝှစ်ခနဲ ပျောက်ကွယ်သွား၏။
ကောင်းကင်နတ်မင်းသုံးပါးက တောင်ခြေသို့ ကမန်းကတန်း ပြေးဆင်း၍ အောက်ငုံ့ကြည့်လိုက်သော်လည်း ချင်မူ၏ အရိပ်အယောင်မျှ မတွေ့ရတော့ပေ။
“အသူရာသွေးမျက်လုံး၊ နိုးထ…”
ကောင်းကင်နတ်မင်းယွီက သူ့လက်ညှိုးဖြင့် မျက်ခုံးနှစ်ခု အလယ်သို့ ထိလိုက်သည်။ သူ့မျက်လုံးထဲမှ အနီရောင် အလင်းတန်းများ ဟုန်းခနဲ ထွက်ပေါ်လာပြီး အောက်သို့ ငုံ့ကြည့်ကာ ရှာဖွေလိုက်၏။ တစ်ခဏ ကြာသောအခါမှ ချင်မူ၏ ပုံရိပ်ကို တွေ့ပြီး သက်ပြင်းချလိုက်သည်။ “နတ်ဂိုဏ်းသခင် အဆင်ပြေပါတယ်၊ ငါတို့ တန်ခိုးရှင်သက်ဆင်းတောင် ပတ်လည်က ကောင်းကင်လျှပ်စီး တားမြစ်နယ်မြေနားတောင် ရောက်နေပြီ… ကောင်းကင်လျှပ်စီး တားမြစ်နယ်မြေကို ဖြတ်ကျော်ပြီးရင်တော့ အန္တရာယ်ကင်းပါပြီ…”
ကောင်းကင်နတ်မင်းလု၏ ရင်ထဲတွင် ရုတ်တရက် တုန်လှုပ်သွားပြီး အလျင်အမြန် မေးလိုက်သည်။ “အစ်ကိုကြီးတို့၊ နတ်ဂိုဏ်းသခင်ကို တန်ခိုးရှင်သက်ဆင်းတောင် အပြင်ဘက်မှာ ကောင်းကင်လျှပ်စီး တားမြစ်နယ်မြေ ရှိတယ်ဆိုတာ ပြောပြထားလား…”
ကောင်းကင်နတ်မင်းယွီနှင့် ကောင်းကင်နတ်မင်းရှီက တစ်ယောက်ကိုယ်တစ်ယောက် ကြည့်၍ ခေါင်းခါယမ်းလိုက်သည်။ ကောင်းကင်နတ်မင်းရှီက ဗလုံးဗထွေး ရေရွတ်လိုက်၏။ “ညီလေးလုက နတ်ဂိုဏ်းသခင်ကို ပြောပြမထားဘူးလား…”
ကောင်းကင်နတ်မင်းလုက ခေါင်းခါယမ်းလိုက်သည်။ “အစ်ကိုကြီးတို့ ပြောပြီးပြီ ထင်နေတာ… သွားပြီ…”
ကောင်းကင်နတ်မင်းသုံးပါး၏ မျက်နှာများ အကြီးအကျယ် ပျက်ယွင်းသွားပြီး ကမန်းကတန်း အောက်ခုန်ချလိုက်သည်။ ကောင်းကင်လျှပ်စီး တားမြစ်နယ်မြေမှာ တန်ခိုးရှင်သက်ဆင်းတောင်ကို ကာကွယ်ရန် ပြီးခဲ့သည့် မျိုးဆက်တစ်ခုမှ ဂိုဏ်းသခင်ကိုယ်တိုင် စီရင်ခဲ့ခြင်း ဖြစ်၏။ အပြင်ဘက်မှ ကြည့်လျှင် မည်သည်ကိုမျှ ထူးထူးခြားခြား မတွေ့ရသော်လည်း အထဲရောက်သွားပါက ကောင်းကင်မိုးကြိုးများ တဝုန်းဝုန်းတဒိုင်းဒိုင်း ပစ်ချခံရမည် ဖြစ်သည်။
ချင်မူ မဆိုထားနှင့် ကောင်းကင်နတ်အသွင်အဆင့် ပညာရှင်တစ်ယောက်ပင် အထဲဝင်မိပါက သေလျှင်သေ၊ မသေလျှင် ဒုက္ခိတ ဖြစ်သွားနိုင်၏။
ချင်မူ၏ ကျင့်စဉ်စွမ်းအင်အဆင့်နှင့်ဆိုလျှင် မျက်စိတစ်မှိတ်အတွင်း ပြာပုံဘဝ ရောက်သွားပေလိမ့်မည်။
ကောင်းကင်နတ်မင်းသုံးပါး၏ အလျင်က အလွန်တရာ မြန်ဆန်လှပြီး ကောင်းကင်လျှပ်စီး တားမြစ်နယ်မြေသို့ တစ်မုဟုတ်ချင်း ရောက်ရှိကာ လူကယ်ရန် အထဲသို့ တိုးဝင်လိုက်ကြသည်။ သိပ်သည်းနက်ရှိုင်းသော ကျင့်စဉ်စွမ်းအင် ရှိသည့်တိုင်အောင် မိုးကြိုးလျှပ်စီးဒဏ်ကြောင့် သူတို့ တစ်ကိုယ်လုံး မည်းနက်တူးခြစ်သွား၏။
“လျှပ်စီးနယ်မြေက တကယ့်ကို အန္တရာယ်များတာပဲ…”
ကောင်းကင်လျှပ်စီး တားမြစ်နယ်မြေ၏ အပြင်ဘက်တွင် ချင်မူ ကောင်းကင်ယံသို့ မော့ကြည့်ရင်း ကျောစိမ့်တက်သွား၏။ “အစိမ်းရောင် ကောင်းကင်မျက်လုံးနဲ့ ဒီလျှို့ဝှက်လျှပ်စီးနယ်မြေကို မြင်ပြီး အပြင်ဘက်ကို တိုက်ရိုက် နေရာပြောင်းရွှေ့ခဲ့မိလို့ တော်သေးတယ်… အာ… လျှပ်စီးနယ်မြေထဲမှာ လူတွေရှိနေသလိုပဲ…”
လေထဲမှ ပြုတ်ကျသွားသဖြင့် သူ အနီးကပ် သေချာကြည့်ရန် အချိန်မရလိုက်ချေ။ သူ့အောက်တွင်တော့ တိမ်များ ဖုံးလွှမ်းနေသည့် ထာဝရငြိမ်းချမ်းရေး အင်ပါယာ၏ တောတောင်စိမ်းစိမ်း၊ ရေပြင်ပြာပြာများက လွန်စွာ ရင်သပ်ရှုမောဖွယ် ကောင်းလှ၏။