ကွားပြည်နယ်၏ပိုးကောင်တပ်ဖွဲ့
Vol. 13 Ch. 172
ကောင်းကင်နတ်မင်းသုံးပါးမှာ အားကုန်သုံး၍ ကောင်းကင်လျှပ်စီး တားမြစ်နယ်မြေထဲသို့ ထိုးဖောက် ဝင်ရောက်ခဲ့သော်လည်း အဆက်မပြတ် ခုန်ကူး၍ တဖြည်းဖြည်း ဝေးသွားသော ချင်မူ၏ ပုံရိပ်ကိုသာ မြင်လိုက်ကြရသည်။
သူတို့သုံးယောက် သက်ပြင်းမှုတ်ထုတ်လိုက်ကြ၏။
“ဒီတာဝန်က ဒီလောက် ခက်ခဲမယ်မှန်းသိရင် သေချာပေါက် လက်ခံခဲ့မှာ မဟုတ်ဘူး…”
ကောင်းကင်နတ်မင်းလုက သူ့မျက်နှာမှ ကြပ်ခိုးမှုန်များကို သုတ်ရင်း တတွတ်တွတ် ရေရွတ်လိုက်သည်။ “ဒီမျိုးဆက် နတ်ဂိုဏ်းသခင်က မထင်မှတ်တာတွေ လုပ်လွန်းတယ်…”
အခြား ကောင်းကင်နတ်မင်းနှစ်ပါးမှာလည်း ထိုသို့ ခံစားမိ၏။ ကောင်းကင်နတ်မင်းရှီက ပြောလိုက်သည်။ “ကံကောင်းထောက်မစွာနဲ့ပဲ ငါတို့ တာဝန် ပြီးသွားပါပြီ… နတ်ဂိုဏ်းသခင်က ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ထူးချွန်တဲ့ ပါရမီအရည်အချင်းကို ထုတ်ပြနိုင်တာ ငါတို့ နတ်ဂိုဏ်းရဲ့ အနာဂတ်အတွက် ကောင်းဖို့ ဖြစ်လာတာပဲ… အခု ဒီကိစ္စ ပြီးသွားပြီဆိုတော့ ကောင်းကင်နတ်မင်းချမ်ရဲ့ ကိစ္စကို စုံစမ်းကြတာပေါ့…”
ကောင်းကင်နတ်မင်းလုနှင့် ကောင်းကင်နတ်မင်းယွီတို့၏ ရင်ထဲတွင် တည်ကြည်လေးနက်သွားပြီး ပြတ်သားသော အမူအရာဖြင့် တုံ့ပြန်လိုက်သည်။ “ဒါ ငါတို့ လုပ်ရမဲ့ ကိစ္စပဲ၊ ငါတို့ နတ်ဂိုဏ်းကို ဘယ်သူ ထိပါးတာလဲ စုံစမ်းရမယ်…”
ကောင်းကင်နတ်မင်းရှီက လေးနက်သော အမူအရာဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါ အစိုးရိမ်ဆုံးက ဒီကိစ္စ မဟုတ်ဘူး… ငါတို့ဂိုဏ်းရဲ့ နေရာရွှေ့ပြောင်းအလံအကြောင်း ပေါက်ကြားသွားပြီလား ဆိုတာပဲ… ဒုက္ခတွေ များလိုက်တဲ့ ကာလပါလား… အောက်ကို ကြည့်ဦး၊ ကွားပြည်နယ် နယ်စပ်နဲ့ တူတယ်…”
“ကွားပြည်နယ် ဟုတ်လား… ငါတို့ အထွတ်အမြတ်နယ်မြေက ကွားပြည်နယ်ပေါ် ရောက်သွားပြီလား…”
ကောင်းကင်နတ်မင်းယွီ၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ “ကွားပြည်နယ်က မတည်ငြိမ်ဘူး၊ ဧကရာဇ်ရဲ့ မျိုးနွယ်တွေက စစ်သည်အင်အားကောင်းကောင်းနဲ့ ပုန်ကန်နေတာ… အခု နတ်ဂိုဏ်းသခင်က ကွားပြည်နယ်ထဲ ဆင်းသွားတာဆိုတော့…”
တန်ခိုးရှင်သက်ဆင်းတောင်က ကောင်းကင်လျှပ်စီး တားမြစ်နယ်မြေအတွင်း လျှို့ဝှက်စွာ တည်ရှိနေပြီး အထက်ကောင်းကင်ယံ၌ လွင့်မျောလျက် ရှိ၏။ ဤအထွတ်အမြတ်နယ်မြေက နေရာအတည်တကျ မဟုတ်ဘဲ အမြဲမပြတ် ရွေ့လျားပြောင်းလဲနေသည်။ တန်ခိုးရှင်သက်ဆင်းတောင်ပေါ်တွင် ရှုခင်းသာချောက်ကမ်းပါးဟု ခေါ်သော နေရာတစ်ခုရှိသည်။ ထိုနေရာမှ ကြည့်လျှင် တန်ခိုးရှင်သက်ဆင်းတောင်အောက်ရှိ မြင်ကွင်းများအားလုံးကို ပုရွက်ဆိတ်တစ်ကောင်မှအစ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်၏။
သို့သော်လည်း ဤတစ်ကြိမ်တွင် အလောသုံးဆယ် နိုင်သွားသဖြင့် ရှုခင်းသာချောက်ကမ်းပါးမှ ကြည့်ချိန်မရလိုက်ဘဲ ကွားပြည်နယ်မှ အဖြတ်တွင် ချင်မူ့ကို ဆင်းခွင့်ပြုမိသွား၏။
“နတ်ဂိုဏ်းသခင် တိုက်ပွဲကြားထဲ မဆင်းမိပါစေနဲ့ ဆုတောင်းရမှာပဲ…” ကောင်းကင်နတ်မင်းလုက တီးတိုးရေရွတ်လိုက်သည်။
ချင်မူ ကောင်းကင်ယံမှ ပြုတ်ကျလာ၏။ ဟူလင်းအာက ချင်မူ ခြေကုပ်ရရန်အတွက် မှော်မိစ္ဆာလေ မှုတ်ထုတ်ဖန်တီးလိုက်သည်။ များစွာမကြာလိုက်ဘဲ သူတို့ မြေပြင်ပေါ် ရောက်ရှိသွား၏။ ချင်မူ၏ ချီစွမ်းအင်က တစ်ဝက်ခန့် ကုန်ဆုံးသွားပြီ ဖြစ်သည်။ သို့သော်လည်း အနည်းဆုံးတော့ အန္တရာယ်ကင်းကင်း သက်ဆင်းနိုင်ခဲ့သည် မဟုတ်လား။
“ငါ နန်းတွင်းကောလိပ် ရောက်တာတောင် အတော်ကြာပြီ… ဧကရာဇ်ကိုယ်တိုင် ခန့်အပ်တဲ့ ပထမဆုံး တော်ဝင်ကျောင်းတော်သားအနေနဲ့ သင်ခန်းစာ တစ်ခုပဲ နားထောင်ရသေးတယ်…”
ဟိုဟိုသည်သည် လှည်ပတ်ကြည့်ရှုရင်း သူ့ကျောပိုးအိတ်ထဲမှ ထာဝရငြိမ်းချမ်းရေး အင်ပါယာ၏ မြေပုံကို ထုတ်ယူရန် ဟူလင်းအာကို စေခိုင်းလိုက်သည်။ တောတောင်ရေမြေအနေအထားကို ကြည့်ရှု၍ မြေပုံနှင့် တိုက်ကြည့်လိုက်၏။
“ဒါ ကွားပြည်နယ်ပဲ… မြို့နဲ့တော့ အတော်လေး လှမ်းသေးတယ်…”
ထိုအခိုက်၌ ကောင်းကင်ယံတွင် သင်္ဘောတစ်စီး ပျံသန်းသွားသည်ကို မြင်လိုက်ရသဖြင့် ချင်မူ၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။ ကောင်းကင်ခိုးယူခြေလှမ်းသိုင်းကို ထုတ်သုံး၍ ထိုသင်္ဘောနောက်သို့ တောင်စောင်းတစ်လျှောက် ပြေးလိုက်သွားလိုက်၏။
ထိုသင်္ဘောက ကုန်သွယ်အလံ လွှင့်ထူထားသဖြင့် ကုန်သည်များ၊ ခရီးသွားများ သယ်ယူပို့ဆောင်သည့် သင်္ဘော ဖြစ်ပေလိမ့်မည်။ ဆူပူအုံကြွမှုများ၊ တိုက်ပွဲများ ထူထပ်နေသည့်ကာလတွင်ပင် ကုန်သွယ်သင်္ဘောများ အတော်လေး များပြားသေး၏။ ပုန်ကန်ထကြွသည့် နယ်မြေများတွင်ပင် ကူးသန်းသွားလာနေသော သင်္ဘောများ ရှိသည်။
ချင်မူက မြန်သည်ထက်မြန်အောင် ပြေးလွှားနေပြီး ရုတ်တရက် သူ့ခြေထောက်များက လေထုကို နင်းလျှောက်နိုင်လာသည်။ ထိုသို့ နင်းလျှောက်နိုင်သည်နှင့် ကောင်းကင်ယံတွင် မြေပြင်ညီပမာ အားကုန်ထုတ်ပြေး၍ အသက်တစ်ရှိုက်၊ နှစ်ရှိုက် အချိန်အတွင်း သင်္ဘောကို မီလာပြီး ဖျတ်ခနဲ ခုန်တက်လိုက်၏။
ရွှမ်း… ရွှမ်း… ရွှမ်း…။
သူ သင်္ဘောပေါ်သို့ ခြေချသည်နှင့် ဓားဆွဲထုတ်သံများ တရွှမ်းရွှမ်း ထွက်ပေါ်လာပြီး သူ့လည်ပင်းဆီသို့ ဒါဇင်ချီသော ဓားပျံများဖြင့် ချိန်ရွယ်ထား၏။ သူ၏ ရှေ့နောက် နေရာအနှံ့တွင် ဓားပျံများ ရှိနေသည်။
“အားလုံး… မစိုးရိမ်ကြပါနဲ့… ကျွန်တော်က သင်္ဘောကြုံ လိုက်စီးမလို့ပါ…” ချင်မူက သူ့လက်နှစ်ဖက်လုံး မြှောက်၍ သတိထား ပြောဆိုလိုက်သည်။
သင်္ဘောကုန်းပတ်ပေါ်တွင် ဒါဇင်ချီသောလူများ ရှိနေပြီး အများစုက ကုန်သည်များ ဖြစ်ဟန် ရှိ၏။ ထိုကုန်သည်များ ငှားရမ်းလာသည့် ကောင်းကင်နတ်သိုင်း ပညာရှင်များ ရှိသကဲ့သို့ နန်းတွင်းအရာရှိများလည်း ရှိသည်။ သူ့လည်မျိုသို့ ချိန်ရွယ်ထားသည့် ဓားပျံများက ထိုနန်းတွင်းအရာရှိများနှင့် ကောင်းကင်နတ်သိုင်း ပညာရှင်များ၏ ဓားပျံများ ဖြစ်၏။
“ကောင်လေး… ဘယ်ကို သွားမလို့လဲ…” အပေါ်ပိုင်း ဗလာကျင်းနေပြီး ဆေးမင်ကြောင်များ အပြည့်ထိုးထားသည့် သင်္ဘောမာလိန်မှူးက ချင်မူ့ကို ခြေဆုံးခေါင်းဆုံး၍ တအံ့တဩ မေးမြန်းလိုက်သည်။
ချင်မူက မေးလိုက်၏။ “ဒီသင်္ဘောက ရွှေမြို့တော်ကို ရောက်မှာလား…”
မာလိန်မှူးက ခေါင်းညိတ်လိုက်သည်။ “ရွှေမြို့တော်အထိဆိုရင် သင်္ဘောခ တဖုန်းကြေးပြားတစ်ရာ ကျမယ်…”
ချင်မူ အံ့အားသင့်သွားပြီး လွှတ်ခနဲ အော်ဟစ်လိုက်မိသည်။ “ဈေးကြီးလှချေလား… မြစ်သင်္ချိုင်းမြို့ကနေ ရွှေမြို့တော်အထိမှ တဖုန်းကြေးပြားဆယ်ပြားပဲ ကျခဲ့တာ… ဘယ်လောက်မှ မကြာသေးဘူး၊ ဘယ်လိုလုပ် ဆယ်ဆတက်သွားရတာလဲ…”
“အခြေအနေတွေက မကောင်းတော့ဘူးလေ၊ တိုက်ပွဲတွေက နေ့တိုင်း ဖြစ်နေတာ… လမ်းခရီးကလည်း လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ မဟုတ်ဘူး၊ အဲဒီတော့ သင်္ဘောခကလည်း တက်တော့တာပေါ့… ဟီး ဟီး… ဆယ်ဆဆိုတာ နည်းပါသေးတယ်၊ ငါတို့အသက်ကို ဖက်နဲ့ ထုပ်ပြီး လုပ်စားနေရတာ၊ ငါတို့ လုပ်အားအတွက် ပိုပေးသင့်တာပေါ့ မဟုတ်ဘူးလား…”
ချင်မူ ခေါင်းညိတ်လိုက်၏။
ရွှေ့မြို့တော်သို့ သူ့ဖာသာ သွားလျှင် လမ်းခရီးတစ်လျှောက် ဆူပူအုံကြွမှုများ၊ တိုက်ပွဲများကြောင့် ဆယ်ရက်မက ကြာပေလိမ့်မည်။ ကောင်းကင်ခိုးယူခြေလှမ်းသိုင်းကို ထုတ်သုံးလိုလျှင် အလွန်တရာ သိပ်သည်းသော ကျင့်စဉ်စွမ်းအင် ရှိမှ ရပေလိမ့်မည်။ မဟုတ်ပါက တစ်ခဏနှင့် ကျင့်စဉ်စွမ်းအင် ကုန်ဆုံးသွားနိုင်၏။ သို့ဖြစ်၍ သင်္ဘောစီးခြင်းက သူ့အတွက် ပိုအဆင်ပြေပေသည်။
“တစ်လောကလုံးက မအေးချမ်းတော့ဘူး… လင်ပြည်နယ်က ချိုးတျဲယီလည်း ပုန်ကန်ပြီလို့ ကြားတယ်…”
ချင်မူက သင်္ဘောခပေးရင်း ကုန်သည်များ ပြောဆိုနေသည်ကို ကြားလိုက်ရ၏။ ကုန်သည် အဘိုးကြီး တစ်ယောက်က ပြောလိုက်သည်။ “ချိုးတျဲယီက ပေါ့သေးသေး မဟုတ်ဘူး… နန်းတွင်း မရောက်ခင်တုန်းက မေတ္တာမဲ့နန်းတော်ရဲ့ ဧကရီဘုရင်မပဲ… သူ့ကျင့်စဉ်စွမ်းအင်က ကြောက်စရာကောင်းလောက်အောင် သိပ်သည်းနက်ရှိုင်းတယ်… မေတ္တာမဲ့နန်းတော်က ဩဇာအာဏာကြီးမားတဲ့အပြင် သူတို့ ဂိုဏ်းသားတွေက နယ်စပ်တပ်ဖွဲ့မှာ တပ်မှူးတွေ ဖြစ်နေကြပြီ… အခု မေတ္တာမဲ့နန်းတော်ရဲ့ ဧကရီဘုရင်မက ပုန်ကန်ပြီဆိုတော့၊ ဟီး ဟီး… တစ်လောကလုံး ပိုပရမ်းပတာ ဖြစ်ပြီပဲ…”
“မေတ္တာမဲ့နန်းတော်က မိန်းမသားတွေ တည်ထောင်တဲ့ နံပါတ်တစ်ဂိုဏ်း ဖြစ်တဲ့အပြင် အထွတ်အမြတ်ဂိုဏ်းကြီး သုံးဂိုဏ်းအောက် အများကြီး မနိမ့်ကျဘူးတဲ့… နန်းတွင်းမှာ ရှိတဲ့ အမျိုးသမီးတပ်မှူး အတော်များများက မေတ္တာမဲ့နန်းတော်က လာကြတာဆိုပဲ…”
“အံဖွယ်သုံးသွယ်ရဲတိုက်ကလည်း ပုန်ကန်ကြပြီ… ဧကရာဇ်က အံ့ဖွယ်သုံးသွယ်ရဲတိုက်ကို အတော်လေး အရေးပေးခဲ့တာ၊ မိဖုရားချယ်က အံ့ဖွယ်သုံးသွယ်ရဲတိုက်ကပဲ… ငါ သိသလောက်တော့ သူက အံ့ဖွယ်သုံးသွယ်ထဲက တစ်ခုဖြစ်တဲ့ ချယ်ကျန်းလီရဲ့ မြေးမတဲ့… အခု အံ့ဖွယ်သုံးသွယ်ရဲတိုက်က တော်လှန်ပုန်ကန်တော့ မိဖုရားချယ်ကို အအေးနန်းဆောင်ထဲ ပို့ထားတယ် ဆိုလားပဲ…”
“ဘာလို့ သိုင်းဂိုဏ်းတွေ အများကြီး ပုန်ကန်ကြတာလဲ မသိဘူးနော်…”
“မင်း မသိဘူးလား… လွန်ခဲ့တဲ့ သုံးလလောက်တုန်းက နန်းတွင်းကောလိပ်ရဲ့ မုခ်တံခါးကို တာအိုဂိုဏ်းရဲ့ တောက်ကျစ် လာပိတ်ထိုင်သေးတယ်လေ၊ အဲဒီတုန်းက ဧကရာဇ်အတိုင်ပင်ခံ လာပြီး သင်ခန်းစာပို့ချခဲ့တယ်… အဲဒီမှာ ဧကရာဇ်အတိုင်ပင်ခံ ဒဏ်ရာရထားတာကို သိမြင်တဲ့သူတွေ ရှိခဲ့တယ်တဲ့… ငါ ကြားတာတော့ ဧကရာဇ်အတိုင်ပင်ခံရဲ့ ဒဏ်ရာက အနံ့တွေ ထွက်နေပြီး အမွှေးနံ့သာတွေနဲ့ ဖုံးဖို့ လုပ်ခဲ့ပေမဲ့ မဖုံးနိုင်အောင် အနံ့ဆိုးနေပြီ ဆိုလားပဲ…”
“အဲသတင်း ပျံ့သွားတော့ သိုင်းဂိုဏ်းအတော်များများ မယုံကြသေးဘူး၊ ဒါပေမဲ့ နောက်သတင်းတစ်ခု ထပ်ထွက်လာတယ်… နဂါးစီးဂိုဏ်းသခင်က ဧကရာဇ်အတိုင်ပင်ခံနဲ့ တိုက်ခိုက်ဖို့ သူ့နန်းဆောင်ကို ညသန်းခေါင်ယံမှာ သွားခဲ့ပေမဲ့ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့တယ်တဲ့… နဂါးစီးဂိုဏ်းသခင်ရဲ့ စွမ်းရည်က ထိပ်သီးတစ်ယောက်လို့ သတ်မှတ်လို့ မရဘူး၊ မြွေတစ်ကောင်ကို နဂါးအသွင်ပြောင်းတဲ့အထိ မွေးမြူထိန်းချုပ်နိုင်လို့သာ ဂိုဏ်းချုပ်ကြီးအဆင့် မီတယ်ဆိုရုံလေး မီတာ… ဧကရာဇ်အတိုင်ပင်ခံက သူ့ကိုတောင် အပြတ်မရှင်းနိုင်ဘူးဆိုတော့ သူ့ဒဏ်ရာတွေ ဘယ်လောက် ပြင်းလဲ မှန်းကြည့်လို့ ရတာပေါ့…”
“ရှူး… ဆက်မပြောနဲ့တော့… နန်းတွင်းအရာရှိတွေ လှမ်းကြည့်နေပြီ…”
…။
ချင်မူ၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။ ဧကရာဇ်အတိုင်ပင်ခံ သင်ခန်းစာ ပို့ချခဲ့သည့် အချိန်ကို သူ ပြန်အမှတ်ရသွား၏။ ဧကရာဇ်အတိုင်ပင်ခံက အနည်းငယ် အားနည်းနေသည့်ပုံ ပေါက်သော်လည်း ချင်မူက ဆေးပညာတွင် ကျွမ်းကျင်သည့်အပြင် အဘွားစစ်နှင့်အတူ အမွှေးနံ့သာများ မကြာခဏ လိုက်ဝယ်ဖူးသဖြင့် ဧကရာဇ်အတိုင်ပင်ခံ၏ မျက်နှာရဲနေခြင်းက ဖျားနာ၍ မဟုတ်ဘဲ ပါးနီများ လိမ်းခြယ်ထားခြင်းကြောင့် ဖြစ်ကြောင်း အတပ်ပြောနိုင်သည်။
ဤကုန်သည်များ ပြောသည့် အပုပ်နံ့ကို အမွှေးနံ့သာများဖြင့် ဖုံးအုပ်ထားသည် ဆိုခြင်းနှင့် ပတ်သက်၍လည်း ထိုစဉ်က အနံ့နှစ်မျိုးကို ချက်မူ အမှန်တကယ် ရှူရှိုက်မိခဲ့၏။ သို့သော်လည်း များစွာ ဂရုစိုက်ခြင်း မရှိခဲ့။
ငယ်စဉ်ကတည်းက ဆေးဆရာထံမှ ဆေးနံ့များ ခွဲခြားတတ်ရန် သင်ယူခဲ့ရသဖြင့် ထိုအနံ့နှစ်မျိုးမှာ ဆေးပင်မှ အနံ့နှင့် အမွှေးနံ့သာမှ အနံ့များ ဖြစ်ကြောင်း သိသည်။
ချင်မူ မျက်မှောင်ကြုတ်လိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံရဲ့ ဒဏ်ရာတွေက ကျက်နေရက်သားနဲ့ နန်းတွင်းကောလိပ်ကို သင်ခန်းစာ ပို့ချဖို့ လာတုန်းမှာ အပြင်လောကက လူတွေကို သူ့ဒဏ်ရာ ပြင်းထန်နေသေးတယ်လို့ ထင်အောင် လုပ်ခဲ့တာပဲ… အဲဒါမှ ပုန်ကန်ချင်ရက်နဲ့ မပုန်ရဲတဲ့သူတွေပါ ထွက်လာမှာ… ဒီအကွက်က အတော်လေး ကြောက်ဖို့ မကောင်းလွန်းဘူးလား…”
ဧကရာဇ်အတိုင်ပင်ခံ နန်းတွင်းကောလိပ်သို့ သင်ခန်းစာ လာရောက် ပို့ချခဲ့သည်မှာ သုံးလရှိပြီ ဖြစ်ပြီး ဤသုံးလအတွင်း၌ အခြေအနေက ပို၍ ရှုပ်ထွေးလာ၏။ နေရာအနှံ့တွင် သိုင်းဂိုဏ်းများ တော်လှန်ကြပြီး နန်းတွင်းအရာရှိများ ပုန်ကန်နေကြသည်။ ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ပို၍ ပို၍ နားမလည်နိုင်တော့ဟု ချင်မူ ခံစားမိလာ၏။
ဧကရာဇ်အတိုင်ပင်ခံက လက်ရှိ တိုင်းရေးပြည်ရေး အခြေအနေကို ထိုမျှ ဖရိုဖရဲ ဖြစ်၍ ပြုပြင်ရန် ခက်ခဲသည်အထိ လွှတ်ထားသည်။ တော်လှန်ပုန်ကန်မှုများကို နှိမ်နင်းနိုင်ခဲ့လျှင်တောင်မှ ထာဝရငြိမ်းချမ်းရေး အင်ပါယာ၏ အင်အားက အကြီးအကျယ် ချိနဲ့သွားပေလိမ့်မည်။
ထို့ပြင် ထာဝရငြိမ်းချမ်းရေး အင်ပါယာမှာ အနောက်ဘက် နယ်စပ်တွင် မန်သီလူရိုင်းနယ်မြေ၊ မြောက်ဘက် နယ်စပ်တွင် ဝံပုလွေအသိုက်နယ်မြေကဲ့သို့သော ရန်သူများ ရှိပြီး အတွင်း၊ အပြင် ရန်နှစ်မျိုးလုံးကို ရင်ဆိုင်နေရ၏။
“ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ထီးနန်းသိမ်းဖို့များ ကြံနေတာလား…” ချင်မူ ဇဝေဇဝါ အမူအရာ ဖြစ်သွားသည်။
နန်းတွင်းမိသားစုက တော်လှန်ပုန်ကန်မှုများနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အခွင့်ကောင်းယူ၍ ထီးနန်းသိမ်းပိုက်ပြီး နှစ်ဖက် တိုက်ပွဲပန်းနေသည်ကို အမြတ်ထုတ်၍ သူကိုယ်တိုင် ဧကရာဇ်လုပ် အုပ်ချုပ်စိုးစံပစ်နိုင်၏။
သို့သော်လည်း သူ့အနေဖြင့် ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံအကြောင်း ကောင်းကောင်း မသိသေးသည့်တိုင် ထိုမျှ ကြီးမြတ်သော စိတ်ထားရှိသည့် လူတစ်ယောက်မှာ ထီးနန်းသိမ်းပိုက်ရန်အတွက် ဤသို့သော နည်းလမ်းမျိုးကို အသုံးပြုလိမ့်မည် မဟုတ်ဟု ခံစားမိသည်။
ရုတ်တရက် သင်္ဘောက ပြင်းထန်စွာ လှုပ်ရမ်းသွားသဖြင့် ချင်မူ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွား၏။ သင်္ဘောနံရံကို အမြန် မှီ၍ ကြည့်လိုက်သောအခါ သင်္ဘောက တိုက်ပွဲကွင်းပြင်ဆီသို့ ဦးတည်သွားနေကြောင်း တွေ့လိုက်ရသည်။
ထိုတိုက်ပွဲက လေကြောင်းတိုက်ပွဲ ဖြစ်ပြီး စစ်သင်္ဘောများအပြင် စက်တပ်ယာဉ်ပျံများ၊ တိမ်တိုက်ပျံများ၊ မိုးပျံဆန်းကြယ်သားရဲများ၊ လေပေါ်ပျံဝဲနိုင်သည့် အမျိုးမျိုးသော အဆောင်ရတနာလည်း ပါရှိ၏။
ကံကောင်းထောက်မစွာပင် သူတို့၏ သင်္ဘောက တိုက်ပွဲအစပ်တွင်သာ ရှိသေးပြီး မာလိန်မှူးက အခြေအနေမဟန်တော့ကြောင်း သိသည်နှင့် ပဲ့ထိန်းကို ကတန်းကတန်း ဆွဲလှည့်လိုက်သည်။ သင်္ဘောက ဇောက်ထိုးကျွမ်းပြန် မှောက်လုနီးပါး ဖြစ်သွား၏။ သူတို့ သင်္ဘောက စစ်သင်္ဘောတစ်စီးဘေးမှ သီသီလေး ကပ်၍ တိုက်ပွဲကွင်းပြင်ကို ဖြတ်ကျော်သွားသည်။
ချင်မူ အောက်သို့ ပြုတ်မကျအောင် ထိန်းကိုင်ထားရ၏။ ရုတ်တရက် ရွှေရောင် အတောင်ပံနှင့် ငှက်များကို စီးနင်းထားသည့် တပ်ဖွဲ့တစ်ဖွဲ့က သူတို့သင်္ဘောရှိရာသို့ ပျံသန်းလာသည်။ ကောင်းကင်ယံသို့ ဓားပျံများ ထိုးတက်လာပြီး သင်္ဘောပေါ်မှ လူများထံ ဦးတည် တိုးဝင်လာသည်ကို အဝေးမှပင် လှမ်းမြင်ရ၏။
မာလိန်မှူးက တစ်မုဟုတ်ချင်း အော်ဟစ်လိုက်၏။ “ကျုပ်တို့က ခရီးသွားကုန်သည်တွေပါ၊ စစ်သည်တွေ မဟုတ်ပါဘူး…”
ထိုတပ်ဖွဲ့က မကြားယောင်ပြု၍ သင်္ဘောကုန်းပတ်ပေါ်မှ လူများထံ ဓားပျံများ ပစ်လွှတ်လိုက်သည်။ အချို့ ဓားပျံများက ရွက်ကြိုးများကို ခုတ်ပိုင်းပစ်သဖြင့် သင်္ဘောက ရုတ်ခြည်း နှေးကျသွား၏။
သင်္ဘောပေါ်မှ လူများအားလုံးမှာ ခေါင်းကျိန်းသွားကြသည်။ ဤသည်က တပ်ဖွဲ့နှစ်ခု တိုက်ခိုက်သည့် စစ်ပွဲ ဖြစ်၏။ တစ်ဖက်က ထာဝရငြိမ်းချမ်းရေး အင်ပါယာ၏ တပ်ဖွဲ့ ဖြစ်ပြီး အခြားတစ်ဖက်က သူပုန်တပ်ဖွဲ့ ဖြစ်သည်။ သိုင်းဂိုဏ်းများ ထကြွသောင်းကျန်းသည်နှင့် လားလားမျှ မတူချေ။
သိုင်းဂိုဏ်းတစ်ခု ထကြွသောင်းကျန်းသည့်အခါ အထွတ်အမြတ်နယ်မြေ သုံးခုကဲ့သို့ သိုင်းဂိုဏ်းကြီးများမှလွဲ၍ အခြားဂိုဏ်းများအနေဖြင့် အင်ပါယာ၏ တပ်မကို တုဖက်ယှဉ်ပြိုင်နိုင်သည့် အင်အား မရှိ။
ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ပြုပြင်ပြောင်းလဲမှုသည် အခြေခံကျောင်းများ၊ ကောလိပ်ကျောင်းများနှင့် နန်းတွင်းကောလိပ်ကိုသာ ပြုပြင်ပြောင်းလဲခဲ့သည် မဟုတ်၊ နန်းတွင်းတပ်ဖွဲ့ကိုလည်း ပြုပြင်ပြောင်းလဲခဲ့၏။ နန်းတွင်းတပ်ဖွဲ့အတွင်း၌ စစ်သည်များအားလုံးသည် စံကိုက်ဝိညာဉ်လက်နက်များ လက်ခံရရှိပြီး သိုင်းဂိုဏ်းများနှင့် တစ်ယောက်ချင်း မယှဉ်နိုင်သည့်တိုင် ပူးပေါင်းတိုက်စစ်ဆင်၍ ထောင်သောင်းချီသော ဓားပျံများကို တစ်ပြိုက်နက် စေလွှတ်ကာ ကြီးမားသော တိုက်ခိုက်မှုစွမ်းအားကို ဖော်ဆောင်နိုင်သည်။
ထိုသို့ ပူးပေါင်း တိုက်စစ်ဆင်ခြင်းအပြင် မြေပြင်နှင့် ဝေဟင်ပူးပေါင်း တိုက်စစ်ဆင်ခြင်း၊ မှော်သိုင်းကွက်နှင့် အခြားတိုက်ခိုက်မှုအမျိုးမျိုးကို ပူးပေါင်း တိုက်စစ်ဆင်ခြင်းများလည်း ပြုလုပ်နိုင်၏။ ဓာတ်ကြီးငါးပါးအဆင့် စစ်သည်ဆယ်ယောက်က အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်း ပညာရှင်တစ်ယောက်ကို ပူးပေါင်း တိုက်ကွက်ဆင်၍ အလွယ်တကူ သတ်ဖြတ်နိုင်၏။
သိုင်းလောက၏ ကျော်ကြားသော သိုင်းဂိုဏ်းများမှာ နန်းတွင်းတပ်ဖွဲ့၏ ဝန်းရံသတ်ဖြတ်ခြင်းနှင့် ကြုံတွေ့ရလျှင် ပြန်လည် ခုခံနိုင်စွမ်း မရှိကြပေ။ ထာဝရငြိမ်းချမ်းရေး အင်ပါယာအနေဖြင့် အခြားတိုင်းပြည်များကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် သမိုင်းကြောင်းတွင် ဤသို့သော ဝိုင်းဖွဲ့ တိုက်ခိုက်မှုကြောင့် ပျက်သုဉ်းသွားရသည့် သိုင်းဂိုဏ်းအရေအတွက်က မနည်းလှချေ။
သင်္ဘောပေါ်တွင်တော့ ချင်မူက သူ့စိတ်သူ တည်ငြိမ်အောင် ထိန်း၍ နောက်ကျောမှ ဓားအိတ်ကို အသုံးပြုမည် ပြင်လိုက်စဉ် သူ့ဓားပျံများအားလုံးက လိုလန်ရွှေနန်းတော်တွင် အဖျက်စီးခံလိုက်ရသဖြင့် ဓားအိတ်ကို လွှင့်ပစ်ခဲ့ပြီးဖြစ်ကြောင်း အမှတ်ရသွား၏။
“အိမ်ရှေ့စံကိုယ်ရံတော်ဓားကိုပဲ သုံးတာပေါ့…”
ချင်မူက ထိုးစိုက်ဝင်ရောက်လာသော ဓားပျံများကို ရှောင်တိမ်း၍ သူ၏ ချီစွမ်းအင်ကို ထောင်ထျယ်အိတ်ထဲသို့ ပို့လွှတ်လိုက်ရာ အိမ်ရှေ့စံကိုယ်ရံတော်ဓားက ရွှမ်းခနဲ ထွက်ပေါ်လာ၏။ ဝှေ့ယမ်းဓားချက်ဖြင့် အသာအယာ လှုပ်ခါလိုက်ရာ တိုးဝင်လာသည့် ဓားပျံများ အားလုံး နှစ်ပိုင်းပြတ်သွားသည်။ ဓားသွားများက သင်္ဘောကုန်းပတ်ပေါ်သို့ ကျရောက်သွားပြီး လက်ကိုင်ရိုးများသာ ကျန်ရစ်ခဲ့တော့၏။
ကျွမ်းကျင်ပိုင်နိုင်သော ဓားပညာနှင့် အိမ်ရှေ့စံကိုယ်ရံတော်ဓား၏ ထက်ရှမှုကို ပေါင်းစည်းလိုက်သောအခါ သူ့ဘက်မှ အရေးနိမ့်စရာ အကြောင်းမရှိဟု ဆိုနိုင်၏။
ချင်မူ သက်ပြင်းချလိုက်သည်။ ရုတ်တရက် ရွှေတောင်ပံနှင့်ငှက်များ၏ ကျောပေါ်မှ စစ်သည်များက အဝတ်အိတ်များ ဖွင့်လိုက်သည်ကို လှမ်းမြင်မိ၏။ တဝီဝီ အသံများ ကြားလိုက်ရပြီး ထိုအဝတ်အိတ်များထဲမှ မရေမတွက်နိုင်သော ရွှေပိုးကောင်များ ပျံဝဲထွက်ပေါ်လာသည်။
“ပိုးကောင်တပ်ဖွဲ့ဟ…”
သင်္ဘောပေါ်မှ ကုန်သည်များနှင့် အခြားသူများမှာ အကြီးအကျယ် မျက်နှာပျက်သွားပြီး အော်ဟစ်လိုက်၏။ “အံဖွယ်သုံးသွယ်ရဲတိုက်ရဲ့ ပိုးကောင်တပ်ဖွဲ့…”
စစ်သည်များက သူတို့၏ လက်များကို ဆန့်တန်းလိုက်ရာ မရေမတွက်နိုင်သော ပိုးကောင်များက အဆိပ်နဂါးများသဖွယ် သင်္ဘောဆီသို့ ပျံသန်းတိုးဝင်လာပြီး မြင်သမျှ လူများကို ကိုက်ခဲ၍ ကိုယ်တွင်းသို့ ဝင်ရောက်သွားကြသည်။ ချင်မူနှင့် မလှမ်းမကမ်းမှ ကျင့်စဉ်စွမ်းအင် နိမ့်ကျပုံ မပေါ်သော ခပ်ဝဝ ကုန်သည်တစ်ယောက်မှာ သူ၏ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ နားရွက်များမှတစ်ဆင့် ပိုးကောင်များ ကိုက်ခဲတိုးဝင်ခြင်း ခံလိုက်ရ၏။ နောက်တစ်ခဏ၌ သူ၏ ခပ်ဝဝကိုယ်လုံးကြီးမှာ လေလျှော့ခံလိုက်ရသည့် ဘောလုံးတစ်လုံးကဲ့သို့ ပိန်ရှုံ့သွားပြီး သင်္ဘောကုန်းပတ်ပေါ်တွင် အရေခွံချည်းသာ ကျန်ရစ်ခဲ့သည်။
ထိုအရေခွံအောက်ထဲမှ မရေမတွက်နိုင်သော ပိုးကောင်များ တရွရွ လှုပ်ရှားသွားလာနေပြီး မျက်လုံး၊ နားရွက်၊ ပါးစပ်၊ နှာခေါင်းပေါက်များမှ တိုးထွက်၍ အတောင်ပံခတ်ကာ ပျံသန်းသွားကြသည်။