လူကောင်းဖြစ်သွားပြီ
Vol. 13 Ch. 173
သင်္ဘောပေါ်ရှိ လူအားလုံးမှာ ကြောက်ရွံ့တုန်လှုပ်သွားကြ၏။ သင်္ဘောမာလိန်မှူးမှာ ထက်မြက်သည့် စွမ်းရည်ရှိသော ကောင်းကင်နတ်သိုင်း ပညာရှင်တစ်ယောက် ဖြစ်သော်လည်း သင်္ဘော၏ ဦးတည်ရာကို ပဲ့ကိုင်နေရသည့်အတွက် အားလုံးကို လိုက်၍ ဂရုစိုက်မနေနိုင်ချေ။
အံ့ဖွယ်သုံးသွယ်ရဲတိုက်၌ အံ့ဖွယ်သုံးသွယ် ရှိ၏။ ပထမက ပိုးကောင်များ ဖြစ်သည်။ ဒုတိယက ဆေးပညာ ဖြစ်ပြီး တတိယက မိန်းမလှများ ဖြစ်၏။ နန်းတော်အတွင်းမှ မိဖုရားချယ်မှာ အံ့ဖွယ်သုံးသွယ်ရဲတိုက်၏ ထင်ရှားသော မိန်းမလှတစ်ဦး ဖြစ်သည်။ အံ့ဖွယ်သုံးသွယ်ရဲတိုက်က ဆေးပညာတွင် ကျွမ်းကျင်လိမ္မာပြီး အဆိပ်ပိုးကောင်များကို အသုံးပြု၍ ရောဂါကုသော နေရာတွင် ထူးချွန်ကြ၏။
သို့သော်လည်း အံ့ဖွယ်သုံးသွယ်အနက် ပထမဆုံး လာသည့် အံဖွယ်တစ်ပါးမှာ ပိုးကောင်များ ဖြစ်သည်။
အံ့ဖွယ်သုံးသွယ်ရဲတိုက်၏ ပိုးကောင်တပ်ဖွဲ့မှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။ ဆေးပညာတော်သောသူများက အဆိပ်အရာတွင်လည်း ထူးချွန်ကြသည်။ အံ့ဖွယ်သုံးသွယ်ရဲတိုက်၏ အဆိပ်ပိုးကောင်များသည်လည်း ထူးကဲသည့် စွမ်းရည်တစ်ရပ် ဖြစ်၏။ အံ့ဖွယ်သုံးသွယ်ရဲတိုက်ကို နန်းတွင်းလက်အောက်သို့ သိမ်းသွင်းပြီးသည့်အခါ ပိုးကောင်တပ်ဖွဲ့ ဖွဲ့စည်းရန် ဧကရာဇ်က အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုတပ်ဖွဲ့ရှိ စစ်သည်အများစုမှာ ပိုးကောင်များကို ထိန်းချုပ်ရာတွင် ကျွမ်းကျင်သည့် ပညာရှင်များ ဖြစ်၏။
ယခု အံ့ဖွယ်သုံးသွယ်ရဲတိုက်က ပုန်ကန်ပြီ ဖြစ်သဖြင့် ပိုးကောင်တပ်ဖွဲ့ကလည်း လိုက်လံထကြွပုန်ကန်ချေပြီ။ ဤတိုက်ပွဲက နန်းတွင်းတပ်နှင့် အံ့ဖွယ်သုံးသွယ်ရဲတိုက်၏ ပိုးကောင်တပ်ဖွဲ့တို့ကြားမှ တိုက်ပွဲ ဖြစ်ကြောင်း ထင်ရှား၏။
သူတို့က သတိမထားမိဘဲ တိုက်ပွဲကွင်းပြင်အတွင်း ဝင်ရောက်ခဲ့သဖြင့် အံ့ဖွယ်သုံးသွယ်ရဲတိုက်၏ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ အခြေအနေက အေးအေးချမ်းချမ်းနှင့် အဆုံးသတ်နိုင်တော့မည် မဟုတ်ပေ။
“ဒီလို ပိုးကောင်မျိုးတွေကို သတိမလွတ်အောင် ခုခံဖို့ မဖြစ်နိုင်ဘူး၊ အိမ်ရှေ့စံကိုယ်ရံတော်ဓားက ဒီလောက်များတဲ့ ပိုးကောင်တွေကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး…”
မရေမတွက်နိုင်သော ရွှေပိုးကောင်များ သူ့ထံ ပျံသန်းလာသည်ကို မြင်သောအခါ ချင်မူ ခေါင်းကျိန်းသွားသည်။ သူ့အာရုံကို တစ်မုဟုတ်ချင်း နှစ်ခြမ်းခွဲ၍ အိမ်ရှေ့စံကိုယ်ရံတော်ဓားဖြင့် စစ်သည်တစ်ယောက်ကို လွှဲခုတ်ရင်း ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်များကို ဖောက်ခွဲထုတ်ဖော်လိုက်သည်။ မရေမတွက်နိုင်သော ချီစွမ်းအင်ကြိုးမျှင်များက သူ့လက်မှ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး ချစ်ချစ်တောက် ပူလောင်သော နေလုံးနီနီကြီးကဲ့သို့ ဖွဲ့စည်းသွားသည်။
သူ၏ ချီစွမ်းအင်ကြိုးမျှင်များက အလွန်တရာ သေးမျှင်သော ချီစွမ်းအင်ဓားသွားများနှင့် ဖွဲ့စည်းထားပြီး မျက်စိတစ်မှိတ်အတွင်း ဆည်းဆာနေမင်းကြီး အသွင် ပြောင်းလဲကာ လေထဲသို့ ဝီခနဲ ထိုးတက်သွားသည်။
ယုယွမ်နန်းဆက်၏ ဆည်းဆာဓားသိုင်း…။
ထိုမီးလုံးကြီးက လျင်မြန်စွာ လည်ပတ်နေပြီး မရေမတွက်နိုင်သော ဓားရောင်များ ဤဆည်းဆာနေမင်းထံမှ ပေါက်ကွဲ ထွက်ပေါ်လာသည်။ ထိုဓားသွား တစ်ခုစီတိုင်းက သေးကွေးလှသည့် ရွှေပိုးကောင်များ၏ ခန္ဓာကိုယ်တွင် စိုက်ဝင်ကာ တစ်ခဏအတွင်း ချင်မူ၏ ပတ်ပတ်လည် ကြမ်းပြင်၌ ပိုးကောင်အသေများ ပြည့်နှက်သွား၏။
တစ်ချိန်တည်းမှာပင် သူ၏ အိမ်ရှေ့စံကိုယ်ရံတော်ဓားက စစ်သည်တစ်ယောက်၏ ရင်ဝသို့ လျှပ်ပြက်သလို ထိုးဖောက်စိုက်ဝင်သွားပြီး သုတ်သင်ရှင်းလင်းပစ်သည်။
“ကောင်းလိုက်တဲ့ ဓားသိုင်း…”
မာလိန်မှူးက လွှတ်ခနဲ ချီးကျူး၍ သူ၏ လက်ထောက်ကို ပဲ့ကိုင်ရန် လွှဲပြောင်းပေးအပ်လိုက်၏။ ထို့နောက် မီးလျှံဘူးသီးခြောက် တစ်လုံးကို တစ်မုဟုတ်ချင်း ထုတ်ယူလိုက်သည်။ ဘူးသီးခြောက် အဖုံးကို ဖွင့်လိုက်သောအခါ မီးလျှံတိမ်တိုက်တစ်ခုက ဘူးသီးခြောက်အတွင်းမှ ပျံသန်းထွက်ပေါ်လာပြီး ခေါင်းကိုးလုံး မီးလျှံဇာမဏီငှက်အသွင် ပြောင်း၍ ပါးစပ်ကိုးပေါက်မှ မီးတောက်မီးလျှံများ အရှိန်ပြင်းပြင်း မှုတ်ထုတ်ကာ မရေမတွက်နိုင်သော ပိုးကောင်များကို လောင်တိုက်သွင်းပစ်၏။
ခေါင်းကိုးလုံး မီးလျှံဇာမဏီငှက်က သင်္ဘောပတ်ပတ်လည်၌ အတောင်ပံဖြန့်၍ လွှမ်းခြုံပျံသန်းပြီး မီးတောက်မီးလျှံများ မှုတ်ထုတ်နေသည်။ အံ့ဖွယ်သုံးသွယ်ရဲတိုက်မှ စစ်သည်များမှာ အနားမကပ်နိုင်မီပင် မီးသွေးတုံးဘဝ ရောက်သွားကြ၏။
“ဒီမာလိန်မှူးက အတော်လေး သိပ်သည်းနက်ရှိုင်းတဲ့ ကျင့်စဉ်စွမ်းအင် ရှိတာပဲ… တပ်မှူးလေးချင်အောက် ကျမှာ မဟုတ်ဘူး…”
ချင်မူ၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။ ဤမာလိန်မှူးက သက်လတ်ပိုင်းအရွယ် ဖြစ်ပြီး တုတ်ခိုင်သန်စွမ်းသည့် ခန္ဓာကိုယ် ရှိသည်။ သို့သော်လည်း သူ ထုတ်သုံးသည့် မီးလျှံကောင်းကင်နတ်သိုင်းက အမှန်တကယ်ပင် ထူးကဲလှ၏။ ခုနစ်စင်ကြယ်အဆင့် ရှိသော ကောင်းကင်နတ်သိုင်း ပညာရှင်တစ်ယောက် ဖြစ်ပေလိမ့်မည်။
ထိုအခိုက်၌ ရွှေပိုးကောင်များက လှိုင်းလုံးများသဖွယ် အုပ်စုဖွဲ့ ပျံသန်းလာသည်။ စစ်သည်တော်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက ၎င်းတို့အလယ်၌ ရပ်နေ၏။ သူ လက်ညှိုးညွှန်လိုက်သည်နှင့် ပိုးကောင်အုပ်ကြီးက သင်္ဘောဆီသို့ တစ်ဟုန်ထိုး ပျံသန်းလာသည်။
“အံ့ဖွယ်သုံးသွယ်ရဲတိုက်ရဲ့ ဒုတိယအံ့ဖွယ်… တကယ့် မိန်းမလှလေးတွေပဲ…”
မာလိန်မှူးက ဟက်ခနဲ ရယ်လိုက်၏။ ခေါင်းကိုးလုံး မီးလျှံဇာမဏီငှက်က ဘူးသီးခြောက်ထဲ ဝှစ်ခနဲ ပြန်ဝင်သွားသည်။ ဘူးသီးခြောက်က ကြီးသည်ထက် ကြီးလာပြီး လူ့အရပ် သုံးလေးငါးဆခန့် အရွယ်ထိ ရောက်သွား၏။ ထို့နောက် ဘူးသီးခြောက် အဝကို အောက်ဘက်သို့ မျက်နှာမူလိုက်သောအခါ ကြောက်မက်ဖွယ်ရာ စုပ်အားတစ်ခု ထွက်ပေါ်လာပြီး ပိုးကောင်အုပ်ကို စုပ်သွင်းလိုက်သည်။
မာလိန်မှူးက သူ၏ လက်နှစ်ဖက်ဖြင့် လက်ဟန်မုဒြာ ဒါဇင်ချီ ဖော်ထုတ်၍ မီးလျှံဘူးသီးခြောက်ကို တဖတ်ဖတ် ရိုက်နှက်လိုက်သည်။ ကြီးမားသော မီးလျှံဘူးသီးခြောက်၏ ပတ်ပတ်လည်တွင် အမျိုးမျိုးသော မှော်သင်္ကေတများ လှပစွာ ပေါ်ထွက်လာပြီး တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။
ပိုးကောင်အုပ်မှာ တစ်မုဟုတ်ချင်း ပြာပုံဘဝရောက်သွား၏။
ချင်မူ၏ မျက်လုံးများ အရောင်တောက်သွားသည်။ ကျင့်ကြံခြင်း ဆိုသည်မှာ သင်ယူလေ့လာရန် ဖြစ်ပြီး ဤမာလိန်မှူးက မှော်သင်္ကေတများ၊ လက်ဟန်မုဒြာများနှင့် ပတ်သက်၍ အတော်လေး နှိုက်နှိုက်ချွတ်ချွတ် တတ်သိနားလည်ဟန် ရှိ၏။
အံ့ဖွယ်သုံးသွယ်ရဲတိုက်မှ အမျိုးသမီးတပ်မှူးမှာ အံ့ဩတုန်လှုပ်သွားပြီး သူ၏ ခြေထောက်အောက်မှ ပိုးကောင်အုပ်က တစ်မုဟုတ်ချင်း ရပ်တန့်သွားသည်။ လေထဲတွင် ရပ်နေရင်း မျက်ဝန်းလှလှများကို ပုတ်ခတ်ပုတ်ခတ် လုပ်၍ မေးလိုက်၏။ “ရှင်… ရှင်က မီးလျှံဓားပြ ဖန်းယွင်ရှောင်လား… ဘယ်တုန်းက လူကောင်းဘဝ ပြောင်းပြီး မာလိန်မှူး ဖြစ်လာတာလဲ…”
သင်္ဘောပေါ်ရှိ ကုန်သည်အများစု၏ မျက်နှာအမူအရာ ပျက်ယွင်းသွားကြသည်။ နန်းတွင်းအမှုထမ်းများမှာလည်း အကြီးအကျယ် မျက်နှာပျက်သွားကြ၏။ သူတို့အားလုံးက ချီစွမ်းအင်ဖြင့် ဓားပျံများကို ထိန်းချုပ်၍ မာလိန်မှူးကို ချိန်ရွယ်လိုက်ကြသည်။
မာလိန်မှူးက ဖီ၊ ဖီခနဲ တံတွေးထွေးလိုက်၏။ “ဘာ လူကောင်းဘဝ ပြောင်းတာလဲ…”
အံ့ဖွယ်သုံးသွယ်ရဲတိုက်၏ အမျိုးသမီးတပ်မှူးက သရော်တော်တော် ပြုံးလိုက်သည်။ “ရှင်က တာအိုဂိုဏ်းက ထုတ်ပယ်ခံလိုက်ရတဲ့ ဂိုဏ်းသား မဟုတ်လား… တာအိုဂိုဏ်းက ရှင့်ရဲ့ မကောင်းတဲ့ စိတ်ကို သဘောမကျဘဲ မောင်းထုတ်လိုက်လို့ နေရာအနှံ့ ဓားပြလိုက်တိုက်တဲ့သူ ဖြစ်လာပြီး နန်းတွင်းကတောင် ဖမ်းဝရမ်း ထုတ်ထားရတာ… အခု မာလိန်မှူး ဖြစ်နေပြီဆိုတော့ လူကောင်းဘဝ ပြောင်းတာ မဟုတ်လို့ ဘာဖြစ်ဦးမှာလဲ…”
မာလိန်မှူး ဖန်းယွင်ရှောင်က ရယ်မောလိုက်သည်။ “ငါက ငြိမ်းချမ်းတဲ့ အချိန်မှာပဲ လူတွေဆီက ရတနာတွေ ဓားပြတိုက်တာ… ဒီလို မငြိမ်မသက် ဖြစ်နေတဲ့ အချိန်မှာ ဘယ်လိုလုပ် ဓားပြတိုက်စားရမှာလဲ… မအေးချမ်းတဲ့ အချိန်မှာ မာလိန်မှူးလုပ်တာက ဓားပြတိုက်တာထက် ပိုက်ဆံပိုရတယ်… တပ်မှူးလေး၊ ကျုပ်ဖာသာ အေးအေးဆေးဆေး နေပါရစေဗျာ နော်…”
အမျိုးသမီးတပ်မှူးက အေးစက်စက် နှာခေါင်းရှုံ့၍ လှည့်ပတ် ကြည့်ရှုလိုက်သည်။ အံ့ဖွယ်သုံးသွယ်ရဲတိုက်၏ ပိုးကောင်တပ်ဖွဲ့က တိုက်ပွဲဝင်နေဆဲ ရှိပြီး သူ့အနေဖြင့် ဤဓားပြနှင့် တိုက်ခိုက်ရန် အချိန်အခါကောင်း မဟုတ်ပေ။
ဖန်းယွင်ရှောင်က တာအိုဂိုဏ်းမှ ထုတ်ပယ်ခံလိုက်ရသော ဂိုဏ်းသား ဖြစ်သော်လည်း အလွန်တရာ ထူးချွန်ထက်မြက်သည့် စွမ်းရည်ရှိသူ ဖြစ်သည်။ နန်းတွင်းကပင် နှစ်ပေါင်းများစွာ ကြာသည်အထိ ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ရာ သူ့နှင့် ယှဉ်နိုင်ချင်မှ ယှဉ်ပြိုင်တိုက်ခိုက်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။ ရုတ်တရက် ပိုးကောင်များက နောက်ဘက်သို့ ပျံ၍ အဝေးသို့ ထွက်ခွာသွား၏။
ဖန်းယွင်ရှောင် သက်ပြင်းတစ်ချက် မှုတ်ထုတ်ပြီး သူ၏ လက်ထောက်ကို အဝေးသို့ ဦးလှည့် မောင်းနှင်ရန် ညွှန်ကြားလိုက်သည်။
သင်္ဘောပေါ်ရှိ ကုန်သည်များက ဤလူသန်ကြီးကို ထိတ်လန့်သည့် မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။ ဖန်းယွင်ရှောင်က ကမန်းကတန်း ပြောလိုက်သည်။ “အားလုံး စိတ်အေးအေးထားပါ… ကျုပ်က လူကောင်းဘဝ ရောက်နေပါပြီ၊ မငြိမ်သက်တဲ့ အချိန်မှာ ဓားပြမတိုက်ပါဘူး… အရာရှိမင်းတွေလည်း စိတ်မပူပါနဲ့… ကျုပ်က လူကောင်းဖြစ်နေပါပြီ၊ ဒီသင်္ဘောက ရွှေမြို့တော်မှာတောင် စာရင်းပေါက်ပါတယ်…”
နန်းတွင်းအရာရှိ တစ်ယောက်က နှာခေါင်းရှုံ့လိုက်၏။ “မာလိန်မှူးဖန်းရဲ့ ဒီသင်္ဘောက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တိမ်လိုက်ဓားပြသင်္ဘော မဟုတ်ဘူးလား…”
“ကျုပ်သင်္ဘောလေးတော့ ချမ်းသာပေးပါ… တိမ်လိုက်ဓားပြသင်္ဘောကလည်း တိမ်လိုက်ခရီးသည်တင်သင်္ဘောလို့ နာမည်ပြောင်းပြီးပါပြီ… နောင် ပြန်အေးချမ်းတဲ့ အချိန်ကျမှ ဓားပြပြန်တိုက်မှာပါ…”
ဖန်းယွင်ရှောင်က အရေပြားသာ ကျန်သည်အထိ ပိုးကောင်စားခံလိုက်ရသော ကုန်သည်ထံ သွားကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။ “မင်းက ငါ့သင်္ဘောပေါ်မှာ လိုက်စီးတာဆိုတော့ ငါ့ဘက်က အစွမ်းကုန် ကာကွယ်ပေးခဲ့သင့်တာ… ဒါပေမဲ့ ဒီလို အဖြစ်ဆိုးမျိုး ကြုံတွေ့ခဲ့ရတာဆိုတော့ မင့်သင်္ဘောခကို ငါ ယူလို့ မဖြစ်တော့ဘူး…” သူက စကားဆုံးသည်နှင့် ငွေအိတ်တစ်အိတ်ကို ထုတ်ယူပြီး ထိုကုန်သည်၏ နောက်လိုက်တစ်ယောက်ထံ ကမ်းပေးလိုက်သည်။
သင်္ဘောပေါ်ရှိ လူအားလုံးမှာ ကြောက်ရွံ့တုန်လှုပ်နေပြီး ဝံပုလွေအုပ်လက်မှ လွတ်၍ ကျားရဲအသိုက်ထဲ ပြေးဝင်မိသလို ခံစားကြရ၏။ ဤဖန်းယွင်ရှောင်က နေရာအနှံ့ ဓားပြတိုက်၍ နှစ်ပေါင်းများစွာ ကြာအောင် ကုန်သည်သင်္ဘောများကို ဒုက္ခပေးခဲ့သူ ဖြစ်သည်။ ယခု သူတို့အားလုံးက ဖန်းယွင်ရှောင်၏ သင်္ဘောပေါ် တက်စီးမိကြသည် ဖြစ်၍ အရာအားလုံးက အဆိုးဘက်သာ ဦးတည်နေ၏။
“ငါ လူကောင်း ဖြစ်နေပါပြီ…”
ဖန်းယွင်ရှောင်က လက်သီးဆုပ် အရိုအသေပြုလိုက်သည်။ “ငါ တကယ် လူကောင်း ဖြစ်နေပါပြီ… စိတ်မပူကြပါနဲ့… မင်းတို့ကို ရွှေမြို့တော် ရောက်အောင် သေချာပေါက် လိုက်ပို့မှာပါ…”
အားလုံးက တုန်လှုပ်ချောက်ချားသည့် မျက်နှာများဖြင့်သာ ဆက်ရှိနေ၏။
ဖန်းယွင်ရှောင်မှာ မည်သို့ ပြောရမှန်း မသိတော့ဘဲ ချင်မူ့ဘက်သို့ ပြုံး၍ ကြည့်လိုက်သည်။ “ဒီက ညီလေးရဲ့ ဓားသိုင်းက မဆိုးဘူး၊ ညီလေးက ယုယွမ်မိသားစုကလား…”
ချင်မူက ခေါင်းခါယမ်း၍ ဖြေကြားလိုက်၏။ “နန်းတွင်းကောလိပ်က ကျောင်းတော်သား ချင်မူပါ… အစ်ကိုကြီးဖန်းရဲ့ မြင့်မားတဲ့ အသိပညာဗဟုသုတကို လေးစားမိပါတယ်…”
ဖန်းယွင်ရှောင်၏ မျက်လုံးများ အရောင်တောက်သွားပြီး ပြုံးလိုက်သည်။ “ငါ့ရဲ့ အသိပညာဗဟုသုတနဲ့ ပတ်သက်ပြီး ချီးကျူးခံရတာ ဒါ ပထမဆုံးပဲ… ညီလေးရဲ့ အမြင်က မဆိုးဘူး… ရယ်စရာ တကယ်ကောင်းတယ်၊ လူတိုင်းက ကျင့်စဉ်ကျင့်ဖို့ပဲ အာရုံရောက်နေပြီး သင်ယူလေ့လာဖို့ စိတ်မကူးကြဘူး… သူတို့ မသိတာက ကျင့်ကြံခြင်းဆိုတာ သင်ယူလေ့လာခြင်းပဲ… တာအိုဂိုဏ်းရဲ့ ထိပ်သီးပညာရပ်တွေ အားလုံးက သင်ယူလေ့လာမှုကနေ ဆင်းသက်လာတာ၊ အသိပညာဗဟုသုတ မရှိဘဲ သောက်ချီးတောင် တတ်အောင် သင်နိုင်မှာ မဟုတ်ဘူး…”
ချင်မူ့တွင်လည်း တူညီသော ခံယူချက် ရှိ၏။ နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းကို တတ်မြောက်လိုလျှင် အလွန်တရာ မြင့်မားသော အသိပညာဗဟုသုတ လိုအပ်သည်။ တာအိုဂိုဏ်း၏ တာအိုဓားသိုင်းမှာလည်း အသိပညာဗဟုသုတ လိုအပ်၏။ ယခု ဖန်းယွင်ရှောင်၏ လက်ဟန်မုဒြာများတွင်လည်း မှော်သင်္ကေတ အပြောင်းအလဲ များစွာ ပါဝင်ပြီး နက်ရှိုင်းသော အသိပညာဗဟုသုတ မရှိဘဲ တတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
“မင်းသာ နန်းတွင်းကောလိပ်ကို မသွားဘဲ တာအိုဂိုဏ်းကို သွားခဲ့ရင် အဲဒီ တာအိုသခင် အဘိုးကြီးက သေချာပေါက် မင်းကို သဘောကျမှာပဲ…”
ဖန်းယွင်ရှောင်က အတိတ်ကို ပြန်သတိရသွားပြီး အားလျော့စွာ ပြောလိုက်၏။ “အဲဒီအဘိုးကြီးက ဘယ်လို မျက်လုံးနဲ့ ကြည့်ပြီး ငါ့မှာ မကောင်းတဲ့စိတ် ရှိတယ်လို့ ထင်ခဲ့တာလဲ မသိဘူး… တာအိုဂိုဏ်းမှာ ငါ ကောင်းကောင်း နေထိုင်ခဲ့တာပါ…”
ချင်မူက ချောင်းတစ်ချက်ဟန့်၍ မေးလိုက်သည်။ “အစ်ကိုကြီးဖန်းက ဂိုဏ်းကထုတ်ပယ်ခံပြီး နောက်ပိုင်းမှာ ဓားပြတစ်ယောက် ဖြစ်လာခဲ့တာ မဟုတ်ဘူးလား…”
ဖန်းယွင်ရှောင်က လက်ခုပ်လက်ဝါးတီး၍ တအံ့တဩ ရေရွတ်လိုက်၏။ “အဘိုးကြီးက တကယ် ဉာဏ်ပညာ ကြီးမားတာပဲ… နောင်တစ်ချိန်မှာ ငါ ဓားပြတစ်ယောက် ဖြစ်လာမှာ သိလို့ ငါ့တက်လမ်း မပိတ်အောင် ဂိုဏ်းကနေ ထုတ်ပယ်ပေးလိုက်တာ နေမယ်... ဒါပေမဲ့ တာအိုဂိုဏ်းမှာ ငါ ကောင်းကောင်း နေထိုင်ခဲ့တာပါ၊ သူ ဘယ်လိုများ သိတာလဲ မသိဘူး…”
ချင်မူ ပြောစရာစကား ရှာမရ ဖြစ်သွားသည်။ သူ ရုတ်တရက် အမှတ်ရပြီး မေးလိုက်၏။ “အစ်ကိုကြီးဖန်း၊ အစ်ကိုကြီးရဲ့ အက္ခရာသင်္ချာစွမ်းရည်က ဘယ်လို အခြေအနေ ရှိလဲ…”
ဖန်းယွင်ရှောင်က စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး ပြောလိုက်သည်။ “အစက ငါ အတော်လေး ကျွမ်းကျင်တယ်၊ ဒါပေမဲ့ ဒီလောက် နှစ်တွေအကြာကြီး ဓားပြတိုက်ခဲ့တော့ ငါ့သင်္ချာစွမ်းရည်တွေ တာအိုဂိုဏ်းကို ပြန်ရောက်သွားပြီ… တာအိုဂိုဏ်းမှာ ရွှမ်းနွီသင်္ချာကျမ်းနဲ့ ထိုက်ရွှမ်သင်္ချာကျမ်းက သင်ယူဖို့ မလွယ်ဘူး… အကုန်လုံး တတ်မှ တာအိုဂိုဏ်းရဲ့ တာအိုဓားဆယ့်လေးကွက်ကို သင်ယူနိုင်မှာ… အစက ငါ လေ့ကျင့်ခဲ့ပါသေးတယ်…”
ရုတ်တရက် သင်္ဘောဝမ်းထဲမှာ ခေါင်းတစ်လုံး ပြူထွက်လာပြီး အော်ဟစ်လိုက်၏။ “ခေါင်းဆောင်ကြီး၊ ကျုပ်တို့ ဆေးမီးဖို ပျက်သွားပြီ ထင်တယ်… အံ့ဖွယ်သုံးသွယ်ရဲ့တိုက်က မိန်းမက ဆေးမီးဖိုထဲ ပိုးကောင်တွေ လွှတ်ပြီး ဖျက်ဆီးခဲ့တာ…”
“မင်းကို ငါ ဘယ်နှခါ ပြောရမလဲ၊ ငါ့ကို ခေါင်းဆောင်ကြီးလို့ မခေါ်ပါတော့နဲ့ဆို… ငါ လူကောင်း ဖြစ်နေပြီကွ…”
ဖန်းယွင်ရှောင်က ခေါင်းကုတ်၍ လှည့်ပတ်ကြည့်ရှုလိုက်သည်။ “အားလုံးပဲ… ပန်းပဲပညာ တတ်တဲ့သူ ဆေးမီးဖို ပြင်တတ်တဲ့သူများ ပါကြသလား…”
ထိုအခိုက်၌ လှေဝမ်းထဲမှ ပေါက်ကွဲသံ ခပ်အုပ်အုပ် ထွက်ပေါ်လာ၏။ ဆေးဆရာအချို့က မည်းတူးနေသော မျက်နှာများနှင့် လှေဝမ်းထဲမှ ထွက်လာသည်။ “ဆေးမီးဖို ပေါက်ကွဲသွားပြီ…”
ဖန်းယွင်ရှောင်၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး ကျိန်ဆဲလိုက်၏။ “သောက်ကောင်မ၊ ခိုးကြောင်ခိုးဝှက်နဲ့ ယုတ်မာသွားတာ… သင်္ဘောကို ထားခဲ့လိုက်တော့၊ အားလုံးပဲ… အတူတူ ခုန်ချကြစို့…”
ချင်မူက ရှေ့တိုးသွားပြီး ပြောလိုက်သည်။ “ကျွန်တော်က ပန်းပဲပညာ နည်းနည်းပါးပါး တတ်ပြီး ဆေးပညာလည်း သင်ဖူးပါတယ်… တစ်ချက်လောက် ကြည့်ကြည့်လို့ ရမလား…”
ဖန်းယွင်ရှောင်က မယုံမကြည် မျက်နှာနှင့် သူ့နောက်မှ လှေဝမ်းထဲသို့ လိုက်လာသည်။ လှေဝမ်းက မီးတောက်များ စွဲလောင်နေပြီး ရက်စက်ကြမ်းတမ်းပုံပေါ်သော ဓားပြများက မီးငြှိမ်းသတ်နေကြ၏။ သို့သော်လည်း ဆေးမီးဖိုမှ ဆေးစွမ်းအင် အထောက်အပံ့ မရှိတော့သဖြင့် သင်္ဘော၏ အရှိန်က တဖြည်းဖြည်း နှေးကျလာပြီး အချိန်မရွေး ကောင်းကင်ယံမှ ပြုတ်ကျသွားတော့မလို ဖြစ်နေသည်။
ချင်မူက ရှေ့တိုး၍ ပျက်စီးသွားသော ဆေးမီးဖိုကို ကြည့်ရှုလိုက်၏။ ဤသို့သော ဆေးမီးဖိုမျိုးက စံကိုက်ဆေးမီးဖို ဖြစ်ပြီး သာမန် ဆေးမီးဖိုနှင့် ခြားနားသည်။ ထာဝရငြိမ်းချမ်းရေး အင်ပါယာ၌ သင်္ဘောကျင်းတစ်ခု ရှိပြီး မရေမတွက်နိုင်သော လုပ်သားများက သင်္ဘောတွင် အသုံးပြုနိုင်သော ဆေးမီးဖိုများကို နေ့ရောညပါ သွန်းလုပ်လျက်ရှိ၏။
ဤသို့သော ဆေးမီးဖိုမျိုးက စွမ်းအင်ကျောက်တုံးများနှင့် ဒါဇင်ချီသော ဆေးပင်များကို လောင်တိုက်သွင်း၍ ဆေးစွမ်းအင်များကို လိုအပ်သော စွမ်းအင်အဖြစ် ပြောင်းလဲပြီး သင်္ဘောနောက်မြီးပိုင်းရှိ ကြေးဝါသားရဲပိုက်များထံ ပို့ဆောင်သည်။ ထိုစွမ်းအင်က တရှိန်ရှိန် တောက်လောင်နေသော မီးတောက်မီးလျှံများအဖြစ် ပြောင်းလဲ၍ ကြေးဝါသားရဲများ၏ ပါးစပ်ပေါက်မှ မှုတ်ထုတ်ကာ သင်္ဘောကို လေပေါ်သို့ ပျံတက်နိုင်အောင် တွန်းကန်ပေး၏။
ဤဆေးမီးဖို၏ တည်ဆောက်ပုံက အလွန်တရာ ရှုပ်ထွေးလှပြီး နန်းတွင်းကောလိပ်၏ ကျွမ်းကျင်ပန်းပဲပညာရှင်များ ဖန်တီးထားသော ရတနာတစ်ပါး ဖြစ်သည်။ ဆေးမီးဖိုထဲတွင် ဆေးလုံးများ ဖော်စပ်ခြင်းအပြင် လူတစ်ယောက်၏ ကိုယ်တွင်းမှ အစာခြေစနစ်နှင့် ဆင်တူသည့် ဖွဲ့စည်းပုံ ပါဝင်ပြီး ဆေးစွမ်းအင်များကို ပေါက်ကွဲမှု စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိ၏။
ဤဆေးမီးဖိုများ ပျက်စီးသွားလျှင် ပုံမှန်အားဖြင့် ထာဝရငြိမ်းချမ်းရေး အင်ပါယာ၏ သင်္ဘောကျင်းမှ ပန်းပဲဆရာတစ်ယောက်ကို ခေါ်ယူ၍ ပြင်ဆင်ခြင်း၊ အသစ်လဲလှယ်ခြင်းများ ပြုလုပ်ရသည်။
“ပြင်လို့ ရနိုင်လား…” ဖန်းယွင်ရှောင်က စိုးရိမ်တကြီး မေးလိုက်၏။
ချင်မူက ဆေးမီးဖို၏ တည်ဆောက်ပုံကို ကြည့်ရှုစစ်ဆေးပြီး အကြမ်းဖျဉ်း နားလည်သဘောပေါက်သွားသည်။ “အရင်တုန်းက ပန်းပဲပညာကို သုံးလေးနှစ်လောက် သင်ဖူးပါတယ်… အမွှေးတိုင် တစ်တိုင်ထွန်းစာ အချိန်ရရင် ကျွန်တော် အသစ်တစ်လုံး သွန်းလုပ်နိုင်တယ်… သင်္ဘောက ဘယ်လောက်ကြာအောင် တောင့်ခံနိုင်သေးလဲ…”
“ချီစွမ်းအင်ကို သုံးပြီး တောင့်ခံထားရင် အမွှေးတိုင် တစ်တိုင်စာတော့ ရနိုင်ပါတယ်…”
ချင်မူက ဆေးမီးဖိုသွန်းလုပ်ရန် တစ်မုဟုတ်ချင်း စတင်လိုက်၏။ လက်တစ်ဖက်တွင် မီးငှက်ချီ၊ အခြားတစ်ဖက်တွင် လိပ်နက်ချီကို အသုံးပြု၍ မရေမတွက်နိုင်သော ဆေးမီးဖို အပိုင်းအစများကို သိမ်းကြုံးယူငင်ကာ သံရည်ပူများဖြစ်အောင် ကျိုလိုက်သည်။ ထို့နောက် အခြားလက်တစ်ဖက်မှ လိပ်နက်ချီဖြင့် လျင်မြန်စွာ အအေးခံပြီး ဆေးမီးဖို အစိတ်အပိုင်းများကို အဆောတလျင် သွန်းလုပ်၏။
အားလုံးမှာ မှင်တက်ငေးမောနေမိကြသည်။ ရုတ်တရက် သင်္ဘောက ယိမ်းထိုး၍ အောက်သို့ နိမ့်ဆင်းသွား၏။ ဖန်းယွင်ရှောင်မှာ ချင်မူ ဆေးမီးဖို သွန်းလုပ်သည်ကို ကြည့်မနေအားတော့ဘဲ လှေဝမ်းထဲမှ ပြေးထွက်၍ သူ၏ မီးလျှံဘူးသီးခြောက်ကို အသက်သွင်းကာ ခေါင်းကိုးလုံး ဇာမဏီငှက်အသွင် ပြောင်းပြီး သင်္ဘောကို ပင့်တင်လိုက်သည်။
သူက ခုနစ်စဉ်ကြယ်အဆင့် ပညာရှင်တစ်ယောက် ဖြစ်ပြီး သိပ်သည်းနက်ရှိုင်းသည့် ကျင့်စဉ်စွမ်းအင် ရှိသော်လည်း သင်္ဘောတစ်စီးလုံးကို ရှေ့ဆက် ခရီးနှင်နိုင်အောင် ပင့်တင်ထားရသည်မှာ အလွန်တရာ ခက်ခဲပင်ပန်းလှ၏။
အချိန်တရွေ့ရွေ့ ကုန်ဆုံးသွားသောအခါ ဖန်းယွင်ရှောင်မှာ ဖိအားဒဏ် မခံနိုင်တော့ဘဲ မျက်နှာတစ်ပြင်လုံး နီရဲလာသည်။ သူ့အနေဖြင့် ရှေ့ဆက် တောင့်ခံရန် ခက်ခဲသည်ထက် ခက်ခဲလာပြီး သင်္ဘောပေါ်ရှိ လူအားလုံးမှာလည်း အလွန်တရာ ထိတ်လန့်တုန်လှုပ်လာကြ၏။ ဖန်းယွင်ရှောင်သာ တောင့်မခံနိုင်တော့လျှင် သင်္ဘောက ပေတစ်သောင်းအမြင့်မှ ပြုတ်ကျ၍ သူတို့အားလုံး အရိုးတခြားအသားတခြား ဖြစ်သွားပေလိမ့်မည်။
ဖန်းယွင်ရှောင်မှာ ခံနိုင်ရည် ကုန်ဆုံးသွားပြီး ဆက်လက် တောင့်မခံနိုင်တော့။ ရုတ်တရက် သင်္ဘောနောက်ပိုင်းမှ ကြေးဝါသားရဲရုပ်နှစ်ရုပ်၏ ပါးစပ်မှ မီးတောက်မီးလျှံများ တိုးထွက်၍ တစ်စထက်တစ်စ မီးရှိန်ပြင်းလာသည်။ သင်္ဘောက ပြင်းထန်စွာ လှုပ်ယမ်းသွားပြီး ရှေ့သို့ အရှိန်အဟုန်မြှင့် ပျံထွက်သွား၏။
ဖန်းယွင်ရှောင်က သက်ပြင်းတစ်ချက်ချပြီး သူ၏ ခေါင်းကိုးလုံး ဇာမဏီငှက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သို့သော်လည်း သင်္ဘော၏ အမြန်နှုန်းက မြန်သည်ထက် မြန်လာပြီး ပတ်ဝန်းကျင်မှ အရာအားလုံး မှုန်ဝါးသည်အထိ တစ်ရှိန်ထိုး ပျံသန်းနေကြောင်း သူ တွေ့လိုက်ရ၏။ ယခင်ကထက် သုံးလေးငါးဆခန့် ပိုမြန်လာသည်။
သူ အံ့အားသင့်သွားပြီး ချင်မူ သင်္ဘောဝမ်းထဲမှ တက်လာသည်ကို မြင်သောအခါ အပြေးသွား၍ မေးလိုက်၏။ “ညီလေးချင်၊ ဘယ်လို ဆေးမီးဖိုမျိုး သွန်းလုပ်လိုက်တာလဲ…”
ချင်မူက ပြောလိုက်သည်။ “နဂိုဆေးမီးဖိုရဲ့ ပုံကြမ်းကို မမြင်ဖူးတာနဲ့ ကျွန်တော် သိနားလည်သလောက် သွန်းလုပ်လိုက်တာ… နဂိုတည်ဆောက်ပုံနဲ့ နည်းနည်းတော့ ကွဲလွဲနိုင်တယ်၊ ကျွန်တော်က ပန်းပဲပညာကို နှစ်နှစ်သုံးနှစ်ပဲ သင်ဖူးတာဆိုတော့…”
ဖန်းယွင်ရှောင် မည်သည်ကိုမျှ ခွန်းတုံ့မပြန်နိုင်မီ ဘုန်းခနဲ အသံတစ်သံ ထပ်မံ ထွက်ပေါ်လာပြီး သူတို့ စီးနင်းနေသည့် သင်္ဘောက အသံထက် မြန်သောနှုန်းဖြင့် လေထုကို ထိုးခွင်းပျံထွက်သွား၏။
“နောင်တော်ချင်၊ ဘယ်သူ့ဆီကများ ပန်းပဲပညာ သင်လာခဲ့တာလဲ…”
ဖန်းယွင်ရှောင်မှာ အံ့ဩဝမ်းသာနေသည်။ “အခုအချိန်ကစပြီး ငါ ဓားပြတိုက်ရင် ဘယ်သူများ မိအောင် လိုက်ဖမ်းနိုင်ဦးမှာလဲ…”
တာအိုဂိုဏ်းမှ တာအိုသခင်က ဖန်းယွင်ရှောင်တွင် အကြံအစည်ဆိုးများသာ ရှိသည်ဟု ပြောဆိုခဲ့ရသည့် အကြောင်းရင်းကို ချင်မူ ယခုမှ သဘောပေါက်သွား၏။