← Chapters

ခေါ်ယူမွေးစားခြင်း

Vol. 13 Ch. 174

ခေါ်ယူမွေးစားခြင်း

Vol. 13 Ch. 174

ချင်မူ၏ ကျောပိုးအိတ်ထဲမှ မြေခွေးလေးက မအောင့်အီးနိုင်တော့ဘဲ ခေါင်းပြူ၍ ပြောလိုက်သည်။ “ဒီက အစ်ကိုကြီးဖန်း၊ ရှင့်ရဲ့ သင်္ဘောက အခု သုံးလေးငါးဆ မြန်သွားပြီဆိုတော့ ခရီးသည်တင်တဲ့အလုပ်ကို အခေါက်ရေများများ ဆွဲပြီး ပိုက်ဆံပိုရနိုင်မယ်လို့များ မတွေးမိဘူးလား… ဓားပြတိုက်နေစရာ မလိုတော့ဘူးလေ…”

ဖန်းယွင်ရှောင်က ဟူလင်းအာကို စိတ်ပျက်လက်ပျက် မျက်လုံးလှန်ကြည့်လိုက်၏။ “ဘာလို့ ဒုက္ခခံနေမှာလဲ… အခု ငါ့သင်္ဘောက ဒီလောက် မြန်နေပြီပဲ၊ မြန်မြန် ဓားပြတိုက်နိုင်ပြီလေ… အရင်တုန်းက တစ်ရက်တစ်ကြိမ်လောက်ပဲ ဓားပြတိုက်နိုင်တာ၊ အခု သုံးလေးငါးကြိမ် တိုက်နိုင်ပြီ… ဓားပြတိုက်လို့ ရတဲ့ငွေက ခရီးသည်တင်လို့ ရတဲ့ငွေထက် အပုံကြီး ပိုသာတယ်… အေးချမ်းတဲ့ အချိန်မှာ ကုန်သွယ်သင်္ဘောတွေ ပိုများလို့ ဓားပြတိုက်လို့ ကောင်းတယ်၊ အခု တိုက်ပွဲတွေ ဖြစ်နေတော့ ကုန်သွယ်သင်္ဘော နည်းသွားလို့ ခရီးသည် တင်နေတာ… မြေခွေးမိစ္ဆာလေး၊ မင့်မှာ စီးပွားရေးဦးနှောက် မရှိသေးပါဘူး…”

ဟူလင်းအာမှာ ပြောစရာစကား လုံးဝ ရှာမရ ဖြစ်သွားသည်။

သင်္ဘော၏ အရှိန်က မြန်လွန်းသည့်အတွက် သင်္ဘောကိုယ်ထည်မှ တကျွီကျွီ မြည်သံများ ထွက်ပေါ်လာ၏။ လေထုဖိအားက ပိုပြင်းထန်လာသည်။ ဖန်းယွင်ရှောင် ပြန်စိုးရိမ်သွားပြီး သူ့လက်အောက်ငယ်သား ဓားပြအချို့ကို ခေါ်ဆောင်၍ သင်္ဘောကိုယ်ထည်တွင် ချီစွမ်းအင်ဖြင့် မှော်သင်္ကေတများ စီရင်မှတ်သားကာ တောင့်တင်းခိုင်မာအောင် ပြုလုပ်လိုက်၏။

ချင်မူ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ သူ့ခြေထောက်အောက်မှ သင်္ဘောက အချိန်မရွေး အပိုင်းပိုင်းအစစ ကွဲထွက်ပျက်စီးသွားနိုင်သည်ကို တွေးမိပြီး စိုးရိမ်လာ၏။

ကံကောင်းထောက်မစွာဖြင့် ခရီးလမ်းတစ်လျှောက်လုံး ပေါက်ကွဲပျက်စီးခြင်း မရှိခဲ့ပေ။

လမ်းတစ်လျှောက်၌ တိုက်ပွဲအချို့ ထပ်ကြုံသေးသော်လည်း တိမ်လိုက်ဓားပြသင်္ဘော၏ အရှိန်က မြန်လွန်းသည့်အတွက် နှစ်ဖက်တပ်ဖွဲ့များ မည်သည့်အရာမှန်း သဲသဲကွဲကွဲ မမြင်နိုင်မီတွင်ပင် အဝေးသို့ ရောက်ရှိသွားပြီး တအံ့တဩ ဖြစ်ကျန်ခဲ့ကြ၏။

ဖန်းယွင်ရှောင်မှာ ဖော်မပြနိုင်လောက်အောင် အံအားသင့်နေမိသည်။ ချင်မူ တည်ဆောက်ပေးသည့် ဆေးမီးဖိုက စွမ်းအားကြီးမားလွန်းပြီး ဤမျှ မြန်ဆန်သည့် ပျံသန်းနှုန်းကြောင့် မြို့တော်သို့ ခုနစ်ရက်၊ ရှစ်ရက်သွားရမည့် ခရီးမှာ တစ်ကျော်မျှနှင့် ရောက်ရှိသွား၏။

သို့သော်လည်း ချင်မူ တည်ဆောက်ပေးသည့် ဆေးမီးဖိုက အရည်အသွေးမြင့်သည့်အတွက် စွမ်းအင်ကျောက်တုံးနှင့် ပရဆေးပင်များ ကုန်ဆုံးနှုန်းက များပြားလှသည်။

မြို့တော်သို့ ရောက်သောအခါ နောက်တရက် နံနက်ခင်းအချိန် ရောက်နေပေပြီ။ သင်္ဘောက တဖြည်းဖြည်း အရှိန်လျော့ကျလာပြီး သင်္ဘောပေါ်ရှိ စွမ်းအင်ကျောက်တုံးများလည်း ကုန်ခန်းလုနီးပါး ရှိပြီ ဖြစ်၏။ ထို့နောက် အောက်သို့ တဖြည်းဖြည်း နိမ့်ဆင်း၍ မြို့တော်ရှိ စီးတော်ယာဉ်များ၊ သားရဲများ ငှားရမ်းရောင်းချရာ ဈေးအတွင်း သက်ဆင်းလိုက်သည်။

ဈေးထဲရှိ အရာရှိက စစ်ဆေးရန် ရောက်ရှိလာပြီး ဖန်းယွင်ရှောင်ကို မြင်သောအခါ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွား၏။ သူက အစောင့်တပ်သားများကို အော်ခေါ်တော့မည် ပြင်လိုက်စဉ် ဖန်းယွင်ရှောင် ကမန်းကတန်း ရှင်းပြလိုက်သည်။ “ကျုပ်က လူကောင်း ဖြစ်နေပါပြီ၊ လူကောင်း ဖြစ်နေပါပြီ… ဒီမှာ ကျုပ်တို့ သင်္ဘောရဲ့ တရားဝင် ခွင့်ပြုချက် မှတ်တမ်းပါ…’

ထိုအရာရှိက တစ်ချက် ကြည့်လိုက်၏။ အမှန်တကယ်ပင် နန်းတွင်းမှ ခွင့်ပြုချက် မှတ်တမ်း ဖြစ်သည်။ သူ တအံ့တဩ ပြောလိုက်၏။ “မင်းလို လူဆိုးဓားပြမျိုးကို ခေါင်းဖြတ်သတ်သင့်တာ၊ ဘာလို့ လူကောင်းဘဝ ခံယူခွင့် ပြုလိုက်ကြတာလဲ မသိဘူး…”

ဖန်းယွင်ရှောင်က ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ “နန်းတွင်းရဲ့ အကြင်နာ ကြီးမားမှုပါ၊ ကျုပ်မှာ ကျေးဇူးတင်လွန်းလို့ မျက်ရည်တောင် လည်မိတယ်…”

ချင်မူ သင်္ဘောပေါ်မှ ဆင်း၍ သွားတော့မည် ပြင်လိုက်စဉ် ဖန်းယွင်ရှောင်က အပြေးရောက်လာပြီး သူ့ပခုံးကို ပုတ်၍ ဟက်ခနဲ ရယ်မောလိုက်၏။ “ညီလေးချင်၊ နန်းတွင်းကောလိပ်မှာ နေလို့ ဘာများ တိုးတက်မှာလဲ… ငါ့နောက် လိုက်ခဲ့ပါလား၊ ငါတို့ အတူတူ လုပ်ငန်းကြီးတွေ လုပ်လို့ရတယ်…”

ချင်မူက ခေါင်းခါယမ်းလိုက်သည်။ “အစ်ကိုကြီးဖန်း ကျွန်တော် နန်းတွင်းကောလိပ်မှာ နေရတာက အစ်ကိုကြီး တာအိုဂိုဏ်းမှာ နေရသလို မဟုတ်ဘူး… အစ်ကိုကြီးက မကောင်းတဲ့ အကြံအစည်တွေပဲ ရှိတယ်လို့ သမုတ်ခံရပေမဲ့ နန်းတွင်းကောလိပ်က ကျွန်တော့်အပေါ် အမြင်ကောင်းတယ်၊ လူကောင်းတစ်ယောက်လို့ နာမည်ရထားတယ်…”

ဟူလင်းအာက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်၏။ “မကောင်းတဲ့ အကြံအစည်တွေပဲ ရှိတယ်ဆိုတဲ့ စကားက သခင်လေးနဲ့ ဘယ်လိုမှ မအပ်စပ်ဘူး…”

ဖန်းယွင်ရှောင်က သူအတွေးအကြံများကို စွန့်လွှတ်၍ ညည်းတွားလိုက်သည်။ “ညီလေးရဲ့ ပါရမီအရည်အချင်းနဲ့ ဓားပြတစ်ယောက် ဖြစ်မလာတာ နှမြောစရာပဲ… ဟုတ်ပြီ၊ ငါ တာအိုဂိုဏ်းက ထွက်လာတော့ ထိုက်ရွှမ်သင်္ချာကျမ်း တစ်အုပ် ခိုးလာတယ်၊ ညီလေးက အက္ခရာသင်္ချာကို စိတ်ဝင်စားတာဆိုတော့ လက်ဆောင်ပေးလိုက်မယ်…”

ချင်မူ ဝမ်းသာသွားပြီး ထိုက်ရွှမ်သင်္ချာကျမ်းကို ကမန်းကတန်း လှမ်းယူလိုက်၏။ “ဒီလို တန်ဖိုးကြီးတဲ့ လက်ဆောင်ကို ဘယ်လို လက်ခံနိုင်မှာလဲ… လင်းအာ မြန်မြန်ယူလိုက်စမ်း…”

ဟူလင်းအာက ထိုက်ရွှမ်သင်္ချာကျမ်းကို ကျောပိုးအိတ်ထဲသို့ အလျင်အမြန် ထိုးထည့်လိုက်သည်။

ဖန်းယွင်ရှောင်က ပြောလိုက်၏။ “တာအိုဂိုဏ်းက ဂိုဏ်းသားတွေ ထိုက်ရွှမ်သင်္ချာကျမ်း လေ့လာတာနဲ့ ပတ်သက်ပြီး တားမြစ်မထားဘူး… ဒီကျမ်းက ဂိုဏ်းသားတွေရဲ့ ဉာဏ်အလင်းကို ဖွင့်ပေးနိုင်တယ်… သင်္ချာကျမ်းတွေကို ကောင်းကောင်း တတ်ကျွမ်းမှ တာအိုဓားဆယ့်လေးခန်းကို သင်ယူနိုင်တာ… အရင်တုန်းက သင်္ချာတွက်ချက်မှုနဲ့ ပတ်သက်ပြီး ငါ့ပါရမီက မဆိုးတဲ့အတွက် တာအိုဓား ငါးခန်းထိ တတ်မြောက်ခဲ့တယ်… ဆဋ္ဌမဓားကွက်ကို မသင်နိုင်ခင် မောင်းထုတ်ခံရလို့ ဓားပြဖြစ်လာတာပဲ…”

ချင်မူက စိတ်ဝင်တစား မေးလိုက်သည်။ “အဆုံးမရှိသော လှုပ်ရှားမှုများကို ဆက်သွယ်သည့် အစက်အပြောက်၊ လမ်းနှစ်သွယ် ဝဲလည်လှည့်သည့် ယင်နှင့်ယန် ဓားကွက်က ဘယ်အခန်းလဲ…”

“ညီလေးချင်က အဲဒီဓားကွက်ကို သိတာလား…”

ဖန်းယွင်ရှောင် အံ့အားသင့်သွား၏။ “အဲဒါက တာအိုဓားဆယ့်လေးခန်းထဲက ပထမဆုံး ဓားကွက်ပဲ၊ ဓားကွက်ဆယ့်လေးကွက်ထဲမှာ အရိုးရှင်းဆုံးလို့ ပြောလို့ရတယ်… နောက်ဓားကွက်တွေ ရောက်လာတာနဲ့အမျှ ပိုပိုပြီး ခက်ခဲလာတယ်၊ ဒါပေမဲ့ စွမ်းအားကလည်း ပိုကြီးလာတယ်… ဆယ့်လေးကွက်မြောက် ဓားကွက်ကို အောင်မြင်အောင် လေ့လာနိုင်ရင် ဒီလောကတစ်ခွင်မှာ ပြိုင်ဘက်ကင်းပြီး နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်တယ်လို့ ဆိုကြတယ်… ဒါပေမဲ့ တာအိုဂိုဏ်းမှာ ဘယ်သူမှ မအောင်မြင်ဖူးဘူး…”

ချင်မူ့ရင်ထဲတွင် တုန်လှုပ်သွားသည်။ တာအိုဓားဆယ့်လေးကွက်၏ ပထမဓားကွက်ကပင် ဤမျှ စွမ်းအားကြီးမားလှပြီ ဖြစ်ရာ ဆယ့်လေးကွက်မြောက်ဆိုလျှင် မည်မျှပင် စွမ်းအားကြီးလိုက်မည်နည်း။

သူနှင့် တိုက်ခိုက်ခဲ့စဉ်အခါက တာအိုဓား ပထမအကွက်ကို တောက်ကျစ်လင်းရွှမ် အသုံးပြုခဲ့သည်။ တောက်ကျစ်လင်းရွှမ်ကို သူ အနိုင်ရခဲ့သော်လည်း တောက်ကျစ်လင်းရွှမ်က သူ့အားနည်းချက် နေရာအတိအကျကို တွက်ချက်၍ ဒဏ်ရာရအောင် စွမ်းဆောင်နိုင်ခဲ့၏။

တာအိုဓားဆယ့်လေးခန်းကို သူ စိတ်ဝင်စားမိသွားသည်။

ဖန်းယွင်ရှောင်ကို နှုတ်ဆက်၍ နန်းတွင်းကောလိပ်ရှိရာသို့ ပြန်လာရင်း ချင်မူ စဉ်းစားလိုက်မိ၏။ “ဖန်းယွင်ရှောင်က စိတ်ဝင်စားစရာ ကောင်းတဲ့လူပဲ… ဒီလို စိတ်ဝင်စားစရာ ကောင်းတဲ့လူမျိုး ဘယ်တော့များ ခေါင်းဖြတ်သတ်ခံရလိမ့်မလဲ… ဟူး… အခု ဂိုဏ်းချုပ်က အနားယူသွားပြီဆိုတော့ ဘယ်သူ ပါမောက္ခချုပ် ဖြစ်လာမလဲ မသိဘူး… ပါမောက္ခပါ့ရှန်များ ဖြစ်နိုင်မလား…”

ပါမောက္ခပါ့ရှန်က တော်ဝင်ကျောင်းတော်သားများ မွေးထုတ်၍ နန်းတွင်းကောလိပ်၏ အားနည်းချက်ကို ပြုပြင်ပြောင်းလဲရန် ကြံစည်ခဲ့သူ ဖြစ်သည်။ ချင်မူ၏ ရင်ထဲတွင် ပါမောက္ခချုပ်ရာထူးအတွက် သူ့ကို ထိပ်ဆုံးမှ ရွေးချယ်မိ၏။

သို့သော်လည်း အခြားလူများက သူ့လို စိတ်ထားမျိုး ထားချင်မှ ထားပေလိမ့်မည်။

တော်ဝင်ကျောင်းတော်သားများ မွေးထုတ်ရန်မှာ အလွန်တရာ အရေးပါလှသည်။ တာအိုဂိုဏ်းနှင့် မဟာမိုးခြိမ်းသံကျောင်းတော်ကဲ့သို့သော အထွတ်အမြတ်နယ်မြေများထက် သာလွန်နိုင်ရန် နန်းတွင်းကောလိပ်အတွက် ထိုအချက်က အရေးအကြီးဆုံး ဖြစ်၏။ ပါမောက္ခပါ့ရှန် ပါမောက္ခချုပ် ဖြစ်လာမှသာ ဤပြုပြင်ပြောင်းလဲမှုကို ရှေ့ဆက် တွန်းပို့နိုင်ပေလိမ့်မည်။

ချင်မူ နန်းတွင်းကောလိပ်၏ တောင်တံခါးမုခ်ဝသို့ ရောက်ရှိလာပြီး ဖြတ်အဝင်တွင် ရုတ်တရက် နောက်ပြန်ဆုတ်၍ မုခ်ဝ၌ စောင့်ကြပ်နေသော နဂါးချီလင်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်မိသည်။

ထိုနဂါးချီလင်က တောင်တံခါးမုခ်ဦးအောက်၌ လဲလျောင်းလျက်ရှိပြီး ရှေ့တူရူသို့သာ မလှုပ်မယှက် ကြည့်ရှုနေ၏။ သို့သော်လည်း သူ့လည်ပင်းတွင် သံကြိုးကွင်းများ မရှိတော့ချေ။

ချင်မူ ထပ်၍ ကြည့်လိုက်သော်လည်း နဂါးချီလင်က ရှေ့တူရူသို့သာ မျက်တောင်မခတ် ကြည့်နေသည်။ ၎င်းကို ကြည့်ရသည်မှာ ကျောက်တုံးမှ ထွင်းထုထားသည်နှင့်ပင် တူနေ၏။ သို့သော်လည်း ဤနဂါးချီလင်၏ လည်ပင်းမှ သွေးကြောများ စတင် ထောင်ထလာသည်။

“မင်း ဘာကြည့်တာလဲ…” နဂါးချီလင်က ခေါင်းလှည့်လာပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

ချင်မူက စပ်စုလိုက်သည်။ “မင့်လည်ပင်းမှာ သံကြိုးကွင်းတွေ မရှိတော့တာကို ဘာလို့ ထွက်မသွားသေးတာလဲ… ဘာအတွက် ဒီမှာ နေနေတာလဲ…”

နဂါးချီလင်က တိုးလျစွာ ပြန်ဖြေလိုက်၏။ “ငါ့မှာ တခြား သွားစရာ မရှိဘူး… ဒီနေရာမှာဆို လူတွေက ငါ့ကို အစာကျွေးကြတယ်၊ ဘာလို့ တခြားနေရာ သွားရမှာလဲ… ဒီမှာက ပိုသက်သောင့်သက်သာ ရှိတယ်…”

ဟူလင်းအာက ပြုံးလိုက်သည်။ “ဟေ့ကောင်ကြီး၊ နင် သိတာ စားဖို့သောက်ဖို့ပဲလား…”

နဂါးချီလင်က သူ့ကို တစ်ချက်ကြည့်၍ နှာခေါင်းရှုံ့လိုက်၏။ “မြေခွေးမိစ္ဆာက ချီလင်တစ်ကောင်ရဲ့ စိတ်ဆန္ဒကို ဘယ်သိမှာလဲ… ငါ ပြောပြရင်တောင် နင် နားလည်နိုင်မှာ မဟုတ်ဘူး…”

ဟူလင်းအာက ချင်မူ့ကို ပြုံး၍ ပြောလိုက်သည်။ “သခင်လေး၊ ဒီနဂါးချီလင်က ဒီနေရာမှာ နေ့တိုင်း ထိုင်နေရတာနဲ့ ထုံထိုင်းသွားပြီ… သူနဲ့ သွားပတ်သက်မနေတော့နဲ့…”

ချင်မူ တောင်ပေါ်သို့ တက်သွားတော့မည် ပြင်လိုက်စဉ် နဂါးချီလင်က ခပ်တွေတွေငေးမော၍ ခေါင်းငိုက်စိုက်ချလိုက်၏။ “ငါ့သခင်ကြီးက အနားယူသွားပြီ… ငါ့ကို ချန်ထားပြီး အဘိုးကြီးတစ်ယောက်နဲ့ ကိုယ်လွတ်ရုန်းသွားတာ… ငါ့မှာ တခြား သွားစရာ မရှိလို့ ဒီနေရာမှာပဲ နေပြီး မုခ်ဦးတံခါးကို စောင့်နေရတယ်… နေ့တိုင်းနေ့တိုင်း နွားသိုးတစ်ကောင် လာအနိုင်ကျင့်တာ ခံရတဲ့အပြင် အခု မြေခွေးတစ်ကောင်ကပါ လာလှောင်နေပြီ… အသက်ဆက်ရှင်ချင်စရာ အကြောင်းမရှိတော့ဘူး…”

ချင်မူ နောက်သို့ ခြေနှစ်လှမ်း ပြန်ဆုတ်လာပြီး နဂါးချီလင်၏ ရှေ့တွင် ရပ်၍ မေးလိုက်သည်။ “မင်းကို ဂိုဏ်းချုပ် မွေးထားတာလား… ငါတို့က တစ်ဂိုဏ်းထဲပဲပေါ့… ငါက နတ်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ပါ…”

နဂါးချီလင်က သူ့ကို သတိနှင့် ကြည့်၍ နှုတ်ခမ်း တွန့်ကွေးလိုက်၏။ “ဘယ်ဂိုဏ်းချုပ်၊ ဘယ်ဂိုဏ်းသခင်မှ ငါ မသိဘူး… မင်း ငါ့ကို မေ့ဆေးခပ်ထားတဲ့ ရန်ကြွေးတောင် ရှင်းရသေးတာ မဟုတ်ဘူး…”

ချင်မူ ပြုံးလိုက်သည်။ “တာအိုဂိုဏ်းက တောက်ကျစ်နဲ့ တိုက်ခိုက်ဖို့ လာတော့ ဂိုဏ်းချုပ်နဲ့ အတူတူ ငါ လျှောက်လာတာ မင်း မြင်တယ် မဟုတ်လား… ဂိုဏ်းချုပ်နဲ့ ငါ့ရဲ့ ဆက်ဆံရေးကို မင်း သိသင့်ပါတယ်… စိုးရိမ်နေစရာ မလိုပါဘူး…”

နဂါးချီလင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ “အဲဒါပြီးတော့ မင်း ငါ့ကို မေ့ဆေးခပ်ခဲ့တယ်လေ…”

ချင်မူ ရေရွတ်ပြောဆိုလိုက်သည်။ “အဲဒါ ဟိုနွားသိုးကို ရိုက်နှက်ဖို့ မင်း ငါ့ကို ခိုင်းတဲ့ အကျိုးဆက်လေ… ငါပဲ အရိုက်ခံခဲ့ရတယ်… အဲဒီနွားသိုးက ခွန်အားကြီးတယ်ဆိုတာ မင်း ငါ့ကို လုံးဝမပြောခဲ့ဘူး… ရန်ငြှိုးဆိုတာမျိုးက မွေးမထားဘဲ ချေဖျက်ပစ်တာ ပိုကောင်းပါတယ်…”

နဂါးချီလင်က ထပ်၍ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ “အဲဒါပြီးတော့ မင်း ငါ့ကို မေ့ဆေးခပ်ပြီး လက်စားချေခဲ့တယ်လေ…”

ချင်မူက သွေးတိုးစမ်းလိုက်သည်။ “ဒီလိုလုပ်မလား… အဲဒီ နွားသိုးကို ဒီခေါ်လာပြီး မင်းကို ရိုက်ခိုင်းမယ်လေ…”

နဂါးချီလင်က သူ့ကို ယုံကြည်ဟန် မရှိချေ။ “မင်းက ငါ့ကို မေ့ဆေး ထပ်ခပ်ချင်သေးတာလား…”

ချင်မူ မည်သို့ ပြောရမှန်းမသိ ဖြစ်သွားပြီး တောင်ပေါ်သို့သာ တက်သွားလိုက်၏။ ဤနဂါးချီလင်က ဉာဏ်တုံးလွန်းပြီး သူ မေ့ဆေးခပ်ခဲ့သည့် အကြောင်းကိုသာ အမှတ်ရနေသည်။

ရုတ်တရက် သူ့ခြေလှမ်းများကို ရပ်၍ နောက်ပြန်လှည့်ကြည့်လိုက်၏။ နဂါးချီလင်က နေရာမှ ခွာ၍ သူတို့နောက်သို့ ထက်ကြပ်မကွာ လိုက်လာသည်။ သူ့ခြေလှမ်းများ ရပ်သွားသည်ကို မြင်သောအခါ ထိုနဂါးချီလင်ကလည်း ရပ်လိုက်၏။

ချင်မူက ရှေ့ဆက်လျှောက်သွားသောအခါ နဂါးချီလင်ကလည်း ဆက်လျှောက်လိုက်လာသည်။ ချင်မူ ကျောက်စိမ်းတောင်ကမ်းပါးရှေ့တွင် ရပ်၍ နောက်ပြန်လှည့်ကြည့်လိုက်၏။

ထိုနဂါးချီလင်ကလည်း လိုက်ရပ်လိုက်သည်။

ချင်မူ ကျောက်စိမ်းတောင်ကမ်းပါးပေါ်သို့ ခုန်တက်လိုက်သောအခါ နဂါးချီလင်၏ ခြေထောက်အောက်တွင် မီးလျှံတိမ်တိုက်များ ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်ကို တောင်ကမ်းပါးပေါ်သို့ သယ်ဆောင်လာ၏။

ချင်မူ နောက်လှည့်ကြည့်၍ ပြုံးလိုက်သည်။ “မင်း ဘာလို့ ငါ့နောက် လိုက်နေတာလဲ… ငါက မင်းကို တစ်ခါပဲ မေ့ဆေးခပ်ပြီး နဂါးသွားရည် နည်းနည်းလေးပဲ ယူခဲ့တာလေ… အဲလောက် မုန်းတီးစရာ လိုလို့လား…”

“မင်း ငါ့ကို မေ့ဆေးခပ်ခဲ့တာ… အဲဒီတော့ ငါ့ကို အစာကျွေးရမယ်…” နဂါးချီလင်က အလေးအနက် ပြောလိုက်၏။

ချင်မူ မှင်တက်မိသွားပြီး မေးလိုက်သည်။ “မင်း အစောက ပြောတော့ နေ့တိုင်း အစာလာကျွေးတဲ့ လူတွေ ရှိတယ်ဆို… တောင်တံခါးမုခ်ဝမှာပဲ နေခဲ့လေ…”

နဂါးချီလင်က ခေါင်းငုံ့လိုက်၏။ “အဲဒါ အရင်တုန်းက သခင်ကြီး အစာလာလာကျွေးတာ… အခု သခင်ကြီး ထွက်သွားတော့ ဘယ်သူမှ ငါ့ကို ဂရုမစိုက်ကြတော့ဘူး… ပါမောက္ခချုပ်အသစ်က ငါ့ကို ကျောက်ရုပ်တုလို့ ထင်နေတာ၊ တခြား ဆရာတွေကလည်း ငါ့ကို ကျောက်ရုပ်တုလို့ ထင်နေကြတယ်… အစာတောင်းစားဖို့လည်း ငါ ရှက်တယ်… ငါ့ဖာသာလည်း ရှာမစားနိုင်ဘူး… ဟိုနွားသိုးကလည်း သူ့ခံစားချက်တွေကို လှည့်စားပါတယ် ဆိုပြီး ပါမောက္ခပါ့ရှန် အားကိုးနဲ့ ငါ့ကို လာလာအနိုင်ကျင့်တယ်…”

ချင်မူမှာ သူ၏ ဝမ်းနည်းကြေကွဲနေသော ပုံစံကို ကြည့်၍ စာနာသနားမိသွားသည်။ “ကောင်းပြီ၊ ကောင်းပြီ… ဝမ်းနည်းမနေတော့နဲ့… အခုအချိန်က စပြီး ငါ့နောက်လိုက်လုပ်… မင့်ကို အစာကျွေးဖို့ ငါ တာဝန်ယူတယ်… ငါ့မှာ ပိုက်ဆံရှိပါတယ်၊ မင့်အစာက ဘာလဲ…”

“ကျွန်တော်က တစ်နေ့ကို သွေးနီမီးလျှံ စွမ်းအင်ဆေးလုံး တစ်အိုးစားပြီး ကျောက်စိမ်းနဂါးရေကန်က ရေပဲ သောက်ပါတယ်…”

ချင်မူ သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပြီး ဟူလင်းအာမှာလည်း အသည်းအူများ တုန်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ကျောက်စိမ်းနဂါးရေကန်က နဂါးကိုးကောင် ချီစွမ်းအင်များ စုဝေးရာမှ ဖြစ်ပေါ်လာသော ရေကန် ဖြစ်သည်။ ထိုရေကန်ထဲတွင် ရေများစွာ ရှိသည် ဖြစ်၍ နဂါးချီလင် စိတ်ကြိုက် သောက်နိုင်သော်လည်း သွေးနီမီးလျှံ စွမ်းအင်ဆေးလုံး တစ်အိုးဆိုသည်က ကြောက်မက်ဖွယ် ဖြစ်၏။

“သခင်လေး၊ ကျွန်မတို့မှာ ရှိတဲ့ ငွေလေးက သူ့ကို လဝက်လောက် ကျွေးဖို့ပဲ တတ်နိုင်တယ်…”

ဟူလင်းအာက တီးတိုးပြောလိုက်သည်။ “သူ့ကို လက်မခံတာ ကောင်းမယ် ထင်တယ်နော်၊ မဟုတ်ရင် ကျွန်မတို့မှာ ရှိတာလေး သူ့ကြောင့် တက်တက်ပြောင်သွားလိမ့်မယ်…”

နဂါးချီလင်က ထိုစကားကို ကြားသောအခါ ကမန်းကတန်း ပြောလိုက်၏။ “ကျွန်တော် နည်းနည်းလောက်တော့ အငတ်ခံနိုင်ပါတယ်… တစ်နေ့ အိုးတစ်ဝက်လောက်ပဲ စားရရင် ရပါပြီ… မရသေးဘူးလား၊ အဲဒါဆို တစ်ပန်းကန်ရော… တစ်ပန်းကန်ထက်တော့ ပိုနည်းလို့ မရဘူး…”

ချင်မူက လက်ကာပြ၍ ပြောလိုက်သည်။ “ငါက ဆေးဆရာပဲ၊ အကုန်အကျ သက်သာအောင် သွေးနီမီးလျှံ စွမ်းအင်ဆေးကို ငါ့ဖာသာ ဖော်လို့ ရပါတယ်… မင်းစားနေကျ မလျော့စေရပါဘူး… ဒါပေမဲ့ မင်းကို အလကားတော့ ကျွေးမွေးမထားနိုင်ဘူး…”

နဂါးချီလင်က တစ်မုဟုတ်ချင်း အော်ဟစ်လိုက်၏။ “မင်း ငါ့ကို မေ့ဆေးခပ်ခဲ့တာလေ… ပြီးတော့ ငါတို့က တစ်ဂိုဏ်းတည်းကပဲ.. မင်းက ဂိုဏ်းသခင်ဆိုတော့ ငါ့ကို ကျွေးမွေးရမဲ့ တာဝန် ရှိတယ်… ငါက မင့်ဂိုဏ်းချုပ် မွေးထားတာပဲ…”

ချင်မူ ခေါင်းကိုက်သွားပြီး ပြောလိုက်သည်။ “မင်း ငါ့ကို နေ့တိုင်း နဂါးသွားရည် နည်းနည်းစီ ပေးရမယ်… မဟုတ်ရင် မင်းကို ငါ မွေးမထားနိုင်ဘူး…”

“နဂါးသွားရည် ဟုတ်လား…”နဂါးချီလင်က စိုးရိမ်သွား၏။

ချင်မူက ရှင်းပြလိုက်သည်။ “နဂါးသွားရည်ဆိုတာ မင်းရဲ့ သွားရည်ကို ပြောတာ…”

နဂါးချီလင်က တစ်ခုခုကို အထင်မှားနေမှန်း သိသာစွာ သက်ပြင်းချလိုက်၏။ “အဲဒါဆိုလည်း ကောင်းပြီလေ… ဒါနဲ့ သခင်လေး ပြောတော့ ဟိုနွားသိုးကို ခေါ်လာပြီး ကျွန်တော့်ကို ရိုက်ခိုင်းမယ်ဆို…”

ချင်မူက သတိပေးလိုက်သည်။ “ရလေလိုလေ အိုတစ္ဆေ မလုပ်နဲ့… မင်းက တစ်နေ့ သွေးနီမီးလျှံ စွမ်းအင်ဆေးလုံး အိုးတစ်ဝက်ပဲ စားချင်လို့လား…”

နဂါးချီလင်က ကမန်းကတန်း ပါးစပ်ပိတ်၍ သူ့ကို အစာကျွေးမည့်သခင် ပျောက်သွားမည် ကြောက်သည့်အလား နောက်မှ ထက်ကြပ်မကွာ လိုက်လာ၏။ ဟူလင်အာက ဤသတ္တဝါကြီးကို အသေအချာ ကြည့်လိုက်သည်။ ၎င်း၏ အလုံးအရပ်က မတ်တတ်ရပ်လိုက်လျှင် ချင်မူ့ထက် များစွာမြင့်မည် ဖြစ်၏။ ချင်မူက သူ့နဂါးမုတ်ဆိတ်ထိသာ ရှိသည်။ ရှည်လျားသော ချီလင်အမြီးကိုပါ ထည့်တွက်လျှင် ခေါင်းစခြေဆုံး ပေလေးဆယ်ငါးဆယ်ဆန့် ရှည်မည် ဖြစ်၏။

ဤနဂါးချီလင်၏ ကိုယ်ပေါ်တွင် မှော်သင်္ကေတကဲ့သို့ ထူးဆန်းသည့် ဖောင်းကြွပုံစံကွက်များ ဖုံးလွှမ်းနေပြီး ခန့်ညားထည်ဝါသည့် အသွင်သဏ္ဌာန် ရှိသည်။

“သူ အများကြီး စားနိုင်တာ အံ့ဩစရာတော့ မဟုတ်ဘူး… သူ့ကိုယ်က မောင်လေးနွားထက် အများကြီး ပိုကြီးတာပဲ… ပုံသဏ္ဌာန်အမှန်ကို ပြရင် ဘယ်လောက်များ ကြီးလိုက်မလဲ မသိဘူး…” ဟူလင်းအာက စိတ်ထဲမှ ကျိတ်၍ အံ့အားသင့်နေ၏။

ချင်မူက နဂါးချီလင်ကို တောင်ပေါ်သို့ ခေါ်လာပြီး ကျောက်စိမ်းနဂါးရေကန်မှ ရေကို အရင် သောက်စေသည်။ သူ့စိတ်ထဲမှ တွေးလိုက်၏။ “နဂါးသွားရည် တစ်ပုလင်းကို ဘယ်လောက်တန်လဲ ငါ မသိသေးဘူး… အနာကျက်စေနိုင်တဲ့ အဆင့်မြင့် ဆေးတစ်မျိုးဆိုတော့ ဈေးမပေါလောက်ဘူး ထင်ပါတယ်… ဒီကောင့်ကျွေးမဲ့ ဆေးပင်ဖိုးတော့ ကျေပါစေ ဆုတောင်းရမှာပဲ၊ မဟုတ်ရင် ငါ ပိုင်ဆိုင်သမျှ သူ စားတာနဲ့ ကုန်လိမ့်မယ်…”

All Chapters