← Chapters

သိုင်းကွက်အသားပေးပညာနှင့် မှော်ပညာ၏ အပြန်အလှန်အထောက်အကူပြုမှု

Vol. 13 Ch. 175

သိုင်းကွက်အသားပေးပညာနှင့် မှော်ပညာ၏ အပြန်အလှန်အထောက်အကူပြုမှု

Vol. 13 Ch. 175

နဂါးချီလင်က ရေသောက်ပြီးနောက် ချင်မူ့ကို ကြည့်လိုက်၏။ “နည်းနည်း ဆာသေးတယ်…”

“ငါ ဆေးသွားဖော်ပေးပါ့မယ်…”

ချင်မူက သွေးနီမီးလျှံ စွမ်းအင်ဆေးလုံး ဖော်ရန်အတွက် လိုအပ်သော ပရဆေးပင်များ ဝယ်ရန် နဂါးချီလင်ကို ဆေးစတိုသို့ ခေါ်သွားသည်။ ထိုအခိုက်၌ ကျောက်စိမ်းနဂါးရေကန်၏ တစ်ဘက်ကမ်းမှ တာအိုရသေ့တစ်ယောက်က သူတို့ကို လှမ်းကြည့်နေပြီး ချင်မူနှင့် နဂါးချီလင် ထွက်သွားသည်ကို မြင်သောအခါ တီးတိုးရေရွတ်လိုက်၏။ “ဒီနဂါးခြင်္သေ့က တောင်တံခါးမုခ်ဝရှေ့မှာ ချထားတဲ့ ကျောက်ရုပ် မဟုတ်ဘူးလား၊ ဘယ်လိုလုပ် အသက်ဝင်လာတာလဲ… ကျောက်စိမ်းနဂါးနန်းတော်ထဲကိုတောင် ရေသောက်ဖို့ ဝင်လာသေးတယ်… ဒီကောင်လေးကရော ဘယ်သူလဲ… ကျောက်စိမ်းနဂါးနန်းတော်ရဲ့ ရေက နန်းတွင်းတော်ဝင်မိသားစုကို ဆက်သဖို့ဆိုတာ မသိဘူးလား… ထားလိုက်ပါလေ၊ ရေကန်ထဲ ဆင်းမချိုးသေးသမျှ နည်းနည်းလောက် သောက်တာ ဘာပြဿနာမှ မရှိပါဘူး…”

ချင်မူ တော်ဝင်ခြံဝင်းအနီးမှ ဖြတ်အသွားတွင် ကျောင်းတော်သားများ ဝိုင်းအုံပြီး အော်ဟစ်အားပေးသံများ ဆူညံနေကြောင်း တွေ့လိုက်ရသည်။

အဝေးမှ လှမ်းကြည့်လိုက်သောအခါ ကျောင်းတော်သားအိမ်ရာမှ ကျောင်းတော်သားများပင် အပြေးလာရောက်ကြသည်ကို မြင်ရ၏။ ကောင်းကင်နတ်သိုင်းအိမ်ရာမှ ကောင်းကင်နတ်သိုင်း ပညာရှင်များလည်း ရောက်ရှိနေကြသည်။ တော်ဝင်ခြံဝင်းက တိုးမပေါက်အောင် စည်ကားနေ၏။

ရုတ်တရက် ဘုန်းခနဲ အသံကြီး ပေါ်ထွက်လာပြီး လူရိပ်တစ်ခု လေထဲတွင် လွင့်ဝဲကာ ခေါင်းစိုက်ကျသွားပြီး အသံတစ်သံ ကြားလိုက်ရသည်။ “နောက်တစ်ယောက် ရှုံးပြီ…”

ချင်မူ အလန့်တကြား ထခုန်လိုက်မိ၏။ မြေပြင်တွင် ခေါင်းစိုက်နေသူက တော်ဝင်ခြံဝင်းမှ မင်းသားတစ်ပါး ဖြစ်သည်။ မင်းသားဆိုသည်က နယ်စားဘုရင်ခံ၏ သားတော်ဖြစ်၏။ မည်သူကများ ဤမျှ အညှာကင်းမဲ့စွာ တိုက်ခိုက်ဝံ့လေသနည်း။

“ပညာ ဖလှယ်ချင်ပါတယ်…”

ချင်မူ အဝေးသို့ လျှောက်သွားစဉ် လူအုပ်ထဲမှ မိန်းကလေးသံ တစ်သံ ထွက်ပေါ်လာသည်။ ရုတ်တရက် ဘုန်းခနဲ အသံကြီး ထပ်ကြားရပြီး ဝတ်စုံစိမ်းနှင့် မိန်းမပျိုတစ်ဦး လေထဲတွင် လွင့်ဝဲ၍ မလှမ်းမကမ်းမှ လျှို့ဝှက်အလင်းခန်းမ နံရံနှင့် ဝင်ဆောင့်သွား၏။ သွယ်လျသော ခြေထောက်တစ်စုံသာ နံရံအပြင်တွင် ကျန်ရစ်ခဲ့သည်။

“ကြည့်ရတာ မင်းသမီးတစ်ပါး ထင်တယ်…”

ချင်မူ လူအုပ်ရှိရာသို့ နောက်ပြန်လှည့်ကြည့်၍ စိတ်ထဲမှ တွေးလိုက်၏။ “ဒီသိုင်းကွက်တွေက နည်းနည်း ရင်းနှီးနေသလိုပဲ၊ ကြည့်ရတာ ပါမောက္ခပါ့ရှန်ရဲ့ မှော်သိုင်းကွက်တွေ ထင်တယ်…”

ပါမောက္ခပါ့ရှန်က တစ်မူထားခြားသည့် မှော်သိုင်းကွက်ကို တီထွင်ပြီး သိုင်းကွက်အသားပေး လမ်းစဉ်နှင့် မှော်လမ်းစဉ်ကို ပေါင်းစည်းခဲ့သည်။ မှော်သိုင်းကွက်များက သိုင်းကွက်အသားပေး ပညာရပ်သက်သက်၊ မှော်လမ်းစဉ် ကောင်းကင်နတ်သိုင်းသက်သက်ထက် စွမ်းအားပိုကြီး၏။ ဤသို့ တီထွင်ဖန်တီးမှုကြောင့် ပါမောက္ခပါ့ရှန်မှာ ဂိုဏ်းချုပ်အဆင့် ထိပ်သီးပညာရှင်များ အကြားတွင် ဝင်ဆန့်ခဲ့သည်။ လက်ရှိသိုင်းလောက၌ မှော်သိုင်းကွက်အရာတွင် သူ့ကို မည်သူမျှ ကျော်ဖြတ်နိုင်ခြင်း မရှိချေ။

မှော်သိုင်းကွက်များ၏ တစ်ခုတည်းသော အားနည်းချက်မှာ သိုင်းကွက်အသားပေး ပညာရပ်သက်သက်၊ မှော်ပညာသက်သက်ကဲ့သို့ အလှည့်အပြောင်း များစွာ မပြုလုပ်နိုင်ခြင်း ဖြစ်၏။ ဤသည်မှာ ပါမောက္ခပါ့ရှန်က ဂိုဏ်းချုပ်အဆင့် ထိပ်သီးပညာရှင် တစ်ယောက် ဖြစ်လာသော်လည်း နောက်အဆင့်တစ်ခုသို့ ရှေ့ဆက် လှမ်းတက်နိုင်ခြင်း မရှိသေးသောကြောင့် ဖြစ်သည်။

“မိန်းကလေးယွိရှို့များလား… ဘာလို့ မင်းသား၊ မင်းသမီးတွေနဲ့ တိုက်ခိုက်နေတာလဲ မသိဘူး…”

နဂါးချီလင်က ဆာလောင်လွန်းသဖြင့် ခြေလှမ်းများ ယိုင်နဲ့၍ ဝမ်းဗိုက်ကြွက်သားများ ရှုံ့ဝင်နေ၏။ ချင်မူ တော်ဝင်ခြံဝင်းသို့ ဝင်ကြည့်လိုစိတ်ကို ချိုးနှိမ်၍ ပရဆေးပင်များ ဝယ်ရန်အတွက် ဆေးစတိုသို့သာ ဆက်သွားလိုက်သည်။ ဆေးစတိုမှ ဆေးဆရာက သူ့ကို ဆေးပင်များ ကမ်းပေးလိုက်၏။ ထိုအခါမှ ချင်မူ၏ နောက်မှ သတ္တဝါကြီးကို မြင်ပြီး မှင်တက်သွားသည်။

ချင်မူက နဂါးချီလင်ကို ခေါ်ဆောင်၍ လာရာလမ်းအတိုင်း ပြန်ခဲ့၏။ လမ်းတစ်လျှောက်တွင် ဆေးပင်များ၏ အာနိသင်ကို ပိုင်းခြားသုံးသပ်၍ သွေးနီမီးလျှံ စွမ်းအင်ဆေးလုံး တစ်အိုး ဖော်စပ်လိုက်သည်။

နဂါးချီလင်က အငမ်းမရ စားပစ်၏။ သို့သော်လည်း စွမ်းအင်ဆေးလုံး တစ်အိုးနှင့် သူ ဗိုက်မဝချေ။ သူ၏ တောင်းပန်တိုးလျှိုးသည့် အကြည့်ကြောင့် ချင်မူမှာ နောက်ထပ် ဆေးတစ်အိုး ထပ်မံ ဖော်စပ်ပေးရသည်။ ထိုအခါမှ ဤသတ္တဝါကြီး ဆာလောင်မွတ်သိပ်မှုများ ပြေပျောက်သွား၏။

နဂါးချီလင်က ရွှင်လန်းတက်ကြွသွားပြီး ချင်မူ့ဘေးမှ ပြုံးရင်း လိုက်လာသည်။ “အခုအချိန်ကစပြီး သခင်လေး လိုတာခေါ်ခိုင်းပါ၊ ကျွန်တော်က တိုက်ရေးခိုက်ရေးမှာ ကျွမ်းကျင်ပါတယ်…”

ချင်မူက ခေါင်းခါယမ်း၍ တော်ဝင်ခြံဝင်းသို့ လျှောက်သွား၏။ ဟူလင်းအာက သရော်စကား ဆိုလိုက်သည်။ “နွားသိုးတစ်ကောင်ကိုတောင် မတိုက်ရဲဘဲနဲ့ တိုက်ရေးခိုက်ရေးမှာ ကျွမ်းကျင်တယ်လို့ ပြောချင်သေးတယ်…”

နဂါးချီလင်မှာ တစ်မုဟုတ်ချင်း စိတ်ဓာတ်ကျသွား၏။

တောင်ဝင်ခြံဝင်း၏ ရှေ့တွင် လူစည်ကားနေဆဲ ရှိပြီး ပို၍ပင် များလာသည်။ ကျောင်းတော်သား တစ်ယောက် ပြောသံကို သူကြားလိုက်၏။ “တော်ဝင်ခြံဝင်းမှာ ဘယ်သူမှ သူ့ကို မနိုင်ဘူးလား… သတ္တမမင်းသမီးက အတွေ့အကြုံရအောင် အပြင်လောကကို ထွက်ပြီးကတည်းက သူမဟုတ်တော့သလို ပြောင်းလဲသွားတယ်… သိုင်းစွမ်းရည် တိုးတက်လာတာ အတော်လေး မြန်တာပဲ…”

“မှော်ပညာနဲ့ သိုင်းကွက်အသားပေး ပညာကို ပေါင်းစည်းနိုင်တဲ့အပြင် တော်ဝင်မိသားစုရဲ့ နဂါးကိုးကောင် ဧကရာဇ်ကျင့်စဉ်နဲ့ဆိုတော့ တော်ဝင်ခြံဝင်း တစ်ခုလုံးမှာ သတ္တမမင်းသမီးကို နိုင်မဲ့လူ မရှိတော့ဘူး… ကျောင်းတော်သားအိမ်ရာနဲ့ ကောင်းကင်နတ်သိုင်းအိမ်ရာကိုပါ စိန်ခေါ်နိုင်မယ် ထင်တယ်…”

“ကောင်းကင်နတ်သိုင်းအိမ်ရာတော့ မပြောတတ်ပေမဲ့ ကျောင်းတော်သားအိမ်ရာကိုတော့ သူ စိန်ခေါ်နိုင်မှာ မဟုတ်ဘူး… ကျောင်းတော်သားအိမ်ရာမှာ ဟိုမိစ္ဆာနတ်ဆိုးရှိတယ် မဟုတ်လား…”

“ဟုတ်တယ်… အဲဒီမိစ္ဆာနတ်ဆိုးကို မတွေ့တာတောင် သုံးလလောက် ရှိပြီ… အပြင်လောကမှာ သေသွားတာ ဖြစ်မယ်၊ နောက်ဆုံးတော့ ကျောင်းတော်သားအိမ်ရာရဲ့ အိပ်မက်ဆိုးကြီး အဆုံးသတ်သွားပြီပေါ့…”

“အဲမိစ္ဆာနတ်ဆိုးရဲ့ စွမ်းရည်က သတ္တမမင်းသမီးထက် သာချင်မှလည်း သာမှာပါ…”

…။

“ဘေးဖယ်၊ အားလုံး ဘေးဖယ်ကြပါ…”

ကျောင်းတော်သား အများစုမှာ နောက်ဘက်မှ အုတ်အုတ်ကျက်ကျက် အသံကြောင့် လှည့်ကြည့်လိုက်ပြီး ကျောက်ရုပ်သဖွယ် ဖြစ်သွားကြ၏။ နဂါးတစ်ဝက်၊ ချီလင်တစ်ဝက် သတ္တဝါကြီးက လမ်းပိတ်နေသော ကျောင်းတော်သားများကို တိုးဝှေ့၍ ဝင်လာသည်။ အချို့ကျောင်းတော်သားများမှာ နဂါးချီလင်၏ တိုးတိုက်မှုကြောင့် ဟန်ချက်ပျက်၍ လဲကျသွား၏။

ဤသတ္တဝါကြီးက အားလုံးကို တိုးတိုက်၍ တော်ဝင်ခြံဝင်း၏ ဝင်ပေါက်အထိ ရောက်လာပြီး လမ်းရှင်းလိုက်သည်။ ကျောင်းတော်သား အားလုံးမှာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မှင်တက်မိနေပြီး မသိစိတ်ထဲမှ ကြောက်ရွံ့တုန်လှုပ်သွားကြ၏။

တော်ဝင်ခြံဝင်းမှ အသိပညာ ဗဟုသုတ ကြွယ်ဝသော တော်ဝင်မျိုးနွယ်များပင် ခန့်ညားထည်ဝါသည့် နဂါးချီလင်ကို အကြည့်မလွှဲနိုင် ဖြစ်သွားကြသည်။

နဂါးချီလင်က သူ့ခန္ဓာကိုယ်ကို လှုပ်ခါ၍ နောက်လှည့်ကြည့်ပြီး ပြုံးလိုက်၏။ “သခင်လေး၊ ဒီမျက်စိမပါတဲ့သူတွေကို လမ်းရှင်းပြီးပါပြီ… ကြွပါ…”

ချင်မူက တော်ဝင်ခြင်းဝင်း၏ ဝင်ပေါက်ထံသို့ လျှောက်လှမ်းလာပြီး အပြစ်တင်စကား ဆိုလိုက်သည်။ “မျက်စိနောက်စရာ ဖြစ်ကုန်ပြီ၊ မျက်စိနောက်စရာ ဖြစ်ကုန်ပြီ… နောက်တစ်ခါ ဒီလို မလုပ်နဲ့… နောင်တော်၊ အစ်မတော်တို့ ခွင့်လွှတ်ပါ၊ ခွင့်လွှတ်ပါ…”

အားလုံး၏ မျက်နှာအမူအရာများ ကျောက်ရုပ်သဖွယ် ဖြစ်သွား၏။

ချင်မူ တော်ဝင်ခြံဝင်းသို့ လှမ်းကြည့်လိုက်သောအခါ လင်ယွိရှို့က ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာကို ပိတ်၍ မင်ယွဲ့မင်းသားနှင့် တိုက်ခိုက်နေသည်ကို တွေ့ရ၏။ မင်ယွဲ့မင်းသားမှာလည်း ပါမောက္ခပါ့ရှန် ရွေးချယ်ထားသော ကျောင်းတော်သား တစ်ယောက် ဖြစ်သည်။ တစ်ကွက်နှစ်ကွက်သာ ရှိသေး၏။ မင်းသားမင်ယွဲ့မှာ လင်ယွိရှို့ထံမှ ပြင်းထန်သည့် အားအဟုန်ကြောင့် လွင့်ထွက်သွားသည်။

လင်ယွိရှို့က ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာကို ပြန်ဖွင့်လိုက်၏။ နဂါးကိုးကောင်က သူ၏ ခန္ဓာကိုယ်တွင် ရစ်ပတ်၍ အားပြည့်အင်ပြည့်နှင့် ရဲရင့်ခန့်ညားသည့်အသွင် ပေါက်နေသည်။

ချင်မူ စိတ်ထဲမှ ကျိတ်၍ အံ့ဩမိ၏။ လိုလန်ရွှေနန်းတော်မှ ပြန်လာပြီးသည့်နောက်တွင် လင်ယွိရှို့၏ ကျင့်စဉ်စွမ်းအင်က ခုန်ပျံတိုးတက်လာသည်။ ထိုသုံးလဟူသော အချိန်ကာလအတွင်း၌ အခြားကျောင်းတော်သားများထက် များစွာ သာလွန်သွား၏။

လိုလန်ရွှေနန်းတော်၏ မုခ်ဦးတံခါးကို သွားပိတ်ပြီးသည့်နောက်တွင် လင်ယွိရှို့ အားသွန်ခွန်စိုက် ကြိုးပမ်းလေ့ကျင့်ခဲ့မှန်း ထင်ရှား၏။ နဂါးကိုးကောင် ဧကရာဇ်ကျင့်စဉ်ကို ပို၍ နက်နက်ရှိုင်းရှိုင်း လေ့ကျင့်ပြီး အခြေခံမခိုင်သည့် အားနည်းချက်ကိုပင် ဖာထေးနိုင်ခဲ့ချေပြီ။

ပါမောက္ခပါ့ရှန်၏ တစ်ဦးချင်း စွမ်းရည်အလိုက် သင်ကြားပေးမှုက နန်းတွင်းကောလိပ်မှ ဆရာများ၏ သင်ကြားမှုနှင့် ခြားနား၏။ သူက လင်ယွိရှို့၏ အားနည်းချက်ကို အာရုံစိုက် ပြုပြင်ပေးပြီး အကြီးအကျယ် ပြောင်းလဲတိုးတက်စေခဲ့သည်။

ချင်မူ တော်ဝင်ခြံဝင်းကို ဝေ့ဝဲကြည့်ရှုလိုက်သောအခါ ဤမင်းသမီး၏ လက်ချက်ကြောင့် ခြံဝင်းတစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်နေသည်ကို တွေ့ရ၏။ ထိုမျှ ကြမ်းတမ်းတတ်အောင် မည်သူ့ဆီကများ သင်ယူလာသည် မသိချေ။

“နွားကျောင်းသား…”

ချင်မူ့ကို မြင်သောအခါ လင်ယွိရှို့၏ မျက်လုံးများ အရောင်တောက်သွားပြီး တော်ဝင်ခြံဝင်းမှ မင်းသား၊ မင်းသမီးများကို လက်ဝှေ့ယမ်း၍ ပြုံးပြလိုက်၏။ “ဒီနေ့ နားတော့မယ်၊ နောက်ရက်မှ ဆက်တိုက်ကြတာပေါ့…” စကားဆုံးသည်နှင့် သူ ချင်မူ့ထံ လျှောက်သွားသည်။

ချင်မူက ချီးကျူးလိုက်၏။ “မိန်းကလေးယွိရှို့၊ မတွေ့တဲ့ တစ်လနှစ်လအတွင်းမှာ အတော်လေး စွမ်းအားကြီးလာတာပဲ…”

လင်ယွိရှို့က အံကြိတ်၍ ကြိမ်းမောင်းလိုက်သည်။ “ဒီရက်တွေ နင် ဘယ်ရောက်နေတာလဲ ဟမ်… ငါ့ကို စိတ်ပူရအောင် လုပ်တယ်…”

ထိုစကားပြောပြီးမှ ကမန်းကတန်း ဖာထေးလိုက်၏။ “ပါမောက္ခပါ့ရှန်ကလည်း နင့်ကို စိတ်ပူနေတယ်… နင် မသိသေးဘူးမလား၊ ပါမောက္ခချုပ် အနားယူသွားပြီးတော့ နောက်တက်လာတဲ့ ပါမောက္ခချုပ်အသစ်က ပါမောက္ခပါ့ရှန် မဟုတ်ဘူး… မာန်ဟုန်မြစ်နဂါးမင်းနန်းတော်ထဲက ငါနဲ့ တပ်မှူးလေးချင် ကယ်ထုတ်လာတဲ့ ရေခဲတုံးထဲက လူပဲ…”

“ရေခဲတုံးထဲကလူ ဟုတ်လား…”

ချင်မူ၏ ရင်ထဲတွင် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ကြည့်ရသည်မှာ ကူလင်းနွမ်များ ဖြစ်နေသည်လား။

လင်းယွိရှို့မှာ အတော်များများက သူတို့ကို ကြည့်နေကြကြောင်း မြင်မိသဖြင့် ရှက်အမ်းအမ်း ဖြစ်သွားပြီး တီးတိုးပြောလိုက်၏။ “ဒီမှာ လူတွေများတယ်… ငါ့အခန်းမှာ သွားပြောကြစို့…”

ချင်မူ ခေါင်းညိတ်၍ သူ့နောက်မှ လိုက်သွားသည်။ သူတို့နှစ်ယောက် တော်ဝင်ခြံဝင်းအတွင်း ဝင်သွားသောအခါ လူရိပ်တစ်ရိပ် ဖျတ်ခနဲ ရောက်ရှိလာ၏။ သူတို့၏ ရှေ့တွင် ချောမောခံ့ညားသော လူရွယ်တစ်ယောက် တင်းမာသော မျက်နှာထားနှင့် ရှိနေသည်။ “သတ္တမညီမလေး… မိန်းကလေးတစ်ယောက်ရဲ့ အခန်းထဲကို ဘယ်လိုလုပ် ယောက်ျားတစ်ယောက် ဝင်ခိုင်းလို့ ဖြစ်မှာလဲ… ငါ့အခန်းကို သွားကြစို့…’

လင်ယွိရှို့၏ မျက်နှာ နီသွားပြီး မရဲတရဲ ခေါင်းညိတ်လိုက်၏။

လင်ယွိရှုက မည်းမှောင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ “ကျောင်းတော်သားချင်၊ ကြွပါ…”

ချင်မူ နားမလည်နိုင် ဖြစ်နေမိ၏။ ဤတော်ဝင်မင်းသားကို မည်သည့်နေရာတွင် ထိပါးမိ၍ သူ့ကို အစိမ်းလိုက် ဝါးစားချင်သကဲ့သို့ ကြည့်နေရသနည်း။

တော်ဝင်ခြံဝင်းအတွင်းမှ လင်ယွိရှု၏ နေရာသို့ ရောက်ရှိလာသည်။ ဤနေရာက ယန်စီမြစ် တောင်ပိုင်းမှ ဥယျာဉ်တစ်ခုကဲ့သို့ ပြင်ဆင်ထားပြီး လွန်စွာ ကြော့ရှင်းသပ်ယပ်လှ၏။ တောင်ကုန်းတုလေးများက တကယ့်တောင်အစစ်များကဲ့သို့ မြင့်မားခြင်း မရှိသော်လည်း ၎င်းတို့ကြားတွင် စမ်းချောင်းလေးများ ရစ်ခွေစီးဆင်းနေသည်။ သစ်ပင်ပန်းမန်များ စိုက်ပျိုးထားသည့် ဥယျာဉ်က တောအုပ်တစ်အုပ်ကဲ့သို့ မကြီးမားသော်လည်း ဆိတ်ငြိမ်အေးချမ်းသည့် တောတွင်းလျှောက်လမ်းလေး ရှိ၏။ ကျောင်းတော်သားအိမ်ရာထက် အဆများစွာ သာလွန်ကောင်းမွန်သည်။

ဤနေရာက နန်းတော်အသေးစားလေးကဲ့သို့ ဖြစ်ပြီး နန်းတွင်းသူများက ဟိုမှသည် ကူးသန်းသွားလာ၍ စောင့်ကြိုနေကြ၏။

ထိုနန်းတွင်းသူများက ကောင်းကင်နတ်သိုင်း ပညာရှင်များ ဖြစ်ပြီး လှပရုံသာမဟုတ်၊ ထက်မြက်သော တိုက်ခိုက်ရေးစွမ်းရည်လည်း ရှိကြသည်။

လင်ယွိရှုက သူတို့ကို လှပသော ရှုမျှော်ခင်းနှင့် ကျယ်ဝန်းသော မြေပြင်အနေအထား ရှိသည့် စံအိမ်တစ်ခုသို့ ခေါ်ဆောင်သွား၏။ နန်းတွင်းသူများက အမွှေးတိုင်ထွန်းသည့် ခွက်များ ယူဆောင်လာပြီး စံအိမ်ဘေး၍ နေရာချ၍ အမွှေးတိုင်များ ထွန်းညှိလိုက်သည်။ သင်းပျံ့သော မွှေးရနံများ တလူလူ ထွက်လာ၏။

မလှမ်းမကမ်းမှ ကုချင်းသံ ပေါ်ထွက်လာသည်။ ဤကုချင်းသံက လွန်စွာ နှေးကွေးပြီး အဘိုးကြီးနှစ်ဦး စိတ်အေးလက်အေး စစ်တုရင် ထိုးနေသကဲ့သို့ စိတ်ခံစားမှုမျိုး ပေးစွမ်းနိုင်သည်။ ကြားထဲတွင် တစ်ခဏမျှ ရပ်တန့်သွားပြီးမှ သံစဉ်တစ်ခု၊ နှစ်ခု တီးခတ်ပြီး ကြားရသူအပေါင်း၏ စိတ်နှလုံးကို အလွယ်တကူ ငြိမ်းအေးစေ၏။

“ဒုတိယမင်းသားက တကယ့်ကို နေပုံထိုင်ပုံ အဆင့်အတန်း မြင့်မားတာပဲ…” ချင်မူက ချီးကျူးလိုက်သည်။

လင်ယွိရှု၏ မျက်နှာအမူအရာ ပျော့ပျောင်းသွား၏။ “ငါ့ရဲ့ သတ္တမညီမလေးကို မဟာတံတိုင်း အပြင်ဘက် သွားတဲ့ လမ်းခရီးမှာ ကြည့်ရှုစောင့်ရှောက်ခဲ့တဲ့အတွက် တော်ဝင်ကျောင်းတော်သားချင်ကို ကျေးဇူးစကား ဆိုရပါဦးမယ်… လိုလန်ရွှေနန်းတော်မှာ ကြုံရတဲ့ အကြောင်းအရာတွေကို သတ္တမညီမလေး ပြောပြလို့ တော်ဝင်ကျောင်းတော်သားချင်က ညီမတော်ကို အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့တယ်ဆိုတာ သိပြီးပါပြီ… ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး…”

လင်ယွိရှို့က ပြုံးလိုက်သည်။ “နွားကျောင်းသားက သိပ်စွမ်းအားကြီးတာ… သူ့ကို သေပြီ ထင်လို့ လိုလန်ရွှေနန်းတော်က မှော်ဆရာတွေရှေ့မှာ ငိုမိသေးတယ်…”

လင်ယွိရှု၏ မျက်ဝန်းထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွား၏။ သူ့ညီမက ငိုခဲ့သေးသည်တဲ့လား။ ဤအကြောင်းကို အစောက မပြောခဲ့ချေ။

“ပြဿနာ မရှိပါဘူးလေ၊ ဒါက အတန်းဖော်အချင်းချင်းကြားက ခင်မင်ရင်းနှီးမှုပါ… ငါ့ညီမက သူမွေးထားတဲ့ ကြောင်လေးတစ်ကောင် သေရင်တောင် ငိုသေးတာပဲ…” လင်ယွိရှု စိတ်ထဲမှ တွေးလိုက်သည်။

“နွားကျောင်းသားရဲ့ အဘိုးအဘွားတွေနဲ့တောင် တွေ့သေးတယ်၊ သူ့အဘိုးအဘွားတွေက ညီမလေးကို သိတတ်လိမ္မာတယ်လို့ သဘောကျနေကြတာ…” လင်ယွိရှို့က ပြုံးလိုက်၏။

လင်ယွိရှု၏ မျက်ဝန်းထောင့်စွန်းများ တွန့်ခနဲ ထပ်ဖြစ်သွားသည်။ သူ့ညီမက ချင်မူ၏ အဘိုးအဘွားများနှင့်ပင် တွေ့ခဲ့သေးသည်တဲ့လား။ ထိုအကြောင်းကိုလည်း မပြောခဲ့ဖူးပေ။

လင်ယွိရှို့က ဝမ်းသာအားရ ပြောလိုက်၏။ “ဒုတိယအစ်ကို… ပါမောက္ခပါ့ရှန်က တကယ့်ကို စွမ်းအားကြီးတာပဲ… သူ့နောက်လိုက်ပြီးမှ ညီမလေးရဲ့ သိုင်းစွမ်းရည်တွေ အကြီးအကျယ် တိုးတက်လာတာ… အစ်ကိုလည်း မြင်တယ်မလား… ပါမောက္ခပါ့ရှန်သာ ညီမလေးနဲ့ နွားကျောင်းသားကို ထပ်ခေါ်သွားရင် အစ်ကိုတောင် ညီမလေးကို နိုင်အောင်တိုက်နိုင်မှာ မဟုတ်တော့ဘူး…”

လင်ယွိရှုက ခေါင်းခါယမ်းလိုက်သည်။ “အဲအကြောင်း စုံစမ်းပြီးပြီ၊ ပါမောက္ခပါ့ရှန်က နောက်တစ်ခေါက် ထွက်ရင် တခြား လျာထားတဲ့ ကျောင်းတော်သားတွေကို ခေါ်မှာတဲ့…”

လင်ယွိရှို့ စိတ်ပျက်လက်ပျက် ဖြစ်သွား၏။

လင်ယွိရှုက ချင်မူ့ကို ကြည့်၍ ပြောလိုက်သည်။ “ခမည်းတော်က ကူလင်းနွမ်ကို ပါမောက္ခချုပ်အဖြစ် ခန့်အပ်လိုက်တယ်… ငါ ကြားတာတော့ မင်းနဲ့ ကူလင်းနွမ်ကြားမှာ ရန်ငြှိုးတွေ ရှိတယ်ဆို… ကူလင်းနွမ် ပါမောက္ခချုပ် ဖြစ်ပြီးတော့ နန်းတွင်းကောလိပ်က ဆရာတွေကို မင့်အကြောင်းမေးနေတာတဲ့…”

လင်ယွိရှို့က ပြုံလိုက်၏။ “သူတို့ရန်ငြှိုးအကြောင်း ညီမလေး သိတယ်… ကူလင်းနွမ်ရဲ့ အိမ်ရှေ့စံကိုယ်ရံတော်ဓားကို နွားကျောင်းသားက လှည့်စားပြီး ယူထားတာ… အဲ့ဒါကြောင့် သူက ရန်ငြှိုးထားနေတာ…”

လင်ယွိရှုက ပြောလိုက်သည်။ “တော်ဝင်ကျောင်းတော်သားချင်အနေနဲ့ ကူလင်းနွမ်ကို အိမ်ရှေ့စံကိုယ်ရံတော်ဓား ပြန်ပေးလိုက်တာ ကောင်းမယ်… သူက မိစ္ဆာလမ်းစဉ်ကလူ၊ စိတ်သဘောထား ကျဉ်းမြောင်းတဲ့ မိစ္ဆာလမ်းစဉ် ထိပ်သီးသိုင်းသမား တစ်ယောက်… ခမည်းတော်က သူ့ကို ပါမောက္ခချုပ်အဖြစ် ခန့်အပ်လိုက်တာဆိုတော့ ငါ ဘာမှ မပြောသာပေမဲ့ သူ့စိတ်သဘောထားက ပြီးခဲ့တဲ့ ပါမောက္ခချုပ်လောက် မကြီးမြတ်ဘူး… အဲ့ဒါကြောင့် မင့်ကို ဒုက္ခမပေးဘူးလို့ မပြောနိုင်ဘူး... မင်းတို့နှစ်ယောက်ကြားက ရန်ငြှိုးပြေပျောက်အောင် ငါ ကြားခံလုပ်ပြီး တွေ့ပေးလို့ ရတယ်… သူက ငါ့မျက်နှာတော့ ထောက်မှာပါ…”

ချင်မူက ခေါင်းခါယမ်းလိုက်၏။ “ကျွန်တော်တို့ မဟာမြို့ပျက်ရဲ့ ဥပဒေသမှာ ယူပြီးသား ပစ္စည်းကို ပြန်ပေးရိုးထုံးစံ မရှိဘူး…”

လင်ယွိရှုက ပြုံးတုံ့မပြုံးတုံ့ လုပ်၍ ပြောလိုက်သည်။ “ဒါပေမဲ့ ဒီနေရာက မဟာမြို့ပျက် မဟုတ်ဘူးလေ… သူက ပါမောက္ခချုပ်ဆိုတော့ မင်းကို လက်စားပြန်ချေချင်ရင် လွယ်လွယ်လေးပဲ…”

ချင်မူက တစ်ခဏမျှ စဉ်းစား၍ ပြန်ပြောလိုက်၏။ “ကူလင်းနွမ်က သူ့ကိုယ်သူ အိမ်ရှေ့မင်းသားရဲ့ အငယ်တန်းကိုယ်ရံတော်လို့ ပြောတာ ကျွန်တော် ကြားဖူးတယ်… အိမ်ရှေ့မင်းသားရဲ့ ကိုယ်ရံတော်ဆိုတာ သူ့ငယ်ဘဝဆရာပဲ မဟုတ်လား… ဒုတိယမင်းသား၊ ကူလင်းနွမ်က မင်းသားကို မျက်နှာသာပေးလိမ့်မယ် ထင်လို့လား…”

လင်ယွိရှု၏ ရင်ထဲတွင် တုန်ခါသွားသည်။

ချင်မူက ဆက်ပြောလိုက်၏။ “ဒုတိယမင်းသား၊ သူသာ ရန်ငြှိုးကို ဖြေဖျောက်ချင်တယ်ဆိုရင် မဟာမြို့ပျက်ရဲ့ ထုံးစံကို ဖျက်ပြီး အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ပြန်ပေးဖို့ ကျွန်တော့်အတွက် ပြဿနာရှိပါဘူး… ဒါပေမဲ့ အိမ်ရှေ့စံကိုယ်ရံတော်ဓား ပြန်ပေးလိုက်ရင်တောင်မှ သူ့ရန်ငြှိုးကို ချေပစ်မှာ မဟုတ်သလို မင်းသားကိုလည်း မျက်နှာသာပေးမှာ မဟုတ်ဘူး… ပြီးတော့ ဒုတိယမင်းသားကိုယ်တိုင်လည်း ကူလင်းနွမ်က အခက်တွေ့အောင် လုပ်လာမှာ စိုးရိမ်နေတာ မဟုတ်လား…”

All Chapters