ပါမောက္ခချုပ်ကူ
Vol. 13 Ch. 176
လင်ယွိရှု၏ မျက်နှာအမူအရာ ပြောင်းသွား၏။ ချင်မူ့စကားက သူ စိုးရိမ်နေသည့်ကိစ္စ အမှန်ပင် ဖြစ်သည်။
ကူလင်းနွမ်က အိမ်ရှေ့မင်းသား၏ ငယ်ဘဝဆရာ ဖြစ်၏။ အိမ်ရှေ့မင်းသားက သူ့ထက် အသက်ပိုကြီးပြီး အိမ်ရှေ့စံနေရာကို ရယူထားသည်။ တော်ဝင်မင်းသားတစ်ယောက်နှင့် သာမန်အရပ်သားတစ်ယောက်က မိုးနှင့်မြေပမာ တစ်ကမ္ဘာစီ ခြားနေသည်ဟု ဆိုလျှင် အိမ်ရှေ့မင်းသားနှင့် ရိုးရိုးတော်ဝင်မင်းသား တစ်ယောက်မှာလည်း မိုးနှင့်မြေပမာ ကွာခြားသည်ဟု ဆိုနိုင်၏။
ကူလင်းနွမ်က သေချာပေါက် သူ့ကို မျက်နှာသာ မပေးမည့်အပြင် တမင်သက်သက်ပင် ဒုက္ခပေးပေလိမ့်ဦးမည်။
ယခု ထိုအတွေးက သေချာသွားချေပြီ။
“မင်းနဲ့ ကူလင်းနွမ်ကြားက ကိစ္စကို ငါ ဝင်မပါတော့ပါဘူး…”
လင်ယွိရှုက ဆုံးဖြတ်ချက်ချလိုက်၏။ “ဒါပေမဲ့ သတိတော့ထား၊ ကူလင်းနွမ်က ပြီးခဲ့တဲ့ ပါမောက္ခချုပ်လို မဟုတ်ဘူး… ပညာရေး အခြေခံခိုင်တာရဲ့ ရေရှည်အကျိုးဆက်ကို မြင်နိုင်တဲ့အထိ အမြင်မကျယ်ဘူး…”
ချင်မူက ခေါင်းညိတ်လိုက်သည်။ “ဒုတိယမင်းသား မပူပါနဲ့၊ ကူလင်းနွမ်က အလွန်ဆုံး ဒုက္ခပေးရုံလောက်ပါပဲ… အဲထက် လွန်မလာရဲပါဘူး…”
လင်ယွိရှုမှာ ထူးဆန်းသော အမူအရာ ဖြစ်သွား၏။ ချင်မူ၏ လေသံက ကြီးကျယ်လှသည်။ မည်သည့်နေရာကများ ဤသို့သော ယုံကြည်မှုမျိုး ရလာသနည်း။
“ကြည့်ရတာ သူနဲ့ သတ္တမညီမလေးများ…”
သူ့ခေါင်းထဲတွင် မကောင်းသည့် အတွေးတစ်ခု ဝင်လာ၏။ ချင်မူသာ ဧကရာဇ်၏ သားမက်ဆိုလျှင် ကူလင်းနွမ်ကို ကြောက်နေဖို့ မလိုတော့သည် မဟုတ်လား။
လင်ယွိရှု တစ်ခဏမျှ ငြိမ်ကျသွားပြီးနောက် ပြောလိုက်သည်။ “ငါ နန်းတွင်းကောလိပ်ကနေ ထွက်ပြီး နယ်စပ်က တပ်ဖွဲ့တွေကို ဦးဆောင်ဖို့ စီစဉ်ထားတယ်… ငါက နယ်လှည့်တပ်ဖွဲ့ရဲ့ တပ်မှူးဆိုတော့ အမှုထမ်းတာဝန်က ငါ့ပခုံးပေါ်မှာ ရှိတယ်… ပြီးတော့ ငါ့အသက်အရွယ်က တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ရတော့မဲ့ အရွယ် ရောက်နေပြီ… ဒါပေမဲ့ တစ်ခုစိတ်ပူတာက သတ္တမညီမတော်ကိုပဲ…”
ချင်မူက နှစ်သိမ့်လိုက်၏။ “မပူပါနဲ့ ဒုတိယမင်းသား၊ ကျွန်တော် ရှိပါတယ်…”
လင်ယွိရှု၏ မျက်ဝန်းထောင်စွန်းများ တွန့်ခနဲ ဖြစ်သွားပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။ “အဲဒါကို ငါ စိတ်ပူတာပဲ…”
ချင်မူက သူတို့မောင်နှမနှင့် တစ်ခဏမျှ ပြောဆိုပြီးနောက် နှုတ်ဆက်စကား ဆိုလိုက်၏။ “ကျွန်တော် ခရီးကနေ ပြန်လာတာ… အထုပ်အပိုးတွေတောင် မချရသေးဘူး… ကျောင်းတော်သားအိမ်ရာကို အရင် ပြန်ရဦးမယ်…”
လင်ယွိရှုက သူ့ကို တော်ဝင်ခြံဝင်းအပြင်ထိ လိုက်ပါပို့ဆောင်၏။ တစ်ခဏမျှ နှုတ်ဆိတ်နေပြီးနောက် လင်ယွိရှို့ကို ပြောလိုက်သည်။ “တော်ဝင်ကျောင်းတော်သားချင်ရဲ့ စိတ်နေစိတ်ထားက လူငယ်လေးတစ်ယောက်လို မဟုတ်ဘူး… အရာရာကို ရှင်းရှင်းလင်းလင်း ရှုမြင်နိုင်တယ်… အနာဂတ်မှာ အတော်လေး စွမ်းဆောင်နိုင်တဲ့သူ ဖြစ်လာမှာပဲ… အစောက သူ့စကားက ငါ့ရင်ထဲထိ ရောက်တယ်…”
လင်ယွိရှို့က တဟားဟား အော်ဟစ်ရယ်မောလိုက်၏။ “သူက လူကြီးတစ်ယောက်လိုပဲလို့ ဘယ်သူပြောတာလဲ… ဘာမှ သိတဲ့ကောင် မဟုတ်ဘူး၊ ညီမလေးကိုတောင် ဝတယ်လို့ ပြောသေးတယ်… စကားလှအောင် ဘယ်လိုပြောရမယ် ဆိုတာတောင် မသိတဲ့ကောင်…”
လင်ယွိရှုက ခေါင်းခါယမ်းလိုက်သည်။ “ငါ ခမည်းတော်ဆီ စာလွှာ ရေးပြီး နန်းတွင်းကောလိပ်က ထွက်သွားတော့မယ်… ကျောင်းတော်သား ဆက်လုပ်လို့ ဖြစ်မှာ မဟုတ်တော့ဘူး… အခု ကူလင်းနွမ်က ပါမောက္ခချုပ် ဖြစ်လာပြီဆိုတော့ ညီမလေးကိုလည်း ပစားပေးမှာ မဟုတ်ဘူး… နန်းတွင်းကောလိပ်မှာ မနေနိုင်ရင် ငါနဲ့အတူတူ နယ်စပ်ကို လိုက်ခဲ့လို့ ရတယ်…”
လင်ယွိရှို့က ခေါင်းညိတ်လိုက်၏။ “စိတ်မပူပါနဲ့ ဒုတိယအစ်ကို… ဒီမှာ ဆက်မနေနိုင်ရင် နယ်စပ်မှာ အစ်ကိုတော့်ကို သေချာပေါက် လာရှာပါ့မယ်… အခုတော့ ပါမောက္ခပါ့ရှန်နဲ့ ဆက်လေ့ကျင့်ချင်သေးတယ်…”
လင်ယွိရှု့က သူ့ညီမစိတ်ထဲတွင် မည်သည်ကို တွေးနေကြောင်း အတပ်သိသည်။ သို့သော်လည်း မည်သည်မျှ မပြောသာဘဲ ခေါင်းကိုသာ တွင်တွင်ယမ်းလိုက်၏။
ချင်မူက ကျောင်းတော်သားအိမ်ရာသို့ ပြန်ရောက်လာသည်။ ကြီးမားသော ကိုယ်လုံးနှင့် နဂါးချီလင်က သူ့နောက်မှ လိုက်လာ၏။ သူတို့၏ နောက်ဘက်တွင်တော့ ကျောင်းတော်သားအိမ်ရာမှ ကျောင်းတော်သား အများစုက မနာလိုစွာ စိုက်ကြည့်နေကြသည်။
ယွင်ချွယ်က အပြုံးတစ်ခုနှင့် အနားတိုးကပ်လာ၏။ “အစ်မတော်မြေခွေးလေး… ငွေစုထားတာ ပြည့်သွားလို့၊ ငါ့သင်္ကန်းလေး ပြန်ရွေးလို့ ရမလား…”
ဟူလင်းအာက ငွေအိတ်ကို ယူ၍ ဖွင့်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ “ခဏစောင့်… သွားယူလိုက်ဦးမယ်…”
ယွင်ချွယ်က ကျေးဇူးတင်မဆုံး ဖြစ်သွား၏။
ဟူလင်းအာက ယွင်ချွယ်၏ သင်္ကန်းသွားယူရင်း အော်ဟစ်လိုက်သည်။ “အကြွေးရှိတဲ့သူတွေ အကြွေးလက်မှတ် ပြန်ရွေးဖို့ ငွေမြန်မြန် ယူခဲ့ကြနော်…”
တစ်ခဏ ကြာပြီးသောအခါ ကျောင်းတော်သားအချို့ မကျေမချမ်း အမူအရာနှင့် အကြွေးပြန်ဆပ်ရန် ရောက်လာကြ၏။ ဟူလင်းအာက ဝမ်းသာအားရ ပြောလိုက်သည်။ “နောက်တစ်ခါ သခင်လေးရဲ့ ရိုက်နှက်တာ ခံရရင် နှစ်ဆယ်ရာခိုင်နှုန်း လျှော့ပေးမယ်…”
ကျောင်းတော်သားတစ်ယောက်က ခေါင်းခါယမ်းလိုက်၏။ “တော်ဝင်ကျောင်းတော်သားချင်က ဆဋ္ဌမအဆင့် နန်းတွင်းအရာရှိ ဖြစ်နေပြီ… ဘယ်သူက စိန်ခေါ်ရဲတော့မှာလဲ…”
ဟူလင်းအာမှာ တစ်ခဏမျှ ကျောက်ရုပ်သဖွယ် ဖြစ်သွားပြီး ချင်မူ့ဘက် လှည့်၍ ပြောလိုက်သည်။ “သခင်လေး၊ ကျွန်မတို့ ဝင်ငွေရလမ်း ပိတ်သွားပြီ… ပိုင်ဆိုင်သမျှ ပြောင်တလင်းခါလိမ့်မယ်၊ ဒီကောင်ကြီးကို မွေးလို့ မဖြစ်တော့ဘူး…”
နဂါးချီလင်မှာ ခေါင်းပုဝင်သွားပြီး တီးတိုးရေရွတ်လိုက်၏။ “တစ်ရက် သွေးနီမီးလျှံ စွမ်းအင်ဆေးလုံး တစ်ပုလင်းလောက်ဆိုလည်း ရပါတယ်၊ စားဖို့ ရတယ် ဆိုရင်ကို…”
ချင်မူက နှစ်သိမ့်လိုက်သည်။ “မပူပါနဲ့၊ မင်းကိုငါ မွေးနိုင်ပါတယ်… ဒါနဲ့ မင့်မှာ သွားရည်နည်းနည်းလောက် ရှိသေးလား... ငါ့ကို တစ်ပုလင်းလောက်ပေး၊ ရောင်းလို့ရမလား ကြည့်ကြည့်ဦးမယ်…”
ဟူလင်းအာက ကျောက်စိမ်းပုလင်းတစ်လုံး ယူလာပြီး နဂါးသွားရည်များ ခံလိုက်၏။ ချင်မူက ထိုပုလင်းကို လုံခြုံစွာ သိမ်းဆည်း၍ သူတို့နှစ်ယောက်ကို အိမ်တွင် နေခဲ့ရန် မှာကြားပြီး နန်းတွင်းကုသရေးခန်းမသို့ သွားလိုက်သည်။ နန်းတွင်းသမားတော်အိုကြီးများက ခန်းမထဲတွင် ဆေးနည်းများ ရှာဖွေနေ၏။ ချင်မူ့ကို မြင်သောအခါ ဝမ်းသာသွားကြသည်။ “နတ်ဆေးသမားတော်လေး ပြန်ရောက်လာပြီပေါ့… ဒီနေ့ ဘာဆေးဖော်မလို့လဲ… မေ့ဆေးတို့၊ အဆိပ်တို့ဆိုရင် ကြိုပြောဦးနော်…”
ချင်မူက နန်းတွင်းသမားတော်များကို နှုတ်ဆက်၍ ပြောလိုက်၏။ “ဆေးစမ်းဖို့အတွက် သမားတော်ကြီးတို့ကို လာရှာတာပါ…” ပြေပြောဆိုဆိုနှင့် ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ယူလိုက်သည်။
နန်းတွင်းသမားတော်များမှာ ထိုကျောက်စိမ်းပုလင်းကို မြင်သောအခါ အကြီးအကျယ် မျက်နှာပျက်သွား၏။ နန်းတွင်းသမားတော်ယွီက အသံတုန်တုန်နှင့် မေးလိုက်သည်။ “ဒီပုလင်းကို ငါ မှတ်မိတယ်… နောက်ထပ် မေ့ဆေးတစ်မျိုးလား…”
“မဟုတ်ပါဘူး၊ ဒါက အနာကျက်ဆေးပါ…”
ချင်မူ့စကား ကြားသောအခါ နန်းတွင်းသမားတော်ယိုက ဓားမသေးသေးလေး တစ်လက်ကို ထုတ်ယူ၍ တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် နန်းတွင်းသမားတော်တင်း၏ လက်မောင်းကို ဖျတ်ခနဲ လှီးချလိုက်ရာ သွေးများ ပန်းထွက်လာ၏။
နန်းတွင်းသမားတော်တင်းမှာ ဒေါသခြောင်းခြောင်းထသွားပြီး ပေါက်ကွဲတော့မည် ပြင်လိုက်စဉ် ချင်မူက လှစ်ခနဲ တိုးကပ်သွားသည်။ ထို့နောက် ကျောက်စိမ်းပုလင်းကို အဖုံးဖွင့်၍ နဂါးသွားရည် အနည်းငယ်ကို ဒဏ်ရာပေါ် သုတ်လိမ်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်း အနာကျက်၍ အမာရွတ်ပင် ထင်ကျန်ခြင်း မရှိဘဲ အကောင်းပကတိ ပြန်ဖြစ်သွား၏။
နန်းတွင်းသမားတော်များမှာ အံ့အားသင့်သွားပြီး တစ်မုဟုတ်ချင်း စုရုံးရောက်ရှိလာကြသည်။ နန်းတွင်းသမားတော်ယွီက မေးလိုက်၏။ “ဒီအနာကျက်ဆေးက ဘယ်လောက်ထိ ကုလို့ရလဲ… ခြေကျိုး၊ လက်ကျိုးတွေရော ပြန်ဆက်လို့ ရလား…”
ချင်မူ ခေါင်းညိတ်လိုက်သည်။ “ဆက်လို့ရတယ်… ခါးလည်ကနေ ခုတ်ဖြတ်ခံထားရတဲ့သူကိုတောင် ဒီဆေးနဲ့ ပြန်ဆက်ပေးထားလို့ အကောင်းပကတိ ဖြစ်နေပြီ… ဒါပေမဲ့ ဒီဆေးက အထောက်အကူအနေနဲ့ပဲ… အရွတ်အဆစ်တွေ၊ အာရုံကြောတွေကတော့ တစ်ခုချင်း ပြန်ဆက်ပေးရတယ်… အဲအတွက် ကျွမ်းကျင်မှုတော့ လိုတာပေါ့…”
နန်းတွင်းသမားတော်တင်း ဘေးသို့ လှည့်ကြည့်သောအခါ နန်းတွင်းသမားတော်ယိုက သူ့ဓားမ ထပ်၍ ပင့်မြှောက်လာသည်ကို တွေ့မိသဖြင့် ကမန်းကတန်း အော်ဟစ်လိုက်၏။ “မင်း ငါ့ကို ထပ်ခုတ်ရဲ ခုတ်ကြည့်၊ မင့်တစ်မိသားစုလုံးကိုအဆိပ်ခပ်ပစ်မယ်…”
နန်းတွင်းသမားတော်ယိုမှာ ထပ်ခုတ်၍ မရတော့သဖြင့် ခန်းမအတွင်းမှ ထွက်သွားသည်။ တစ်ခဏကြာသောအခါ ကျောင်းတော်သား တစ်ယောက်ကို ဆွဲခေါ်လာ၏။ နန်းတွင်းသမားတော်များ အားလုံးက ခေါင်းခါယမ်းလိုက်သည်။ နန်းတွင်းသမားတော်ယွီက ဒေါသကြီး အော်ဟစ်လိုက်၏။ “အဘိုးကြီးယို၊ မင်း ရူးသွားပြီလား… ဆေးစမ်းချင်တာနဲ့ သူ့ခြေလက်တွေကို ခုတ်ပစ်လို့ မရဘူးလေ…”
ကျောင်းတော်သားမှာ ထိုစကားကို ကြားသောအခါ ချွေးစေးများ ပြိုက်ပြိုက်ကျပြီး တစ်မုဟုတ်ချင်း ထွက်ပြေးသွားသည်။ နန်းတွင်းသမားတော်ယိုက လိုက်ဖမ်းရန် ပြင်သဖြင့် အခြား နန်းတွင်းသမားတော်များက ကမန်းကတန်း တားဆီးလိုက်ရ၏။ “အဲလိုလုပ်လို့ မရဘူး… လုံးဝမရဘူး… ကျောင်းတော်သားတွေက အဋ္ဌမအဆင့် နန်းတွင်းအရာရှိတွေ၊ သူတို့ ခြေလက်တွေကို ခုတ်ဖြတ်ပစ်ရင် အပြစ်ပေးခံရမှာပေါ့… ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်တုန်းက တာအိုရသေ့လင်းယွင်ရဲ့ ကြိုးကြာငှက်က ပါမောက္ခပါ့ရှန်ရဲ့ နွားသိုးစိမ်းကြီးနဲ့ တိုက်ခိုက်ရင်း ခြေကျိုးထားတာ ရှိတယ်… မင်း အဲဒီ ကြိုးကြာငှက်ကို သွားဖမ်းလာပြီး သူ့ခြေထောက်ကို ဖြတ်ဆက်ပေးလို့ ရတယ်…”
နန်းတွင်းသမားတော်ယိုက ထပ်၍ ထွက်သွားပြီး တစ်ခဏကြာသောအခါ ကြိုးကြာငှက် တစ်ကောင်ကို ခေါ်လာသည်။ နန်းတွင်းသမားတော်ချွီက ကြိုးကြာငှက်၏ နှုတ်သီးကို ချုပ်ထားလိုက်၏။ ကြိုးကြာငှက်မှာ အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်ပြီး မရုန်းနိုင် မလှုပ်နိုင် ဖြစ်သွားသည်။ နန်းတွင်းသမားတော်ယိုက ဒဏ်ရာရနေသော ခြေထောက်ကို ခုတ်ဖြတ်လိုက်၏။
နန်းတွင်းသမားတော်များက ကြေနေသော အရိုးအပိုင်းအစများကို သန့်ရှင်း၍ ချင်မူ ပြန်ဆက်မည်ကို စောင့်လိုက်ကြသည်။
တစ်ခဏကြာသောအခါ တာအိုရသေ့လင်းယွင် အပြေးရောက်လာပြီး ဒေါသအိုး ပေါက်ကွဲတော့မည် ပြင်လိုက်စဉ် ချင်မူက သူ့ကြိုးကြာငှက်၏ ကြွက်သားများ၊ အာရုံကြောများ ပြန်ပြုပြင်၊ ရိုးတွင်းခြင်ဆီများ သန့်ရှင်း၍ ကျိုးနေသော အရိုးများ တေ့ဆက်ပေးနေသည်ကို မြင်တွေ့သွား၏။
တာအိုရသေ့လင်းယွင်မှာ မည်သည့်စကားမျှ မဆိုဝံ့တော့ဘဲ ချင်မူ ကုသပြီးသည်အထိ စောင့်နေလိုက်သည်။ ချင်မူ၏ ကုသမှု ပြီးစီးသောအခါမှ နန်းတွင်းသမားတော်များက ချုပ်ကိုင်ထားသည်ကို ဖြေလျှော့လိုက်၏။
ကြိုးကြာငှက်က ကမန်းကတန်း ထရပ်၍ သူ့ခြေထောက်များကို လှုပ်ရှားကြည့်ပြီး အံ့အားသင့်သွားသည်။ ထို့နောက် မိန်းမငယ်လေး တစ်ယောက်ကဲ့သို့ ကြည်လင်သာယာသော အသံဖြင့် တွန်ကျူး၍ ချင်မူ့ကို ကျေးဇူးတင်ကြောင်း ပြလိုက်၏။
ချင်မူက ဆေးစာတစ်စောင် ရေး၍ တာအိုရသေ့လင်းယွင်ကို ပေးလိုက်သည်။ “ဒီဆေးစာအတိုင်း ဆေးကျို၊ ရေနွေးနဲ့ရောပြီး သူ့ဒဏ်ရာကို စိမ်ပေး… အာရုံကြောတွေကို လှုံ့ဆော်ပေးပြီး သွေးလေစီးဆင်းမှု ကောင်းစေလို့ အတွင်းဒဏ် ကျန်တာတွေပါ ပျောက်တယ်…”
တာအိုရသေ့လင်းယွင်က သူ၏ ကြိုးကြာငှက် ဒဏ်ရာပျောက်ကင်းသွားသည်ကို မြင်ရသဖြင့် အံ့ဩဝမ်းသာသွား၏။ ဆေးစာရွက်ကို ကမန်းကတန်း လှမ်းယူပြီး ကျေးဇူးတင်စွာ ပြုံးပြလိုက်သည်။ “ငါ့ကို ဧကရာဇ်ရဲ့ ရှေ့မှာ အရှက်ခွဲခဲ့လို့ မင်းကို ရန်ငြှိုးထားခဲ့ဖူးတယ်… အခုတော့ ကျေးဇူးတောင် တင်မဆုံး ဖြစ်မိပါပြီ…”
ချင်မူက ပြုံးလိုက်၏။ “ရန်မဖြစ်ဘဲ မိတ်ဆွေ ဖြစ်မလာနိုင်ဘူးမလား…”
တာအိုရသေ့လင်းယွင်မှာ ထိုစကား ကြားသောအခါ အိုးတိုးအမ်းတမ်း ဖြစ်သွားပြီး အခြေအနေနှင့် မဆီလျော်သလို ခံစားရသော်လည်း ပြန်လှန် ငြင်းခုံခြင်း မပြုတော့ချေ။ သူ၏ ကြိုးကြာငှက်ကိုသာ ခေါ်ဆောင်၍ ဆေးစတိုသို့ ဆေးပင်များ ဝယ်ယူရန် သွားလိုက်၏။
ချင်မူက ပြုံးလိုက်သည်။ “နန်းတွင်းသမားတော်ကြီးတို့၊ ဒီအနာကျက်ဆေးမျိုး တစ်ပုလင်းဆို ဘယ်လောက်လောက် တန်ကြေးရှိမလဲ… အခုတလော ငွေရေးကြေးရေး ကြပ်တည်းနေလို့ပါ…”
နန်းတွင်းသမားတော်များမှာ အံ့ဩဝမ်းသာသွား၏။ နန်းတွင်းသမားတော်ယွီက ပြောလိုက်သည်။ “နတ်ဆေးသမားတော်လေးက ရောင်းချင်တာလား… ဒီဆေးက အတော်လေး တန်ဖိုးရှိတယ်၊ ဒီလိုဆေးမျိုးဆိုတာ တိုက်ပွဲကြားက စစ်သည်တော်တွေအတွက် ရတနာတစ်ပါးပဲ… အနည်းဆုံးတော့ တဖုန်းကြေးပြား တစ်သောင်းလောက် တန်မယ်…”
ချင်မူ အံ့အားသင့်သွား၏။ “ဖန်းယွင်ရှောင် ဓားပြတိုက်တာထက်တောင် ပိုမြန်သေးတာလား…”
“ဘာရယ်…” နန်းတွင်းသမားတော်များမှာ သူ့စကားကို လိုက်မမီဘဲ ဖြစ်သွားသည်။
“ဘာမှ မဟုတ်ပါဘူး…”
ချင်မူက ပြုံးလိုက်၏။ “ဒီဆေးမျိုး တစ်နေ့တစ်ပုလင်းတော့ ဖော်နိုင်ပါတယ်… ကုသရေးခန်းမကို တဖုန်းကြေးပြားတစ်သောင်းနဲ့ ရောင်းမယ်လေ… ဖြစ်တယ် မဟုတ်လား…”
နန်းတွင်းသမားတော်များ၏ မျက်လုံးများ အရောင်တောက်သွားပြီး တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသည်။ နန်းတွင်းသမားတော်ယွီက ပြောလိုက်၏။ “အဲဒီလိုဆိုရင် အကောင်းဆုံးပါပဲ…”
ချင်မူက ကျေနပ်စွာဖြင့် ထွက်ခွာသွားသည်။ နန်းတွင်းသမားတော်ကြီးများ၏ ခေါင်းဖြူဖြူများ ပူးကပ်သွားပြီး နန်းတွင်းသမားတော်ချွီက ပြောလိုက်၏။ “ငါတို့တော့ ချမ်းသာပြီ…”
နန်းတွင်းသမားတော်များက ခေါင်းညိတ်လိုက်ကြသည်။ သူ၏ ဝမ်းသာမှုကို ဖုံးကွယ်မထားနိုင်ချေ။ “အဘိုးကြီးယွီက ဉာဏ်အကောင်းဆုံးပဲ၊ ဒီလို အနာကျက်ဆေး တစ်ပုလင်းက ဘယ်လိုလုပ် တဖုန်းကြေးပြား တစ်သောင်းပဲ ရှိမှာလဲ… အဲဒီနှစ်ဆလောက်တော့ အသာလေး ရောင်းလို့ ရတယ်…”
ချင်မူက နန်းတွင်းဆေးကုသဆောင်မှ ထွက်၍ ကျောင်းတော်သားအိမ်ရာသို့ ပြန်လာစဉ် သူ့နောက်မှ အသံတစ်သံ ရုတ်တရက် ကြားလိုက်ရသည်။ “မြည်းခေါင်းတုံးလေး၊ မင့်ရဲ့ ခက္ခရာတောင်ဝှေးရော ဘယ်ထားခဲ့လဲ…”
ချင်မူ ခြေလှမ်းရပ်၍ နောက်ပြန်လှည့်ကြည့်လိုက်သောအခါ သူ့နောက်တွင် ခရမ်းရောင်ဝတ်စုံနှင့် အဘိုးကြီးတစ်ဦး ရပ်နေသည်ကို တွေ့ရ၏။ သူ့မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်း၍ ဦးညွှတ် အရိုအသေပြုလိုက်သည်။ “ပါမောက္ခချုပ်ကူကို ကျောင်းတော်သားချင် ဂါရဝပြုပါတယ်…”
ခရမ်းရောင်ဝတ်စုံနှင့် အဘိုးကြီးက ကူလင်းနွမ် ဖြစ်ပြီး သူ့ဝတ်စုံပေါ်ရှိ အဆောင်အယောင် ကိုးမျိုးကို မတွေ့ရတော့ချေ။ ကြည့်ရသည်မှာ သူ၏ ပထမအဆင့် နန်းတွင်းအရာရှိ ဝတ်ရုံ သိမ်းဆည်းခံရပြီး တတိယအဆင့် နန်းတွင်းအရာရှိ ဝတ်စုံသို့ ပြောင်းလဲဝတ်ဆင်ခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။
ကူလင်းနွမ်က ခပ်ယဲ့ယဲ့ ပြုံး၍ လျှောက်လာပြီး အေးအေးဆေးဆေး ပြောလိုက်သည်။ “ငါ့ရဲ့ အိမ်ရှေ့စံကိုယ်ရံတော်ဓားကို လှည့်ဖျားပြီး ယူသွားတုန်းက တစ်နေ့ ငါ့လက်ထဲ ပြန်ရောက်လာနိုင်တယ်ဆိုတာ တွေးမထားမိဘူး မဟုတ်လား…”
ချင်မူက ခေါင်းခါယမ်းလိုက်၏။ “ပါမောက္ခချုပ်က ဒီကိစ္စကို ဘာအတွက်ကြောင့် ပြောတာပါလဲ…”
ကူလင်းနွမ်က ဝင့်ဝင့်ကြွားကြွား ပြုံး၍ လက်ဆန့်လိုက်သည်။ “ပြန်ပေးပါ…”
ချင်မူက ခေါင်းထပ်ယမ်းလိုက်၏။ “ကျွန်တော် လှည့်စားရယူထားတာတွေကို ပြန်ပေးရိုး ထုံးစံ မရှိဘူး…”
ကူလင်းနွမ်က စူးရဲစွာ စိုက်ကြည့်လိုက်သည်။ ချင်မူက ကြောက်ရွံ့သည့် အမူအရာ တစ်စက်မျှ မပြချေ။ “ကျွန်တော်က ဧကရာဇ်ကိုယ်တိုင် ခန့်အပ်ထားတဲ့ ဆဋ္ဌမအဆင့် နန်းတွင်းအရာရှိ၊ တော်ဝင်ကျောင်းတော်သားပဲ… ဧကရာဇ်မယ်တော်ကြီးရဲ့ ရောဂါကိုလည်း ကုပေးခဲ့တာ… ပါမောက္ခချုပ် ကျွန်တော့်ကို ထိရဲရင် ဧကရာဇ်က ပါမောက္ခချုပ်ရဲ့ တစ်မိသားစုလုံးကို သတ်ပစ်လိမ့်မယ်…”
ဘုန်း…။
ကူလင်းနွမ်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မိစ္ဆာချီစွမ်းအင်များ ပွက်ပွက်ဆူထလာ၏။ သူ့နောက်တည့်တည့်၌ ပေတစ်ထောင်အမြင့်ရှိသော မိစ္ဆာနတ်ဘုရားတစ်ပါး ဖွဲ့တည်လာပြီး သတ်ဖြတ်လိုသော အကြည့်စူးစူးများနှင့် ကြည့်လိုက်သည်။ ထိုမိစ္ဆာနတ်ဘုရားကြောင့် ပတ်ဝန်းကျင်လေထု တစ်ခုလုံး အေးခဲသွားပြီး ဘေးပတ်ပတ်လည် နေရာဟင်းလင်းပြင်ပင် ယိုင်ယိုင်ရွဲ့ရွဲ့ ဖြစ်သွားသကဲ့သို့ ရှိ၏။ ၎င်း၏ မိစ္ဆာဆန်သော အကြည့်မှာလည်း နေရာဟင်းလင်းပြင်နှင့်အတူ ယိုင်ရွဲ့သွားပြီး ချင်မူ့ကို ချစ်ချစ်တောက် လောင်မြိုက်နေသည့် မွန်းတည့်နေမင်းကဲ့သို့ စူးရဲစွာ စိုက်ကြည့်လိုက်သည်။
ချင်မူက ပြုံး၍ မေးလိုက်၏။ “ပါမောက္ခချုပ်မှာ တခြား ပြောစရာ ရှိပါသေးသလား…”
ကူလင်းနွမ်က အေးစက်စက် ပြောလိုက်သည်။ “ငါ မင်းကို သတ်ချင်ရင် ငါကိုယ်တိုင်တောင် သတ်စရာ မလိုဘူး…”
“အဲလိုလည်း မင်း မလုပ်ရဲပါဘူး…”
ချင်မူ မည်သည်ကိုမျှ မပြောနိုင်မီ ကူလင်းနွမ်၏ နောက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။ “ငါ့ဆရာတူညီလေးကို ထိရင် မင့်တစ်မိသားစုလုံးကို ဧကရာဇ်တောင် ကွပ်မျက်စရာ မလိုဘူး၊ ငါကိုယ်တိုင် သတ်ပစ်မယ်…”
ကူလင်းနွမ်၏ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားပြီး ဖျက်ဆီးဖယ်ရှား၍ မရသော ဓားမတစ်လက် သူ့လည်ကုပ်ပေါ်တွင် အတင်ခံထားရသကဲ့သို့ ခံစားလိုက်မိသည်။ သူ ဟက်ခနဲ ရယ်၍ ပြောလိုက်၏။ “ပါမောက္ခပါ့ရှန်ပါလား… မင်းက ဒီမြည်းခေါင်းတုံးလေးအတွက် ရပ်တည်ပေးချင်တာလား…”
ပါမောက္ခပါ့ရှန်က ကူလင်းနွမ်၏ နောက်တည့်တည့်တွင် ရပ်နေသည်။ အင်္ကျီရင်ဘတ်က ဟပြဲ ဖြစ်နေပြီး သူ့ဓားမနှစ်လက်၏ တချွင်ချွင် အသံက နောက်ကျောဘက်မှ အဆက်မပြတ် ထွက်ပေါ်နေ၏။ သူက မျက်နှာသေကြီးနှင့် ပြောလိုက်သည်။ “အဘိုးကြီးကူ၊ မင်းက နှစ်နှစ်ရာလောက် ပျောက်နေခဲ့တာဆိုတော့ မင့်ရဲ့ တာအို၊ သိုင်းကွက်နဲ့ ကောင်းကင်နတ်သိုင်းတွေက ခေတ်နောက်ကျ ကျန်ခဲ့ပြီ… မင်းကို ငါ လမ်းညွှန်သင်ပြပေးဖို့ လိုမလား…”
ကူလင်းနွမ်က ရုတ်တရက် တဟားဟား ရယ်မော၍ မိစ္ဆာချီအဖြစ် ပြောင်းလဲပျောက်ကွယ်သွား၏။ အဝေးဆီမှ သူ၏ လှောင်ပြောင်ရယ်မောသံ ထွက်ပေါ်လာသည်။ “ငါ့ကို လမ်းညွှန်သင်ပြပေးချင်တာ ဟုတ်လား… ကောင်းကင်ဓားမကိုယ်တိုင် ရောက်လာရင်တော့ ဖြစ်နိုင်မယ်…”
ချင်မူ လှည့်ကြည့်လိုက်သောအခါ ဓားမချီတစ်ခုက ရုတ်တရက် လေထုကို ထိုးခွင်း၍ မိစ္ဆာချီနောက် လိုက်သွားသည်ကို မြင်တွေ့လိုက်ရ၏။
“ပါမောက္ခပါ့ရှန်က အမြဲတမ်း တိုက်ခိုက်ချင်နေတာ… အခု သားကောင်တွေ့သွားတော့ ပျော်နေလောက်ပြီ… ကူလင်းနွမ်နဲ့ တိုက်မှာ သေချာတယ်… သူတို့ကို မီအောင် လိုက်မကြည့်နိုင်တာတော့ နှမြောစရာပဲ…”
ချင်မူ သက်ပြင်းချ၍ ကျောင်းတော်သားအိမ်ရာသို့ ပြန်သွားလိုက်သည်။ တံခါးပေါက်မှ ဝင်လာလာချင်းပင် ဟူလင်းအာ၏ အသံ ထွက်ပေါ်လာ၏။ “သခင်လေး၊ ကျွန်မတို့ဆီကို ဧည့်သည်တစ်ယောက် ရောက်နေတယ်…”
ချင်မူ အထဲသို့ ဝင်လာသောအခါ ခြံဝင်းထဲတွင် လက်နှစ်ဖက် နောက်ပစ်၍ စောင့်ဆိုင်းနေသော သက်လတ်ပိုင်းအရွယ်လူကို မြင်လိုက်မိသည်။ သူ ကျောက်ရုပ်သဖွယ် ဖြစ်သွား၏။
ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ…။
ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက နောက်လှည့်လာပြီး သူ့အပေါ် အကြည့်ရောက်လာသည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ နတ်ဂိုဏ်းသခင်က ငါတို့ နန်းတွင်းကောလိပ်ရဲ့ ပထမဆုံး တော်ဝင်ကျောင်းတော်သား ဖြစ်နေမယ်လို့ ဘယ်သူများ ထင်မိမှာလဲ… စိတ်ဝင်စားစရာပဲ…”