← Chapters

အသိသည် အလုပ်၊ အလုပ်သည် အသိ

Vol. 13 Ch. 177

အသိသည် အလုပ်၊ အလုပ်သည် အသိ

Vol. 13 Ch. 177

ချင်မူ၏ စိတ်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားပြီး ခြံဝင်းထဲသို့ ဝင်ခဲ့လိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံက စကားစမြည် ပြောဖို့သက်သက် လာခဲ့တာ မဟုတ်ဘူး ထင်ပါတယ်… လင်းအာ၊ လ္ဘက်ရည်ကြမ်းလေး ပြင်လိုက်ဦး…”

ဟူလင်းအာက ကမန်းကတန်း ပြောလိုက်သည်။ “သခင်လေး၊ ကျွန်မတို့အိမ်မှာ လ္ဘက်ခြောက် မရှိဘူးလေ၊ သခင်လေးက လ္ဘက်ရည်ကြမ်းမှ မသောက်တာ…”

ချင်မူက ရယ်မော၍ ပြောလိုက်၏။ “နောက်ကျရင် လ္ဘက်ခြောက်နည်းနည်းပါးပါး အသင့်ဝယ်ထားဦး… လ္ဘက်ရည်ကြမ်း မရှိဘူးဆိုမှတော့ ထိုင်စရာ ခုံလေးပဲ ပြင်လိုက်တော့…”

“ကျောင်းတော်သားအိမ်ရာမှာ ထိုင်ခုံ အကျိုးအပဲ့တွေပဲ ရှိတာ၊ ဘယ်က သွားရှာရမှာလဲ…” မြေခွေးလေးက ညည်းညူလိုက်သည်။

ချင်မူ အိုးတိုးအမ်းတမ်း ဖြစ်သွား၏။

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက လက်ကာပြ၍ ပြုံးလိုက်သည်။ “နေ… နေ… ဒုက္ခမရှာတော့နဲ့… ဂိုဏ်းသခင်နဲ့ စကားနည်းနည်း ပြောပြီးရင် သွားမှာပါ…”

ချင်မူ၏ အကြည့်က သူ့မျက်နှာပေါ် ကျရောက်သွား၏။ တစ်လောကလုံး အံ့မခန်း ဖြစ်ရသည့် နတ်ဘုရားတို့၏အောက်မှ နံပါတ်တစ်လူသား၊ ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ရုပ်သွင်မှာ အလွန်တရာ ခံ့ညားချောမောသည်ဟု မဆိုနိုင်ပေ။ သူ့ပုံစံက သာမန်သာ ဖြစ်သော်လည်း သူ့မျက်နှာ၌ ဖော်မပြနိုင်သော ဆွဲဆောင်မှုတစ်မျိုး ရှိသည်။ ကြည့်လေ ကြည့်လေ မျက်စိတွေ့လာလေ ဖြစ်၏။

တစ်ကိုယ်လုံးတွင် သူ၏ မျက်ဝန်းများက အထင်းဆုံး ဖြစ်သည်။ ထိုမျက်ဝန်းများက ဉာဏ်ပညာဖြင့် ထုံမွှမ်း၍ အရောင်တဖျတ်ဖျတ် လက်နေပြီး အမြော်အမြင်အရှိဆုံး ဆုံးဖြတ်ချက်ကို ချရန်အတွက် တစ်လောကလုံးကို စောင့်ကြည့်နေသကဲ့သို့ ရှိ၏။

ချင်မူအနေဖြင့် ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို အကောင်းမြင်မိသကဲ့သို့ ရှေးရိုးစွဲဓလေ့များမှ စွန့်ဦးဖောက်ထွက်သူအဖြစ်လည်း အထင်ကြီးလေးစားမိသည်။

ယနေ့ ထာဝရငြိမ်းချမ်းရေး အင်ပါယာဟူ၍ ဖြစ်လာရန်အတွက် ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ အကျိုးဆောင်မှုက ဧကရာဇ်ထက်ပင် ပိုများ၏။

ဤထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက နန်းတွင်းတပ်ဖွဲ့နှင့် တိုင်းပြည်အုပ်ချုပ်မှုပုံစံကို ပြောင်းလဲရန်၊ ဂိုဏ်းဂဏကွဲပြားမှုကို တိုက်ဖျက်ရန်၊ ဂိုဏ်းကြီးသုံးဂိုဏ်းကြားမှ သီးခြားဖြစ်တည်မှု အပိုင်းအခြားများကို ဖျက်ဆီးရန်အတွက် အခြေခံကျောင်းများ၊ ကောလိပ်ကျောင်းများနှင့် နန်းတွင်းကောလိပ်ကို တည်ထောင်၍ ပြုပြင်ပြောင်းလဲမှုကို အစပြုခဲ့သဖြင့် ဤမျိုးဆက်မှာ ရင်သပ်ရှုမောဖွယ်ရာ ဖြစ်လာခဲ့သည်။

ချင်မူ့အနေဖြင့် သူ့ကို အထင်ကြီးလေးစားသော်လည်း မကျေနပ်စိတ်၊ အပြစ်တင် ဝေဖန်လိုစိတ်လည်း ရှိသေး၏။

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဘုရားပေးသည့် ပါရမီရှင် ဖြစ်ရုံသာမက အညှာတာလည်း ကင်းမဲ့လှသည်။

သူက မဟာမြို့ပျက်ကို တိုက်ခိုက်သိမ်းပိုက်ရန် စစ်ချီခဲ့၏။ အခက်အခဲ အတားအဆီးများနှင့် ရင်ဆိုင်တွေ့ပြီး ဆုတ်ခွာခဲ့သော်လည်း နောက်တစ်ကြိမ် ထပ်မံ ချီတက်ခြင်းမပြုဟု မပြောနိုင်ပေ။

ထို့ပြင် တိုင်းပြည်အသီးသီးကို လက်နက်လူသူအင်အားဖြင့် ဖိနှိပ်၍ ထာဝရငြိမ်းချမ်းရေး အင်ပါယာ၏ လက်အောက်သို့ သိမ်းသွင်းခဲ့၏။ ဆန့်ကျင်သူများကို အမြစ်ဖြုတ် သုတ်သင်ရှင်းလင်းရန်အတွက် သူ့ကိုယ်သူ အပြင်းအထန် ထိခိုက်ဒဏ်ရာရဟန်ဆောင်ပြီး အညံ့ခံ လက်နက်ချထားသူများကို ပုန်ကန်ထကြွလာအောင် သွေးဆောင်ဖျားယောင်းခဲ့သည်။ ထိုအဖြစ်ကြောင့် လူအများ အခြေအနေဆိုးနှင့် ကြုံခဲ့ရ၏။

ဤသည်က ခြောက်ပစ်ကင်း ပြီးပြည့်စုံသော လူတစ်ယောက် မဟုတ်။

အစကတည်းမှ ယခုအချိန်ထိ ဤသူ၏ ရည်ရွယ်ချက်ကို ချင်မူ သိမြင်နိုင်ခြင်း မရှိချေ။ သူ့စိတ်ကူးအတွေးအကြံများက မြင့်မားလွန်းလှသည်။ တစ်လောကလုံး၏ ဝေဖန်တိုက်ခိုက်မှုများကို နှုတ်ဆိတ်ငြိမ်ခံနေသော်လည်း ထာဝရငြိမ်းချမ်းရေး အင်ပါယာအတွက်တော့ အခြားတိုင်းပြည်များကို သိမ်းပိုက်၍ နယ်မြေများ ချဲ့ထွင်သကဲ့သို့ မဟာမြို့ပျက်ကိုလည်း ကျူးကျော်ခဲ့၏။

ဩဇာအာဏာကို တပ်မက်ခြင်း မရှိသော်လည်း ဆန့်ကျင်သူများကို သုတ်သင်ရန်မျှနှင့် သွေးချောင်းစီး တိုက်ပွဲဆင်နွှဲရန် ဝန်မလေးချေ။

ချင်မူ့အတွက်တော့ ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဝိရောဓိတစ်ခုလို ဖြစ်သည်။ သူ့အတွေးထဲတွင် မည်သို့ ရှိသည်ကို မှန်းဆရန် ခက်ခဲလှ၏။

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကလည်း သူ့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်နေသည်။ တစ်ခဏ ကြာသောအခါ ညင်သာသော အသံဖြင့် ပြောလိုက်၏။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ နတ်ဂိုဏ်းသခင်က မျှော်လင့်မထားမိအောင် ငယ်တာပဲ… နတ်ဂိုဏ်းသခင်ဆိုတာ ငါတို့ နန်းတွင်းကောလိပ်ရဲ့ တော်ဝင်ကျောင်းတော်သားပဲဆိုတဲ့ သတင်းကို ကြားမိတုန်းက အတော်လေး အံ့ဩတုန်လှုပ်သွားခဲ့တာ… ဂိုဏ်းသခင်ကတော့ ငါ့ကို တွေ့ရတာ အံ့ဩတဲ့ပုံ မပြပါလား…”

ချင်မူက ပြောလိုက်သည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက လူတိုင်းကို မခွဲခြားဘဲ ပညာဖြန့်ဝေပေးနေတာဆိုတော့ ဧကရာဇ်အတိုင်ပင်ခံရဲ့ လူတွေ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ အဆင့်မြင့်ပိုင်းမှာ ထည့်ထားနိုင်မှာပဲလေ… ဧကရာဇ်အတိုင်ပင်ခံအနေနဲ့ ကျွန်တော့်ရဲ့ နောက်ကြောင်းကို ဒီလောက်မြန်မြန် သိသွားတာ မအံ့ဩတော့ပါဘူး…”

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းညိတ်လိုက်၏။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ နတ်ဂိုဏ်းသခင်မှာ ဒီလို ဉာဏ်ပညာမျိုးရှိသင့်တာပေါ့… ဒါပေမဲ့ ငါ့ကို မြင်တော့ ဘာလို့ မတုန်လှုပ်ဘဲ နေနိုင်ရတာလဲ… ငါ မင်းကို သတ်ဖို့လာတာလို့ မစိုးရိမ်မိဘူးလား…”

“ဧကရာဇ်အတိုင်ပင်ခံက ကျွန်တော့်ကို သတ်ချင်တယ်ဆိုရင် တုန်လှုပ်ချောက်ချားနေလည်း ဘာထူးမှာလဲ…”

ချင်မူက ပြောလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံသာ ကျွန်တော့်ကို မသတ်ရင် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ပုန်ကန်မှာ မဟုတ်ဘူး… ကျွန်တော့်ကို သတ်ခဲ့ရင်တော့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ပုန်ကန်မှာပဲ… ကျွန်တော့်ရဲ့ အသက်က ကောင်းကင်တန်ခိုးရှင်ဂိုဏ်းလောက် အဖိုးမတန်ဘူးလေ၊ အဲဒီတော့ ဧကရာဇ်အတိုင်ပင်ခံအနေနဲ့ ကျွန်တော့်ကို သတ်ဖို့ မလိုတော့ဘူး… အဲဒါကြောင့် ကျွန်တော့်အတွက် တုန်လှုပ်ချောက်ချားနေဖို့ မလိုဘူး…”

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြုံးလိုက်၏။ “သိပ်သေချာလွန်းမနေပါနဲ့လေ… ပါးနပ်တာ ကောင်းပေမဲ့ ယုံကြည်မှုလွန်ကဲလွန်းရင် အမှားတွေ့တတ်တယ်… ဒါပေမဲ့ မင့်စကားက ငါ့ရင်ကို လှုပ်ရှားစေနိုင်ပါတယ်… ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ပုန်ကန်မှာ မဟုတ်ဘူးလို့ မင်း ပြောခဲ့တဲ့ အကြောင်းရင်းကို ပြောပြနိုင်မလား…”

ချင်မူက ပြောလိုက်သည်။ “ကျွန်တော်တို့ရဲ့ အတွေးအခေါ် ခံယူချက်က အတူတူတူပဲလေ၊ အဲဒါကြောင့် ပုန်ကန်ဖို့ မလိုဘူး…”

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “မင်းအနေနဲ့ ဂိုဏ်းသခင် ဖြစ်လာပြီး ပထမဆုံး လုပ်တာက သုံးရာခြောက်ဆယ့်တစ်ခုမြောက် စံအိမ် ဖြစ်တဲ့ ကျောင်းစံအိမ်ကို တည်ထောင်ခဲ့တာလို့ ကြားတယ်၊ ဟုတ်သလား…”

ချင်မူက ခေါင်းညိတ်လိုက်သည်။ “ကျွန်တော်က ဧကရာဇ်အတိုင်ပင်ခံကို အတုယူပြီး ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ပြုပြင်ပြောင်းလဲခဲ့တာပါ…”

“ကောင်းကင်တန်ခိုးရှင်ဂိုဏ်းဆိုတာ အစကတည်းက ဂိုဏ်းနာမည်ခံထားတဲ့ အင်ပါယာတစ်ခုပဲ.. မင်းက ငါ့ကို အတုယူပြီး ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ပြုပြင်ပြောင်းလဲလိုက်ရင် ငါရဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အင်ပါယာထဲက အင်ပါယာတစ်ခု ဖြစ်မသွားဘူးလား…”

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မေးလိုက်၏။ “အေးချမ်းတဲ့ အချိန်တွေမှာဆိုရင်တော့ မင်းတို့ သေချာပေါက် တော်လှန်ပုန်ကန်မှာ မဟုတ်ဘူး… ဒါပေမဲ့ တစ်လောကလုံး မငြိမ်မသက် ဖြစ်နေတဲ့အချိန်မှာ သမာသမတ်ဂိုဏ်းတွေလိုမျိုး ဒီအခွင့်အရေးကို အရယူပြီး လွှမ်းမိုးခြယ်လှယ်ဖို့ ဘာလို့ မကြိုးစားတာလဲ…”

“ဒီလို မငြိမ်မသက် ဖြစ်နေတဲ့ အချိန်မှာ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းအနေနဲ့ တော်လှန်ပုန်ကန်တာမျိုး မလုပ်တဲ့ အကြောင်းရင်းက သမာသမတ်ဂိုဏ်းတွေလိုမျိုး လွှမ်းမိုးခြယ်လှယ်ဖို့ မကြိုးစားချင်တာ မဟုတ်ဘူး၊ လက်ရှိ ထာဝရငြိမ်းချမ်းရေး အင်ပါယာက အကြီးစား ကောင်းကင်တန်ခိုးရှင်ဂိုဏ်း ဖြစ်နေလို့ပဲ…”

ချင်မူက ပြုံးလိုက်သည်။ “ကျွန်တော်တို့က ဘာလို့ ကိုယ့်ကိုယ်ကိုယ် ပုန်ကန်တော်လှန်ရမှာလဲ…”

“အဲဒါဆို ဘယ်အချိန်မှာ မင်းတို့ တော်လှန်ပုန်ကန်မလဲ…” ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက စိတ်ဝင်စားသွားပြီး မေးလိုက်၏။

ချင်မူက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံအနေနဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ အတွေးအခေါ် ခံယူချက်ကို ဆန့်ကျင်ပြီး သူတော်စင်တန်ခိုးရှင်လမ်းစဉ်ကို ရှေ့ဆက် မဖော်ဆောင်တော့တဲ့အခါ ထာဝရငြိမ်းချမ်းရေး အင်ပါယာက ကောင်းကင်တန်ခိုးရှင်ဂိုဏ်း ဆက်ဖြစ်နိုင်တော့မှာ မဟုတ်ဘူး… အဲဒီအခါ ကျွန်တော်ရဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက သေချာပေါက် တော်လှန်ပုန်ကန်ပါလိမ့်မယ်…”

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ကို တစ်ချက်စောင်းငဲ့ကြည့်၍ တအံ့တဩ ရေရွတ်လိုက်၏။ “သတ္တိကောင်းလှပါလား…”

ချင်မူက ပြောလိုက်သည်။ “ဒါက သတ္တိကောင်းတာ မဟုတ်ပါဘူး… ကျွန်တော် လိမ်ပြောရင်လည်း ဧကရာဇ်အတိုင်ပင်ခံက သိမှာဆိုတော့ အမှန်အတိုင်းပဲ ပြောရတာပါ…”

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခြံဝင်းအတွင်းရှိ ရေတွင်းဆီသို့ ခပ်ဖြည်းဖြည်း လျှောက်သွားရင် မနှေးလွန်း မမြန်လွန်းသော လေသံဖြင့် ခပ်မှန်မှန် ပြောလိုက်၏။ “မင်းက မဟာမြို့ပျက်ကလာပြီး ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှာ ခြေကုပ် မရှိတဲ့သူဆိုတော့… ငါ့အင်အားနဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှာ ခြေကုပ်ရအောင် ကူညီပေးပြီး မင်းကို ထိန်းချုပ်ဖို့ ကြံစည်ခဲ့တာ… ဒါပေမဲ့ အခု ငါ့မှာ အဲစိတ်ကူး မရှိတော့ဘူး…”

ချင်မူက သူ့ဘေးသို့ လျှောက်သွားလိုက်သည်။ ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက စကားဆက်လိုက်၏။ “မင်းလိုလူမျိုးက အန္တရာယ်ကြီးတယ်… ကိုယ်ပိုင်အတွေးအကြံ စိတ်ကူးစိတ်သန်း ရှိတဲ့သူတွေက အတော့်ကို အန္တရာယ်များပြီး စည်းရုံးသိမ်းသွင်းရ သိပ်ခက်လို့ ခေါင်းကိုက်ရတယ်… လူတစ်ယောက်ကို စည်းရုံးသိမ်းသွင်းရတဲ့ အလုပ်က အားအကုန်ဆုံးပဲ၊ ဒီအတိုင်း သတ်ပစ်တာကမှ ပိုသက်သာဦးမယ်… ဂိုဏ်းတစ်ဂိုဏ်းကို စည်းရုံးသိမ်းသွင်းရတာက ပိုအားကုန်တယ်၊ အမြစ်ဖြုတ် သုတ်သင်ပစ်တာက ပိုသက်သာမယ်… တာအိုဂိုဏ်းနဲ့ မဟာမိုးခြိမ်းသံကျောင်းတော်က သူတို့ကိုယ်ပိုင် အတွေးအခေါ် ခံယူချက်တွေ ရှိနေကြတဲ့အတွက် စည်းရုံးသိမ်းသွင်းဖို့ သိပ်ကို ခက်တယ်… ကောင်းကင်တန်ခိုးရှင်ဂိုဏ်းလည်း အတူတူပဲ…”

သူက တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက် ပြောလိုက်သည်။ “ကံကောင်းထောက်မလို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ အတွေးအခေါ် ခံယူချက်နဲ့ ထာဝရငြိမ်းချမ်းရေး အင်ပါယာရဲ့ အတွေးအခေါ် ခံယူချက်က ဆန့်ကျင်ဘက် ဖြစ်မနေတာပဲ…”

ချင်မူ သိချင်စိတ် ဖြစ်သွား၏။ “ဧကရာဇ်အတိုင်ပင်ခံက အခုလောလောဆယ် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို မထိဘူးဆိုတော့ တာအိုဂိုဏ်းနဲ့ မဟာမိုးခြိမ်းသံကျောင်းတော်ကိုရော…”

“သူတို့ ဘာလုပ်သလဲ ဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်…”

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အလေးအနက် ပြောလိုက်သည်။ “သူတို့အနေနဲ့ ‘အသိက အလုပ်၊ အလုပ်က အသိ’ အသိနဲ့ အလုပ် ထပ်တူကျတဲ့ အဆင့်ထိ ရောက်နိုင်မလား ကြည့်သေးတာပေါ့… သူတို့ရဲ့ စိတ်ကူးအတွေးအကြံတွေကို အကောင်အထည် ဖော်ပြီး အသိနဲ့ အလုပ် ထပ်တူကျနိုင်ခဲ့ရင် ငါ့အစွမ်း ရှိသမျှ အကုန်ထုတ်သုံးပြီး သူတို့ကို အပြတ်ရှင်းပစ်မယ်… အသိနဲ့ အလုပ် ထပ်တူမကျနိုင်ရင်တော့ သူတို့ အသက်ဆက်ရှင်ဖို့ မခက်ပါဘူး…”

ချင်မူ၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး မေးလိုက်၏။ “အဲ့ဒါဆို ဧကရာဇ်အတိုင်ပင်ခံရဲ့ အတွေးအခေါ် ခံယူချက်က ဘာများလဲ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းခါယမ်းလိုက်သည်။ “ငါ့အနေနဲ့ မင်းကို ပြောပြစရာမလိုဘူး… ငါ ပြောတာကို နားမထောင်နဲ့၊ ငါလုပ်တာကို ကြည့်… ငါ့အတွေးအခေါ် ခံယူချက်က ငါလုပ်တဲ့ အလုပ်ပဲ… ‘အသိက အလုပ်၊ အလုပ်က အသိ’ ဆိုတာ အဲဒါပဲပေါ့… နတ်ဂိုဏ်းသခင်လေး၊ မင်းအနေနဲ့ ရှေ့ဆက်ရမဲ့ ခရီးအရှည်ကြီး ရှိသေးတယ်…”

ချင်မူ ဤပုဂ္ဂိုလ်ကို ထွင်းဖောက်ရှုမြင်နိုင်ခြင်းငှာ မစွမ်းသာပေ။

ယခုလက်ရှိ သူ့အနေအထားမှာ ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကဲ့သို့သော လူများနှင့် အတွေးအခေါ် ခံယူချက်ချင်း ယှဉ်ပြိုင်ငြင်းခုံနိုင်စွမ်း မရှိသေးပေ။ ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ သုံးသပ်ရှုမြင်နိုင်စွမ်းက မြင့်မားပြီး အသိပညာဗဟုသုတကလည်း ကျယ်ပြန့်လှ၏။ တာအို၊ သိုင်းကွက်၊ ကောင်းကင်နတ်သိုင်းတို့အပေါ် သူ၏ သိမြင်နားလည်နိုင်စွမ်းက လူအများ မော်ကြည့်ရသည့်အဆင့် ဖြစ်သည်။ ချင်မူက ဤအဆင့်သို့ မရောက်သေးချေ။

သူ့အနေဖြင့် ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ အတွေးကို မြင်နိုင်စွမ်း မရှိသဖြင့် ရန်သူလား၊ မိတ်ဆွေလား ခွဲခြားနိုင်ခြင်း မရှိ။

သို့သော်လည်း ယခုလောလောဆယ်တော့ နတ်ဂိုဏ်းသခင်ဖြစ်သည့် အားလျော်စွာ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အနာဂတ်အတွက် ချင်မူ စီမံရပေလိမ့်မည်။

“ထာဝရငြိမ်းချမ်းရေး အင်ပါယာရဲ့ ပဋိပက္ခတွေအတွက်တော့ ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ဧကရာဇ်အတိုင်ပင်ခံကို အပြည့်အဝ ပံ့ပိုးကူညီပါမယ်…”

ချင်မူက ဂရုတစိုက် စဉ်းစား၍ စကားလုံးစီကာ ပြောလိုက်သည်။ “ဒါပေမဲ့ ဧကရာဇ်အတိုင်ပင်ခံဆီက ကတိတစ်ခု တောင်းဖို့တော့ လိုလိမ့်မယ်… ပုန်ကန်သူတွေကို နှိမ်နှင်းပြီးတဲ့အခါ ဘုရားပြီး ငြမ်းဖျက်သလို ကျွန်တော်တို့ဂိုဏ်းကို သုတ်သင်ရှင်းလင်းလိုက်မှာလား သိချင်ပါတယ်…”

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ကို လှည့်ကြည့်၍ ဖြေလိုက်၏။ “မလုပ်ပါဘူး…”

ချင်မူက စူးစမ်းသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခပ်အေးအေး ပြောလိုက်၏။ “ငါ့အတွက် တွန်းအား လိုတယ်… ကောင်းကင်နတ်ဆိုးဂိုဏ်းကို ချန်ထားတယ်ဆိုတာ ငါ့ခေါင်းပေါ်မှာ ဝဲနေတဲ့ ဓားတစ်လက်ကို ချန်ထားတာနဲ့ အတူတူပဲ၊ ငါ အမှားတစ်ခုမှ လုပ်လို့မရဘူးဆိုတာ အမြဲမပြတ် သတိပေးနေလိမ့်မယ်…”

သူက ပြုံးပြလိုက်သည်။ “ငါ့အင်အား သိပ်ကြီးလွန်းသွားတဲ့အခါ ငါအမှားလုပ်မိရင်တောင် ဘယ်သူက ဘာများ လုပ်နိုင်တော့မှာလဲ… ငါ့ရဲ့ တာအိုနှလုံးသား ပျက်စီးတဲ့အခါ ငါ့ကို သတ်နိုင်မဲ့ အင်အားတစ်ခု လိုတယ်… အဲဒီနေရာအတွက် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက အသင့်တော်ဆုံးပဲ… မင်းရဲ့ အတွေးအခေါ် ခံယူချက်ကို ဆန့်ကျင်မိတဲ့အခါ မင်း ငါ့ကို လာသတ်တာ စောင့်ကြိုနေမယ်…”

ချင်မူ ထိတ်လန့်မိသွား၏။

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခြံပြင်သို့ ခြေလှမ်း၍ ထွက်ခွာသွားသည်။

ချင်မူ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူ့ခေါင်းမွေးများ ပေါက်ထွက်တော့မလို ခံစားမိ၏။

သူ့ခေါင်းထဲတွင် အတွေးတစ်ခုတည်းသာ ရှိသည်။ “ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက လူမဟုတ်ဘူး…”

လူမဟုတ်…။

လူသားစစ်စစ်သာ မှန်လျှင် စိတ်ခံစားမှုခုနစ်မျိုး၊ အလိုဆန္ဒခြောက်မျိုး ရှိ၍ အတ္တစိတ် ရှိပေလိမ့်မည်။ ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက စိတ်ခံစားမှုခုနစ်မျိုး၊ အလိုဆန္ဒခြောက်မျိုး မရှိသည့်အပြင် အတ္တစိတ်လည်း မရှိ။ ထိုအရာများ မရှိဘဲနှင့် သူက လူမဟုတ်တော့။

သူတော်စင်တန်ခိုးရှင်ဟု ခေါ်ဆိုကောင်း ခေါ်ဆိုရမည်လား။

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူတော်စင်တန်ခိုးရှင် တစ်ယောက် ဖြစ်နေသည်လား။

သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်၍ ခေါင်းထဲတွင် ကြီးစိုးနေသော အတွေးများကို မောင်းထုတ်လိုက်သည်။ ထိုအခိုက်၌ နဂါးချီလင်က ခပ်တိုးတိုးလေသံဖြင့် ပလုံးပထွေး ပြောလိုက်၏။ “ဒီတစ်ယောက်က သိပ်ကြောက်ဖို့ကောင်းတယ်… သူ ဒီနားမှာ ရပ်နေတာ မြင်ရဲ့သားနဲ့ သူ့တည်ရှိမှုကို အာရုံခံလို့ မရဘူး…”

ချင်မူ မှင်တက်မိသွားသည်။ သူ အစိမ်းရောင် ကောင်းကင်မျက်လုံးကို အသုံးပြု၍ ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို မကြည့်လိုက်ရ။

ရွာလူကြီးကို ကောင်းကင်မျက်လုံး အသုံးပြု၍ ကြည့်စဉ်အခါက ပကတိ ခန္ဓာကိုယ်အကောင်းအတိုင်း ရှိနေသော ခန့်ညားထည်ဝါသည့် နတ်ဘုရား တစ်ပါးကို သူ မြင်တွေ့ခဲ့၏။ ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ကြည့်လျှင် မည်သည့်အရာကိုများ မြင်တွေ့ရလိမ့်မည်နည်း။

ကျောင်းတော်သားအိမ်ရာ အပြင်ဘက်တွင် ချင်ဖေးယွဲ့က ဦးညွှတ်အရိုအသေပြုလိုက်သည်။ ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ထံ လျှောက်လာပြီး ပြောလိုက်၏။ “ပြန်ကြစို့…”

ချင်ဖေးယွဲ့က များစွာ စကားမဆိုဝံ့ဘဲ နောက်မှ လျှောက်၍ လိုက်လာစဉ် ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ရုတ်တရက် ပြောလိုက်သည်။ “ပါမောက္ခချုပ်ရဲ့ အမြင်က စူးရှတာပဲ…”

ချင်ဖေးယွဲ့က ပြုံးလိုက်၏။ “ကူလင်းနွမ်က မဆိုးလှပေမဲ့ ရေခဲတုံးထဲမှာ နှစ်နှစ်ရာကျော် ပိတ်မိခဲ့တဲ့အတွက် ခေတ်နောက်ကျနေမှာ စိုးရွံ့မိပါတယ်…”

“ငါပြောတာ တခြား ပါမောက္ခချုပ်ပါ…”

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက နောက်ပြန်လှည့်ကြည့်၍ ပြောလိုက်သည်။ “သူရွေးချယ်ခဲ့တဲ့သူက သိပ်ကောင်းတယ်၊ အလားအလာ အများကြီး ရှိတယ်… ဒါပေမဲ့ သူက ငါနဲ့ သိပ်တူတော့ သူ့ကို မြင်ရင် အသေသတ်ဖို့ပဲ တစ်ချိန်လုံးတွေးနေမိလို့ နေရထိုင်ရ အဆင်မပြေဘူး…”

ချင်ဖေးယွဲ့မှာ သူ ပြောသည်ကို နားမလည်နိုင်ပေ။

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ရှေ့သို့ ဆက်လျှောက်သွားရင်း တတွတ်တွတ် ရေရွတ်လိုက်၏။ “ငါ့ကိုယ်ငါ မှန်ထဲမှာ ကြည့်ရတာ မုန်းတယ်… မှန်ထဲက ငါက ငါ့စိတ်ကူးထဲက စံထားတဲ့ ငါလောက် ဘယ်တော့မှ မပြီးပြည့်စုံဘူး…”

ကျောင်းတော်သားအိမ်ရာထဲတွင် ချင်မူ၏ စိတ်များ ပြန်လည် ငြိမ်သက်သွားသည်။ သူ၏ ပေါင်းစည်းကျင့်စဉ်က ယခုထိ ပြီးပြည့်စုံခြင်း မရှိသေးပေ။ သို့ဖြစ်၍ သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီး ပြီးပြည့်စုံသည်ထက် ပြီးပြည့်စုံအောင် စူးစိုက်ဆင်ခြင် လေ့လာသုံးသပ်ရဦးမည်။

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ရောက်ရှိလာခြင်းက သူ့အပေါ် များစွာ ရိုက်ခတ်မှု ရှိ၏။ စိတ်ကူးခံယူချက်အတွက် အရာရာကို ရင်ဆိုင်နိုင်သော လူတစ်ယောက်က သူနှင့် ထိတွေ့ဆက်ဆံမိသော လူတိုင်း၏ ရင်ထဲအသည်းထဲတွင် လှိုက်လှိုက်လှဲလှဲ လေးစားစိတ်များ ဖြစ်ပေါ်လာစေနိုင်သည်။

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကောင်းကင်နတ်ဆိုးဂိုဏ်းကို သူ့ခေါင်းပေါ် ဝဲနေသည့် ဓားတစ်ချောင်းသဖွယ် ချန်ထားခြင်းဟု ပြော၏။ ထိုအနေအထားမျိုးသို့ ရောက်ရန်မှာ လွန်စွာ ခက်ခဲလှသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း တစ်ဂိုဏ်းလုံး ပေါင်းစည်းထားသည့် အင်အားနှင့်ပင် ထိုအဆင့်သို့ မရောက်နိုင်။

“ဧကရာဇ်အတိုင်ပင်ခံက ဒီလောက် သူရဲကောင်းဆန်ချင်မှတော့ သူ့ဆန္ဒကို ငါတို့ ဖြည့်ဆည်းပေးရမှာပေါ့…”

ချင်မူက သူ၏ ကျင့်စဉ်ကို လှည့်ပတ်၍ ခြံဝင်းထဲတွင် ဖြည်းညင်းစွာ လမ်းလျှောက်လိုက်၏။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ပေါ်တွင် အခြေတည်၍ သူ ဖန်တီးထားသော ပေါင်းစည်းကျင့်စဉ်ကို အသေးစိတ် ဆင်ခြင်သုံးသပ်၍ တည်းဖြတ်ပြုပြင်မှုများ လုပ်လိုက်သည်။ တစ်ခါတစ်ခါတွင် မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ထုတ်ယူ၍ ဖတ်ရှု၏။

အတန်ကြာပြီးသောအခါ ချင်မူ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ သူ၏ ခြေလှမ်းများက ရုတ်တရက် မြန်ဆန်လာ၏။ ထို့နောက် အရှိန်ပြင်းပြင်း ပြေးလွှား၍ သိမြင်နားလည်ခဲ့သည့် ပေါင်းစည်းကျင့်စဉ်ကို လေ့ကျင့်လိုက်သည်။ သူ့ခန္ဓာကိုယ်က တဖျတ်ဖျတ်လက်နေသော အလင်းပွင့်များ၊ တရိပ်ရိပ် ဖြတ်သန်းသွားသည့် အရိပ်မည်းများကဲ့သို့ တစ်တောင်လုံးအနှံ့ လူးလာကူးခတ် ပြေးလွှားနေတော့၏။

All Chapters