အသွင်ပြောင်းလဲခြင်းကိုးသွယ် အခြေအနေသုံးရပ်
Vol. 13 Ch. 178
ချင်မူက လေပေါ်ပျံနေသကဲ့သို့ ပြေးလွှားနေသော်လည်း သူ့ဦးနှောက်က ဆက်လက် တွေးတောနေဆဲ ရှိပြီး မည်သည့်အခါကမျှနှင့်မတူ ထူးထူးခြားခြား တက်ကြွလှုပ်ရှားလာသည်။ စကားများစွာ မပြောဖြစ်ခဲ့သော်လည်း ဤတစ်ခေါက် ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် တွေ့ဆုံခြင်းက သူ့ဦးနှောက်ကို လှုံ့ဆော်ခံရသည့် အခြေအနေတစ်ရပ်သို့ ဆိုက်ရောက်သွားစေ၏။
ပြိုင်ဘက်ကင်းပါရမီရှင် တစ်ယောက်နှင့် တွေ့ဆုံရခြင်းက စိတ်လှုပ်ရှားစရာဖြစ်ပြီး သူ့နောက် အမီလိုက်ရန်အတွက် ဖိအားကြီးစွာ ဖြစ်ရသည်။
ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ရိုးရိုးတန်းတန်း စကားပြောဆိုခြင်းသာ ဖြစ်သော်လည်း ချင်မူ့အတွက် များစွာ ထူးခြားလှ၏။ ဤဒဏ္ဍာရီပုဂ္ဂိုလ်၏ ရှေ့တွင် ရပ်ဖို့ရန်သက်သက်ပင် သတ္တိများစွာ စုစည်းရသည်။ ဧကရာဇ်အတိုင်ပင်ခံနှင့် စကားပြောနေစဉ် အချိန်အတွင်း၌ သူ၏ အသိဉာဏ်ပညာအားလုံးကို ဂျောင်းဂျောင်းပြေးနေအောင် နှိုးဆွထားရ၏။
အသိဉာဏ်ပညာ ကြီးရင့်သော လူများနှင့် ပြောဆိုခြင်းဖြင့် မိမိ၏ ဉာဏ်ပညာ ရင့်သန်လာမည်ဖြစ်ပြီး သာမန်လူများနှင့် အဖော်ပြုလျှင် သာမန်အတိုင်းသာ ဖြစ်လာပေလိမ့်မည်။
ချင်မူက ဧကရာဇ်အတိုင်ပင်ခံနှင့် စကားပြောဆိုခဲ့ရသည့် အခွင့်အရေးကိုအသုံးချ၍ သူ၏ အသိဉာဏ်ပညာ အမြင့်ဆုံး ရောက်ရှိနေသည့် အနေအထားတွင် ပေါင်းစည်းကျင့်စဉ်ကို ပြီးပြည့်စုံအောင် ပြုပြင်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ရုတ်တရက် သူ့ခြေလှမ်းများက နှေးကျသွားပြီး သူ၏ ချီစွမ်းအင်က ပြုပြင်ပြောင်းလဲထားသည့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်အသစ်အတိုင်း လှည့်ပတ်လိုက်၏။ လက်ရှိ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်မှာ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာရှိ ကျင့်စဉ်ပေါင်း မြောက်မြားစွာမှ ကောင်းကွက်များကို ထုတ်နုတ်ထည့်သွင်း၍ ပြီးပြည့်စုံအောင် ပြုပြင်နေသည့် ပေါင်းစည်းကျင့်စဉ်ပင် ဖြစ်သည်။
မူလ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်မှာ မည်သည့် ဓာတ်ဂုဏ်သတ္တိမျှ မရှိသဖြင့် အခြားကျင့်စဉ်၊ သိုင်းကွက်များကို ထုတ်သုံးရုံသက်သက်သာ အသုံးပြုနိုင်၏။ ၎င်း၏စွမ်းအားက သီးခြား ကောင်းကင်နတ်သိုင်း တွဲဖက်ပါဝင်လာသည့် ကျင့်စဉ်များနှင့် ယှဉ်နိုင်ခြင်း မရှိပေ။
ဥပမာဆိုရလျှင် မိုးကြိုးရှစ်ချက် လက်သီးသိုင်း၏ စွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်ရန် တထာဂတ၏ မဟာယနသုတ္တန်ကို လိုအပ်၏။ မိုးရေစက်များ ရွှေ့ပြောင်းခြင်း သိုင်းကွက်အတွက် လိပ်နက်ရေအလျဉ် ထိန်းချုပ်ကျင့်စဉ်ကို ကျွမ်းကျင်ရန် လိုအပ်သည်။ မိုးကြိုးမီးလျှံသိုင်းကွက်ကို အသုံးပြုသည့်အခါ မီးငှက်မီးလျှံ ထိန်းချုပ်ကျင့်စဉ်ကို ကျွမ်းကျင်မှ မိုးကြိုးနှင့် မီးလျှံများ၏ စွမ်းပကားကို အပြည့်အဝ ထုတ်ဖော်နိုင်ပေလိမ့်မည်။
သို့သော်လည်း လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်က ကျင့်စဉ်သက်သက်သာ ဖြစ်ပြီး မည်သည့် မှော်သိုင်း၊ ကောင်းကင်နတ်သိုင်းမျှ တွဲဖက်ပါဝင်လာခြင်း မရှိပေ။
ဤတစ်ကြိမ် ပေါင်းစည်းကျင့်စဉ်ကို ဆင်ခြင်သုံးသပ်ရာတွင် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြု၍ သစ်ခုတ်သမား၏ သင်ကြားပို့ချမှုများကို နားလည်သဘောပေါက်အောင် လေ့လာခဲ့သည်။ အမျိုးမျိုးသော ကျင့်စဉ်၊ သိုင်းကွက်များ၏ စွမ်းအားကို ထုတ်ဖော်နိုင်ရန် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်၏ ဝိသေသလက္ခဏာရပ်များ အားလုံးကို နှိုးဆွလှုံ့ဆော်လိုက်၏။
လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်က မည်သည့် ဓာတ်ဂုဏ်သတ္တိမျှ မရှိသည့်အတွက် ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းရေးအတွက် အသုံးပြု၍ မရသကဲ့သို့ မည်သည့် ကောင်းကင်နတ်သိုင်းမျှ တွဲဖက်ပါဝင်လာခြင်း မရှိသည့်အတွက် စွမ်းအားမြင့် တိုက်ခိုက်မှုများအဖြစ် ပြောင်းလဲ ထုတ်ဖော်နိုင်ခြင်းလည်း မရှိချေ။
သို့သော်လည်း ဤတစ်ကြိမ် ပေါင်းစည်းကျင့်စဉ်ကို ဆင်ခြင်သုံးသပ်ရာတွင် ထိုပြဿနာကို ချင်မူ ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့သည်။
ယခုအခါတွင် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်သည် ပို၍ အလုံးစုံ လက်ခံနိုင်သော ကျင့်စဉ်တစ်ရပ် ဖြစ်သွားပေပြီ။ သူ ပြုပြင်မွမ်းမံထားသည့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို အသုံးပြု၍ ထုတ်ဖော်တိုက်ခိုက်သမျှ မှော်သိုင်း၊ ဓားသိုင်း၊ သိုင်းကွက်အသားပေးပညာရပ်များမှာ ၎င်းတို့၏ တွဲဖက်ကျင့်စဉ်များကို အသုံးပြု၍ ထုတ်ဖော်တိုက်ခိုက်ခြင်းအောက် နိမ့်ကျခြင်း မရှိတော့ချေ။
ဤသည်က မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ ပေါင်းစည်းကျင့်စဉ်ဟု ခေါ်တွင်သော ကျင့်စဉ်တစ်ရပ်ပင် ဖြစ်၏။
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်တိုင်းတွင် ကိုယ်ပိုင်သီးခြား ပေါင်းစည်းကျင့်စဉ်များ ရှိသည်။ လူငယ်ဂိုဏ်းချုပ်၏ မူလရည်ရွယ်ချက်မှာ ချင်မူ့ကို ပေါင်းစည်းကျင့်စဉ်နှင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ် နှစ်ခုလုံးကို တစ်ချိန်တည်း လေ့ကျင့်ခိုင်းရန် ဖြစ်၏။ တိုးတက်နှုန်း နှေးကွေးကောင်း နှေးကွေးနိုင်သော်လည်း ကျင့်စဉ်နှစ်ခုစလုံး၏ ကောင်းကျိုးများကို တပြိုင်နက် ရရှိနိုင်မည် မဟုတ်လား။
သို့သော်လည်း သူထင်မထားလိုက်သည်မှာ ချင်မူက မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို အခြေခံ၍ ပေါင်းစည်းကျင့်စဉ်ကို ဆင်ခြင်သုံးသပ်ရမည့်အစား လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို တိုက်ရိုက် ပြုပြင်မွမ်းမံပစ်လိုက်ခြင်း ဖြစ်သည်။
ချင်မူ့အနေဖြင့် ဤသည်က ကောင်းသည်လား၊ ဆိုးသည်လား၊ မှန်ကန်သော ဆုံးဖြတ်ချက် ဟုတ်ပါ၏လား မသိချေ။ သူ ငယ်စဉ်ကတည်းက လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို လေ့ကျင့်ခဲ့သည် ဖြစ်၍ ဤကျင့်စဉ်နှင့် အရင်းနှီး အကျွမ်းဝင်ဆုံး ဖြစ်၏။ သို့ဖြစ်၍ သူ့ကိုယ်သူပင် သတိမထားမိဘဲ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို ပေါင်းစည်းကျင့်စဉ်အဖြစ် အလိုလို ပြောင်းလဲပစ်လိုက်မိသည်။
အဓိကအကျဆုံး အချက်မှာ ခန္ဓာကိုယ်ကျင့်စဉ်၊ မှော်သိုင်း၊ သိုင်းကွက်အသားပေး ပညာရပ်များ၌ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်၏ အားနည်းချက်များကို ဖြည့်ဆည်းနိုင်လိုက်ခြင်း ဖြစ်၏။
ပြုပြင်မွမ်းမံပြီးသော လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို သူ ထုတ်သုံးလိုက်သည်။ ယခုတစ်ကြိမ်တွင် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်က မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ ခန္ဓာကိုယ်ကျင့်စဉ်ဖြစ်သော အသွင်ပြောင်းလဲခြင်းကိုးသွယ် အခြေအနေသုံးရပ် လျှို့ဝှက်ကျင့်စဉ်နှင့် ပေါင်းစည်းသွား၏။ ဤကျင့်စဉ်က လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်မှ ထိပ်တန်းခန္ဓာကိုယ်ကျင့်စဉ် ဖြစ်သည်။
ချင်မူ့အနေဖြင့် သိုင်းကွက်အသားပေးလမ်းစဉ်၏ ခန္ဓာကိုယ်ကျင့်စဉ်များကို တစ်ချိန်လုံး အားကျခဲ့ရ၏။ သို့သော်လည်း အဘိုးကြီးမာ၊ သားသတ်သမားနှင့် ထော့ကျိုးတို့က သူတို့၏ ကျင့်စဉ်များကို သင်မပေးသည့်အတွက် မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှသာ ရှာဖွေလေ့လာခဲ့ရသည်။
ကျင့်စဉ်ကို စတင်လေ့ကျင့်လိုက်သည်နှင့် ပြုပြင်မွမ်းမံထားသည့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်၏ ထူးကဲမှုများကို ချင်မူ တစ်မုဟုတ်ချင်း ခံစားလိုက်မိ၏။ သူ၏ ချီစွမ်းအင်က လျင်မြန်စွာ လည်ပတ်၍ အရေပြား၊ ကြွက်သားများ၊ အရွတ်အကြောများ၊ မွေးညင်းများ၊ ရိုးတွင်းခြင်ဆီများအထိ စိမ့်ဝင်ပျံ့နှံ့သွားသည်။
ယခင်ကဆိုလျှင် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်၌ ရိုးရှင်းသည့် ချီစွမ်းအင် လှည့်ပတ်မှုလမ်းကြောင်းသာ ရှိသော်လည်း ယခုအခါတွင် သူ၏ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်မှာ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးသို့ ရောက်ရှိသွားသည်။
လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ် အသစ်က ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်စွမ်းအောင် ပြုပြင်စီရင်ခြင်းအပြင် သူ၏ စိတ်ဝိညာဉ်နှင့် ချီစွမ်းအင်ကိုလည်း ပြုပြင်စီရင်နိုင်သဖြင့် အလွန်တရာ ထိက်တန်းကျသည်ဟု ဆိုနိုင်၏။
ချင်မူ၏ ခြေလှမ်းများပ နှေးသည်ထက် နှေးကျပြီး တဖြည်းဖြည်း ရပ်တန့်သွားသည်။ သူ့ကျင့်စဉ်မှ အားနည်းချက်များကို အသေးစိတ် ဆင်ခြင်သုံးသပ်ပြီး ပြုပြင်လိုက်၏။
သူ၏ ပေါင်းစည်းကျင့်စဉ်က တိတိပပ ပုံပေါ်နေပြီ ဖြစ်ပြီး လိုအပ်သည်များ အားလုံးက အသေးအမွှားလေးများသာ ဖြစ်သည်။
သူ့အနေဖြင့် လွန်စွာ အားနည်းနေသည်မှာ ခန္ဓာကိုယ်ကျင့်စဉ်နှင့် စိတ်ဝိညာဉ်ကျင့်စဉ် ဖြစ်၏။ ယခု သူ၏ ခန္ဓာကိုယ်က မိုးမရွာသည်မှာ နှစ်ဝက်ခန့် ရှိပြီဖြစ်သော လွင်တီးခေါင်ပြင် တစ်ခုကဲ့သို့ မိုးရေစက်များမှ စွတ်စိုမှုနှင့် အာဟာရများကို အငမ်းမရ စုပ်ယူနေသည်။
မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ အသွင်ပြောင်းလဲခြင်းကိုးသွယ် အခြေအနေသုံးရပ်မှာ ချီစွမ်းအင်နှင့် ရုပ်ခန္ဓာ အသွင်ပြောင်းလဲခြင်း ကိုးသွယ်၊ ခန္ဓာကိုယ်အရိုးငြမ်း အခြေအနေသုံးရပ် ဖြစ်၏။ ပထမအခြေအနေမှာ အရိုးများ ခွဲခြားမရအောင် ကျစ်လျစ်သွားသည်။ ဒုတိယအခြေအနေက သံတုံးသံခဲခန္ဓာ ဖြစ်ပြီး တတိယအခြေအနေက တောင်ကြီးတစ်လုံးကဲ့သို့ ဖြစ်၏။
ယခု သူက ပထမအသွင်ပြောင်းလဲခြင်းနှင့် ပထမအခြေအနေတွင်သာ ရှိသေးသည်။
မသိလိုက် မသိဖာသာနှင့် နေ့တစ်ဝက် ကုန်ဆုံးသွားပြီး ချင်မူ မှတ်တမ်းထိန်းဆောင်ရှေ့သို့ တရွေ့ရွေ့ ရောက်ရှိလာ၏။ မှတ်တမ်းထိန်းဆောင်ရှေ့တွင် မှတ်တမ်းထိန်း အရာရှိတစ်ယောက်က ဘေးနားမှ ဖြတ်လျှောက်သွားရင်း သူ့ကို တစ်ချက် လှည့်ကြည့်လိုက်မိသည့်အခါ တစ်မုဟုတ်ချင်း မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အထိတ်တလန့် အော်ဟစ်လိုက်သည်။ “တော်ဝင်ကျောင်းတော်သားချင်၊ မင်း အနားယူတာ ပိုကောင်းမယ် ထင်တယ်၊ မဟုတ်ရင် လူ့လောကမှာ ကြာကြာမနေနိုင်ဘဲ နေလိမ့်မယ်…”
ချင်မူ ကြောင်အမ်းအမ်း ဖြစ်သွား၏။ ထိုမှတ်တမ်းထိန်းအရာရှိ ပြောသည်ကို သူ နားမလည်ချေ။ ရုတ်တရက် လေတစ်ချက် အဝှေ့တွင် မိုက်ခနဲ ဖြစ်သွားပြီး လဲကျသွားသည်။
“သေစမ်း…”
ချင်မူ အံ့အားသင့်သွားပြီး သူ့လက်ကို မြှောက်ကြည့်လိုက်၏။ ပိန်ကပ်နေသော လက်များကို မယုံနိုင်သလို ကြည့်ရင်း သူ့မျက်နှာကို စမ်းလိုက်သောအခါ ပါးရိုးငေါငေါပေါ်တွင် ကပ်နေသည့် အရေပြားကိုသာ စမ်းမိသည်။
မူလက ကွက်တိကျ ချပ်ရပ်နေခဲ့သော ဝတ်စုံမှာ ပွတိပွယောင်း ဖြစ်နေချေပြီ။
ယခုမှ သူ့ကိုယ်သူ သတိပြုမိသွား၏။ လေးနာရီတာ အချိန်အတွင်းတွင် သစ်ကိုင်းခြောက်တစ်ခုကဲ့သို့ ပိန်ခြောက်ကပ်သွားသည်။ ထိုမျှမက သူ၏ ရုပ်ခန္ဓာက အားအင်ကုန်ခန်းနေချေပြီ။
ထို့ပြင် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို လှည့်ပတ်လိုက်သည့်အခါတိုင်း ထိုသို့ အားအင်ကုန်ခန်းမှုက ပို၍ ပို၍ တိုးလာသည်။
သူ့ရုပ်ခန္ဓာမှ ရှိသမျှ အားအင်များ ကုန်ဆုံးသွားသည့်အခါ သူ၏ သေနေ့စေ့ပေလိမ့်မည်။
လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို ပြုပြင်မွမ်းမံရန်သာ အာရုံစိုက်၍ ခန္ဓာကိုယ်ကျင့်စဉ်နှင့် စိတ်ဝိညာဉ်ကျင့်စဉ်ကို လေ့ကျင့်ပြီး ခန္ဓာကိုယ်၏ အခြေအနေကို ဂရုမပြုမိသဖြင့် ယခုမှ မီးစာကုန်ဆီခန်း ဖြစ်နေသည်ကို သတိပြုမိသွား၏။
“လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်အသစ်က အတော်အန္တရာယ်ကြီးတာပဲ… ကျင့်စဉ်လှည့်ပတ်နှုန်းက မြန်လွန်းတယ်… ခန္ဓာကိုယ်ကျင့်စဉ်က ရုပ်ခန္ဓာရဲ့ စွမ်းအင်တွေကို ယူသုံးတယ် ဆိုတာလည်း ငါ မေ့သွားတာ… ခန္ဓာကိုယ်ထဲက စွမ်းအင်တွေ အကုန်ကုန်သွားရင် ခန္ဓာကိုယ်အတွက် အကြီးကျယ် ဒဏ်ပိသွားလိမ့်မယ်…”
သူက ဓာတ်ကြီးငါးပါးအဆင့် ရောက်ရှိပြီး သိပ်သည်းနက်ရှိုင်းသည့် ကျင့်စဉ်စွမ်းအင် ရှိသော်လည်း လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်အသစ်၏ ခန္ဓာကိုယ်ကျင့်စဉ်နှင့် စိတ်ဝိညာဉ်ကျင့်စဉ်ကို လေ့ကျင့်ရာတွင် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်က လေးနာရီပင် မခံလိုက်ချေ။
ချင်မူ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို ကမန်းကတန်း ရပ်တန့်ပြီး သူ့စိတ်ထဲမှ အခြားအတွေးများကို မောင်းထုတ်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်အတွက် ဆေးတစ်ဖုံ မည်သို့ဖော်စပ်ရမည်ကို အသည်းအသန် စဉ်းစားတွက်ချက်ရင်း ကျောင်းတော်သားအိမ်ရာသို့ ပြန်ပြေးသွား၏။
ချင်မူ သူ့အခန်းထဲသို့ ပြေးဝင်၍ ပိုက်ဆံ နှိုက်ယူကာ နန်းတွင်းကောလိပ်ဘက်သို့ အပြေးပြန်ထွက်သွားသည်။ မြေခွေးလေးနှင့် နဂါးချီလင်မှာ ကြောင်အမ်းအမ်း ဖြစ်ကျန်ခဲ့၏။
ဆေးသိုလှောင်ခန်းမမှ ဆေးပင်များ ဝယ်ယူပြီးသောအခါ အိမ်ပြန်ရန် အချိန်မရသဖြင့် လမ်းတွင်ပင် ဆေးဖော်လာခဲ့သည်။ မျက်စိပသာဒဖြစ်ဖွယ် လက်ဟန်နည်းစနစ်များဖြင့် ဆေးဖော်နေသည်ကို မြင်တွေ့ရသူအပေါင်းမှာ ရင်သပ်ရှုမော ဖြစ်သွားကြ၏။ ကျောင်းတော်သားအိမ်ရာသို့ ပြန်မရောက်မီမှာပင် ချင်မူ ဆေးတစ်အိုး ဖော်စပ်၍ ပြီးသွားသည်။
ဖော်စပ်ပြီးစီးသွားသော စွမ်းအင်ဆေးလုံးများက ဗုဒ္ဓဘုရားရှင်များ ကိန်းဝပ်စံပယ်၍ တရားတော်များ ရွတ်ဖတ်နေသကဲ့ မပီဝိုးတဝါး ဗုဒ္ဓသံတစ်သံ ရစ်သိုင်းလွှမ်းခြုံနေ၏။
ချင်မူက ပါးစပ်ဟ၍ ထိုဆေးလုံးများကို တစ်လုံးပြီးတစ်လုံး ပစ်ထည့်လိုက်သည်။
ထို့နောက် ဆေးစွမ်းအင်များကို ချေဖျက်ရင်း သူ့ခြံဝင်းထဲသို့ အပြေးဝင်သွား၏။ ခြံတံခါးသို့ အရောက်တွင် ရုတ်တရက် မိုက်ခနဲ မူးဝေ၍ လဲကျသွားသည်။
ဟူလင်းအာက အလန့်တကြား အော်ဟစ်၍ ကမန်းကတန်း ပြေးလာ၏။ ချင်မူမှာ သူ့နံဘေးသို့ ရောက်လာသော ဟူလင်းအာ မြင်မှ စိတ်တုံးတုံးချပြီး မေ့မျောသွားသည်။ “ငါ့ကို ဆေးစွမ်းအင်တွေ ချေဖျက်ပေး…”
စကားမဆုံးမီမှာပင် သူ သတိလစ်သွား၏။
ချင်မူ ခေါင်းထဲတွင် ချာချာလည်ရင်း ပြန်နိုးလာသောအခါ သူ့ဗိုက်ထဲမှ စွမ်းအင်ဆေးလုံးများ၏ ဆေးစွမ်းအာနိသင်များ ကြေပျက်သွားပြီး ခြေလက်၊ အရိုးအကြောများထံသို့ ချစ်ချစ်တောက် ပူလောင်နေသော ဆေးမီးဖိုကြီးသဖွယ် နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခု လှည့်လှည်စီးဆင်းနေကြောင်း ခံစားလိုက်မိသည်။ ထိုအခါမှ သက်ပြင်းချမိပြီး ကြောက်ရွံ့ထိတ်လန့်စိတ်များ ပေါ်ထွက်လာ၏။
လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ပေါင်းစည်းကျင့်စဉ်က ကောင်းမွန်သော်လည်း အလွန်တရာ အန္တရာယ်များလှသည်။ သူ့အသိစိတ် မလွတ်သေးမီအချိန်ကို အရအမိ ဖမ်း၍ ဆေးမဖော်စပ်နိုင်ခဲ့ပါက အကျိုးဆက်က မတွေးဝံ့စရာပင် ဖြစ်၏။
“လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို သုံးပြီး ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကို လေ့ကျင့်တဲ့အခါ ကုန်ဆုံးသွားမဲ့ စွမ်းအင်တွေကို မဖြည့်ဆည်းနိုင်ရင် ငါ သေသွားနိုင်တယ်…”
ချင်မူ မျက်လုံးများ ဖွင့်၍ မလှုပ်မယှက် လဲလျောင်းနေမိသည်။ သူ့စိတ်ထဲမှ တွက်ချက်ကြည့်လိုက်၏။ “ဒါကို ပြုပြင်ချင်ရင် အတော်လေး ခက်ခဲမယ်… ငါ့တစ်ကိုယ်လုံးကို ဆင်ခြင်သုံးသပ်ပြီး တစ်ခုချင်း လိုက်ပြင်ရမှာဆိုတော့ အချိန် အကြာကြီး ပေးရလိမ့်မယ်… ဒီအတိုင်းဆိုရင် ဒီကျင့်စဉ်ကို ငါ မလေ့ကျင့်တာ ပိုကောင်းမယ်…”
ဟူလင်းအာက ဘေးနားတွင် ရပ်၍ သူ့ကို စိုးရိမ်ပူပန်စွာ ကြည့်နေသည်။ နဂါးချီလင်က အပြင်ဘက်တွင် ဆောင့်ကြောင့်ထိုင်နေရင်း ပြတင်းပေါက်မှ ခေါင်းတိုး၍ သူ့ကို အစာကျွေးမည့်သခင် အသက်ရှိပါသေးလောဟု ကြည့်လိုသော်လည်း သူ့ခေါင်းက ကြီးလွန်းသဖြင့် မျက်လုံးတစ်လုံးစာသာ ဆံ့၏။ အိမ်ထဲသို့ သူ့ကိုယ်လုံးကြီး တိုးဝင်နိင်ခြင်း မရှိပေ။
ချင်မူ ထထိုင်လိုက်သောအခါ သူ့အိပ်ရာပေါ်သို့ ရောက်နေကြောင်း တွေ့ရ၏။ မြေခွေးလေးက သူ၏ မှော်မိစ္ဆာလေဖြင့် သူ့ကို အိမ်ရာထက်သို့ ပို့ခဲ့ခြင်း ဖြစ်မည်။ သူ ပြုံးလိုက်၏။ “စိတ်ပူစရာ မလိုတော့ပါဘူး… ငါ နေကောင်းပါပြီ… ဆေးစွမ်းအင်တွေ အကုန် ချေဖျက်ပြီးသွားရင် ငါ့ခန္ဓာကိုယ် အားပြန်ပြည့်လာပါလိမ့်မယ်…”
ဟူလင်းအာက သက်ပြင်းတစ်ချက် ချပြီး ပြောလိုက်သည်။ “ကျွန်မမှာ သေလောက်အောင် လန့်သွားတာပဲ သခင်လေးရယ်… ဒီလောက် အချိန်လေးထဲ ပိန်ခြောက်ကပ်သွားတာ… အစောပိုင်း သခင်လေး လဲကျသွားတုန်းက ပြန်မှ ထလာနိုင်ပါတော့မလားလို့ စိတ်ပူနေတာ…”
ချင်မူက ဆေးစွမ်းအင်များကို စိတ်အေးလက်အေး ချေဖျက်၍ ခန္ဓာကိုယ်အနှံ့သို့ ပို့ဆောင်စုပ်ယူလိုက်၏။ လတ်တလောအဖို့ မသေနိုင်တော့သော်လည်း သူ့ခန္ဓာကိုယ်က အာဟာရပြတ်သည့် အနေအထားတွင် ရှိနေသေးသည်။
ဤသည်က သူ၏ ခန္ဓာကိုယ်ကျင့်စဉ်နှင့် စိတ်ဝိညာဉ်ကျင့်စဉ်ကြောင့် ဖြစ်ပေါ်လာသော ကိုယ်တွင်း အာဟာရ ပြတ်လပ်မှု ဖြစ်၏။ သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က ကြံ့ခိုင်သန်မာလာသော်လည်း သူ့ကို အားပြန်ဖြည့်ပေးမည့် အာဟာရများ မရှိချေ။ ကောင်းကင်ယံတွင် ပျံသန်းနေသော သင်္ဘောတစ်စီးပမာ ဖြစ်၏။ လောင်စာကို ဆေးမီးဖိုသေးသေးလေးဖြင့်သာ ထောက်ပံ့လျှင် ထိုသင်္ဘောမှာ မကြာမီ ကောင်းကင်ယံမှ ပြုတ်ကျ၍ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားပေလိမ့်မည်။
ဤသည်မှာ သူ့ဖြစ်အင်ပင် ဖြစ်သည်။
သူ၏ စိတ်ဝိညာဉ်ကို လေ့ကျင့်ရာတွင် စိတ်ဝိညာဉ်စွမ်းအင်များ ကုန်ဆုံး၍ ခန္ဓာကိုယ်ကို လေ့ကျင့်ရာတွင် ကိုယ်တွင်းအားအင်များ ကုန်ဆုံးသွား၏။ သူ ဖော်စပ်လိုက်သော စွမ်းအင်ဆေးလုံးက စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ဖြည့်တင်းပေးရန် ဖြစ်ပြီး သူ့စိတ်ဝိညာဉ်စွမ်းအင် ကုန်ဆုံးမသွားစေရန်သာ ဖြည့်ဆည်းပေးခဲ့သည်။ သူ့ခန္ဓာကိုယ်ကတော့ အလွန်အမင်း အာဟာရပြတ်လပ်သည့် အနေအထားတွင် ရှိနေသေး၏။
ယခုအချိန်တွင် သူ့စိတ်ဝိညာဉ်စွမ်းအင်များ အပြည့်အဝ ပြန်ရသွားပြီ ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်က အရိုးပေါ်အရေတင် ပိန်ခြောက်ကပ်နေသည်။
ချင်မူ ထရပ်၍ မေးလိုက်၏။ “လင်းအာ၊ စားစရာ ရှိလား… ငါ ဗိုက်ဆာတယ်…”
“သခင်လေး နွားသိုးစိမ်းကြီးကို စားချင်လား…”
ပြတင်းပေါက်အပြင်ဘက်မှ နဂါးချီလင်၏ မျက်လုံးကြီး တစ်ပတ်လည်သွားပြီး ဝမ်းသာအားရ ပြောလိုက်သည်။ “အနောက်ဘက်တောင်ပေါ်မှာ နွားသိုးရိုင်းကြီး တစ်ကောင် ရှိတယ်… သခင်လေးစားဖို့ ကျွန်တော် ဖမ်းပြီး ကင်ပေးရမလား…”
ဤနဂါးချီလင်က ဗိုက်ပြည့်သွားသည့်အခါ အကြံဆိုးများနှင့် ပြည့်ပြီး နွားသိုးစိမ်းကြီးအပေါ် လက်စားပြန်ချေလိုလာ၏။
ဟူလင်းအာက ပြုံးလိုက်သည်။ “ခဏလေးစောင့် သခင်လေး… နဂါးကြီးလာ၊ သခင်လေးအတွက် စားစရာ သွားရှာရအောင်…” စကားဆုံးသည်နှင့် နဂါးချီလင်ကို ခေါ်ဆောင်၍ အိမ်ထဲမှ မီးခိုးတန်းတစ်ခုလို ပြေးထွက်သွား၏။
“အစ်မတော်လင်းအာ… ဘယ်မှာ သွားပြီး စားစရာ ရှာမှာလဲ…” နဂါးချီလင်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
“နင် ရေကူးတတ်လား…”
ဟူလင်းအာက မေးလိုက်၏။ “ကျောက်စိမ်းနဂါးရေကန်ထဲမှာ ငါးကြီးတွေ ရှိတယ်… ငါ မျက်စိကျနေတာ အတော်ကြာပြီ…”
နဂါးချီလင်က ဝမ်းသာအားရ ပြန်ဖြေလိုက်၏။ “ကျွန်တော်လည်း မျက်စိကျနေတာ ကြာပြီ… သခင်ကြီး အမိန့်မပေးဘဲ ဖမ်းရင် မကောင်းတတ်လို့သာ… စိတ်မပူနဲ့၊ ကျွန်တော် ရေကူးကျွမ်းတယ်… ရေအောက်ထဲမှာ အသက်မရှူဘဲ လေးငါးဆယ်ရက် နေနိုင်တယ်…”
ဟူလင်းအာက အကြီးအကျယ် ဝမ်းသာသွားပြီး နဂါးချီလင်နှင့်အတူ ကျောက်စိမ်းနဂါးရေကန်သို့ ဦးတည်သွားလိုက်သည်။ ရေကန်၏ တစ်ဘက်ကမ်းတွင် တာအိုရသေ့တစ်ပါး ရှိပြီး သူတို့ကို မြင်သောအခါ စစ်ဆေးမေးမြန်းရန် ပြင်လိုက်၏။ သို့သော်လည်း သူ မည်သည်ကိုမျှ မမေးနိုင်မီမှာပင် နဂါးချီလင်က ရေကန်ထဲသို့ ခုန်ချသွားသည်။
ထိုတာအိုရသေ့၏ မျက်နှာအမူအရာ အကြီးအကျယ် ပျက်ယွင်းသွားပြီး ကမန်းကတန်း အော်ဟစ်လိုက်၏။ “ဟိုခြင်္သေ့၊ ရေကန်ထဲ ရေဆင်းချိုးလို့ မရဘူးလေ… ဟိုမြေခွေး၊ ခြင်္သေ့ကောင်ကို တားဦး…”
ဟူလင်းအာက တစ်မုဟုတ်ချင်း အော်ဟစ်လိုက်သည်။ “နဂါးကြီး၊ မြန်မြန်… မြန်မြန်…”