← Chapters

စွမ်းအင်ပြည့်ဆေးမဟာအားဖြည့်ကျင့်စဉ်

Vol. 13 Ch. 179

စွမ်းအင်ပြည့်ဆေးမဟာအားဖြည့်ကျင့်စဉ်

Vol. 13 Ch. 179

နဂါးချီလင်က ရေကန်ထဲသို့ ထိုးဆင်းသွားပြီး လှိုင်းဂယက်များ ထလာသည်။ ရေကန်ထက်တွင်တော့ အစောင့်တာအိုရသေ့က မြင်းမြီးယပ်တစ်ခုကို ကိုင်၍ အလျင်အမြန် ပြေးလာ၏။ သူ့လက်ထဲမှ မြင်းမြီးယပ်ကို လှုပ်ခါလိုက်သောအခါ မြောက်မြားစွာသော ကြိုးမျှင်များက ငါးဖမ်းပိုက်ကွန်ကြီး တစ်ခုကဲ့သို့ ပြန့်ကြဲကျရောက်သွားပြီး နဂါးချီလင်ကို ဖမ်းယူရန် ကြိုးစားလိုက်သည်။

ဝုန်း…။

ကန်ရေပြင်က ပြင်းထန်စွာ လှုပ်ခါသွားပြီး ထိုတာအိုရသေ့မှာ အင့်ခနဲ ညည်းညူလိုက်မိ၏။ သူ၏ မြင်းမြီးယပ်မှာ လက်ကိုင်ရိုးသာ ကျန်ရစ်ခဲ့သည်။ သူက ဤနဂါးချီလင်၏ ပြိုင်ဘက်မဟုတ်မှန်း သိသဖြင့် တစ်မုဟုတ်ချင်း နောက်ပြန်လှည့်ပြေးသွားရင်း အော်ဟစ်ကြိမ်းမောင်းလိုက်၏။ “မှော်မိစ္ဆာတွေ၊ တော်ဝင်မိသားစုရဲ့ ကျောက်စိမ်းနဂါးရေကန်ထဲကို ရေဆင်းချိုးရဲတဲ့အပြင် ငါ့ကိုပါ ရန်ရှာရဲတယ် ဟုတ်လား… ခေါင်းဖြတ်သတ်ခံဖို့သာ စောင့်နေ…”

များမကြာမီတွင် သန့်စင်ယန်ခန်းမမှ နန်းတွင်းကျောင်းတော်သားများ ထွက်လာပြီး ကျောင်းတော်သားအိမ်ရာဘက်သို့ ပြန်လာကြ၏။ ယနေ့မှာ တာအိုရသေ့လင်းယွင် သင်ကြားသည့်နေ့ ဖြစ်ပြီး သန့်စင်ယန်ခန်းမက သင်ကြားသည်မှာ ချီစွမ်းအင် လေ့ကျင့်ခြင်းအကြောင်း ဖြစ်သည်။ တာအိုရသေ့လင်းယွင်က သူ၏ ချီစွမ်းအင်ကို သန့်စင်ယန်အဆင့်ထိ လေ့ကျင့်နိုင်သဖြင့် နက်ရှိုင်းသော ကျင့်စဉ်စွမ်းအင်ရှိသူအဖြစ် နာမည်ကျော်ကြား၏။

ကျောင်းတော်သားများမှာ ကျောင်းတော်သားအိမ်ရာသို့ မပြန်နိုင်မီမှာပင် ခြေလှမ်းများ ရပ်တန့်သွားပြီး တအံ့တဩ ငေးမောကြည့်ရှုရင်း ကျောက်ရုပ်သဖွယ် ဖြစ်သွားကြသည်။

အလွန်အမင်းကြီးမားသော ငါးနီကြီးတစ်ကောင် လေပေါ်တွင် ပျံသန်းသွားသည်ကို သူတို့ မြင်လိုက်ကြရ၏။ ထိုငါးနီကြီး၏ ကိုယ်ပေါ်တွင် အနီရောင် အကြေးခွံများ ရှိပြီး ခေါင်းပေါ်တွင် နဂါးဦးချိုများ ပေါက်နေသည်။ နဂါးကိုးကောင်ချီကို နှစ်ပေါင်းများစွာ ကြာအောင် စုပ်ယူခဲ့သည့်အတွက် ဤငါး၏ ဦးခေါင်းက နဂါးအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်၏။ နဂါးတစ်ပိုင်း ငါးတစ်ပိုင်းကဲ့သို့ ဖြစ်နေပြီး ပါးစပ်ထဲတွင် လွှသွားကဲ့သို့ သွားများ အပြည့်ဖြင့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။

သို့သော်လည်း ယခုအခါတွင် ဤငါးကြီးမှာ ချီစွမ်းအင်ကြိုးမျှင်များဖြင့် တုပ်နှောင်ခံထားရပြီး မလှုပ်မရှားနိုင် ဖြစ်နေ၏။ မှော်မိစ္ဆာလေပွေတစ်ခုက ငါးကြီးကို ကျောင်းတော်သားအိမ်ရာဘက်သို့ သယ်ဆောင်သွားသဖြင့် ကျောင်းတော်သားအားလုံးမှာ မှင်တက်မိသွားကြသည်။

ထိုငါးကြီး၏ နောက်တွင် ပို၍ ကြီးမားသော နဂါးချီလင်တစ်ကောင် ခန္ဓာကိုယ်ပေါ်မှာ ရေစက်ရေပေါက်များကို ခါရင်း ပြေးလိုက်လာ၏။ နဂါးချီလင်၏ ခေါင်းပေါ်တွင် မြေခွေးဖြူလေးတစ်ကောင် မတ်တတ်ရပ်လျက် ပါလာပြီး မှော်မိစ္ဆာလေကို ထိန်းချုပ်၍ ငါးကြီးကို သယ်ဆောင်လာသည်။

ထိုနဂါးချီလင်က ကျောင်းတော်သားအိမ်ရာထဲ ပြေးဝင်သွားပြီး တော်ဝင်ကျောင်းတော်သားချင်၏ ခြံဝင်းထဲသို့ ငါးကြီးကို ပစ်ချလိုက်၏။ ထို့နောက် မြေခွေးလေးက ခြံဝင်းထဲသို့ ခုန်ပေါက်ပြေးဝင်သွားပြီး တံခါးပိတ်လိုက်သည်။

ကျောင်းတော်သားတစ်ယောက်က တီးတိုးရေရွတ်လိုက်၏။ “ဒီငါးကြီးကို ကြည့်ရတာ ကျောက်စိမ်းနဂါးရေကန်ထဲက ငါးဘုရင်တစ်ကောင် ထင်တယ်… ဒီငါးမျိုးကို နဂါးနီငါးကြင်းလို့ ခေါ်တယ်… နှစ်သစ်စားပွဲမှာ နန်းတွင်းအရာရှိတွေကို ဧကရာဇ်ကိုယ်တိုင် တည်ခင်းဧည့်ခံတဲ့ တော်ဝင်ဟင်းလျာပဲ…”

ဘေးနားမှ ကျောင်းတော်သားတစ်ယောက်မှာလည်း ငိုင်တွေငေးမောနေရင်း ရေရွတ်လိုက်သည်။ “ပြီးခဲ့တဲ့နှစ်က ဧကရာဇ်ရဲ့ ကြီးမြတ်တဲ့ ကရုဏာကြောင့် တော်ဝင်စားပွဲမှာ အဲဒီငါးဟင်းချိုကို ငါ့အဖေ မြည်းစမ်းခွင့် ရခဲ့တယ်… သူ အဲဒီက ပြန်လာကတည်းက အခုအချိန်ထိ ဘယ်လောက် အရသာရှိကြောင်း ပြောလို့ မပြီးဘူး… ဒါပေမဲ့ အဲဒီ နဂါးနီငါးကြင်းက တစ်ပေလောက်ပဲ ရှည်တာတဲ့၊ အခုဟာက…”

အခြားကျောင်းတော်သားများ အသိပြန်မဝင်လာမီမှာပင် ချင်မူ၏ အိမ်တံခါး ပြန်ပွင့်လာသည်ကို မြင်လိုက်ကြရ၏။ မြေခွေးဖြူလေးက ထပ်မံ၍ ခုန်ပေါက်ပြေးထွက်လာပြီး ပိုးစာပင်တစ်ပင်ရှေ့သို့ ရောက်ရှိသွားသည်။ သူက မှော်မိစ္ဆာလေကို မှုတ်ထုတ်၍ ထိုပိုးစာပင်ကို ခုတ်လှဲလိုက်၏။ ထို့နောက် မှော်မိစ္ဆာလေကို သစ်ခုတ်ဓားမများအသွင် ပြောင်း၍ ပိုးစာပင်ကိုင်းများကို ထင်းချောင်းများ ဖြစ်အောင် ခုတ်ဖြတ်ပြီး ခြံဝင်းထဲသို့ သယ်ဆောင်သွားသည်။

ရုတ်တရက် မြေခွေးလေးမှာ ခြေလှမ်းများ တန့်သွားပြီး နောက်ပြန်လှည့်၍ ပိုးစာပင် ပင်စည်တစ်ခုလုံး ခြံဝင်းထဲ ဆွဲသွင်းလိုက်၏။ တစ်ခဏကြာသောအခါ ချင်မူ၏ ခြံဝင်းထဲမှ မီးခိုးလုံးများ လိပ်တက်လာသည်။ ထိုမြေခွေးလေးနှင့် နဂါးချီလင်က ငါးကင်ရန်အတွက် မီးမွှေးနေကြကြောင်း ထင်ရှား၏။

ကျောင်းတော်သားများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိကြသည်။ ချွီထင်က တီးတိုးရေရွတ်လိုက်၏။ “အဲဒီသစ်ပင်က မိုးပြာယန်ခန်းမရဲ့ အဆောင်မှူး၊ ချင်းရှန်ကိုယ်တော် စိုက်ထားတဲ့ ရည်ရွယ်ရာသစ်ပင် မဟုတ်လား… ကျောင်းတော်သားတွေရဲ့ ပညာရှာလိုစိတ်ကို လှုံ့ဆော်ပေးနိုင်အောင် စိုက်ထားတဲ့ သစ်ပင်…”

များစွာမကြာလိုက်ဘဲ မွှေးပျံ့သော ရနံ့တစ်ခုက ကျောင်းတော်သားအိမ်ရာ တစ်ခုလုံး ပျံ့နှံ့ဖုံးလွှမ်းသွားသည်။

ကျောင်းတော်သားအားလုံး၏ ပါးစပ်ထဲ၌ သွားရည်တမြားမြား ယိုစီးကျလာ၏။ ဤစွန့်ပစ်ခံကောင် ခေါ်ဆောင်လာသည့် မြေခွေးလေးနှင့် နဂါးချီလင်က တော်ဝင်မိသားစု၏ သောက်ရေကန်မှ ငါးဘုရင်ကို သတ်ဖြတ်ကာ ချင်းရှန်ကိုယ်တော် စိုက်ပျိုးထားသည့် ရည်ရွယ်ရာသစ်ပင်ကို ခုတ်လှဲ၍ မီးမွှေးပြီး ငါးကင်နေသည်တဲ့လား။

မည်မျှ အတင့်ရဲလိုက်သနည်း။ ပုန်ကန်ရန် ကြံစည်နေကြသည်လား။

“သခင်လေး၊ အရသာ ဘယ်လိုနေလဲ…”

ချင်မူ၏ ခြံဝင်းထဲမှ ထိုလူငယ်လေးနှင့် မြေခွေးလေး၏ အပြန်အလှန် ပြောစကားများကို သူတို့ ကြားလိုက်ကြသည်။ “အဆင်ပြေပါတယ်၊ ကြာကြာမနှပ်လိုက်ရလို့ ဟင်းခပ်အမွှေးအကြိုင် အရသာတွေ အသားထဲ စိမ့်မဝင်သေးတာ တစ်ခုပဲ… ငါးဆိုတာ မကင်ခင် တစ်ညလောက် ဟင်းခပ်အမွှေးအကြိုင်နဲ့ နယ်ပြီးနှပ်ထားမှ စားတဲ့အခါ ကြွပ်မွှေးပြီး နူးညံ့သွားတာ… ဒီငါးက အတော်လေး ကြီးတာပဲ… မင်းတို့ ဘယ်က ဖမ်းလာတာလဲ…”

“ကန်ထဲကပါ…”

“ဪ အဲထဲကလား… အဲရေကန်မှာ ပါမောက္ခချုပ်နဲ့ တစ်ခါ ငါးမျှားဖူးတယ်၊ ဒါပေမဲ့ နဂါးနီငါးကြင်း သေးသေးလေးတစ်ကောင်ပဲ မိတာ… ဒါပေမဲ့ အဲဒီငါးဟင်းချိုက တော်တော် အရသာရှိတာပဲ… မင်းတို့ ပိုးစာပင်အသားနဲ့ ငါးကင်ဖို့ လုပ်တာ တော်တော်ကောင်းတယ်၊ ပိုးစာပင်ရဲ့ ချိုချိုချဉ်ချဉ် အရည်ရွှမ်းတဲ့ အနံ့လေး သင်းသွားတာ…”

…။

ကျောင်းတော်သားအိမ်ရာရှိ ကျောင်းတော်သားအားလုံး၏ မျက်နှာတွင် ချင်မူ၏ ကံကြမ္မာဆိုးအတွက် ဝမ်းသာသည့် အရိပ်အယောင်များ ထင်ဟပ်နေ၏။ ချွီထင်က ကျိတ်ရယ်မောလိုက်သည်။ “တော်ဝင်ကျောင်းတော်သားချင်တော့ သေပြီပဲ…”

ခြံဝင်းထဲတွင် ချင်မူက တံစို့ထိုးထားသော နဂါးနီငါးကြင်းကို နဂါးချီလင် မီးမွှေးထားသော ပိုးစာပင်သားမီးဖို အရှိန်ပြင်းပြင်း၌ အပြင်ပိုင်းကြွပ်၍ အတွင်းသားများ နူးညံ့လာအောင် ဟိုဘက်လှည့်လိုက်၊ သည်ဘက်လှည့်လိုက် ကင်နေသည်။

ထို့နောက် ငါးဗိုက်ထဲသို့ ပိုးစာရွက်များ၊ ကြက်သွန်နီ၊ ဂျင်းများ ထိုးထည့်လိုက်၏။ ငါးဗိုက်ထဲမှ အဆီများက မီးဖိုထဲသို့ တဖျစ်ဖျစ်မြည်ရင်း စီးကျလာပြီး သွားရည်ယိုဖွယ်ရာ ညှော်နံသင်းသင်း ထောင်းခနဲ ထွက်လာသည်။

ငါးတစ်ကောင်လုံး ကျက်သွားသောအခါ ဟူလင်းအာက သူ၏ လေပြင်းဓားသွားများဖြင့် ငါးဗိုက်သားကို လှီးဖြတ်လိုက်၏။ ထိုနေရာမှ အသားက အဆူဖြိုးဆုံး ဖြစ်သည်။

သူ့ဓားစွမ်းက လွန်စွာ ထက်သည့်အတွက် ငါးအသားလွှာများ တိတိရိရိ ပြတ်ကျလာ၏။  တစ်ချိန်တည်းတွင် ပန်းကန်တစ်ချပ်ကို မှော်မိစ္ဆာလေဖြင့် ဆွဲယူ၍ ပြုတ်ကျလာသော ငါးအသားလွှာများအောက်မှ ခံယူလိုက်သည်။ ထိုအသားလွှာများက ကျောက်သလင်းကဲ့သို့ ကြည်လင်နေပြီး နူးညံ့သော သိုးသားအဆီတုံးများကဲ့သို့ပင် ထင်ရ၏။

ချင်မူက မီးရှိန်ကို လျှော့ချလိုက်သည်။ လူတစ်ယောက်၊ မြေခွေးတစ်ကောင်နှင့် နဂါးချီလင်က မီးပုံဘေးတွင် ဝိုင်းဖွဲ့ထိုင်၍ ငါးကင် စားလိုက်ကြ၏။

ရုတ်တရက် မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှ စွမ်းအင်ပြည့်ဆေး မဟာအားဖြည့်ကျင့်စဉ်ဟု ခေါ်သော ထူးဆန်းသည့် ကျင့်စဉ်တစ်ခုကို အမှတ်ရလိုက်မိသဖြင့် ချင်မူ့ရင်ထဲတွင် လှုပ်ရှားသွားသည်။ သူ၏ ချီစွမ်းအင်ကို ထိုကျင့်စဉ်အတိုင်း အလျင်အမြန် လှည့်ပတ်ပြီး အစာချေနှုန်းကို မြှင့်တင်လိုက်၏။ မကြာမီအချိန်အတွင်း၌ သူ့ဗိုက်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားသည်။ သို့ဖြစ်၍ မီးပုံဘေးမှ မထဘဲ ငါးကင် ဆက်စားလိုက်၏။

ဤကျင့်စဉ်၏ အမည်က ထူးဆန်းသကဲ့သို့ ကျင့်စဉ်ကိုယ်၌ကလည်း ထူးဆန်းလှသည်။

စွမ်းအင်ပြည့်ဆေး မဟာအားဖြည့်ကျင့်စဉ်၏ ကျင့်ကြံမှုမှာ အစားစားခြင်းအပေါ်တွင် အဓိက မှီခိုနေ၏။

ဤကျင့်စဉ်က ဗိုက်ထဲသို့ ရောက်လာသော အစားအစာမှန်သမျှကို ခွန်အားအဖြစ်၊ ချီစွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်သည်။ ခန္ဓာကိုယ်ခွန်အား သန်မာလာနိုင်သကဲ့သို့ ကျင့်စဉ်စွမ်းအင်ကိုလည်း တိုးမြင့်စေသည့်အတွက် စွမ်းအင်ပြည့်ဆေး မဟာအားဖြည့်ကျင့်စဉ်ဟု ခေါ်ဆိုခြင်း ဖြစ်၏။

ယခုအခါတွင် ချင်မူ၏ ခန္ဓာကိုယ်က ပိန်ခြောက်ကပ်နေပြီး ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန် လိုအပ်နေသည်။ အလွန်တရာ ကြီးမားလှသော ငါးကင်ကြီးက သူ့ရှေ့တွင် ရှိနေသည် ဖြစ်ရာ ဤကျင့်စဉ်ကို အသုံးပြု၍ ခန္ဓာကိုယ်ကို အားပြန်ဖြည့်နိုင်ပေပြီ။

ဤငါးကြီးက ထူးကဲသော ငါးမျိုးဖြစ်သည်။ နန်းတွင်းကောလိပ်တွင် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်ပြီး နဂါးကိုးကောင်ချီစွမ်းအင်များကို စုပ်ယူခဲ့သည် ဖြစ်၍ အရသာ ရှိရုံသာမက အာဟာရလည်း ပြည့်လှ၏။ ယခု ချင်မူ၏ ခန္ဓာကိုယ်က အားအင်ကုန်ခန်းနေပြီး ထိုထူးဆန်းသော ကျင့်စဉ်ကို လှည့်လည်လိုက်သောအခါ ဗိုက်ထဲမှ အစားအစာများက တစ်မုဟုတ်ချင်း အာဟာရအဖြစ် ကြေပျက်သွားပြီး ခန္ဓာကိုယ်မှ စုပ်ယူသွားသည်။

သူ၏ ခြောက်ကပ်နေသော ကြွက်သားများမှာလည်း တဖြည်းဖြည်း ဖောင်းကြွလာ၏။ ထိုသို့ ဖောင်းကြွနှုန်းက လွန်စွာ နှေးကွေးသော်လည်း ဤဆယ်ကိုက်ကျော် ရှည်လျားသည့် ငါးကြီးကို ကုန်စင်အောင် စားပြီးသည့်အခါ သူ့ကြွက်သားများ မူလအတိုင်း ပြန်ပြည့်လာနိုင်မည်ဟု ချင်မူ တွက်မိသည်။

ဟူလင်းအာမှာ ဆက်မစားနိုင်တော့ချေ။ နဂါးချီလင်မှာလည်း သွေးနီမီးလျှံဆေးလုံးများ စားနေကျ ဖြစ်၍ ငါးသားကို များစွာ မကြိုက်လှဘဲ တစ်လုတ်နှစ်လုတ် စားပြီးနောက် ရပ်တန့်လိုက်၏။ ချင်မူတစ်ယောက်သာလျှင် အားရပါးရ ထိုင်စားနေသည်။

ရုတ်တရက် အပြင်ဘက်မှ တံခါးခေါက်သံ ပေါ်ထွက်လာသဖြင့် ဟူလင်းအာ သူ၏ ဖောင်းကားနေသော ဗိုက်လုံးလေးကို တရွတ်ဆွဲ၍ တံခါးပြေးဖွင့်လိုက်၏။ ဝေ့ယုံက နှာခေါင်း ရှုံ့ပွရှုံ့ပွနှင့် လျှောက်ဝင်လာပြီး ပြုံးလိုက်သည်။ “နေ့လည်စာ စားဖို့ပြင်နေတုန်း နောင်တော်ချင်ဆီက အသားကင်နံ့မွှေးနေတာနဲ့ တောင်းစားရအောင် ရောက်လာတာ… အာ တောင်တံခါးမုခ်ဝက ကျောက်ခြင်္သေ့ရုပ်က အသက်ဝင်လာတာလား… မြေခွေးလေး၊ နင် ဘယ်လိုလုပ် ငါ့ထက် ဝအောင် စားထားရတာလဲ…”

ဟူလင်းအာက ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်၏။

ဝေ့ယုံမှာ မီးပုံဘေးတွင် ထိုင်နေသော ချင်မူ့ထံ အကြည့်ရောက်သွားပြီး အံ့အားတကြီး အော်ဟစ်လိုက်မိသည်။ “မြေခွေးလေး၊ နောင်တော်ချင်ဆီက ယန်စွမ်းအားတွေ စုပ်ယူပြီး နင့်ရဲ့ ယင်စွမ်းအား မြင့်မားလာအောင် လုပ်နေတာလား…. နောင်တော်ချင်၊ ဘယ်လိုလုပ်ပြီး ဒီလောက် ပိန်ချုံးသွားရတာလဲ…”

ဟူလင်းအာမှာ ဒေါသထွက်ပြီး တစ်ချိန်တည်းတွင် စိုးရိမ်သွား၏။ “ကျွန်မမှာ အဲလိုလုပ်ဖို့ အခွင့်အရေးတောင် မရသေးဘူး… ပေါက်ကရတွေ လျှောက်ပြောမနေနဲ့…”

“နင် မလုပ်ရင် ဘယ်သူလုပ်တာလဲ…”

ဝေ့ယုံမှာ ပဟေဠိ ဖြစ်သွားသည်။ “ငါ သိတယ်၊ နောင်တော်ချင် မြို့တော်ကို ရောက်တာနဲ့ အိမ်နီကြီး ဘယ်နားရှိလဲ မေးကတည်းက တစ်နေ့ ဒုက္ခရောက်လိမ့်မယ်ဆိုတာ… မင့်ခန္ဓာကိုယ်က မျှော်လင့်ထားသလောက် မခံနိုင်ဘူး မဟုတ်လား…”

ချင်မူမှာ ရယ်ရမလား၊ ငိုရမလားမသိ ဖြစ်သွားပြီး သူ့ကို ထိုင်စားရန် ဖိတ်ခေါ်လိုက်၏။

ဝေ့ယုံက ဟန်ဆောင်မနေတော့ဘဲ ငါးအသားတုံးကြီး တစ်တုံး ဖဲ့လိုက်သည်။ ပါးစပ်ထဲထည့်၍ အရသာခံကြည့်လိုက်သောအခါ ထိုငါးအသားက လည်ချောင်းထဲအထိ လျှောခနဲ ဝင်သွားပြီး သူ့လျှာပါ ဗိုက်ထဲမျိုချမိမတတ် ဖြစ်သွား၏။ သူ အံ့အားသင့်သွားပြီး လွှတ်ခနဲ ချီးကျူးလိုက်သည်။ ထို့နောက် ပလုတ်ပလောင်းဖြင့် စကားပြောလိုက်သည်။ “အဆောင်မှူးဆရာတွေက ပြီးခဲ့တဲ့ လတွေမှာ သူတို့ရဲ့ သင်ခန်းစာ လာနားမထောင်လို့ နောင်တော်ချင့်ကို သဘောမကျ ဖြစ်နေကြတယ်… တော်ဝင်ကျောင်းတော်သားက ပညာမပြည့်ဝသေးဘဲ မာန်တက်နေတယ်တို့၊ ဧကရာဇ်က နောင်တော်ချင်ရဲ့ ရာထူးအဆင့်ကို မတိုးပေးသင့်ဘူးတို့ ပြောနေကြတယ်… ဒါနဲ့ နောင်တော်ချင် ဘယ်လို ဖြစ်တာလဲ… ဘာလို့ ဒီလောက် ပိန်သွားတာလဲ…”

“ကျင့်စဉ်ကျင့်တာ အမှားတစ်ခု လုပ်မိပြီး သေတော့မလို ဖြစ်သွားတာပါ…”

ချင်မူက ပြောလိုက်၏။ “ကံကောင်းလို့ အချိန်မီ သတိပြုမိသွားပြီး အခု ကုန်သွားတဲ့ စွမ်းအင်တွေ ပြန်ဖြည့်နေတာ…”

ဝေ့ယုံက ပြုံးလိုက်သည်။ “နောင်တော်ချင်က အတော်သတ္တိကောင်းတာပဲ၊ မဆင်မခြင် လေ့ကျင့်ရဲတယ်… ငါလည်း အခု တော်ဝင်ကျောင်းတော်သား ဖြစ်သွားပြီဆိုတော့ နယ်စားနန်းဆောင်မှာ နေရာတစ်ခု ရထားပြီ၊ ဘယ်လို ဆေးမျိုးလိုလဲပြော… နယ်စားနန်းဆောင်က သွားယူပေးမယ်…”

ချင်မူက ခေါင်းခါယမ်းလိုက်၏။ “ဒီငါးစားပြီးရင် ငါ့ခန္ဓာကိုယ်က အရင်အတိုင်း ပြန်ဖြစ်ပါလိမ့်မယ်… စွမ်းအင်ဆေးလုံးတွေ သောက်ဖို့ မလိုဘူး…”

“နောင်တော်ချင် သိလား… ပါမောက္ခပါ့ရှန်နဲ့ ပါမောက္ခချုပ်ကူတို့ မြို့ပြင်မှာ သူသေကိုယ်သေ တိုက်ခိုက်ကြတာ… ဧကရာဇ်တောင် ထိတ်လန့်သွားတယ်…”

ဝေ့ယုံက ဂေ့ခနဲ လေတစ်ချက်တက်ပြီး ပြောလိုက်သည်။ “တခြား ပထမအဆင့် နန်းတွင်းအရာရှိတွေကို ခေါ်ပြီး ငါ့အဖေ သွားဖျန်ဖြေမှ သူတို့ ရပ်ကြတယ်… ငါ သွားစပ်စုကြည့်တာတော့ ဧကရာဇ်က သူတို့နှစ်ယောက်စလုံးကို ခေါ်ကြိမ်းတယ်တဲ့… အဲဒါစပ်စုပြီးတာနဲ့ ဒီမှာ လာစားတာပဲ… နောင်တော်ချင် ပြန်မလာခင်တုန်းက ပါမောက္ခပါ့ရှန် ငါ့ကို လာရှာပြီး အပြင်လောကကို အတွေ့အကြုံရအောင် ခေါ်သွားမဲ့အကြောင်း ပြောသေးတယ်… ငါ ထင်တာတော့…”

“နောင်တော်ဝေ့၊ စားနေတုန်း စကားမပြောပါနဲ့လား…”

များမကြာမီတွင် ဤဖက်တီးလေး ဝေ့ယုံမှာ ပို၍ ဖောင်းကားလာပြီး ဆက်မစားနိုင်တော့ချေ။ သို့သော်လည်း ချင်မူက အားရပါးရ ဆက်စားနေပြီး ငါးအသားဖတ်များသာ တစ်ဖတ်ပြီးတစ်ဖတ် ဝင်သွားသော်လည်း သူ့ဗိုက်က ဖောင်းလာခြင်း မရှိကြောင်း တွေ့ရ၏။

ဝေ့ယုံ အံ့အားသင့်သွားသည်။ ချင်မူ၏ ပိန်ကပ်နေသော ခန္ဓာကိုယ်က လေထိုးလိုက်သကဲ့သို့ တဖြည်းဖြည်း ဖောင်းကားလာသည်ကို မြင်သောအခါ သွား၍ ဆွဲဆိတ်ကြည့်၏။ သူ့ခန္ဓာကိုယ် တစ်ခုလုံးက ကြွက်သားများ ဖြစ်နေသည်ကို တွေ့သောအခါ ပိုအံ့အားသင့်သွားသည်။

သူတို့ရှေ့မှ ငါးကြီး ပြောင်စင်အောင် ကုန်သွားသောအခါ ဆယ်ကိုက်ခန့်ရှည်သော ငါးရိုးကြီးသာ ကျန်ရစ်ခဲ့၏။ ချင်မူ၏ ခန္ဓာကိုယ်က မူလအတိုင်း ပြန်ပြည့်လာပြီး ယခင်ကထက်ပင် ပိုသန်မာလာသဖြင့် ဝေ့ယုံ မနာလိုမဆုံး ဖြစ်သွားသည်။

“ဒီလောက် အရသာရှိတဲ့ ငါးမျိုး ဘယ်က ဝယ်လာတာလဲ…”

ဝေယုံမှာ ဗိုက်က ဆက်မစားနိုင်တော့သော်လည်း ပါးစပ်က စားချင်နေသေး၍ မေးလိုက်၏။ “မြို့တော်က ဈေးထဲမှာ ဒီလောက်ကြီးတဲ့ ငါးမျိုး မမြင်ဖူးဘူး၊ ဒီလောက်အရသာ ရှိတဲ့ ငါးမျိုးလည်း မစားဖူးဘူး… ထပ်ဝယ်ပြီး သေချာ ကင်စားရမယ်…”

ချင်မူက ဂရုမထားဟန်ဖြင့် ပြောလိုက်သည်။ “ကျောက်စိမ်းနဂါးရေကန်က ဖမ်းလာတာလေ…”

ဝေ့ယုံ မျက်လုံးပြူးသွားပြီး ကမန်းကတန်း မေးလိုက်၏။ “ဘယ်ကျောက်စိမ်းနဂါးရေကန်လဲ…”

“ငါတို့ နန်းတွင်းကောလိပ်ထဲကလေ…”

ဝေ့ယုံ ဂလုခနဲ တံတွေးမျိုချရင် အသံတုန်တုန်ဖြင့် မေးလိုက်သည်။ “ငါတို့ နန်းတွင်းကောလိပ်ရဲ့ ကျောက်စိမ်းနဂါးရေကန် ဟုတ်လား… ဒီငါးက ကျောက်စိမ်းနဂါးရေကန်ထဲက ငါးဘုရင်တစ်ကောင်လား…”

ချင်မူ ဟူလင်းအာကို လှမ်းကြည့်သောအခါ ဟူလင်းအာက ခေါင်းညိတ်လိုက်၏။ “နဂါးကြီးကို ခပ်ကြီးကြီးတစ်ကောင် ဖမ်းခဲ့ဖို့ ပြောလိုက်တာ၊ သူ ဖမ်းလာတဲ့အကောင်က အကြီးဆုံးပဲ…”

ဝေ့ယုံ၏ မျက်နှာ ဖြူဖျော့သွားပြီး ခြံဝင်းတစ်ခုလုံး ပြန့်ကြဲနေသည့် ပိုးစာပင်ကိုင်းများနှင့် ပိုးစာရွက်များထံ အကြည့်ရောက်သွားသည်။ ထို့နောက် အသံတုန်တုန်ဖြင့် ထပ်မေးလိုက်၏။ “ငါ အစောက ပြန်လာတော့ ကျောင်းတော်သားအိမ်ရာထဲမှာ ရှိတဲ့ ရည်ရွယ်ရာသစ်ပင်ကို ငုတ်တိုပဲ တွေ့ခဲ့တာ၊ ကြည့်ရတာ…”

“အဲဒီ ပိုးစာပင်ကို ရည်ရွယ်ရာသစ်ပင်လို့ ခေါ်တာလား…”

ဟူလင်းအာက တအံ့တဩ ပြောလိုက်သည်။ “သစ်ပင်တွေမှာတောင် နာမည် ရှိတာလား…”

ဝေ့ယုံ၏ မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူရော်သွားပြီး အတုန်တုန်အချိချိ ခြေလှမ်းရင်း ကြောင်ငေးငေး ရေရွတ်လိုက်၏။ “ရည်ရွယ်ရာသစ်ပင်ကို ထင်းခုတ်ပြီး ကျောက်စိမ်းနဂါးနန်းတော်က ငါးဘုရင်ကို မီးကင်စားတယ်… ငါ့မှာ ခေါင်းဆယ်လုံး ရှိရင်တောင် ဧကရာဇ် ခုတ်ဖြတ်လို့ လောက်မှာ မဟုတ်ဘူး… ငါ ဒီနေရာကို တစ်ခါမှ မရောက်ဖူးဘူး၊ တစ်ခါမှ မရောက်ဖူးဘူး…”

All Chapters