← Chapters

အခက်တွေ့အောင်လုပ်

Vol. 13 Ch. 180

အခက်တွေ့အောင်လုပ်

Vol. 13 Ch. 180

“မြေခွေးမိစ္ဆာတစ်ကောင်နဲ့ နဂါးခေါင်းခြင်္သေ့တစ်ကောင်က ကျောက်စိမ်းနဂါးရေကန်မှာ လာသောင်းကျန်းသွားတယ် ဟုတ်လား… ကန်ထဲမှာ ရေဆင်းချိုးရုံတင် မကဘူး၊ မင်းကိုပါ ရိုက်နှက်သွားတယ်ပေါ့…”

ကူလင်းနွမ်က နန်းတော်မှ ပြန်ရောက်ခါစ ရှိသေးသည်။ ကျောက်စိမ်းနဂါးရေကန်ကို စောင့်ကြပ်သော တာအိုရသေ့က သတင်းပို့လာ၏။ ကူလင်းနွမ်၏ ရင်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားပြီး အော်ဟစ်လိုက်သည်။ “နဂါးနီငါးကြင်းတွေထဲက ငါးဘုရင်ကို အဲဒီနဂါးခြင်္သေ့က ဖမ်းသွားတယ် ဟုတ်လား… ဘယ်သူ့ မြေခွေးမိစ္ဆာနဲ့ နဂါးခြင်္သေ့က ဒီလောက် သတ္တိကောင်းနေတာလဲ… ငါ ဒီရာထူးကို ရတာမှ တစ်လပဲ ရှိသေးတယ်၊ ဒီလိုကိစ္စမျိုး ဖြစ်ရတယ်လို့… ဘယ်ကောင်များ ငါ့ကို အခက်တွေ့အောင် လုပ်တာလဲ…”

ဤသတင်းကို လုံးစေ့ပတ်စေ့ ဆင်ခြင်နိုင်ခြင်း မရှိသေးမီမှာပင် အခြားတစ်ယောက် သတင်းပို့လာ၏။ “ပါမောက္ခချုပ်၊ တော်ဝင်ကျောင်းတော်သားချင် မွေးထားတဲ့ မြေခွေးလေးက ရည်ရွယ်ရာသစ်ပင်ကို ခုတ်ပြီး ငါးကင်ပစ်ပါတယ်… အဲဒီငါးက ကျောက်စိမ်းနဂါးရေကန်ရဲ့ ငါးဘုရင်နဲ့တူတယ်၊ သူတို့ စားပစ်လို့ ကုန်သွားပါပြီ… အခု တော်ဝင်ကျောင်းတော်သားချင်နဲ့ နန်းတွင်းကျောင်းတော်သား ဝေ့ယုံတို့က ငါးရိုးတွေ ထုပ်ပိုးပြီး သက်သေဖျောက်ဖို့ ကြိုးစားနေကြပါတယ်…”

ကူလင်းနွမ် အံ့ဩဝမ်းသာမိသွားသည်။ “ဒီခွေးကောင်ကို အခက်တွေ့အောင် မလုပ်နိုင်တော့ဘူးလားလို့ စိတ်ပူလိုက်ရတာ… အခုတော့ ဒီကောင်က ငါ့ခြေထောက်အောက် မှောက်ရက်လာလဲတာပဲ… ဒီကိစ္စနဲ့တင် ဒီကောင့်ခေါင်းကို အခါတစ်ရာ ဖြတ်လို့ ရနေပြီ… အခု ဟိုသောက်ရူးပါ့ရှန် ဘာပြောနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့…”

သူက စိတ်အားတက်ကြွစွာဖြင့် ထရပ်ပြီး ပြောလိုက်၏။ “သွားစို့၊ ဒီကောင်တွေကို သွားဖမ်းကြမယ်… ပစ္စည်းသက်သေ၊ လူသက်သေ အကုန်လိုတယ်… ပြီးရင် တာ့လီကျောင်းတော်ဆီ တစ်ခါတည်း ဖမ်းပို့ စစ်ဆေးမေးမြန်းပြီး တစ်မိသားစုလုံး ခေါင်းဖြတ်သတ်ပစ်မယ်… ဒါပြီးမှ ဧကရာဇ်ဆီ စာလွှာသွင်း သတင်းပို့တာပေါ့…”

“ဝေ့ယုံလို့ခေါ်တဲ့ ကျောင်းတော်သားကိုရော…”

“သူ့လည်း တစ်ခါတည်း ဖမ်းပြီး ဟိုချင်မူနဲ့အတူတူ အပြစ်ပေးလိုက်…”

ကူလင်းနွမ်က ပြုံးလိုက်သည်။ “ဘယ်သူကများ ငါ့ကို အခက်တွေ့အောင် လုပ်တာလဲလို့ ထင်နေတာ၊ တကယ်က ကံကြမ္မာ မျက်နှာသာပေးလာတာပါလား…”

ကူလင်းနွမ်တို့လူစု ကျောင်းတော်သားအိမ်ရာထဲ အပြေးဝင်သွားသော်လည်း ချင်မူ့ကို သူ့ခြံဝင်းထဲတွင် မတွေ့ရချေ။ မြေခွေးတစ်ကောင်နှင့် တခေါခေါ အိပ်နေသော နဂါးချီလင်တစ်ကောင်ကိုသာ တွေ့ရ၏။ ကူလင်းနွမ်က နဂါးချီလင်ကို နှိုး၍ မေးလိုက်သည်။ “ချင်မျိုးရိုး ခွေးကောင်လေး ဘယ်ရောက်သွားလဲ…”

နဂါးချီလင်က ခေါင်းထောင်ထ၍ သူတို့ကို တစ်ချက်ကြည့်ပြီး လေးဖင့်စွာ ပြန်ပြောလိုက်၏။ “အစောကထိ ဒီမှာ ရှိသေးတယ်၊ အခုလေးတင် နန်းတော်ထဲက လာဖိတ်ခေါ်သွားတာ…”

“ဧကရာဇ်က ဒီကိစ္စကို သိသွားလို့များ ဒီကောင့်ကို နန်းတော်ထဲခေါ်ပြီး ခေါင်းဖြတ်သတ်ဖို့ လုပ်တာလား…”

ကူလင်းနွမ်က ဟက်ခနဲ ရယ်လိုက်သည်။ “ဒီခွေးကောင်က ငါ့ရဲ့ အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ယူထားတာ၊ ခေါင်းဖြတ်သတ်တယ်ဆိုတာ အညှာပေးလိုက်တာပဲ… မင်းတို့ကောင်တွေ ဘာကြောင်ကြည့်နေတာလဲ… ဒီမြေခွေးနဲ့ နဂါးချီလင်ကို ဖမ်းထား… နန်းတော်ထဲကို ဝင်ပြီး ဟိုခွေးကောင် ဘယ်လိုသေရလဲဆိုတာ ငါ့မျက်စိနဲ့ တပ်အပ်မြင်ရအောင် သွားကြည့်မယ်…” စကားဆုံးသည်နှင့် ကူလင်းနွမ် အဆောတလျင် ပြေးထွက်သွားသည်။

သူနှင့်အတူ လိုက်လာသော ပါမောက္ခများ၊ ကျောက်စိမ်းနဂါးရေကန်ကို စောင့်ကြပ်သော တာအိုရသေ့တို့က နဂါးချီလင်ကို သံကြိုးတစ်ချောင်းဖြင့် အလျင်အမြန် တုပ်နှောင်လိုက်၏။ ဟူလင်းအာက ထွက်ပြေးရန် ကြံစည်သေးသော်လည်း အဖမ်းခံလိုက်ရသည်။

ကူလင်းနွမ်က နန်းတော်အတွင်းသို့ တက်ကြွစွာ ပြေးဝင်သွားပြီး ဧကရာဇ်နှင့် တွေ့ဆုံခွင့်တောင်းလိုက်၏။ တစ်ခဏကြာသောအခါ အစောင့်တစ်ယောက်က သတင်းပို့လာသည်။ “အရှင်မင်းကြီးက တော်ဝင်ဥယျာဉ်မှာပါ… သခင်ကြီးကူ လိုက်သွားနိုင်ပါတယ်…”

ကူလင်းနွမ် အံ့အားသင့်သွား၏။ “ချင်ကောင်စုတ်ကို တော်ဝင်ဥယျာဉ်မှာ ခေါင်းဖြတ်မှာလား… အရှင်မင်းကြီးက တကယ့်ကို ဒေါသထွက်နေတဲ့ပုံပဲ…”

တော်ဝင်ဥယျာဉ်သို့ ရောက်သောအခါ ပျံ့လွင့်လာသော ရယ်သံများ ကြားရသဖြင့် ကူလင်းနွမ် ဇဝေဇဝါ ဖြစ်သွားသည်။ ဥယျာဉ်ထဲ ဝင်သွားသောအခါ ဧကရာဇ်ယန်ဖုန်းက မယ်တော်ကြီးကို တွဲလျှောက်နေပြီး သူတို့၏နောက်တွင် နန်းတွင်းအရာရှိအချို့ လိုက်ပါလာကြသည်ကို မြင်လိုက်ရ၏။ ချင်မူက မယ်တော်ကြီး၏ ဘယ်ဘက်တွင် အနည်းငယ် နောက်ချန်၍ လိုက်ပါလာပြီး တစ်စုံတစ်ခု ပြောလိုက်ရာ မယ်တော်ကြီး၏ ဟက်ဟက်ပက်ပက် ရယ်မောသံများ လွင့်ပျံလာသည်။

ဧကရာဇ်ယန်ဖုန်းက သူ့ကို မြင်သွားပြီး လက်ယပ်ခေါ်လိုက်၏။ ထို့နောက် နွေးထွေးစွာ မေးမြန်းလိုက်သည်။ “အရာရှိမင်း၊ ဘာလျှောက်တင်စရာ ရှိလို့လဲ…”

ကူလင်းနွမ်က တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး လျှောက်တင်လိုက်၏။ “တော်ဝင်ကျောင်းတော်သားချင်က နဂါးချီလင်တစ်ကောင်ကို ကျောက်စိမ်းနဂါးရေကန်ထဲ ငါးဆင်းဖမ်းခိုင်းပြီး ကင်စားပစ်ပါတယ်… ကျောက်စိမ်းနဂါးရေကန်က တော်ဝင်မိသားစုအတွက် သောက်သုံးရေ ခပ်ယူတဲ့နေရာ ဖြစ်သလို နဂါးနီငါးကြင်းကလည်း တော်ဝင်ဟင်းလျာ ဖြစ်ပါတယ်… တော်ဝင်ကျောင်းတော်သားချင်အနေနဲ့ ဒီလောက် အတင့်ရဲ လွန်ကျူးလွန်တာ၊ သေဒဏ်ချမှတ်ရမဲ့ ပြစ်မှုပါ… ကျွန်တော်မျိုးအနေနဲ့ ဖုံးကွယ်မထားဝံ့တာကြောင့် အရှင်မင်းကြီးထံ လာရောက်လျှောက်ထားခြင်း ဖြစ်ပါတယ်…”

“ဒီလိုအဖြစ်မျိုး ရှိခဲ့တာလား…”

ဧကရာဇ်ယန်ဖုန်းက ချင်မူ့ကို ကြည့်၍ မေးလိုက်သည်။ “အရာရှိချင်အနေနဲ့ ဘာများ ပြောစရာ ရှိလဲ…”

“ကျွန်တော်မျိုးက လူမှုအဖွဲ့အစည်းအပြင်က လူတစ်ယောက်ပါ၊ ရွှေမြို့တော်ရဲ့ စည်းမျဉ်းတွေကို မသိနားမလည်တဲ့အတွက် လွန်ကျူးစော်ကားမိပါတယ်…”

ချင်မူက လျှောက်တင်လိုက်၏။ “ကျောက်စိမ်းနဂါးရေကန်က တော်ဝင်မိသားစုရဲ့ ရေကန်ဖြစ်ကြောင်း မသိသလို အဲဒီရေကန်ထဲက ငါးတွေကို စားလို့မရကြောင်း မသိရှိပါဘူး… ကျွန်တော်မျိုးအနေနဲ့ အပြစ်ပြုမိပါတယ်၊ အရှင်မင်းကြီး အပြစ်ဒဏ် စီရင်တော်မူပါ…”

“ဒါ သေဒဏ်ကျနိုင်တဲ့ ပြစ်မှုပဲ…”

ဧကရာဇ်ယန်ဖုန်းက သူ့ကို ကြည့်၍ ပြောလိုက်သည်။ “ငါကိုယ်တော်အနေနဲ့ မောင်မင်းရဲ့ အဖိုးထိုက်တန်မှုကို အသိအမှတ်ပြုပေမဲ့ စည်းမျဉ်းဥပဒေက စည်းမျဉ်းဥပဒေပဲ… မောင်မင်းကို ဘယ်လို အပြစ်ဒဏ်စီရင်စေချင်လဲ…”

ကူလင်းနွမ်က ပြုံးလိုက်၏။ “အရှင်မင်းကြီး၊ နန်းတွင်းဥပဒေအရ ဒီရာဇဝတ်သားရဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် ခေါင်းဖြတ်သတ်ရပါမယ်…”

မယ်တော်ကြီးက ပြုံးလိုက်သည်။ “ဧကရာဇ်မင်းမြတ်၊ နတ်ဆေးသမားတော်လေးကို ခေါင်းဖြတ်သတ်သင့်တယ်လို့ ငါလည်း ထင်တယ်ကွဲ့…”

ဧကရာဇ်ယန်ဖုန်းမှာ မှင်တက်မိသွားပြီး ပြုံးလိုက်၏။ “မယ်တော်က ဘာလို့ ဒီလို မိန့်တော်မူတာပါလဲ…”

မယ်တော်ကြီးက ရှေ့သို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားပြီး ခပ်အေးအေး ပြောလိုက်သည်။ “သူ့ကို ခေါင်းဖြတ်သတ်သင့်တာပေါ့… နတ်ဆေးသမားတော်လေးကို ခေါင်းဖြတ်မသတ်ရင် ဧကရာဇ်က ငါးတစ်ကောင်ကို လူတစ်ယောက်ထက် ပိုတန်ဖိုးထားတယ်ဆိုတာ တစ်လောကလုံး ဘယ်သိတော့မလဲ… တော်ဝင်ကျောင်းတော်သားချင်ကို ခေါင်းဖြတ်မသတ်ရင် ဧကရာဇ်က လူတစ်ယောက်ထက် သောက်တော်ရေကို ပိုတန်ဖိုးထားတယ်ဆိုတာ တစ်လောကလုံး ဘယ်သိတော့မလဲ… သူ့ကို ခေါင်းဖြတ်သတ်လိုက်မှ ဧကရာဇ်က ငါ့ဝေဒနာ ပျောက်ကင်းအောင် ကုသပေးတဲ့ နတ်ဆေးသမားတော်လေးကိုတောင် ရေတစ်လုတ်၊ ငါးတစ်ကောင်အတွက် သေဒဏ်ချတယ်ဆိုတာ တစ်လောကလုံးမှာ ရှိတဲ့ ပါရမီရှင်တွေ သိသွားမှာပေါ့… အဲဒီအခါမှ ဧကရာဇ်ဆိုတာ ညံ့ဖျင်းတဲ့ ခေါင်းဆောင်ပါလားဆိုတာ သိသွားကြမှာပေါ့…”

ဧကရာဇ်ယန်ဖုန်းက တဟားဟား အော်ရယ်၍ လက်ဝှေ့ယမ်းပြလိုက်၏။ “အရာရှိမင်းကူ၊ ဒီလို အသေးအဖွဲ ကိစ္စမျိုးလေးတွေအတွက်နဲ့ ငါ့ကို ခေါင်းလာမရှုပ်သင့်ဘူး၊ သွားတော့…”

ကူလင်းနွမ် နားမလည်နိုင် ဖြစ်သွားသည်။ “ဒါက…”

“သွားတော့၊ သွားတော့…”

ဧကရာဇ်ယန်ဖုန်က လက်ဝှေ့ယမ်း၍ ပြောလိုက်၏။ “ကျောက်စိမ်းနဂါးရေကန်ကို သေသေချာချာ မစောင့်ကြပ်နိုင်ခဲ့ပေမဲ့ မင့်ကို အပြစ်မပေးတော့ပါဘူး… အခုမှ နန်းတွင်းကောလိပ်ကို စရောက်တာ မဟုတ်လား… ဒီနေ့ မင်းလုပ်ခဲ့တာတွေနဲ့တင် ငါကိုယ်တော် ခေါင်းကိုက်ရပြီးပြီ… ပါမောက္ခပါ့ရှန်နဲ့ တိုက်ခိုက်ကတည်းက ငါကိုယ်တော် အရှက်ရခဲ့တာ… မင်းနိုင်ရင် ကိစ္စမရှိပေမဲ့ နိုင်အောင် မတိုက်နိုင်ခဲ့ဘူး… ပါမောက္ခချုပ်တစ်ယောက်က ပါမောက္ခတစ်ယောက်ကို မနိုင်ဘူးဆိုတော့ မင်းကို ခန့်အပ်ထားတဲ့ ငါကိုယ်တော် မျက်နှာပျက်ရတယ်… မင့်အပြစ်မင်း သွားဆင်ခြင်ချေဦး…”

“မှန်လှပါ…”

ကူလင်းနွမ် မကျေမချမ်း ဖြစ်သွားပြီး လှည့်ထွက်သွားတော့မည် ပြင်လိုက်စဉ် ချင်မူက ပြောလိုက်၏။ “သခင်ကြီးကူ၊ ကျွန်တော်ရဲ့ မြေခွေးလေးနဲ့ နဂါးချီလင်ကိုတော့ အခက်တွေ့အောင် မလုပ်ဘူး မဟုတ်လား…”

ကူလင်းနွမ်၏ ရင်ထဲတွင် ဒိတ်ခနဲ ခုန်သွားသည်။ မယ်တော်ကြီးက ရယ်မောလိုက်၏။ “သူ လုပ်ရဲမှာ မဟုတ်ပါဘူး… ဒါနဲ့ ဧကရာဇ်၊ ငါ့ကို ကုသပေးတဲ့အတွက် နတ်ဆေးသမားတော်လေးကို ဆုမချီးမြှင့်ရသေးဘူးလေ…”

“မယ်တော်၊ သူက ဆဋ္ဌမအဆင့်အရာရှိ တော်ဝင်ကျောင်းတော်သား ဖြစ်နေပြီလေ… ရာထူးထပ်တိုးပေးလို့ မဖြစ်တော့ဘူး… သူက ငယ်သေးတယ်… ကျွန်တော် ဘက်လိုက်တယ် အပြောမခံရအောင် နောက်တစ်နှစ်၊ နှစ်နှစ်လောက်နေမှ ဒီကိစ္စ ပြောကြတာပေါ့…”

“နတ်ဆေးသမားတော်လေး၊ မင်းငယ်ငယ်တုန်းက စိတ်ဝင်စားစရာ အကြောင်းတွေ ထပ်ပြောပြပါဦး…”

ကူလင်းနွမ်မှာ ဝေး၍ ဝေး၍ သွားပြီး နန်းတွင်းကောလိပ်သို့ ပြန်ရောက်လာသည်။ သူ့ရင်ထဲတွင် ဒေါသများ ပြည့်နေပြီး ဖောက်ခွဲစရာ နေရာမရှိချေ။ ကျောက်စိမ်းနဂါးရေကန်ကို စောင့်ကြပ်သော တာအိုရသေ့က ကမန်းကတန်း တိုးကပ်လာပြီး မေးလိုက်၏။ “ပါမောက္ခချုပ်၊ အဲဒီ သူခိုးကို ကွပ်မျက်ပြီးသွားပြီလား…”

“အကုန်လုံး မင်း ရှုပ်တဲ့ ဇာတ်တွေပဲ… ဒီရေကန်လေးတစ်ခုပဲ စောင့်ကြည့်ရတာကို ဒီလို ပြဿနာတက်တယ်၊ မင်းကြောင့် ငါ အရှက်ကွဲခဲ့ရပြီကွ…”

ကူလင်းနွမ်က သူ့ကို စိုက်ကြည့်၍ အော်ဟစ်လိုက်သည်။ “အဲဒီမြေခွေးနဲ့ နဂါးချီလင်ကို လွှတ်လိုက်…”

ရေကန်စောင့် တာအိုရသေ့မှာ မကျေမနပ် ဖြစ်သွား၏။ သူ မည်သည့်အမှား လုပ်ခဲ့၍ ကူလင်းနွမ် ဤမျှ ဒေါသထွက်နေသည်မှန်း မသိချေ။ ဟူလင်းအာနှင့် နဂါးချီလင်ကိုသာ သွားလွှတ်လိုက်ရသည်။ “ပါမောက္ခချုပ်၊ ဝေ့ယုံကို သွားဖမ်းဖို့ လူလွှတ်လိုက်ပေမဲ့ ဝေ့ယုံက ပါမောက္ခပါ့ရှန်ဆီ သွားနေပါတယ်၊ ပါမောက္ခပါ့ရှန်က သူ့ကို ခေါ်သွားခွင့် မပြုပါဘူး… ဘယ်လိုများ လုပ်ရမလဲ…”

“ဝေ့ယုံက ဘယ်မိသားစုကလဲ…”

“နယ်စားဝေ့ရဲ့ မိသားစုကပါ…”

“ပြဿနာကို မီးခွက်ထွန်း မရှာစမ်းပါနဲ့ကွာ…”

…။

တော်ဝင်ဥယျာဉ်၌…။ မယ်တော်ကြီးက ချင်မူနှင့် အတန်ကြာအောင် စကားထပ်ပြောနေ၏။ ထို့နောက် ချင်မူက မယ်တော်ကြီး၏ သွေးခုန်နှုန်းကို စမ်း၍ ဆေးစာတချို့ ချရေးလိုက်သည်။ “မယ်တော်ကြီးရဲ့ ရောဂါက ပြန်ကောင်းလာပါပြီ၊ အတွင်းဒဏ်လည်း မကျန်ခဲ့ပါဘူး…”

မယ်တော်ကြီးက ပြုံးလိုက်၏။ “ဒုက္ခခံပေးတာ ကျေးဇူးတင်ပါတယ်၊ နတ်ဆေးသမားတော်လေး…”

ချင်မူက နှုတ်ဆက်ထွက်ခွာရန် ထရပ်လိုက်သည်။ ဧကရာဇ်ယန်ဖုန်းက ပြုံးလိုက်၏။ “အရာရှိချင်၊ ခဏနေပါဦး… မောင်မင်းနဲ့ ပြောစရာရှိသေးတယ်…”

ချင်မူ ခြေလှမ်းများ ရပ်လိုက်သည်။ ဧကရာဇ်ယန်ဖုန်းက သူ့ဆီသို့ လျှောက်လှမ်းလာပြီး နန်းတွင်းအပျိုတော်များနှင့် မိန်းမစိုးများကို နောက်ဆုတ်ရန် ခြေဟန်လက်ဟန် ပြလိုက်၏။ သူက တော်ဝင်ဥယျာဉ်အတွင်းသို့ ဦးတည်လျှောက်လှမ်းရင်း ပြုံးလိုက်သည်။ “ငါကိုယ်တော်ရဲ့ တော်ဝင်ကျောင်းတော်သား၊ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်၊ မဟာမြို့ပျက်ရဲ့ စွန့်ပစ်ခံလူ၊ ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်ရဲ့ တပည့်… အရာရှိချင်ရဲ့ နာမည်ဂုဏ်ပုဒ်တွေက တကယ့်ကို များပြားတာပဲ…”

ချင်မူ မှင်တက်မိပြီး သူ့ခြေလှမ်းများ အလိုလို နှေးကျသွား၏။ သူက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်အသစ် ဖြစ်ကြောင်း ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ သိနိုင်လျှင် ဧကရာဇ်ယန်ဖုန်းတွင်လည်း သိနိုင်စရာ နည်းလမ်းများ ရှိပေလိမ့်မည်။

ဧကရာဇ်ယန်ဖုန်းက အတော်ဝေးဝေးသို့ ရောက်ရှိသွားပြီး နောက်ပြန်လှည့်ကာ မေးလိုက်သည်။ “အရာရှိချင်၊ ဘာလို့ မီအောင် လိုက်မလာတာလဲ…”

ချင်မူက အပြေးလိုက်သွားပြီး ပြုံးလိုက်၏။ “အရှင်မင်းကြီးရဲ့ ဘုန်းကံက ကောင်းကင်ဘုံအထိ ပြည့်လျှံနေတာပါပဲ…”

ဧကရာဇ်ယန်ဖုန်းက ရယ်မောလိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းက မိစ္ဆာလမ်းစဉ်ရဲ့ နံပါတ်တစ်ဂိုဏ်း၊ အထွတ်အမြတ်နယ်မြေ… သူတို့ရဲ့ ဂိုဏ်းသခင်က ငါကိုယ်တော်ရဲ့ ကျောင်းတော်သား ဖြစ်နေတယ်ဆိုတာ တကယ့်ကို ဘုန်းကံကြီးမားတာပါပဲ… ဒါပေမဲ့ ဘုန်းကံကြီးမားတာ ဖြစ်နိုင်သလို ကပ်ဘေးတစ်ခုလည်း ဖြစ်နေနိုင်တယ်… အရာရှိချင်၊ မောင်မင်းအနေနဲ့ ဘုန်းကံကြီးတာလို့ ထင်လား၊ ကပ်ဘေးတစ်ခုလို့ ထင်လား…”

ချင်မူက ပြုံးလိုက်၏။ “အရှင်မင်းကြီး၊ တာအိုဂိုဏ်းရဲ့ တာအိုသခင်က အရှင်မင်းကြီးရဲ့ လက်အောက်ကို ခိုလှုံလာရင် ဘယ်လိုရာထူးမျိုး အပ်နှင်းမှာပါလဲ…”

ဧကရာဇ်ယန်ဖုန်းက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “တာအိုဂိုဏ်းရဲ့ တာအိုသခင်ဆိုတာ သမာသမတ်လမ်းစဉ်ရဲ့ အကြီးအမှူးပဲ၊ အမြင့်စံ ပထမအဆင့်၊ နယ်စားဘုရင်ခံရာထူး ပေးအပ်ပြီး အဲဒီရာထူးကို မျိုးဆက်အဆင့်ဆင့် ဆက်ခံခွင့် ပေးရမှာပေါ့…”

ထို့နောက် ချင်မူက မေးလိုက်၏။ “မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ တထာဂတက အရှင်မင်းကြီးရဲ့ လက်အောက် ခိုလှုံလာရင်ရော ဘယ်လို ရာထူးမျိုး အပ်နှင်းမှာပါလဲ…”

ဧကရာဇ်ယန်ဖုန်းက ပြောလိုက်သည်။ “တထာဂတက ဗုဒ္ဓလမ်းစဉ်မှာ ထိပ်ဆုံးကပဲ၊ သူ့အနေနဲ့ နန်းတွင်းရဲ့ လက်အောက် ခိုလှုံချင်တယ်ဆိုရင် အမြင့်စံ ပထမအဆင့် နန်းတွင်းရာထူး ပေးအပ်ပြီး အကြီးအမှူးဘိုးဘေးအဖြစ် ခန့်ထားမယ်…”

ချင်မူက ပြောလိုက်၏။ “အရှင်မင်းကြီးက ထာဝရငြိမ်းချမ်းရေး အင်ပါယာရဲ့ အထွတ်အမြတ်နယ်မြေသုံးခုထဲက တာအိုဂိုဏ်းနဲ့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ဂိုဏ်းချုပ်တွေကို အမြင့်စံပထမအဆင့်ရာထူး ပေးအပ်ပြီး နယ်စားဘုရင်ခံနဲ့ အကြီးအမှူးဘိုးဘေးလို့ ခေါ်တွင်ခွင့်ပြုတယ်… ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကလည်း အထွတ်အမြတ်နယ်မြေ တစ်ခုပါပဲ… ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ဘက်က အစပြုပြီး နန်းတွင်းရဲ့ လက်အောက်ကို ခိုလှုံခဲ့ပေမဲ့ အရှင်မင်းကြီးက လူမြင် မတင့်တယ်တဲ့ ဆဋ္ဌမအဆင့် နန်းတွင်းအရာရှိရာထူးကိုပဲ ပေးအပ်တဲ့အပြင် ဘုန်းကံကြီးမားတာလား၊ ကပ်ဘေးလားလို့ မေးနေသေးတာက သစ္စာရှိ အမတ်မင်းတွေကို စိတ်ပျက်အောင် လုပ်သလို ဖြစ်မသွားဘူးလား…”

ဧကရာဇ်ယန်ဖုန်းမှာ အနည်းငယ် မှင်တက်မိသွားပြီး ခေါင်းညိတ်လိုက်သည်။ “မင်းပြောတာ အကျိုးအကြောင်း ညီညွတ်ပါတယ်… ဒါပေမဲ့ ငါကိုယ်တော်အနေနဲ့ မင့်ကို ချက်ချင်း ရာထူးတိုးပေးလို့ မဖြစ်သေးဘူး၊ မင်းက အသက်ငယ်လွန်းသေးတယ် မဟုတ်လား… ရာထူးတိုက်ရိုက် တိုးပေးလိုက်ရင် လူတွေက အတင်းပြောကြမဲ့အပြင် မင်းရဲ့ သရုပ်မှန်ကိုလည်း ခန့်မှန်းမိသွားကြလိမ့်မယ်…”

ချင်မူ သဘောတူလိုက်၏။

ဧကရာဇ်ယန်ဖုန်းက တစ်ခဏမျှ ငြိမ်သက်သွားပြီး ပြောလိုက်သည်။ “မင်းနဲ့ ကူလင်းနွမ်ကြားမှာ ရန်ငြှိုးတွေ ရှိတာနဲ့ မင်းက သူ့ရဲ့ အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ယူထားတဲ့အကြောင်း ငါ သိတယ်… ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်တစ်ယောက်ဆိုတာ ပိုပြီး စိတ်သဘောထားကြီးဖို့ လိုတယ်၊ သူ့ကို ခဏခဏ အခက်တွေ့အောင် မလုပ်ပါနဲ့… သူ့ကို နန်းတွင်းကောလိပ်မှာ ငါကိုယ်တိုင် နေရာချပေးထားတာဆိုတော့ မင်းသူ့ကို အရှက်ကွဲအောင် လုပ်ရင် ငါ့အတွက်လည်း မကောင်းဘူး…”

ချင်မူမှာ မကျေမနပ် ဖြစ်သွား၏။ “အရှင်မင်းကြီး၊ ဘယ်လိုလုပ်ပြီး ကျွန်တော်မျိုးက သူ့ကို အခက်တွေ့အောင် လုပ်ဝံ့မှာလဲ…”

ဧကရာဇ်ယန်ဖုန်းက ပြုံးတုံ့မပြုံးတုံ့ အမူအရာ ဖြစ်သွားသည်။ “ဒီနေ့ပဲ သူ့ကို အခက်တွေ့အောင် လုပ်လိုက်တာ မဟုတ်ဘူးလား… မင်း စိတ်အေးအေးထားပါ… အင်မတန် ရဲတင်းလွန်းတဲ့ နေရာမှာ ဧကရာဇ်အတိုင်ပင်ခံထက် သာတယ်လို့ ဘယ်သူမှ မကြွေးကြော်ဝံ့ကြဘူး၊ သူ့ကိုတောင် ငါ အသုံးချရဲမှတော့ မင်းကိုလည်း အသုံးချရဲပါတယ်… မင့်ရင်ထဲမှာ ဘာသံသယမှ ထားနေစရာမလိုဘူး… ကဲကဲ… ပြန်လို့ရပြီ…”

ချင်မူ နန်းတော်ထဲမှ လန်းဆန်းတက်ကြွစွာ ပြန်ထွက်လာ၏။ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး စိတ်လက်ပေါ့ပါးသွားသည်။

သူ၏ သရုပ်မှန်ကို ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ သိပြီးနောက် ဧကရာဇ်ယန်ဖုန်း မသိသေးမည်ကို အနည်းငယ် စိတ်ပူနေခဲ့မိ၏။ ယခု ဧကရာဇ်နှင့် ဧကရာဇ်အတိုင်ပင်ခံ နှစ်ယောက်စလုံး သူ၏ သရုပ်မှန်ကို သိသွားသဖြင့် ဘေးကင်းလုံခြုံသွားပြီ ဖြစ်သည်။ ထာဝရငြိမ်းချမ်းရေး အင်ပါယာ၏ အဓိကပုဂ္ဂိုလ်ကြီး နှစ်ယောက်က ရန်ရှာမည်ကို မစိုးရိမ်ရတော့ပေ။

ဆယ်ရက်ကျော် ကြာပြီးသောအခါ ချင်မူ၏ အိမ်အနောက်ခြမ်းတွင် နဂါးသွားရည်ဖြင့် လဲလှယ်လာသော တဖုန်းကြေးပြားများ စုပုံနေ၏။ ပါမောက္ခပါ့ရှန်က ဝေ့ယုံနှင့် မင်ယွဲ့မင်းသားကို ခေါ်၍ အပြင်လောကသို့ မသွားမီတွင် သူ့အိမ်နောက်ခြမ်းသို့ လာပြီး ငွေထုပ်အချို့ ယူသွားသည်။ ချင်မူမှာ များစွာ ချမ်းသာနေပြီ ဖြစ်၍ ထိုသို့ ယူသွားခြင်းကို မည်သို့မျှ သဘောမထားချေ။

ဤရက်များအတွင်း၌ အားလပ်ချိန်ရတိုင်း သွေးနီမီးလျှံ စွမ်းအင်ဆေးလုံး ဖော်စပ်ခြင်းအပြင် ခန္ဓာကိုယ်တွင်း အားအင် ပြန်ဖြည့်ပေးနိုင်သော စွမ်းအင်ဆေးတစ်မျိုးကိုလည်း ဖော်စပ်ခဲ့၏။ ထိုဆေးကို ဖော်စပ်သောအခါတွင် ဗုဒ္ဓဂိုဏ်း၏ နည်းစနစ်များ အသုံးပြု၍ ဖော်စပ်သဖြင့် အပြီးသတ် ထွက်လာသော စွမ်းအင်ဆေးလုံးများမှာ ဗုဒ္ဓတရားသံများ ရစ်သိုင်းလွှမ်းခြုံနေသည်။ သို့ဖြစ်၍ ချင်မူက ထိုဆေးကို စွမ်းအင်ဗုဒ္ဓဆေးလုံးဟု အမည်ပေးထား၏။

ဤရက်များတွင် ဆေးသိုလှောင်ခန်းမသို့ သွား၍ လိုအပ်သော ပရဆေးပင်များ သူ ဝယ်ယူခဲ့သည်။ မကြာမီအချိန်အတွင်း၌ နန်းတွင်းကောလိပ်က အကြီးစားလက်တွေ့လေ့ကျင့်မှု စတင်တော့မည် ဖြစ်ပြီး ကျောင်းတော်သားများကို ရှေ့တန်းစစ်မျက်နှာပြင်သို့ စေလွှတ်ရန် ရွေးချယ်ထား၏။ ခန်းမဆောင် အသီးသီးမှ အဆောင်မှူးဆရာများက ကျောင်းတော်သားများကို ခေါ်ဆောင်၍ ရှေ့တန်းစစ်မျက်နှာပြင်သို့ သွားကာ ပုန်ကန်မှုများကို နှိမ်နင်းမည် ဖြစ်သည်။

ချင်မူမှာလည်း ရှေ့တန်းသို့ သွားရန် ရွေးချယ်ခံရ၏။ သူက ဆဋ္ဌမအဆင့် နန်းတွင်းအရာရှိ၊ တော်ဝင်ကျောင်းတော်သား ဖြစ်ပြီး အဆောင်မှူးဆရာများနှင့် ထပ်တူနီးပါး ခံစားခွင့် ရရှိသဖြင့် ကျောင်းတော်သားတချို့ကို ဦးဆောင်ရမည်ဟု ကူလင်းနွမ်က သူ့ကို တာဝန်ပေးအပ်လာသည်။

ထိုကျောင်းတော်သားများက ကျောင်းတော်သားအိမ်ရာမှ ဓာတ်ကြီးငါးပါးအဆင့် ကျောင်းတော်သားများ ဖြစ်ပြီး သိုင်းစွမ်းအား များစွာ ရှိကြသေးသူများ မဟုတ်ပေ။ သူတို့၏ ကျင့်စဉ်စွမ်းအင်ကလည်း ကောင်းကင်နတ်သိုင်းအိမ်ရာမှ ကောင်းကင်နတ်သိုင်း ပညာရှင်များအောက် အတော်လေး နိမ့်ကျ၏။

All Chapters