ထိုက်ရွှမ်သင်္ချာကျမ်း
Vol. 13 Ch. 181
ချင်မူ၏ အဖွဲ့တွင် တော်ဝင်ကျောင်းတော်သား သူကိုယ်တိုင်မှ လွဲလျှင် အဆောင်မှူးဆရာ တစ်ယောက်မျှ မပါပေ။ ကူလင်းနွမ်၏ အကြောင်းပြချက်မှာ ချင်မူက တော်ဝင်ကျောင်းတော်သား ဖြစ်ပြီး အဆင့်မြင့်နန်းတွင်းအရာရှိ ရာထူးကို ရယူထားသည့်အတွက် သူကိုယ်တိုင် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်နိုင်စွမ်း ရှိရမည် ဟူ၏။
ချင်မူ၏ လက်အောက်သို့ ပေးအပ်လိုက်သည့် ကျောင်းတော်သားများမှာ သေချာရွေးချယ်ထားပြီး ကျောင်းတော်သားအိမ်ရာ၏ ထိပ်တန်းကျောင်းသားများ ဖြစ်သော်လည်း တော်ဝင်ခြံဝင်းနှင့် ကောင်းကင်နတ်သိုင်းအိမ်ရာမှ ကျောင်းတော်သားများနှင့် ယှဉ်လျှင်တော့ နိမ့်ကျနေသေးသည်။
နန်းတွင်းကောလိပ်တွင် အဆင့်မြင့်ပညာရှင်များစွာ ရှိပြီး ဦးဆောင်နိုင်မည့်သူ မရှားပေ။ ကူလင်းနွမ်က ချင်မူ့ကို အဖွဲ့တစ်ဖွဲ့ ဦးဆောင်ခိုင်းခြင်းမှာ သူ၏ လုပ်ပိုင်ခွင့်အတွင်းမှ ရန်ကြွေးတုံ့ပြန်ခြင်းသာ ဖြစ်သည်။
ချင်မူနှင့် ရှေ့တန်းသို့ လိုက်မည့် ကျောင်းတော်သားများက အသိအကျွမ်းဟောင်းများ ဖြစ်သော ချန်ဝမ်ယွင်၊ ယွင်ချွယ်ကိုယ်တော်၊ ယွဲ့ချင်းဟုန်နှင့်ဝံပုလွေကျွန်၊ စစ်ယွင်ရှန်း၊ ချင်ယွီတို့ ဖြစ်၏။
သို့သော်လည်း ချင်ယွီက ရွှေမြို့တော် ချင်မိသားစု၏ မျိုးဆက်ဖြစ်ပြီး နောက်ခံအင်အား တောင့်တင်းသည့်အတွက် ကူလင်းနွမ်ကို သွားရောက် ပြောဆိုရာ ချင်မူ၏ သေတွင်းအဖွဲ့မှ အဆောင်မှူးတစ်ယောက် ဦးဆောင်သော အခြားအဖွဲ့သို့ ပြောင်းရွှေ့သွားသည်။
ချင်မူက သွေးနီမီးလျှံစွမ်းအင် ဆေးတစ်အိုး ဖော်စပ်ခြင်းကို လက်စသပ်ပြီးနောက် အညောင်းဆန့်လိုက်၏။ သူတို့ ရှေ့တန်းသွားနေသည့် အချိန်အတွင်း နဂါးချီလင် စားစရာ မပြတ်စေရန် ဆေးများ ဖော်စပ်နေရသည့်အတွက် ဤရက်များ၌ ထိုကျောင်းတော်သားများနှင့် သွားရောက်တွေ့ဆုံရန် အချိန်မပေးနိုင်သေးချေ။
ယွင်ချွယ်ကိုယ်တော်က ချန်ဝမ်ယွင်နှင့် ယွဲ့ချင်းဟုန်ကို သွားရောက်တွေ့ဆုံ၍ တိုင်ပင်ဆွေးနွေးလိုက်သည်။ “ဒီတစ်ခေါက် ပါမောက္ခချုပ်က ငါတို့ကို တောင်ဝင်ကျောင်းတော်သားချင်နောက် လိုက်ပြီး မငြိမ်မသက်ဖြစ်တဲ့ နေရာမှာ အတွေ့အကြုံရှာခိုင်းတာ သေတွင်းတွန်းပို့သလိုပဲ… ငါတို့အဖွဲ့မှာ ကောင်းကင်နတ်သိုင်းပညာရှင် တစ်ယောက်မှတောင် မရှိတဲ့ဟာ…”
ချန်ဝမ်ယွင်က ခေါင်းခါယမ်းလိုက်၏။ “ငါတို့မှာ ရှိတယ်…”
သူတို့ ချန်ဝမ်ယွင်ကို ကြည့်လိုက်ကြသည်။ ချန်ဝမ်ယွင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။ “ဒီရက်ပိုင်းတွေမှာ ငါ့ကျင့်စဉ်စွမ်းအင်ကို ဖိနှိပ်ထားတာပါ၊ မင်းတို့ စိတ်အေးအေးထား… အချိန်မရွေး အဆင့်တက်ပြီး အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင် တစ်ယောက်ဖြစ်အောင် ငါ လုပ်လို့ရတယ်…”
ယွဲ့ချင်းဟုန်က ပြောလိုက်သည်။ “ကျွန်မ ကြားတာတော့ ပုန်ကန်တဲ့ ဂိုဏ်းတွေက တောင်ပိုင်းမှာ စုဝေးပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တောင်ဘက်ခြမ်းအင်အားကို အပြတ်ရှင်းဖို့ လုပ်နေတာတဲ့… ရွှေမြို့တော်နားမှာ လှုပ်လှုပ်ရှားရှား ရှိခဲ့တဲ့ သိုင်းဂိုဏ်းတွေ အတော်များများ အစအနရှာမရအောင် ပျောက်ကွယ်သွားပြီ… နဂါးစီးဂိုဏ်းဆို တစ်ဂိုဏ်းလုံး တောင်ဘက်ပိုင်းကို ရွှေ့သွားတယ်… အခု မာန်ဟုန်မြစ် တောင်ဘက်တစ်ခြမ်းလုံးက သူပုန်တပ်ဖွဲ့တွေရဲ့ ပိုင်နက်လုံးလုံး ဖြစ်သွားပြီ… ပုန်ကန်တဲ့ သိုင်းဂိုဏ်းတွေ အကုန်လုံး ပေါင်းသွားတာဆိုတော့ ကောင်းကင်နတ်သိုင်း ပညာရှင်တွေ ဘယ်လောက်တောင် များလိုက်မလဲ… အစ်ကိုကြီး တစ်ယောက်တည်း ကောင်းကင်နတ်သိုင်း ပညာရှင် ဖြစ်ရုံနဲ့ ဘာမှ သိပ်အသုံးဝင်မှာ မဟုတ်ဘူး…”
ချန်ဝမ်ယွင်က မျက်မှောင်ကြုတ်လိုက်၏။ “တော်ဝင်ကျောင်းတော်သားချင်ရဲ့ သိုင်းလောကအတွေ့အကြုံက အတော်လေး နည်းသေးတယ်… သူ့အသက် ဒီလောက်ငယ်ငယ်နဲ့ သိုင်းလောကထဲ ဘယ်လောက် ကျင်လည်ဖူးမှာလဲ… ငါတို့သာ သူခေါင်းဆောင်တဲ့နောက် လိုက်ရရင် ကပ်ဘေးဆိုက်ဖို့ပဲ ရှိတယ်… ငါ့ကျင့်စဉ်စွမ်းအင်က ဘယ်လောက်ပဲမြင့်မြင့် ဘာမှ လုပ်ရမှာ မဟုတ်ဘူး… ညီမလေးစစ်က ဘာမှလည်း ဝင်မပြောပါလား… နင်ရော ဒီကိစ္စကို ဘယ်လိုမြင်လဲ…”
စစ်ယွင်ရှန်းက ရှက်ဝဲဝဲ ပြုံး၍ မည်သည်ကိုမျှ မပြောချေ။
အားလုံး ငြိမ်ကျသွား၏။
ယွင်ချွယ်ကိုယ်တော်က သက်ပြင်းချလိုက်သည်။ “မှတ်တမ်းထိန်းဆောင်ကနေ ထွက်ပြေးတဲ့ကောင်းကင်နတ်သိုင်း တစ်ခုနှစ်ခုလောက် သွားရှာထားတာ ကောင်းမယ် ထင်တယ်… အဲဒါကမှ အသုံးဝင်ဦးမယ်…”
နှုတ်ဆက်ထွက်ခွာရတော့မည့် နေ့သို့ ရောက်ရှိလာ၏။ သင်ကြားရေးခန်းမရှေ့တွင် ရာဂဏန်းခန့်ရှိသော ကျောင်းတော်သားများ စုဝေးနေပြီး အဆောင်မှူးဆရာများက သူတို့၏ အဖွဲ့သားများကို လူစစ်နေကြသည်။ သင်္ဘောများက သင်ကြားရေးခန်းမရှေ့သို့ တစ်စီးပြီးတစ်စီး ဆိုက်ကပ်လာ၏။ အဆောင်မှူးဆရာများက သူတို့၏ အဖွဲ့သားများကို ခေါ်ဆောင်၍ သက်ဆိုင်ရာ သင်္ဘောများပေါ်သို့ တက်သွားကြသည်။
“တော်ဝင်ကျောင်းတော်သားချင်၊ သင်္ဘောငှားမထားဘူးလား…”
ကူလင်းနွမ်က မျက်နှာထက်တွင် အပြုံးတစ်ခု ဆင်မြန်း၍ အနားသို့ လျှောက်လာ၏။ “ဒီတစ်ခေါက်ခရီးက အတော်လေး ဝေးတာ၊ လမ်းလျှောက်သွားရင် ဆယ်ရက်မက လျှောက်ရလိမ့်မယ်… မင်းက တော်ဝင်ကျောင်းတော်သား ဖြစ်နေပြီဆိုတော့ ဒီလောက် ငွေနည်းနည်းလေးကို မသုံးနိုင်ဘူးလို့ မပြောဘူးမလား…”
ချင်မူက တည်တည်ငြိမ်ငြိမ် ပြုံးပြလိုက်သည်။ “ဒုက္ခခံ စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ပါမောက္ခချုပ်… ကျွန်တော့်မှာ တခြားဘာမှ မရှိပေမဲ့ ငွေတော့ ရှိပါတယ်… အဲဒါကြောင့်မလို့ အမြန်သင်္ဘောတစ်စီးကို ဈေးကြီးပေးပြီး ငှားထားတာ၊ မကြာခင် ရောက်လာပါလိမ့်မယ်… အဲဒီသင်္ဘောရဲ့ ဆေးမီးဖိုက ကျွန်တော်ကိုယ်တိုင် သွန်းလုပ်ထားတာ၊ သိပ်ကို မြန်တယ်…”
ချန်ဝမ်ယွင်နှင့် ကျန်သူများမှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်၍ စိတ်ထဲမှ တွေးလိုက်မိသည်။ “တကယ့်ကို ကပ်စေးနှဲတာပဲ၊ ဆေးမီးဖိုတောင် သူ့ဖာသာ တည်ဆောက်ထားတာဆိုတော့ ခပ်သေးသေး သင်္ဘောပဲ နေမယ်… ဒါပေမဲ့ ဒီကောင်က ဘယ်လိုလုပ် အဆောင်ရတနာ သွန်းလုပ်တဲ့ပညာ တတ်နေတာလဲ… ကောင်းကင်လက်မှုခန်းမကိုလည်း တစ်ခါမှ မလာဘဲ ဘယ်ကများ သင်ထားတာပါလိမ့်…”
နန်းတွင်းကောလိပ်တွင် ကောင်းကင်လက်မှုခန်းမ ရှိပြီး အဆောင်ရတနာများ မည်သို့ သွန်းလုပ်ရမည်ကို သင်ကြားပေး၏။ ကောင်းကင်လက်မှုခန်းမမှ အဆောင်မှူးဆရာများမှာ နန်းတွင်းတွင်လည်း ရာထူးရှိပြီး နန်းတွင်းသင်္ဘောကျင်း ကြီးကြပ်ရေး၊ လက်နက်နှင့် ချပ်ဝတ်တန်ဆာ ထုတ်လုပ်လုပ်ရေးကို တာဝန်ယူကြရသည်။
ချင်မူ နန်းတွင်းကောလိပ်သို့ စရောက်ကတည်းက ကောင်းကင်လက်မှုခန်းမသို့ တစ်ခါမျှ မရောက်သဖြင့် သူ့အနေဖြင့် ပန်းပဲပညာ၊ လက်မှုပညာကို တတ်မြောက်စရာ အကြောင်းမရှိပေ။
များစွာမကြာလိုက်ဘဲ သင်္ဘောများ တစ်စီးပြီးတစ်စီး ထွက်ခွာသွားကြ၏။ ယွင်ချွယ်ကိုယ်တော်နှင့် ကျန်သူများမှာ စောင့်ရင်း စောင့်ရင်း စိုးရိမ်မိလာသည်။ ရုတ်တရက် စုတ်ပြတ်နေသော သင်္ဘောတစ်စီး ကောင်းကင်ယံတွင် ယိမ်းထိုးရွက်လွှင့်၍ သင်ကြားရေးခန်းမရှေ့သို့ ယမ်းခါဆိုက်ကပ်လာ၏။
“ငါတို့သင်္ဘော လာပြီ…” ချင်မူက ပြုံးလိုက်သည်။
ချန်ဝမ်ယွင်၊ ယွင်ချွယ်နှင့် ယွဲ့ချင်းဟုန်တို့အားလုံး အကြီးအကျယ် မျက်မှောင်ကြုတ်လိုက်မိကြ၏။ ဤသင်္ဘောက အပေါက်များ ပြည့်နှက်ပြီး နေရာအနှံ့မှ လေများ စိမ့်ထွက်နေသည်။ ထို့ပြင် သင်္ဘောရွက်တိုင်မှာလည်း ကျိုးပဲ့၍ ရွက်လွှင့်စရာပင် မရှိချေ။
ကြောက်မက်ဖွယ်ရာ မျက်နှာထားနှင့် ကိုယ်အပေါ်ပိုင်း ဗလာကျင်းနေသော လူထွားကြီးတစ်ဦး သင်္ဘောထက်တွင် ပေါ်ထွက်လာသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုသူက လူကောင်းမဟုတ်ကြောင်း သိနိုင်၏။ သူ့တစ်ကိုယ်လုံးတွင် ဆေးမင်ကြောင်များ ဖုံးလွှမ်းနေပြီး ချင်မူ့ကို ရယ်ရယ်မောမောနှင့် လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်သည်။ “ညီလေးချင်၊ ငါ နောက်ကျသွားတယ်၊ နောက်ကျသွားတယ်…”
ချင်မူက ဟူလင်းအာနှင့် နဂါးချီလင်ကို ခေါ်၍ ထိုသူ့ကို ပြုံးပြလိုက်၏။ “တစ်ရက်နှစ်ရက် နောက်ကျတောင် ကိစ္စမရှိပါဘူး… အစ်ကိုကြီးရဲ့ သင်္ဘောက ဘယ်လို ဖြစ်တာလဲ… အရင်တစ်ခေါက်တွေ့တုန်းကတောင် အကောင်းကြီး ရှိပါသေးတယ်… ဒီတစ်ရက်၊ နှစ်ရက်အတွင်း ဘယ်လို ဖြစ်သွားရတာလဲ…”
“အဲအကြောင်း မပြောစမ်းပါနဲ့… နောက်တစ်ခေါက် ခရီးထွက်ရင်း လမ်းမှာ အံ့ဖွယ်သုံးသွယ်ရဲတိုက်က ဟိုခွေးမတွေနဲ့ ထပ်တွေ့တာလေ… သူတို့ရဲ့ ပိုးကောင်တွေနဲ့ ထပ်တိုက်ခံလိုက်ရတာ၊ ငါ့သင်္ဘောက မြန်လွန်းတော့ ပိုးကောင်အုပ်ကို ဖြတ်တိုက်ပစ်နိုင်ခဲ့တယ်… ဒါပေမဲ့ ငါ့ရတနာသင်္ဘောကတော့ ဇကာပေါက် ဖြစ်သွားတာပေါ့…”
ဖန်းယွင်ရှောင်က ဟက်ခနဲ ရယ်ရင်း ချန်ဝမ်ယွင်နဲ့ ကျန်သူများကို ကြည့်လိုက်သည်။ “ကျောင်းတော်သားတွေ၊ နောင်တစ်ချိန် အရာရှိတွေ ဖြစ်လာတဲ့အခါ ငါ့ကို စောင်မကြည့်ရှုပါဦး… ငါက လူကောင်း ဖြစ်နေပါပြီ…”
ယွင်ချွယ်က တီးတိုးရေရွတ်လိုက်သည်။ “ဒီသင်္ဘောက ဒီလောက် စုတ်ပြတ်နေတာ ငါတို့ လေထဲရောက်မှ ပျက်ကျမသွားနိုင်ဘူးလား…”
ချင်မူလည်း ထိုသို့ သံသယရှိမိ၏။ ဤတိမ်လိုက်ဓားပြသင်္ဘောက အတော်လေး ပျက်စီးယိုယွင်းနေပြီး အချိန်မရွေး တစ်စစီ ဖြစ်သွားတော့မလို ထင်ရသည်။
“ပျက်မကျပါဘူး၊ ပျက်မကျပါဘူး…”
ဖန်းယွင်ရှောင်က သူ့ရင်ဘတ်သူ အားနှင့် ပုတ်၍ အာမခံလိုက်၏။ “ငါ့ညီကိုတွေက မှော်သင်္ကေတ အစီအရင်တွေနဲ့ သင်္ဘောကိုယ်ထည်ကို ထောက်ကန်ထားတာမလို့ သိပ်ကို ကြံ့ခိုင်ပါတယ်… ညီလေးချင်၊ မင်း အားတဲ့အခါကျရင် သံကိုယ်ထည် သင်္ဘောတစ်စီးလောက် ငါ့ကို တည်ဆောက်ပေးနိုင်မလား… နောက်ထပ် ဆေးမီးဖိုနှစ်လုံးလောက် သွန်းလုပ်ပြီး မဟူရာသံနဲ့ သင်္ဘောကိုယ်ထည်ကို တည်ဆောက်ပေး၊ သစ်သားတွေက သိပ်မခိုင်ဘူး…”
ချင်မူ တစ်ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။ “အဲလို ဆောက်ဖို့ဆို တော်တော်လေး ကုန်လိမ့်မယ်၊ မဟူရာသံသက်သက်နဲ့တင် များနေပြီ… အဲလောက် ငွေအများကြီး သုံးနိုင်လို့လား… ပြီးတော့ တည်ဆောက်ပုံ အသေးစိတ်ပုံကြမ်းရော ရှိလို့လား…”
ဖန်းယွင်ရှောင်က သူ့လက်နှစ်ဖက်ကို အားဖြင့် ပွတ်ရင်း ပြောလိုက်၏။ “ဒီရက်ပိုင်းတွေမှာ နေရာအနှံ့ ဓားပြတိုက်ရင်း… ဖီ ဖီ… နေရာအနှံ့ စီးပွားရေး လုပ်ရင်း ငွေအတော်လေး စုမိထားတယ်… ငါ ပိုင်ဆိုင်သမျှကိုပါ ထပ်ပေါင်းထည့်ရင် သံကိုယ်ထည်သင်္ဘောတစ်စီး တည်ဆောက်ဖို့ လောက်မှာပါ…. တည်ဆောက်ပုံ အသေးစိတ်ပုံကြမ်းကတော့ ရဖို့ လွယ်မှာ မဟုတ်ဘူး… အားလုံး သင်္ဘောပေါ် တက်ကြ၊ သင်္ဘောပေါ်ရောက်မှ ဆက်ပြောကြတာပေါ့…”
သူတို့အားလုံး သင်္ဘောပေါ် တက်ကြပြီး ယွဲ့ချင်းဟုန်က လှည့်ပတ်ကြည့်ရှု အကဲခတ်လိုက်သည်။ သင်္ဘောသားအားလုံးက တစ်ကိုယ်လုံး ဆေးမင်ကြောင်များ ဖုံးလွှမ်းနေပြီး ကြမ်းကြုတ်ရက်စက်သည့်အသွင် ပေါက်၏။ အချို့မှာ ခန္ဓာကိုယ်ပေါ်တွင် အမာရွတ်များပင် ရှိပြီး အချို့က နှာခေါင်း မရှိ၊ အချို့က မျက်လုံးတစ်ဖက် မရှိ ဖြစ်နေကြသည်။။ သူတို့၏ ကိုယ်မှ စိမ့်ဖြာထွက်နေသော မကောင်းသည့် အရှိန်အဝါအငွေ့အသက်နှင့်ပင် လူကောင်းများ မဟုတ်ကြောင်း သိနိုင်၏။
ဤပျက်စီးယိုယွင်းနေသော သင်္ဘောက ကောင်းကင်ယံသို့ တဖြည်းဖြည်း မြင့်တက်လာပြီး နွားအိုကြီးတစ်ကောင် ဆွဲသည့် လှည်းပျက်ကြီးကဲ့သို့ မြို့တော်မှ ထွက်ခွာသွားသည်။
အားလုံးမှာ ဤအခြေအနေကို ကြည့်ပြီး ပို၍ စိတ်ဓာတ်ကျသွားကြ၏။ ချန်ဝမ်ယွင်က တီးတိုး ပြောဆိုလိုက်သည်။ “ဒီသင်္ဘောပေါ်က လူတွေက လူကောင်းတွေ မဟုတ်ဘူး… ပြည်သူတွေကို ဓားပြတိုက်တဲ့ လူဆိုးတွေ၊ သိုင်းစွမ်းအားလည်း အတော်လေးမြင့်တယ်… တော်ဝင်ကျောင်းတော်သားချင်က သိုင်းလောကအတွေ့အကြုံ နည်းလို့ ဒီဓားပြတွေရဲ့ ထောင်ချောက်ထဲ ဝင်သွားတာနေမယ်… ငါတို့ လမ်းမှာ ဓားပြအတိုက်မခံရအောင် သတိထားရမယ်…”
သူ့စကားအဆုံးတွင် ပျက်စီးယိုယွင်းနေသည့် သင်္ဘောက ရုတ်တရက် အရှိန်မြင့်၍ လေထုကို တဝှီးဝှီး ထိုးခွင်းသွား၏။
သင်္ဘော၏ အရှိန်က အသံ၏ အလျင်ထက် မြန်ပြီး မိုင်ပေါင်းဒါဇင်ချီကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်သွားသောအခါ ပြင်းထန်စွာ လှုပ်ခါလာသည်။ အရက်စည်များ မိုးပေါ်သို့ လွင့်ထွက်၍ လေအဟုန် ရိုက်ခတ်မှုကြောင့် ပေါက်ထွက်ကုန်၏။
သင်္ဘောပေါ်မှ လူအားလုံးမှာ သူတို့ကိုယ်သူတို့ တည်ငြိမ်အောင် ကမန်းကတန်း ထိန်းကိုင်ပြီး ပတ်ဝန်းကျင်ကို ကြောက်လန့်တကြား ကြည့်လိုက်သည်။ သူတို့၏ သင်္ဘောအိုကြီးက ရှေ့မှ ထွက်သွားသော သင်္ဘောများအားလုံးကို ဖြတ်ကျော်၍ နောက်ဘက်ဝေးဝေးတွင် ချန်ထားခဲ့သည်ကို တွေ့ရ၏။
ဤသင်္ဘော၏ အရှိန်က မှန်းဆ၍ မရနိုင်လောက်အောင် ဖြစ်သည်။ ဤနှုန်းအတိုင်းဆိုလျှင် သူတို့ မာန်ဟုန်မြစ်သို့ တစ်ရက်နှစ်ရက်အတွင်း ရောက်နိုင်၏။
ချင်မူအတွက်တော့ မထူးဆန်းချေ။ သူက ဤသင်္ဘော၏ ဆေးမီးဖိုကို သွန်းလုပ်ပေးခဲ့သူ မဟုတ်ပါလား။
“ဘာမှ မဖြစ်ဘူး၊ ဘာမှ မဖြစ်ဘူး… ပျက်မကျပါဘူး…”
ဖန်းယွင်ရှောင်က အားလုံးကို နှစ်သိမ့်အားပေး ပြောဆိုလိုက်သည်။ “အစက ငါလည်း ပျက်ကျတော့မှာပဲ ထင်ခဲ့တာ… ခရီးသည်တင်ပြီး တစ်ခေါက်နှစ်ခေါက် သွားပြီးတဲ့အထိ ပျက်မကျသေးဘူး… ဒီတစ်ခါလည်း ပျက်ကျမှာ မဟုတ်ပါဘူး…”
ဝှီး…။
သင်္ဘောကုန်းပတ်မှ ပျဉ်ပြားတစ်ချပ်က လေအဝှေ့တွင် ပြုတ်ထွက်သွားပြီး နောက်ဘက်သို့ လွင့်ပါလာ၏။
ဖန်းယွင်ရှောင်က ယုံကြည်မှုအပြည့် ရှိနေသည်။ “စိတ်မပူပါနဲ့၊ ပျက်မကျပါဘူး… ဒုတိယညီလေး… ပျဉ်တစ်ချပ် ယူခဲ့… နောက်တစ်ချပ်ပါ ယူခဲ့ဦး၊ လေထဲကို ထပ်လွင့်သွားပြန်ပြီ… စိတ်အေးအေးထား၊ စိတ်အေးအေးထား… ငါ့မှာ ဒါမျိုး အတွေ့အကြုံ ကောင်းကောင်း ရှိတယ်…”
ရုတ်တရက် သင်္ဘောက မိုးရွာနေသည့် နေရာတစ်ခုကို ဖြတ်သွားရ၏။ မိုးရွာသည့်အောက်မှ အဖြတ်တွင် ဖန်းယွင်ရှောင်၏ တစ်ကိုယ်လုံး ဆေးရောင်စုံများ စီးကျလာသည်။
ဟူလင်းအာက တအံ့တဩ အော်ဟစ်လိုက်၏။ “အစ်ကိုကြီးရှောင်၊ ရှင့်ဆေးမင်ကြောင်တွေ မိုးရေထိပြီး ပျက်ကုန်ပြီ…”
တိမ်လိုက်ဓားပြသင်္ဘောပေါ်မှာ အခြားဓားပြများ၏ ဆေးမင်ကြောင်များမှာလည်း မိုးရေကြောင့် မှုန်ဝါးသွားသည်။ သင်္ဘောသားတစ်ယောက်က အော်ဟစ်လိုက်၏။ “အစ်ကိုကြီး၊ ကျွန်တော့် အမာရွတ်က မိုးရေကြောင့် ပျက်သွားပြီ…”
ဖန်းယွင်ရှောင်မှာ ရှက်မိသွားပြီး ပြောလိုက်သည်။ “သင်္ဘောဆိုက်မှ ပန်းချီဆရာတွေ ရှာပြီး ပြန်ဆွဲခိုင်းတာပေါ့… ဒါပေမဲ့ ငါတို့က လူကောင်းဘဝ ခံယူလိုက်ပြီပဲ၊ ဆေးမင်ကြောင်တွေ ထပ်ထိုးစရာ မလိုတော့ဘူးလေ… ဒုတိယညီလေး မင့်မျက်လုံးအုပ်ကြီး ချွတ်လိုက်တော့၊ ကျောင်းတော်သားတွေ မင့်ကြောင့် ကြောက်ကုန်ကြပြီ…”
ဒုတိယညီငယ် ဖြစ်သူက သူ၏ မျက်လုံးအုပ်ကို ဖယ်လိုက်ရာ အကောင်းပကတိအတိုင်း ရှိနေသာ မျက်လုံး ပေါ်ထွက်လာ၏။
ယွင်ချွယ်ကိုယ်တော်က တီးတိုးရေရွတ်လိုက်သည်။ “ဒီဓားပြတွေရဲ့ ရုပ်သွင်က အတော်မယုံရတာပဲ…”
သို့သော်လည်း ချင်မူက ဓားပြခေါင်းဆောင်နှင့် အတော်လေး ရင်းနှီးသည့်အသွင် ရှိပြီး သင်္ချာကျမ်းတစ်အုပ်ကို ထုတ်ယူပြီး ဖန်းယွင်ရှောင်ကို မေးမြန်းတိုင်ပင်လိုက်၏။ ဟူလင်းအာက လက်ကိုင်ပဝါတစ်ထည် ထုတ်ယူပြီး ဖန်းယွင်ရှောင်၏ နောက်ကျောမှ နဂါးခေါင်းကို သုတ်လိုက်ရာ နဂါးခေါင်းက တစ်မဟုတ်ချင်း ပျောက်ကွယ်သွားသည်။
“မြေခွေးလေး၊ လျှောက်ဆော့မနေစမ်းနဲ့…” ဖန်းယွင်ရှောင်က လက်ယမ်း၍ မောင်းထုတ်လိုက်၏။
ဟူလင်းအာက နှုတ်ခမ်းစူလိုက်သည်။ “ဆေးမင်ကြောင် အစစ်တွေ မှတ်နေတာ၊ လက်စသပ်တော့ ပန်းချီဆွဲထားတာကိုး…”
ဖန်းယွင်ရှောင်က ခြောက်ကပ်ကပ် ရယ်မောပြီး တီးတိုးပြောဆိုလိုက်၏။ “ဆေးမင်ကြောင် ထိုးရတာ ဘယ်လောက် နာလိုက်တုံး… ငါတို့ ခန္ဓာကိုယ်၊ ဆံပင်၊ အရေပြားတွေက မိဘတွေ ပေးထားတာ၊ ဘယ်လိုလုပ် အဲပေါ်တွေမှာ ပုံဆွဲပစ်လို့ ဖြစ်မှာလဲ…”
ချင်မူက ပြောလိုက်သည်။ “အစ်ကိုကြီးဖန်း၊ ထိုက်ရွှမ်သင်္ချာကျမ်းမှာ သန်းဆယ်ချီကိန်းအထိက ပြဿနာ မဟုတ်ပေမဲ့ ယီ၊ ကျောက်၊ ကျင့်၊ ကိုင်၊ ကျီ၊ ရန်း၊ ကုံး၊ ကျန့်၊ ကျန်း၊ ကျိုက်၊ ကျီး အဲဒီကိန်းတွေက တအားကြီးလွန်းတယ်… ဘယ်လိုဟာမျိုးကို အဲဒါတွေသုံးပြီး တွက်လို့လဲ… ဒီလောက်ကြီးတဲ့ ကိန်းဂဏန်းတွေ လိုလို့လား…”
“ငါလည်း တာအိုသခင်ကို အရင်က မေးဖူးတယ်… အဲဒီကိန်းဂဏန်းတွေက မရေမတွက်နိုင်တဲ့ တွက်ချက်မှုတွေ လုပ်ဖို့လို့ တာအိုသခင်က ပြောတယ်…”
ဖန်းယွင်ရှောင်က ပြောလိုက်၏။ “ဝမ်နဲ့ ယီကြားမှာ ဝမ်စနစ်၊ ဝမ်ဝမ်က ယီဖြစ်လာတယ်… ပြီးတဲ့နောက်မှာ ယီစနစ်၊ ယီယီက ကျောက်ဖြစ်လာတယ်၊ ယီကျောက်က ကျင့်ဖြစ်လာတယ်၊ ယီကျင့်က ကိုင်ဖြစ်လာတယ်… အဲဒါအပြင် ဒသမကိန်းမှာလည်း အဆုံးမရှိဘူး… ခုကိန်းပြီးရင် ဖန်၊ လီ၊ ဟောက်၊ စစ်၊ ဟူ၊ ဝေ့၊ ရှန်း၊ ရှာ၊ ချန်၊ အိုက်၊ မြောင်၊ မို၊ မိုဟူ၊ ချွင်ရွှင်း၊ ရှုယွီ၊ ရွှင်းရှီး၊ ထန်ကျစ်၊ ချာနာ၊ လျှိုတျဲ၊ ခုန်းရှု၊ ချင်းကျင့်… ဖန်က ဆယ်ပုံတစ်ပုံ၊ လီက တစ်ရာပုံတစ်ပုံ အစရှိသဖြင့်ပေါ့…”
ချင်မူ အံ့အားသင့်သွားပြီး မေးမြန်းလိုက်သည်။ “ခုန်းရှုနဲ့ ချင်းကျင့်က ဘာကို တွက်ဖို့ သုံးတာလဲ…”
“ချီစွမ်းအင်ရဲ့ အသေးဆုံးအမှုန်ကို တွက်ဖို့…”
ဖန်းယွင်ရှောင်က ဆက်ပြောလိုက်၏။ “တာအိုဓားသိုင်း ဆယ့်လေးကွက်က ချီစွမ်းအင်ရဲ့ အသေးဆုံးအမှုန်လေးတွေမှာ မှော်သင်္ကေတတွေ ခတ်နှိပ်ဖို့ လိုတယ်… သင်္ချာတွက်ချက်မှု မပါနဲ့ ဒီဓားသိုင်းကို လေ့ကျင့်ဖို့ မဖြစ်နိုင်ဘူး…”
ချင်မူ မှင်တက်မိသွားသည်။ သူ့လက်ထဲမှ ထိုက်ရွှမ်သင်္ချာကျမ်းကို ကြည့်ရင်း ခေါင်းကိုက်လာ၏။
“ရတနာပစ္စည်း အမျိုးမျိုးကို သွန်းလုပ်ရင်လည်း ဒီတွက်ချက်မှုတွေ လိုတာပဲ၊ နည်းနည်းလောက်လေး လွဲသွားတာနဲ့ ရလာဒ်က တစ်ကမ္ဘာခြားသွားနိုင်တယ်…”
ချင်မူက ခေါင်းညိတ်၍ တအံ့တဩ ချီးကျူးလိုက်သည်။ “တာအိုဂိုဏ်းရဲ့ သင်္ချာစွမ်းရည်က အံ့မခန်းပါပဲ…”
သူက ဖန်းယွင်ရှောင်ကို ရို့ရို့ကျိုးကျိုး တိုင်ပင်မေးမြန်းလိုက်ပြီး ဖန်းယွင်ရှောင်ကလည်း သူသိသမျှ အိတ်သွန်ဖာမှောက် ပြောပြ၏။ ဖန်းယွင်ရှောင်က တာအိုဓားသိုင်း ငါးခန်းအထိ ပြီးထားသူ ဖြစ်သဖြင့် သူ၏ အက္ခရာသင်္ချာစွမ်းရည်က အတော်လေး မြင့်မားလှသည်။
ရှင်းလင်းချက်။ ဝမ် (တစ်သောင်း)၊ ယီ (သန်းတစ်ရာ/10^8)၊ ကျောက်(10^12)၊ ကျင့်(10^16)၊ ကိုင်(10^20)၊ ကျီ(10^24)၊ ရန်း(10^28)၊ ကုံး(10^32)၊ ကျန့်(10^36)၊ ကျန်း(10^40)၊ ကျိုက်(10^44)၊ ကျီး(10^48)
ဖန် (0.1/10^-1)၊ လီ (0.001/10^-2)၊ ဟောက် (0.003/10^-3)၊ စစ် (10^-4)၊ ဟူ (10^-5)၊ ဝေ့ (10^-6)၊ ရှန်း (10^-7)၊ ရှာ(10^-8)၊ ချန် (10^-9)၊ အိုက် (10^-10)၊ မြောင် (10^-11)၊ မို (10^-12)၊ မိုဟူ (10^-13)၊ ချွင်ရွှင်း (10^-14)၊ ရှုယွီ (10^-15)၊ ရွှင်းရှီး (10^-16)၊ ထန်ကျစ် (10^-17)၊ ချာနာ (10^-18)၊ လျှိုတျဲ (10^-19)၊ ခုန်းရှု (10^-20)၊ ချင်းကျင့် (10^-21)