← Chapters

တောင်ဘက်နယ်စပ်မှ ချည်မျှင်တစ်စ

Vol. 13 Ch. 182

တောင်ဘက်နယ်စပ်မှ ချည်မျှင်တစ်စ

Vol. 13 Ch. 182

တိမ်လိုက်ဓားပြသင်္ဘောက တစ်ရက်ကျော် ပျံသန်းပြီးနောက် မာန်ဟုန်မြစ်သို့ ရောက်ရှိလာသည်။ သင်္ဘောက တောင်ဘက်ကမ်းရှိ တပ်စခန်းသို့ ရွက်လွှင့်သွား၏။

လီကျိုးပြည်နယ်၏ မြစ်ကမ်းတစ်လျှောက်တွင် စစ်သည်အင်အား အများအပြား တပ်စွဲထားသည်။ တပ်စခန်း နှစ်ရာကျော် သွယ်တန်း ချိတ်ဆက်နေပြီး မြောက်မြားစွာသော စစ်သည်များ၊ မြင်းများ နေရာယူထား၏။ သူတို့ ရောက်သွားသည့်အချိန်တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု အဆုံးသတ်ခါစ ရှိသေးပြီး မြစ်ပြင်တစ်ကြောတွင် လှေများ၊ သင်္ဘောများ ပျားပန်းခပ်မျှ လူးလာကူးသန်း ရွက်လွှင့်နေကြသည်။ တချို့သင်္ဘောများက ပျက်စီး၍ ရွက်တိုင်များ ကုန်းပတ်များ မီးစွဲလောင်ပြီး မီးခိုးတလူလူ ထွက်နေ၏။

အလောင်းကောင်များက မြစ်ရေထက်တွင် ပေါလောမျောပါနေသည်။

သင်္ဘောထက်မှ စစ်သည်များက ငါးဖမ်းပိုက်ကွန်များ ပစ်၍ အလောင်းကောင်များကို ဆယ်ယူနေကြ၏။ ထို့နောက် ချိတ်ဖြင့် ချိတ်၍ သင်္ဘောနောက်မြီးတွင် ဆွဲကာ မြေမြှုပ်သင်္ဂြိုဟ်ရန် ကမ်းဘက်သို့ ဆွဲလာသည်။

ချင်မူ သူ၏ အစိမ်းရောင် ကောင်းကင်မျက်လုံးကို ဖွင့်၍ မြစ်တစ်ဘက်ကမ်းသို့ ကြည့်လိုက်၏။ တစ်ဘက်ကမ်းရှိ မြို့မှာ နေရာအနှံ့ ပျက်စီးကျိုးပဲ့နေပြီး ကောင်းကင်နတ်သိုင်း စွမ်းအားများ ပေါက်ကွဲရာမှ ထွက်ပေါ်လာသော အလင်းရောင်များကို ဟိုတစ်ကွက် သည်တစ်ကွက် လှမ်းမြင်ရသည်။ ထိုအလင်းရောင်များက တိုက်ပွဲဖြစ်နေသည့် အရိပ်အယောင်များ ဖြစ်၏။

သို့သော်လည်း ထိုတိုက်ပွဲများက အသေးစားတိုက်ပွဲများသာ ဖြစ်သည်။ ကြည့်ရသည်မှာ ထာဝရငြိမ်းချမ်းရေး အင်ပါယာ၏ စစ်သည်များက မြို့ထဲရှိ ရန်သူများကို သုတ်သင်ရှင်းလင်းနေကြဟန် တူ၏။

ဖန်းယွင်ရှောင်က သင်္ဘောကို အရှိန်လျှော့၍ အောက်ဘက်ရှိ တပ်စခန်းသို့ ဆင်းသက်လိုက်သည်။ စစ်သည်တစ်ယောက်က သူတို့၏ သင်္ဘောပေါ်သို့ ပျံတက်လာပြီး စုံစမ်းမေးမြန်း၏။ နန်းတွင်းကောလိပ်မှ ကျောင်းတော်သားများ ဖြစ်ကြောင်း သိသွားသည့်အခါ တစ်မုဟုတ်ချင်း အလံဝှေ့ယမ်းပြလိုက်သည်။ ထိုအခါမှ အောက်ဘက်ရှိ လေးသည်တော်များက သူတို့၏ လေးမြားများကို အောက်ချ၏။

သင်္ဘောက တဖြည်းဖြည်း နိမ့်ဆင်းလာပြီး ဖန်းယွင်ရှောင်က သူ၏ တစ်ဖက်ဖြူ၊ တစ်ဖက်မည်းသော မျက်လုံးများဖြင့် တစ်ဖက်ကမ်းမှ တိုက်ပွဲများကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ချန်ဝမ်ယွင်၊ ယွင်ချွယ်နှင့် ကျန်သူများကို ကြည့်ပြီး ခေါင်းခါယမ်းလိုက်၏။ “ညီလေးချင်၊ ဒီကျောင်းသားတွေက မင့်အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လိမ့်မယ်၊ ဘာအကူအညီမှ ရမှာ မဟုတ်ဘူး… ဒီလို တိုက်ပွဲအရှိန်မျိုးဆိုတာ မင်းတို့ကျောင်းတော်သားတွေ ဘာမှာ ဝင်ကူလို့ မရဘူး၊ အသက်ရှင်အောင် နေဖို့တောင် ခက်လိမ့်မယ်… ငါသွားပြီ၊ မဟူရာသံ အလုံအလောက်နဲ့ တည်ဆောက်ပုံ အသေးစိတ် ပုံကြမ်းရရင် မင်းကို လာရှာမယ်…” သူ့စကား ဆုံးသည်နှင့် သင်္ဘောပေါ်ရှိ ဓားပြများကို ဆေးမီးဖို လောင်စာထည့်ခိုင်းပြီး ပျံသန်းထွက်ခွာသွား၏။

ယွင်ချွယ်နှင့် ကျန်သူများမှာ စိတ်အားလျော့သွားပြီး ချန်ဝမ်ယွင်က သရော်ပြုံး ပြုံးလိုက်သည်။ “ဒီလူရဲ့ သိုင်းစွမ်းရည်က မဆိုးပေမဲ့ အမှန်ကို ရှုမြင်သုံးသပ်နိုင်စွမ်း မရှိဘူး…”

တပ်မှူးတစ်ယောက်က အနားသို့ လျှောက်လာပြီး မေးမြန်းလိုက်၏။ “မင်းတို့က နန်းတွင်းကောလိပ်က ကျောင်းတော်သားတွေလား…”

ချင်မူက ခေါင်းညိတ်၍ ပြောလိုက်သည်။ “လီကျိုးပြည်နယ် အကြီးအကဲသခင်မက ရှေ့တန်းမှာလား… တိကျန်းစီရင်စုက ချင်မူ သူ့ကို တွေ့ခွင့်တောင်းတဲ့အကြောင်း တပ်မှူးလေး သတင်းပို့ပေးနိုင်မလား မသိဘူး…”

ထိုတပ်မှူးလေးမှာ အံ့အားသင့်သွားပြီး ချင်မူ၏ စကားကို လျစ်လျူမရှုဝံ့သဖြင့် အဆောတလျင် ပြေးထွက်သွား၏။

များစွာမကြာလိုက်ဘဲ ချပ်ဝတ်တန်ဆာချင်းထိသံ တချွင်ချွင် ထွက်ပေါ်လာပြီး အားလုံး၏ အကြည့်က အသံလာရာသို့ ကျရောက်သွားသည်။ သံမဏိချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အမျိုးသမီးတပ်မှူးတစ်ဦး ခေါင်းဆောင်းကို လက်ဖြင့်ပိုက်၍ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရ၏။ သူ့အသွင်သဏ္ဌာန်က သူရဲကောင်းဆန်ပြီး အလွန်တရာ လှပသော ရုပ်ရည် ရှိသည်။ မျက်နှာထက်တွင် အမွှေးနံ့သာများ လိမ်းချယ်ထားပြီး နီစွေးသော နှုတ်ခမ်းများက တစ်ခါမြင်ဖူးလျှင် တစ်သက်မမေ့ရက်နိုင်ဖွယ်ရာ ဖြစ်၏။

သူက တိုက်ပွဲမှ ပြန်လာဟန်ရှိပြီး ခန္ဓာကိုယ်ပေါ်တွင် သွေးစက်များ စွန်းထင်းနေဆဲ ရှိသည်။

“မောင်ငယ်လေးချင်မူပါလား…”

ယုယွမ်ချူးယွီ၏ အကြည့်က ချင်မူ့အပေါ် ကျရောက်လာပြီး မျက်လုံးများ အရောင်တောက်သွား၏။ “ပြီးခဲ့တဲ့ သုံးလေးလကမှ တိကျန်းစီရင်စုကနေ ထွက်သွားတဲ့ ကောင်ကလေးက အခုတော့ နာမည်တစ်ခု ရထားပြီပေါ့… ငါ့အစ်ကိုက မင့်အကြောင်းတွေ ပြောပါတယ်… အခု မင်းက သူများတွေထက် သာနေပြီပဲ… ငါ ဝမ်းသာပါတယ်…”

“မမကြီးက ကျွန်တော့်ကို မြှောက်ပင့်နေပြန်ပါပြီ…”

ချင်မူ၏မျက်နှာ ရဲတက်သွားသည်။ “ကျွန်တော်က မဟာမြို့ပျက်ကဆိုတာ မမကြီးကို မပြောခဲ့ရဘူး…”

ယုယွမ်ချူးယွီက ပြောလိုက်၏။ “မင်းထွက်သွားတော့ တိကျန်းစီရင်စုရဲ့ ချင်မိသားစုမှာ ဘယ်အချိန်ကများ ဒီလို ထူးချွန်တဲ့ ကလေးတစ်ယောက် မွေးထုတ်နိုင်ခဲ့တာလဲလို့ စဉ်းစားနေသေးတယ်… ငါ့အစ်ကိုရဲ့ စာထဲမှာ မင့်အကြောင်း ပါတော့မှ မဟာမြို့ပျက်ကမှန်း သိတာ…”

ယွင်ချွယ်၊ ယွဲ့ချင်းဟုန်နှင့် ကျန်သူများမှာ ကျိတ်၍ အံ့ဩနေကြသည်။ လီကျိုးပြည်နယ်မှာ နန်းတွင်းကျောင်းတော်သားများ အားလုံး အတွေ့အကြုံရအောင် စေလွှတ်လိုက်သော နေရာ ဖြစ်၏။ ချင်မူက လီကျိုးပြည်နယ် အကြီးအကဲသခင်မနှင့် ရင်းနှီးပြီးသား ဖြစ်လိမ့်မည်ဟု သူတို့ မျှော်လင့်မထားမိပေ။

ယုယွမ်ချူးယွီက ဤသို့သော နေရာမျိုးတွင် အဆင့်မြင့်ရာထူးကို ရထားသည် ဖြစ်၍ တောင်ဘက်နယ်စပ်ဒေသ တစ်ကြောလုံး၏ အကြီးအမှူးခေါင်းဆောင်ဟု ဆိုနိုင်၏။ ထို့ပြင် ထူးကဲသော နောက်ခံရှိသူလည်း ဖြစ်သည်။ ယုယွမ်အင်ပါယာ ကောင်းစားစဉ်က ယုယွမ်ချူးယွီမှာ ယုယွမ်အင်ပါယာ၏ မင်းသမီး ဖြစ်ပြီး ယခု နန်းမြို့တော်တွင် တပ်မှူးကြီး ဖြစ်နေသော ယုယွမ်ချူးယွင်မှာ အိမ်ရှေ့စံမင်းသား ဖြစ်၏။

ချင်မူက မဟာမြို့ပျက်မှ စွန့်ပစ်ခံလူသား ဖြစ်လျက်နှင့် အဘယ်သို့ပြု၍ ယုယွမ်ချူးယွီနှင့် ရင်းနှီးနေရသနည်း။

“မမကြီးချူးယွီ၊ အလောင်းကောင်နတ်ဝိဇ္ဇာဂိုဏ်းက ဘယ်လိုဖြစ်သွားလဲ…” ချင်မူက မေးလိုက်သည်။

“အလောင်းကောင်နတ်ဝိဇ္ဇာဂိုဏ်းကို ငါ မြေလှန်ပစ်လိုက်ပြီ… ဒါပေမဲ့ အကြွင်းအကျန် တချို့တော့ တောင်ဘက်နယ်စပ်ဘက် ထွက်ပြေး လွတ်မြောက်သွားတယ်…”

ယုယွမ်ချူးယွီက သူတို့ကို မြို့ရိုးဆီသို့ ခေါ်ဆောင်သွား၏။ “နေရာအနှံ့က တော်လှန်ပုန်ကန်တဲ့ အင်အားစုတွေ၊ သိုင်းဂိုဏ်းတွေ အကုန်လုံး တောင်ဘက်နယ်စပ်မှာ စုဝေး ပေါင်းစည်းနေကြပြီ… မြစ်ကမ်းတစ်လျှောက် မြို့တွေမှာ တပ်စွဲထားပြီး တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြတယ်… ဒါပေမဲ့ အခြေအနေက ရှုပ်ထွေးလွန်းတယ်၊ လက်ရှိအနေအထားက သိပ်မကောင်းဘူး…”

“အခြေအနေက ရှုပ်ထွေးလွန်းတယ် ဟုတ်လား…” သူတို့အားလုံး တစ်ခဏမျှ မှင်တက်မိသွားသည်။

ယုယွမ်ချူးယွီက ပြုံးလိုက်၏။ “ဒီလို အချိန်ကာလမှာ ဘယ်သူက သစ္စာတော်ခံလဲ၊ ဘယ်သူက သစ္စာဖောက်လဲ မင်းတို့ သိမလား… ဥပမာ ပြောရရင် ငါက သိမ်းပိုက်ခံ ယုယွမ်အင်ပါယာက မင်းသမီးပဲ၊ နောက်တစ်ခဏမှာ ငါ ပုန်မကန်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ…”

ချန်ဝမ်ယွင်နှင့် ကျန်သူများမှာ ချွေးစေးပြန်သွားသည်။ ဤရဲဝံ့သည့်အသွင်နှင့် အမျိုးသမီးတပ်မှူးက နောက်တစ်ခဏတွင် သူတို့ကို သတ်၍ တော်လှန်ပုန်ကန်ကြောင်း ကြေညာလိုက်မည်ကို စိုးရိမ်မိသွား၏။

ယုယွမ်ချူးယွီက သူတို့၏ အမူအရာကို ဂရုမထားဟန်ဖြင့် ဆက်ပြောလိုက်သည်။ “နန်းတွင်းနဲ့ မျိုးဆက်ဟောင်းတွေရဲ့ ပတ်သက်မှုက သိပ်နီးကပ်လွန်းတယ်… ဧကရာဇ်အတိုင်ပင်ခံက ဒီအခြေခံအုတ်မြစ်ပေါ်မှာ မျိုးဆက်သစ်တစ်ရပ်ကို ထူထောင်ချင်တာ၊ ဒါပေမဲ့ သူ အသုံးချတာက မျိုးဆက်ဟောင်းတွေရဲ့ အင်အားပဲ ဖြစ်နေတယ်… သူရဲ့ မျိုးဆက်သစ်က မျိုးဆက်ဟောင်းတွေရဲ့ လွှမ်းမိုးမှုအောက်က ရုန်းမထွက်နိုင်သေးဘူး… အဲဒါကြောင့် နောက်ထပ် ဘယ်သိုင်းဂိုဏ်းတွေ၊ ဘယ်အရာရှိတွေ ပုန်ကန်မလဲဆိုတာ မသိနိုင်ဘူး…”

ယွင်ချွယ်ကိုယ်တော်က အတုန်တုန်အရီရီနှင့် မေးလိုက်၏။ “ဒါပေမဲ့ အကြီးအကဲသခင်မကတော့ ပုန်ကန်မှာ မဟုတ်ဘူးမလား…”

ယုယွမ်ချူးယွီက သူ့ကို ကြည့်၍ အရိုးခိုက်ခိုက်တုန်အောင် အေးစိမ့်သော အပြုံးတစ်ခု ပြုံးရင်း ခပ်တိုးတိုး ပြောလိုက်သည်။ “မှန်းကြည့်လေ၊ မှန်ရင်တော့ မင်းတို့ မသေဘူးပေါ့…”

ယွင်ချွယ်မှာ မျက်နှာတစ်ပြင်လုံး ဖြူဖျော့၍ အသက်ထွက်လုမတတ် ကြောက်ရွံ့သွားသည်။

ဤနယ်စပ်အကြီးအကဲ ယုယွမ်ချူးယွီက ကြီးမြတ်သော အရှိန်အဝါတစ်ခု စိမ့်ဖြာထွက်နေ၏။ အမျိုးသမီးတစ်ယောက်သာ ဖြစ်သော်လည်း သူ၏ အေးစက်စက် အမူအရာက တုန်လှုပ်ချောက်ချားဖွယ်ရာအတိ ဖြစ်သည်။

ယုယွမ်ချူးယွီက ခပ်တိုးတိုး တစ်ချက်ရယ်၍ တပ်မှူးတစ်ယောက်ကို ဆင့်ခေါ်လိုက်၏။ ထိုတပ်မှူးက သူ့အမိန့်ကို နာခံပြီး စစ်သည်တစ်ထောင်ရှိသော တပ်ဖွဲ့တစ်ဖွဲ့ကို တစ်မုဟုတ်ချင်း စုစည်းလိုက်သည်။

ယုယွမ်ချူးယွီက မြို့ရိုးနံရံပေါ်မှ ဆင်း၍ မြစ်ရေပြင်ဆီသို့ လျှောက်လှမ်းသွား၏။ သူ့နောက်တွင် စစ်သည်တစ်ထောင်က ခြေလှမ်းကြဲများဖြင့် မြစ်ပြင်ပေါ် ဖြတ်လျှောက်၍ တစ်ဘက်ကမ်းသို့ ကူးသွားသည်။

ချင်မူက ယုယွမ်ချူးယွီနောက်သို့ အမီလိုက်၍ မြစ်ရေပြင်ပေါ် ရပ်လိုက်၏။ သူ့ခြေထောက်အောက်မှ ချီစွမ်းအင်များ တစ်ရှိန်ထိုး ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးကို ရေပြင်ထက်သို့ ပင့်တင်ရင်း ပြုံးလိုက်သည်။ “မမကြီး၊ သူ့ကို ကြောက်အောင် ခြောက်မနေပါနဲ့…”

ချန်ဝမ်ယွင်နှင့် အခြားသူများမှာလည်း ခပ်သုတ်သုတ် လိုက်လာကြပြီး သူတို့ကိုယ်သူတို့ ရေထဲသို့ မြုပ်မသွားအောင် ချီစွမ်းအင်များ ထုတ်ဖော်အသုံးပြုလိုက်ကြ၏။

သူတို့အတွက် ရေပေါ်တွင် တစ်ဟုန်ထိုး ပြေးလွှားရန် မခက်ခဲသော်လည်း တည်ငြိမ်အေးဆေးစွာ လမ်းလျှောက်ရန်မှာ လွန်စွာ ခက်ခဲပင်ပန်းလှသည်။ ရေအလျဉ်ကို ထိန်းချုပ်ရသည့်အပြင် သိပ်သည်းနက်ရှိုင်းသော ကျင့်စဉ်စွမ်းအင် ရှိရန်လည်း လိုအပ်၏။

ယုယွမ်ချူးယွီမှာ စိတ်ဝင်စားသွားသည်။ “မောင်ငယ်လေးက ငါ ပုန်ကန်မှာ မဟုတ်ဘူးလို့ ထင်တာလား…”

ချင်မူက ခေါင်းခါယမ်းလိုက်၏။ “ဒီပုန်ကန်မှုက နန်းတွင်းနဲ့ ပြည်သူတွေကြားက ဆန့်ကျင်ပုန်ကန်ချင်တဲ့သူတွေကို ရှင်းထုတ်ဖို့ ဧကရာဇ်အတိုင်ပင်ခံ ဆင်ထားတဲ့ ထောင်ချောက်ပဲ… မမကြီးက ဉာဏ်ကောင်းတဲ့သူ တစ်ယောက်ဆိုတော့ ဒါကို ကောင်းကောင်း မြင်နိုင်မှာပါ… မမကြီးသာ တုံးအရင် ဒီနေ့ထိ စောင့်နေမှာ မဟုတ်ဘူး၊ ဟိုးအရင်ကတည်းက ပုန်ကန်ပြီးပြီပေါ့…”

ယုယွမ်ချူးယွီက ပြုံးလိုက်သည်။ “မင်းပြောတာ မှန်လည်း မှန်သလို မှားလည်း မှားတယ်… ငါ မပုန်ကန်တာက ဉာဏ်ကောင်းလွန်းလို့ မဟုတ်ဘူး… ပုန်ကန်ဖို့အတွက် ငါ့ကို လာပြီး တိုက်တွန်းတဲ့သူတွေ အများကြီးပဲ… ငါ သေချာပေါက် ပုန်ကန်မှာပဲလို့ သူတို့ ထင်ပေမဲ့ သူတို့အထင် မှားတယ်… ငါတို့ ယုယွမ်မိသားစုက တော်ဝင်ထီးနန်းနေရာကို တန်ဖိုးထားတာ မဟုတ်ဘူး၊ ငါတို့ရဲ့ ပြည်သူပြည်သားတွေကို တန်ဖိုးထားတာ… ယုယွမ်အင်ပါယာအဖြစ် ရှိနေတုန်းမှာ ထာဝရငြိမ်းချမ်းရေး အင်ပါယာက အင်အားကြီးလာပြီး အချိန်မရွေး စစ်ခင်းနိုင်တဲ့ အခြေအနေ ရှိနေပြီ… စစ်ပွဲသာ ဖြစ်ရင် ငါတို့အင်ပါယာ သေချာပေါက် ပျက်စီးဆုံးရှုံးပြီး မိသားစုတွေ တကွဲတပြား ဖြစ်ကြမှာကို ငါ့အဖေ သိတယ်… ဒါပေမဲ့ ဧကရာဇ်အတိုင်ပင်ခံက စစ်မခင်းခဲ့ဘူး… ယုယွမ်အင်ပါယာကို လာပြီး အရပ်ဘက်၊ စစ်ဘက် အရာရှိတွေ အစုံအညီရဲ့ ရှေ့မှာ ငါ့အဖေနဲ့ တာအိုဆွေးနွေးမှု လုပ်တယ်… သူတို့ ဆွေးနွေးတာက တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေကို ဘယ်လိုအုပ်ချုပ်မလဲဆိုတဲ့ အကြောင်းအခြင်းအရာပဲ… ငါနဲ့ ငါ့အစ်ကိုလည်း ရှိတယ်… အဲဒီမှာ ငါတို့ ရှုံးနိမ့်ခဲ့တယ်…”

သူ့အမူအရာက တည်တည်ငြိမ်ငြိမ် ရှိနေ၏။ “တိုင်းပြည်ကို အုပ်ချုပ်မဲ့ လမ်းစဉ်နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားလမ်းစဉ်ကို အဆိုတင်သွင်း ငြင်းခုံတဲ့ပွဲမှာ ငါတို့ မရှုမလှ ရှုံးနိမ့်ခဲ့တယ်၊ ဒါပေမဲ့ ငါတို့ ကျေကျေနပ်နပ် လက်ခံတယ်… ငါ့အဖေက ဧကရာဇ်ရာထူး စွန့်လွှတ်ပြီး အစ်ကိုတော်ကို လွှဲပြောင်းပေးအပ်တယ်၊ ငါ့အစ်ကိုက လက်မခံဘဲ ငါ့ကို လွှဲပြောင်းပေးခဲ့တယ်…”

သူ ပြုံးလိုက်သည်။ သူ့ကိုယ်သူ လှောင်ပြုံးပြုံးလိုက်သည်လား၊ အမှန်တကယ် စိတ်လိုလက်ရ ပြုံးလိုက်သည်လားတော့ မည်သူမျှ မသိချေ။ “ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ငါ ပြောခဲ့တယ်… ငါက တိုင်းပြည်အုပ်ချုပ်တဲ့ နေရာမှာရော၊ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကြည့်ရှုစောင့်ရှောက်တဲ့ နေရာမှာပါ သူ့အောက် နိမ့်ကျတယ်၊ အဲဒီအတွက် ယုယွမ်အင်ပါယာကို လက်လွှဲပေးမယ်… နောင်တစ်ချိန် သူ့ရဲ့ အုပ်ချုပ်မှုနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားအပေါ် ကြည့်ရှုစောင့်ရှောက်မှုကို စိတ်တိုင်းမကျရင် ပုန်ကန်မယ်လို့ ဆိုခဲ့တယ်… ဧကရာဇ်အတိုင်ပင်ခံက အဲဒီစကားကို သဘောတူပြီး အခုလက်ရှိ လီကျိုးပြည်နယ် ဖြစ်သွားတဲ့ ယုယွမ်အင်ပါယာကို ငါ့ကိုပဲ ဆက်အုပ်ချုပ်ခိုင်းခဲ့တယ်…”

“အဲဒီလို ဖြစ်ခဲ့တာလား…” အားလုံး သဘောပေါက်သွား၏။

ဟူလင်းအာက တအံ့တဩ ပြောဆိုလိုက်သည်။ “အဲဒါဆို အစ်မတော်က အမျိုးသမီး ဧကရာဇ် ဖြစ်ခဲ့တာပေါ့…”

ယုယွမ်ချူးယွီက ပြုံးလိုက်၏။ “ဧကရာဇ် တစ်ရက်တာ ဖြစ်ခဲ့တဲ့သူအနေနဲ့ ပြောရရင် ဘာမှ ပျော်စရာမရှိဘူး… မင်းသာ ဧကရာဇ် ဖြစ်ချင်သပဆို နေရာတစ်ခုရှာပြီး ကိုယ့်ကိုယ်ကိုယ် ဧကရာဇ်လို့ သမုတ်လိုက်ရုံပဲ… ပြည်သူပြည်သား ဘယ်လောက်များများကို အာဏာပိုင်စိုး အုပ်ချုပ်နိုင်မလဲ ဆိုတာကသာ ပြဿနာ…”

ယုယွမ်ချူးယွီက မြစ်ပြင်ထက်မှ မီးတောက်မီးလျှံများနှင့် မီးခိုးငွေ့ တလူလူကို ငေးမောနေရာမှ အကြည့်ပြန်ရုပ်သိမ်းလိုက်သည်။ ထို့နောက် ချန်ဝမ်ယွင်နှင့် ကျန်သူများကို ပြုံး၍ ကြည့်လိုက်၏။ “မောင်ငယ်လေးနောက်ကို မင်းတို့ လိုက်ခွင့်ရတာ ကံကောင်းတာပဲ… သူ့အစွမ်းအစက တကယ့်ကို ထူးခြားတယ်…”

ယွဲ့ချင်းဟုန်နှင့် ယွင်ချွယ်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ ဤအမျိုးသမီးတပ်မှူးက မည်သို့ပြု၍ ချင်မူ၏ အစွမ်းအစကို ထူးခြားသည်ဟု ရှုမြင်ရလေသနည်း။

ယုယွမ်ချူးယွီမှာ ဟုယန်စီရင်စု၏ မြောက်ပိုင်းရှိ တောင်တစ်တောင်လုံး အနီရောင် အလောင်းပိုးကောင်များ ပြန့်ကြဲနေသည့် မြင်ကွင်းကို အမှတ်ရသွား၏။ ထိုအနီရောင် အလောင်းပိုးကောင်များအပြင် အသွေးအသားများ အရည်ပျော်၍ အဝတ်အစားနှင့် အရိုးသာ ကျန်ရစ်သော အရိုးစုတစ်ခုလည်း ရှိသေးသည်။ ကျန်ရစ်ခဲ့သော အဝတ်အစားများကို ကြည့်၍ ထိုသူမှာ အလောင်းကောင်နတ်ဝိဇ္ဇာဂိုဏ်း၏ အဆင့်မြင့် ပညာရှင်တစ်ယောက် ဖြစ်ကြောင်း သိနိုင်၏။

မည်သူမည်ဝါ ဖြစ်မှန်း မသိသော်လည်း အလောင်းပိုးကောင်များ ထိန်းချုပ်သည့် နည်းလမ်းနှင့် အလောင်းပိုးကောင် ပမာဏကို ထောက်ရှုလျှင် ထိုသူ၏ ကျင့်စဉ်စွမ်းအင်မှာ ခုနစ်စဉ်ကြယ်အဆင့်သို့ ရောက်နေပြီဟု ခန့်မှန်း၍ ရသည်။

အလောင်းကောင်နတ်ဝိဇ္ဇာဂိုဏ်းက အလောင်းကောင်ထိန်းချုပ်ခြင်းနှင့် အဆိပ်ပညာတွင် ကျွမ်းကျင်ပိုင်နိုင်ပြီး ကျင့်စဉ်စွမ်းအင်အဆင့် မြင့်မားလှခြင်း မရှိကြပေ။ သို့သော်လည်း အလောင်းကောင်နတ်ဝိဇ္ဇာဂိုဏ်းနှင့် ရင်ဆိုင်ရာတွင် ကျင့်စဉ်စွမ်းအင်နှင့် သိုင်းစွမ်းအား မြင့်မားသူများပင် သူတို့ကို အနိုင်ယူရန် ခက်ခဲလှ၏။

သို့ပါလျက်နှင့် အလောင်းကောင်နတ်ဝိဇ္ဇာဂိုဏ်းမှ ထိုအဆင့်မြင့် ပညာရှင်မှာ အဆိပ်မိ၍ သေဆုံးရသည်။ အဆိပ်ခပ်ခဲ့သူမှာ ယခု ဘေးနားတွင် ရပ်နေသော ရိုးသားဖြူစင်သည့် အသွင်သဏ္ဌာန်နှင့် ဤမောင်ငယ်လေး ဖြစ်ပေလိမ့်မည်။

ထိုစဉ်တုန်းက သူ့ကိုပင် အယုံသွင်းခဲ့သဖြင့် ခရီးသွားခွင့် လက်မှတ်တစ်စောင် ရေး၍ မြို့တော်သို့ သွားရန် အကြံပြုမိသေးသည်။

ယုယွမ်ချူးယွီ၏ ရင်ထဲတွင် ချန်ဝမ်ယွင်နှင့် ကျန်သူများအဖို့ ဤမျှ ဉာဏ်နီဉာဏ်နက်များသော ကောင်လေးတစ်ယောက်၏ နောက်မှ လိုက်ခွင့်ရသည်မှာ အခြား အဆောင်မှူးဆရာများ၏ နောက်မှ လိုက်သည်ထက် ပို၍ လုံခြုံစိတ်ချရမည်ဟု ယုံကြည်၏။ သို့ဖြစ်၍ ချန်ဝမ်ယွင်နှင့် ကျန်သူများ ကံကောင်းသည်ဟု ဆိုလိုက်ခြင်း ဖြစ်သည်။

တစ်ဘက်ကမ်းသို့ ရောက်သောအခါ ဆိပ်ကမ်းမြို့ထဲရှိ အဆောက်အဦများမှာ ပျက်စီးပြိုလဲနေပြီး သေဆုံးသူများက မရေမတွက်နိုင်ချေ။

ယုယွမ်ချူးယွီက စစ်သည်တပ်ဖွဲ့ကို ဦးဆောင်၍ မြို့ထဲသို့ ချီတက်ရင်း ပြောလိုက်၏။ “အခြေအနေက ရှုပ်ထွေးလွန်းတယ်လို့ ငါပြောခဲ့ဖူးတယ် မဟုတ်လား… အဲဒါအပြင် နောက်ထပ် အကြောင်းရင်း တစ်ခုလည်း ရှိသေးတယ်… အခုကြည့်လေ၊ လုစီရင်စုကို သိမ်းပိုက်ရတာ ဘာမှ မပင်ပန်းလိုက်ဘူး… လွယ်လွယ်ကူကူ ထိုးဖောက်ဝင်ရောက်ပြီး သိမ်းပိုက်နိုင်တယ်… သူပုန်အင်အားစုတွေက သိပ်ကို ပျော့ညံ့လွန်းရာ ကျမနေဘူးလား…”

ချင်မူ အနည်းငယ် မှင်တက်မိသွားသည်။ “ရန်သူကို သားရဲတွင်းထဲ မျှားခေါ်တဲ့ ဗျူဟာလား…”

“ဒါက ရန်သူကို မျှားခေါ်တာ သက်သက်တင် မဟုတ်ဘူး… မြေခွေးအိုကြီးတွေ လှုပ်ရှား မလာသေးဘူး…”

ယုယွမ်ချူးယွီ၏ မျက်ဝန်းများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွား၏။ “ဧကရာဇ်အတိုင်ပင်ခံကို ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့တဲ့ မကောင်းဆိုးဝါးအိုကြီး သုံးယောက် အခုထိ ပေါ်မလာသေးဘူး… မျိုးဆက်ဟောင်းက မကောင်းဆိုးဝါးအိုကြီးတွေက သူတို့သုံးယောက်တင် မဟုတ်ဘူး၊ မေတ္တာမဲ့နန်းတော်သခင်မ ချိုးတျဲယီ၊ အံ့ဖွယ်သုံးသွယ်ရဲတိုက်က ရဲတိုက်သခင်သုံးယောက်၊ ပုန်ကန်သွားတဲ့ အဆင့်မြင့်အရာရှိတွေ၊ နဂါးစီးဂိုဏ်းရဲ့ နဂါးဘုရင်၊ တခြား ဂိုဏ်းချုပ်အဆင့် ပညာရှင်တွေ… တစ်ယောက်မှ ပေါ်မလာသေးဘူး… ဂိုဏ်းကြီးဂိုဏ်းငယ်အစုံက ဂိုဏ်းချုပ်တွေလည်း အကုန် ငြိမ်နေတယ်… ပြီးတော့…”

သူက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ပြီးခဲ့တဲ့ မျိုးဆက်က ရှင်သန်ကျန်ရစ်တဲ့ နတ်ဘုရားတွေ ရှိမနေဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ…”

ချင်မူ ဆတ်ခနဲ တုန်ခါသွား၏။

ချန်ဝမ်ယွင်နှင့် ကျန်သူများမှာလည်း တစ်ကိုယ်လုံးရှိ သွေးများ အေးခဲသွားသလို ခံစားလိုက်မိသည်။

ယုယွမ်ချူးယွီက မျိုးဆက်ဟောင်းများနှင့် ပတ်သက်၍ အရာများစွာ သိထားသေးဟန် တူသော်လည်း အသေးစိတ် ထပ်မပြောတော့ပေ။ “မင်းတို့ စိတ်မပူပါနဲ့… အဲဒီမကောင်းဆိုးဝါးအိုကြီးတွေက မင်းတို့လို လူငယ်မျိုးဆက်တွေကို ရန်ရှာမှာ မဟုတ်ပါဘူး… သူတို့ရဲ့ ပစ်မှတ်က ဧကရာဇ်အတိုင်ပင်ခံနဲ့ နန်းတွင်းက အဆင့်မြင့်အရာရှိတွေပဲ… လုစီရင်စုကို တစ္ဆေကိုးကောင်ဂိုဏ်းလို့ ခေါ်တဲ့ ဂိုဏ်းသေးသေးလေးက ဝင်စီးထားတာ၊ အလောင်းကောင်နတ်ဝိဇ္ဇာဂိုဏ်းသာသာပါပဲ… အခု လုစီရင်စုရဲ့ တော်လှန်ပုန်ကန်မှုကို နှိမ်နင်းပြီးစဆိုတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့ တစ္ဆေကိုးကောင်ဂိုဏ်းသား အကြွင်းအကျန်တွေ ရှိသေးတယ်… မင်းတို့ကို လွယ်ကူတဲ့တာဝန်ပဲ ပေးလိုက်မယ်… အကြွင်းအကျန်ဂိုဏ်းသားတွေ အကုန်လုံးကို လိုက်ပြီး ရှင်းပစ်…”

သူက ချင်မူနှင့် ကျန်သူများကို မျက်ဝန်းတောက်တောက်များဖြင့် ကြည့်လိုက်၏။ “တစ္ဆေကိုးကောင်ဂိုဏ်းက နတ်ဘုရားလို ဝတ်ဆင်ပြီး မိစ္ဆာနတ်ဆိုးလို ကခုန်တဲ့နေရာမှာ ကျွန်းကျင်တယ်… သူတို့ကို ကူညီတိုက်ခိုက်ပေးဖို့ တစ္ဆေတွေ၊ နတ်ဘုရားတွေ ဖိတ်ခေါ်နိုင်တယ်လို့လည်း ဆိုကြတယ်… မင်းတို့ ကြိုတင်ပြင်ဆင်ထားမှ ဖြစ်မယ်… တခြားကျောင်းတော်သားတွေ ရောက်လာတဲ့အခါ မင်းတို့လည်း တစ္ဆေကိုးကောင်ဂိုဏ်းသားတွေကို သုတ်သင်ရှင်းလင်းဖို့ စထွက်ကြပေါ့…”

All Chapters