မြေအောက်ဘုံမှတိုက်ခိုက်ခြင်း
Vol. 14 Ch. 183
“နတ်ဘုရားလို ဝတ်ဆင်ပြီး မိစ္ဆာနတ်ဆိုးလို ကခုန်တဲ့နေရာမှာ ကျွမ်းကျင်တယ်… တစ္ဆေတွေ၊ နတ်ဘုရားတွေကို ဖိတ်ခေါ်နိုင်တယ် ဟုတ်လား…”
ချင်မူ မှင်တက်မိသွားပြီး ဝိညာဉ်လမ်းညွှန်နှင့် တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော် အစီအရင်ကို ရုတ်တရက် သတိရသွားသည်။ ထိုမှော်ပညာရပ်နှစ်မျိုးက မှတ်တမ်းထိန်းဆောင်မှ သူ ယူဆောင်လာသော ဝိညာဉ်၊ တစ္ဆေ၊ နတ်ဘုရားများနှင့် ဆက်နွှယ်သည့် မှော်အစီအရင်များ ဖြစ်၏။
တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော် အစီအရင်က မဟာတောင်တော်ဂိုဏ်းမှ ဖြစ်ပြီး ဝိညာဉ်လမ်းညွှန်က တစ္ဆေကိုးကောင်ဂိုဏ်းမှ ဖြစ်သည်။
သာမန်မှ သွေဖည်သည့် မှော်ပညာကို လေ့လာမည့်သူ နည်းပါးလှသောကြောင့် ထိုမှော်ပညာရပ် နှစ်မျိုးကို မှတ်တမ်းထိန်းဆောင်၏ ပထမထပ်တွင်သာ ထားရှိ၏။ ထိုမှော်ပညာရပ်များက ဝိညာဉ်မှော်အစီအရင် အမျိုးအစားတွင် ပါဝင်သော်လည်း တိုက်ခိုက်ရေးစွမ်းအား များစွာ မရှိပေ။
အထူးသဖြင့် တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင် ဖြစ်သည်။ ဤမှော်အစီအရင်က တစ္ဆေများ၊ နတ်ဘုရားများကို ဆင့်ခေါ်နိုင်သည်ဟု ဆိုသော်လည်း ချင်မူ စမ်းသပ်ကြည့်သောအခါ တစ္ဆေငါးကောင် ကူးပြောင်းကျင့်စဉ်ကဲ့သို့သာ ဖြစ်၏။ ထိုကျင့်စဉ်ထက်တော့ ပိုရှုပ်ထွေးနက်နဲသည်။
ချင်မူ ဤမှော်ပညာနှစ်မျိုးကို ယူလာစဉ်က ပါမောက္ခပါ့ရှန်ကို ပြသခဲ့၏။ ပါမောက္ခပါ့ရှန်သည်လည်း ထိုပညာရပ်များကို အလေးထားလောက်စရာဟု မယူဆဘဲ ဖတ်ရှုလေ့လာဖူးခြင်း မရှိသဖြင့် ချင်မူ့ကို ပြန်ပစ်ပေးပြီး ကိုယ့်ဖာသာ လေ့လာရန်သာ ပြောခဲ့သည်။
တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်က တစ္ဆေငါးကောင် ကူးပြောင်းကျင့်စဉ်နှင့် ဆင်တူသော်လည်း ၎င်း၏ မှော်သင်္ကေတများက ပိုရှုပ်ထွေးပြီး အဆောင်ရတနာတစ်ခု စီရင်ဖန်တီးရန် လိုအပ်၏။
ထိုအဆောင်ရတနာက လိုလန်ရွှေနန်းတော်တွင် ချင်မူ မြင်ဖူးသည့် အဆောင်ရတနာထက် များစွာ ပိုရှုပ်ထွေးသည်။ စက်ဝိုင်းလုံးပုံစံ ရှိပြီး ပုံသဏ္ဌာန်မတူညီသည့် မျက်နှာပြင်ပေါင်း တစ်ထောင့်နှစ်ဆယ့်လေးမျက်နှာ ရှိ၏။ မျက်နှာပြင် တစ်ခုချင်းစီ၌ ရှုပ်ထွေးသော မှော်သင်္ကေတများ ရေးသားစီရင်ရသည်။
လိုလန်ရွှေနန်းတော်မှ အဆောင်ရတနာမှာ မျက်နှာပြင် ဆယ့်လေးခုသာ ရှိ၏။
တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်၏ မှော်သင်္ကေတများက ရှုပ်ထွေးနက်နဲလှသဖြင့် လွန်စွာ စွမ်းအားကြီးမည်ဟု သူ ထင်မိသည်။ ထုတ်ဖော်အသုံးပြုနိုင်သည့် စွမ်းအားအာနိသင်က တစ္ဆေငါးကောင် ကူးပြောင်းကျင့်စဉ်မျှသာ ရှိမည်ဟု မမျှော်လင့်ခဲ့မိပေ။
မဟာတောင်တော်ဂိုဏ်းက ဤကျင့်စဉ်၏ တချို့တစ်ဝက်ကို သိုဝှက်ထားခြင်း ဖြစ်မည်ဟုသာ ယူဆထား၏။ ယခုတော့ ထိုဂိုဏ်းတစ်ဂိုဏ်းလုံး လောကကြီးမှ ပျောက်ကွယ်သွားပေပြီ။
တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်အပြင် တစ္ဆေကိုးကောင်ဂိုဏ်းမှ ဝိညာဉ်လမ်းညွှန်ကျင့်စဉ်ကိုလည်း ချင်မူ လေ့ကျင့်ခဲ့သည်။ သို့သော်လည်း သေဆုံးသူတို့၏ ဝိညာဉ်ကို မြေအောက်လောကမှ ပြန်လည် ခေါ်ယူနိုင်၊ မခေါ်ယူနိုင်တော့ စမ်းသပ်ရခြင်း မရှိသေးချေ။
ဤမှော်ပညာရပ်နှစ်မျိုးရှိ အချို့မှော်သင်္ကေတများမှာ တူညီနေပြီး နှစ်ခုစလုံးက ဝိညာဉ်ကျင့်စဉ်အမျိုးအစား ဖြစ်၏။
ချင်မူက အဝါရောင် အဆောင်စာရွက်များ၊ ဟင်းရိုင်းပြဒါးတို့ကို ဝယ်ယူပြီး နှစ်ရက်တိတိ အချိန်ယူ၍ တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင် အဆောင်ရတနာကို စီရင်ဖန်တီးလိုက်သည်။ ထို့နောက် နောက်ထပ်တစ်ရက် အချိန်ယူပြီး ဝိညာဉ်လမ်းညွှန်အတွက် လိုအပ်သော မှော်သင်္ကေတများကို ရေးချ၍ နှိုင်းယှဉ်လေ့လာလိုက်၏။
ထိုသို့ လေ့လာကြည့်သောအခါမှ တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်နှင့် ဝိညာဉ်လမ်းညွှန် နှစ်မျိုးစလုံးတွင် အမှားအယွင်းများ ရှိနေကြောင်း အတည်ပြုနိုင်ခဲ့သည်။ ၎င်းကျင့်စဉ်နှစ်ရပ်ရှိ မှော်သင်္ကေတအချို့မှာ တမင်တကာ မှားယွင်းရေးသားထားခြင်း ဖြစ်၏။
ဤဂိုဏ်းများက သူတို့၏ ကျင့်စဉ်ပညာရပ်များကို နန်းတွင်းသို့ လွှဲပြောင်း ပေးအပ်လိုခြင်း မရှိဘဲ တမင်တကာ မှော်သင်္ကေတအမှားများ ရေးသားခဲ့သဖြင့် စွမ်းအားအာနိသင် အကြီးအကျယ် လျော့ကျပြီး အသုံးပြု၍ မရနိုင်အောင် ဖြစ်သွားသည်။
တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်ကို စီရင်ထုတ်ဖော်ရန်အတွက် မှော်သင်္ကေတများစွာ လိုအပ်သဖြင့် အမှားအယွင်း တစ်ဒါဇင်ခန့် ရှိသည့်တိုင် မှန်ကန်သော မှော်သင်္ကေတ တစ်ထောင်ကျော် ရှိနေသေး၏။
ဤသည်က ကြီးမားသော အသိပညာဗဟုသုတ ရတနာသိုက်ကြီးပင် ဖြစ်သည်။
ဤအသိပညာဗဟုသုတနှင့်ဆိုလျှင် ဝိညာဉ်လမ်းညွှန်မှ မှားယွင်းသော မှော်သင်္ကေတများကို ချင်မူ ပြန်လည် ပြင်ဆင်နိုင်ပေလိမ့်မည်။
ဝိညာဉ်လမ်းညွှန်တွင် မှော်သင်္ကေတအစီအစဉ် အမျိုးပေါင်း ခြောက်ရာကျော် လိုအပ်၏။ ချင်မူ အမှားတွေ့သည်များကို ပြင်ဆင်ပြီး အမှားအယွင်း ထပ်မတွေ့တော့သည့်အခါမှ စစ်သည်တစ်ယောက်ကို ခေါ်ယူ၍ မေးမြန်းလိုက်သည်။ “မြို့ထဲမှာ အလောင်းကောင်တွေ ရှိသေးလား… မှော်ပညာတစ်ခု စမ်းသပ်စရာ ရှိလို့…”
ထိုစစ်သည်က မေးမြန်းလိုက်၏။ “သခင်လေးက မှော်ပညာစမ်းဖို့အတွက် တစ္ဆေကိုးကောင်ဂိုဏ်းသားတွေရဲ့ ရုပ်အလောင်း လိုချင်တာလား… တစ္ဆေကိုးကောင်ဂိုဏ်းသား အလောင်းတွေ အကုန်လုံးက မြေမြှုပ်ပြီးသွားပြီ၊ သခင်လေး လိုချင်တယ်ဆိုရင် ပြန်တူးရမှာ…”
ချင်မူ၏ မျက်နှာ ကွက်ခနဲ ပျက်သွားပြီး အလျင်အမြန် မေးလိုက်သည်။ “ဘယ်မှာ မြှုပ်ထားတာလဲ…”
ထိုစစ်သည်က ပြန်ဖြေလိုက်၏။ “တချို့ကို တိကျန်းစီရင်စုဘေးက သုဿန်မှာ မြှုပ်ထားပါတယ်၊ တချို့ကိုတော့ လုစီရင်စုဘေးက လုတောင်မှာ မြှုပ်နှံထားပါတယ်… ပြီးခဲ့တဲ့ရက်ပိုင်း မြစ်ထဲက ဆယ်ယူထားတဲ့ အလောင်းတွေကိုတော့ နီးစပ်ရာမှာ မြှုပ်လိုက်ပါတယ်…”
ချင်မူ၏ ရင်ထဲတွင် ဒိတ်ခနဲ ခုန်သွားပြီး အလျင်အမြန် ပြောလိုက်သည်။ “အကြီးအကဲသခင်မ ဘယ်မှာလဲ… သူ့ကို မြန်မြန် သွားသတင်းပို့၊ တပ်ဖွဲ့တစ်ခုလုံး နိုးနိုးကြားကြား နေဖို့နဲ့ မြေမြှုပ်ထားတဲ့ အလောင်းကောင်တွေကို မီးရှို့ပစ်ဖို့ အမိန့်ပေးခိုင်းလိုက်…”
ထိုစစ်သည်မှာ သူ့စကားကို သဘောမပေါက်သော်လည်း အလျင်အမြန် ပြေးထွက်သွားရင်း အော်ဟစ်ပြောဆိုလိုက်၏။ “အကြီးအကဲသခင်မက တစ်ဘက်ကမ်းမှာရှိတဲ့ တိကျန်းစီရင်စုကို သွားပြီး ပြည်သူတွေကို နှစ်သိမ့်စကား ပြောနေပါတယ်… ကျွန်တော် အခုချက်ချင်း သွားအကြောင်းကြားလိုက်ပါမယ်…”
“မမကြီးချူးယွီက တိကျန်းစီရင်စုမှာ ရောက်နေတာလား… မကောင်းတော့ဘူး…”
ချင်မူက အခြားစစ်သည်တစ်ယောက်ကို ဆင့်ခေါ်၍ အစောင့်တပ်သားများကို နိုးနိုးကြားကြားနေရန် တပ်လှန့်ခိုင်းပြီး ချန်ဝမ်ယွင်၊ ယွဲ့ချင်းဟုန်နှင့် ကျန်သူများကို တစ်မုဟုတ်ချင်း လိုက်ရှာကာ အလျင်အမြန် ပြောလိုက်သည်။ “တစ္ဆေကိုးကောင်ဂိုဏ်းက တန်ပြန်တိုက်စစ်ဆင်တော့မယ်… သတိထားနေတော့…”
ချန်ဝမ်ယွင်၊ ယွဲ့ချင်းဟုန်နှင့် ကျန်သူများ အားလုံးမှာ မယုံနိုင် ဖြစ်သွားကြ၏။ ယွင်ချွယ်ကိုယ်တော်က မေးလိုက်သည်။ “တစ္ဆေကိုးကောင်ဂိုဏ်းသားတွေက ဂိုဏ်းလုံးကျွတ်လုနီးနီး ဖြစ်နေပြီ၊ တစ်ယောက်၊ နှစ်ယောက်ပဲ အသက်လု ထွက်ပြေးသွားကြတာ… ဒီလိုလူနည်းနည်းလေးကို ငါတို့က ဘာလို့ သတိထားနေရမှာလဲ…”
“သူတို့က သေချင်ယောင်ဆောင်နေကြတာ…”
ချင်မူ့စကားအဆုံးတွင် မြစ်ပြင်ဘက်မှ တိုးညင်းသော သီချင်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုသီချင်းသံက လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးဆန်ကာ တမလွန်လောကမှ နတ်ဘုရားတစ်ပါး သေဆုံးသူတို့၏ ဝိညာဉ်ကို ဆင့်ခေါ်နေသည့်နှယ် ထင်မှတ်ရ၏။
ချင်မူ၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းပြီး မြောက်ဘက်မြို့တံခါးမျှော်စင်ဆီသို့ လေအဟုန်ကို ထိုးခွင်းပျံသန်းသည့်နှယ် အလျင်အမြန် ပြေးလွှားသွားသည်။ မြောက်ဘက်မြို့တံခါးမှာ ရှင်းလင်းနေပြီး အစောင့်စစ်သည်တချို့သာ လှည့်လည်စောင့်ကြပ်နေ၏။ လီကျိုးပြည်နယ်၏ တပ်မကြီးမှာ တိုက်ပွဲကြီး ဆင်နွှဲပြီးစ ဖြစ်၍ အနားယူ အားဖြည့်နေကြသည်။
ချင်မူ မြစ်ပြင်ဆီသို့ လှမ်းကြည့်လိုက်သောအခါ မာန်ဟုန်မြစ်လယ်တွင် လှေတစ်စီး ရှိနေသည်ကို တွေ့ရ၏။ ထိုလှေ၏ ရွက်တိုင်ထိပ်ဖျား၌ ကောက်ရိုးခမောက်တစ်လုံး ဆောင်းထားသည့် တာအိုရသေ့တစ်ပါး မတ်တတ်ရပ်နေသည်။ ထိုရသေ့က မြစ်ပြင်ထက်တွင် မှော်အစီအရင်တစ်ခု စီရင်၍ သီချင်းတစ်ပုဒ် သီဆိုနေပြီး ကောင်းကင်ယံတွင် ကြီးမားသော မှော်သင်္ကေတကြီး တစ်ခုက မြောက်များစွာသော မြွေစိမ်းများ တွန့်လိမ်လူးလွန့်နေသကဲ့သို့ အစိမ်းရောင် တောက်ပနေ၏။
ယွင်ချွယ်နှင့် ကျန်သူများမှာလည်း အပြေးရောက်လာပြီး ချင်မူ့ဘေးတွင်ရပ်၍ မြစ်ပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။ ချန်ဝမ်ယွင်က မေးလိုက်၏။ “ဘာဖြစ်တာလဲ…”
သူ့စကားမဆုံးမီမှာပင် မြစ်ပြင်ဆီမှ အနက်ရောင် အခိုးအငွေ့များ လုံးတက်လာသည်ကို မြင်ရသဖြင့် မှင်တက်မိသွား၏။ ထိုအနက်ရောင် အခိုးအငွေ့များ လွှမ်းခြုံသည့် ဧရိယာက ပို၍ ပို၍ ကြီးမားကျယ်ပြန့်လာသည်။ အမှောင်ထုကြား မြစ်ပြင်အလယ်ဗဟို တည့်တည့်၌ မိုးထိုးနေသော မုခ်ဦးကြီးတစ်ခု ပေါ်ထွက်လာသည်ကို မြင်လိုက်ရ၏။
မျက်စိတစ်မှိတ်အတွင်း၌ ကောင်းကင်ယံက မည်းမှောင်သွားသည်။ ချင်မူ တစ်ဘက်ကမ်းသို့ ကြည့်လိုက်သောအခါ ကျောင်းတော်သားများကို သယ်ဆောင်လာသည့် သင်္ဘောများ ရွက်လွှင့်လာသည်ကို ခပ်ရေးရေး မြင်ရ၏။ ထို့နောက် အမှောင်ထုက ကျောင်းတော်သား သင်္ဘောများကို လွှမ်းခြုံသွားသည်။
မာန်ဟုန်မြစ်၏ အထက်ကောင်းကင်ယံသို့ ရောက်ရှိလာသော ကျောင်းတော်သား သင်္ဘောတစ်စီးမှာလည်း အမှောင်ထု၏ ဝါးမျိုဖုံးလွှမ်းခြင်း ခံလိုက်ရ၏။ သင်္ဘောပေါ်မှ ဒေါသတကြီး အော်ဟစ်သံများ၊ တအံ့တဩ ရေရွတ်သံများ ထွက်ပေါ်လာသည်။ မမျှော်လင့်ထားသော တစ်စုံတစ်ရာကို ကြုံတွေ့သွားခြင်း ဖြစ်ကြောင်း ထင်ရှား၏။
စီရင်စု၏ ဘယ်ဘက်ရှိ လုတောင်ဆီသို့ အကြည့်ရောက်သွားသောအခါ လုတောင်မှ လူရိပ်သေးသေးလေးများ တဖွားဖွား ထိုးထွက်လာပြီး လေပေါ်တွင် ပျံဝဲ၍ သူတို့ရှိရာသို့ ပြေးလာနေကြောင်း တွေ့ရသည်။
လုစီရင်စု၏ အနောက်ဘက် မြို့ရိုးတံခါးကို စောင့်ကြပ်နေသော စစ်သည်များမှာ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိဘဲ ပျံဝဲရောက်ရှိလာသည့် လူရိပ်များ၏ အဝါရောင် အဆောင်စာရွက်များ အကပ်ခံရပြီး မလှုပ်နိုင် မရှားနိုင် ဖြစ်ကာ တစ်မုဟုတ်ချင်း သတ်ဖြတ်ခံလိုက်ရ၏။
ဘုန်း…။
အနောက်ဘက် မြို့တံခါးက ပေါက်ကွဲလွင့်စင်သွားပြီး စီရင်စုအတွင်းသို့ အလောင်းကောင်များ တစ်ဟုန်ထိုး တိုးဝင်လာကာ ကြောင်ငေးငေး ဖြစ်နေသော အစောင့်တပ်သားများ အားလုံးကို ခုတ်ထစ်သတ်ဖြတ်ပစ်သည်။
ထိုအလောင်းကောင်များက အသက်မရှိတော့သည် မှန်သော်လည်း သေဆုံးသူတို့၏ ဝိညာဉ်များ ရှိနေသေး၏။ မြစ်ပြင်ထက်မှ တာအိုရသေ့က သေဆုံးသွားသော တစ္ဆေကိုးကောင်ဂိုဏ်းသားများ၏ ဝိညာဉ်ကို ဝိညာဉ်လမ်းညွှန် မှော်အစီအရင် အသုံးပြု၍ ဆင့်ခေါ်ပြီး ခန္ဓာကိုယ်တွင်းသို့ ပြန်ဝင်စေကာ လုစီရင်စုရှိ အစောင့်တပ်သားများကို အငိုက်ဖမ်း တိုက်ခိုက်ခြင်း ဖြစ်သည်။
ဤအလောင်းကောင်များ အားလုံးက စုတ်ပြတ်နေသည်။ အချို့က ခေါင်းနှင့်ကိုယ် ဆက်သည့် အရေပြား တဲတဲကလေးသာ ကျန်တော့ပြီး အချို့က ရင်ဘတ်တွင် ဟောင်းလောင်းပေါက်ကြီး ပွင့်နေ၏။ အချို့ကတော့ ခြေလက်များ မရှိတော့ချေ။ အားလုံးမှာ ကြောက်မက်ဖွယ်ရာ သွင်ပြင်များနှင့် ဖြစ်နေသည်။
သူတို့အားလုံးက သေဆုံးပြီး ဖြစ်သော်လည်း ဝိညာဉ်များကို တမလွန်လောကမှ ဆွဲခေါ်၍ ခန္ဓာကိုယ်ထဲ ပြန်လည် ထည့်သွင်းထားသည် ဖြစ်သဖြင့် သိုင်းစွမ်းရည်များက အသက်ရှိစဉ်ကအတိုင်း ထပ်တူရှိနေ၏။
ချန်ဝမ်ယွင်ပင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မှင်တက်မိနေပြီး မြို့ရိုးမျှော်စင်ထက်တွင် ဘာလုပ်ရ ဘာကိုင်ရမှန်း မသိဘဲ အကြောင်သား ရပ်နေမိသည်။
ချင်မူ တစ်ဘက်ကမ်းရှိ တိကျန်းစီရင်စုထံသို့ လှမ်းမျှော်ကြည့်လိုက်၏။ ထိုနေရာတွင်လည်း အနက်ရောင် အခိုးအငွေ့များ ဖုံးလွှမ်းနေပြီ ဖြစ်သည်။ ကောင်းကင်နတ်သိုင်း အားလှိုင်းပေါက်ကွဲသံများသာ ခပ်ရေးရေး ကြားရ၏။
“ဒီမြို့ကနေ ထွက်မယ်၊ အရှေ့ဘက်မြို့တံခါးကို သွားကြစို့…” ချင်မူက ဆုံးဖြတ်ချက် ချလိုက်သည်။
ချန်ဝမ်ယွင်နှင့် ကျန်သူများမှာ အသိပြန်ဝင်လာ၏။ ချင်မူက မြို့ရိုးနံရံတစ်လျှောက် တစ်ဟုန်ထိုး ပြေးလွှားရင်း နဂါးချီလင်နှင့် ဟူလင်းအာကို အော်ခေါ်လိုက်သည်။ လုစီရင်စုမြို့ထဲတွင် ဝရုန်းသုန်းကား ဖြစ်နေပြီး အားလုံးက အငိုက်မိသွားကြသည် ဖြစ်သဖြင့် အသက်ပြန်ဝင်လာသော တစ္ဆေကိုးကောင်ဂိုဏ်းသား အလောင်းကောင်များ၏ သတ်ဖြတ်ခြင်းကို ခံနေရ၏။
ထာဝရငြိမ်းချမ်းရေး အင်ပါယာ၏ တပ်ဖွဲ့က စုပေါင်းတိုက်ကွက်များကို လေ့ကျင့်ထားခြင်း ဖြစ်သည်။ တူညီသော မှော်ပညာ၊ ဓားသိုင်းများကို လေ့ကျင့်ထားခြင်းအားဖြင့် စစ်သည်ဆယ်ယောက် တစ်အုပ်စု ပေါင်းစည်းလိုက်လျှင် သူတို့ထက် အဆင့်တစ်ဆင့်မြင့်သော ရန်သူများကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိ၏။
ထိုသို့သော တိုက်ခိုက်ရေးဗျူဟာက အကြီးစားတိုက်ပွဲများတွင် အလွန်တရာ အသုံးဝင်သည်။ ရန်သူများကို သတ်ဖြတ်ရသည်မှာ သစ်ဆွေးတုံးကို ထုချေသကဲ့သို့ လွယ်ကူလှပြီး သိုင်းဂိုဏ်းများအနေဖြင့် မလှန်ဝံ့အောင် အကြီးအကျယ် အရေးနိမ့်ခဲ့ကြ၏။
သို့သော်လည်း ယခု လုစီရင်စုမှတိုက်ပွဲမှာ ဤတိုက်ခိုက်ရေးဗျူဟာ၏ အားနည်းချက်ကို ဖော်ပြနေသည်။
တစ္ဆေကိုးကောင်ဂိုဏ်းမှ အသက်ပြန်ဝင်လာသော အလောင်းကောင်များက တွေ့မြင်သမျှ သတ်ဖြတ်၍ မြို့ထဲသို့ ဝင်လာသောအခါ ဤစစ်သည်များမှာ စနစ်တကျ စုစည်းနိုင်ခြင်း မရှိဘဲ အကွဲကွဲအပြားပြား ပြန့်ကြဲသွား၏။ သူတို့ဖာသာ တစ်ဦးချင်း တိုက်ခိုက်ကြသည့်အခါ ဤစစ်သည်များ၏ စွမ်းရည်က သိုင်းလောကဂိုဏ်သားများအောက် များစွာ နိမ့်ကျသဖြင့် တစ်ဖက်သတ် သတ်ပွဲကြီးသို့ ဖြစ် နေသည်။
ကောင်းကင်ယံက မှောင်သည်ထက် မှောင်မည်းလာ၏။ အသက်ပြန်ဝင်လာသော တစ္ဆေကိုးကောင်ဂိုဏ်းသားများအဖို့ အမှောင်ထုက နေ့အလင်းရောင်သဖွယ် ဖြစ်နေသည်။ အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်သည့်အပြင် သေရမည်ကိုလည်း ကြောက်ရွံ့ကြခြင်း မရှိ။
နဂိုမူလကတည်းက အလောင်းကောင်များ ဖြစ်သည့်အတွက် နာကျင်မှုဝေဒနာကိုလည်း မခံစားရဘဲ တစ်ဘက်ရန်သူ၏ တိုက်ခိုက်မှုကို ခုခံစရာ မလိုချေ။ ဇွတ်အတင်း ခုန်ဝင်၍ တိုက်ခိုက်သတ်ဖြတ်သွားနိုင်၏။
ထို့ပြင် တစ္ဆေကိုးကောင်ဂိုဏ်းက သိုင်းဂိုဏ်းတစ်ခု ဖြစ်သည့်အတွက် အဆင့်မြင့်ပညာရှင် မရှားချေ။ အသက်ပြန်ဝင်လာသော အလောင်းကောင်များထဲတွင် ကောင်းကင်နတ်အသွင်အဆင့်နှင့် သေခြင်းရှင်ခြင်းအဆင့် ပညာရှင်များပင် ပါဝင်၏။
ဤသို့သော အသက်ပြန်ရှင်ခြင်းမျိုးက အမှန်တကယ် အသက်ပြန်ရှင်လာခြင်း မဟုတ်ဘဲ မှော်အစီအရင်ကို အသုံးပြု၍ သေဆုံးသူများ၏ ဝိညာဉ်ကို ပြန်ခေါ်ထားခြင်းသာ ဖြစ်သည်။ အချိန်တန်လျှင် ထိုဝိညာဉ်များက တမလွန်လောကသို့ ပြန်သွားရမည် ဖြစ်၏။ သို့သော်လည်း ဤကာလအတွင်း၌ လုစီရင်စုရှိ အစောင့်တပ်သားများ အားလုံးကို အပြတ်ရှင်းပစ်ရန် အချိန်ကောင်းစွာ လုံလောက်ပေသည်။
“လုစီရင်စုရဲ့ အစောင့်တပ်သားတွေတော့ ကုန်ပြီ…”
ချင်မူ၏ ရင်ထဲတွင် လေးလံသွားသည်။ ဟူလင်းအာနှင့် နဂါးချီလင်တို့ အပြေးရောက်လာသည်ကို မြင်သောအခါမှ သက်ပြင်းချနိုင်၏။ သူတို့အားလုံးက အရှေ့မြို့ရိုးတံခါးမှ ခုန်ချ၍ အမှောင်ထုထဲသို့ ထွက်ပြေးသွားလိုက်ကြသည်။
သူတို့၏ နောက်တွင်တော့ အရှေ့မြို့ရိုးခါးက ဝုန်းခနဲ ပြိုလဲသွား၏။ ကောင်းကင်နတ်အသွင်အဆင့် ပညာရှင်များက မြို့ရိုးတံခါးများကို အပိုင်းပိုင်းအစစ ရိုက်ချိုးပစ်သည်။
ချင်မူ နောက်လှည့်ကြည့်လိုက်သောအခါ ကောင်းကင်နတ်အသွင်အဆင့် တပ်မှူးတစ်ယောက်မှာ တစ္ဆေကိုးကောင်ဂိုဏ်းမှ အသက်ပြန်ဝင်လာသော အဆင့်မြင့်ပညာရှင်များ၏ ဝိုင်းဝန်းဆွဲဖြဲခြင်း ခံလိုက်ရကြောင်း တွေ့ရ၏။
ကောင်းကင်ယံတွင် အဝါရောင်အဆောင်စာရွက်များပေါ် နင်းလျှောက်သွားလာနေကြသော တာအိုရသ့အချို့လည်း ရှိနေသည်။ ဤမြင်ကွင်းကို မြင်ရသောအခါ ချင်မူ၏ ရင်ထဲတွင် လေးလံသွား၏။ ထိုရသေ့များက အလောင်းကောင်နတ်ဝိဇ္ဇာဂိုဏ်းမှ အကြွင်းအကျန် ဂိုဏ်းသားများ ဖြစ်သည်။ အလောင်းကောင်နတ်ဝိဇ္ဇာဂိုဏ်းနှင့် တစ္ဆေကိုးကောင်ဂိုဏ်းတို့ ပူးပေါင်း၍ တစ်ဖွဲ့က အလောင်းကောင်များကို ထိန်းချုပ်ပြီး တစ်ဖွဲ့က ဝိညာဉ်များကို ထိန်းချုပ်၏။ မြို့ထဲတွင် စစ်သည်များစွာ ကျန်တော့မည် မဟုတ်ချေ။
“တော်ဝင်ကျောင်းတော်သားချင်၊ ငါတို့ မြစ်ကို ဖြတ်ကူးပြီး တိကျန်းစီရင်စုကို ပြန်သင့်တယ်…” ချန်ဝမ်ယွင်က အလေးအနက် ပြောလိုက်သည်။
ချင်မူက ခေါင်းခါယမ်းလိုက်၏။ “မြစ်ထဲမှာလည်း မြုပ်နေတဲ့ အလောင်းကောင်တွေ အများကြီးပဲ… ငါတို့ ပြန်လို့ မရဘူး…”
သူ့စကားမဆုံးမီပင် မြစ်ကမ်းဘေးမှ ရေသံများ ကြားလိုက်ရသည်။ အသက်ပြန်ဝင်လာသော အလောင်းကောင်များက မြစ်ကြမ်းပြင်မှ တက်လာပြီး အနက်ရောင် အခိုးအငွေ့များကြားတွင် ရေစက်လက်ဖြင့် လျှောက်လှမ်းလာ၏။ သူတို့ကို မြင်သောအခါ တစ်မုဟုတ်ချင်း ပြေးလိုက်လာကြသည်။
“ငါတို့ တောင်ဘက်နယ်စပ်ကို အရင်သွားပြီးမှ မြောက်ဘက်ကို ပြန်ဖို့ အခွင့်အရေး ရှာရမယ်…”
ချင်မူက အမူအရာ အပြောင်းအလဲ မရှိဘဲ ခါးကို လက်ဖြင့် ပုတ်လိုက်၏။ ထောင်ထျယ်အိတ်ထဲမှ ဓားရောင်တစ်ချက် ပျံဝဲထွက်ပေါ်လာပြီး လှုပ်ခါဓားချက်အသွင် ပြောင်းသွားသည်။ ဓားရောင်က အဆက်မပြတ် လှည့်ပတ်၍ တစ္ဆေကိုးကောင်ဂိုဏ်းသားများ၏ ခေါင်းကို ခုတ်ဖြတ်ပစ်၏။
တစ္ဆေကိုးကောင်ဂိုဏ်းသားများမှာ ခေါင်းပြတ်ဖုတ်ကောင်များ ဖြစ်သွားသည်။ သူတို့က လိမ့်ဆင်းသွားသော ခေါင်းပြတ်များကို ချက်ချင်း ပြန်ကောက်ယူပြီး ချိုင်းကြားတွင် ပိုက်၍ ဆက်လိုက်လာကြ၏။
အလောင်းကောင်တစ်ကောင်၏ ချိုင်းကြားမှ ခေါင်းပြတ်တစ်လုံးက စူးစူးရှရှ အသံဖြင့် အော်ဟစ်လိုက်သည်။ “မြန်မြန်လာကြ… ဒီမှာ ပိုက်ကွန်ထဲက ထွက်ပြေးလာတဲ့ကောင်တွေ ရှိတယ်၊ မြန်မြန်လာ…”
ယွင်ချွယ်၊ ယွဲ့ချင်းဟုန်နှင့် ချန်ဝမ်ယွင်တို့မှာ အတွေ့အကြုံ ဗဟုသုတ အတော်အသင့် ရှိသော်လည်း ဤမျှ မိစ္ဆာဆန်သော မှော်ပညာမျိုး တစ်ခါမျှ မြင်ဖူးခြင်း မရှိပေ။ အခြားတစ်ဖက်တွင် အမြဲတစေ ရှက်ရွံ့တွန့်ဆုတ်တတ်သော စစ်ယွင်ရှန်းမှာ တည်တည်ငြိမ်ငြိမ် ရှိနေ၏။ အနည်းငယ်မျှပင် ကြောက်ရွံ့ထိတ်လန့်သည့် အမူအရာ မရှိချေ။
ချင်မူက သူ၏ လက်ငါးချောင်းကို ဖြန့်ကား၍ ရုတ်တရက် ဆုပ်ညှစ်လိုက်သည်။ အိမ်ရှေ့စံကိုယ်ရံတော်ဓား၏ အလင်းရောင်က တစ်မုဟုတ်ချင်း ဝဲကတော့ဓားချက်အသွင် ပြောင်းသွား၏။ ဓားသွားက တဝီဝီလည်ပတ်၍ တစ္ဆေကိုးကောင်ဂိုဏ်းသားများကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ခုတ်ဖြတ်ပစ်သည်။ “မြန်မြန်ပြေး၊ တစ္ဆေကိုးကောင်ဂိုဏ်းက အဆင့်မြင့် ပညာရှင်တွေ မီလာလိမ့်မယ်…”
သူတို့ အမှောင်ထုထဲသို့ လျင်မြန်စွာ ပြေးလွှားသွားကြ၏။ ယွင်ချွယ် လုစီရင်စုမှ မီးတောက်မီးလျှံများကို ကြည့်၍ ကြောက်ရွံ့အားငယ်သွားသည်။ “တောင်ဘက်နယ်စပ်ကို သွားမှာလား… အဲဒါ ရန်သူ့ သားရဲတွင်း မဟုတ်ဘူးလား…”