တစ္ဆေကူးပြောင်းနတ်ဘုရားစေလွှတ်အစီအရင်
Vol. 14 Ch. 184
အနက်ရောင် အခိုးအငွေ့များက သိပ်သည်းသည်ထက် သိပ်သည်းထူထပ်လာ၏။ နေ့ခင်းအချိန်အခါ ဖြစ်သော်လည်း ညအခါကာလကဲ့သို့ ဖြစ်နေသည်။ ချင်မူတို့မှာ အရပ်မျက်နှာ အကြမ်းဖျင်း မှန်းဆနိုင်သည် ဆိုရုံမျှသာ မြင်တွေ့ရ၏။ ကောင်းကင်ယံသို့ ခေါင်းမော့ကြည့်လိုက်သောအခါ နေလုံးကြီးကို မြင်တွေ့ရသော်လည်း နေရောင်က မျက်စိစူးခြင်း မရှိ။ လရောင်ထက်ပင် ပို၍ မှိန်ဖျော့သော အလင်းလုံးဝိုင်းဝိုင်း အဖြစ်သာ မြင်တွေ့ရသည်။
ပတ်ဝန်းကျင်တစ်ခွင်ကို လှည့်ပတ် ကြည့်ရှုလိုက်သောအခါ တောင်တန်းစိမ်းစိမ်းများက မြူခိုးများရစ်ဆိုင်းနေသည့် အမည်းရောင် တောင်တန်းများ ဖြစ်နေ၏။
သူတို့၏ နောက်ဘက်မှ ဆူညံဆူညံ အသံများ ပေါ်ထွက်လာသည်။ “လွတ်သွားတဲ့သူတွေ ရှိတယ်… ယောက်ျားသုံးယောက်၊ မိန်းမသုံးယောက်… ပြီးတော့ ခြင်္သေ့ကြီးတစ်ကောင်ရော… နေဦး၊ ငါ့ခေါင်းကို ကောက်ပေးသွားဦး… မြန်မြန်ပြန်လာ…”
ချင်မူ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ချန်ဝမ်ယွင်ကို ကြည့်လိုက်၏။
ချန်ဝမ်ယွင်က ချင်မူ၏ ရည်ရွယ်ချက်ကို သိ၏။ သူ၏ဓားပျံက ဓားအိမ်ထဲမှ ပျံဝဲထွက်ပေါ်လာပြီး လူတစ်ကိုယ် လဲလျောင်းစရာ မြေကျင်းတစ်ကျင်း တူးလိုက်သည်။ ဤသို့ ထူးဆန်းသည့် အဖြစ်အပျက်မျိုးကို ပထမဆုံး ကြုံတွေ့ဖူးသည်ဖြစ်၍ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသော်လည်း ယခု ပြန်လည် တည်ငြိမ်လာပြီ ဖြစ်၏။
ချင်မူက သူ၏ အင်္ကျီလက်အိုးနှစ်ဖက်ကို ဝှေ့ယမ်း၍ ဘေးနှစ်ဖက်မှ မြေမှုန်မြေခဲများ လှည်းချကာ ချန်ဝမ်ယွင်ကို မြေကြီးထဲ မြှုပ်လိုက်သည်။
ထို့နောက် သူတို့ ရှေ့ဆက်လျှောက်သွားကြ၏။ နောက်ဘက်ဆီမှ စူးစူးရှရှ အော်ဟစ်သံများ ထွက်ပေါ်လာသောအခါ ဆက်မသွားတော့ဘဲ ရပ်တန့်လိုက်သည်။
“မြေကြီးထဲမှာ ပုန်းပြီး လုပ်ကြံတဲ့သူ ရှိတယ်ဟေ့…”
“ငါ့ခေါင်း ဖြတ်ခံလိုက်ရပြီ… ငါ့ခေါင်းပြတ်ကို တွေ့တဲ့သူ ရှိသေးလား…”
“ပါးစပ်ပိတ်ထားစမ်း သောက်ရူး၊ မင့်ခေါင်း ပျောက်နေရင် ဘယ်လိုလုပ် စကားပြောနိုင်ဦးမှာလဲ…”
“ဟုတ်သားပဲ… လိုက်ရှာနေတာ မတွေ့ပါဘူးလို့တော့ ထင်သား…”
“နောင်တော်တို့၊ ကျွန်တော့် ခြေထောက်လေးများ တွေ့သေးလား… ဒုက္ခပေးရတာ အားနာပါတယ်၊ ကျေးဇူးအများကြီး တင်ပါတယ်…”
…။
ချင်မူက နဂါးချီလင်ကို ရပ်တန့်ခိုင်းလိုက်သည်။ ချန်ဝမ်ယွင်က တစ်မုဟုတ်ချင်း မီလာ၏။ “လိုက်လာတဲ့သူတွေ မရှိတော့ဘူး… မြန်မြန်သွားစို့…”
ရုတ်တရက် မြူခိုးငွေ့များကြားထဲမှ သီချင်းသံခပ်တိုးတိုး ထွက်ပေါ်လာသည်။ ဤသီချင်းသံက အစောပိုင်း မြစ်ပြင်ထက်မှ သီချင်းသံထက် ပို၍ ထူးခြားဆန်းကြယ်၏။ အနိမ့်အမြင့် အတက်အကျ မရှိဘဲ တစ်သံတည်း ထွက်ပေါ်နေသည်။
ချင်မူက လက်ဟန်ပြ၍ ရပ်ခိုင်းပြီး တိတ်တဆိတ် သွားချောင်းကြည့်သောအခါ ထိုသီချင်းသံ ပေါ်ထွက်လာရာကို တွေ့လိုက်ရ၏။
အလောင်းကောင်အချို့က မှောင်မည်းနေသော တောအုပ်ထဲတွင် ဝိညာဉ်လမ်းညွှန် အစီအရင်ကို စီရင်သီဆိုနေကြသည်။ သူတို့၏ ခန္ဓာကိုယ်များက စုတ်ပြတ်ပဲ့ရွဲ့နေပြီး အမှောင်ထုထဲတွင် မှော်အစီအရင် ပြုလုပ်နေပုံကို မြင်ရသည်မှာ လွန်စွာထူးဆန်းအံ့ဩဖွယ် ကောင်းလှ၏။
“လူသေတွေက မှော်အစီအရင်တွေ စီရင်နေတာလား…”
ချင်မူ အနည်းငယ် မှင်တက်မိသွားသည်။ တစ္ဆေကိုးကောင်ဂိုဏ်း၏ ကောင်းကင်နတ်သိုင်းက သေခြင်းရှင်ခြင်း အကန့်အသတ်ကို ကျော်လွန်နိုင်မည့် အရိပ်အငွေ့များ ရှိနေသည်ဟု သူ ခံစားမိ၏။
ဤသို့သော ကောင်းကင်နတ်သိုင်းမျိုးက အဆုံးစွန်ထိ ရောက်သွားလျှင် သေခြင်းရှင်ခြင်း အကန့်အသတ်ကို ကျော်လွန်၍ ထာဝရရှင်သန်ခြင်းကို ရရှိနိုင်လိမ့်မည်လား။
ယခုလက်ရှိတွင်တော့ တစ္ဆေကိုးကောင်ဂိုဏ်း၏ ကောင်းကင်နတ်သိုင်းက ထာဝရရှင်သန်ခြင်းနှင့် များစွာ အလှမ်းကွာဝေးဆဲ ရှိ၏။ သေဆုံးသူတို့၏ ဝိညာဉ်ကို တမလွန်လောကမှ ပြန်လည်ခေါ်ယူ၍ မူလခန္ဓာထဲ ယာယီခိုနားစေရုံသာ တတ်နိုင်သေးသည်။
ဝိညာဉ်လမ်းညွှန် မှော်အစီအရင်ကို ဆက်လက် ထုတ်ဖော်အသုံးပြုနေရပြီး ဝိညာဉ်လမ်းညွှန်ကို ရပ်တန့်လိုက်သည်နှင့် သူတို့၏ ဝိညာဉ်များ တမလွန်လောကသို့ ပြန်လည် ဆွဲခေါ်ခံရကာ သေဆုံးသွားပေလိမ့်မည်။
“ဒီအလောင်းကောင်တွေကလည်း ဝိညာဉ်လမ်းညွှန် မှော်အစီအရင်ကို စီရင်နေတာ အံ့ဩစရာတော့ မရှိဘူး…”
ချင်မူ စိတ်ထဲမှ တွေးလိုက်မိ၏။ “သူတို့က ဆက်ပြီး လှုပ်ရှားသွားလာနိုင်အောင်လို့ ဝိညာဉ်လမ်းညွှန် မှော်အစီအရင်ကို ဆက်တိုက် ထုတ်သုံးနေရတာ ဖြစ်မယ်… ဒီအလောင်းကောင်တွေရဲ့ ကျင့်စဉ်စွမ်းအင်က မသေးဘူး၊ ရှောင်ကွင်းသွားတာ အကောင်းဆုံးပဲ…”
သူ ခိုးကြောင်ခိုးဝှက် ပြန်လာလိုက်သည်။ “လမ်းကြောင်းပြောင်းစို့…”
သူတို့ ခပ်ဝေးဝေး မရောက်မီမှာပင် မှော်အစီအရင် စီရင်နေသော တစ္ဆေကိုးကောင်ဂိုဏ်းသား တစ်အုပ်ကို ထပ်တွေ့ရ၏။ သေဆုံးပြီးသော တစ္ဆေကိုးကောင်ဂိုဏ်းသားများအပြင် မြို့ထဲမှ ထွက်ပြေးလာသော စစ်သည်များနောက် အလောင်းကောင်များ ထိန်းချုပ်၍ လိုက်လာသော အလောင်းကောင်နတ်ဝိဇ္ဇာဂိုဏ်းသားများကိုလည်း တွေ့ရသည်။ ဖုတ်ကောင်ပျံများက အဝါရောင် အဆောင်စာရွက်များပေါ်တွင် နင်းလျှောက်၍ ပျံသန်းလာကြ၏။
ချင်မူ မျက်မှောင်ကြုတ်၍ လမ်းကြောင်းထပ်ပြောင်းလိုက်သည်။ “လုတောင်ကို သွားကြစို့… တစ္ဆေကိုးကောင်ဂိုဏ်းက အလောင်းကောင်တွေကို အဲဒီမှာ မြှုပ်ထားတာ၊ အဲဒီကနေ လုစီရင်စုဆီ လာကြတာဆိုတော့ ဘယ်သူမှ မရှိလောက်တော့ဘူး…”
တစ္ဆေကိုးကောင်ဂိုဏ်းနှင့် အလောင်းကောင်နတ်ဝိဇ္ဇာဂိုဏ်းမှ လူများက အနက်ရောင် မြူခိုးငွေ့များကြားတွင် နေရာအနှံ့ တွေ့နေရသဖြင့် အားလုံးမှာ အလွန်အမင်း ထိတ်လန့်နေကြသည်။ အလောင်းကောင်နတ်ဝိဇ္ဇာဂိုဏ်းက ယုယွမ်ချူးယွီ၏ သုတ်သင်ရှင်းလင်းခြင်း ခံရပြီး ဤအနီးအနားတွင် မြှုပ်နှံထားသည် ဖြစ်၍ တစ္ဆေကိုးကောင်ဂိုဏ်းက ၎င်းတို့ကိုလည်း အသက်သွင်းထားနိုင်၏။
တစ္ဆေကိုးကောင်ဂိုဏ်းက ယုယွမ်ချူးယွီ အငိုက်မိသွားအောင် အသေအချာ ပြင်ဆင်လာခြင်း ဖြစ်ကြောင်း ထင်ရှားသည်။ ဤအတိုင်း ဆက်သွားလျှင် လီကျိုးပြည်နယ်ပင် အန္တရာယ်တွေ့နိုင်၏။
ချင်မူ စိတ်ထဲမှ တွေးလိုက်သည်။ “တစ္ဆေကိုးကောင်ဂိုဏ်းရဲ့ နောက်မှာ ရက်စက်ကြမ်းကြုတ်တဲ့သူ တစ်ယောက် သေချာပေါက် ရှိရမယ်… အောင်ပွဲရဖို့အတွက် တစ္ဆေကိုးကောင်ဂိုဏ်းသား ဒီလောက် အများကြီးကို အညှာအတာကင်းကင်း စတေးရဲတယ်…”
သူတို့ လုတောင်သို့ ရောက်လာသောအခါ အမှန်တကယ်ပင် မည်သူမျှ ရှိမနေပေ။ အနက်ရောင် မြူခိုးများကလည်း အတော်လေး လျော့ပါးသွား၏။
ချန်ဝမ်ယွင်၊ ယွင်ချွယ်နှင့် ကျန်သူများမှာ စိတ်အေးသွားသည်။ ဤတောင်ကို ကျော်ဖြတ်၍ အနက်ရောင်အခိုးအငွေ့များ ဖုံးလွှမ်းနေသည့် နေရာမှ လွန်မြောက်လျှင် ယာယီအားဖြင့် ဘေးကင်းသွားပေလိမ့်မည်။
ရုတ်တရက် စည်းချက်ညီညီ ရွတ်ဖတ်သံ တစ်သံက တောင်ကုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။ အားလုံး၏ ရင်ထဲတွင် ပြန်လည်၍ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာပြီး ချင်မူ့ကို လှမ်းကြည့်လိုက်ကြ၏။
ချင်မူက မျက်မှောင်ကြုတ်၍ တီးတိုးပြောလိုက်သည်။ “ဒီရွတ်ဖတ်သံက တစ်ခုခု လွဲနေတယ်… ဝိညာဉ်လမ်းညွှန် အစီအရင် မဟုတ်ဘူး… တခြားမှော်အစီအရင် တစ်မျိုးပဲ…”
ယွဲ့ချင်းဟုန်နှင့် ကျန်သူများမှာ မည်သို့ ကွဲပြားခြားနားသည်ကို မသိချေ။ သူတို့က တစ္ဆေကိုးကောင်ဂိုဏ်း၏ ဝိညာဉ်လမ်းညွှန် မှော်အစီအရင်အကြောင်းကို များစွာ သိကြသူများ မဟုတ်။ ချင်မူက ဤကောင်းကင်နတ်သိုင်းကို လေ့လာဖူးသူ ဖြစ်၍ ကွဲပြားခြားနားမှုကို သိမြင်သည်။
“မင်းတို့ ဒီမှာ နေခဲ့၊ ငါ သွားကြည့်မယ်…”
ချင်မူက သူတို့ကို ညွှန်ကြား၍ ရွတ်ဖတ်သံ ထွက်ပေါ်ရာသို့ တိတ်တဆိတ် ချဉ်းကပ်သွား၏။ ထိုအနားသို့ နီးကပ်လာသောအခါ သူ့ခြေလှမ်းများက ပို၍ ညင်သာလာသည်။ သူ့ရှေ့ရှိ တောင်ကြားလွင်ပြင်တွင် ယဇ်ပလ္လင်တစ်ခု ရှိနေပြီး ထိုယဇ်ပလ္လင်ပေါ်တွင် တာအိုရသေ့ ဆယ်ပါးကျော် မှော်အစီအရင် ရွတ်ဖတ်နေသည်ကို မြင်ရ၏။
ထိုယဇ်ပလ္လင်က အရိုးစုများဖြင့် တည်ဆောက်ထားသည်။ အလျားအနံ အတူတူဖြစ်ပြီး အတိုင်းအတာအားဖြင့် ဆယ့်သုံးကိုက်စီခန့် ရှိ၏။ ယဇ်ပလ္လင်ပေါ်တွင်တော့ အရိုးခေါင်းများဖြင့် ပြင်ညီဖြစ်အောင် ခင်းထားပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက် ထောင့်လေးထောင့်တွင် အလံဖြူများ စိုက်ထူထားသည်။ ထိုအလံဖြူများပေါ်တွင် ဟင်းရိုင်းပြဒါးနှင့် သွေးကို ရောစပ်၍ မှော်သင်္ကေတများ ရေးသားထား၏။
ယဇ်ပလ္လင်၏ အလယ်ဗဟိုတည့်တည့်တွင်တော့ လက်ရှစ်ဖက်ရှိသည့် မိစ္ဆာနတ်ဘုရားရုပ်တု တစ်ခု ထူမတ်ထားသည်။ ထိုရုပ်တုက ဒူးတစ်ဖက်ထောင်၊ တစ်ဖက်လှဲ အနေအထားနှင့် ဆောင့်ကြောင့်ထိုင်နေပြီး လက်ရှစ်ဖက်မှ လက်ဖဝါးများက တစ်ဖက်နှင့်တစ်ဖက် ယှက်ထား၏။ မျက်နှာလေးခု ပါရှိပြီး မျက်နှာပြင်တစ်ခုလျှင် မျက်စိသုံးလုံး ပါသည်။
တာအိုရသေ့များက လေထဲတွင် လွင့်မျောနေသော အဆောင်ရတနာတစ်ခုစီကို ထိန်းချုပ်နေ၏။ ထိုအဆောင်ရတနာများတွင် မျက်နှာပြင်ပေါင်း မြောက်မြားစွာ ပါရှိပြီး မျက်နှာပြင်တစ်ခုလျှင် မှော်သင်္ကေတ တစ်ခု ရေးထိုးထားသည်။
တာအိုရသေ့များ၏ ရွတ်ဖတ်မှုနှင့်အတူ အဆောင်ရတနာပေါ်မှ မှော်သင်္ကေတများ အဆက်မပြတ် လင်းလက်လာ၏။ ထိုမှော်သင်္ကေတများက မိစ္ဆာနတ်ဘုရားရုပ်တု၏ ကိုယ်ပေါ်သို့ တိတိပပ ထွန်းလင်းကျရောက်သွားသည်။ ထိုသို့ အလင်းရောင် ကျရောက်သွားတိုင်း မိစ္ဆာနတ်ဘုရားရုပ်တု၏ ကိုယ်ပေါ်တွင် မှော်သင်္ကေတတစ်ခု ထွန်းလင်းလာ၏။
အဆောင်ရတနာများက အဆက်မပြတ် လည်ပတ်နေပြီး ရုပ်တုပေါ်မှ မှော်သင်္ကေတများ တစ်ခုပြီးတစ်ခု လင်းလက်လာသည်။
ဤအခိုက်၌ မိစ္ဆာနတ်ဘုရားရုပ်တု၏ ကိုယ်ပေါ်မှ မှော်သင်္ကေတ တစ်ဝက်ကျော် ထွန်းလင်းတောက်ပနေပြီ ဖြစ်၏။
“တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်…”
ချင်မူ၏ ရင်ထဲတွင် တုန်ခါသွားသည်။ “မဟာတောင်တော်ဂိုဏ်းရဲ့ မှော်ပညာပဲ… ဒါ ဂိုဏ်းလုံးကျွတ် သုတ်သင်ခံလိုက်ရတဲ့ မဟာတောင်တော်ဂိုဏ်းက ဂိုဏ်းသားတွေ ဖြစ်မယ်…”
ဤတာအိုရသေ့ တစ်ဒါဇင်က ကောင်းကင်နတ်သိုင်းပညာရှင်များ ဖြစ်ပြီး တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်ကို စီရင် ရွတ်ဖတ်နေသည်မှာ အတန်ကြာပြီ ဖြစ်ဟန် ရှိ၏။ မဟာတောင်တော်ဂိုဏ်းမှာ အမြစ်ပြတ် သုတ်သင်ရှင်းလင်းခံရပြီးနောက် တစ္ဆေကိုးကောင်ဂိုဏ်း၊ အလောင်းကောင်နတ်ဝိဇ္ဇာဂိုဏ်းတို့နှင့် ပူးပေါင်း၍ လက်တုံ့ပြန်ရန် ကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားသည်။
ချင်မူ အသေအချာ စဉ်းစားကြည့်သောအခါ တစ္ဆေကိုးကောင်ဂိုဏ်း ထကြွသောင်းကျန်းသည့် အချိန်သည် နန်းတွင်းကောလိပ်မှ ကျောင်းတော်သားများ လီကျိုးပြည်နယ်၊ လုစီရင်စုသို့ ရောက်ရှိသည့် အချိန်နှင့် ကွက်တိဖြစ်နေကြောင်း သတိပြုမိ၏။ ဤသည်ကို ကြည့်လျှင် နန်းတွင်းကောလိပ်မှ ကျောင်းတော်သားများ၏ လှုပ်ရှားမှုကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး ဤနေရာသို့ နန်းတွင်းကျောင်းတော်သားများ ရောက်ရှိမည့် အချိန်ကိုပါ ကြိုတင် သိရှိနေသည့်သူတစ်ဦး ရှိနေကြောင်း ထင်ရှားသည်။
နန်းတွင်းကောလိပ်မှ ပြင်ပအတွေ့အကြုံရရန်အတွက် စေလွှတ်လိုက်သော ကျောင်းတော်သားများမှာ သက်ဆိုင်ရာ အဆင့်အသီးသီးမှ လက်ရွေးစင်များ ဖြစ်၏။ ဤကျောင်းတော်သားများက အနာဂတ်တွင် ထာဝရငြိမ်းချမ်းရေး အင်ပါယာ၏ အရာရှိအမတ်မင်းများ ဖြစ်လာပြီး လက်ရှိ ဂိုဏ်းအသီးသီးမှ နေရာယူထားသော အရာရှိနေရာများကို လက်လွှဲရယူကြပေလိမ့်မည်။
လက်ရှိအရာရှိမင်းများက မျိုးဆက်ဟောင်းမှ ဖြစ်ပြီး နန်းတွင်းကျောင်းတော်သားများက မျိုးဆက်သစ် ဖြစ်သည်။
ဤကျောင်းတော်သားများသာ အမြစ်ဖြတ် သုတ်သင်ခံလိုက်ရလျှင် ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံအနေဖြင့် သူပျိုးထောင်နေသည့် မျိုးဆက်သစ်အတွက် အားကိုးအားထားရာ အင်အားတစ်ရပ် ဆုံးရှုံးသွားပေလိမ့်မည်။
“ဒီတစ်ခေါက် ကျောင်းတော်သားတွေ ပြင်ပလောကကို ထွက်တဲ့ ကိစ္စက ဧကရာဇ်ရဲ့ အမိန့်ပဲ၊ ကြိုပြီးသိနိုင်မဲ့လူတွေက ကူလင်းနွမ်အပြင် ပထမအဆင့် နန်းတွင်းအရာရှိတွေပဲ ရှိမယ်…”
ချင်မူ၏ အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွား၏။ ပထမအဆင့် အင်အားကြီး အရာရှိများကြားတွင် သေချာပေါက် သစ္စာဖောက်သူ ရှိနေချေပြီ။
သူ့အနေဖြင့် မဟာတောင်တော်ဂိုဏ်းမှ ဂိုဏ်းသားများ မိစ္ဆာနတ်ဘုရားဆင့်ခေါ်သည်ကို ဆက်လက် ကြည့်ရှုလိုသေးသော်လည်း ထိုသို့ မိစ္ဆာနတ်ဘုရား ဆင့်ခေါ်ပြီးသည်အထိ စောင့်နေပါက သူတို့အားလုံး၏ သေနေ့စေ့ပေလိမ့်မည်။
ချင်မူ တိတ်တဆိတ် ပြန်လာပြီး ချန်ဝမ်ယွင်နှင့် ကျန်သူများကို သူမြင်တွေ့ခဲ့ရသည်များ ပြောပြလိုက်၏။ “ကောင်းကင်နတ်သိုင်းပညာရှင် ဆယ့်သုံးယောက်၊ သူတို့ရဲ့ အစွမ်းအစက မသေးဘူး… သူတို့သာ မိစ္ဆာနတ်ဘုရားကို ဆင့်ခေါ်နိုင်ခဲ့ရင် ငါတို့အားလုံး လွတ်မှာ မဟုတ်ဘူး… မိစ္ဆာနတ်ဘုရားကို မဆင့်ခေါ်နိုင်ခင် သူတို့ကို အပြတ်ရှင်းပြီး ယဇ်ပလ္လင်ကို ဖျက်ဆီးပစ်ရမယ်… သူတို့ကို သတ်ဖို့ ဘယ်သူ ငါ့နောက် လိုက်ရဲလဲ…”
“ကောင်းကင်နတ်သိုင်း ပညာရှင်တွေကို သတ်မယ် ဟုတ်လား…”
ယွင်ချွယ်နှင့် ယွဲ့ချင်းဟုန်တို့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။ “ဆယ့်သုံးယောက်တောင်လား…”
ချင်မူက သူတို့ကို လှည့်ကြည့်လိုက်၏။ “မင်းတို့ မလိုက်ရဲဘူးလား…”
ယွင်ချွယ်က တီးတိုးရေရွတ်လိုက်သည်။ “နည်းနည်းတော့ ကြောက်တယ်… သူတို့က ကောင်းကင်နတ်သိုင်းပညာရှင်တွေ၊ ပြီးတော့ ဆယ့်သုံးယောက်တောင်…”
ချင်မူ တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “အခုအချိန် သူတို့ကို မသတ်ရင် မိစ္ဆာနတ်ဘုရား ဆင့်ခေါ်ပြီးတဲ့အခါကျ ငါတို့ သေရုံတင်မကဘူး၊ လီကျိုးပြည်နယ်တစ်ခုလုံးပါ ပျက်စီးသွားလိမ့်မယ်…”
ချန်ဝမ်ယွင်က သူ့ဖာသာ ချီတုံချတုံ ရေရွတ်ရင်း မေးလိုက်သည်။ “မဟာတောင်တော်ဂိုဏ်းက မှော်ဂိုဏ်းလား…”
စစ်ယွင်ရှန်းက သူ့နောက်ကျောမှ ဓားအိမ်ကို တင်းအောင် ဆွဲတင်၍ ပြောလိုက်၏။ “ကျွန်မရဲ့ အကြီးအကဲတွေ ပြောတာ ကြားဖူးတာတော့ မဟာတောင်တော်ဂိုဏ်းက ဝိညာဉ်နဲ့ ပတ်သက်တဲ့ မှော်ပညာတွေ လေ့ကျင့်တဲ့ မှော်ဂိုဏ်းတဲ့၊ သူတို့က ဓားသိုင်းနဲ့ သိုင်းကွက်အသားပေး ပညာရပ်တွေမှာ မကျွမ်းကျင်ဘူး… ဧကရာဇ်အတိုင်ပင်ခံ မဟာတောင်တော်ဂိုဏ်းကို သုတ်သင်ရှင်းလင်းတုန်းက ဓားသိုင်းလေ့ကျင့်တဲ့ ကောင်းကင်နတ်သိုင်း ပညာရှင်တွေခေါ်ပြီး ရှင်းလင်းခဲ့တာ… မဟာတောင်တော်ဂိုဏ်း ပျက်စီးသွားပြီးနောက်ပိုင်း ထွက်ပြေးလွတ်မြောက်သွားတဲ့ ဂိုဏ်းသားတွေက သူတို့ဂိုဏ်းရဲ့ မှော်ပညာအစစ်အမှန်ကို သင်ယူခွင့်ရမှာ မဟုတ်သလို သိုင်းကွက်အသားပေး ပညာရပ်တွေနဲ့ ဓားသိုင်းမှာလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်မှာ မဟုတ်ဘူး…”
ချင်မူက ပြောလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံက ဓားသိုင်းသုံးပြီး သတ်ခဲ့ပေမဲ့ ငါတို့က ဓားသိုင်း မသုံးဘူး၊ သိုင်းကွက်အသားပေး ပညာရပ်တွေပဲ သုံးမယ်… ဓားသိုင်းသုံးရင် သူတို့ရဲ့ မှော်သိုင်းကို နိုင်မှာ မဟုတ်ဘူး… အနီးကပ်တိုက်ပွဲဆိုရင်တော့ သူတို့ မှော်သိုင်း ထုတ်မသုံးနိုင်ခင် အသေသတ်ပစ်လို့ ရတယ်… ဝမ်ယွင်၊ ယွင်ချွယ်၊ ချင်းဟုန်… မင်းတို့ရဲ့ သိုင်းကွက်အသားပေး ပညာတွေကို ငါ မြင်ဖူးတာ ပေါ့သေးသေးမှ မဟုတ်ပဲ… မင်းတို့ သူတို့နဲ့ ရင်ဆိုင်တိုက်ရဲလား…”
ချန်ဝမ်ယွင်က တည်ကြည်လေးနက်စွာ ပြန်ဖြေလိုက်၏။ “မင်းတိုက်ရဲရင် ငါလည်း တိုက်ရဲတာပေါ့…”
ချင်မူက စစ်ယွင်ရှန်းကို ကြည့်လိုက်သည်။ စစ်ယွင်ရှန်က ခေါင်းငုံ့၍ ဖြေလိုက်၏။ “ယွင်ရှန်း တော်ဝင်ကျောင်းတော်သား ဦးဆောင်ရာကို လိုက်ပါ့မယ်...”
ထို့နောက် ချင်မူ ယွဲ့ချင်းဟုန်ကို ကြည့်လိုက်သည်။ ယွဲ့ချင်းဟုန်၏ မျက်ဝန်းများက စိတ်လှုပ်ရှားမှုကို ဖုံးမရ ဖိမရစွာ အရောင်တဖျတ်ဖျတ် လက်နေ၏။ “ဒီလို အခြေအနေမျိုး တစ်ခါမှ မကြုံဖူးဘူး… ဘယ်လိုလုပ် လက်ရှောင်နေရမှာလဲ… ဝံပုလွေကျွန်၊ အသင့်ပြင်ထား…”
ချင်မူ၏ အကြည့် ယွင်ချွယ်ကိုယ်တော်အပေါ် ကျရောက်လာသောအခါ သူ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီး အံတင်းတင်းကြိတ်လိုက်သည်။ “ငါမှ ငရဲတွင်းထဲ မဝင်ရင် ဘယ်သူဝင်တော့မှာလဲ… ငါလည်း လိုက်မယ်…”
ချင်မူက ပြောလိုက်၏။ “ငါအရင်ဝင်ပြီး မင်းတို့အတွက် လမ်းရှင်းသွားမယ်… မင်းတို့က ငါ့နောက် ကပ်လိုက်လာပြီး အနီးကပ်တိုက်ကွက် ဆင်ရမယ်… မြန်နိုင်သမျှ အမြန်ဆုံးတိုက်၊ အချိန်ကြာလို့ မရဘူး… ယဇ်ပလ္လင်က ဆယ်သုံးကိုက်ပတ်လည် ရှိတယ်၊ ဒီလို နေရာကျဉ်းကျဉ်းမှာ မင်းတို့ ဘယ်သိုင်းကွက်သုံးမလဲဆိုတာ တစ်ခါတည်း စဉ်းစားပြီး စိတ်ထဲမှာ အကြိမ်ကြိမ် လေ့ကျင့်ထား…”
ယွဲ့ချင်းဟုန်က စိတ်လှုပ်ရှားလွန်းသဖြင့် လက်များတုန်ရီလာပြီး ပြုံးလိုက်သည်။ “နင့်နောက်လိုက်ရတာ မဆိုးဘူးပဲ… ပထမဆုံးတိုက်ပွဲတင် စိတ်လှုပ်ရှားစရာကောင်းနေပြီ… ငါ မစောင့်နိုင်တော့ဘူး…”
ချင်မူက ခန္ဓာကိုယ်ကို ငုံ့ကိုင်း၍ ရှေ့မှ ထွက်သွား၏။ ချန်ဝမ်ယွင်နှင့် ကျန်သူများက သူ့နောက်မှ လိုက်လာပြီး တောင်ကြားလွင်ပြင်သို့ ရောက်လာသည်။ မိစ္ဆာနတ်ဘုရားရုပ်တု၏ ကိုယ်ပေါ်မှ မှော်သင်္ကေတများက အားလုံးလင်းလုနီးပါး ဖြစ်နေကြောင်း တွေ့ရ၏။ တာအိုရသေ့ ဆယ့်သုံးပါးက သူတို့၏ အဆောင်ရတနာများကို ထိန်းချုပ်၍ ယဇ်ပလ္လင်ပတ်လည်တွင် လှည့်လည်နေကြဆဲ ရှိသည်။ သူတို့၏ နှုတ်ဖျားမှ မှော်အစီအရင် ရွတ်ဖတ်သံများက ရှေးဟောင်းဘာသာစကား တစ်ခုကဲ့သို့ အဆက်မပြတ် ထွက်ပေါ်နေ၏။
ချင်မူ၏ ရင်ထဲတွင် ဒိတ်ခနဲ ခုန်သွားပြီး ခေါင်းထဲတွင် ဆောင့်တက်လာသည့် တစ်မဟုတ်ချင်း ပြေးထွက် ဖျက်ဆီးပစ်ချင်စိတ်များကို ချုပ်တည်းလိုက်ရသည်။ သူ ခပ်တိုးတိုး ညွှန်ကြားလိုက်၏။ “မြေပြင်အနေအထားကို လေ့လာထား၊ မင်းတို့ လေ့လာပြီးတာနဲ့ စလှုပ်ရှားမယ်… လင်းအာ၊ နဂါးချီလင်ကို ခေါ်ပြီး တခြားဘက်ကိုသွား၊ ပြီးတာနဲ့ အသံတစ်ခုခု ပေးပြီး သူတို့အာရုံပြောင်းအောင် လုပ်လိုက်…”
ဟူလင်းအာက နဂါးချီလင်ကို ခေါ်၍ ယဇ်ပလ္လင်တစ်ဘက်သို့ ကွေ့ပတ်သွားသည်။
တစ်ခဏကြာသောအခါ ယွဲ့ချင်းဟုန်က ခပ်တိုးတိုး ပြောလိုက်၏။ “လေ့လာလို့ ပြီးပြီ…”
ချင်မူ လက်ဝှေ့ယမ်းပြလိုက်သောအခါ ဟူလင်းအာက ချုံပုတ်ကြားမှ တစ်မုဟုတ်ချင်း ခုန်ချထွက်ပြေးသွားသည်။ နဂါးချီလင်က သူ့နောက်မှ ဟိန်းဟောက် ပြေးလိုက်သွား၏။
ယဇ်ပလ္လင်ပေါ်မှ တာအိုရသေ့ဆယ့်သုံးပါးမှာ အံ့အားသင့်သွားသော်လည်း မြေခွေးလေးနှင့် နဂါးချီလင်ကို မြင်သောအခါ တာအိုရသေ့တစ်ပါးက ပြုံးလိုက်သည်။ “ခြင်္သေ့တစ်ကောင် သားကောင်လိုက်ဖမ်းနေတာပါ…”
သူ့စကားမဆုံးမီမှာပင် ဓားမရောင်တစ်ချက် လက်သွားသည်ကို မြင်လိုက်ရ၏။ ချင်မူက တစ်ဖက်တစ်ချက်တွင် ဓားမတစ်လက်စီ ကိုင်ထားပြီး ယဇ်ပလ္လင်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ့လက်ကို မြှောက်လိုက်သောအခါ ခေါင်းပြတ်တစ်လုံး လိမ့်ဆင်းသွား၏။
သိုင်းကွက်အသားပေး ပညာရပ်၊ တိမ်တိုက်အားလုံးတွင် ငွေရောင်အနားသတ် ရှိသည်…။