← Chapters

မိစ္ဆာနတ်ဆိုးဆင့်ခေါ်ခြင်း

Vol. 14 Ch. 185

မိစ္ဆာနတ်ဆိုးဆင့်ခေါ်ခြင်း

Vol. 14 Ch. 185

များစွာ ကျယ်ဝန်းခြင်း မရှိသော ယဇ်ပလ္လင်ပေါ်တွင် အလျားလိုက်နှင့် ဒေါင်လိုက် ဓားမရောင် နှစ်ချက် လင်းလက်သွား၏။ အလျားလိုက် ဓားမရောင်က ထိုတာအိုရသေ့ကို ခေါင်းဖြတ်သွားပြီး ဒေါင်လိုက် ဓားမရောင်က အခြား တာအိုရသေ့မတစ်ဦး၏ ခေါင်းကို နှစ်ခြမ်းခွဲလိုက်သည်။

ထိုတာအိုရသေ့မက အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်း ပညာရှင်တစ်ယောက် ဖြစ်ပြီး သိုင်းကွက်အသားပေး ပညာရပ်များကို လေ့ကျင့်ဖူးခြင်း မရှိသော်လည်း သူ၏ နဖူးထက်တွင် ရွှေကြိုးတစ်ခု ဆွဲထား၏။ ထိုရွှေကြိုး၏ အလယ်တွင် ကျောက်မျက်ရတနာတစ်ခု ရှိပြီး ထိုရတနာမှ အလင်းတန်းများ ပြိုးပြိုးပြက်ပြက် ထွက်ပေါ်လာကာ ချင်မူ၏ ဓားမခုတ်ချက်ကို ပိတ်ဆို့တားဆီးလိုက်သည်။

ချင်မူက သူ၏ ဓားမကို ပြန်ဆွဲယူလိုက်ရာ ရသေ့မ၏ နဖူးမှ သွေးများ ဖြာဆင်းလာ၏။ ရသေ့မ၏ ချီစွမ်းအင်က တစ်မုဟုတ်ချင်း ပေါက်ကွဲထွက်ပေါ်လာပြီး လက်ထဲရှိ မြင်းမြီးယပ်က ပွင့်ဖတ်များ မရေမတွက်နိုင်အောင် ရှိသည့် ပန်းတစ်ပွင့်ကဲ့သို့ စွင့်ကားမြင့်တက်လာသည်။ မြင်းမြီးယပ်မှ အမျှင်ပေါင်း ထောင်ချီက ချင်မူ့ကို ထိုးစိုက်လိုက်၏။

ရသေ့မ၏ တိုက်ခိုက်မှုများ စတင် ထုတ်ဖော်လိုက်သည့်အချိန်တွင်ပင် မရေမတွက်နိုင်သော ဓားရောင်များက သူ့ကို လွှမ်းခြုံသွားသည်။

မုန်တိုင်းထန်မြို့ပြများ၏ သန်းခေါင်ယံတိုက်ပွဲ…။

ချင်မူ၏ ခြေလှမ်းများ ရွေ့လျား၍ သူ့ထံ ထိုးစိုက်လာသော မြင်းမြီးယပ်ကို ရှောင်တိမ်းကာ မြေပေါ်သို့ ပြိုလဲခြင်းမရှိသေးသော ရသေ့မ၏ ရုပ်အလောင်းနောက် ရောက်သွား၏။ ထိုရသေ့မ၏ နောက်တွင် တာအိုရသေ့တစ်ပါး ရှိနေသည်။

ထိုရသေ့က သတိဝင်လာပြီး သူ့ခါးရှိ အိတ်ထဲမှ အဝါရောင် အဆောင်စာရွက်များ ထုတ်ယူလိုက်၏။ သို့သော်လည်း ဤအခိုက်အတန့်လေး၌ ချင်မူက ဓားမများကို လွှင့်ပစ်ပြီး လက်ချောင်းများကို ပူး၍ ထိုးစိုက်လိုက်သည်။ သူ့လက်ချောင်းထိပ်မှ ချီစွမ်းအင်က အလွန်တရာ ထက်ရှသော ဓားရောင်များအဖြစ် ပြောင်းလဲ၍ ထိုတာအိုရသေ့၏ မျက်ခုံးနှစ်ခုအလယ်သို့ ထိုးစိုက်သွား၏။

ချင်မူ၏နောက်မှ နဂါးတစ်ကောင်နှင့် ဆင်တစ်ကောင် ကောင်းကင်ယံသို့ ထိုးတက်လာသည်။ ယွင်ချွယ်က နဂါးကို ကိုယ်တွင်ရစ်ပတ်စေ၍ ဆင်ပေါ်နင်းတက်ပြီး တာအိုရသေ့မတစ်ပါးကို သတ်ဖြတ်လိုက်၏။ ဘုန်းခနဲ အသံကြီး ထွက်ပေါ်လာပြီး ထိုတာအိုရသေ့မမှာ မိစ္ဆာနတ်ဘုရားရုပ်တုပေါ်သို့ ပစ်ကျသွားသည်။

ရသေ့မက သွေးများ အန်ထုတ်၍ ချီစွမ်းအင် ဖောက်ခွဲထုတ်ဖော်ပြီး ယွင်ချွယ့်ကို အဝေးသို့ ရိုက်ထုတ်ပစ်၏။ သူ ယွင်ချွယ့်ကို သတ်ရန် ပြင်လိုက်စဉ်မှာပင် ဓားရောင်တစ်ချက် လက်သွားပြီး ထိုဓားရောင်က သူ့လည်ပင်းကို ရစ်ဆွဲကာ ချွင်ခနဲအသံ ခပ်တိုးတိုး ထွက်ပေါ်လာသည်။

ဤတာအိုရသေ့မ၏ ချီစွမ်းအင်က လွန်စွာ သိပ်သည်းနက်ရှိုင်းလှသဖြင့် ထိုဓားချက်ကို ချီစွမ်းအင်ဖြင့် ပိတ်ဆို့ကာကွယ်လိုက်ခြင်း ဖြစ်၏။ သို့သော်လည်း နောက်တစ်ခဏ၌ ချန်ဝမ်ယွင်က သူ့ဘေးနားတွင် ဖျတ်ခနဲ ပေါ်လာပြီး ဓားလက်ကိုင်ရိုးကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် အားကုန်သုံး၍ ထိုရသေ့မကို မိစ္ဆာနတ်ဘုရားရုပ်တုပေါ်သို့ ဖိတွန်းပြီး သူ့ဓားကို ဆွဲထုတ်လိုက်ရာ သွေးရောင်များ ဖြာထွက်သွား၏။

ဝံပုလွေကျွန်၏ ခန္ဓာကိုယ်က ရိပ်ခနဲ ပေါ်ထွက်လာပြီး မိစ္ဆာနတ်ဘုရားရုပ်တု၏ ခေါင်းပေါ်သို့ ခုန်တက်သွားသည်။ သူ၏ မိစ္ဆာဓားကွေးနှစ်လက်က မှန်းဆ၍ မရအောင် ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေပြီး အောက်ဘက်သို့ အုပ်မိုးခုတ်ပိုင်းချလိုက်၏။ ထိုအချိန်တွင် ယွဲ့ချင်းဟုန်က ဝံပုလွေကျွန်၏ ပခုံးပေါ်တွင် ရပ်နေရာမှ ဓားအိမ်ထဲရှိ ဓားပျံများကို ပစ်လွှတ်၍ လွန်သွားဓားချက်အဖြစ် ပြောင်းလဲပြီး အောက်ဘက်မှ တာအိုရသေ့တစ်ပါးကို ထိုးစိုက်လိုက်သည်။

ထိုတာအိုရသေ့က ယဇ်ပလ္လင်ပေါ်တွင် ထိုးစိုက်ထားသော အလံဖြူတစ်လက်ကို ဆွဲနုတ်၍ လက်ပြောင်းပြန် အနေအထားဖြင့် ကိုင်လိုက်၏။ အလံဖြူက တဆတ်ဆတ် တုန်ခါ၍ အလံပေါ်မှ မှော်သင်္ကေတများ လင်းလက်လာပြီး ထူးဆန်းသည့် အနီရောင်မြွေများကဲ့သို့ လေထဲတွင် ကူးခတ်ကာ မိစ္ဆာဓားကွေးနှစ်လက်ကို ပိတ်ဆို့တားဆီးလိုက်သည်။ ထိုအခိုက်၌ ယွဲ့ချင်းဟုန်၏ လွန်သွားဓားချက်က အလံဖြူကို ထိုးဖောက်၍ ရသေ့၏ မျက်ခုံးနှစ်ခုအလယ်သို့ တိုးဝင်သွား၏။

တစ်ချိန်တည်းမှာပင် စစ်ယွင်ရှန်းက တစ္ဆေတစ်ကောင်ကဲ့သို့ ရိပ်ခနဲ ခုန်ဝင်လာပြီး ထူးဆန်းသည့် လက်ဟန်မုဒြာတစ်မျိုးကို အဆက်မပြတ် ရိုက်ချလိုက်ရာ အခြား တာအိုရသေ့မတစ်ဦးမှာ အရိုးများ ကျိုးကြေ၍ သေဆုံးသွားသည်။

ဤသည်ကို မြင်သောအခါ ချန်ဝမ်ယွင်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွား၏။ “ညီမလေးစစ်က သူ့အစွမ်းအစကို ဖုံးကွယ်ထားတာပဲ၊ သူ့ကျင့်စဉ်စွမ်းအင်က အတော်လေး မြင့်တယ်…”

သူက အခြားတာအိုရသေ့ တစ်ပါးထံခုန်ဝင်သွားသည်။ ထိုတာအိုရသေ့က ရုတ်တရက် ယဇ်ပလ္လင်ပေါ်မှ ခုန်ချ၍ ထွက်ပြေးသွား၏။ သူ့နောက်ဘက်တွင် အဝါရောင် အဆောင်စာရွက်များ ပျံဝဲထွက်ပေါ်၍ ယဇ်ပလ္လင်ဆီသို့ တိုးဝင်လာသည်။

ချန်ဝမ်ယွင်က ကမန်းကတန်း ပြေးလိုက်ရန် ဟန်ပြင်လိုက်သော်လည်း အဝါရောင် အဆောင်စာရွက်များက တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားသဖြင့် အဆက်မပြတ် နောက်ဆုတ်လိုက်ရ၏။

အခြားတစ်ဘက်တွင် ယွင်ချွယ်က ထိုတာအိုရသေ့ကို တားဆီးရန် အပြေးသွား၍ ကြီးမြတ်သည့်အားအင် ငါးဆင့်မုဒြာကို ထုတ်သုံးကာ တိုက်ခိုက်လိုက်သည်။

တာအိုရသေ့က လှောင်ပြုံးပြုံး၍ သူ၏ လက်ငါးချောင်းကို ဖြန့်ကားလိုက်၏။ သူ့လက်ဖဝါးအလယ်မှ မိုးကြိုးလျှပ်စီးများ တဂျိန်းဂျိန်း ထွက်ပေါ်လာပြီး ယွင်ချွယ်၏ စိတ်ဝိညာဉ်ကို လှုပ်နှဲ့လိုက်သည်။

ထိုရသေ့မှာ စိတ်အေးသွားပြီး ခပ်တင်းတင်း အော်ဟစ်လိုက်၏။ “အရပ်ခြောက်မျက်နှာအဆင့်တောင် မရောက်သေးတဲ့ ကောင်လေးတွေကများ…”

စကားမဆုံးမီမှာပင် နှလုံးသားနေရာတည့်တည့် နောက်ကျောဘက်မှ အေးစိမ့်စိမ့် ခံစားရသဖြင့် ခေါင်းငုံ့ကြည့်ရာ သူ့ရင်ဘတ်တွင် ဓားတစ်ချောင်း ထိုးစိုက်နေသည်ကို တွေ့လိုက်ရ၏။ ထိုဓားပိုင်ရှင်က သူ့နောက်သို့ မည်သည့်အချိန်တွင် ချဉ်းကပ်ဝင်ရောက်လာသည်မှန်း မသိလိုက်ချေ။

ချင်မူက သူ့ဓားကို ဆွဲထုတ်လိုက်သည်။ တာအိုရသေ့က အက်ကွဲကွဲ ရေရွတ်လိုက်၏။ “သိပ်ကောင်းတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု…” သူ့စကား အဆုံးတွင် မြေပေါ်သို့ ပြိုလဲကျ၍ အသက်ရှူရပ်သွားသည်။

ချင်မူ သူ့ဓားကို ဓားအိမ်ထဲသို့ ထည့်လိုက်၏။ ယဇ်ပလ္လင်ပေါ်တွင် ယွဲ့ချင်းဟုန်၊ ဝံပုလွေကျွန်နှင့် စစ်ယွင်ရှန်းတို့က အခြားတာအိုရသေ့တစ်ပါးကို သတ်ဖြတ်နေဆဲ ရှိသည်။

အားလုံးရှင်းလင်းပြီး၍ ယဇ်ပလ္လင်ကို တစ်ပတ်ပတ်ကြည့်သောအခါ မိစ္ဆာနတ်ဘုရားရုပ်တု၏ ပတ်ပတ်လည်တွင် အလောင်းကောင်များ ပြန့်ကြဲနေသည်ကို တွေ့ရ၏။

အချို့တာအိုရသေ့များက ကြမ်းပြင်ပေါ်သို့ လဲပြိုခြင်း မရှိဘဲ မိစ္ဆာနတ်ဘုရားရုပ်တုနှင့် တွဲဖောက်ထိုးစိုက်နေသည်။ အချို့တာအိုရသေ့များက အလံဖြူတိုင်တွင် တန်းလန်းချိတ်နေပြီး အချို့မှာ ပြည်ပုပ်များအဖြစ် အရည်ပျော်သွား၏။ အချို့မှာတော့ ဦးခေါင်းများ ကွဲကြေအောင် ထုနှက်ခံထားရပြီး ပုံစံအမျိုးမျိုးဖြင့် သေဆုံးနေသည်။

သူတို့၏ ရင်ထဲတွင် တုန်ခါသွားပြီး စစ်ယွင်ရှန်းက အလောင်းကောင်များကို အလေးအနက် အမူအရာဖြင့် ကြည့်ရှုစစ်ဆေးလိုက်၏။

ဤအလောင်းကောင်များက ချင်မူ၏ ရက်ရက်စက်စက် တိုက်ခိုက်ခံရပြီး သူတို့၏ ကောင်းကင်နတ်သိုင်းများ ထုတ်သုံးနိုင်ခြင်း မရှိမီ သေဆုံးသွားကြခြင်း ဖြစ်သည်။

“အကုန်လုံး တစ်ကွက်တည်းနဲ့ သေသွားကြတာပဲ…” စစ်ယွင်ရှန်း စိတ်ထဲမှ တီးတိုးရေရွတ်၍ ချင်မူကို မျက်လုံးလှန်ကြည့်လိုက်၏။

ကောင်းကင်နတ်သိုင်း ပညာရှင် ဆယ့်သုံးယောက်…။ သူတို့၏ သိုင်းကွက်အသားပေး ပညာရပ်များက နိမ့်ကျသည့်တိုင် ကောင်းကင်နတ်သိုင်းပညာရှင်များက ကောင်းကင်နတ်သိုင်းပညာရှင်များသာ ဖြစ်သည်။ မှော်လမ်းစဉ်မှ အဆင့်မြင့်ပညာရှင်များအနေဖြင့် သိုင်းကွက်အသားပေးလမ်းစဉ်မှ အဆင့်မြင့်ပညာရှင်များကို အနားအကပ်ခံလိုက်လျှင် သေဖို့ရန်သာ ရှိသည်ဟု ပြောဆိုကြသော်လည်း ထိုသည်က စကားသက်သက်သာ ဖြစ်၏။

ကျင့်စဉ်အဆင့်ချင်း ကွာခြားနေလျှင် သိုင်းကွက်အသားပေး ပညာရပ်များက တစ်ဘက်ရန်သူ၏ အကာအကွယ် ကောင်းကင်နတ်သိုင်းကို ထိုးဖောက်နိုင်လိမ့်မည် မဟုတ်ပေ။

သူတို့အနေဖြင့် ရန်သူများကို အငိုက်ဖမ်း တိုက်ခိုက်နိုင်ခဲ့သည် မှန်သော်လည်း ချင်မူ၏ တိုက်ခိုက်ရေးစွမ်းရည်က အလွန်တရာ မြင့်မားပြီး လှုပ်ရှားမှုကလည်း မြန်ဆန်လွန်းလှ၏။

ချင်မူက အိမ်ရှေ့စံကိုယ်ရံတော်ဓားပေါ်မှ သွေးစက်များကို ခါထုတ်လိုက်သည်။ ထို့နောက် ဓားအိမ်ထဲသို့ ပြန်ထည့်ရင်း ပြောလိုက်၏။ “ခြေရာလက်ရာတွေ ရှင်းပြီး မိစ္ဆာနတ်ဘုရားရုပ်တုကို ဖျက်ဆီးပစ်လိုက်…”

ထိုသို့ သူပြောလိုက်သည့် အချိန်တွင်ပင် မလှမ်းမကမ်းမှ ဘုန်းခနဲ အသံကြီး ရုတ်တရက် ထွက်ပေါ်လာသည်။ သွေးရောင်အလင်းတန်းတစ်ခု အနက်ရောင်အခိုးအငွေ့များကြားမှ တောက်ပလင်းလက်လာပြီး ပိန်းပိတ်မှောင်သော မြူခိုးငွေ့များ သွေးနီရောင် စွန်းထင်းသွား၏။

ထိုသွေးနီရောင်အလင်းတန်းက ကိုက်သုံးရာကျော်အထိ မြင့်တက်လာပြီး တောင်ကြားလွင်ပြင်တွင် ရှိနေသော သူတို့ပင် ရှင်းရှင်းလင်းလင်း လှမ်းမြင်ရသည်။

အခြားကမ္ဘာတစ်ခုဆီမှ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ရပ် တရှိန်ရှိန် တိုးဝင်လာပြီး သွေးနီရောင်အလင်းတန်း ပေါ်ထွက်လာရာဆီသို့ ဝင်ရောက်သွား၏။

ထို့နောက်တွင် မိုးခြိမ်းသံ ဂျိုးဂျိုးဂျိမ့်ဂျိမ့် ထွက်ပေါ်လာပြီး သွေးနီရောင်အလင်းတန်း၏ ပတ်ဝန်းကျင် တစ်ခွင်၌ လျှပ်စီးတန်းများ တဝုန်းဝုန်း ကျရောက် ပေါက်ကွဲနေသည်။ ၎င်းတို့မှာ ကြောက်မက်ဖွယ်ရာစွမ်းအင်၏ ဖိအားကြောင့် ဟင်းလင်းပြင်နယ်ပယ်မှ ပေါက်ကွဲထွက်ပေါ်လာသော လျှပ်စီးတန်းများ ဖြစ်၏။ ချင်းနင်းဝင်ရောက်လာသော စွမ်းအားက ကြီးမားလွန်းသည့်အခါ တုန်ခါမှုအားလှိုင်းများက ဟင်းလင်းပြင်နယ်ပယ်ကို ဖိသိပ်ပြီး မတည်မငြိမ် ဖြစ်သွားစေနိုင်သည်။

ဟင်းလင်းပြင်နယ်ပယ် မတည်မငြိမ် ဖြစ်သည့်အခါ ထိုဟင်းလင်းပြင်အာကာသထဲ၌ ပုန်းကွယ်နေသော လျှပ်စီးတန်းများ ပေါက်ကွဲထွက်ပေါ်လာ၏။

သွေးနီရောင်အလင်းတန်းနှင့် လျှပ်စီးတန်းများ ထွက်ပေါ်လာသည့် နေရာမှ အလွန်တရာ ကြီးမားသော ခန္ဓာကိုယ်ကြီးတစ်ခု တဖြည်းဖြည်း ထရပ်လာသည်။ သူတို့အားလုံး ကျောက်ရုပ်သဖွယ် ဖြစ်သွား၏။ ထိုအရာက ခေါင်းထက်တွင် ဦးချိုပါပြီး လက်လေးဖက်၊ ခြေလေးဖက်ရှိသော မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်သည်။ ရုပ်တုတစ်ခုသာ ဖြစ်သော်လည်း မိစ္ဆာနတ်ဘုရားတစ်ပါး ကိုယ်တိုင်ကိုယ်ကျ ဤကမ္ဘာလောကသို့ သက်ဆင်းလာသည့်နှယ် ကြီးမားသော မီးတောက်မီးလျှံများ လွှမ်းခြုံရစ်သိုင်းလျက် ရှိ၏။

ဤမိစ္ဆာနတ်ဘုရားက လုတောင်ထက်ပင် မြင့်မားပြီး ၎င်း၏ ခန္ဓာကိုယ်မှ မီးခိုးငွေ့များ တလူလူ ထွက်နေသည်။ ထိုမီးခိုးငွေ့များကြားတွင် မီးတောက်မီးလျှံများနှင့် လျှပ်စီးတန်းများ လက်လက်ထနေ၏။ ထိုအချိန်တွင် သွေးနီရောင်အလင်းတန်းက ကောင်းကင်ယံသို့ ထိုးတက်၍ မိစ္ဆာနတ်ဘုရား၏ ဦးခေါင်းထက်သို့ ရောက်ရှိသွားသည်။

“မဟာတောင်တော်ဂိုဏ်းက မိစ္ဆာနတ်ဘုရား ဆင့်ခေါ်တဲ့ တခြားနေရာတစ်ခု ရှိသေးတာပဲ…”

ချင်မူ၏ ခြေလက်များ အေးခဲသွား၏။ အခြားတစ်ဘက်ရှိ မဟာတောင်တော်ဂိုဏ်းမှ ကောင်းကင်နတ်သိုင်းပညာရှင်များက မိစ္ဆာနတ်ဘုရားဆင့်ခေါ်ခြင်း အစီအရင် အောင်မြင်သွားချေပြီ။

ထိုမိစ္ဆာနတ်ဘုရား၏ အကြည့်က လျှပ်စီးတန်းများ ရောနှောယှက်နွှယ်နေသကဲ့သို့ ရှိသည်။ သူ့အကြည့် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် သစ်ပင်များ၊ ကျောက်တုံးများ ပြာပုံဘဝ ရောက်သွား၏။

ချင်မူ လေပူတစ်ချက် မှုတ်ထုတ်၍ ခပ်တိုးတိုး ပြောလိုက်သည်။ “အဝတ်တွေချွတ်…”

အားလုံး မှင်တက်မိသွားပြီး ယွင်ချွယ်ကိုယ်တော်က တီးတိုးရေရွတ်လိုက်၏။ “ငါ ထပ်ပြီး အဝတ်ချွတ်ရဦးမှာလား…”

စစ်ယွင်ရှန်းက ချင်မူဆိုလိုသည်ကို သဘောပေါက်ပြီး မြေပြင်ပေါ်ရှိ အလောင်းကောင်များ၏ အဝတ်အစားများကို တစ်မုဟုတ်ချင်း ချွတ်ယူလိုက်သည်။ အခြားသူများလည်း သဘောပေါက်သွားပြီး မဟာတောင်တော်ဂိုဏ်းမှ ကောင်းကင်နတ်သိုင်းပညာရှင်များ၏ အဝတ်အစားများကို အလျင်အမြန် ချွတ်ယူလိုက်ကြ၏။

ချင်မူလည်း မဟာတောင်တော်ဂိုဏ်းသားဝတ်စုံကို ဝတ်ဆင်ပြီး တီးတိုးညွှန်ကြားလိုက်သည်။ “အဲဒီအလံဖြူတွေ နုတ်ယူပြီး အဆောင်ရတနာတွေကို ကောက်သိမ်းထားကြ…”

ချန်ဝမ်ယွင်နှင့် ကျန်သူများက အလံဖြူများ နုတ်ယူပြီး အဆောင်ရတနာများ ကောက်သိမ်းလိုက်ကြ၏။ သူတို့အားလုံး အသင့်ဖြစ်သည့်အချိန်တွင် မိစ္ဆာနတ်ဘုရားက မြစ်ပြင်ဘက်သို့ ဟိန်းဟောက်အော်ဟစ်လိုက်သဖြင့် မာန်ဟုန်မြစ်မှ လှိုင်းလုံးများ ကောင်းကင်ယံထိ ထိုးတက်သွားသည်ကို မြင်လိုက်ကြရ၏။

အားလုံး၏ အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားပြီး နဂါးချီလင်လည်း အပြေးရောက်လာသည်။ ချင်မူက အလျင်အမြန် ပြောလိုက်၏။ “ဒီနေရာကနေ ငါတို့ ချက်ချင်းခွာမှ ရမယ်၊ ဒီနေရာက ငါတို့လို ဓာတ်ကြီးငါးပါးအဆင့် ကျောင်းတော်သားတွေအတွက် ဘေးမကင်းတော့ဘူး… မင်းတို့မှာ နန်းတွင်းကျောင်းတော်သား ဖြစ်ကြောင်း အထောက်အထား ပစ္စည်းတွေ ရှိလား… အကုန်လုံး ငါ့ကို ပေးထား…”

ယွင်ချွယ်က သူ၏ တံဆိပ်ပြားနှင့် စာအုပ်ငှားရမ်းခွင့် ကတ်ပြားကို ကမ်းပေးရင်း တီးတိုးရေရွတ်လိုက်သည်။ “ငါတို့ တောင်ဘက်နယ်စပ်ကို တကယ်သွားမှာလား၊ သေတွင်းထဲသွားသလို ဖြစ်မနေဘူးလား…”

ချင်မူက အားလုံး၏ တံဆိပ်ပြားများနှင့် စာအုပ်ငှားရမ်းခွင့် ကတ်ပြားများကို သူ၏ ထောင်ထျယ်အိတ်ထဲသို့ ထည့်၍ ပြောလိုက်၏။ “ငါတို့ တောင်ဘက်နယ်စပ်ကို ကွေ့ပတ်ပြီးသွားမယ်… ဒီတိုက်ပွဲကွင်းပြင်ကနေ ထွက်သွားပြီးရင် မြစ်ကို ဖြတ်ပြီး မြောက်ဘက်ကမ်းကို ကူးသွားရုံပဲ၊ အဲဒါဆို အန္တရာယ်ကင်းလောက်ပါပြီ…”

သူ လေပူတစ်ချက်မှုတ်ထုတ်ပြီး ထွက်ခွာရန် အမိန့်ပေးတော့မည် ပြင်လိုက်စဉ် မှော်သင်္ကေတများ ပြည့်စုံအောင် အသက်မသွင်းရသေးသော မိစ္ဆာနတ်ဘုရားရုပ်တုထံ အကြည့်ရောက်သွားသည်။ သူ့ရင်ထဲတွင် လှုပ်ရှားသွားပြီး ထိုရုပ်တုကို သယ်၍ နဂါးချီလင်၏ ကျောပေါ်တွင် ချည်နှောင်လိုက်၏။

“တောင်ဘက်ကို သွားစို့…”

အားလုံး သူ့နောက်မှ စိတ်လေးလေးနှင့် လိုက်လာပြီး တောင်ခြေမှ ကွေ့ပတ်၍ တောင်ဘက်အရပ်သို့ ဦးတည်သွားလိုက်ကြသည်။

သုံးလေးမိုင်ခန့် ခရီးနှင်ပြီးသောအခါ အနက်ရောင် အခိုးအငွေ့များ ဖုံးလွှမ်းနေသော နေရာမှ လွန်မြောက်လာ၏။ နောက်ထပ် သုံးလေးမိုင်ခန့် ဆက်လျှောက်အပြီးတွင် ချင်မူ နောက်လှည့်ကြည့်လိုက်မိသည်။ အနက်ရောင် မြူခိုးငွေ့များက အလွန်တရာ ကြီးမားသော အိုးကြီးတစ်လုံးကဲ့သို့ မာန်ဟုန်မြစ်ကမ်း နှစ်ဖက်စလုံးကို ဖုံးလွှမ်းထား၏။ ထိုမြူခိုးငွေ့များကြားထဲတွင် မိုးကြိုးလျှပ်စီးများ၊ ကောင်းကင်နတ်သိုင်း ပေါက်ကွဲမှုများကဲ့သို့ အလင်းရောင်များ တစ်ချက်ချက် ထွက်ပေါ်လာသည်။

အနက်ရောင်မြူခိုးငွေ့များ၏ အလယ်တွင်တော့ တမလွန်လောကနှင့် ဆက်သွယ်သည့် မုခ်ဦးတံခါးကြီးတစ်ခု ပွင့်ဟနေ၏။

“လီကျိုးပြည်နယ်မှာ ဘယ်လောက်များ အသက်ရှင်ကျန်နိုင်လောက်မလဲ…” ချင်မူ စိတ်ထဲမှ တွေးလိုက်မိသည်။

များစွာမကြာလိုက်ဘဲ ချင်မူ ခြေလှမ်းများ ရပ်တန့်လိုက်၏။ “ရှေ့မှာ တပ်ဖွဲ့…”

ယွင်ချွယ်က ဝမ်းသာသွားသည်။ “တပ်ဖွဲ့ ဟုတ်လား… ငါတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက တပ်ဖွဲ့လား…”

ချင်မူ ခေါင်းခါယမ်း၍ လက်ညှိုးညွှန်ပြလိုက်၏။ “သူပုန်တပ်ဖွဲ့…”

အားလုံး ရှေ့တူရူသို့ ကြည့်လိုက်သောအခါ ဒါဇင်ချီသော သင်္ဘောများ သူတို့ရှိရာဆီသို့ ပျံသန်းလာကြောင်း တွေ့ရသည်။ ထိုသင်္ဘောများက အလံတလူလူ လွှင့်ထူထားပြီး သင်္ဘောတစ်စီးစီ၏ ဘေးပတ်ပတ်လည်တွင် ဆန်းကြယ်သားရဲများ ပျံသန်းလိုက်ပါလာ၏။ ထိုဆန်းကြယ်သားရဲများက ပုံသဏ္ဌာန်အမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုးရှိပြီး မျိုးစိတ်ပေါင်းများစွာ ပါဝင်သည်။

ကောင်းကင်ယံတပ်ဖွဲ့၏ အောက်တွင်တော့ သာမန်သိုင်းပညာရှင်များ၊ ကောင်းကင်နတ်သိုင်းပညာရှင်များ ပါဝင်သည့် ခြေလျင်တပ် ဖြစ်၏။ ထိုစစ်သည်များကြားတွင် ကျောက်တုံးကြီးများ ချိတ်ဆွဲထားသည့် သားရဲကြီးများ ရှိသည်။ ထိုသားရဲကြီးများက ကိုက်ပေါင်းဒါဇင်ချီ မြင့်မားပြီး တောင်လုံးကြီးများ ရွေ့လျားလာသည်နှင့်ပင် တူ၏။ ၎င်းတို့ ခြေတစ်လှမ်း လှမ်းလိုက်တိုင်းတွင် မြေပြင်က သိမ့်သိမ့်ခါအောင် တုန်နေသည်။

ချင်မူတို့က လမ်းဘေးဘက်တွင် ရပ်၍ ဤတပ်ဖွဲ့ကြီး မာန်ဟုန်မြစ် တိုက်ပွဲကွင်းပြင်ဆီသို့ ဖြတ်သန်းပြီးသွားသည်အထိ စောင့်လိုက်၏။ သင်္ဘောတစ်စီးပေါ်တွင် မတ်တတ်ရပ်နေသော တပ်မှူးချုပ်တစ်ဦး၏ လျှပ်စီးတန်းကဲ့သို့ စူးရှလင်းလက်သော အကြည့်က ချင်မူတို့ထံ ရောက်လာပြီး ဘေးနားမှ တပ်မှူးတစ်ဦးကို မေးမြန်းလိုက်သည်။ “အဲလူတွေက ဘယ်သူတွေလဲ…”

သူ့ဘေးမှ တပ်မှူးက ချင်မူတို့ကို တစ်ချက်ကြည့်၍ ပြောလိုက်၏။ “သူတို့ကို ကြည့်ရတာ မဟာတောင်တော်ဂိုဏ်းသားတွေ ထင်တယ်… ကျွန်တော် သွားမေးလိုက်မယ်…”

ထိုတပ်မှူးက သင်္ဘောပေါ်မှ ခုန်ချလာသည်။ သူခြေချလိုက်သည့် နေရာတိုင်းတွင် ရွှေရောင် ကြာပန်းများ ပွင့်လာပြီး ထိုရွှေရောင်ကြာပန်းများကို နင်းလျှောက်၍ ချင်မူတို့ထံ ဦးတည်သွားလိုက်၏။ အားလုံးမှာ ကြုံတွေ့ရမည့်အရေးကို တွေး၍ ထိတ်လန့်ကြောက်ရွံ့သွားသည်။

ဤသည်က လေဟာနယ်ပေါ်တွင် နင်းလျှောက်နိုင်သော ခုနစ်စဉ်ကြယ်အဆင့် ထိပ်သီးပညာရှင်တစ်ယောက် ဖြစ်၏။ သူတို့ကို သတ်လိုလျှင် သဲမှုန်လေးတစ်ပွင့်ကို လေဖြင့် မှုတ်ထုတ်သည်ထက်ပင် လွယ်ပေလိမ့်မည်။

ထိုတပ်မှူးက နဂါးချီလင်၏ ကျောပေါ်မှ မိစ္ဆာနတ်ဘုရားရုပ်တုကို မြင်သောအခါ အေးစက်စက် မေးလိုက်သည်။ “မဟာတောင်တော်ဂိုဏ်းသားတွေ၊ တိုက်ပွဲကနေ ထွက်ပြေးလာတာ… မင်းတို့ကို ဘယ်လို အပြစ်ပေးရမလဲ ပြောစမ်း…”

ချင်မူက ဦးညွှတ် အရိုအသေပြု၍ အထက်စီးလည်းမကျ၊ အောက်လည်းမကျို့သော လေသံဖြင့် တုံ့ပြန်လိုက်၏။ “ကျွန်တော်တို့ မဟာတောင်တော်ဂိုဏ်းက အကောင်းဆုံး ကြိုးစားလုပ်ဆောင်ခဲ့ပြီးပါပြီ… တိုက်ပွဲမှာကူဖို့ မိစ္ဆာနတ်ဘုရားတစ်ပါး ဆင့်ခေါ်ခဲ့တာမို့လို့ အပြစ်မရှိတဲ့ပြင် ကောင်းကျိုး ဆောင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်…”

ထိုတပ်မှူးက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ “ဒါပေမဲ့ မင်းတို့က တိုက်ပွဲကွင်းပြင်ကနေ ထွက်ပြေးလာတာပဲ… ဒါ နေရာမှာတင် ခေါင်းဖြတ်သတ်နိုင်တဲ့ အပြစ်…”

ချင်မူက ကြေကွဲဝမ်းနည်းသည့် မကျေမချမ်းလေသံဖြင့် ဆန့်ကျင်ပြောဆိုလိုက်၏။ “ကျုပ်တို့က လီကျိုးပြည်နယ်ရဲ့ ချောင်းမြောင်းတိုက်ခိုက်ခံရလို့ ညီနောင်ဆယ့်သုံးယောက်မှာ ခုနစ်ယောက် သေပြီး ခြောက်ယောက်ပဲ ကျန်ခဲ့တာ… ကျုပ်တို့ အသက်နဲ့ရင်းနေတဲ့ အချိန်မှာ ခင်ဗျားတို့လူတွေ ဘယ်ရောက်နေလဲ… ကျုပ်တို့ရဲ့ မဟာတောင်တော်ဂိုဏ်းတစ်ခုလုံး အမြစ်ပြတ် သုတ်သင်ရှင်းလင်းခံလိုက်ရလို့ ဒီလူတွေပဲ ကျန်တော့တာ… ခင်ဗျားတို့က ကျုပ်တို့အကုန်လုံး ဒီမှာ သေစေချင်တာလား…. တပ်မှူးလေး၊ ကျုပ်တို့ မဟာတောင်တော်ဂိုဏ်းအတွက် မျိုးဆက်လေးတော့ ချန်ပါဦး…”

ထိုတပ်မှူးက ချီတုံချတုံ ဖြစ်သွားပြီး အထက်သို့ မော့ကြည့်လိုက်သည်။

ကောင်းကင်ယံရှိ သင်္ဘောပေါ်မှ တပ်မှူးချုပ်က တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “မဟာတောင်တော်ဂိုဏ်းမှာ လူအရမ်းနည်းနေပြီ၊ ဒီကိစ္စကို ထားလိုက်တော့… သူတို့က တိုက်ပွဲမှာ ကူဖို့ မိစ္ဆာနတ်ဘုရားတစ်ပါး ဆင့်ခေါ်တာနဲ့တင် အတော်လေး ကောင်းကျိုးဆောင်နိုင်ခဲ့ပြီ… မဟာတောင်တော်ဂိုဏ်းသား ဟုတ်၊ မဟုတ် သူတို့ရဲ့ မှော်ပညာထုတ်ပြခိုင်းပြီး လွှတ်ပေးလိုက်…”

ချန်ဝမ်ယွင်၊ ယွင်ချွယ်နှင့် ကျန်သူများမှာ ချွေးစေးပြန်သွားသည်။ မဟာတောင်တော်ဂိုဏ်း၏ မှော်ပညာကို သူတို့ တစ်ခါမျှ မလေ့လာဖူးပေ။

ချင်မူက အဆောင်ရတနာတစ်ခု ထုတ်ပြလိုက်ရာ တပ်မှူးလေး၏အသံ ထွက်ပေါ်လာသည်။ “အဆောင်ရတနာ မဟုတ်ဘူး၊ မှော်အစီအရင်…”

ချင်မူ၏ ချီစွမ်းအင်က လှည့်လည်ထွက်ပေါ်လာပြီး မှော်သင်္ကေတ တစ်ခုအဖြစ် ပြောင်းလဲ၍ မိစ္ဆာနတ်ဘုရားရုပ်တု၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ထိုသို့ ကျရောက်သွားသည့်အခါ မိစ္ဆာနတ်ဘုရားရုပ်တုပေါ်မှ မှော်သင်္ကေတစ်ခု လင်းလက်လာ၏။

ထိုတပ်မှူးက ဦးညွှတ်အရိုအသေပြု၍ ပြောလိုက်သည်။ “တပ်မှူးရှောင်ရီ၊ မဟာတောင်တော်ဂိုဏ်းရဲ့ တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင် မှန်ပါတယ်…”

သင်္ဘောပေါ်မှ တပ်မှူးရှောင်ရီက လက်ဝှေ့ယမ်းပြလိုက်၏။ “သူတို့ကို သွားခိုင်းလိုက်၊ တပ်ဖွဲ့ ရှေ့ဆက်ပြီး လီကျိုးပြည်နယ်ကို တိုက်ကြမယ်… နေဦး…”

တပ်မှူးရှောင်ရီ၏ အကြည့်က ချင်မူတို့အပေါ် ကျရောက်သွားပြီး နှုတ်ခမ်းများ တွန့်ကွေးကာ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ “သူတို့ကို ကောင်းကင်လှိုင်းမြို့ဆီ လွှတ်ပြီး အဲဒီမှာ မိစ္ဆာနတ်ဘုရားတစ်ပါး ဆင့်ခေါ်ခိုင်းလိုက်…”

All Chapters