← Chapters

ချင်မူ မိစ္ဆာနတ်ဆိုးဆင့်ခေါ်ခြင်း

Vol. 14 Ch. 186

ချင်မူ မိစ္ဆာနတ်ဆိုးဆင့်ခေါ်ခြင်း

Vol. 14 Ch. 186

“ကောင်းကင်လှိုင်းမြို့ ဟုတ်လား…” ချင်မူတို့အားလုံး မျက်နှာကွက်ခနဲ ပျက်သွားသည်။ သူတို့ကိုယ်သူတို့ ဝံပုလွေအုပ်လက်မှ လွတ်၍ ကျားရဲတွင်းထဲသို့ ရောက်သွားသလို ခံစားလိုက်ရ၏။

တပ်မှူးရှောင်ရီက ပြုံးလိုက်သည်။ “မဟာတောင်တော်ဂိုဏ်းရဲ့ တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်က တကယ့်ကို စွမ်းအားကြီးတယ်… ကောင်းကင်လှိုင်းမြို့ကလည်း တစ်ဘက်ကမ်းကို တိုက်နေတာဆိုတော့ မိစ္ဆာနတ်ဘုရားတစ်ပါး အကူအညီရရင် အထိအခိုက် အကျအဆုံး နည်းမှာပဲ… လင်းတင်း၊ မင်း သူတို့နဲ့ လိုက်သွား…”

တပ်မှူးလင်းတင်းက တစ်မုဟုတ်ချင်း ဦးညွှတ်၍ အမိန့်နာခံလိုက်၏။

တပ်မှူးရှောင်ရီက လက်ဝှေ့ယမ်းပြ၍ တပ်ဖွဲ့ကို ရှေ့ဆက် ချီတက်စေလိုက်သည်။ ချင်မူနှင့် ကျန်သူများလည်း ဦးညွှတ် အရိုအသေပြုလိုက်ကြ၏။ တပ်ဖွဲ့ကြီး တစ်ဖွဲ့လုံး ဖြတ်သန်းပြီးသွားသောအခါ တပ်မှူးလင်းတင်းက ပြုံးလိုက်သည်။ “ညီတော်တို့၊ ကောင်းကင်လှိုင်းမြို့ကို သွားကြစို့…”

ချင်မူက မျက်နှာအမူအရာ အပြောင်းအလဲ မရှိဘဲ ပြောလိုက်၏။ “ကြွပါ၊ တပ်မှူးလင်း…”

လင်းတင်းက ပြုံးလိုက်သည်။ “မင်းတို့ မဟာတောင်တော်ဂိုဏ်းက ကောင်းကျိုးဆောင်နိုင်ခဲ့တာပဲ၊ လူနည်းနည်းလေးပဲ ကျန်တော့တာတောင် မိစ္ဆာနတ်ဘုရားတစ်ပါး ဆင့်ခေါ်ပြီး တိုက်ပွဲမှာ အကူအညီပေးနိုင်တယ်… နောင်တစ်ချိန်မှာ မင်းတို့ဂိုဏ်းကို ပြန်ထူထောင်ရင် နာမည်ကျော်ကြားလာမှာ ကျိန်းသေပဲ… မင်းတို့က ငယ်သေးပေမဲ့ ဒီလို အံ့မခန်းစွမ်းရည်မျိုးရှိတာ ငါ လေးစားမိတယ်…”

ချင်မူက ဂုဏ်ယူဝင့်ကြွားသော မျက်နှာဖြင့် တဟားဟား ရယ်မောလိုက်၏။ “တပ်မှူးလေးရဲ့ ချီးမြှောက်မှုကို မခံယူဝံ့ပါဘူး… ဒါနဲ့ တပ်မှူးလေးက အသက်သိပ်မကြီးသေးဘဲနဲ့ ကျင့်စဉ်စွမ်းအင်အဆင့် အတော်လေး မြင့်နေပြီပဲ၊ ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာ မေးခွင့်များ ရှိမလား…”

“ခုနစ်စဉ်ကြယ်အဆင့်ရဲ့ အထွတ်အထိပ် ရောက်နေပါပြီ၊ ဒါပေမဲ့ ကောင်းကင်နတ်အသွင်အဆင့်ကို တက်ဖို့ ခက်နေတုန်းပဲ…”

လင်းတင်းက သက်ပြင်းချလိုက်သည်။ “ကောင်းကင်နတ်အသွင်အဆင့်က သိပ်ခက်တယ်၊ အခု လောကကြီးက ရှုပ်ထွေးနေတော့ ငါတို့အနေနဲ့ ကောင်းကင်ဘုံရဲ့ကိုယ်စား တရားမျှမှုဘက်က ရပ်တည်ရမယ်… အကျင့်ပျက်ဖောက်ပြန်တဲ့ ဧကရာဇ်အတိုင်ပင်ခံကို သုတ်သင်ရှင်းလင်းပြီး နန်းတွင်းရဲ့ စည်းမျဉ်းဥပဒေတွေကို တည့်မတ်ရမယ်… ဒါက အခွင့်ကောင်းပဲ၊ ငါ့အနေနဲ့ ဒီအခွင့်ကောင်းကို အရယူနိုင်ရင် အဆင့်တက်ကောင်း တက်နိုင်လိမ့်မယ်… မင်းတို့လည်း ငယ်သေးပေမဲ့ ဒီအခွင့်အရေးကို အရအမိ ဆုပ်ကိုင်ထားကြ…”

သူက အားလုံး၏ ဇဝေဇဝါ မျက်နှာများကို ကြည့်၍ တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “ဟိုးရှေးရှေးကတည်းက သူရဲကောင်းတွေဆိုတာ တိုက်ပွဲကြားက မွေးဖွားလာတာ… လောကကြီးက ပိုပြီး ဖရိုဖရဲ ဖြစ်လာလေ၊ တိုးတက်အောင်မြင်ဖို့ ပိုလွယ်လာလေလေပဲ… ဘာလို့အဲလို ပြောရတာလဲ သိလား… အဆင့်မြင့်ပညာရှင်တွေ ရင်ဆိုင်တွေ့တဲ့အခါ သူတို့ရဲ့ အတွေးအခေါ် အသိအမြင်တွေ ထိပ်တိုက်တွေ့တယ်… ကောင်းကင်နတ်သိုင်းတွေ၊ တာအိုသဘောတရားတွေ၊ ကျင့်စဉ်သိုင်းကွက်တွေ အမျိုးစုံ ပေါ်ထွက်လာတယ်… အဲဒါတွေကို သိမြင်ကြုံတွေ့ရတဲ့အခါ အသိအမြင်ဗဟုသုတ အတွေ့အကြုံတွေ မြင့်မားလာတယ်… အဆင့်မြင့်ပညာရှင်တွေရဲ့ ဖိအား၊ သေခြင်းရှင်ခြင်းကြားက ဖိအားတွေက ငါတို့ကိုယ်ငါတို့ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားချပြီး ရှေ့ဆက်နိုင်စေမဲ့ တွန်းအားတွေ ဖြစ်လာလိမ့်မယ်… ဥပမာပြောရရင် မင်းတို့ မဟာတောင်တော်ဂိုဏ်းရဲ့ တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်ကိုပဲကြည့်၊ အေးအေးချမ်းချမ်း အချိန်အခါမျိုးမှာ ဘယ်သူက ထုတ်သုံးမှာလဲ… အခြေအနေတွေ ကသောင်းကနင်း ပိုဖြစ်လာလေလေ ဒီလို မှော်ပညာမျိုးကို ထုတ်သုံးဖို့ အခွင့်အရေး ပိုရလာလာလေ ဖြစ်လိမ့်မယ်… အဲဒါမှ မင်းတို့ရဲ့ အရည်အချင်းတွေလည်း ပိုတိုးတက်လာနိုင်မှာ…”

ချန်ဝမ်ယွင်နှင့် ကျန်သူများမှာ သူ့စကားများက ယုတ္တိကျလှကြောင်း ခံစားမိ၏။

ယခုအချိန်အခါကာလမျိုးတွင် သူတို့ လျစ်လျူရှုထားခဲ့မိသော တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်ကဲ့သို့ မှော်ပညာမျိုးက သူတို့၏ အသိအမြင် အတွေ့အကြုံကို ကျယ်ပြန့်စေခဲ့သည်။ မဟာတောင်တော်ဂိုဏ်း အမြစ်ပြတ် သုတ်သင်ရှင်းလင်းခံရပြီးသည့် နောက်ပိုင်းတွင်ပင် သူတို့၏ အကြွင်းအကျန်ဂိုဏ်းသားများက တိုက်ပွဲတွင် ကူညီနိုင်မည့် မိစ္ဆာနတ်ဘုရားတစ်ပါးကို ဆင့်ခေါ်နိုင်သေး၏။ ထိုမိစ္ဆာနတ်ဘုရား၏ စွမ်းအားက မည်မျှ ကြီးမားလိုက်ပါသနည်း။

ပြောပလောက်စရာ မဟုတ်သော မှော်အစီအရင်တစ်ရပ်က ထိုမျှ အံ့အားသင့်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ်ကို ထုတ်ဖော်နိုင်သည်မှာ သူတို့အတွက် အမှန်တကယ် တုန်လှုပ်ချောက်ချားဖွယ် ဖြစ်ခဲ့ရ၏။

ထို့ပြင် ဝိညာဉ်လမ်းညွှန် မှော်အစီအရင်မှာလည်း တိုက်ခိုက်ရေးစွမ်းအား များစွာမရှိသည့် သာမန် မှော်ပညာတစ်ခုသာ ဖြစ်သည်။ မှတ်တမ်းထိန်းဆောင်တွင် ဤသို့သော မှော်ပညာမျိုး တွေ့သည့်အခါ ဘေးသို့သာ ပစ်ချပြီး လေ့လာဖတ်ရှုမိခြင်း မရှိချေ။

မှော်စွမ်းအားအရဆိုလျှင် မှတ်တမ်းထိန်းဆောင်၌ ထိုအညတရမှော်အစီအရင် နှစ်မျိုးထက် သာလွန်သော မှော်ပညာရပ်များ ထောင်ချီ၍ ရှိ၏။

သို့သော်လည်း ဝိညာဉ်လမ်းညွှန်ကဲ့သို့သော အဆင့်နိမ့် မှော်အစီအရင်တစ်ခုက စစ်ပွဲတစ်ရပ်လုံး၏ အခြေအနေကို ပြောင်းလဲပစ်နိုင်ပြီး ယုယွမ်ချူးယွီကဲ့သို့သော နယ်စပ်ခေါင်းဆောင် တစ်ယောက်ကိုပင် အကျအရှုံးများ ရင်ဆိုင်၍ လီကျိုးပြည်နယ်ကို ကာကွယ်ရခက်သွားစေခဲ့သည်။

ဝိညာဉ်လမ်းညွှန်နှင့် တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်က တိုက်ခိုက်ရေးစွမ်းအား မရှိသော်လည်း အခြေအနေ အချိန်အခါနှင့် ကိုက်ညီအောင် အသုံးချနိုင်သောအခါ ဤသို့သော အပယ်ခံ မှော်ပညာရပ်များက လူထောင်ချီ၊ မြင်းထောင်ချီ ပါဝင်သော တပ်မဟာကြီးတစ်ရပ်ထက် များစွာသာလွန်သော တိုက်ခိုက်စွမ်းအားကို ထုတ်ဖော်နိုင်သွား၏။

ဤတပ်မှူးလင်းတင်းက ဆန့်ကျင်ဘက်အင်အားစုမှ ဖြစ်သော်လည်း သူ၏ အတွေ့အကြုံ အသိပညာက သူတို့ထက် သာလွန်သည်။

ဤအဖြစ်က သူတို့အတွက် ဖိစီးစရာလည်း ဖြစ်၏။ တပ်မှူးလင်းတင်း၏ အတွေ့အကြုံနှင့် ခွန်အားက သူတို့ထက် များစွာ သာလွန်နေသည် ဖြစ်၍ မသင်္ကာစရာ သဲလွန်စ တစ်စုံတစ်ရာ တွေ့သွားလျှင် သူတို့ မရှုမလှ သေပွဲဝင်ရပေလိမ့်မည်။

ထို့ပြင် တပ်မှူးလင်းတင်းက မည်သည့် သဲလွန်စမျှ တွေ့မသွားသည့်တိုင် ကောင်းကင်လှိုင်းမြို့သို့ ရောက်ရှိသည့်အခါ မိစ္ဆာနတ်ဘုရားတစ်ပါး ဆင့်ခေါ်နိုင်ခြင်း မရှိပါလျှင် သူတို့ သေရမည်သာ ဖြစ်သည်။

မိစ္ဆာနတ်ဘုရား တစ်ပါး ဆင့်ခေါ်နိုင်လျှင်ပင် ထိုမိစ္ဆာနတ်ဘုရားက ထာဝရငြိမ်းချမ်းရေး အင်ပါယာ၏ တပ်ဖွဲ့များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်မည် ဖြစ်သဖြင့် ရွှေမြို့တော်သို့ ပြန်ရောက်သည့်အခါ သူတို့ ခေါင်းဖြတ်သတ်ခံရပေလိမ့်ဦးမည်။

မည်သည့်ဘက်ကကြည့်ကြည့် သူတို့အတွက် သေလမ်းချည်းသာ ဖြစ်၏။

“ငါတို့ သူ့ကို တစ်ပြိုင်နက် ဝိုင်းတိုက်ရင်ရော အပြတ်ရှင်းပစ်နိုင်စရာ ရှိမလား…”

ချင်မူ တိတ်တဆိတ် ကျိတ်၍ တွက်ဆကြည့်သော်လည်း အောင်မြင်အောင် လုပ်ကြံနိုင်ရန် မရေရာပေ။ နဂါးချီလင်ကိုပါ တိုက်ခိုက်ခိုင်းလျှင် ရကောင်းရနိုင်မည် ဖြစ်သော်လည်း ဤနဂါးချီလင်က အမြဲတစေ အဆိုးဘက်မှ တွေးသူ ဖြစ်သဖြင့် သူ့အသက်ကို ရင်း၍ စွန့်စားခိုင်းရန် ခက်ပေလိမ့်မည်။

“ကောင်းကင်နတ်သိုင်းပညာရှင် ဆယ့်သုံးယောက်ကိုတောင် သတ်လာခဲ့သေးတာပဲ၊ ခုနစ်စဉ်ကြယ်အဆင့် ပညာရှင်တစ်ယောက်ကို ရှင်းမပစ်နိုင်စရာ ဘာအကြောင်း ရှိမှာလဲ…”

ချင်မူ၏ အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ သူတို့ မိုင်ပေါင်းများစွာ ရှေ့ဆက်လျှောက်သွားအပြီးတွင် ရုတ်တရက် အော်ဟစ်ပြေးဝင်လာသံများ ကြားလိုက်ရ၏။ ဓားပြအုပ်တစ်အုပ်က တွေ့သမျှ သတ်ဖြတ်လာပြီး သူတို့ရှိရာသို့ လှမ်းလာနေကြောင်း တွေ့ရသည်။ ထိုဓားပြများက အစွမ်းအစ မညံ့လှချေ။ ဓားပြခေါင်းဆောင်က ကောင်းကင်နတ်သိုင်းပညာရှင် တစ်ယောက် ဖြစ်ပြီး ကျန်သူများက ရိုးရိုး သိုင်းသမားများ ဖြစ်၏။

အားလုံးက တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။ တပ်မှူးလင်းတင်းက ပြုံးလိုက်၏။ “စိတ်မပူပါနဲ့… သူခိုးကြမ်းပိုးလေး သက်သက်ပါ၊ လာစမ်းပါစေ…”

ထိုဓားပြများ သူတို့ဆီ ပြေးဝင်လာသောအခါ တပ်မှူးလင်းတင်းက လက်တစ်ဖက်သာ မြှောက်၍ လက်ဟန်မုဒြာတစ်ခု ရိုက်ထုတ်လိုက်သည်။ သူ့လက်ဖဝါးမှ လျှပ်စီးမိုးကြိုးများ ပေါက်ကွဲထွက်ပေါ်လာပြီး ဒါဇင်ချီသော ဓားပြများ၏ ခန္ဓာကိုယ်များ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွား၏။ ဓားပြခေါင်းဆောင် ကောင်းကင်နတ်သိုင်းပညာရှင်ပင် တစ်မုဟုတ်ချင်း ပေါက်ကွဲသေဆုံးသွားသည်။

“သိုင်းကွက်အသားပေးလမ်းစဉ်ရဲ့ မိုးကြိုးလက်ဝါး…”

ချင်မူ၏ ရင်ထဲတွင် ဒိတ်ခနဲ ခုန်၍ အကြပ်ရိုက်သွား၏။ သိုင်းကွက်အသားပေးလမ်းစဉ်၏ အဆင့်မြင့် ပညာရှင်တစ်ယောက်ကို ခြောင်းမြောင်းလုပ်ကြံရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ သူတို့အားလုံးက ဓာတ်ကြီးငါးပါးအဆင့် သိုင်းပညာရှင်များသာ ဖြစ်သဖြင့် ဝိုင်းတိုက်လျှင်တောင်မှ တပ်မှူးလင်းတင်းအတွက် အယားပြေရုံမျှသာ ရှိပြီး ဒဏ်ရာရလိမ့်မည် မဟုတ်ချေ။

သူတို့၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုအပြည့်ဖြင့် တပ်မှူးလင်းတင်းနောက်မှ ကောင်းကင်လှိုင်းမြို့သို့ လိုက်ခဲ့ရ၏။

ချင်မူက မေးလိုက်သည်။ “တပ်မှူးလင်းတင်း၊ တပ်မှူးရှောင်ရီရဲ့ နောက်ခံကိုများ သိခွင့်ရှိမလား…”

တပ်မှူးလင်းတင်း၏ မျက်နှာတွင် ရိုသေလေးစားသည့် အမူအရာ ပေါ်ထွက်လာသည်။ “တပ်မှူးရှောင်ရီက စွင်ရိနိုင်ငံရဲ့ အိမ်ရှေ့မင်းသားပဲ… စွင်ရိနိုင်ငံ သိမ်းပိုက်ခံရပြီးတဲ့နောက်မှာ စွင်ရိဧကရာဇ်က မျိုးရိုးနာမည် ပြောင်းလဲပြီး ဘုရင်ခံအဖြစ် ချီးမြှင့်ခံခဲ့ရတယ်၊ တပ်မှူးရှောင်ရီကတော့ မင်းသားရှောင်ရီဘွဲ့ကို အပ်နှင်းခံခဲ့ရတယ်… အခု ဧကရာဇ်အတိုင်ပင်ခံက တစ်လောကလုံးမှာ ရှိတဲ့ ကျင့်စဉ်သိုင်းကွက်တွေကို ကပြောင်းကပြန် ဖြစ်အောင် လုပ်ခဲ့တာ၊ ဒါ မိစ္ဆာလမ်းစဉ်ပဲ… ဒီဖြစ်စဉ်က တပ်မှူးရှောင်ရီအတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာတော့ သူ့ရဲ့ အင်ပါယာကို ပြန်ထူထောင်နိုင်တော့မယ်… ရှေ့မှာ ကောင်းကင်လှိုင်းမြို့ကို ရောက်ပြီ…”

သူတို့ရှေ့တွင် မာန်ဟုန်မြစ်ကမ်းဘေး၌ သွယ်တန်းနေသော တောင်စဉ်တန်းတစ်ခု ရှိသည်။ ထိုတောင်စဉ်တန်းများကြောင့် မာန်ဟုန်မြစ်က ကွေ့ဝိုက်စီးဆင်းသွားရပြီး ကောင်းကင်လှိုင်းမြို့က မာန်ဟုန်မြစ်ဘက် ထိုးထွက်နေသော တောင်တန်းများပေါ်တွင် တည်ထားခြင်း ဖြစ်၏။ ထိုတောင်တန်းများ၏ အောက်ဘက်၌ မတ်စောက်သော ကမ်းပါးယံများ၊ ကျောက်ဆောင်များ ပြည့်နှက်နေသဖြင့် မာန်ဟုန်မြစ်ကြောင်း၏ ဤနေရာတွင် ပို၍ ရေစီးသန်လာသည်။ မိုးထိုးနေသော လှိုင်းလုံးကြီးများ တောင်ကမ်းပါးယံသို့ ရိုက်ခတ်သည့်အခါတိုင်း တဝုန်းဝုန်း အသံများ သိမ့်သိမ့်တုန်အောင် ထွက်ပေါ်နေ၏။

လှိုင်းလုံးများ ကျောက်တောင်ကမ်းပါးယံသို့ ရိုက်ခတ်ပြီး ပြန်ကျလာသော ရေစက်ရေပေါက်များက မိုးကောင်းကင် တိမ်ဖြူများထံမှ ကျဆင်းလာသော ပုလဲဖြူဖြူများကဲ့သို့ပင် ထင်ရသည်။

လှိုင်းလုံးများက အထက်ကောင်းကင်ဘုံ တိမ်တိုက်များအထိ ရိုက်ခတ်နေသည့်အတွက် ဤမြို့၏ အမည်က ကောင်းကင်လှိုင်းမြို့ဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်၏။

ယခုအချိန်၌ သူပုန်တပ်ဖွဲ့စစ်သည်များက ကောင်းကင်လှိုင်းမြို့ နေရာအနှံ့တွင် အသင့်အနေအထားဖြင့် လက်နက်စွဲကိုင် နေရာယူထားပြီး  တစ်ဘက်ကမ်းရှိ ထာဝရငြိမ်းချမ်းရေး အင်ပါယာတပ်ဖွဲ့များကို စောင့်ကြည့်နေကြသည်။

တပ်မှူးလင်းတင်းက သူတို့ကို ကောင်းကင်လှိုင်းမြို့ဆီသို့ ခေါ်ဆောင်လာရင်း ပြောလိုက်၏။ “ဒီနေရာကို စောင့်ကြပ်နေတဲ့သူက နဂါးစီးဂိုဏ်းရဲ့ ခေါင်းဆောင်၊ နဂါးဘုရင်ပဲ… မင်းတို့ သူ့အကြောင်း ကြားဖူးတယ် မဟုတ်လား… နဂါးဘုရင်ရဲ့ သိုင်းစွမ်းရည်က သိပ်မမြင့်ပေမဲ့ ရေနဂါးတစ်ကောင် မွေးထားနိုင်တယ်… အဲဒီ ရေနဂါးက အတော်လေး စွမ်းအားကြီးပြီး သေခြင်းရှင်ခြင်းအဆင့် ထိပ်သီးပညာရှင်တွေကိုတောင် အလွယ်လေး သတ်နိုင်တယ်… ဟော၊ ဟိုးရှေ့မှာ နဂါးဘုရင်ရဲ့သား၊ လုံကျောင်းနန်…”

တပ်မှူးလင်းတင်း၏ အကြည့်က အဝတ်အစား တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ထားပြီး ချောမောလှပ၍ ညှို့မြူသည့် အသွင်ရှိသော ယောက်ျားပျိုတစ်ယောက်ထံ ရောက်သွားသည်။ ထိုသူက မျက်နှာတွင်လည်း အမွှေးနံ့သာများ ထူပိန်းအောင် လိမ်းခြယ်ထားပြီး မျက်စိနောက်စရာ ဖြစ်နေ၏။ ဤသည်က နဂါးစီးဂိုဏ်း၏ သခင်လေး၊ လုံကျောင်းနန်ပင် ဖြစ်သည်။

တပ်မှူးလင်းတင်းက ချင်မူကို့ကို ရှေ့သို့ ခေါ်သွားပြီး စုံစမ်းမေးမြန်းလိုက်၏။ လုံကျောင်းနန်က သူနှင့် အပြန်အလှန် နှုတ်ဆက်နေရင်းမှ ချင်မူ့ကို ရုတ်တရက် မြင်သွားပြီး အနည်းငယ် မှင်တက်မိသွားသည်။ “ဒီတစ်ယောက်က ရင်းရင်းနှီးနှီး မြင်ဖူးနေသလိုပဲ…”

ချင်မူ့ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး ခေါင်းငုံ့၍ နှုတ်ဆက်လိုက်၏။

သူ မြို့တော်သို့ ပထမဆုံး လာသည့်အခါက ဝေ့ယုံနှင့်အတူ မြစ်သင်္ချိုင်းမြို့မှ သင်္ဘောစီးလာခဲ့သည်။ လုံကျောင်းနန်က မြွေကြီးတစ်ကောင် စီးနင်း၍ သင်္ဘောပေါ် ပါလာသူအားလုံးကို တိုက်ခိုက်သတ်ဖြတ်ခဲ့၏။ သူနှင့် ဝေ့ယုံသာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။

ထိုသို့ ထွက်ပြေးစဉ်၌ လုံကျောင်းနန်က သူ့မျက်နှာကို မြင်ဖူးသွားခြင်း ဖြစ်ပေလိမ့်မည်။

“သူတို့က မဟာတောင်တော်ဂိုဏ်းသားတွေပါ…”

တပ်မှူးလင်းတင်းက မိတ်ဆက်ပေးလိုက်သည်။ “သူတို့က လုစီရင်စုမှာ မိစ္ဆာနတ်ဘုရားတစ်ပါး ဆင့်ခေါ်နိုင်ခဲ့တယ်… အဲဒါကြောင့် တပ်မှူးရှောင်ရီက ဒီကောင်းကင်လှိုင်းမြို့မှာလည်း သူတို့ရဲ့ မှော်အစီအရင်ကို စီရင်ပြီး တိုက်ပွဲမှာ အကူအညီရအောင် မိစ္ဆာနတ်ဘုရားတစ်ပါး ဆင့်ခေါ်ခိုင်းလိုက်တာ…”

လုံကျောင်းနန်းက ချင်မူ့ကို မည်သည့်နေရာတွင် ဆုံခဲ့ဖူးမှန်း မမှတ်မိသော်လည်း မျက်လုံးများ အရောင်တောက်သွားပြီး ခစ်ခနဲ ရယ်မောလိုက်၏။ “မိစ္ဆာနတ်ဘုရား ဆင့်ခေါ်မယ် ဟုတ်လား… စိတ်ဝင်စားစရာ ကောင်းသားပဲ… မင်းတို့အတွက် ဘယ်လို မှော်အသုံးအဆောင်မျိုး လိုသေးလဲ၊ ငါ ပြင်ပေးမယ်…”

ချင်မူက တစ်မုဟုတ်ချင်း ပြောလိုက်သည်။ “ကျွန်တော်တို့အတွက် ဆယ့်သုံးကိုက်ပတ်လည် ယဇ်ပလ္လင်တစ်ခု လိုပါတယ်… အဲဒီယဇ်ပလ္လင်ကို အရိုးတွေနဲ့ တည်ဆောက်ရမယ်၊ အပေါ်ပိုင်း ကြမ်းခင်းမျက်နှာပြင်ကိုတော့ အရိုးခေါင်းတွေနဲ့ပဲ ခင်းရမယ်၊ အဲဒီအရိုးခေါင်းတွေရဲ့ မျက်လုံးပေါက်တွေက အထက်ကို မျက်နှာမူနေရမယ်… တစ်ခုမှ လွဲချော်လို့ မရဘူး…”

“ဒုက္ခများလိုက်တာ…”

လုံကျောင်းနန်က ပြုံးလိုက်၏။ “မငြိမ်မသက် ဖြစ်နေတဲ့ကာလမှာ အလောင်းကောင်တွေက ပေါပါတယ်… ခဏစောင့်၊ ငါ့လူတွေကို မင်းတို့ လိုတဲ့ ယဇ်ပလ္လင် ပြင်ခိုင်းလိုက်မယ်… အရိုးတွေ မလောက်ရင် လူပါ ထပ်သတ်ပေးမယ်… ကောင်းကင်လှိုင်းမြို့သားတွေရဲ့ အသက်က ဘာမှ အသုံးဝင်တာ မဟုတ်ဘူး…”

ချင်မူက ထပ်ပြောလိုက်သည်။ “ကျွန်တော်တို့က လျှို့ဝှက်ပညာရပ်ကို ထုတ်သုံးမှာဆိုတော့ အနှောက်အယှက် အဖြစ်မခံချင်ပါဘူး၊ အဲဒါကြောင့် တပ်မှူးလုံ…”

လုံကျောင်းနန်က သူ့ကို မြူသလိုလို ကြည့်လိုက်သဖြင့် ချင်မူ ကြက်သီးမွေးညင်းများ ထောင်ထသွား၏။ လုံကျောင်းနန်က ပြုံးလိုက်သည်။ “ငါ နားလည်ပါတယ်၊ မင်းတို့ စိတ်အေးအေးထား… ငါ့စစ်သည်တွေကို ယဇ်ပလ္လင်ရဲ့ အပြင်ဘက်မှာ စခန်းချခိုင်းထားမယ်… ဒါပေမဲ့ မင်းတို့သာ မိစ္ဆာနတ်ဘုရားကို မဆင့်ခေါ်နိုင်ဘဲ ငါ့ကို လှည့်စားခဲ့ရင်တော့ ဟင်း ဟင်း… မင်းတို့ကို ကောင်းကောင်းကြီး ပညာပေးပစ်မယ်…”

ချန်ဝမ်ယွင်၊ ယွင်ချွယ်နှင့် ဝံပုလွေကျွန်တို့မှာ ခေါင်းမွေးများ ထောင်ထသွားကြ၏။ စစ်ယွင်ရှန်းနှင့် ယွဲ့ချင်းဟုန်တို့မှာတော့ မည်သို့မျှ မခံစားလိုက်ရပေ။

များမကြာမီတွင် လုံကျောင်းနန်းက သူ့လက်အောက်ငယ်သားများကို ကောင်းကင်လှိုင်းမြို့အတွင်း၌ အရိုးဖြူယဇ်ပလ္လင်တစ်ခု တည်ဆောက်ခိုင်းပြီးသွားသည်။ ဤယဇ်ပလ္လင်က မြို့စားနန်းဆောင်ဝင်းအတွင်း၌ တည်ရှိ၏။ လုံကျောင်းနန်က ချင်မူတို့ မှော်အစီအရင် စီရင်သည်ကို မကြည့်နိုင်စေရန် သူ့စစ်သည်များကို အပြင်ဘက်တွင်သာ နေရာယူခိုင်းလိုက်သည်။

ချင်မူက ပတ်ဝန်းကျင်သို့ လှည့်လည် ကြည့်ရှုလိုက်၏။ သူတို့၏ အပြင်ဘက် ပတ်ပတ်လည်တွင် စစ်သည်ရာကျော် နေရာယူထားသည် ဖြစ်၍ မည်သို့မျှ ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်ပေ။

“ငါတို့ ဘာလုပ်ကြမလဲ…”

ယဇ်ပလ္လင်ထက်တွင် ချင်မူ့ကို အားလုံး ဝိုင်းကြည့်လိုက်ကြ၏။ ချန်ဝမ်ယွင်က ခပ်တိုးတိုး ပြောလိုက်သည်။ “ငါတို့က အခု ရန်သူ့နယ်မြေ အတွင်းပိုင်းမှာ ရောက်နေပြီ၊ ဆ… ဆရာတူဦးလေးချင်၊ ပြောပါဦး…”

နောက်ဆုံးတော့ သူ့အပြုအမူကို ပြောင်းလဲပြီး ချင်မူ့ကို ဆရာတူဦးလေးဟု ခေါ်လာချေပြီ။ ယွင်ချွယ်နှင့် ယွဲ့ချင်းဟုန်တို့မှာ အံ့အားသင့်သွားသော်လည်း မည်သည်ကိုမျှ မေးမြန်းခြင်း မပြုလိုက်ပေ။

ချင်မူက တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “ငါတို့ မှော်အစီအရင် စီရင်ပြီး မိစ္ဆာနတ်ဘုရားတစ်ပါး ဆင့်ခေါ်ကြတာပေါ့…”

ယွင်ချွယ်က အလန့်တကြား ထခုန်၍ အော်ဟစ်လိုက်သည်။ “ငါတို့က မဟာတောင်တော်ဂိုဏ်းရဲ့ မှော်ပညာကိုမှ မလေ့လာထားတာ၊ ဘယ်လိုလုပ် မိစ္ဆာနတ်ဘုရားကို ဆင့်ခေါ်မှာလဲ…”

“ငါ လေ့လာဖူးပါတယ်…”

ချင်မူက မိစ္ဆာနတ်ဘုရားရုပ်တုကို သယ်လာပြီး ယဇ်ပလ္လင်ပေါ်တွင် နေရာချလိုက်သည်။ ထို့နောက် ထောင့်လေးထောင့်၌ အလံဖြူများ ထိုးစိုက်ရင်း ပြောလိုက်၏။ “ငါ ဒီမိစ္ဆာနတ်ဘုရားကို ဆင့်ခေါ်ပါ့မယ်… မဟာတောင်တော်ဂိုဏ်းက ဒီအစီအရင်ကို ထုတ်သုံးဖို့ လူဆယ့်သုံးယောက် လိုပေမဲ့ ငါကတော့ တစ်ယောက်တည်း လုပ်နိုင်မယ် ထင်တယ်၊ နည်းနည်းတော့ ခက်ခဲမှာပေါ့လေ…”

ယွင်ချွယ်က ချီတုံချတုံ ပြောလိုက်သည်။ “ငါတို့သာ မိစ္ဆာနတ်ဘုရားတစ်ပါး ဆင့်ခေါ်ပြီး ထာဝရငြိမ်းချမ်းရေး အင်ပါယာရာရဲ့ တပ်ဖွဲ့တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ရင် တစ်မိသားစုလုံး ခေါင်းဖြတ်သတ်ခံရမှာပေါ့…”

“မပူပါနဲ့… မိစ္ဆာနတ်ဘုရားကို ဆင့်ခေါ်တာက လှည့်ကွက်လေးတွေ ရှိမှာပါ… ရောက်လာတဲ့ မိစ္ဆာနတ်ဘုရားက မြင်သမျှသာ သတ်ဖြတ်နေရင် ဆင့်ခေါ်သူတွေပါ သေကုန်မှာပေါ့…”

ချင်မူ၏ အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်၏။ “ငါတို့သာ မိစ္ဆာနတ်ဘုရားတစ်ပါး ဆင့်ခေါ်ပြီး ကောင်းကင်လှိုင်းမြို့ကို တိုက်ခိုက်ခိုင်းနိုင်ခဲ့ရင် ဝရုန်းသုန်းကား ဖြစ်သွားတဲ့ကြားမှာ လွတ်အောင် ပြေးနိုင်လောက်မှာပါ… မင်းတို့ ပတ်ဝန်းကျင်ကို စောင့်ကြည့်ထား… ငါ မှော်အစီအရင်ကို စမယ်…”’

အားလုံးက ယဇ်ပလ္လင်ထက်တွင် သတိအနေအထားဖြင့် ကမန်းကတန်း နေရာယူလိုက်ကြသည်။ ချင်မူက အဆောင်ရတနာတစ်ခုကို ထုတ်ယူ၍ မျက်နှာပြင် တစ်ထောင့်နှစ်ဆယ့်လေးခုပေါ်မှ မှော်သင်္ကေတများကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် မိစ္ဆာနတ်ဘုရားရုပ်တုပေါ်မှ မှော်သင်္ကေတများကို ကြည့်ရှုပြီး တစ်ခုချင်းတိုက်ဆိုင် နှိုင်းယှဉ်၍ မပီဝိုးတဝါး တတွတ်တွတ်ရေရွတ်ကာ မှော်အစီအရင်ကို စတင် စီရင်လိုက်သည်။

သူ၏ ချီစွမ်းအင်က တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး ချီစွမ်းအင်ကြိုးမျှင်များအဖြစ် ခွဲဖြာ၍ အဆာင်ရတနာ ဆယ့်သုံးခုကို လေထဲသို့ ပင့်မြှောက်ကာ မိစ္ဆာနတ်ဘုရားရုပ်တု၏ ပတ်ပတ်လည်တွင် နေရာချလိုက်၏။ သူ၏ အာခံတွင်းမှ လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးကျသော ဘာသာစကားတစ်ခု မြည်ဟည်းထွက်ပေါ်လာပြီး သူ့ချီစွမ်းအင်က အဆောင်ရတနာများထဲ စီးဝင်ကာ ၎င်းတို့ပေါ်ရှိ မှော်သင်္ကေတများ တစ်ခုပြီးတစ်ခု လင်းလက်လာသည်။ ထို့နောက် မိစ္ဆာနတ်ဘုရားရုပ်တုပေါ်သို့ ထွန်းလင်းကျရောက်သွားပြီး မိစ္ဆာနတ်ဘုရားရုပ်တု၏ ကိုယ်ပေါ်မှ မှော်သင်္ကေတများ လင်းလက်တောက်ပလာ၏။

ချန်ဝမ်ယွင်နှင့် ကျန်သူများအားလုံး အံ့အားသင့်သွားကြသည်။ ချင်မူ၏ နှုတ်ဖျားမှ ထွက်ပေါ်လာသော ဘာသာစကားက သူတို့ ပြောဆိုနေသည့် ဘာသာစကား မဟုတ်ချေ။ မဟာတောင်တော်ဂိုဏ်း မိစ္ဆာနတ်ဘုရားကို ဆင့်ခေါ်စဉ်က ရွတ်ဆိုခဲ့သည့် ဘာသာစကားနှင့် ဆင်တူသော်လည်း ပို၍ နက်နဲဆန်းကြယ်သည့်ပုံ ပေါ်၏။

“ဒါ မိစ္ဆာဘာသာစကားပဲ…” စစ်ယွင်ရှန်းက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

မိစ္ဆာနတ်ဘုရားရုပ်တုပေါ်မှ မှော်သင်္ကေတများက တစ်ခုပြီးတစ်ခု လင်းလက်လာ၏။ အဆောင်ရတနာ ဆယ်သုံးခုလုံးကို ထိန်းချုပ်ရသည် ဖြစ်၍ မှော်သင်္ကတ တစ်ထောင်ကျော်နှင့် ၎င်းတို့၏ အစီအစဉ်များကို အလွတ်မှတ်သားထားရန် လိုအပ်၏။ ချင်မူက ထိုက်ရွှမ်သင်္ချာကျမ်းကို ပိုင်နိုင်ခြင်း မရှိသေးသော်လည်း သူ၏ မှတ်ဉာဏ်မှာ အတော်လေး တိုးတက်လာပြီ ဖြစ်သဖြင့် ထိုအဆောင်ရတနာများကို တည်ငြိမ်အေးဆေးစွာ ထိန်းချုပ်နိုင်သည်။

တစ်နာရီကြာပြီးသောအခါ မိစ္ဆာနတ်ဘုရားရုပ်တုပေါ်ရှိ မှော်သင်္ကေတ တစ်ဝက်ကျော် လင်းလက်တောက်ပအောင် ထွန်းညှိပြီးသွားချေပြီ။ တစ်ချိန်တည်းမှာပင် မိစ္ဆာဘာသာစကားကို ရွတ်ဆိုရင်းနှင့် ဤရုပ်တုမှတစ်ဆင့် ဟင်းလင်းပြင်အချိန်ကာလ၏ နက်ရှိုင်းသော တစ်နေရာရှိ အခြားအမှောင်ကမ္ဘာတစ်ခုမှ တစ်စုံတစ်ဦးနှင့် တဖြည်းဖြည်း အဆက်အသွယ်ရလာကြောင်း ချင်မူ ခံစားမိသည်။

ဤအခိုက်၌ တာအိုရသေ့ဆယ်ယောက်ကျော်က မိစ္ဆာနတ်ဘုရားရုပ်တု တစ်ခုကို သယ်ဆောင်၍ ကောင်းကင်လှိုင်းမြို့သို့ ရောက်ရှိလာ၏။ တပ်မှူးလင်းတင်းက သူတို့ကို မြင်သောအခါ အပြုံးနှင့် ဆီးကြိုလိုက်သည်။ “မင်းတို့ မဟာတောင်တော်ဂိုဏ်းသားတွေ အချိန်ကိုက် ရောက်လာတာပဲ… မင်းတို့ရဲ့ ဂိုဏ်းတူညီလေး၊ ညီမလေးတွေ မြို့ထဲမှာ မိစ္ဆာနတ်ဘုရားတစ်ပါး ဆင့်ခေါ်နေကြတယ်၊ အတော်လေးတောင် ကြာသွားပြီ…”

All Chapters