← Chapters

မိစ္ဆာဘုရင်ဆင်းသက်လာခြင်း

Vol. 14 Ch. 187

မိစ္ဆာဘုရင်ဆင်းသက်လာခြင်း

Vol. 14 Ch. 187

ထိုမဟာတောင်တော်ဂိုဏ်းသားများကို ဦးဆောင်လာသည့် တာအိုရသေ့က အံ့အားသင့်သွား၏။ “ဂိုဏ်းတူညီလေး၊ ညီမလေးတွေ ဟုတ်လား… ဒီက တပ်မှူးလေး မသိသေးဘူး ထင်တယ်၊ ကျုပ်တို့ မဟာတောင်တော်ဂိုဏ်းသားတွေက လုစီရင်စုမှာ အုပ်စုနှစ်စု ခွဲပြီး မိစ္ဆာနတ်ဘုရားတွေ ဆင့်ခေါ်ကြတာ… ကံကောင်းလို့ ကျုပ်တို့အဖွဲ့က မိစ္ဆာနတ်ဘုရားတစ်ပါး ဆင့်ခေါ်နိုင်ခဲ့ပေမဲ့ တခြားအုပ်စုကတော့ အကုန်လုံး အသတ်ခံလိုက်ရတယ်… မိစ္ဆာနတ်ဘုရားရုပ်တုနဲ့ အဆောင်ရတနာတွေ၊ အဝတ်အစားတွေပါ အခိုးခံလိုက်ရတာ…”

တပ်မှူးလင်းတင်း၏ အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားပြီး အော်ဟစ်လိုက်သည်။ “အခု မိစ္ဆာနတ်ဆိုးကို ဆင့်ခေါ်နေတဲ့သူတွေက မင်းတို့ မဟာတောင်တော်ဂိုဏ်းသားတွေ မဟုတ်ရင် ဘယ်သူတွေလဲ…”

မြို့စားနန်းဆောင်မှ ထွက်ပေါ်လာသော ရွတ်ဖတ်သံ ခပ်တိုးတိုးကို ကြားလိုက်သည်တွင် မဟာတောင်တော်ဂိုဏ်းမှ တာအိုရသေ့၏ မျက်လုံးများ အရောင်တောက်သွားပြီး အေးစက်စက် ပြောလိုက်၏။ “အဲဒါကို ကျုပ်လည်း သိချင်နေတာ… မကောင်းတော့ဘူး၊ မိစ္ဆာနတ်ဆိုး ဆင့်ခေါ်နေတဲ့သူက မိစ္ဆာနယ်မြေက မိစ္ဆာနတ်ဘုရားနဲ့ အဆက်အသွယ် စရနေပြီ… မြန်မြန်သွားစို့…”

လင်းတင်း၏ မျက်လုံးများ တွန့်ရှုံ့သွားပြီး မြို့စားနန်းဆောင်ရှိရာသို့ တစ်ဟုန်ထိုး ပြေးရင်း တင်းမာစွာ အော်ဟစ်လိုက်သည်။ “ဂိုဏ်းသခင်လေးလုံ၊ မြို့စားနန်းဆောင်ထဲက မိစ္ဆာတွေကို သုတ်သင်ဖို့ မြန်မြန် အမိန့်ပေးလိုက်…”

မြို့စားနန်းဆောင်ထဲတွင် ချင်မူမှာ သူ၏ အသိစိတ်အလျဉ်က မိစ္ဆာနတ်ဘုရားရုပ်တုမှတစ်ဆင့် အခြားကမ္ဘာတစ်ခု၏ အတွင်းပိုင်းထိ ဝင်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့အသိစိတ်အလျဉ်က အမှောင်ထုကြီးတစ်လျှောက် ခရီးနှင်ရင်း ရုတ်တရက် ရပ်တန့်သွား၏။

သူ့ရှေ့တွင် အမှောင်ထုကြီး၏ အဆုံးအစမဲ့ ဟင်းလင်းပြင် အချိန်ကာလတစ်ခု ရှိနေသည်။ နောက်တစ်ခဏ၌ အမှောင်ထုထဲတွင် သွေးနီရောင် မီးတောက်မီးလျှံများ ပြည့်နှက်နေသော မျက်လုံးကြီးတစ်လုံး ပွင့်ဟလာ၏။ ဤမျက်လုံးကြီး၏ ရှေ့တွင် သူက ဖုန်မှုန့်လေး တစ်ခုကဲ့သို့သာ ဖြစ်နေသည်။

ဟမ်…။

ချင်မူ၏ ဘယ်ဘက်တွင် နောက်ထပ် မျက်လုံးကြီးတစ်လုံး ပွင့်လာပြန်သည်။ ထို့နောက် ၎င်းမျက်လုံးကြီးနှစ်လုံး၏ အပေါ်၌ မျက်လုံးတစ်လုံး ထပ်ပွင့်လာ၏။ တတိယမြောက်မျက်လုံး၏ သူငယ်အိမ်က ကျုံ့ဝင်သွားပြီး တဖြည်းဖြည်း ရွေ့လျားကာ သူ့ကိုယ်ပေါ်သို့ အကြည့်ရောက်လာသည်။

“ကောင်ငယ်လေး၊ မင်းက ငါ့ကို ဆင့်ခေါ်နေတယ်… အဆုံးအစမဲ့တဲ့ တုထျန်းပြည်ရဲ့ အရှင်သခင် တုထျန်းမိစ္ဆာဘုရင်ကို ဆင့်ခေါ်နေတယ်…”

ထိုမျက်လုံးသုံးလုံးက ကောင်းကင်ယံသို့ တဖြည်းဖြည်း မြင့်တက်သွားပြီး ချင်မူ၏ အသိစိတ်အလျဉ်မှ ဝေး၍ ဝေး၍ သွားသော်လည်း အလွန်အမင်း ကြီးမားဆဲ ရှိ၏။ ယခုအခါမှ သူ့ခန္ဓာကိုယ်ဘေးတွင် အလင်းရောင် ဖြာထွက်နေကြောင်း သတိပြုမိလိုက်သည်။ သူက အမှောင်ထုထဲတွင် မီးအိမ်တစ်လုံးကဲ့သို့ ဖြစ်နေ၏။

ယဇ်ပလ္လင်ပေါ်တွင် ရပ်နေသော သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သည်။ ယဇ်ပလ္လင်က အဖြူရောင်အလင်းတစ်ခု ဖြာထွက်နေပြီး အမှောင်ထုထဲ၌ အလွန်တရာ သေးငယ်သည့် အလင်းပြောက်လေး တစ်ခုကဲ့သို့သာ ဖြစ်နေ၏။

ယဇ်ပလ္လင်နှင့် ယဇ်ပလ္လင်ပေါ်မှ သူက အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိလာဟန် ရှိသည်။

“မင်းက ငါ့စွမ်းအားကို ဆင့်ခေါ်နေတယ်…”

အသံတစ်သံက အထက်အမြင့် မျက်လုံးသုံးလုံး၏ အလယ်မှ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ ထိုအသံက သူ၏ အသိစိတ်အလျဉ်ကို လာရောက်ရိုက်ခတ်သဖြင့် ရှေ့နောက် ယိမ်းထိုးတုန်ခါသွား၏။ “မင်းက ငါ့ကို မင်းတို့ကမ္ဘာမှာ တိုက်ခိုက်ဖို့၊ သတ်ဖြတ်ဖို့ ဆင့်ခေါ်နေတယ်…”

ချင်မူက ရို့ကျိုးစွာ ပြောဆိုလိုက်သည်။ “အို ကြီးမြတ်သော တုထျန်းမိစ္ဆာဘုရင်မင်းမြတ်၊ အသင် သက်ဆင်းကြွရောက်ဖို့ ကျွန်ုပ် တောင်းဆိုပါတယ်… အရှင်မင်းမြတ်ထံ ကောင်းကင်လှိုင်းမြို့ရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ အားလုံးကို ပူဇော်ပသပါတယ်…”

ကောင်းကင်ယံမှ မျက်လုံးသုံးလုံးက ရုတ်တရက် မီးတောက်မီးလျှံများ ဟုန်းခနဲ တောက်လောင်လာပြီး တစ်လောကလုံး သိမ့်သိမ့်တုန်သွားနိုင်လောက်သည့် အသံကြီး မြည်ဟည်းလာ၏။ “မင်းရဲ့ ဆန္ဒအတိုင်း ပြည့်စေ…”

ချင်မူ၏ ခြေထောက်အောက်မှ ယဇ်ပလ္လင်မှာ ရုတ်တရက် လင်းတောက်လာပြီး အလင်းတန်းများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်း၌ ကောင်းကင်လှိုင်းမြို့ တစ်မြို့လုံး အမှောင်ထုတွင် ပေါ်ထွက်လာ၏။

ချင်မူ လှည့်ပတ်ကြည့်ရှုလိုက်ပြီး ရင်ထဲတွင် ဒိတ်ခနဲ ခုန်သွားသည်။ ကောင်းကင်လှိုင်းမြို့ တစ်မြို့လုံးက သူ့မျက်လုံးအောက်တွင် ဖြစ်ပြီး မြို့ထဲရှိ လူအားလုံးက သူ့မျက်လုံးထဲတွင် ထင်ဟပ်နေ၏။ ထိုသူတို့၏ အပြုအမူများ၊ ဝတ်စားဆင်ယင်ထားသည်များ အားလုံး သူ့မျက်လုံးတွင် အသေးစိတ် မြင်နေရသည်။

ထို့နောက်တွင် လူရိပ်များက ကောင်းကင်လှိုင်းမြို့တွင်းမှ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကာ ကောင်းကင်နတ်သိုင်း ပညာရှင်များသာ ကျန်ရစ်ခဲ့၏။

မြို့ထဲမှ ပျောက်ကွယ်သွားသူများက အရပ်ခြောက်မျက်နှာအဆင့်သို့ မရောက်သေးသော ရိုးရိုးသိုင်းသမားများနှင့် သာမန်အရပ်သားများ ဖြစ်သည်။ ဤသူများက ကောင်းကင်လှိုင်းမြို့မှ အမှန်တကယ် ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ တုထျန်းမိစ္ဆာဘုရင်က သူ၏ ယဇ်ကောင်များကို အတည်ပြုနေခြင်း ဖြစ်၏။

ချင်မူက ယဇ်ပလ္လင်ဘေးမှ နဂါးချီလင်ကို ကပျာကယာ လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။ “ဒီနဂါးချီလင်က အရှင်တုထျန်းမိစ္ဆာဘုရင်ကို ဆက်သတဲ့ ယဇ်ကောင်ထဲမှာ မပါပါဘူး…”

“ပါးစပ်ပိတ်ထားစမ်း…”

တုန်လှုပ်ချောက်ချားဖွယ် အသံနက်ကြီးက မျက်လုံးကြီးသုံးလုံး၏ နောက်ကွယ်မှ ထွက်ပေါ်လာသည်။ ထိုမျက်လုံးသုံး၏ နောက်မှာ ပို၍ ကြီးမားသော မျက်လုံးကြီးသုံးလုံး ရှေ့လှည့်လာသည်ကို ချင်မူ မြင်လိုက်ရ၏။ “မင်းမှာ တုထျန်းမိစ္ဆာဘုရင်ကို အမိန့်ပေးပိုင်ခွင့် မရှိဘူး… မင့်ရဲ့ အသိစိတ်အလျဉ်ကနေ ဒီမြို့ကို ငါ သက်ဆင်းမယ်…”

ချင်မူ ရုတ်တရက် သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသလို ခံစားလိုက်ရပြီး အခြားကမ္ဘာတစ်ခုမှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ် တစ်ရှိန်ထိုး စီးဝင်လာကာ မလှုပ်နိုင် မရှားနိုင် ဖြစ်သွားသည်။

ဝုန်း...။

ယဇ်ပလ္လင်တစ်လုံး သွက်သွက်ခါအောင် တုန်ခါသွား၏။ သွေးရောင်အလင်းတန်း တစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ကိုက်ပေါင်းများစွာ အမြင့်ထိ ရောက်ရှိသွားသည်။ ချင်မူက သွေးရောင်အလင်းတန်းကြားတွင် နစ်မြုပ်နေပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ရပ်က သူ၏ အသိစိတ်အလျဉ်မှတစ်ဆင့် ဤကမ္ဘာလောကသို့ သက်ဆင်းရောက်ရှိလာပြီး မိစ္ဆာနတ်ဘုရားရုပ်တုထံ တစ်ရှိန်ထိုး စီးဝင်သွားသည်ကို ခံစားလိုက်မိ၏။

မိစ္ဆာနတ်ဘုရားရုပ်တု၏ ကိုယ်ပေါ်မှ မှော်သင်္ကေတများက ထူးဆန်းသည့် မျက်လုံးများကဲ့သို့ အခြားကမ္ဘာမှာ စီးဝင်လာသော စွမ်းအင်များကို အငမ်းမရ စုပ်ယူနေသည်။ မိစ္ဆာနတ်ဘုရားရုပ်တု၏ မျက်နှာပြင်က အက်ကွဲကြောင်းများ လိုက်လာပြီး သစ်သားစများက အရပ်မျက်နှာအနှံ့ ပေါက်ကွဲလွင့်စင်သွား၏။

ဤမိစ္ဆာနတ်ဘုရားရုပ်တုက အရွယ်အစား ကြီးသည်ထက် ကြီးလာပြီး တောက်ပသည့် အလင်းတန်းများက အက်ကွဲကြောင်းများမှ တိုးထွက်လာသည်။ သစ်သားဖြင့် ပြုလုပ်ထားသည့် မိစ္ဆာနတ်ဘုရားရုပ်တု၏ အတွင်းပိုင်း၌ အသွေးအသားများ ပေါ်ထွက်လာသည်ကိုပင် ခပ်ရေးရေး မြင်နေရ၏။

မျက်စိတစ်မှိတ်အတွင်း၌ ယဇ်ပလ္လင်ပေါ်မှ မိစ္ဆာနတ်ဘုရားရုပ်တုက ကိုက်ပေါင်းဒါဇင်ချီအမြင့်ထိ ရောက်ရှိသွားပြီး ဆက်လက်ကြီးထွားနေသည်။

ချင်မူမှာ သူ၏ အသိစိတ်အလျဉ်က အက်ကွဲလိုက်လာသကဲ့သို့ ခံစားရ၏။ တုထျန်းမိစ္ဆာဘုရင်၏ စွမ်းအားသာ သက်ဆင်းလာသည် မဟုတ်၊ ၎င်း၏ အသိစိတ်ဝိညာဉ်ကလည်း အရှိန်အဟုန်နှင့် စီးဝင်လာသည်။ ဤသည်က အလွန်တရာ ရက်စက်ကြမ်းကြုတ်၍ ကြောက်မက်ဖွယ်ရာကောင်းသော အသိစိတ်ဝိညာဉ် ဖြစ်၏။ ချင်မူ၏ အသိစိတ်အလျဉ်မှာ ဤကြောက်မက်ဖွယ်ရာ အသိစိတ်ဝိညာဉ်၏ ရှေ့တွင် ပုရွက်ဆိတ်လေး တစ်ကောင်ပမာ ဖြစ်သွားပြီး အချိန်မရွေး ဖိချေနင်းသတ်ခံရတော့မည်ကဲ့သို့ ဖြစ်သွားသည်။

ဤမိစ္ဆာဘုရင်က အလွန်တရာ ရက်စက်ကြမ်းကြုတ်လှပြီး ချင်မူ၏ သေရေး၊ ရှင်ရေးကို ထည့်မတွက်ပေ။ ဝေးကွာသော ဟင်းလင်းပြင်အချိန်ကာလ တစ်ခုမှ သူ၏ စွမ်းအားနှင့် အသိစိတ်ဝိညာဉ်ကို မိစ္ဆာနတ်ဘုရားရုပ်တုထဲသို့ အဆက်မပြတ် ပို့လွှတ်နေ၏။

မိစ္ဆာနတ်ဘုရားရုပ်တုက ဆက်လက် ကြီးထွား ပြန့်ကားနေဆဲ ရှိသည်။ သစ်သားစများက တဖျောင်းဖျောင်း ကျိုးပဲ့၍ အသွေးအသား ခန္ဓာကိုယ်တစ်ခုအဖြစ်သို့ ပြောင်းလဲလာ၏။

ဂျွတ်… ဂျွတ်…။

ယဇ်ပလ္လင် ပတ်လည်တွင်တော့ မိုးကြိုးလျှပ်စီးများ တဝုန်းဝုန်း ကျရောက်လာပြီး ချန်ဝမ်ယွင်နှင့် ကျန်သူများမှာ အဆက်မပြတ် နောက်ဆုတ်နေကြရသည်။ နဂါးချီလင်နှင့် မြေခွေးလေးမှာလည်း ဆက်တိုက် နောက်ဆုတ်နေရ၏။ မိစ္ဆာနတ်ဘုရားရုပ်တုမှ အားကောင်းသော အရှိန်အဝါအငွေ့အသက်ကြောင့် နဂါးချီလင်မှာ ခြေကုပ်ပင် မမြဲချင်တော့ပေ။

မိစ္ဆာနတ်ဘုရားရုပ်တု၏ ခြေထောက်အောက်တွင်တော့ ချင်မူ၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီနေပြီး သူ့မျက်ခုံးနှစ်ခုအလယ်၌ အက်ကွဲကြောင်း တစ်ခု ပေါ်ထွက်လာ၏။ မျက်ခုံးအလယ်မှ အလင်းပွင့်များ တဖျစ်ဖျစ် မြည်၍ တိုးထွက်လာပြီး မိစ္ဆာနတ်ဘုရားရုပ်တုပေါ်သို့ ထွန်းလင်းကျရောက်သွားသည်။

ထိုအလင်းပွင့်များထဲတွင် ခိုအောင်းပါဝင်လာသည်က တုထျန်းမိစ္ဆာဘုရင်၏ အသိစိတ်ဝိညာဉ် ဖြစ်၏။ သူ၏ အသိစိတ်ဝိညာဉ်က အင်အားကြီးမားလွန်းသဖြင့် ချင်မူ၏ အသိစိတ်အလျဉ်ကို ဖျက်ဆီးပစ်တော့မလို ဖြစ်လာသည်။

ချင်မူ၏ နဖူးထက်တွင် သွေးများ အဆက်မပြတ် ယိုစီး၍ ထိုသွေးများ၏ မီးလောင်ညှော်နံ့ပင် ရလာ၏။ သူ မည်သို့မျှ လှုပ်ရှား၍ မရ။ ရုတ်တရက် အံကိုတင်းတင်း ကြိတ်၍ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို ဇွတ်အတင်း လှည့်လည်ပြီး သူ၏ အသိစိတ်အလျဉ်ကို ကာကွယ်ရန် ကြိုးစားလိုက်သည်။

သူ့စိတ်အာရုံက စဉ်းစားတွေးတောနိုင်ခြင်း မရှိဘဲ ရပ်တန့်သွားပြီ ဖြစ်၏။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို စတင် လှည့်လည်လိုက်သောအခါ သူ့အပေါ် သက်ရောက်နေသည့် ဖိအားက သိသိသာသာ လျော့ကျသွားသည်။ ရုတ်တရက် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ် လမ်းကြောင်းမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲတွင် တစ်စုံတစ်ခု ထပ်တိုးလာသလို ချင်မူ ခံစားလိုက်မိ၏။

ထိုအခိုက်၌ ကောင်းကင်တစ်ခွင်လုံး တုန်ခါသွားနိုင်လောက်သည့် အော်ဟစ်သံများ ထွက်ပေါ်လာပြီး ဝိညာဉ်လက်နက်များက တိမ်ဆုပ်များသဖွယ် ဝဲဖြန့်ကျရောက်လာသဖြင့် ဤကိစ္စကို စဉ်းစားမနေအားတော့ပေ။

မိစ္ဆာနတ်ဘုရားရုပ်တုက ခြေထောက်ကို ပင့်မြှောက်၍ နင်းချလိုက်သဖြင့် သူ့နားထဲတွင် တဝုန်းဝုန်း တုန်ခါသံများ မြည်ဟည်းသွားသည်။ ထိုတုန်ခါမှုများကြောင့် မြို့စားနန်းဆောင်ရှိ မရေမတွက်နိုင်သော အဆောက်အဦများမှာ ပြိုလဲသွား၏။ ဝိညာဉ်လက်နက်များမှာ အနားသို့ မရောက်နိုင်မီပင် အစိတ်စိတ်အမြွှာမြွှာ ကျိုးပဲ့လွင့်ထွက်သွားသည်။

“မိစ္ဆာနုတ်ပယ်အမိန့်…”

အပြင်ဘက်မှ တာအိုရသေ့များ တစ်ဟုန်ထိုး ပြေးဝင်လာ၏။ ခေါင်းဆောင်တာအိုရသေ့က ဤမြင်ကွင်းကို မြင်သောအခါ ဒေါသအိုးပေါက်ကွဲ၍ မျက်လုံးများ ပြူးကျယ်သွားသည်။ တာအိုရသေ့တစ်ဒါဇင်ကျော်က သူတို့ခါးရှိ အိတ်များကို ပုတ်လိုက်သောအခါ မရေမတွက်နိုင်သော အဝါရောင် အဆောင်စာရွက်များ ပျံဝဲထွက်ပေါ်လာ၏။

ထိုအဝါရောင် အဆောင်စာရွက်များပေါ်တွင် ထူးဆန်းသော မှော်သင်္ကေတများ ရေးသားထားပြီး ထိုသင်္ကေတများက တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်နှင့် ခြားနားနေသည်။ အဝါရောင် အဆောင်စာရွက်များက တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍ အဝါရောင် စာရွက်ပြင်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွား၏။

ထိုအဝါရောင်စာရွက်များရှိ မြောက်မြားစွာသော မှော်သင်္ကေတများက တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပေါင်းစည်း၍ အလွန်တရာ ကြီးမားရှုပ်ထွေးသော စာလုံးကြီးတစ်လုံး ဖြစ်သွားသည်။

မဟာတောင်တော်ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်၊ မိစ္ဆာနုတ်ပယ် အမိန့်မှော်အစီအရင်…။

မဟာတောင်တော်ဂိုဏ်းမှ တာအိုရသေ့ တစ်ဒါဇင်ခန့်က မှော်မန္တာန်များ သံပြိုင်ရွတ်ဖတ်လိုက်ကြပြီး သူတို့၏ ချီစွမ်းအင်များက အဝါရောင်စာရွက်ပြင်ကြီးပေါ်ရှိ မှော်စာလုံးကြီးကို အသက်သွင်းလိုက်သည်။ မိစ္ဆာနုတ်ပယ် အမိန့်မှော်အစီအရင်က အလင်းရောင်များ တောက်ပလာပြီး တုထျန်းမိစ္ဆာဘုရင်ပေါ်သို့ ထွန်းလင်းကျရောက်သွား၏။

မိစ္ဆာနတ်ဘုရားရုပ်တု၏ ကိုယ်ပေါ်သို့ မိစ္ဆာနုတ်ပယ် အမိန့်မှော်အစီအရင် ကျရောက်သွားသည်နှင့် တုထျန်းမိစ္ဆာဘုရင်၏ မျက်လုံးများ တစ်လုံးပြီးတစ်လုံး ပွင့်လာကာ လျှပ်စီးတန်းတစ်ခု ပစ်လွှတ်၍ မိစ္ဆာနုတ်ပယ် အမိန့်မှော်အစီအရင်ကို ဖျက်ဆီးပစ်လိုက်သည်။ မိစ္ဆာနုတ်ပယ် အမိန့်မှော်အစီအရင်၏ အောက်ရှိ ဒါဇင်ချီသော တာအိုရသေ့များများလည်း သူ့အကြည့်ဒဏ်ကို ခံရကာ ပြာဖြစ်သွား၏။

မိစ္ဆာနုတ်ပယ် အမိန့်မှော်အစီအရင် တုထျန်းမိစ္ဆာဘုရင်၏ ကိုယ်ပေါ်သို့ ကျရောက်လာသောအခါ ချင်မူမှာ သူ၏ မျက်ခုံးနှစ်ခု အလယ်၌ ရုတ်တရက် အလေးကြီး ဖယ်လိုက်သကဲ့သို့ ပေါ့ပါးသွားသည်။ သူ့ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်လာနိုင်ပြီး အလျင်အမြန် နောက်ခုန်ဆုတ်လိုက်၏။

သူ့ရင်ထဲတွင် ပဟေဠိများ ရှိနေဆဲ ဖြစ်သည်။ သူဆင့်ခေါ်လိုက်သည့် ဤမိစ္ဆာနတ်ဘုရားက အနည်းငယ် ကွဲပြားခြားနားနေပုံ ရှိ၏။ သူ့စကားကို လုံးဝ နားမထောင်ချေ။ အလွန်တရာ ရက်စက်ကြမ်းကြုတ်ပြီး ဆင့်ခေါ်သူ၏ သေရေးရှင်ရေးကို အနည်းငယ်မျှပင် ဂရုမစိုက်။ ဤမိစ္ဆာနတ်ဘုရားက သာမန်မိစ္ဆာနတ်ဘုရားတစ်ပါး ဟုတ်ပုံမရချေ။

“နောက်ဆုတ်ကြစို့…”

ချင်မူက အခြားသူများထံ လျင်မြန်စွာ ပြေးသွားပြီး အော်ဟစ်လိုက်သည်။ “နဂါးကြီး၊ မင်းရဲ့ ပုံသဏ္ဌာန်အမှန်ကို ပြောင်းပြီး ငါတို့ကို မြို့ပြင်ခေါ်ထုတ်သွား…”

နဂါးချီလင်က တစ်ချက်မြည်ကြွေးလိုက်ပြီး အပူလှိုင်းများ တစ်မုဟုတ်ချင်း ပျံ့နှံ့ထွက်ပေါ်လာ၏။ ယွဲ့ချင်းဟုန်နှင့် ယွင်ချွယ်မှာ အဝေးသို့ လွင့်စင်သွားသည်။ ချန်ဝမ်ယွင်နှင့် ဝံပုလွေကျွန်မှာ ဟန်ချက်ပျက်၍ နောက်သို့ ခြေနှစ်လမ်းခန့် ဆုတ်လိုက်ရ၏။ စစ်ယွင်ရှန်းမှာ အနည်းငယ်မျှသာ ယိမ်းယိုင်သွားပြီး နောက်မဆုတ်ရချေ။

နဂါးချီလင်၏ ခန္ဓာကိုယ်က ကြီးထွားပြန့်ကားလာပြီး အစစ်အမှန်မီးလျှံများ တရှိန်ရှိန် ရစ်သိုင်းလွှမ်းခြုံနေ၏။ မျက်စိတစ်မှိတ်အတွင်း၌ ပေလေးရာခန့် ရှည်လျားသော သတ္တဝါကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်အမြင့်က မြို့ရိုးမျှော်စင်ထက်ပင် မြင့်မားပြီး လှုပ်ရှားလိုက်သည့်အခါတိုင်း ဘေးပတ်ဝန်းကျင်မှ လေထုမှာ ပိကျပ်ညှပ်သိပ်လာသည့် ဖိအားကြောင့် အဆက်မပြတ် ပေါက်ကွဲမြည်ဟည်းနေ၏။

ချင်မူက ယွဲ့ချင်းဟုန်နှင့် ယွင်ချွယ်တို့ထံ အပြေးသွား၍ ဆွဲခေါ်ပြီး မျက်စိတစ်မှိတ်အတွင်း နဂါးချီလင်၏ ဘေးသို့ ရောက်ရှိကာ ၎င်း၏ နောက်ကျောပေါ်သို့ ခုန်တက်လိုက်သည်။

ချန်ဝမ်ယွင်နှင့် စစ်ယွင်ရှန်းတို့လည်း ခုန်တက်လာပြီး ချင်မူက အော်ဟစ်လိုက်၏။ “ပြေး ပြေး… အမြန်ဆုံးပြေး…”

နဂါးချီလင်၏ ခြေထောက်အောက်တွင် မီးလျှံတိမ်တိုက်များ ပေါ်ထွက်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွား၏။ ထိုအခိုက်၌ သူတို့၏ နောက်မှာ တုထျန်းမိစ္ဆာဘုရင်၏ အသံ ပေါ်ထွက်လာပြီး လေထုတစ်ခုလုံး တုန်ခါသွားသည်။ “ပြေးမယ် ဟုတ်လား… ဘယ်ကို ပြေးမှာလဲ… နောက်ဆုံးတော့ ငါ့ကို ဆင့်ခေါ်နိုင်တဲ့သူ ရှိလာပြီ၊ တုထျန်းမှော်ပညာတွေ ဖြန့်ဝေခဲ့တာ အလကား မဖြစ်တော့ဘူး… ဒီနေရာမှာ ယဇ်ပလ္လင်တစ်ခု တည်ဆောက်ပြီး ငါ့ရဲ့ ခန္ဓာကိုယ်အစစ်နဲ့ တုထျန်းပြည်သူပြည်သားတွေကို ဆင့်ခေါ်ရမယ်… ဟား ဟား ဟား… မင်းတို့အားလုံးက ငါ့ယဇ်ပလ္လင်ပေါ်က အရိုးစုတွေ ဖြစ်လာလိမ့်မယ်…”

သူ၏ ကြီးမားသော လက်ဝါးကြီးက လှမ်း၍ ဖမ်းဆုပ်လာပြီး ပတ်ဝန်းကျင် လေထုတစ်ခုလုံး အေးခဲကာ လေထဲတွင် ပျံထွက်ပြေးလွှားနေသည့် နဂါးချီလင်မှာ နေရာတွင် မလှုပ်မယှက်နိုင် ရပ်တန့်သွား၏။ နဂါးချီလင်က သူ၏ မှော်စွမ်းအားကို အားကုန် ထုတ်သုံးပြီး ခြေထောက်အောက်မှ မီးလျှံတိမ်တိုက်များ တဟဲဟဲ ထလာသော်လည်း အနည်းငယ်မျှပင် ရွေ့လျားနိုင်ခြင်း မရှိပေ။

တုထျန်းမိစ္ဆာဘုရင်က သူတို့ကို ဖမ်းဆုပ်ချေမွတော့မည် ပြင်လိုက်စဉ် နဂါးတွန်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ရေနဂါးတစ်ကောင်ကို စီးနင်းလာသော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က အညှာအတာကင်းမဲ့စွာ ခုန်ဝင် တိုက်ခိုက်လိုက်၏။ သူ၏ ရေနဂါးကြီးက တုထျန်းမိစ္ဆာဘုရင်၏ ခန္ဓာကိုယ်ကို ရစ်ပတ်၍ မျက်နှာတည့်တည့်သို့ လျှပ်စီးတန်းများ၊ မီးတောက်မီးလျှံများ မှုတ်ထုတ်လိုက်သည်။

ရေနဂါးကြီး၏ ခေါင်းပေါ်တွင် ရပ်လျက်လိုက်ပါလာသော သက်လတ်ပိုင်းအရွယ် လူကြီး၏ လက်ထဲမှလည်း ဓားရောင်များ တဖျတ်ဖျတ် လက်သွားပြီး တုထျန်းမိစ္ဆာဘုရင်၏ ဦးခေါင်းသို့ ထိုးစိုက်လိုက်၏။

ချင်မူတို့မှာ အနှောင်အဖွဲ့မှ လွတ်မြောက်သွားပြီး နဂါးချီလင်က တစ်မုဟုတ်ချင်း ကောင်းကင်ယံသို့ ထိုးတက်၍ မြို့ပြင်သို့ ပျံထွက်လိုက်သည်။ ချင်မူက သက်ပြင်းတစ်ချက် ချလိုက်၏။ “နဂါးစီးဂိုဏ်းရဲ့ နဂါးဘုရင် ရောက်လာပြီ…”

ထိုအခိုက်၌ စူးစူးရှရှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ ဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး အဆင့်ရှိသော ရေနဂါးကြီးမှာ တုထျန်းမိစ္ဆာဘုရင်၏ အင်အားသုံး ဆွဲခွာခြင်း ခံလိုက်ရ၏။ နဂါးစီးဂိုဏ်း၏ နဂါးဘုရင်ရော ထိုရေနဂါးပါ သွေးအန်ပြီး နောက်ပြန်ဆုတ်လာရသည်။

“ဂါး…”

တုထျန်းမိစ္ဆာဘုရင်၏ မျက်နှာလေးဖက်က ပါးစပ်ပေါက်များ ဖွင့်ဟ၍ အားကုန်သုံး အော်ဟစ်ဟိန်းဟောက်လိုက်၏။ တစ်လောကလုံး သိမ့်သိမ့်တုန်သွားလောက်သည့် အသံလှိုင်းများက တစ်ရှိန်ထိုး ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော လူများ ဒွါရကိုးပေါက်မှ သွေးများယိုစီးကျလာသည်။

နဂါးချီလင်၏ ခန္ဓာကိုယ်မှာလည်း ထိုဟိန်းဟောက်သံကြောင့် ယိမ်းယိုင်သွား၏။ ရုတ်တရက် တုထျန်းမိစ္ဆာဘုရင်၏ မျက်လုံးဆယ့်နှစ်လုံးစလုံး ဝင်းခနဲ လင်းတောက်၍ လျှပ်စီးတန်းများ ထွက်ပေါ်လာကာ အရပ်မျက်နှာအနှံ့မှ ခုန်ဝင်လာသော ကောင်းကင်လှိုင်းမြို့၏ အဆင့်မြင့်ပညာရှင်များထံ ကျရောက်ထိမှန်သွားသည်။ နဂါးချီလင်မှာလည်း တင်ပါးတွင် လျှပ်စီးတန်းတစ်ခု ထိမှန်ခံလိုက်ရပြီး နာကျင်စွာ အော်ဟစ်၍ ကောင်းကင်ယံမှ ပြုတ်ကျသွား၏။

ကံကောင်းသည်မှာ သူ၏ အရေပြားက ထူထဲလှသည့်အတွက် တုထျန်းမိစ္ဆာဘုရင်၏ လက်ချက်ဖြင့် သေမသွားခြင်း ဖြစ်သည်။

နဂါးချီလင်မှာ ကောင်းကင်လှိုင်းမြို့ထဲသို့ ပြန်ပြုတ်ကျလာ၏။ သူ့ခန္ဓာကိုယ်က တစ်ချက်ယိမ်းယိုင်၍ ပြန်ကျုံ့ဝင်သွားသည်။ ချင်မူနှင့် ကျန်သူများမှာ သူ့ကျောပေါ်မှ အမြန်ဆင်းလိုက်ကြ၏။ တုထျန်းမိစ္ဆာဘုရင်က မြို့စားနန်းဆောင်အတွင်းရှိ အဆင့်မြင့် ပညာရှင်များအားလုံးကို သတ်ဖြတ်၍ တဟားဟား ရယ်မောလိုက်သည်။ “တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်ကို သင်ပေးလိုက်တဲ့သူက ငါပဲ… မင်းတို့ ပမွှားလေးတွေ မတွေးမိကြဘူး မဟုတ်လား… မင်းတို့ရဲ့ အလောင်းကောင်တွေကို သုံးပြီး ငါ့ခန္ဓာကိုယ်အစစ် သက်ဆင်းဖို့ ယဇ်ပလ္လင်တစ်ခု တည်ဆောက်မယ်… ငါ့တုထျန်းပြည်သူပြည်သားတွေ အားလုံး ဒီကမ္ဘာလောကကို သက်ဆင်းလာလိမ့်မယ်…”

ယွဲ့ချင်းဟုန်မှာ ကျောက်ရုပ်သဖွယ် ဖြစ်သွားပြီး တီးတိုးရေရွတ်လိုက်သည်။ “တော်ဝင်ကျောင်းတော်သားချင်၊ ဘယ်လိုမိစ္ဆာနတ်ဆိုးမျိုးကို နင် ဆင့်ခေါ်လိုက်တာလဲ…”

ချင်မူမှာလည်း မှင်တက်မိနေ၏။ “ငါလည်း မသိတော့ဘူး… ငါတို့ မြန်မြန် ထွက်ပြေးကြစို့၊ လုံကျောင်းနန် လာနေပြီ…”

All Chapters