ယောက်ျားလား၊ မိန်းမလား
Vol. 14 Ch. 188
သူတို့ နဂါးချီလင်ကို ခေါ်ဆောင်၍ အလျင်အမြန် ပြေးထွက်လာခဲ့သည်။ နဂါးချီလင်က ဒဏ်ရာရသွားသည့်အတွက် သူ့ခြေထောက်များက ပြေးလွှားရန် အဆင်မပြေတော့။ ဟူလင်းအာက ချင်မူ၏ ကျောပေါ်သို့ ခုန်တက်၍ လေပွေတစ်ခုကို ဆင့်ခေါ်ကာ နဂါးချီလင်ကို ထိုလေပွေဖြင့် ချီမခေါ်ဆောင်လာခဲ့၏။
မြစ်ကမ်းဘေး တောင်တန်းများပေါ် တည်ဆောက်ထားသော ကောင်းကင်လှိုင်းမြို့ကတော့ သူတို့၏ နောက်ဘက်တွင် ပြိုကျပျက်စီးကျန်ရစ်သည်။ မိစ္ဆာဘုရင်က မြို့ထဲရှိ အဆင့်မြင့် ပညာရှင်များနှင့် တိုက်ခိုက်ရင်း သူ့လက်အောက်၌ သေဆုံးသွားသူတို့၏ အရိုး၊ အသားများဖြင့် ယဇ်ပလ္လင်တစ်ခု တည်ဆောက်နေ၏။
သွေးစွန်းနေသော ခြေရိုးလက်ရိုးများ၊ ဦးခေါင်းခွံများက လေထဲတွင် ပျံဝဲ၍ မိစ္ဆာဘုရင်၏ ခြေရင်းသို့ ကျရောက်ကာ တစ်လွှာပြီးတစ်လွှာ စုပုံလာသည်။
မိစ္ဆာဘုရင်၏ ခန္ဓာကိုယ်အစစ်က တုထျန်းပြည်ဟုခေါ်သော နေရာတွင် ရှိနေသေးပြီး မှော်စွမ်းအားနှင့် အသိစိတ်ဝိညာဉ်သာ သက်ဆင်းလာသော်လည်း သူ့ခွန်အားက ဂိုဏ်းချုပ်ကြီးအဆင့် ပညာရှင်များထက်ပင် သာလွန်နေပြီ ဖြစ်၏။
ကောင်းကင်လှိုင်းမြို့တွင် နဂါးစီးဂိုဏ်းမှ နဂါးဘုရင် တစ်ဦးတည်းသာ ဂိုဏ်းချုပ်ကြီးအဆင့် ပညာရှင် မဟုတ်။ အခြား သေခြင်းရှင်ခြင်းအဆင့်နှင့် ကောင်းကင်တံတားအဆင့် ပညာရှင်များလည်း ရှိသေးသည်။ သို့သော်လည်း သူတို့အားလုံး ဝိုင်းတိုက်သည့်တိုင် တုထျန်းမိစ္ဆာဘုရင်ကို အနိုင်မရချေ။ သူတို့သာ တစ်ယောက်ပြီးတစ်ယောက် ဒဏ်ရာရသွားကြ၏။
မြို့ထဲတွင် တပ်စွဲထားသည့် သူပုန်တပ်များအတွက်တော့ ထောင်ချီသော ကောင်းကင်နတ်သိုင်း ပညာရှင်များ အားလုံး တုထျန်းမိစ္ဆာဘုရင်၏ အော်ဟစ်ဟိန်းဟောက်သံကြောင့် ဒဏ်ရာရသွားပြီး ထိုထဲမှ မရေမတွက်နိုင်သောသူများမှာ တုထျန်းမိစ္ဆာဘုရင်၏ မျက်လုံးဆယ့်နှစ်လုံးမှ လျှပ်စီးတန်းများကြောင့် အသက်ဆုံးရှုံးသွားကြသည်။
တစ်မြို့လုံး ဖရိုဖရဲ ဖြစ်နေပြီး မရေမတွက်နိုင်သော စစ်သည်များ ဝရုန်းသုန်းကား အသက်လုပြေးနေရ၏။ အချို့မှာ မြစ်ထဲသို့ ခုန်ချသွားကြသည်။ သို့သော်လည်း ထိုသူများအားလုံးမှာ ကြီးမားသော လှိုင်းလုံးကြီးများ၏ ရိုက်ခတ်မှုကြောင့် တောင်စောင်းနံရံနှင့် မိတ်ဆက်ပြီး အပိုင်းပိုင်းအစစ ဖြစ်သွား၏။
ကောင်းကင်လှိုင်းမြို့တွင် တပ်စွဲထားသူများမှာ ဂိုဏ်းအသီးသီးမှ ဂိုဏ်းသားများ ဖြစ်ပြီး စစ်တပ်တစ်တပ်မှ စစ်သည်များကဲ့သို့ စည်းကမ်းသေဝပ်ခြင်း၊ အမိန့်နာခံခြင်းမျိုး မရှိပေ။ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ အန္တရာယ်မျိုးနှင့် ကြုံသည့်အခါ တစ်မုဟုတ်ချင်း ကသောင်းကနင်း ဖြစ်၍ စိတ်ဓာတ်ပျက်ပြားသွားကြ၏။ လက်နက်ကိုင်တပ်ဖွဲ့များ အားလုံး စုစည်း၍ သိုင်းဝင်္ကပါခင်းကာ တုထျန်းမိစ္ဆာဘုရင်ကို ပိတ်ဆို့တိုက်ခိုက်ခြင်းမျိုး မပြုလုပ်နိုင်ကြချေ။
ချင်မူ မဟာတံတိုင်းအလွန်သို့ ပါမောက္ခပါ့ရှန်းနှင့် လိုက်ခဲ့စဉ်တွင် မြက်ခင်းလွင်ပြင်မှ အဆင့်မြင့်ပညာရှင် ရှစ်ရာကျော်၏ စုပေါင်းစွမ်းအားက ပါမောက္ခပါ့ရှန်၏ ကောင်းကင်နတ်သိုင်းဖြစ်သော ကောင်းကင်ဝိညာဉ်ကမ်းပါးနံရံကို ထိုးဖောက်ဖျက်ဆီး၍ ထပ်ခါထပ်ခါ နောက်ဆုတ်ပေးရအောင် တိုက်ခိုက်နိုင်သည်ကို မြင်တွေ့ဖူး၏။
ပါမောက္ခပါ့ရှန်က ဂိုဏ်းချုပ်ကြီးအဆင့် ပညာရှင်တစ်ယောက် ဖြစ်ပြီး သူပင် နောက်ဆုတ်ရအောင် ဖိအားပေးခံခဲ့ရသည်။ ကောင်းကင်လှိုင်းမြို့ထဲတွင် ထောင်ချီသော ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် သိုင်းသမားများ ရှိနေသည်ဖြစ်ရာ သူတို့အားလုံး စုပေါင်းလိုက်လျှင် တုထျန်းမိစ္ဆာဘုရင်ကို တစ်ခဏတော့ ရင်ဆိုင်ခုခံနိုင်မည် ဖြစ်၏။ သို့သော်လည်း ဂိုဏ်းအသီးသီးက တစ်ယောက်တစ်ပေါက် တိုက်ခိုက်ထွက်ပြေးနေကြပြီး စုစည်းနိုင်ခြင်း မရှိပေ။ သူတို့၏ အသက်ရှင်သန်ရေးက ပိုအရေးကြီးနေကြ၏။
ချင်မူ နောက်ပြန်လှည့်ကြည့်မိသောအခါ လုံကျောင်းနန်က အသည်းအသန် လိုက်လာကြောင်း တွေ့လိုက်ရသည်။ သို့သော်လည်း သူတို့နောက် လိုက်လာသည်ပုံတော့ မရချေ။
“အိုး ဟုတ်သားပဲ၊ သူလည်း အသက်လုပြေးနေတာ နေမှာပေါ့…” ချင်မူ သဘောပေါက်သွား၏။
ဘုန်း…။
အဆင့်မြင့်ပညာရှင်များ ထိပ်တိုက်ရင်ဆိုင်တွေ့ရာမှ ထွက်ပေါ်လာသော အားလှိုင်းများက ကြောက်မက်ဖွယ်ရာကောင်းအောင် တုန်ခါပျံ့နှံ့သွားသည်။ အဆာက်အဦများ ပြိုကျပျက်စီးသွားပြီး ချင်မူတို့ လေထဲသို့ မြောက်တက်သွား၏။ မရေမတွက်နိုင်သော လူများမှာ ခြေလက်များ ကျိုးပဲ့၍ အရပ်မျက်နှာအနှံ့ လွင့်စင်ထွက်သွားသည်။
ဘုန်း… ဘုန်း…။ သူတို့ လေထဲတွင် ရှိနေစဉ်ပင် နောက်ထပ် အားလှိုင်းများ ထပ်မံ ရိုက်ခတ်လာပြီး ချင်မူ သွေးအန်သွား၏။ ဤအားလှိုင်းများဒဏ်ကြောင့် ဟူလင်းအာ တုန်ခါသေဆုံးသွားမည် စိုးသဖြင့် သူ့ကျောပိုးအိတ်ပေါ်မှ ကမန်းကတန်း ဆွဲခေါ်ပြီး ခပ်တင်းတင်း ဖက်ထားလိုက်သည်။
စတုတ္ထမြောက် အားလှိုင်း ရိုတ်ခတ်လာသည်တွင် ချင်မူ အင့်ခနဲ ညည်းညူမိပြီး လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို လှည့်လည်လိုက်၏။ သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က တစ်မုဟုတ်ချင်း ကြံ့ခိုင်သန်မာသွားသော်လည်း အဝေးသို့ လွင့်ထွက်သွား၏။
ဘုတ်…။
ချင်မူ မြေပေါ်သို့ ပြုတ်ကျ၍ အပတ်ပေါင်းများစွာ လိမ့်ပြီးမှ ရပ်တန့်သွားသည်။ သူက တောအုပ်တစ်အုပ်ထဲသို့ ပြုတ်ကျသွားခြင်း ဖြစ်၏။ လေလှိုင်းတစ်ခုက ထိုတောအုပ်အထက်မှ ဖြတ်သန်းသွားပြီး မရေမတွက်နိုင်သော သစ်ပင် ထိပ်ဖျားပိုင်းများ ပြတ်တောက်သွားသည်။
ဤသည်က ကောင်းကင်လှိုင်းမြို့ရှိ အဆင့်မြင့်ပညာရှင်များ၏ ကောင်းကင်နတ်သိုင်းမှ ထွက်ပေါ်လာသော အားလှိုင်း ဖြစ်၏။
ချင်မူ၏ နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျလာပြီး ရင်ဘတ်တွင် တစ်ဆို့ဆို့ ဖြစ်သွားသည်။ တစ်ခဏကြာမှ အသက်လုရှူနိုင်ပြီး ရင်ညွန့်ရိုး၊ နံရိုးများဆီမှ ဖျောက်ခနဲ အသံများ ကြားလိုက်မိ၏။ သူ့ရင်ဘတ်က ဒဏ်ရာရသွားချေပြီ။
အသက်ပြင်းပြင်းတစ်ချက် ရှိုက်ရှူပြီး ဟူလင်းအာကို ရင်ခွင်ထဲမှ ထုတ်ယူလိုက်သည်။ ဟူလင်းအာလည်း ဒဏ်ရာအပြင်းအထန် ရထားပြီး သတိလစ်နေ၏။ ချင်မူ သူ့ထောင်ထျယ်အိတ်ထဲမှ ကျောက်စိမ်းပုလင်းတစ်လုံးကို အလျင်အမြန် ထုတ်ယူလိုက်သည်။ ထို့နောက် ဟူလင်းအာ၏ ပါးစပ်ကို ဖြဲ၍ နဂါးသွားရည် သုံးလေးစက် လောင်းထည့်လိုက်၏။
တစ်ခဏကြာပြီးသောအခါ ဟူလင်းအာ ပြန်သတိရလာပြီး ငိုင်ငိုင်တွေတွေ ဖြစ်သွားသည်။ ပြီးမှ ဆို့ဆို့နင့်နင့် လေသံဖြင့် ပြောလိုက်၏။ “ကျွန်မ နဂါးကြီးကို ထိန်းမထားနိုင်လိုက်ဘူး…”
နဂါးချီလင်က လမ်းလျှောက်ရန် အဆင်မပြေတော့သည့်အတွက် ဟူလင်းအာက မှော်ပညာဖြင့် လေပွေတစ်ခု ဆင့်ခေါ်ပြီး နဂါးချီလင်ကို လေပွေပေါ်တွင် တင်၍ ခေါ်လာခဲ့သည်။ အစောပိုင်းမှ အားလှိုင်းများက သူ၏ မှော်မန္တန်ကို ဖျက်ဆီးပစ်သဖြင့် နဂါးချီလင်မှာ အဝေးသို့ လွင့်စင်သွား၏။
ချင်မူက သူ့ကို နှစ်သိမ့်လိုက်သည်။ “ဘာမှ မဖြစ်လောက်ပါဘူး… နဂါးချီလင်က တင်ပါးမှာ ဒဏ်ရာလေးနည်းနည်း ရသွားရုံပါ၊ တစ်ခုပဲ သူ့ဒဏ်ရာသူ လှမ်းမလျက်နိုင်မှာပဲ စိုးရတာ… ပြီးတော့ ချန်ဝမ်ယွင်နဲ့ ကျန်တဲ့သူတွေလည်း လွင့်ထွက်သွားတာပဲ…”
“နဂါးကြီးက တန်ဖိုးရှိတယ်…”
ဟူလင်းအာက ရွှတ်ခနဲ ရှိုက်လိုက်၏။ “ချန်ဝမ်ယွင်နဲ့ ကျန်တဲ့သူတွေက ဘာမှ အသုံးဝင်တာ မဟုတ်ဘူး…”
ချင်မူ ထရပ်၍ ချီစွမ်းအင်ကို လှည့်ပတ်ကာ သူ့ရင်ဘတ်ထဲမှ စိမ့်ထွက်လာသော သွေးများကို ညှစ်ထုတ်ပစ်လိုက်သည်။ ထို့နောက် ဟူလင်းအာကို ကောက်မလိုက်၏။ “သူတို့ကို သွားရှာကြစို့…”
စကားအဆုံးတွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။ တောနက်ထဲမှ သစ်ပင်လဲသံများ မြည်ဟည်း၍ ကြီးမားသော မြွေကြီးတစ်ကောင် လျှောခနဲ ထွက်လာ၏။
ထိုမြွေကြီးက ချင်မူနှင့် ဝေ့ယုံတို့ ရွှေမြို့တော်သို့ အသွားတွင် သူတို့ စီးနင်းလာသော သင်္ဘောကို ဖျက်ဆီးခဲ့သည့် မြွေကြီး ဖြစ်သည်။
လုံကျောင်းနန် မွေးမြူထားသည့် သတ္တဝါကြီး ဖြစ်၏။
“အဟွတ် အဟွတ်…”
မြွေခေါင်းပေါ်မှ ချောင်းဆိုးသံ တဟွတ်ဟွတ် ထွက်ပေါ်လာသည်။ ချင်မူ မော့ကြည့်လိုက်သောအခါ မြွေကြီး၏ ခေါင်းပေါ်တွင် ထိုင်လျက် လိုက်ပါလာပြီး ချောင်းတဟွတ်ဟွတ် ဆိုး၍ သွေးအန်နေသော ချောမောလှပသည့် ယောက်ျားပျိုတစ်ဦးကို တွေ့ရ၏။
ထိုသူ၏ ပန်းထိုးထားသော ဝတ်စုံက အပေါက်အပြဲ ထောင်ချီရှိနေပြီး မျက်နှာပေါ်မှ နှုတ်ခမ်းနီ၊ ပါးနီများပင် ပျက်၍ ချုံးချုံးကျ အားအင်ကုန်ခန်းနေသည့်ပုံ ပေါ်နေသည်။
“မင်း… ကောင်းကင်လှိုင်းမြို့ကို ဖျက်ဆီးခဲ့တယ်… ငါ့ရဲ့ နဂါးစီးဂိုဏ်းကို ဖျက်ဆီးခဲ့တယ်…”
လုံကျောင်းနန်က မြွေကြီး၏ ခေါင်းပေါ်မှ ဒယိမ်းဒယိုင် ထရပ်လာပြီး ငိုမလို ရယ်မလို အသွင်နှင့် ဖြစ်နေ၏။ သူ့အကြည့်က ချင်မူ၏ ကိုယ်ပေါ်သို့ ကျရောက်လာသည်။ ချင်မူ ထိတ်လန့် တုန်လှုပ်သွားပြီး နောက်သို့ တစ်လှမ်းချင်း ဆုတ်သွားလိုက်၏။
လုံကျောင်းနန်က အဆင့်မြင့် ပညာရှင်တစ်ယောက် ဖြစ်ပြီး ရွှေမြို့တော် အပြင်ဘက်တွင် လေးမြားတပ်နှင့်ရော ဓားပျံတပ်ဖွဲ့နှင့်ပါ ရင်ဆိုင်ဖူးသည်။ ထိုတပ်ဖွဲ့များပင် သူ့ကို တားဆီးနိုင်စွမ်း မရှိဘဲ အထိအခိုက်မရှိ ထွက်ပြေးလွတ်မြောက်နိုင်၏။
“မင်း ဘယ်သူလဲ…”
ကြီးမားသော မြွေကြီးက ပါးပျဉ်းထောင်၍ ချင်မူ့ကို ငုံ့ကိုင်းကြည့်ရှုလိုက်သည်။ လုံကျောင်းနန်က စူးစူးရှရှ အော်ဟစ်လိုက်၏။ “ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မင်းကို လွှတ်လိုက်တာလား…”
ချင်မူက စကားတစ်ခွန်းမျှ မဆိုဘဲ နောက်ဆုတ်သွားပြီး ကြီးမားသော သစ်ပင်ကြီးတစ်ပင်၏ နောက်သို့ ဖျတ်ခနဲ ခုန်ဝင်ပျောက်ကွယ်သွားသည်။
လုံကျောင်းနန်က စူးစူးရှရှ အော်ဟစ်ပြီး လက်ဆန့်၍ ဖမ်းဆုပ်လိုက်၏။ သူ၏ ချီစွမ်းအင်က ကြီးမားသော လက်ကြီးတစ်ခုအသွင် ပြောင်း၍ ထိုသစ်ပင်ကြီးကို အပိုင်းပိုင်းအစစဖြစ်အောင် ဆုပ်ညှစ်ချေမွပစ်သည်။
သို့သော်လည်း သစ်ပင်နောက်တွင် ချင်မူ၏ အရိပ်အယောင်ကို မတွေ့ရတော့ချေ။ လုံကျောင်းနန်မှာ ဒေါသအိုး ပေါက်ကွဲသွားပြီး သူ့လက်ကို ပင့်မြှောက်လိုက်၏။ မြေပြင်က အဆက်မပြတ် တုန်ခါ၍ မြေအောက်ထဲမှ ကျောက်ခဲချွန်များ ထိုးထွက်လာသည်။ ကိုက်ပေါင်း ဒါဇင်ချီပတ်လည်အတွင်း၌ ကျောက်ခဲချွန်များ ပြည့်သိပ်အောင် ထိုးထွက်လာပြီး ကျောက်ဆူးချွန်တောအုပ် တစ်ခုအသွင် ပြောင်းလဲသွား၏။
“ပြေးချင်တာ ဟုတ်လား… မင်း မပြေးနိုင်ပါဘူး…”
မြွေကြီးက လျှောတိုက်ရွေ့လျားသွားပြီး လမ်းတစ်လျှောက်ရှိ ကျောက်ဆူးချွန်များမှာ အပိုင်းပိုင်းအစစ ကြေမွကုန်သည်။ ထိုအခိုက်၌ ဒဏ်ရာအပြင်းအထန် ရထားဟန်ရှိသော လုံကျောင်းနန်မှာ မြွေကြီး၏ ဦးခေါင်းပေါ်တွင် လူသားမြွေတစ်ကောင်ကဲ့သို့ လူးလွန့်တွန့်လိမ်နေ၏။ အတန်ကြာအောင် လူးလွန့်နေပြီးနောက် သူ၏ ဦးခေါင်းက ရုတ်တရက် နှစ်ခြမ်းကွဲသွားသည်။ ထို့နောက် သူ့မျက်နှာပါ အက်ကွဲလိုက်လာ၏။ နောက်ထပ် ဦးခေါင်းတစ်လုံး ပေါ်ထွက်လာသည်။
သူက မြွေတစ်ကောင်ကဲ့သို့ ဆက်လက် တွန့်လိမ်နေပြီး များစွာမကြာလိုက်ဘဲ လူအရေခွံတစ်ခု ကွာကျကာ မိမွေးတိုင်း ဖမွေးတိုင်း ထရပ်လိုက်၏။ လုံကျောင်းနန်က အဝတ်အစားသစ် တစ်စုံကို ထုတ်ယူ၍ ဖြည်းညင်းစွာ ဝတ်ဆင်ရင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ ခစ်ခနဲ ရယ်မောလိုက်သည်။ “မင်း ဝေးဝေး မရောက်သေးဘူးဆိုတာ ငါသိတယ်… မင့်အကြည့်ကို ငါ ခံစားမိတယ်… မင်းက ငါ့ခန္ဓာကိုယ်ကို သဘောကျမဆုံး ဖြစ်နေတာ…”
သူနှင့် ကိုက်ပေါင်းသုံးရာခန့် ဝေးသောနေရာရှိ သစ်ပင်ကြီးတစ်ပင်၏ အခေါင်းထဲ၌ ချင်မူ ရှိနေပြီး သူ့အကြည့်က အသွင်ပြောင်းလဲသွားသော လုံကျောင်းနန်အပေါ်တွင် စူးစိုက်ကျရောက်နေ၏။ “နဂါးစီးဂိုဏ်းရဲ့ ကျင့်စဉ်က တကယ့်ကို ထူးခြားတာပဲ… အရေခွံလဲပြီး ခန္ဓာကိုယ်အသစ်တောင် ပြောင်းနိုင်တယ်… ဒါပေမဲ့ လုံကျောင်းနန်ကို နဂါးစီးဂိုဏ်းက နဂါးဘုရင်ရဲ့ သားလို့ ပြောကြတာ မဟုတ်ဘူးလား… ဘယ်လိုလုပ် သူက ဖွံ့ဖွံ့ထွားထွားရင်သားတွေနဲ့ မိန်းမတစ်ယောက် ဖြစ်နေရတာလဲ…”
သစ်ပင်ကြီး၏ နောက်သို့ ခုန်ဝင်ပြီးသည်နှင့် သူ၏ ဝတ်စုံကို တစ်မုဟုတ်ချင်း လွှင့်မြှောက်၍ အဝေးတစ်နေရာသို့ ခုန်ကူးကာ လုံကျောင်းနန်၏ အသေသတ်ကွက်ကို ရှောင်ရှားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏ ကျင့်စဉ်စွမ်းအင်က မြင့်မားခြင်း မရှိသည့်အတွက် ဝေးဝေးသို့ နေရာရွှေ့ပြောင်းနိုင်ခြင်း မရှိ။ ကိုက်ခြောက်ရာအကွာသို့သာ နေရာရွှေ့ပြောင်းနိုင်ပြီး တောအုပ်အပြင်သို့ ရောက်မသွားပေ။
သူ အံ့အားအသင့်ဆုံးမှာ လုံကျောင်းနန်၏ ကျင့်စဉ် ဖြစ်၏။ လုံကျောင်းနန်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ရှိသော်လည်း သူ့အရေခွံကို လဲပြီးသောအခါ မည်သည့် ဒဏ်ရာဒဏ်ချက်မှ ရှိမနေတော့ချေ။
ထို့ပြင် လုံကျောင်းနန်က မိမွေးတိုင်း ဖမွေးတိုင်း ပြန်ထွက်လာသည် ဖြစ်၍ သူ၏ ခန္ဓာကိုယ်က မိမိနှင့် မတူဘဲ စွဲမက်ဖွယ် ခန္ဓာကိုယ်ရှိသည့် အမျိုးသမီးတစ်ယောက်ကဲ့သို့ ဖြစ်နေကြောင်း ချင်မူ သတိပြုမိလိုက်၏။
“သူ့ရင်အုပ်ကို အတော်လေး လေ့ကျင့်ထားတာပဲ… ငါ့ထက် အများကြီး သာတယ်… အဲဒီအဆင့်ရောက်အောင် ငါ လေ့ကျင့်နိုင်မှာ မဟုတ်ဘူး…”
ချင်မူ တိတ်တဆိတ် ရေရွတ်လိုက်သည်။ “သူက ယောက်ျားလား၊ မိန်းမလား… မိန်းကလေးတစ်ယောက် ဖြစ်ပေမဲ့ နဂါးဘုရင်က သားယောက်ျားလေး လိုချင်တာမလို့ နူးညံ့လှပတဲ့ကောင်လေး၊ ကျောင်းနန်လို့ နာမည်ပေးထားတာများလား… နဂါးဘုရင်က သူ့ကို ယောက်ျားလေးလို ပြုစုပျိုးထောင်ခဲ့တာမလို့ ဒီလို ဟိုမကျဒီမကျပုံစံ ဖြစ်နေတာနဲ့တူတယ်…”
သူ့အကြည့်က လုံကျောင်းနန်၏ ခန္ဓာကိုယ်ပေါ်တွင် မျက်တောင်မခတ် ကျရောက်နေ၏။ ဤအခိုက်အတန့်၌ သူ မျက်တောင်ခတ်လိုက်လျှင် မျက်လုံးအဖွင့်အပိတ် တစ်ချက်က သူ့ရှိနေသည့် နေရာကို ညွှန်ပြလိုက်သလို ဖြစ်သွားပေလိမ့်မည်။ လုံကျောင်းနန်အတွက် သူ့တည်နေရာကို ရိပ်စားမိရန် လွန်စွာ လွယ်ကူသွားမည် ဖြစ်၏။
လုံကျောင်းနန်က ထိုမျှ စွမ်းအားကြီးသည့် ကောင်းကင်နတ်သိုင်းကို ပိုင်ဆိုင်ထားသည် ဖြစ်၍ သူ့အနေဖြင့် တုဖက်ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့ပြင် နေရာရွှေ့ပြောင်းဝတ်စုံမှာ သုံးလေးကြိမ် အသုံးပြုပြီးသည်နှင့် သူ့ကျင့်စဉ်စွမ်းအင်များ ကုန်ခန်းသွားမည် ဖြစ်ပြီး လုံကျောင်းနန်လက်မှ လွတ်အောင် ထွက်ပေးနိုင်ရန် ခက်ခဲပေလိမ့်မည်။
လုံကျောင်းနန်ကို ဤအတိုင်း ဆက်ကြည့်နေ၍လည်း ဖြစ်မည်မဟုတ်။ လုံကျောင်းနန်ကဲ့သို့သော အဆင့်မြင့်ပညာရှင်များ၏ အာရုံက ထက်မြက်လှပြီး သူ့အကြည့်လမ်းကြောင်းအတိုင်း လိုက်၍ သူရှိရာကို သိရှိသွားပေလိမ့်မည်။
လုံကျောင်းနန်က ချင်မူ့ကို ကျောပေး၍ အဝတ်အစားများ ဖြည်းညင်းစွာ ဝတ်နေဆဲ ရှိ၏။ ရုတ်တရက် သူ့လည်ကုပ်တွင် ကြက်သီးမွေးညင်းများ ထောင်ထလာပြီး ခစ်ခနဲ ရယ်မောလိုက်သည်။ “မင်းက ငါ့လည်ကုပ်ကို ကြည့်နေတာပဲ… ငါ့လည်ကုပ်က ကြည့်လို့ကောင်းရဲ့လား…”
လုံကျောင်းနန်၏ လည်ကုပ်မှ ကြက်သီးမွေးညင်းများ တဖြည်းဖြည်း ပြေလျော့သွားသည်ကို မြင်သောအခါ ချင်မူ၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။ လုံကျောင်းနန်က သူ့တည်နေရာကို သိရှိသွားချေပြီ။
ချင်မူ သူ့ဝတ်ရုံကို မြှောက်လိုက်၏။ ပေါက်ကွဲသံတစ်သံ သူ့နားထဲတွင် မြည်ဟည်းသွားသည်။ သူ့ခန္ဓာကိုယ်က ထိုပေါက်ကွဲမှုကြား၌ ပျောက်ကွယ်သွား၏။
လုံကျောင်းနန်၏ ဝတ်စုံက တစ်ဝက်တစ်ပျက်သာ ဝတ်ဆင်ရသေးပြီး သူ၏ လက်ဖဝါးကို ပြန်ရုပ်သိမ်းလိုက်သည်။ မြွေကြီးက သူ့ကို သယ်ဆောင်၍ အရှိန်အဟုန်ဖြင့် လျှောထိုးပြေးလိုက်သွားသော်လည်း ချင်မူ၏ အရိပ်အယောင်ကို မတွေ့ရတော့ချေ။ ရုတ်တရက် လုံကျောင်းနန် ခေါင်းမော့ကြည့်လိုက်သောအခါ ကောင်းကင်ယံ၌ လေထုပေါ် နင်းတက်၍ ပြေးထွက်သွားသည့် လူတစ်ယောက်ကို မြင်လိုက်မိ၏။
“မင်း ပြေးမလွတ်ပါဘူး…”
သူ၏ ခြေထက်အောက်မှ မြွေကြီးက မှော်မိစ္ဆာအခိုးအငွေ့များ မှုတ်ထုတ်ပြီး လေထဲသို့ ပျံတက်ကာ ချင်မူ့နောက် တစ်ဟုန်ထိုးလိုက်သွားသည်။
ကောင်းကင်ယံသို့ ရောက်သောအခါ သူတို့ နှစ်ယောက်စလုံး ကောင်းကင်လှိုင်းမြို့၏ မြင်ကွင်းကို တွေ့ပြီး ကြက်သေသေသွားကြ၏။ တောင်တန်းများပေါ်တွင် တည်ဆောက်ထားသော မြို့ကြီးတစ်မြို့လုံး ပျက်စီးနေပြီး ၎င်း၏ နေရာတွင် အသွေးအသား၊ အရိုးများဖြင့် တည်ဆောက်ထားသော ယဇ်ပလ္လင်တစ်ခု ရောက်ရှိနေသည်။
တုထျန်းမိစ္ဆာဘုရင်က ယဇ်ပလ္လင်ပေါ်တွင် မတ်တတ်ရပ်လျက် ရှိပြီး လူနှစ်ယောက်နှင့် တိုက်ခိုက်နေ၏။ တစ်ယောက်က နဂါးစီးဂိုဏ်း၏ နဂါးဘုရင် ဖြစ်ပြီး သူ၏ ရေနဂါးကို စီးနင်ထားသည်။ အခြားတစ်ယောက်မှာ ကောင်းကင်တံတားအဆင့်ရှိသော ထိပ်သီးပညာရှင်တစ်ဦး ဖြစ်သည်။
ထိုနှစ်ယောက်မှာ အန္တရာယ်ကြားထဲ ကျရောက်နေပြီး တုထျန်းမိစ္ဆာဘုရင်၏ သတ်ဖြတ်မှုကို အချိန်မရွေး ခံရနိုင်သည့် အနေအထား ဖြစ်၏။ တုထျန်းမိစ္ဆာဘုရင်၏ နှုတ်ဖျားမှ ထွက်ပေါ်နေသော မိစ္ဆာဘာသာစကားမှာ ချင်မူ သူ့ကို ဆင့်ခေါ်စဉ်က ရွတ်ဆိုခဲ့သည့် မိစ္ဆာဘာသာစကားထက် ပို၍ နက်နဲဆန်းကြယ်သည်။
ကောင်းကင်လှိုင်းမြို့၏ အထက်ကောင်းကင်ယံက ဝဲကတော့တစ်ခုကဲ့သို့ လှည့်လည်နေ၏။ ရုတ်တရက် မိုးခြိမ်းသံတဂျိမ်းဂျိမ်း မြည်ဟည်း၍ လျှပ်စီးများ ဝင်းခနဲ လက်သွားပြီး ကောင်းကင်အလွှာ ပွင့်ထွက်ကာ အမှောင်ထု ဖုံးလွှမ်းနေသည့် အာကာသဟင်းလင်းပြင်ကြီး ခပ်ရေးရေး ပေါ်ထွက်လာသည်။
ထိုအမှောင်ထု ဟင်းလင်းပြင်ကြီးထဲတွင် တစ်စုံတစ်ခု ရွေ့လျားနေဟန် ရှိပြီး ရုတ်တရက် ခေါင်းနှစ်လုံး၊ မျက်လုံးနှစ်လုံးရှိသော မိစ္ဆာသရဲကြီးတစ်ကောင် အရှိန်အဟုန်ပြင်းပြင်း လည်ပတ်နေသော ဝဲကတော့ထဲမှ ခုန်ထွက်လာ၏။
ထိုမိစ္ဆာသရဲကြီးက လေထဲတွင် ရပ်တန့်သွားပြီး ဝဲကတော့ဆီသို့ အော်ဟစ်လိုက်သည်။
ဝုန်း…။
မြောက်မြားစွာသော အနက်ရောင် အစက်အပြောက်လေးများ ဝဲကတော့အတွင်းမှ အလုံးလိုက် အရင်းလိုက် ထွက်ပေါ်လာပြီး တစ်ခဏအတွင်း၌ ကောင်းကင်တစ်ခွင်လုံး အမှောင်အတိကျသွား၏။ ထိုအနက်ရောင် အစက်အပြောက်လေးများက ကောင်းကင်လှိုင်းမြို့ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြသည်။
ထိုအရာများက တုထျန်း၏ ကောင်းကင်နတ်ဆိုးများ ဖြစ်၏။
သောင်းချီသော ကောင်းကင်နတ်ဆိုးများက တုထျန်းမှ ဝင်ရောက်လာပြီး တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်နေကြသည်။ သူတို့၏ ရုပ်အလောင်းများက မိုးရွာချသည့်နှယ် ကောင်းကင်ယံမှ တဖွဲဖွဲကျနေပြီး ကောင်းကင်လှိုင်းမြို့ထဲရှိ ယဇ်ပလ္လင်မှာ ကြီးသည်ထက် ကြီးထွားလာ၏။
သွေးမိုးများလည်း ရွာသွန်းလာသည်။
အဆင့်မြင့်ဟန်ရှိသော ကောင်းကင်နတ်ဆိုးများလည်း လက်ထဲတွင် မှော်တုတ်တံများ ကိုင်ဆောင်၍ ဆင်းသက်လာကြ၏။ သူတို့က ကောင်းကင်လှိုင်းမြို့အတွင်းရှိ ယဇ်ပလ္လင်ပေါ်တွင် အခြေချ၍ နားလည်ရခက်ပြီး ရှေးကျသော မိစ္ဆာဘာသာစကားဖြင့် ဝိုင်းရံရွတ်ဆိုလိုက်ကြသည်။ ယဇ်ပလ္လင်၏ ကောင်းကင်ယံထက်တွင် မရေမတွက်နိုင်သော မှော်သင်္ကေတများ တစ်မုဟုတ်ချင်း ပေါ်ထွက်လာပြီး လင်းထိန်တောက်ပသွား၏။
“နန်းတွင်းကောလိပ် တစ်ခုလုံး မေ့လဲအောင် လုပ်ခဲ့မိတာထက် ပိုဆိုးတဲ့ ကပ်ဘေးကြီးကို ငါ ဖန်တီးလိုက်မိပြီနဲ့ တူတယ်…” ချင်မူ စိတ်ထဲမှ တွေးမိရင်း သူ့မျက်ဝန်းထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွားသည်။