← Chapters

သစ်သားသေတ္တာ

Vol. 14 Ch. 189

သစ်သားသေတ္တာ

Vol. 14 Ch. 189

လုံကျောင်းနန်လည်း တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားသည်။ ကောင်းကင်လှိုင်းမြို့ပေါ်မှ ဝဲကတော့ကြီးက အခြားကမ္ဘာလောကနှင့် ဆက်သွယ်သည့် ဝင်ပေါက်တစ်ခု ဖြစ်နေချေပြီ။ ထိုဝဲကတော့မှ အုပ်စုလိုက် ထွက်လာသည့် ကောင်းကင်နတ်ဆိုးများက စွမ်းအားကြီးသည်ထက် ကြီးလာ၏။ ကောင်းကင်နတ်ဆိုးအုပ်ကြီးက ကောင်းကင်ယံမှ ပြိုဆင်းလာသည်။

“ထွက်ကြ… ငါတို့ တုထျန်းကလူတွေ… ပြိုပျက်နေတဲ့ အမှောင်ကမ္ဘာကို စွန့်ခွာပြီး ကမ္ဘာသစ်ကို လာခဲ့ကြ…”

တုထျန်းမိစ္ဆာဘုရင်က ယဇ်ပလ္လင်ထက်တွင် မတ်တတ်ရပ်၍ သူ၏ လက်ရှစ်ဖက်ကို ဖွင့်ဟကာ ဤကမ္ဘာသို့ သက်ဆင်းလာသော ကောင်းကင်နတ်ဆိုးများကို တစ်လောကလုံး တုန်လှုပ်သွားစေနိုင်သည့် အသံကြီးဖြင့် အော်ဟစ်ကြိုလိုက်၏။ “လာကြ၊ ငါ့ပြည်သူပြည်သားတွေ… ဒီကမ္ဘာသစ်က တုထျန်းလို အနိဋ္ဌာရုံ မဟုတ်ဘူး… မိန်းမလှတွေ ရှိတယ်၊ စားမကုန်တဲ့ အစားအစာတွေ ရှိတယ်… ဒီကမ္ဘာကို စောင့်ကြပ်နေတဲ့သူတွေက အဆင့်နိမ့်သတ္တဝါလေးတွေ၊ ဒီကောင်တွေကို နင်းချေကြစို့…”

လုံကျောင်းနန်မှာ သူ့အဖေက ဤမိစ္ဆာဘုရင်၏ ခြေထောက်အောက် ရောက်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်သည်။ သူ့အဖေ မွေးမြူထားသည့် ရေနဂါးကြီးပင် မြေပြင်ထက်တွင် လဲလျောင်း၍ မလှုပ်ရှားနိုင်တော့ချေ။

ထိုအခိုက်၌ နဂါးဘုရင်နှင့် အတူတိုက်ခိုက်နေသော အခြားထိပ်သီးပညာရှင်မှာလည်း ခေါင်းပြတ်သွားပြီ ဖြစ်၏။ တုထျန်းမိစ္ဆာဘုရင်က သူ့ခေါင်းကို ဆွဲဖြုတ်၍ ကိုင်မြှောက်လိုက်သည်။

“နဂါးစီးဂိုဏ်းက တကယ်ပဲ အဆုံးသတ်သွားပြီလား…” လုံကျောင်းနန်၏ ရင်ထဲတွင် ဝမ်းနည်းစိတ်များ လှိုက်တက်လာ၏။

ကောင်းကင်နတ်ဆိုးအုပ်က မိုးသီးမိုးပေါက်များသဖွယ် ကျဆင်းလာပြီး ခြေဦးတည့်ရာ ပြေးလွှားနေသော စစ်သည်များကို တိုက်ခိုက်လိုက်သည်။ ချင်မူမှာလည်း ကောင်းကင်ယံမှ ပြုတ်ကျ၍ မြေပြင်ပေါ်တွင် နှစ်ပတ်သုံးပတ် လိမ့်သွား၏။ ကောင်းကင်နတ်ဆိုး ခြောက်ယောက်၊ ခုနစ်ယောက်က သူ့ပတ်ပတ်လည်သို့ ဝုန်းခနဲ့ ပြုတ်ကျပြီး ဖြည်းဖြည်းချင်း ထရပ်လာကြသည်။

ချင်မူက ကောင်းကင်နတ်ဆိုးအုပ်နှင့် မစိမ်းပေ။ မဟာမြို့ပျက်တစ်လျှောက် ရွာလူကြီးနှင့်အတူ ခရီးဆန့်ခဲ့သည့် ညက ရွှင်ပျော်ပျော်ကျေးရွာကို လိုက်ရှာရင်း ကောင်းကင်နတ်ဆိုးအုပ်နှင့် ဆုံပြီး အတော်တော်များများကို သတ်ဖြတ်ခဲ့ဖူးသည်။

ဤကောင်းကင်နတ်ဆိုးများ၏ ခန္ဓာကိုယ်က ကြံ့ခိုင်သန်စွမ်းပြီး လူသားများနှင့် မတူဘဲ ပုံသဏ္ဌာန်၊ အရွယ်အစား အမျိုးမျိုး ရှိကြ၏။ ထို့ပြင် သူတို့က မိစ္ဆာနတ်ဆိုးချီကို လေ့ကျင့်ပြီး အနီးကပ် တိုက်ခိုက်မှုနှင့် မှော်ပညာတွင် ကျွမ်းကျင်ကြသည်။ သူတို့၏ ကောင်းကင်နတ်သိုင်းက ထူးဆန်းသော်လည်း လူသားများကဲ့သို့ ရှုပ်ထွေးနက်နဲခြင်း မရှိပေ။

ကောင်းကင်နတ်ဆိုးများ ခုန်ဆင်းလာသည်နှင့် ချင်မူက ကောင်းကင်နတ်ဆိုးတစ်ယောက်၏ ဘေးသို့ ဖြတ်ခနဲ ခုန်ဝင်သွားပြီး သူ့ဓားမကို မြှောက်၍ ခေါင်းဖြတ်ပစ်၏။ ထို့နောက် အခြား ကောင်းကင်နတ်ဆိုးတစ်ယောက်၏ ကင်းမြီးကောက်အမြီးကို ရှောင်ရှားလိုက်သည်။ မည်းမှောင်နေသော အမြီးချွန်က သူ့လည်ပင်းနားမှ ပွတ်ကာသီကာ လွဲချော်သွား၏။

ချင်မူ သူ့လက်ချောင်းများကို ရှေ့သို့ ထိုးစိုက်လိုက်သည်။ အိမ်ရှေ့စံကိုယ်ရံတော်ဓားက ကင်းမြီးကောက်အမြီးကို ပြန်လည် ရုပ်သိမ်းနိုင်ခြင်း မရှိသေးသော ကောင်းကင်နတ်ဆိုး၏ ရင်ဝသို့ ထိုးစိုက်သွား၏။ ချင်မူ၏ အခြားလက်တစ်ဖက်က ကောင်းကင်နတ်ဆိုးလွတ်မြောက် မုဒြာကို ထုတ်ဖော် အသုံးပြုလိုက်ပြီး သူ့အနားသို့ တိုးဝင်လာသော ကောင်းကင်နတ်ဆိုးတစ်ယောက်၏ ဝိညာဉ်ကို ဆွဲထုတ် ဖျက်ဆီးပစ်သည်။

“ယို နာ လာ…”

နွားခေါင်း ကောင်းကင်နတ်ဆိုးတစ်ယောက်က သူ့ကို လက်ညှိုးထိုး၍ အော်ဟစ်လိုက်သည်။ “ယို နာ လာ၊ မိုင် အား ပု လူ ကျီ နောင် တီ တိ နုံ ကျား ဟုန် (သူရဲကောင်း၊ သင့်ကို ကျွန်ုပ် စိန်ခေါ်တယ်)…”

“လာစမ်းပါ၊ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ…”

ချင်မူက အော်ဟစ်မာန်သွင်းလိုက်၏။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ် လှည့်ပတ်မှုနှင့်အတူ သူ၏ ချီစွမ်းအင်များ တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။ နွားခေါင်း ကောင်းကင်နတ်ဆိုးကလည်း အသံနက်ကြီးဖြင့် အော်ဟစ်၍ ဆယ်ကိုက်ခန့် ရှည်လျားသော ဓားမကြီးကို တရွတ်တိုက် ဆွဲကာ လျင်မြန်စွာ ပြေးဝင်လာ၏။ ထိုဓားမနှင့် မြေပြင် ပွတ်တိုက်မှုကြောင့် မီးပွင့်များ တဖွားဖွား ထွက်ပေါ်နေပြီး ရုတ်တရက် အသံကုန် အော်ဟစ်၍ ချင်မူ၏ လည်ပင်းကို ခုတ်ပိုင်းလိုက်သည်။

ထိုတစ်ခဏ၌ ကြီးမားသော မြွေကြီးတစ်ကောင် ကောင်းကင်ယံမှ ပြုတ်ကျလာပြီး နွားခေါင်း ကောင်းကင်နတ်ဆိုး၏ ခန္ဓာကိုယ်မှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွား၏။ လုံကျောင်းနန်က ထိုမြွေကြီးကို ထိန်းချုပ်၍ သံတိုင်လုံးကဲ့သို့ ကြီးမားသော  အမြီးကြီးဖြင့် အလျားလိုက် သိမ်းရိုက်လိုက်ရာ သူ့ထံ ဝိုင်းအုံလာသော ကောင်းကင်နတ်ဆိုး ဒါဇင်ချီမှာ အပိုင်းပိုင်း ပြတ်၍ လွင့်ထွက်သွားသည်။

ချင်မူ တစ်မုဟုတ်ချင်း ပြေးထွက်သွားလိုက်၏။ လုံကျောင်းနန်က သူ့ကို လိုက်သတ်ရန် ပြင်လိုက်စဉ်တွင် မရေမတွက်နိုင်သော ကောင်းကင်နတ်ဆိုးများ ကောင်းကင်ယံမှ ဆင်းသက်လာသည်။ သူ၏ ကျင့်စဉ်စွမ်းအင်က ချင်မူ့ထက် နှစ်ဆင့်၊ သုံးဆင့် မြင့်သော်လည်း အသည်းအသန် ရုန်းကန်နေရ၏။

ချင်မူမှာလည်း ဝိုင်းဖွဲ့တိုက်ခိုက် ခံလိုက်ရသည်။ ဟူလင်းအာက လေပွေတစ်ခုကို ဆင့်ခေါ်လိုက်သော်လည်း ထိုလေပွေအတွင်းမှ ဖြတ်သန်း၍ ခုန်ဝင်လာသည့် ကောင်းကင်နတ်ဆိုးများ ရှိသေး၏။

အခြား ကမ္ဘာလောကမှ ကောင်းကင်နတ်ဆိုးများက ပို၍ ပို၍ အုံဖွဲ့ရောက်ရှိလာသည်။ အဝေးမှ လှမ်းကြည့်လျှင် ကောင်းကင်ယံမှ ပျံဆင်းလာသည့် ယင်ကောင်အုပ်ကြီးနှင့် တူပြီး မိုးအောက်မြေပြင်တစ်ခွင်လုံး ဖုံးလွှမ်းနေ၏။

“ငါ ရှာတဲ့ ပြဿနာကို ငါကိုယ်တိုင်ပဲ ဖြေရှင်းရမယ်လို့ ဂိုဏ်းချုပ်က ပြောခဲ့တာ… ဒီတစ်ခါတော့ ငါ မဖြေရှင်းနိုင်တော့ဘူး ထင်တယ်…”

ချင်မူ၏ နဖူးတွင် ချွေးစေးများ ပြန်လာသည်။ ရုတ်တရက် တောင်အရပ်ဆီမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်၍ ကောင်းကင်ယံမှ ဖြတ်သန်းရွေ့လျားလာ၏။

ထိုအလင်းတန်းများက လင်းသည်ထက် လင်းတောက်လာပြီး ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မရေမတွက်နိုင်သော ကောင်းကင်နတ်ဆိုးခေါင်းပြတ်များ တဖွဲဖွဲ ပြုတ်ကျသွားသည်။ ချင်မူ ခေါင်းမော့ကြည့်ပြီး တုန်လှုပ်သွား၏။

ထိုအလင်းတန်းများက ဓားပျံအုပ်စုများ ဖြစ်သည်။

မရေမတွက်နိုင်သော ဓားများဖြင့် ဖွဲ့စည်းထားသည့် ဓားပျံအုပ်စုများ ဖြစ်၏။

ဓားအစင်းပေါင်း မည်မျှ ရှိသည် မသိ။ လိုက်လံ ရေတွက်ရန်ပင် မဖြစ်နိုင်ချေ။

ဓားပျံအုပ်စုများ၏ အလယ်တွင် တဝီဝီ လည်ပတ်နေသည့် ဓားစက်လုံး ထောင်ချီ ရှိနေသည်။ ထိုဓားစက်လုံးများက လပြည့်ဝန်းများကဲ့သို့ ဖြစ်၏။ ဓားစက်လုံးများ တစ်ပတ်လည်သွားတိုင်း ဓားပျံများ အဆက်မပြတ် ပြေးထွက်လာပြီး ကောင်းကင်ယံရှိ ကောင်းကင်နတ်ဆိုးအားလုံးကို ဓားချက်အမျိုးမျိုးဖြင့် ထိုးစိုက်ခုတ်ပိုင်း သတ်ဖြတ်သွားသည်။

ထိုဓားအုပ်စုများက ကြီးမားလွန်းလှ၏။ ဓားတစ်ချောင်းစီမှ ထွက်ပေါ်လာသော အလင်းတန်းများက မျက်စိကျိန်းဖွယ်ရာ ဖြစ်ပြီး ဓားပျံပေါင်း သန်းချီအောင် ရှိနေသည်။ အလင်းတန်းများ စုပေါင်းသွားသောအခါ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်လာ၏။

တုထျန်းကောင်းကင်နတ်ဆိုးများက မိုးအောက်မြေပြင် တစ်ခွင်လုံး မည်းမှောင်အောင် ဖုံးလွှမ်းထားသော်လည်း ဓားအလင်းတန်းများ ဖြတ်သန်းသွားသည်နှင့် မရေမတွက်နိုင်သော ရုပ်အလောင်းများ ကောင်းကင်ယံမှ ပြုတ်ကျလာပြီး ပြန်လည် ကြည်လင်သွား၏။

ကောင်းကင်လှိုင်းမြို့အတွင်းရှိ တုထျန်းမိစ္ဆာဘုရင်၏ အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားပြီး အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။ ယဇ်ပလ္လင်ပတ်လည်မှ ရာချီသော ကောင်းကင်နတ်ဆိုးများ၏ အသံက ပို၍ ကြည်လင် ကျယ်လောင်လာ၏။ မရေမတွက်နိုင်သော အလောင်းကောင်များကို အသုံးပြု၍ တုထျန်းမိစ္ဆာဘုရင်၏ ခန္ဓာကိုယ်အစစ်ကို ဆင့်ခေါ်သည့် အစီအရင်မှာ ပိုမို မြန်ဆန်လာသည်။

လေထုက ပြင်းထန်စွာ လှုပ်ခါသွားပြီး ကြီးမားသော ခြေထောက်ကြီးတစ်ဖက် အခြားကမ္ဘာလောကမှ တိုးဝင်လာ၏။ ထိုခြေထောက်ကြီး၏ ပတ်ပတ်လည်တွင် မိစ္ဆာမီးလျှံများ တောက်လောင်နေပြီး ကောင်းကင်တစ်ခွင်လုံး ရဲရဲနီသွားသည်။

ကောင်းကင်ယံတွင် ပျံဝဲနေသာ ဓားအုပ်စုများမှာ ဦးတည်ချက် ပြောင်းလဲ၍ ကောင်းကင်လှိုင်းမြို့ဆီသို့ တရွှီရွှီ တိုးဝင်လာကြ၏။ ထိုဓားအုပ်စုများက ကောင်းကင်လှိုင်းမြို့ တစ်မြို့လုံးကို ဖုံးလွှမ်းသွားသည်။

တုထျန်းမိစ္ဆာဘုရင်က ဒေါသတကြီး ဟိန်းဟောက်၍ သူ၏ လက်ရှစ်ဖက်ကို ပင့်မြှောက်လိုက်၏။ ဝှမ်ခနဲ မြည်သံတစ်သံနှင့်အတူ ကောင်းကင်လှိုင်းမြို့၏ အထက်တွင် အနက်ရောင် အတားအဆီးလွှာကြီး တစ်ခု ပေါ်ထွက်လာသည်။

ထိုတစ်ခဏ၌ မရေမတွက်နိုင်သော တချွင်ချွင် အသံများ နားမခံသာအောင် ထွက်ပေါ်လာ၏။ အတော်များများမှာ နားထဲမှ သွေးများ ယိုစီးကုန်သည်။ ဤသည်က ဓားပျံများနှင့် တုထျန်းမိစ္ဆာဘုရင်၏ အနက်ရောင် အတားအဆီးလွှာ ဝင်တိုက်မိရာမှ ထွက်ပေါ်လာသော အသံများ ဖြစ်၏။ ထိုအသံများက တစ်ပြိုက်နက် ထွက်ပေါ်လာသည် ဖြစ်ရာ မည်သူမျှ မခံနိုင်ပေ။

ချင်မူသည်လည်း နားထဲတွင် အူထွက်သွားပြီး မည်သည့်အသံမျှ မကြားရတော့။ သူ့ပတ်ပတ်လည်မှ ကောင်းကင်နတ်ဆိုးများမှာ သူတို့၏ နားများကို အုပ်၍ မြေပြင်ပေါ် ထိုင်ချလိုက်ကြရ၏။

တစ်ဘက်ကမ်းရှိ ဝူတင်းစီရင်စုတွင် ထာဝရငြိမ်းချမ်းရေး အင်ပါယာမှ စစ်သည်များက ထိုးဖောက်ဝင်ရောက်လာသော ကောင်းကင်နတ်ဆိုးအုပ်ကို ခုခံကာကွယ်နေကြသည်။ ဓားပျံများနှင့် အနက်ရောင် အတားအဆီးလွှာ တိုးတိုက်သည့် အသံများကြောင့် ဤနေရာမှ စစ်သည်များသည်လည်း နားထဲတွင် အူခနဲ ဖြစ်သွား၏။ သို့သော်လည်း အလှမ်းကွာလှသဖြင့် အတော်လေး ခံသာသည်။

မြစ်ရေပြင်ထက်မှ ပလုံ ပလုံ အသံများ ထွက်ပေါ်လာ၏။ ထိုအသံများက တစ်ဘက်ကမ်းသို့ ပျံသန်းသွားသော ကောင်းကင်နတ်ဆိုးများ ကောင်းကင်ယံမှ မြစ်ထဲသို့ ပြုတ်ကျသွားသော အသံများ ဖြစ်သည်။

ဝူတင်းစီရင်စု၏ မြို့ရိုးမျှော်စင်တွင် တစ်ခေါင်းလုံး ဖြူနေသော တပ်မှူးတစ်ဦးက အံ့အားသင့်သော အမူအရာဖြင့် ပြောလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံ၊ ထိပ်သီးပညာရှင်တစ်ယောက် တစ်ဘက်ကမ်းမှာ ရောက်နေတာပဲ…”

“နယ်စားဝေ့၊ ဒီလူက ထိပ်သီးပညာရှင်သက်သက် မဟုတ်ဘူး…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ရှေ့ဆုံးတွင် ရပ်နေရာမှ မြစ်တစ်ဘက်ကမ်းရှိ အခြေအနေကို လှမ်းကြည့်လိုက်သည်။ “သူ့အစွမ်းအစက ငါနဲ့ သိပ်မကွာဘူး… ငါ့ကို လုပ်ကြံခဲ့တဲ့ မကောင်းဆိုးဝါးအိုကြီး သုံးယောက်ထက်တောင် မြင့်သေးတယ်…”

နယ်စားဝေ့၏ မျက်နှာတွင် တွေးရခက်သည့် အမူအရာ ပေါ်ထွက်လာ၏။ တုထျန်းမိစ္ဆာဘုရင်နှင့် ရင်ဆိုင်တိုက်ခိုက်နေသော ဓားအုပ်စုများကို အစုန်အဆန်ကြည့်လိုက်သည်။ ထို့နောက် ဤလောကထဲသို့ ခြေထောက်တစ်ဝက် ရောက်နေပြီဖြစ်သော တုထျန်းမိစ္ဆာဘုရင်၏ ခန္ဓာကိုယ်အစစ်ကို ကြည့်ရင်း ဇဝေဇဝါ မေးလိုက်၏။ “ဒီမိစ္ဆာဘုရင်ကို ဘယ်သူ ဆင့်ခေါ်လိုက်တာလဲ မသိဘူး… မလွန်လွန်းဘူးလား… ဒီတောင်ဘက်နယ်စပ်ကကောင်တွေက တိုက်ပွဲနိုင်ဖို့အတွက်နဲ့ ဒီလောက် အောက်တန်းကျသွားကြပြီလား…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းခါယမ်းလိုက်သည်။ “ငါ ရှိနေတာပဲ၊ တုထျန်းမိစ္ဆာဘုရင်က ဒီကမ္ဘာလောကကို မဆင်းသက်လာနိုင်ပါဘူး… တကယ်တမ်း ပြောရရင် ဒီမိစ္ဆာနတ်ဘုရားကို ဆင့်ခေါ်ခဲ့တဲ့သူက ငါတို့ ထာဝရငြိမ်းချမ်းရေး အင်ပါယာအတွက် အတော်လေး အကျိုးပြုခဲ့တာ… ကောင်းကင်လှိုင်းမြို့က သူ့ဖာသာ ပျက်စီးသွားပြီ မဟုတ်လား… ငါတို့ စစ်သည်တွေ သွေးမြေကျစရာ မလိုတော့ဘူး… ငါဆိုရင်လည်း ငါတို့စစ်သည်တွေရဲ့ အသက်အတွက် ဒီလိုမျိုး လုပ်မိမှာပဲ…”

နယ်စားဝေ့က သက်ပြင်းချလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံ၊ ဒါကြောင့်လည်း ခင်ဗျားကို သူတို့က နားမလည်နိင်ဘဲ မိစ္ဆာလမ်းစဉ်လိုက်တဲ့သူလို့ ပြောကြတာ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မြို့ရိုးမျှော်စင်မှ ဆင်း၍ တစ်ဘက်ကမ်းရှိ ကောင်းကင်လှိုင်းမြို့သို့ ဦးတည်သွားရင်း ပြုံးလိုက်သည်။ “သူတို့ အဲဒီလို ပြောရတဲ့ အကြောင်းရင်းက သူတို့ရဲ့ အကျိုးစီးပွားကို ထိလာလို့ပါ… ငါရဲ့ ကောင်းကျိုးဆိုးပြစ်ဆိုတာ လက်ရှိလူတွေ သုံးသပ်ဆုံးဖြတ်နိုင်တဲ့ အရာ မဟုတ်ဘူး၊ နောင်နှစ်ပေါင်း ရာချီ၊ ထောင်ချီက လူတွေ ဆုံးဖြတ်လိမ့်မယ်… ပြီးတော့ ငါ့မျက်လုံးထဲမှာ သူတို့အားလုံးက လူသေတွေပဲ…”

ကောင်းကင်လှိုင်းမြို့တွင် တုထျန်းမိစ္ဆာဘုရင်က ခပ်အုပ်အုပ် အော်ညည်းလိုက်သည်။ သူ့လက်ဖဝါး ရှစ်ဖက်ရှိ အရေပြား၊ အသားများ ဖွာလန်ကြဲကုန်ပြီ ဖြစ်၏။ ဓားပျံများ၏ တိုက်ခိုက်မှုက ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ့အနေဖြင့် ၎င်းတို့၏ စွမ်းအားကို ခံနိုင်ခြင်း မရှိပေ။

သူ၏ ခန္ဓာကိုယ်အစစ်သာဆိုလျှင် ကောင်းကောင်းကြီး ခုခံနိုင်မည် ဖြစ်သော်လည်း ဤခန္ဓာကိုယ်က သစ်သားချောင်းများမှ အသွင်ပြောင်းလာခြင်း ဖြစ်၏။ ချင်မူက မိစ္ဆာသံဖြင့် ဆင့်ခေါ်ခဲ့သော်လည်း သူ့ခွန်အားက နိမ့်ကျသဖြင့် တုထျန်းမိစ္ဆာဘုရင်                                                             လွှဲပြောင်းနိုင်သော စွမ်းအင်ပမာဏမှာ လွန်စွာ နည်းပါးပြီး ဓားပျံများကို ထိန်းချုပ်သည့် ထိပ်သီးပညာရှင်နှင့် ရင်ဆိုင်နိုင်စွမ်း မရှိပေ။

ထိုအခိုက်၌ သက်လတ်ပိုင်းအရွယ် လူတစ်ယောက် မြစ်တစ်ဘက်ကမ်းမှ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရ၏။ တုထျန်းမိစ္ဆာဘုရင်၏ ရင်ထဲတွင် ကြောက်ရွံ့တုန်လှုပ်သွားပြီး အားပိုစိုက်တော့မည် ပြင်လိုက်စဉ် ဓားရောင်တစ်ချက်က သူ့မျက်နှာတည့်တည့်သို့ ပြေးဝင်ကြောင်း တွေ့လိုက်ရသည်။

မည်မျှ ရင်သပ်ရှုမောဖွယ် ကောင်းလိုက်ပါသနည်း။

ဤဓားချက်က အလွန်တရာ နက်ရှိုင်းသော ဓားပညာသဘောတရားတစ်ခု ကိန်းအောင်း ပါဝင်လာပြီး မရဏအငွေ့အသက်များ အပြည့်အသိပ် လွှမ်းခြုံရစ်သိုင်းနေသည်။ သူ့မျက်လုံးရှေ့၌ အလွန်တရာ လက်ရာမြောက်သည့် ပန်းချီကားတစ်ချပ် ဖြည်ချလိုက်သည်နှင့်ပင် တူ၏။ ဤသို့သော ပန်းချီကားတစ်ချပ်ကို မြင်လိုက်ရသည့်အတွက် သူ သေရလျှင်ပင် သေပျော်သွားချေပြီ။

သူ သေသွားခဲ့သည်။

ဤဓားချက်က သူ့ခေါင်းကို ခုတ်ဖြတ်သွားပြီး မျက်နှာလေးဖက်၊ မျက်လုံးဆယ့်နှစ်လုံး ရှိသော ဦးခေါင်းပြတ်တစ်လုံး လိမ့်ဆင်းသွား၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ဓားကို ပြန်ရုပ်သိမ်းပြီး ကောင်းကင်လှိုင်းမြို့သို့ လျှောက်လှမ်းသွားသည်။ မြို့ထဲရှိ ကောင်းကင်နတ်ဆိုးအုပ်က ယဇ်ပလ္လင်ပတ်လည်တွင် စောင့်ကြပ်နေကြ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို မြင်သောအခါ ကောင်းကင်နတ်ဆိုးအုပ်ကြီးက တစ်မုဟုတ်ချင်း ဝိုင်းဖွဲ့ခုန်အုပ်လိုက်ကြသည်။

ထို့နောက်တွင်တော့ တုထျန်းမိစ္ဆာဘုရင်၏ ကိုယ်လုံးကြီးက ပြိုလဲကျသွား၏။ အနက်ရောင် အတားအဆီးအလွှာမှာလည်း ပြိုကွဲသွားသည်။

ထိုအနက်ရောင် အတားအဆီးအလွှာကို တိုက်ခိုက်နေသည့် ဓားပျံများမှာ ရုတ်တရက် နောက်ဆုတ်၍ ဓားစက်လုံးများ ပြန်ဖြစ်သွား၏။ ကောင်းကင်ယံထက်တွင် ထောင်ချီသော ဓားစက်လုံးများ မျောလွင့်လည်ပတ်နေပြီး ထိုဓားစက်လုံး တစ်ခုချင်းစီက လက်မခန့် အရွယ်သာ ရှိသည်။

ဤအခိုက်၌ အဝေးတစ်နေရာမှ သစ်သားသေတ္တာတစ်လုံး လွင့်ပျံလာပြီး အဖုံးပွင့်သွား၏။ မရေမတွက်နိုင်သော ဓားစက်လုံးများက ထိုသစ်သားသေတ္တာထဲသို့ တချွင်ချွင် ပြန်ဝင်သွားသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ထိုသစ်သားသေတ္တာကို ကြည့်ပြီး အတွေးနက်သွားဟန်ဖြင့် မလှုပ်မယှက် ရပ်နေ၏။

ယဇ်ပလ္လင်ကို ကာကွယ်စောင့်ရှောက်သူများ မရှိတော့သည့်အတွက် ဆင့်ခေါ်မှုများ ရပ်တန့်၍ ကောင်းကင်ထက်မှ ဝဲကတော့ကြီး တဖြည်းဖြည်း ပြန်ကျုံ့ဝင်သွားသည်။

ခြေတစ်ဖက် ရောက်နေပြီဖြစ်သော တုထျန်းမိစ္ဆာဘုရင်၏ ခန္ဓာကိုယ်အစစ်မှာလည်း သူ့ခြေထောက်ကို ပြန်ဆွဲနုတ်သွားရ၏။ မကျေမချမ်းနှင့် ဒေါသတကြီး ဟိန်းဟောက်လိုက်သံတစ်သံက အထက်ကောင်းကင် အတွင်းပိုင်းမှ မပီဝိုးတဝါး လွင့်ပျံ့လာသည်။

ကောင်းကင်လှိုင်းမြို့၏ အပြင်ဘက်ရှိ ချင်မူသည်လည်း လေထဲမှ သစ်သားသေတ္တာကို မော့ကြည့်၍ သံသယဖြစ်သည့် အမူအရာ ပေါ်ထွက်လာ၏။ “ဒီသေတ္တာက အတော်လေး ရင်းနှီးနေသလိုပဲ… ရွာက ပန်းပဲဖိုထဲမှာရှိတဲ့ သေတ္တာနဲ့ ဆင်နေတယ်… အဲဒီသစ်သားသေတ္တာကလည်း ငွေရောင်ဘောလုံးလေးတွေနဲ့ ပြည့်နေတာ… အဲဒါတွေက ဓားစက်လုံးမဟုတ်ဘဲ ရိုးရိုး ငွေဘောလုံးလေးတွေလို့ ဘွားဘွားစစ် ပြောခဲ့တာ မဟုတ်လား… ဘိုးဘိုးရွှေအက ဘယ်လိုလုပ် အဲဒီလောက် ချမ်းသာမှာလဲလို့တောင် ပြောခဲ့သေးတာ…”

ဓားစက်လုံးအားလုံး သစ်သားသေတ္တာထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရ၏။ သစ်သားသေတ္တာက တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။ သစ်သားသေတ္တာ နိမ့်ဆင်းသွားသည့် နေရာသို့ ချင်မူ အပြေးသွားလိုက်၏။

ထိုသစ်သားသေတ္တာက အောက်သို့ နိမ့်ဆင်း၍ တောအုပ်တစ်ခုထဲ ဝင်ရောက် ပျောက်ကွယ်သွားသည်။ ချင်မူ တစ်ဟုန်ထိုး ပြေးလိုက်သွားသောအခါ ဂွမ်းအင်္ကျီ ဝတ်ဆင်၍ ပန်းပဲမီးဖိုကို ကျောတွင် ပိုးထားသော အဘိုးကြီးတစ်ယောက်ကို မြင်တွေ့လိုက်ရ၏။ ထိုအဘိုးကြီး၏ လက်ထဲတွင် သစ်သားသေတ္တာတစ်လုံး ရှိနေပြီး နှစ်ကာလအချို့ကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်လာသည့် သက်သေခံ အရေးအကြောင်းများက မျက်နှာတွင် အပြည့် ဖြစ်သည်။

ထိုဂွမ်းအင်္ကျီဝတ် အဘိုးကြီးက သူပြေးလာသည်ကို မြင်သောအခါ နှုတ်ခမ်းထောင့်စွန်းများ နားရွက်တက်ချိတ်အောင် ပြုံးလိုက်၏။ သူ့ပါးစပ်ထဲတွင်တော့ လျှာ ရှိမနေချေ။

All Chapters