ကျွန်တော်ရဲ့အဘိုး
Vol. 14 Ch. 190
“ဘိုးဘိုးရွှေအ…”
ချင်မူ ထိုဂွမ်းအင်္ကျီနှင့် အဘိုးကြီးထံ တစ်မုဟုတ်ချင်း လက်ဆန့် ပြေးသွားလိုက်သည်။ သူ ဘိုးဘိုးရွှေအကို ဖက်ယမ်းပွေ့မြှောက်ရန် ပြင်သော်လည်း ဤအဘိုးကြီးက ကမ္ဘာ့အလေးဆုံး တောင်ကြီးကဲ့သို့ ဖြစ်နေပြီး မည်သို့မျှ ပင့်မြှောက်၍ မရချေ။
ချင်မူ တဟားဟား ရယ်မော၍ အားကုန်ထုတ်သုံးလိုက်သော်လည်း မပင့်မြှောက်နိုင်ဘဲ ရှိနေသေး၏။
ရွှေအက အ… အ…နှင့် ပြော၍ သူ၏ သေတ္တာကို အောက်ချလိုက်သည်။ ထိုအခါမှ ချင်မူ ပွေ့ဖက်ပင့်မြှောက်နိုင်သွားပြီး ဤအဘိုးကြီးကို နှစ်ပတ်ခန့် မွှေ့ယမ်း၍ မြေပေါ်သို့ ပစ်ချလိုက်၏။ ရွှေအ ဖင်ထိုင်လျက် ပြုတ်ကျသွားပြီး တင်ပါးမှ ဖုန်များကို ခါ၍ ပြန်ထလာသည်။ သူက သိပ်ဆိုးသည့် ကောင်လေးဟု လက်ဟန်ပြ၍ ကြိမ်းမောင်းလိုက်၏။
“ဘိုးဘိုးရွှေအရော ဘာလို့ ရွာကထွက်လာတာလဲ… ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ…”
ချင်မူက အံ့ဩဝမ်းသာနေမိပြီး အဆက်မပြတ် မေးလိုက်သည်။ “အစောက ဘိုးဘိုးရဲ့ အစွမ်းက သိပ်ကြီးတာပဲ… ဒီသေတ္တာထဲက ဓားစက်လုံးတွေက ဘိုးဘိုးကိုယ်တိုင် သွန်းလုပ်ထားတာ မဟုတ်လား… ဘိုးဘိုးနဲ့ တခြား ဘယ်သူ လိုက်လာသေးလဲ…”
“အ အ… အ အ အ…”
ရွှေအက လက်ဟန်သင်္ကေတများ ပြရင်း တအအ ပြောဆိုလိုက်၏။ သူ့မျက်ခုံးများက ပျင်းရိငြီးငွေ့သည့်အသွင် ဖြစ်သွားပြီး လက်ဖဝါးနှစ်ဖက်ကို ပူး၍ မျက်နှာနားတွင် ကပ်ပြကာ အိပ်ပျော်သည့်ဟန် လုပ်ပြလိုက်၏။ ထို့နောက် ရုတ်တရက် လက်ချောင်းနှစ်ချောင်းဖြင့် လမ်းလျှောက်သည့်ပုံ လုပ်ပြလိုက်သည်။
သူ၏ လက်ဟန်သင်္ကေတများက တရစပ် ပြောင်းလဲနေပြီး သူ့မျက်နှာအမူအရာကလည်း အသက်တစ်ရှိုက်မျှ အချိန်အတွင်း အကြိမ်ပေါင်း ထောင်ချီပြောင်းလဲသွား၏။ ချင်မူ မူးဝေလာသည်။ “ဘိုးဘိုးရွှေအ၊ ဖြည်းဖြည်းပြောဦး… ကျွန်တော် လိုက်မမီတော့ဘူး… ဘိုးဘိုးနားကန်းရော… ဘိုးဘိုးရွှေအနောက် လိုက်မလာဘူးလား…”
ရွှေအက ကျေနပ်နှစ်သိမ့်သည့် အမူအရာ ပေါ်ထွက်လာပြီး လက်ဟန်သင်္ကေတအချို့ ဆက်ပြလိုက်သည်။ သူက ရွာမှ ခိုးထွက်လာပြီး မည်သူ့ကိုမျှ မပြောခဲ့ဟု ဆို၏။
ချင်မူ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ပြုံးလိုက်သည်။ “ဘိုးဘိုးမသိဘူးလား… ကျွန်တော် ဘိုးဘိုးသားသတ်သမားနဲ့ ဘိုးဘိုးမျက်ကန်းကို တွေ့ခဲ့ပြီးပြီ… ဘွားဘွားစစ်ရော… သူတို့လည်း ရွာက ထွက်လာကြတာပဲလေ…”
ရွှေအမှာ အံ့အားသင့်သွားပြီး ဟက်ခနဲ ရယ်မောလိုက်၏။ ထို့နောက် သူ၏ သစ်သားသေတ္တာကို ချင်မူ့ထံ ကမ်းပေးရင်း သယ်ခဲ့ပေးရန် လက်ဟန်ပြလိုက်သည်။ ချင်မူက ဟွန့်ခနဲ နှာခေါင်းရှုံ့၍ လက်ကမ်းမပေးချေ။ “ဘိုးဘိုးရွှေအ၊ ကျွန်တော့်ကို အရူးလုပ်ဖို့ ကြိုးစားမနေနဲ့… ဒီထဲမှာ ဓားစက်လုံး တစ်ထောင်လောက် ပါတာလေ၊ ဟုတ်တယ်မဟုတ်လား… ဘိုးဘိုးရဲ့ ဓားစက်လုံးတွေက အလေးကြီး၊ ဒီသေတ္တာက ပိုတောင် လေးဦးမယ်… ကျွန်တော်သာ ကူသယ်ပေးရင် လက်မောင်းဆစ် ပြုတ်သွားမှာပေါ့… အရင်တစ်ခါပဲ ဘိုးဘိုးအကွက်ထဲ ဝင်မယ်… ဒီတစ်ခါတော့ မဝင်တော့ဘူး…”
ရွှေအက ပြုံးဖြီးဖြီး လုပ်၍ ချင်မူ့ကို လက်မထောင်ပြလိုက်သည်။
ဒုက္ခိတဘိုးဘွားကျေးရွာတွင် ချင်မူကို အစအနောက်ဆုံးမှာ ထော့ကျိုး ဖြစ်ပြီး ရွှေအက နောက်မှ လိုက်၏။
ရုတ်တရက် ရွှေအက မျက်ခုံးပင့်၍ ချင်မူ့နောက်သို့ ကြည့်လိုက်သည်။ ချင်မူ အလျင်အမြန် နောက်ပြန် လှည့်ကြည့်လိုက်သောအခါ သက်လတ်ပိုင်းအရွယ် လူတစ်ယောက် လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူတို့ရှေ့သို့ တိတ်တဆိတ် လျှောက်လှမ်းလာပြီး သူတို့နှင့် ကိုက်ပေါင်းတစ်ဒါဇင် အကွာတွင် ရပ်တန့်လိုက်သည်။
“ပြီးခဲ့တဲ့ မျိုးဆက်က ဆရာကြီးလား…” သူက ခပ်တိုးတိုး မေးမြန်းလိုက်၏။
ရွှေအက သွားဖြဲ၍ လက်ဟန်သင်္ကေတအချို့ ပြလိုက်သည်။ ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ နားမလည်သဖြင့် မျက်မှောင်ကြုတ်သွား၏။
ချင်မူက ရှင်းပြလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ ဘိုးဘိုးရွှေအပြောတာက သူက မျိုးဆက်ဟောင်းက မဟုတ်ဘူး၊ ငယ်ပါသေးတယ်တဲ့…”
ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ထပ်၍ မျက်မှောင်ကြုတ်လိုက်၏။ ရွှေအ ပြောသည်ကို နားမလည်ဘဲ ချင်မူ ဘာသာပြန်ပြသည်ကိုသာ အားကိုးနေရသည့်အတွက် သူ စိတ်မသက်မသာ ဖြစ်သွားသည်။
“တာအိုရောင်းရင်းက ထူးချွန်ထက်မြက်တဲ့ စွမ်းရည် ရှိတာပဲ၊ ဒါပေမဲ့ ရောင်းရင်း လေ့ကျင့်တာက ဓားသိုင်း မဟုတ်ပါလား…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သက်ပြင်းချလိုက်၏။ “ကျုပ်က မျိုးဆက်ဟောင်းက လူတချို့နဲ့ တွေ့ဆုံပြီး အတော်လေး သင်ယူခဲ့ရတယ်… ကောင်းကင်နတ်သိုင်းတွေ၊ တာအိုသဘောတရားတွေနဲ့ ကျင့်စဉ်သိုင်းကွက်တွေ အားလုံးကို မြင်ဖူးပြီလို့ ကိုယ့်ကိုယ်ကိုယ် ထင်မှတ်ခဲ့တာ၊ ဒီလိုမျိုး ထူးခြားဆန်းကြယ်တဲ့ ကောင်းကင်နတ်သိုင်းမျိုးကို မြင်တွေ့ရလိမ့်မယ်လို့ မထင်ခဲ့မိဘူး… တာအိုရောင်းရင်းရဲ့ ကောင်းကင်နတ်သိုင်းကို နောက်တစ်ကြိမ် ပြန်ပြပေးနိုင်မလား မသိဘူး…”
ချင်မူ အံ့အားသင့်သွားသည်။ အစောက ဘိုးဘိုးရွှေအ၏ တိုက်ကွက်ကို သူ မြင်တွေ့ခဲ့သည် မဟုတ်လား။ မရေမတွက်နိုင်သော ဓားစက်လုံးများ ကောင်းကင်ယံသို့ ပျံတက်လာပြီး အဆုံးမရှိသည့် ဓားပျံများအဖြစ် ပြောင်းလဲကာ တုထျန်းမိစ္ဆာဘုရင်ကိုပင် ခံစစ်အနေအထား ကျရောက်၍ ဒဏ်ရာရသွားစေခဲ့သည်။
ဘိုးဘိုးရွှေအ၏ ပညာက ဓားသိုင်းဟုသာ ချင်မူ ထင်ခဲ့မိသော်လည်း ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဓားသိုင်းမဟုတ်ဟု ပြောလာ၏။ ဘိုးဘိုးရွှေအ၏ စွမ်းရည်က သူ ထုတ်ဖော်ပြသခဲ့သည့် ဓားစွမ်းရည်၏ အထက်တွင် ရှိနေသည်လား။
ရွာ၌ ရွှေအ သူ့ကို သင်ပြခဲ့သည်မှာ ပန်းပဲပညာ ဖြစ်၏။ ချင်မူအနေဖြင့် တူကြီးတစ်လက်ကို အမြဲ သယ်ဆောင်ထားပြီး သူ၏ တူစွမ်းရည်မှာလည်း ရွှေအက သင်ပေးထားခြင်း ဖြစ်သည်။
“ဘိုးဘိုးရွှေအက တူသိုင်းကို လေ့ကျင့်ထားတာများလား…”
ရွှေအက သွားဖြဲ၍ ပြုံးပြပြီး သူ့နောက်ကျောမှ ပန်းပဲမီးဖိုကို ဖြုတ်ချလိုက်၏။ လက်ထဲမှ သစ်သားသေတ္တာကိုလည်း အောက်ချလိုက်သည်။ ယခု သူ၏ သွင်ပြင်က ခရီးသွား ပန်းပဲဆရာကြီး တစ်ယောက် ရောက်ရာအရပ်၌ တစ်ထောက်နား၍ အနီးပတ်ဝန်းကျင်မှ ရွာသူရွာသားများအတွက် သံထည်ပစ္စည်းများ သွန်းလုပ်ပေးတော့မည်ကဲ့သို့ ရှိနေ၏။
သူ၏ သေတ္တာက ပန်းပဲသွန်းလုပ်ရန်အတွက် လိုအပ်သော ပစ္စည်းများ သိမ်းဆည်းထားသည့် သေတ္တာကြီး တစ်လုံးနှင့် တူပြီး အထဲတွင် ရှိသည်က ဓားစက်လုံးများ မဟုတ်ဘဲ တူ၊ ပေ၊ ဇကာ၊ သံရည်ပူခပ်ရန်ဇွန်း အစရှိသည်တို့သာ ဖြစ်သင့်၏။
ရွှေအက ထိုသေတ္တာကို ဖွင့်၍ လက်ဟန်သင်္ကေတအချို့ ပြလိုက်သည်။ ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ အမူအရာ တောင့်တင်းသွားပြီး ချင်မူ့ကို ကြည့်လိုက်၏။
ချင်မူက ပြောလိုက်သည်။ “ဘိုးဘိုးရွှေအက ပြောတယ်၊ သူ့ပညာက ဒီလောကကြီးမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီတဲ့… ဧကရာဇ်အတိုင်ပင်ခံ ကြည့်ချင်တယ်ဆို သူ ပြပါမယ်တဲ့… ဧကရာဇ်အတိုင်ပင်ခံအနေနဲ့ သူ့အတွက် သင့်လျော်တဲ့ ပညာအမွေဆက်ခံသူတစ်ယောက် ရှာပေးစေချင်ပါတယ်တဲ့…”
ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ရင်ထဲတွင် လေးစားစိတ်တို့ ဖြစ်ပေါ်လာပြီး ပြောလိုက်၏။ “တာအိုရောင်းရင်းက ကိုယ့်ရဲ့ အထွတ်အထိပ် လျှို့ဝှက်ပညာရပ်ကို မျှဝေသင်ကြားပေးလိုစိတ် ရှိတာပဲ… ရောင်းရင်းရဲ့ စိတ်သဘောထား ကြီးမြတ်မှုက အဲဒီ နာမည်ကျော် သိုင်းဂိုဏ်းကြီးတွေရဲ့ ဂိုဏ်းချုပ်တွေထက် အဆပေါင်းများစွာ သာပါပေတယ်… အခါအခွင့်သင့်တဲ့အခါ ရောင်းရင်းအတွက် အမွေဆက်ခံသူကို အလေးထား ရှာဖွေပေးပါမယ်…”
သစ်သားသေတ္တာက ပွင့်ဟသွားသည်။ အထဲတွင် မရေမတွက်နိုင်သော ဓားစက်လုံးများ ရှိနေ၏။ ထိုဓားစက်လုံးလေးများက လက်မအရွယ်မျှသာ ရှိသည်။
ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဇဝေဇဝါ အမူအရာနှင့် ရှိနေပြီး ရွှေအက ပြုံးလိုက်၏။ သူ့လက်ကို ဆန့်ထုတ်လိုက်သောအခါ ဓားစက်လုံးများက ငွေရောင်အလုံးလေးများ မဟုတ်တော့ချေ။ တစ်မုဟုတ်ချင်း အရည်ပျော်သွားပြီး ရေကဲ့သို့၊ အလင်းရောင်ကဲ့သို့ အရာမျိုး ဖြစ်သွား၏။ အလင်းရောင်မှ အသွင်ပြောင်းလာသည့် ရေသဖွယ် ထင်ရသည်။
ဓားစက်လုံးများ အပြည့်ပါသည့် သေတ္တာက အလင်းရည်များနှင့် ပြည့်နေသည့် သေတ္တာတစ်ခု အဖြစ်သို့ ပြောင်းလဲသွား၏။ ထိုအလင်းရည်က သေတ္တာထဲမှ တဖြည်းဖြည်း မြင့်တက်လာပြီး ရွှေအ၏ ကိုယ်ပေါ်သို့ တွားတွားတက်ကာ သူ့တစ်ကိုယ်လုံးအနှံ့ ဖြန့်ကျက်၍ ငွေရောင်ချပ်ဝတ်တန်ဆာသဖွယ် ဖြစ်သွားသည်။
ချင်မူနှင့် ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ထိုချပ်ဝတ်တန်ဆာ၏ မျက်နှာပြင်တွင် ထူးဆန်းသည့် အမှတ်အသား အမျိုးမျိုး ပေါ်ထွက်လာသည်ကို မြင်လိုက်ရ၏။ ထိုမှော်သင်္ကေတများက အကာအကွယ် မှော်အစီအရင်များ ဖြစ်ချေလိမ့်မည်။
ထို့နောက် ထိုအလင်းရည်က ရွှေအ၏ ကိုယ်ပေါ်မှ စီးဆင်းထွက်ခွာသွားပြီး လေထဲတွင် ကြီးမားသော ခေါင်းလောင်းကြီးတစ်လုံး ဖြစ်သွားသည်။ ထိုခေါင်းလောင်းကြီးက ကိုက်ပေါင်းဒါဇင်ချီ မြင့်မားပြီး ၎င်း၏ နံရံက ထွင်းဖောက်မြင်ရလုမတတ် ပါးလွှာ၏။
ခေါင်းလောင်းကြီးက တဖြည်းဖြည်း လည်ပတ်သွားပြီး ခေါင်းလောင်းနံရံတွင် အလွန်တရာ ရှေးကျသော စာလုံးများ၊ အမျိုးမျိုးသော ဆန်းကြယ်သားရဲများ၏ ပုံများ၊ ကောင်းကင်တစ်ခွင်ရှိ နက္ခတ်တာရာများ၏ အစီအစဉ်များ ပေါ်ထွက်လာသည်။
ဝှစ်…။
ထိုခေါင်းလောင်းကြီးက အလင်းရည်အဖြစ် စီးဆင်းသွားပြီး ငွေနဂါးတစ်ကောင်အသွင် ပြောင်းကာ သူတို့၏ နံဘေး၌ လှည့်ပတ်သွားလာနေ၏။ ထိုငွေနဂါး၏ ကိုယ်ပေါ်တွင် နဂါးအမှတ်အသား သင်္ကေတများ တဖြည်းဖြည်း ပေါ်ထွက်လာသည်။
ရုတ်တရက် ငွေနဂါးကြီးက ကောင်းကင်ယံသို့ ထိုးတက်၍ ဓားရှည်တစ်လက်အသွင် ပြောင်းလဲပြီး နက်နဲဆန်းကြယ်သော ဓားကွက်များ ထုတ်ဖော်ကစားလိုက်သည်။ ဓားအလင်းရောင်က ရုတ်တရက် ပျောက်ကွယ်သွားပြီး ကြီးမားသော ဒိုင်းကြီးတစ်လက် ကောင်းကင်ယံမှ ကျဆင်းလာ၏။
ထိုဒိုင်းကြီးက မြေပြင်ပေါ်သို့ မကျမီမှာပင် ငွေထီးတစ်လက်အဖြစ် ပြောင်းလဲသွားပြီး တဖြည်းဖြည်းချင်း ဝဲလည်လှည့် မျောလွင့်သွားသည်။
ရွှေအ၏ သေတ္တာအတွင်းမှ ဓားစက်လုံးများက မရေမတွက်နိုင်သော အသွင်ပြောင်းလဲမှုများ ပြုလုပ်သွား၏။ မည်သည့် လက်နက်မျိုးမဆို၊ မည်သည့် ရတနာပစ္စည်းမျိုးမဆို ပြောင်းလဲပစ်နိုင်သည်။
ဤသေတ္တာအတွင်းမှ အလင်းရည်က ကောင်းကင်နတ်သိုင်းများ အသွင်သို့ပင် ပြောင်းလဲနိုင်စွမ်း ရှိ၏။
ချင်မူအနေဖြင့် ရွှေအ၏ စွမ်းရည်အစစ်အမှန်ကို ယခုမှ ပထမဆုံး မြင်တွေ့ဖူးခြင်း ဖြစ်ပြီး ဤမျှ ဆန်းကြယ်သော စွမ်းရည်ကိုလည်း ယခုမှ မြင်ဖူးခြင်း ဖြစ်သည်။
ရွှေအက သူ့ကို ဤပညာရပ် မသင်ပေးခဲ့သကဲ့သို့ ရွာထဲတွင် ဤသို့သော စွမ်းရည်မျိုး ထုတ်သုံးသည်ကိုလည်း တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှလည်း ကျောက်ရုပ်သဖွယ် ဖြစ်နေသည်။ ရုတ်တရက် အလင်းရည်များက ငွေရောင်လှေတစ်စင်းအသွင် ပြောင်းလဲသွားပြီး ရွှေအက သူ၏ သေတ္တာကို လှေပေါ်သို့ ပစ်တင်၍ သူပါ ခုန်တက်သွား၏။ သူက ချင်မူ့ကို ပြုံး၍ လက်ဝှေ့ယမ်း ပြလိုက်သည်။ ထို့နောက် ငွေရောင်လှေက အလွန်တရာ မြန်ဆန်သော နှုန်းထားဖြင့် လေထုကို ထိုးခွင်း၍ ထွက်ခွာသွားပြီး အစအန ရှာမရအောင် ပျောက်ကွယ်သွား၏။
ချင်မူက ပါးစပ်ဟ၍ အော်ခေါ်ရန် ပြင်လိုက်သော်လည်း တစ်ခဏမျှ တွေးပြီးနောက် မခေါ်ဖြစ်တော့ချေ။
တစ်ခဏကြာပြီးသောအခါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သက်ပြင်းယဲ့ယဲ့တစ်ချက် ချ၍ ရေရွတ်လိုက်သည်။ “ထိပ်တန်းပညာရပ်ပဲ… ထိပ်တန်းပညာရပ်ပဲ… ဒီလောကကြီးမှာ ငါ မမြင်ဖူးတဲ့ စွမ်းရည်တစ်ရပ် ရှိနေသေးတာပဲ… ဒီတာအိုရောင်းရင်းက တကယ့်ကို ထူးချွန်ထက်မြက်ပါပေတယ်… တောင်ဝင်ကျောင်းတော်သားချင်၊ မင်းက သူနဲ့ သိတာလား…”
ချင်မူက ပြောလိုက်၏။ “သူက ကျွန်တော့်မိသားစုဝင်ပါ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ မှင်တက်မိပြီး နားမလည်နိုင် ဖြစ်သွားသည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းက ပညာရှင်လား… ပါမောက္ခချုပ်အပြင် ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ဒီလိုပညာရှင်မျိုး ရှိသေးတာပေါ့၊ တကယ့်ကို ချီးကျူးလောက်ပါပေတယ်… မိစ္ဆာလမ်းစဉ်ရဲ့ နံပါတ်တစ် အထွတ်အမြတ်နယ်မြေလို့ ခေါ်တွင်ထိုက်ပါပေတယ်…”
ချင်မူက ခေါင်းခါယမ်းလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံ လွဲနေပါပြီ… ကျွန်တော်က မဟာမြို့ပျက်မှာ မွေးဖွားလာတဲ့သူပါ… အဲဒါကြောင့် ကျွန်တော့်ရဲ့ အိမ်က မဟာမြို့ပျက်မှာပါ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ အံ့အားသင့်သွားပြီး သူ့ကို နက်နက်နဲနဲ ကြည့်၍ အဓိပ္ပါယ်ပါပါ ပြောလိုက်သည်။ “တော်ဝင်ကျောင်းတော်သားချင်က သမိုင်းအစဉ်အလာကြီးမားတဲ့ အင်အားကြီးမိသားစုက လာတာပဲပေါ့…”
ချင်မူ တစ်ခဏမျှ မှင်တက်သွားပြီး ခေါင်းမညိတ်ချင်ညိတ်ချင်နှင့် ညိတ်လိုက်၏။
ထို့နောက် ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ထူးမခြားနား အမူအရာဖြင့် မေးလိုက်သည်။ “အဲဒီလိုဆို ဒီမိစ္ဆာနတ်ဘုရားကို ဆင့်ခေါ်တဲ့သူက ဘယ်သူများလဲ…”
“ကျွန်တော်လည်း မသိပါဘူး…”
ချင်မူက မျက်နှာသေဖြင့် ပြောလိုက်၏။ “ကျွန်တော်လည်း အခုမှ ဒီနေရာကို ရောက်ပြီး ဒီလို အဖြစ်မျိုးကြီးနဲ့ ကြုံရတာပဲ… သေရမလိုတောင် ဖြစ်သွားပါသေးတယ်…”
ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အသာအယာ ခေါင်းညိတ်၍ ပြောလိုက်သည်။ “ကူလင်းနွမ်က မင်းကို ကျောင်းတော်သားတွေ ဦးဆောင်ပြီး အတွေ့အကြုံရှာဖို့ စေလွှတ်လိုက်တာ… ငါသိသလောက်တော့ မင်းတို့ရဲ့ ဦးတည်ရာက လီကျိုးပြည်နယ် မဟုတ်လား… ဒါက ကောင်းကင်လှိုင်းမြို့လေ၊ တစ်ဖက်ကမ်းက ဝူတင်းစီရင်စု… လီကျိုးပြည်နယ်နဲ့ မိုင်ခုနစ်ဆယ်လောက် ဝေးတယ်… တော်ဝင်ကျောင်းတော်သားချင်က ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ…”
“ဒါက…”
ချင်မူက သူ့ကျောပိုးအိတ်ထဲမှ ဟူလင်းအာကို ဆွဲထုတ်၍ မြေခွေးဖြူလေးကို စိုက်ကြည့်လိုက်၏။ ဟူလင်းအာက သူ၏ လက်ဖဝါးကို မြှောက်၍ လက်သည်းများ ကိုက်လိုက်သည်။ သူ၏ မျက်ဆံနက်များက လျင်မြန်စွာ လှုပ်ရှားနေ၏။ ရုတ်တရက် သူ့မျက်လုံးများ အရောင်တောက်သွားသည်။ “ကျွန်မတို့က မာန်ဟုန်မြစ်အတိုင်း စုန်ဆင်းလာတာပါ… လီကျိုးပြည်နယ်မှာ မဟာတောင်တော်ဂိုဏ်းသား အကြွင်းအကျန်တွေက မိစ္ဆာနတ်ဘုရားတစ်ပါး ဆင့်ခေါ်လိုက်လို့ အန္တရာယ်ကြုံပြီး မြစ်ကြောင်းကနေ ထွက်ပြေးလာတာပါ… သခင်လေး၊ ဒီအတိုင်းပြောလို့ အဆင်ပြေလား…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အမူအရာ အပြောင်းအလဲ မရှိဘဲ ပြောလိုက်၏။ “မင်းတို့ ကြိုက်သလို ပြောလို့ ရပါတယ်… ဒီကောင်းကင်လှိုင်းမြို့ဖြစ်ရပ်မှာ သူပုန်တပ်ဖွဲ့ဝင်တွေ မရေမတွက်နိုင်အောင် သေကြေပျက်စီးခဲ့တယ်… ဒီမိစ္ဆာနတ်ဘုရားကို ဆင့်ခေါ်ခဲ့တဲ့သူက အကြီးအကျယ် အကျိုးပြုခဲ့တာပဲ… ငါအနေနဲ့ သူ့ကို ဧကရာဇ်ဆီ လျှောက်တင်ပေးမလို့ပါ… ဒီလိုအကျိုးပြုပုံမျိုးနဲ့ဆိုရင် အနိမ့်ဆုံး စတုတ္ထအဆင့် အမြင့်စံ နန်းတွင်းအရာရှိ ရာထူးထိ ရနိုင်တယ်…”
ချင်မူ ပါးစပ်ဟလိုက်စဉ်မှာပင် ဟူလင်းအာက ကမန်းကတန်း ဝင်ပြောလိုက်သည်။ “ကျွန်မတို့ သခင်လေး လုပ်တာ… အဲဒီ တုထျန်းဆိုလား၊ ဘာလား မသိတဲ့ မိစ္ဆာနတ်ဘုရားကို ကျွန်မတို့ သခင်လေး ဆင့်ခေါ်လိုက်တာပါ…”
ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ကို လျစ်လျူရှု၍ ဆက်ပြောလိုက်၏။ “ကောင်းကျိုးပြုတာ အမှန်ပဲ၊ ဒါပေမဲ့ မြို့ထဲက အရပ်သားတွေ မရေမတွက်နိုင်အောင် သေကြေပျက်စီးခဲ့တဲ့အတွက် အပြစ်ကလည်း ကြီးတယ်… စစ်ပွဲကာလမှာ သေကြေပျက်စီးမှုက ရှောင်လွှဲမရဘူး ဆိုပေမဲ့ တစ်မြို့လုံး သေရတာတော့ များလွန်းတယ်… အဲဒီသူရဲ့ ကောင်းကျိုးဆောင်မှုကို ငါ ထုတ်ပြရင် အပြစ်မဲ့ပြည်သူ မရေမတွက်နိုင်အောင် သေကြေခဲ့ရတဲ့ အဖြစ်ကို ထောက်ပြပြီး သူ့ကို အပြစ်ပေးဖို့ ဧကရာဇ်ကို ဖိအားပေးမဲ့ ဝေဖန်ဆန့်ကျင်သူတွေ ပေါ်လာမှာ ကျိန်းသေပဲ… ပုန်ကန်မှုတွေ ငြိမ်သက်သွားတဲ့အခါ အကျိုးအပြစ်တွေ ချိန်ဆပြီး သူ့ကို သေချာပေါက် ရှင်းထုတ်လိမ့်မယ်… ဆွေခုနစ်ဆက်မျိုးခုဆက် သတ်ခံရ၊ အသတ်မခံရ အတပ်မပြောနိုင်ပေမဲ့ လက်ရှိရာထူး ရုပ်သိမ်းပြီး နယ်နှင်ဒဏ်အခတ်ခံရမှာတော့ ကျိန်းသေတယ်…”
ဟူလင်းအာက ကမန်းကတန်း ပါးစပ်ပိတ်ပြီး အမှားကြီး မှားသွားပြီဟု ခံစားလိုက်မိသည်။
ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြုံးပြလိုက်၏။ “အဲဒါကြောင့် ဒီအကျိုးဆောင်မှုကို လျှို့ဝှက်ထားပြီး ဘယ်သူ့ကိုမှ မပြောဖို့ ပြင်ဆင်ထားတယ်… အကျိုးဆောင်မှု မရှိရင် အပြစ်ဖြစ်တာလည်း ရှိတော့မှာ မဟုတ်ဘူး… တော်ဝင်ကျောင်းတော်သားချင်အနေနဲ့ ငါ ဒီလို ဖြေရှင်းလိုက်တဲ့အပေါ် ဘယ်လို အမြင်ရှိလဲ ပြောပါဦး…”
ချင်မူက သက်ပြင်းတစ်ချက် ချ၍ ပြောလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံရဲ့ ကိုင်တွယ်ဖြေရှင်းမှုက သိပ်ကို သင့်မြတ်လှပါတယ်…”
သူတို့၏ နောက်တွင် ထာဝရငြိမ်းချမ်းရေး အင်ပါယာ တပ်ဖွဲ့ကြီးက ကောင်းကင်နတ်ဆိုးအုပ်များကို သုတ်သင်ရှင်းလင်းပြီးသွားပြီ ဖြစ်ပြီး တပ်မှူးအချို့ လျှောက်လှမ်းလာကြ၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပတ်ဝန်းကျင်တစ်ခွင်သို့ လှည့်ပတ်ကြည့်ရှု၍ မထုံတက်သေး အမူအရာဖြင့် ပြောလိုက်သည်။ “ဝေဖန်ဆန့်ကျင်သူတွေက လူကို လက်နဲ့မသတ်ဘူး၊ ပါးစပ်နဲ့ သတ်ကြတာ… မင်းအနေနဲ့ ဝေဖန်ဆန့်ကျင်သူတွေရဲ့ ပါးစပ်ဖျားအောက်ကနေ အသက်လုပြေးနိုင်ပေမဲ့ အတော်လေးတော့ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလိမ့်မယ်…”
ချင်မူက မေးလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံကိုယ်တိုင် ကြုံတွေ့ခဲ့ရတာများလား…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းညိတ်လိုက်သည်။ “ငါရဲ့ ပြုပြင်ပြောင်းလဲမှုမှာ မရေမတွက်နိုင်တဲ့ ဝေဖန်ဆန့်ကျင်သူတွေကို သတ်ဖြတ်ခဲ့ပြီးပြီ… ဒါပေမဲ့ ဝေဖန်ဆန့်ကျင်သူတွေဆိုတာ တစ်အုပ်သတ်ပြီးတိုင်း နောက်တစ်အုပ် ပေါ်လာတတ်တာမျိုးပဲ… သူတို့မှာ ဘာအရည်အချင်းမှ မရှိ၊ ဘာကိုမှ လက်တွေ့ မလုပ်ဆောင်နိုင်ပေမဲ့ မင်းလုပ်သမျှ၊ ပြောသမျှကို လိုက်ပြီး ကန့်လန့်တိုက်လိမ့်မယ်… သူတို့ ကျွမ်းကျင်တာ တစ်ခုပဲ ရှိတယ်၊ အဲဒါက အပြစ်တင်ဆဲဆိုတာပဲ… ငါရဲ့ ပြုပြင်ပြောင်းလဲမှု ကျရှုံးသွားခဲ့ရင် ငါ့အဆုံးသတ်က ဘယ်လို ဖြစ်သွားမလဲ မင်း သိလား…”
ချင်မူ ခေါင်းခါယမ်းလိုက်၏။
“နောင်နှစ်ပေါင်း သောင်းချီအထိ နောင်လာနောက်သားတွေရဲ့ အပြစ်တင် ပြောဆိုတာကို ခံရလိမ့်မယ်…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မထီတရီဟန်ဖြင့် ပြောလိုက်သည်။ “ငါ့ရဲ့ ပြုပြင်ပြောင်းလဲမှု အောင်မြင်ခဲ့ရင်တောင်မှ နောင်နှစ်ပေါင်း ရာချီ၊ ထောင်ချီထိ ဝေဖန်ဆန့်ကျင်သူတွေရဲ့ အပြစ်တင်ဆဲဆိုတာ ခံရဦးမှာပဲ… တစ်ခါတုန်းကတော့ ငါ့ကို နှစ်သိမ့်ပေးနိုင်မဲ့ တာအိုရောင်းရင်းတစ်ယောက် ရှိခဲ့ဖူးတယ်…”
သူ့အမူအရာက ညို့မှိုင်းသွားသည်။ “ဒါပေမဲ့ သူ ထွက်သွားပြီ… ငါ သူ့ကို အတော်လေး သတိရနေမိတယ်…”