← Chapters

နည်းနည်းတောင်စိတ်လှုပ်ရှားသွား

Vol. 14 Ch. 191

နည်းနည်းတောင်စိတ်လှုပ်ရှားသွား

Vol. 14 Ch. 191

ချင်မူ မှင်တက်မိသွား၏။ ဤတာအိုရောင်းရင်းဆိုသူက မည်သူမှန်း သူ မသိချေ။

သို့သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ၏ အတွင်းစိတ် ခံစားချက်များကို ဖွင့်ဟလာသဖြင့် ခေါင်းမွေးများ ထောင်ထသွားသည်။ အချိန်မရွေး နှုတ်ပိတ်ခံရတော့မည့်သူ တစ်ယောက်ကဲ့သို့ ခံစားလိုက်ရ၏။

“စိတ်မပူပါနဲ့…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့အတွေးကို ထွင်းဖောက်မြင်သည့်ဟန်ဖြင့် ခပ်အေးအေး ပြောလိုက်သည်။ “ငါ့ရင်ထဲက ခံစားချက်တချို့ကို မင်းနဲ့ မျှဝေရုံတင်ပါ… မင်းက နားထောင်ကောင်းတဲ့သူ တစ်ယောက်ပဲ… လေအိုး နယ်စားဝေ့သာဆိုရင် ဒီလိုမျိုး များများ မပြောရဲဘူး… ပြောများပြောလိုက်မိရင် နောက်တစ်နေ့ နန်းတွင်းတစ်ခုလုံး သိသွားပြီပဲ…”

“နယ်စားဝေ့လား… ဝေ့ယုံကလည်း နယ်စားဝေ့ရဲ့ မိသားစုကပဲ ထင်တယ်…”

ချင်မူ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။ ပထမအဆင့် နန်းတွင်းအရာရှိတစ်ယောက် ဖြစ်သည့် နယ်စားဝေ့မှာလည်း လေအိုးတစ်ယောက် ဖြစ်သည်တဲ့လား။ ဝေ့ယုံ၏ စကားများမှုကပင် အတော်လေး ခေါင်းကိုက်ဖွယ် ဖြစ်၏။ ဤအမူအကျင့်က သူ့မိသားစုမှ သင်ယူလာခြင်း ဖြစ်နေသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “ပြီးတော့ မင်းက ဆဋ္ဌမအဆင့် နန်းတွင်းအရာရှိ တော်ဝင်ကျောင်းတော်သား ဖြစ်ပေမဲ့ နန်းတွင်းမှာ တိုက်ရိုက် ပါဝင်တဲ့သူ မဟုတ်ဘူး… မင်းကို ပြောပြရတာ ဘေးကင်းပါတယ်…”

သူက တစ်ချက်ပြုံးလိုက်သည်။ “အဓိကအကျဆုံး အချက်ကတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ မိစ္ဆာဂိုဏ်းသခင်တစ်ယောက် ပြောတဲ့စကားကို ဘယ်သူကမှ ယုံကြမှာ မဟုတ်ဘူး…”

ချင်မူ၏ မျက်နှာ မည်းမှောင်သွား၏။ ကောင်းကင်နတ်ဆိုးဂိုဏ်းက သာမန်အရပ်သားများကြားတွင် နာမည်ကောင်း ရသော်လည်း နန်းတွင်းနှင့် သိုင်းလောကမှ လူများ၏ အမြင်တွင် ကောင်းသည့်သူများ မဟုတ်ပေ။

တပ်မှူးအချို့က သူတို့အနား လျှောက်လာပြီး တစ်ယောက်က ဦးညွှတ် အရိုအသေပြုလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ ကောင်းကင်လှိုင်းမြို့ရဲ့ ပုန်ကန်မှုကို ရှင်းလင်းပြီးပါပြီ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းညိတ်လိုက်၏။ တပ်မှူးများက ချင်မူ့ကို ကြည့်၍ ဇဝေဇဝါ အမူအရာများ ဖြစ်သွားသည်။ ချင်မူက ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

“ဒါက ငါတို့ နန်းဆက်ရဲ့ ပထမဆုံး တော်ဝင်ကျောင်းတော်သားပဲ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “တော်ဝင်ကျောင်းတော်သား ချင်မူပါ…”

တပ်မှူးများက ချင်မူ၏ သွင်ပြင်ကို ကြည့်၍ ရိုးသားခံ့ညားသူ တစ်ယောက်ဟု မှတ်ယူလိုက်မိကြသည်။ ငယ်ရွယ်သေးသော်လည်း ယုံကြည်အားကိုးထိုက်သောသူ ဟူသည့် ခံစားချက်ကို ပေးစွမ်းနိုင်၏။ သူတို့ ချီးကျူးလိုက်မိကြသည်။ “တော်ဝင်ကျောင်းတော်သားချင်က ငယ်ရွယ်သေးပေမဲ့ ရင့်ကျက်တည်ငြိမ်လှပါပေတယ်… ပထမဆုံး တော်ဝင်ကျောင်းတော်သားဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ ပညာရည် ပြည့်ဝလှပါတယ်…”

ချင်မူက ပြုံး၍ ပြန်နှုတ်ဆက်လိုက်၏။ “မြှောက်ပင့်လွန်းနေပါပြီ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် တောင်အရပ်သို့ လှမ်းမျှော်ကြည့်လိုက်သည်။ “ဒီတိုက်ပွဲက ငါတို့ရဲ့ အင်အားကို အရိပ်အယောင် ထုတ်ပြလိုက်ရုံပဲ ရှိသေးတယ်… ဒါပြီး လာမဲ့ တိုက်ပွဲကမှ တကယ့်တိုက်ပွဲပဲ…အဟွတ် အဟွတ်…”

တပ်မှူးများမှာ အံ့အားသင့်သွားကြပြီး ကမန်းကတန်း ရှေ့တိုးလာ၏။ “ဧကရာဇ်အတိုင်ပင်ခံ၊ ဒဏ်ရာတွေက…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက လက်ယမ်းပြလိုက်သည်။ သူ့မျက်နှာကတော့ အနည်းငယ် ဖြူဖျော့နေ၏။ တစ်ခဏနေမှ နဂိုအတိုင်း ပြန်ဖြစ်သွားပြီး ပြောလိုက်သည်။ “အစောက မိစ္ဆာနတ်ဘုရားကို သတ်ရင်း ရခဲ့တဲ့ ဒဏ်ရာနည်းနည်းပါးပါးပါ… အဆိုးကြီး မဟုတ်ပါဘူး… သူပုန်တပ်ဖွဲ့တွေက တောင်ဘက်မှာ စခန်းချထားတယ်… ငါ့အနေနဲ့ သူတို့ကို ရွေးချယ်မှု နှစ်ခု ပေးဖို့ ပြင်ထားတယ်… ဟယ်ကျူးကော…”

လေးထောင့်စပ်စပ် မျက်နှာနှင့် တပ်မှူးတစ်ယောက်က ဦးညွှတ်အရိုအသေ ပြုလိုက်၏။ “အမိန့်ရှိပါ၊ ဧကရာဇ်အတိုင်ပင်ခံ…”

“တောင်ဘက်ကိုသွား၊ သူပုန်တွေကို ပြောလိုက်… ငါ လာနေပြီ၊ သူတို့ကို ရွေးစရာ လမ်းနှစ်ခု ပေးလိုက်တယ်လို့…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အေးစက်သော အမူအရာဖြင့် တောင်ဘက်နယ်စပ်သို့ လက်ညှိုးညွှန်ပြလိုက်သည်။ “ပထမ ရွေးစရာက ထောင်ချီတဲ့ စစ်သည်တွေ၊ သားရဲစီးတပ်ဖွဲ့တွေကို ငါကိုယ်တိုင် ဦးဆောင်ပြီး သူတို့အားလုံးကို နင်းခြေသတ်ဖြတ်မယ်၊ သူတို့ရဲ့ ဂိုဏ်းတွေ၊ မိသားစုဝင်တွေ အားလုံးကို ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းပစ်မယ်… ဒါက နန်းတွင်းစည်းမျဉ်းပဲ… ဒီအတိုင်း သူပုန်တပ်ဖွဲ့တွေ ရင်ဆိုင်ရလိမ့်မယ်…”

ကျူးကောတပ်မှူး ဟယ်ရှောင်ဖမ်းက ဂရုတစိုက် နားထောင်နေပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဆက်ပြောလိုက်၏။ “ဒုတိယရွေးစရာကတော့ သိုင်းလောကထုံးစံအတိုင်း လိုက်နာဖို့ပဲ… ငါ့ဘက်က နန်းတွင်းအရာရှိတွေကို ခေါ်ပြီး နေရာတစ်ခု သတ်မှတ်မယ်… သူတို့က အဲဒီကို လာပြီး သိုင်းလောကစည်းကမ်းအတိုင်း စိန်ခေါ်တိုက်ခိုက်ရမယ်… သူတို့မှာ အရည်အချင်း ရှိရင် ငါတို့ကို သတ်သွားနိုင်တယ်… မဟုတ်ရင် ငါတို့က သူတို့ကို သတ်မယ်… ဒါ သူတို့အတွက် ရွေးစရာ လမ်းနှစ်ခုပဲ…”

ဟယ်ကျူးကောမှာ တုံ့ဆိုင်းသွားသည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ သိုင်းလောကစည်းမျဉ်းအတိုင်း သွားဖို့ မသင့်လျော်မှာကို ကျွန်တော်မျိုး စိုးရွံ့မိပါတယ်…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “နန်းတွင်းကို မဝင်ခင်က ငါလည်း သိုင်းလောကသားပဲ… ဘာများ မသင့်လျော်စရာ ရှိလဲ… တပ်မှူးလည်း အတူတူပဲ မဟုတ်လား… သိုင်းလောကကနေ နန်းတွင်းကို ဝင်ခဲ့တာ…”

ဟယ်ကျူးကောက ခေါင်းညိတ်၍ ပြောလိုက်သည်။ “ကျွန်တော်မျိုး အခုချက်ချင်း တောင်ဘက်နယ်စပ်ကို သွားလိုက်ပါမယ်… ဒါပေမဲ့ အခုမှ ဧကရာဇ်အတိုင်ပင်ခံက နာလန်ထစဆိုတော့ သူတို့သာ သိုင်းလောကစည်းမျဉ်းအတိုင်း ရွေးချယ်လိုက်ကြရင် နောက်ကျောဓားနဲ့ အထိုးခံရမှာကို စိုးရွံ့မိပါတယ်…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက လက်ဝှေ့ယမ်းပြလိုက်သဖြင့် ဟယ်ကျူးကော ထွက်ခွာသွားသည်။

“ဝေ့ကျူးကော…”

“အမိန့်ရှိပါ၊ ဧကရာဇ်အတိုင်ပင်ခံ…”

“စစ်သည်တွေနဲ့ သားရဲတပ်တွေ မြစ်ကို ဖြတ်ကူးပြီး ယပ်တောင်ပုံ ဖြန့်ကျက်ချီတက်ဖို့ စေလွှတ်လိုက်… အရှေ့ဘက်ခြမ်းက အရှေ့ပင်လယ်ထိ ချီတက်၊ အနောက်ဘက်ခြမ်းက မဟာမြို့ပျက်ထိ ချီတက်… ရှေ့ကို အလျားလိုက် ဖြန့်ကျက်သွားကြ… ရေကန်ကို ဖြတ်ရင် ရေကန်မှာ သုတ်သင်ရှင်းလင်းသွား၊ မြစ်ပြင်ကို ဖြတ်ရင် မြစ်ပြင်မှာ သုတ်သင်ရှင်းလင်းသွား၊ မြို့ပြကို ဖြတ်ရင် မြို့ပြမှာ ရှင်းလင်းသွားပြီး တောင်ဘက်နယ်စပ်အထိ အရောက်ချီတက်ကြ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မျက်နှာအမူအရာ အပြောင်းအလဲမရှိ ပြောလိုက်၏။ “ဒီသူပုန်တွေကို ဖိအား ခံစားစေရမယ်…”

“ဝေ့ဝမ်ကျွီ ဧကရာဇ်အတိုင်ပင်ခံရဲ့ အမိန့်ကို နာခံပါတယ်…”

“နယ်စားဝေ့…”

“အမိန့်ရှိပါ၊ ဧကရာဇ်အတိုင်ပင်ခံ…”

“နယ်စားမင်းက ကျင့်စဉ်စွမ်းအား မြင့်မားသလို တပ်ဖွဲ့ကို ဦးဆောင်ရာမှာလည်း ကျွမ်းကျင်တဲ့အတွက် တပ်ဖွဲ့တွေကို ဦးဆောင်ပြီး တောင်ဘက်နယ်စပ်က တရှန်းကို တဖြောင့်တည်း ချီတက်ပါ… ကွမ့်ကျွင်းတပ်မှူးချုပ်နဲ့ ဟွိုက်ဟွားတပ်မှူးချုပ်က တပ်ဖွဲ့တစ်ဖွဲ့စီ ဦးဆောင်ပြီး နယ်စားဝေ့ရဲ့ ဘေးနှစ်ဖက်က ရံလိုက်၊ တရှန်းရဲ့ ဘယ်ညာနှစ်ဖက်က မြို့တွေကို သုတ်သင်ရှင်းလင်း… ရှန်းကျူးကော၊ မင်းက တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး တယွီအထိ သုတ်သင်ရှင်းလင်းသွား…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ တပ်ဖွဲ့များ ညွှန်ကြားစေလွှတ်ပြီးသောအခါ နယ်စားဝေ့က ပြုံးလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ အခု ကျုပ်တို့အားလုံးက အလုပ်သွားလုပ်တော့မယ်… ခင်ဗျားက ဘာလုပ်မှာတုံး…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြုံးပြလိုက်၏။ “ငါက မင်းတို့နောက်က ဖြည်းဖြည်းချင်း လျှောက်ပြီး လိုက်လာရင်း သူပုန်တွေ ဆုံးဖြတ်ချက် ချပြီးတာကို စောင့်မယ်… ပြီးတော့ ငါ့ဒဏ်ရာတွေက မသက်သာသေးဘူး၊ အနားယူဖို့ လိုသေးတယ်…”

“ခင်ဗျာ့ဒဏ်ရာတွေက အခုထိ မသက်သာသေးဘူးလား…”

နယ်စားဝေ့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “အဲဒါဆို ခင်ဗျား ဆေးကုဦးမှ ဖြစ်မှာပေါ့၊ ခင်ဗျာ့ဘေးမှာ နတ်ဆေးသမားတော်လေး ပါတယ်မဟုတ်ဘူးလား… သူ့ကို ကုခိုင်းလိုက်လေ… ကျုပ်မိန်းမတောင် ကျုပ်မသိအောင် ပန်းပွင့်လမ်းကြားကို အပြေးသွားလို့ မိန်းမချင်း ကြိုက်ပြီး အပျော်အိမ်သွားတယ် ထင်နေတာ၊ ပြီးတော့မှ နတ်ဆေးသမားတော်လေးဆီ ဆေးကုခံဖို့မှန်း သိရတယ်… ကျုပ်ဖြင့် လန့်သွားတာပဲ၊ နည်းနည်းတောင် စိတ်လှုပ်ရှားသွားသေးတယ် ဟေး ဟေး… သူက ဒီလိုဟာမျိုးတွေ စိတ်ဝင်စားတယ် မှတ်နေတာ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ချောင်းဟန့်၍ အိုးတိုးအမ်းတမ်း ပြောလိုက်၏။ “နယ်စားဝေ့ တပ်ဖွဲ့ကို ဦးဆောင်ပြီး ချီတက်ဖို့ အချိန်ရောက်နေပြီ… တရှန်းက တောင်ဘယ်နယ်စပ်ရဲ့ အရေးပါတဲ့ မြို့ပဲ… ကြိုးစားပမ်းစား တိုက်ယူရမှာ…”

နယ်စားဝေ့က ခေါင်းညိတ်၍ လှည့်ထွက်သွားသည်။ ထို့နောက် နောက်ပြန်လှည့်ကြည့်၍ ချင်မူ့ကို အော်ပြောလိုက်၏။ “နတ်ဆေးသမားတော်လေး၊ သူ့မျက်နှာတောင့်တောင့်ကြီး ပျောက်တဲ့ဆေး ပေးလိုက်စမ်းပါ… ဒီမျက်နှာသေကြီးက အပြုံးလေးတစ်ခုတောင် ဖျစ်ညှစ်မပြုံးနိုင်ဘူး… ဟီး ဟီး… ဟိုသည် လျှောက်ကြည့်မနေနဲ့၊ မင်းကို ငါ မှတ်မိတယ်… ငါ့မိန်းမ မင့်ဆီလာပြီး ဆေးကုခံတုန်းက နောက်ကနေ ခိုးကြောင်ခိုးဝှက် လိုက်လာခဲ့တာ… သူက တခြားမိန်းမတွေနဲ့ လာအိပ်တာ ထင်ပြီး နည်းနည်းတောင် စိတ်လှုပ်ရှားသွားသေးတယ်…”

ချင်မူ၏ အမူအရာ အတောင့်သား ဖြစ်သွားပြီး လက်ဝှေ့ယမ်းပြလိုက်သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက လေပူတစ်ချက် မှုတ်ထုတ်၍ ပြောလိုက်၏။ “သူ့ကို ဂရုစိုက်မနေနဲ့၊ ဝေ့မိသားစုကောင်တွေ အကုန်လုံး ဒီလိုချည်းပဲ… သူတို့ပါးစပ်တွေက နွားသုံးလေးကောင် ဝင်လို့ရအောင်တောင် ကျယ်ကြတဲ့ကောင်တွေ…”

ချင်မူမှာ ရယ်ရမည်လား၊ ငိုရမည်လားမသိ ဖြစ်သွားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာလည်း သူ့ဒုက္ခနှင့်သူ ခံစားနေရဟန် တူ၏။ နယ်စားဝေ့က သူ့ရှေ့တွင် အတော်လေး ပေါက်ကရ ပြောပေလိမ့်မည်။

“ဧကရာဇ်အတိုင်ပင်ခံ၊ ကျွန်တော်တို့ ဒီနေရာမှာပဲ လမ်းခွဲကြပါစို့…” ချင်မူက ပြုံးလိုက်၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းခါယမ်းလိုက်သည်။ “လမ်းခွဲမယ် ဟုတ်လား၊ ဘာအတွက်လဲ… မင်းက ငါနဲ့အတူ တောင်ဘက်နယ်စပ်ကို လိုက်ခဲ့ရမယ်လေ… မင်းမရှိရင် ငါ့ဒဏ်ရာတွေကို ဘယ်သူ ကုပေးမှာလဲ…”

ချင်မူက ခပ်အမ်းအမ်း ပြောလိုက်၏။ “မနောက်ပါနဲ့တော့ ဧကရာဇ်အတိုင်ပင်ခံ၊ ခင်ဗျားကိုယ်ပေါ်က ဒဏ်ရာတွေအကြောင်း ကျွန်တော့်ထက် ခင်ဗျား ပိုသိပါတယ်… ပြီးတော့ ကျွန်တော်က ကျောင်းတော်သားတွေကို ဦးဆောင်ပြီး ထွက်လာတာ၊ အခု သူတို့နဲ့ လူကွဲသွားတာဆိုတော့ လိုက်ရှာရဦးမယ်…”

“မင်း ငါ့နောက်ကို လိုက်ခဲ့ရမယ်…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ မျက်နှာက အုံ့မှိုင်းသွားပြီး ပြောလိုက်သည်။ “မင့်ကျောင်းတော်သားတွေကို ငါ ရှာပေးမယ်၊ သူတို့ရဲ့ နာမည်တွေပြော…”

ချင်မူ သူ့နောက်သို့ မလိုက်ချင်ပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တပ်ဖွဲ့များ စေလွှတ်၍ တောင်ဘက်နယ်စပ်ရှိ ပုန်ကန်သူများကို ဖိအားပေးခိုင်းခြင်းမှာ ပုန်ကန်သူသိုင်းဂိုဏ်းများ၊ အဖွဲ့အစည်းမိသားစုများကို ချောင်ပိတ်၍ သူ့ကို လာရောက် သတ်ဖြတ်ရန် ဖိအားပေးခြင်းသာ ဖြစ်၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပုန်ကန်သူများကို ရွေးစရာနှစ်လမ်း ပေးခဲ့သယောင် ရှိသော်လည်း အမှန်တကယ်တမ်းတွင် ရွေးချယ်စရာက တစ်လမ်းတည်းသာ ဖြစ်သည်။

သူ့အနေဖြင့် ဧကရာဇ်အတိုင်ပင်ခံနှင့် လိုက်လျှင် ပစ်မှတ်အဖြစ် သေချာပေါက် ရောပါသွားပေလိမ့်မည်။

သူက ဓာတ်ကြီးငါးပါး အဆင့်သာ ရှိသေးသည် ဖြစ်ရာ ဤသို့သော အဆင့်မြင့်ပညာရှင်များနှင့် မည်သို့ တုဖက်ယှဉ်ပြိုင်နိုင်ပါမည်နည်း။

သို့သော်လည်း ယခု ဧကရာဇ်အတိုင်ပင်ခံက သူ့သဘောထားကို ထုတ်ဖော်ပြောဆိုလာပြီ ဖြစ်၍ ငြင်းဆန်နိုင်ခြင်း မရှိတော့ဘဲ ချန်ဝမ်ယွင်နှင့် ကျန်သူများ၏ နာမည်များကို ထုတ်ပြောလိုက်ရသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက လက်ဆန့်မြှောက်လိုက်ရာ မီးလျှံတိမ်တိုက်တစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွား၏။ ထိုမီးလျှံတိမ်တိုက်က ကောင်းကင်ယံတွင် ချန်ဝမ်ယွင်၊ ယွဲ့ချင်းဟုန်၊ ယွင်ချွယ်၊ စစ်ယွင်ရှန်းတို့၏ နာမည်စာလုံးများအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် အခြား မီးလျှံတိမ်တိုက်တစ်ခုက မြားတစ်ချောင်းအသွင် ပြောင်းပြီး ချင်မူ ရှိသည့်နေရာသို့ ညွှန်ပြ၏။

များစွာမကြာလိုက်ဘဲ ချန်ဝမ်ယွင်၊ စစ်ယွင်ရှန်းနှင့် ကျန်သူများ အပြေးအလွှား ရောက်ရှိလာကြသည်။ သူတို့အားလုံးက ဒဏ်ရာကိုယ်စီ ရထား၏။ သူတို့လည်း အပြင်းအထန် တိုက်ပွဲဝင်၍ သေဘေးမှ လွတ်လာကြကြောင်း ထင်ရှားသည်။ နဂါးချီလင်လည်း သူတို့၏ဘေးတွင် ရှိနေပြီး ဝံပုလွေကျွန်က သယ်မလာ၏။

“နန်းတွင်းကောလိပ်ရဲ့ ကျောင်းတော်သားတွေ ဧကရာဇ်အတိုင်ပင်ခံကို ဂါရဝပြုပါတယ်…” ချန်ဝမ်ယွင်နှင့် ကျန်သူများမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို မြင်သည့်အခါ အံ့ဩထိတ်လန့်သွားပြီး ကမန်းကတန်း နှုတ်ဆက်လိုက်ကြသည်။

ချင်မူက တုထျန်းမိစ္ဆာဘုရင်ကို ဆင့်ခေါ်၍ မရေမတွက်နိုင်သော အသက်ပေါင်းများစွာ သေကြေပျက်စီးစေခဲ့သည်ကို အမှတ်ရပြီး စိတ်မသက်မသာ ဖြစ်သွားကြ၏။ သူတို့လည်း ထိုအမှု၌ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သဖြင့် ကြံရာပါများအဖြစ် သတ်မှတ်နိုင်သည် မဟုတ်လား။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူတို့ကို အပြစ်ပေးလိုလျှင် သေချာပေါက် ခေါင်းဖြတ်သတ်ခံရပေလိမ့်မည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အားလုံးကို ဝေ့ကြည့်၍ နဂါးချီလင်အပေါ် အကြည့်ရောက်သွားပြီး ခေါင်းညိတ်ပြုံးပြလိုက်သည်။

နဂါးချီလင်က ကမန်းကတန်း ထရပ်ရန် ကြိုးစား၍ နှုတ်ဆက်လိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံ…”

“နဂါးကြီး၊ ဘာလို့ ဒဏ်ရာတွေ ရှိနေသေးတာလဲ…”

ဟူလင်းအာက နဂါးချီလင်၏ ကိုယ်ပေါ်သို့ ခုန်တက်၍ သူ့တင်ပါးမှ ဒဏ်ရာကို ကြည့်ရင်း ဇဝေဇဝါ မေးမြန်းလိုက်သည်။ “နင့်တင်ပါးကို လှမ်းလျက်လို့ မမီဘူးလား…”

နဂါးချီလင်က နှာခေါင်းတစ်ချက်ရှုံ့၍ သူ့ကို လျစ်လျူရှုထားလိုက်၏။

ချင်မူက နဂါးသွားရည်ပုလင်းတချို့ ထုတ်ယူ၍ နဂါးချီလင်၏ ဒဏ်ရာကို သုတ်လိမ်းပေးလိုက်သည်။ နဂါးချီလင်၏ ကိုယ်ပေါ်မှ ဒဏ်ရာများက ပြင်းထန်လှ၏။ တုထျန်းမိစ္ဆာဘုရင်၏ အကြည့်က သူ့ကိုယ်ပေါ်မှ နဂါးအကြေးခွံတင်မက တင်ပါးကြွက်သားကိုပင် လှီးဖြတ်သွားသည်။ ကံကောင်းသည်မှာ သူ၏ နဂါးအကြေးခွံများက အလွန်တရာ မာကြောလှသဖြင့် တုထျန်းမိစ္ဆာဘုရင်၏ အကြည့်ဒဏ်ကို ပိတ်ဆို့ကာကွယ်နိုင်ခဲ့ခြင်း ဖြစ်၏။ မဟုတ်လျှင် သူ့ကိုယ် နှစ်ခြမ်း ပြတ်သွားပေလိမ့်မည်။

ချင်မူက နဂါးသွားရည်ပုလင်းအချို့ ထပ်မံ ထုတ်ယူ၍ ချန်ဝမ်ယွင်နှင့် ကျန်သူများထံ ပစ်ပေးလိုက်သည်။

“ယွင်ချွယ်၊ ဝမ်ယွင်… တစ်ပုလင်းကို တဖုန်းကြေးပြား တစ်သောင်းကျတယ်နော်…”

ဟူလင်းအာက သတိပေး ပြောဆိုလိုက်၏။ “ပိုက်ဆံ မရှိသေးရင် အကြွေးယူကြောင်း စာရေးပေးထားလို့ ရတယ်…”

ယွင်ချွယ်ကိုယ်တော်၏မျက်နှာ ဖြူဖျော့သွားပြီး တီးတိုးရေရွတ်လိုက်သည်။ “နွမ်းပါးတဲ့ကိုယ်တော်မှာ တစ်ပြားမှကို မရှိတော့ပါဘူး… တော်ဝင်ကျောင်းတော်သားချင် နန်းတွင်းကောလိပ်ကို ရောက်လာကတည်း နွမ်းပါးတဲ့ကိုယ်တော်မှာ တစ်ပြားမှ မရှိတော့တာပါပဲ… အကြွေးတွေ အများကြီးတင်သွားရင် နောက်ဘဝမှပဲ ဆပ်နိုင်တော့ကို စိုးရွံ့မိပါတယ်… အစ်မတော်မြေခွေးလေး သနားငဲ့ညှာပါဦး…”

ချင်မူမှာ ရယ်ရမည်လား၊ ငိုရမည်လားမသိ ဖြစ်သွား၏။ “လင်းအာ၊ စနောက်မနေနဲ့တော့… ငါက သူတို့ကို ဦးဆောင်ပြီး ခေါ်လာတာလေ၊ သူတို့ ဒဏ်ရာရရင် ကုပေးဖို့ ငါ့မှာ တာဝန်ရှိတယ်… ပြီးတော့ ငါက နတ်ဆေးသမားတော်လေးလို့ နာမည်တွင်ထားတာ… သမားတော်တွေက လူနာတွေကို မိဘလို သဘောထား ကုသရတယ်၊ ဘယ်လိုလုပ် သူတို့ဆီက ပိုက်ဆံတောင်းလို့ ဖြစ်မှာလဲ… ဒီကပြန်လို့ ဒဏ်ရာထပ်ရမှ သူတို့ဆီက တောင်း… အခုတောင်းရင် ငါ့သိက္ခာ ကျသွားမှာပေါ့…”

ယွဲ့ချင်းဟုန်မှာ နဂါးသွားရည်တစ်ပုလင်း ထပ်တောင်း၍ လိုရမည်ရ ဆောင်ထားရန် ကြံစည်နေသော်လည်း ထိုစကားကို ကြားသည့်အခါ သူ့အတွေးကို ပြန်ရုပ်သိမ်းလိုက်သည်။ သူ့စိတ်ထဲမှ တွေးလိုက်မိ၏။ “ဒဏ်ရာကုပြီး ငွေတောင်းဖို့ စဉ်းစားနေသေးတာပဲ၊ ဒီချင်မျိုးရိုးရဲ့ အတွင်းစိတ်က တကယ့်ကို သဘောထား ကျဉ်းမြောင်းလွန်းတယ်…”

စစ်ယွင်ရှန်းလည်း ဒဏ်ရာရထားသည့်အတွက် ချင်မူ့ထံမှ နဂါးသွားရည်တစ်ပုလင်း တောင်းယူလိုက်သည်။ သူက ယွဲ့ချင်းဟုန်ကို ခေါ်၍ တောအုပ်ထဲသို့ ဝင်ကာ အင်္ကျီများ ချွတ်ပြီး အမာရွတ်မကျန်အောင် အပြန်အလှန် ဆေးလိမ်းလိုက်ကြ၏။

“မမရဲ့ ကိုယ်လုံးကိုယ်ပေါက်က တကယ်လှတာပဲ… ကျွန်မက အဲလောက် မကြီးဘူး…” စစ်ယွင်ရှန်းက ယွဲ့ချင်းဟုန်ကို ကြည့်၍ တအံ့တဩ ချီးကျူးလိုက်သည်။

ယွဲ့ချင်းဟုန်က ပြုံးလိုက်၏။ “ညီမလေးက ငယ်သေးတာကိုး… အရွယ်ရောက်လာတဲ့အခါ ညီမလေးလည်း ဖွံ့ထွားလာမှာပါ… ပြီးတော့ ပိုကြီးတာ မကောင်းဘူး၊ ပြေးတဲ့ လွှားတဲ့အခါ ဒုက္ခရောက်တယ်… ရင်စည်းအဝတ်တွေ ဝတ်ရတာလည်း နေသားမကျဘူး၊ ချပ်ချပ်ရပ်ရပ် ချုပ်ဝတ်နိုင်ရင်တော့ အဆင်ပြေပေမဲ့ အပ်ချုပ်သမားကောင်းကောင်း ရှာမတွေ့သေးဘူး…”

စစ်ယွင်ရှန်းက တစ်ခဏမျှ စဉ်းစားလိုက်သည်။ “တော်ဝင်ကျောင်းတော်သားချင်ကလည်း အပ်ချုပ်သမားတစ်ယောက်လို့ ကြားတယ်၊ သူချုပ်တဲ့ အဝတ်အစားတွေက အတော်လေး ကြည့်ကောင်းတယ်တဲ့… သူ့ကို ချုပ်ခိုင်းရင်ရော…”

ယွဲ့ချင်းဟုန်မှာ အလန့်တကြား ထခုန်လိုက်မိပြီး မျက်ဝန်းနက်နက်လေးများ ပြူးကျယ်သွား၏။ “ဘယ်လိုလုပ် ဖြစ်မှာလဲ၊ သူက ယောက်ျားလေးလေ…”

ချင်မူက လူပြန်စု၍ တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ “ငါတို့ လုပ်ရမဲ့ တာဝန်က ပြောင်းသွားပြီ… ဧကရာဇ်အတိုင်ပင်နောက် လိုက်ပြီး တောင်ဘက်နယ်စပ်က ရန်သူ့နယ်မြေ အတွင်းပိုင်းကို ဝင်ရမယ်… ဧကရာဇ်အတိုင်ပင်ခံရဲ့ ဒဏ်ရာတွေက မကျက်သေးတဲ့အတွက် သူ့ဘေးမှာနေပြီး ကုပေးရမှာ… မင်းတို့အနေနဲ့ ပြန်ချင်ရင် အခုပြန်သွားလို့ ရတယ်…”

ချန်ဝမ်ယွင်နှင့် ကျန်သူများမှာ စဉ်းစားခန်း ဝင်သွားပြီး ခရီးတစ်လျှောက် တွေ့ကြုံရမည့် အန္တရာယ်ကို သိမြင်သဖြင့် ချီတုံချတုံ ဖြစ်သွားကြ၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်သည်။ “လမ်းမှာ မင်းတို့ရဲ့ ကျင့်စဉ်သိုင်းပညာနဲ့ ပတ်သက်တာတွေ ငါ အကြံပေးလို့ ရတယ်… အရင်တစ်ခေါက် မင်းတို့ရဲ့ ပါမောက္ခချုပ် ဖိတ်ခေါ်လို့ သင်ခန်းစာ ပို့ချတုန်းက နှစ်ရက်တောင် မပြည့်လိုက်ဘူး… ဒီတစ်ခါတော့ တော်ဝင်ကျောင်းတော်သားရဲ့ မျက်နှာနဲ့ သင်ပြပေးရမှာပေါ့…”

All Chapters