← Chapters

အညံ့ဆုံးအတန်း

Vol. 14 Ch. 192

အညံ့ဆုံးအတန်း

Vol. 14 Ch. 192

အားလုံး၏ မျက်လုံးများ အရောင်တောက်သွားပြီး ယွင်ချွယ်က ဟက်ခနဲ ရယ်လိုက်၏။ “ဒါပေါ့၊ ငါတို့ တောင်ဘက်နယ်စပ်ကို သွားပြီး သူပုန်တပ်ဖွဲ့မှာ တကယ့်ပညာရှင်တွေ ရှိလား ကြည့်ရဦးမှာပေါ့… ငါတို့ နန်းတွင်းကောလိပ်ကို အထင်သေးခံလို့ မဖြစ်ဘူး… နွမ်းပါးတဲ့ကိုယ်တော်က သူတို့ကို ဗုဒ္ဓဝါဒနဲ့ ချေချွတ်အလင်းပြရမယ်…”

ချင်မူ ကျိတ်၍ ခေါင်းယမ်းလိုက်သည်။ ဤခရီး၏ အန္တရာယ်ကို သူတို့ လျော့တွက်နေကြ၏။

ဤသည်က ကြမ်းတမ်းသည့် ခရီးဖြစ်ပြီး အသက်နှင့်ရင်း၍ လျှောက်လျှင်ပင် ခရီးအဆုံးထိ ရောက်နိုင်ပါမည်လား မသေချာချေ။

“ငါတို့ရဲ့ သေရေးရှင်ရေးက ကံကြမ္မာပေါ်ပဲ မူတည်တော့တယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရဲ့ နတ်ဘုရားတွေအောက်က နံပါတ်တစ်လူသားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီမညီဆိုတာပဲ ကြည့်ကြတာပေါ့…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပေါ့ပေါ့ပါးပါး ဝတ်စုံကို ဝတ်ဆင်၍ တောင်အရပ်သို့ ဦးတည်သွားလိုက်သည်။ ချင်မူက ကျန်သူများကို ဦးဆောင်၍ သူ့နောက်မှ လိုက်သွားရင်း စစ်ယွင်ရှန်းကို သူတို့ ကြုံတွေ့ခဲ့ရသည်များ မေးမြန်းလိုက်၏။

စစ်ယွင်ရှန်း၊ ချန်ဝမ်ယွင်နှင့် ကျန်သူတို့၏ ကံကြမ္မာက ချင်မူ့ထက် များစွာ ပိုကောင်းသည်။ သူတို့သည်လည်း တုထျန်းမိစ္ဆာဘုရင်၏ လက်ချက်ကြောင့် လွင့်စင်ထွက်သွားသော်လည်း လုံးကျောင်းနန်ကဲ့သို့ စွမ်းရည်အဆင့်မြင့်လွန်းသူများနှင့် မကြုံတွေ့ခဲ့ရပေ။

နဂါးချီလင်ကလည်း သူတို့နှင့် မလှမ်းမကမ်းတွင် ပြုတ်ကျလာသဖြင့် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်နောက်သို့ ချက်ချင်းပြေးသွား၍ အကာအကွယ်ယူပြီး ကောင်းကင်နတ်ဆိုးအုပ် ဆင်းသက်လာသည့်အခါ နဂါးချီလင်ကို ဝန်းပတ်၍ တိုက်ခိုက်ခဲ့ကြသည်။

ထိုအချိန်၌ နဂါးချီလင်ကလည်း အုံဖွဲ့လာသော ကောင်းကင်နတ်ဆိုးအုပ်ကို တိုက်ခိုက်ပေး၏။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်က အံ့မခန်းပင် ဖြစ်သည်။ စစ်ယွင်ရှန်းနှင့် ကျန်သူများမှာ သူ့အပေါ် မှီခို၍ ဤကပ်ဘေးမှ ရှင်သန်လွတ်မြောက်လာနိုင်ခြင်း ဖြစ်၏။

ချင်မူ အံ့အားသင့်သွားပြီး နဂါးချီလင်ကို ကြည့်လိုက်သည်။ ဟူလင်းအာက သူ့နားနား ကပ်ပြောလိုက်၏။ “သခင်လေး၊ ဒီကောင်ကြီးက ကျွန်မတို့ဆီက စားသောက်နေပြီး တစ်လမ်းလုံး ဘာမှ မလုပ်ဘူး… အခု သူများတွေကိုကျ အကာအကွယ်ပေးတယ်… ကျွန်မတို့ကိုကျ အကာအကွယ် မပေးဘူး… သူ့ဆီက နဂါးသွားရည် ညှစ်ထုတ်တာအပြင် တခြားဟာတွေလည်း ညှစ်ထုတ်ရမယ် ထင်တယ်…”

“ငါလည်း အဲလို တွေးနေတာ…” ချင်မူက ခေါင်းညိတ်လိုက်သည်။

ဝေး၍ ဝေး၍ ကျန်ခဲ့သော ကောင်းကင်လှိုင်းမြို့ကို သူ လှည့်ကြည့်လိုက်၏။ “အခု ထာဝရငြိမ်းချမ်းရေး နန်းတွင်းတပ်ဖွဲ့တွေက မြို့ထဲ ရောက်နေပြီဆိုတော့ လုံကျောင်းနန်လည်း သေလောက်ပြီ ထင်တယ်… နဂါးစီးဂိုဏ်းရဲ့ နဂါးဘုရင်လည်း သေလောက်ပါပြီ… နဂါးစီးဂိုဏ်းရဲ့ တစ်မူထူးခြားတဲ့ ပညာရပ် ကွယ်ပျောက်သွားတာတော့ နှမြောစရာပဲ… မဟာတောင်တော်ဂိုဏ်းကလည်း တစ်ဂိုဏ်းလုံး အမြစ်ပြတ်လောက်ပြီ… မိစ္ဆာနုတ်ပယ်အမိန့်လိုမျိုး မှော်ပညာကို မသင်လိုက်ရတာလည်း နှမြောစရာပဲ…”

တုထျန်းမိစ္ဆာဘုရင်ကို သူ ဆင့်ခေါ်ခဲ့စဉ်အခါက မဟာတောင်တော်ဂိုဏ်းမှ တာအိုရသေ့များ အပြေးရောက်လာပြီး မိစ္ဆာနုတ်ပယ်အမိန့်ကို သုံး၍ တုထျန်းမိစ္ဆာဘုရင်ကို တုထျန်းသို့ ပြန်မောင်းထုတ်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း တုထျန်းမိစ္ဆာဘုရင်၏ စွမ်းအားက ကြီးမားလွန်းလှသည့်အတွက် တစ်ချက်တည်းနှင့် သူတို့အားလုံး သေဆုံးသွား၏။

သို့တိုင်အောင် မိစ္ဆာနုတ်ပယ်အမိန့်က အလွန်တရာ နက်နဲဆန်းကြယ်လှသော မှော်ပညာရပ် ဖြစ်ပြီး ဆင့်ခေါ်ထားသည့် မိစ္ဆာနတ်ဆိုးများနှင့် ရင်ဆိုင်ရာတွင် အသုံးဝင်လှသည်။ ကျင့်စဉ်စွမ်းအင်အဆင့် မြင့်မားသောသူ တစ်ယောက်ကသာ ထုတ်သုံးလျှင် တုထျန်းမိစ္ဆာဘုရင်ကို သေချာပေါက် ပြန်မောင်းထုတ်နိုင်မည် ဖြစ်၏။

နှမြောစရာကောင်းသည်မှာ ဤမှော်ပညာက မဟာတောင်တော်ဂိုဏ်းသားများ၏ သေဆုံးခြင်းနှင့်အတူ ပျောက်ကွယ်သွားချေပြီ။

ကောင်းကင်လှိုင်းမြို့က ရှုပ်ထွေးနေပြီး စစ်သည်များက မြို့ရိုးနံရံများကို ပြုပြင်နေကြသည်။ ပြိုပျက်သွားသော အဆောက်အဦများမှ အမှိုက်သရိုက်များကိုလည်း မြို့ပြင်သို့ ရှင်းထုတ်နေကြ၏။

မြစ်ပြင်ထက်တွင် ထောင်ချီသော လှေများ၊ သင်္ဘောများ ကူးသန်းသွားလာ၍ တပ်ဖွဲ့များ သယ်ဆောင်နေသည်။ တပ်ဖွဲ့များက ကောင်းကင်လှိုင်းမြို့တွင် မရပ်ဘဲ တောင်ဘက်နယ်စပ်သို့ ဆက်လက် ရွက်လွှင့်သွားကြ၏။

ကောင်းကင်လှိုင်းမြို့တွင်တော့ စစ်သည်အချို့ ကျန်ရစ်ခဲ့ပြီး သူပုန်တပ်ဖွဲ့ အကြွင်းအကျန်များကို ဖမ်းဆီး၊ တုထျန်း ကောင်းကင်နတ်ဆိုးအုပ်များကို ဝန်းရံသတ်ဖြတ်၍ ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်ခဲ့သော အရပ်သားများကို ရှာဖွေကယ်ဆယ်နေကြသည်။ အချို့လည်း သူခိုးဓားပြများ၏ ရုပ်ပုံကို ကိုင်ဆောင်၍ အသက်ရှင် ကျန်ရစ်သော အရပ်သားများနှင့် လိုက်လံ တိုက်ဆိုင်ကြည့်နေကြ၏။

“ဒီကောင်မလေးက အတော်လှတာပဲ…”

စစ်သည်တစ်ယောက်က တွေဝေငေးမောနေသော မိန်းကလေးတစ်ယောက်၏ ဘေးသို့ ရောက်လာရင်း တီးတိုးရေရွတ်လိုက်မိသည်။ ဤမိန်းကလေးက အစိမ်းညို့ညို့ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝတ်ရုံစက ခြေမျက်စိနားထိ ဝဲကျနေ၏။ ဆံနွယ်စများကိုတော့ ထုံးနှောင်ထားသည်။ မျက်နှာသွင်ပြင်က လှပပြီး အမွှေးနံ့သာ ခပ်ပါးပါးသာ ခြယ်သထား၏။ နှုတ်ခမ်းနီစွေးစွေးတို့ကတော့ ခရမ်းနီပုလဲနှစ်သွယ်လို ဖြစ်ပြီး မျက်ခုံးသွယ်များက ရှည်လျားကော့ညွှတ်နေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ကောင်းကင်လှိုင်းမြို့၏ မိသားစုကြီးတစ်ခုမှ နေမထိလေမထိ ကြီးပြင်းခဲ့သော သခင်မလေးတစ်ပါး ဖြစ်မှန်း သိသာ၏။

စစ်သည်က တစ်ချက်နှစ်ချက် ကြည့်ပြီး အခြားဘက်သို့ လျှောက်သွားသည်။ ထိုမိန်းကလေး၏ အကြည့်က စမ်းရေကြည်ကဲ့သို့ အေးမြလှပြီး ဘယ်ဘယ်နားရွက်မှ ကျောက်စိမ်းနီနားဆွဲလေးက တလက်လက် တောက်ပနေ၏။ ရုတ်တရက် နားဆွဲက လှုပ်ရှား၍ ဆန့်ထွက်လာသည်။

ထိုနားဆွဲက မြွေနီလေးတစ်ကောင် ဖြစ်ပြီး နားပေါက်တွင် တွဲလောင်းခိုနေခြင်း ဖြစ်၏။ ရုတ်တရက် ကြည့်လိုက်လျှင် အနီရောင်ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် နားဆွဲတစ်ခုကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တမ်းတွင် သက်ရှိတစ်ကောင် ဖြစ်နေသည်။

ချင်မူသာ ဤနေရာတွင် ရှိနေလျှင် ဤမိန်းကလေးကို ဖမ်းဆီးရန် စစ်သည်များကို သေချာပေါက် အမိန့်ပေးပေလိမ့်မည်။

သူ့အနေဖြင့် လုံကျောင်းနန်၏ မျက်နှာအစစ်ကို မြင်ဖူးထားသည် မဟုတ်လား။ လုံကျောင်းနန် အရေခွံလဲစဉ်က ပကတိမျက်နှာနှင့် တစ်ကိုယ်လုံးကို သူ မြင်တွေ့ခဲ့သည်။ ယခု မိန်းကလေးတစ်ယောက်ကဲ့သို့ ပြင်ဆင်ခြယ်သထားသဖြင့် နဂါးစီးဂိုဏ်း၏ ချောမောလှပသော သခင်လေးဆိုသည်နှင့် လုံးဝခြားနားနေ၏။

လက်ရှိတွင် စစ်သည်များက မြို့ထဲမှ အလောင်းကောင်များကို လှည်းပေါ်တင်၍ မြို့ပြင်၌ မြှုပ်နှံရန် သယ်ဆောင်နေကြသည်။ လုံကျောင်းနန်က သူတို့နောက်မှ လိုက်သွားရင်း ငိုယိုမေးမြန်းလိုက်၏။ “ဆရာကြီးတို့၊ အထဲမှာ ကျွန်မအဖေရဲ့ အလောင်းများ ပါလာသေးလား…”

စစ်သည်များက ရပ်တန့်လိုက်ကြသည်။ “မိန်းကလေး၊ မြို့ထဲမှာ အလောင်းတွေက အများကြီးပဲ… ဘယ်ဟာ မင့်အဖေမှန်း ဘယ်လိုလုပ် သိနိုင်မှာလဲ… ဒီလှည်းပေါ်မှာ မင့်အဖေကို တွေ့လား…”

လုံကျောင်းနန်က တစ်ချက်ကြည့်၍ ခေါင်းခါယမ်းလိုက်၏။ “ဟင့်အင်း…”

စစ်သည်တစ်ယောက်က ပြောလိုက်သည်။ “အဲဒါဆို မြို့ပြင်သင်္ချိုင်းမှာ ဖြစ်ဖို့များမယ်… တပ်မှူးယွီက ငါတို့ကို တွင်းတူးပြီး အလောင်းတွေ မြေမြှုပ်ဖို့ အမိန့်ပေးထားတာ… ဒီကအလောင်းတွေ အကုန်လုံး အဲဒီ ရောက်သွားပြီ၊ မြေမဖုံးရသေးဘူး… မိန်းကလေး အဲဒီကို လိုက်ကြည့်ချင်လား…”

လုံကျောင်းနန်က ကျေးဇူးတင်စကားဆို၍ ထိုစစ်သည်များ၏နောက်မှ မြို့ပြင်သင်္ချိုင်းသို့ လိုက်သွား၏။ မြို့ပြင်၌ ကိုက်ပေါင်းဒါဇင်ချီ နက်သော ကျင်းကြီးတစ်ခု တူးထားပြီး ကျင်းထဲတွင် အလောင်းကောင်ထောင်ချီ စုပုံနေသည်။

လုံကျောင်းနန် မော့ကြည့်လိုက်သောအခါ ထိုသို့သော တွင်းကြီးမျိုး ဒါဇင်ချီ တူးထားသည်ကို တွေ့ရ၏။ တွင်းဘေးတွင် အလောင်းကောင်သယ်လာသော လှည်းများကို စစ်သည်များက လှန်ချနေကြသည်။

လုံကျောင်းနန်က ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှု၍ ရုတ်တရက် အော်ဟစ်လိုက်၏။ “အဖေ၊ အဖေ… သမီး လာရှာတယ်… သမီးခေါ်တာ ကြားရင် ပြန်ထူးပါဦး…”

သူက အခါခါ အော်ခေါ်နေသဖြင့် စစ်သည်များမှာ ရယ်ရမလို၊ ငိုရမလို ဖြစ်သွားသည်။ “ဒီမိန်းကတော့ ရူးသွားပြီနဲ့ တူတယ်…”

ဤအခိုက်၌ တွင်းကြီးတစ်တွင်းထဲမှ ခပ်တိုးတိုး အသံတစ်သံ ထွက်ပေါ်လာ၏။ “ငါ ဒီမှာ… အခု အရေခွံ လဲနေတယ်၊ ဒါပေမဲ့ ဒဏ်ရာက အတော်ပြင်းတယ်…”

တွင်းကြီးဘေးမှ စစ်သည်များမှာ ကျောက်ရုပ်သဖွယ် ဖြစ်သွားပြီး တပ်မှူးတစ်ဦးက အော်ဟစ်လိုက်သည်။ “တစ်ခုခု မှားနေပြီ၊ အားလုံး သတိထား…”

ဤအသံကို ကြားသောအခါ လုံကျောင်းနန် လှစ်ခနဲ ပြုံးလိုက်၏။ “ရှောင်ဟုန်…”

သူ၏ ဘယ်ဘယ်နားရွက်မှ အလွန်တရာ သေးငယ်သော မြွေနီလေးက ဆန့်ထွက်လျှောဆင်းလာသည်။ မြေပြင်သို့ ရောက်သွားသည်နှင့် ၎င်း၏ ခန္ဓာကိုယ်က ရုတ်တရက် ပြန့်ကားကြီးထွားလာပြီး မျက်စိတစ်မှိတ်အတွင်း ကြီးမားသော မြွေကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက် ပါးစပ်ကို ဖြဲဟ၍ အဆိပ်ငွေ့များ မှုတ်ထုတ်လိုက်ရာ အလောင်းမြှုပ်နှံရာ တွင်းကြီးများ ပတ်လည်ရှိ စစ်သည်များ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။

မြွေကြီးက လေအလျင်ဖြင့် လျှောထွက်သွားပြီး စစ်သည်များကို တစ်ယောက်ပြီးတစ်ယောက် မျိုချပစ်၏။ ထိုအချိန်တွင် လုံကျောင်းနန်က အသံထွက်ပေါ်လာရာ တွင်းကြီးဆီသို့ သွား၍ အလောင်းကောင်များကို ဘေးသို့ လွှင့်ပစ်လိုက်သည်။ နောက်ဆုံးတွင် အလောင်းကောင်များကြား မြှုပ်နှံထားသော နဂါးဘုရင်ကို သူ ဆွဲထုတ်လိုက်နိုင်၏။

“သမီးက အဖေ သေပြီ ထင်နေတာ…” လုံကျောင်းနန်က ရယ်မောပြောဆိုလိုက်သည်။

“သမီး ဟုတ်လား…” နဂါးစီးဂိုဏ်း၏ နဂါးဘုရင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

လုံကျောင်းနန်၏ အမူအရာ ပျက်သွားပြီး ခေါင်းငုံ့လိုက်သည်။ “သားက အဖေသေပြီ ထင်သွားတာပါ…”

နဂါးဘုရင်က ထထိုင်လိုက်၏။ “ငါက မိစ္ဆာနတ်ဘုရားရန်က လွတ်အောင် သေချင်ယောင်ဆောင်လိုက်လို့ အလောင်းမှတ်ပြီး မြေမြှုပ်တွင်းထဲ အပစ်ခံရတာ… နဂါးနီတော့ ဘယ်လိုနေလဲ မသိဘူး…”

သူက လေချွန်သံတစ်ချက် ပေးလိုက်သည်။ များစွာမကြာလိုက်ဘဲ မြွေမကျ၊ နဂါးမကျ သတ္တဝါလေးတစ်ကောင် တောထဲမှ လျှောထိုးထွက်ပေါ်လာ၏။

နဂါးဘုရင်က သက်ပြင်းတစ်ချက် မှုတ်ထုတ်ပြီး နဂါးနီ၏ ကိုယ်ပေါ်မှ ဒဏ်ရာများကို ကြည့်ရှုစစ်ဆေးလိုက်သည်။ “နဂါးနီနဲ့ ငါက အရေခွံလဲပြီး အတော်ကြာကြာ အနားယူရဦးမယ်… ဒီကာလကိုတော့ မင့်လက်ထဲ၌ အပ်ထားရမှာပဲ… သွားကြစို့…”

လုံကျောင်းနန်က သူ့မြွေကြီးကို ဆင့်ခေါ်လိုက်၏။ မြွေကြီးထံမှ မှော်မိစ္ဆာအခိုးအငွေ့များ ထိုးထွက်လာပြီး လူနှစ်ယောက်နှင့် နဂါးတစ်ကောင်ကို သယ်ဆောင်၍ အဝေးသို့ ပျံသန်းထွက်ခွာသွားသည်။ ထိုအခါမှ ကောင်းကင်လှိုင်းမြို့ရှိ စစ်သည်များ သတိဝင်လာသော်လည်း နောက်မှလိုက်ရန် မမီတော့ချေ။

“ဒီလိုဖြစ်အောင် ဖန်တီးခဲ့တာ ဘယ်သူလဲ…”

နဂါးဘုရင်က မေးလိုက်၏။ “နဂါးစီးဂိုဏ်းက ဘယ်နှယောက် အသက်ရှင်လဲ…”

“ကျွန်တော်တို့ပဲ ကျန်တယ်…”

လုံကျောင်းနန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ “နန်းတွင်းကောလိပ်ရဲ့ ကျောင်းတော်သားတွေကတော့ အဲကောင်ကို တော်ဝင်ကျောင်းတော်သားချင်လို့ ခေါ်ကြတာ ကြားတယ်… သူ မိစ္ဆာနတ်ဘုရား ဆင့်ခေါ်ခဲ့လို့ ကျွန်တော်တို့ နဂါးစီးတစ်ဂိုဏ်းလုံး ပျက်စီးသွားတာ… အဲကောင် လွတ်သွားတာ ကျွန်တော် အသုံးမကျလို့ပါ၊ ရှက်မိပါတယ်…”

“ငါတို့သားအဖနှစ်ယောက် အသက်ရှင်နေသေးတာပဲ… နဂါးစီးဂိုဏ်းက အမြစ်ပြတ်သွားပြီလို့ ပြောမရသေးပါဘူး…”

နဂါးဘုရင်က အေးစက်စက် ပြောလိုက်သည်။ “ဘယ်သူလဲဆိုတာ သိရင် ကျန်တာ လွယ်ပါပြီ… ဒီလို ရန်ငြှိုးမျိုးက သေချာပေါက် တုံ့ပြန်ရမှာ… အစိတ်စိတ်အပိုင်းပိုင်း ဆွဲဖြဲပစ်ရမယ်…”

ချင်မူတို့က ဧကရာဇ်အတိုင်ပင်ခံနောက်မှ တောင်ဘက်သို့ လိုက်၍ များစွာမကြာမီတွင် သူတို့နောက်မှ စစ်တပ်ကြီး ချီတက်လာပြီး ဘေးမှ ဖြတ်ကျော်ချီတက်သွား၏။

သူတို့က ခပ်မှန်မှန်သာ ဆက်လျှောက်သွားသည်။ ချင်မူက အခွင့်အရေးကို အရအမိ ယူ၍ ဧကရာဇ်အတိုင်ပင်ခံကို မေးလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံက ပညာဉာဏ် ကြီးမားတဲ့သူတစ်ယောက် ဆိုတော့ တပည့် စဉ်းစားမရတဲ့အရာတစ်ခု မေးချင်ပါတယ်…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တအံ့တဩ မေးမြန်းလိုက်သည်။ “ဒီလို မြှောက်ပင့် ပြောဆိုတတ်အောင် ဘယ်က သင်လာတာလဲ… မင်းက တော်တော်ကျွမ်းတာပဲ…”

ချင်မူ ဇဝေဇဝါ ဖြစ်သွား၏။ “ဒါက မြှောက်ပြောတာ ဟုတ်လို့လား…”

ယွဲ့ချင်းဟုန်၊ ယွင်ချွယ်၊ ချန်ဝမ်ယွင်နှင့် ကျန်သူများက ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ စစ်ယွင်ရှန်းပင် ခေါင်းညိတ်မဆုံး ဖြစ်သွား၏။

ချင်မူက တီးတိုးရေရွတ်လိုက်သည်။ “ကျွန်တော့်ဘိုးဘိုးတစ်ယောက်က သင်ပေးထားတာပဲ… သူက ထော့ကျိုးတစ်ယောက်လေ၊ အမြဲတမ်း ပြုံးနေတာ… သူ့စကားလုံးတွေက ချိုပေမဲ့ လက်တွေ့က အညှာအတာကင်းတယ်… ထားပါတော့… ဧကရာဇ်အတိုင်ပင်ခံ၊ ကျွန်တော်မေးချင်တာက ဝိညာဉ်သန္ဓေသားအဆင့်မှာဆိုရင် ဝိညာဉ်သန္ဓေသားက ချီစွမ်းအင်ကို ထိန်းချုပ်တဲ့နေရာမှာ အတော်လေး အသုံးဝင်တယ်… ဒါပေမဲ့ ဓာတ်ကြီးငါးပါးအဆင့်မှာတော့ နည်းနည်း…”

သူက တစ်ချက်တွေး၍ ဆက်ပြောလိုက်၏။ “နည်းနည်း အားပျော့နေသလားလို့… ဓာတ်ကြီးငါးပါးအဆင့်မှာ စွမ်းအားကြီးကြီးမားမား ရှိနေတဲ့ပုံပေါ်ပေမဲ့ ထုတ်ဖော်ရခက်နေတယ်… ဥပမာပြောရရင် ဓာတ်ကြီးငါးပါးအဆင့်မှာ နတ်ဘုရားငါးပါး ရှိတယ်၊ နတ်ဘုရားတစ်ပါးစီမှာ စွမ်းအားတစ်ရပ်စီ ရှိတယ်… ဒါပေမဲ့ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာရဲ့ စွမ်းအားကို ဘယ်လို အပြည့်အဝ ထုတ်ဖော်ရမလဲ…”

ဤမေးခွန်းကို ချန်ဝမ်ယွင်နှင့် ကျန်သူများလည်း စိတ်ဝင်စားသွားသည်။ သူတို့လည်း ချင်မူမေးသည့် မေးခွန်းကို စဉ်းစားမိသော်လည်း အဖြေမရသေးပေ။

ဓာတ်ကြီးငါးပါးအဆင့်က အမှန်ပင် ဝိညာဉ်သန္ဓေသားအဆင့်အောက် နိမ့်ကျနေ၏။ သူတို့၏ ကျင့်စဉ်စွမ်းအင် တိုးပွားလာသော်လည်း တခြား ထူးထူးခြားခြား အပြောင်းအလဲ မရှိချေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ အံ့အားသင့်သွားသည်။ “မင်းတို့က ဓာတ်ကြီးငါးပါးအဆင့်ရဲ့ လျှို့ဝှက်ချက်ကို မသိသေးဘူးလား… နန်းတွင်းကောလိပ်က မသင်ပေးဘူးလား…”

ချင်မူက ခေါင်းခါယမ်းလိုက်၏။ ချန်ဝမ်ယွင်နှင့် ကျန်သူများလည်း ခေါင်းခါယမ်းလိုက်သည်။

“ဒီမျိုးဆက်ရဲ့ အဆောင်မှူးဆရာတွေက အတော်လေး နိမ့်ကျနေတာပဲ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သက်ပြင်းချလိုက်၏။ “အခုအချိန်ထိ သင်မပေးရသေးဘူးဆိုတော့ အတော်လေး စိတ်ပျက်စရာကောင်းတဲ့ ဆရာတွေပါလား… ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာက ငါးဆင့်ကောင်းကင်ရတနာပဲ… အဆင့်ငါးဆင့် သိုဝှက်ပါဝင်ပြီး ကောင်းကင်ယံက ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်တွေကို ကိုယ်စားပြုတယ်… အဲဒီနတ်ဘုရားတွေက ဦးသျှောင်အရှင်သခင်အဆင့် နတ်ဘုရားတွေ၊ သာမန်နတ်ဘုရားတွေ မဟုတ်ဘူး… မင်းတို့ရဲ့ ကျင့်စဉ်တွေကို ထုတ်သုံးတဲ့အခါ ထူးခြားတာကို ခံစားမိလား၊ ကောင်းကင်ယံက စွမ်းအင်တစ်ခုက မင်းတို့ကိုယ်ထဲ ဝင်လာပြီး ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်တွေနဲ့ ဆက်သွယ်လာတာမျိုးလေ…”

အားလုံးက ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဆက်ပြောလိုက်၏။ “အဲဒါ ဓာတ်ကြီးငါးပါးရဲ့ စွမ်းအားပဲ… ရွှေဓာတ်က ရွှေနဲ့ ဆိုင်တယ်၊ မီးဓာတ်က မီးနဲ့ ဆိုင်တယ်၊ ရေဓာတ်က ရေနဲ့ ဆိုင်တယ်၊ သစ်သားဓာတ်က သစ်သားနဲ့ ဆိုင်တယ်၊ မြေဓာတ်က မြေကမ္ဘာနဲ့ ဆိုင်တယ်… အဲဒီ စွမ်းအင်ငါးမျိုးကို နှိုးဆွနိုင်ရင် ဓာတ်ကြီးငါးပါးရဲ့ စွမ်းအားကို ထိန်းချုပ်လာနိုင်လိမ့်မယ်… ဓာတ်ကြီးငါးပါးအရှင်သခင်တွေက သူတို့ရဲ့ ကြယ်တာရာနန်းတော်တွေဆီ ပြန်ရောက်သွားပြီလား…”

အားလုံးက ခေါင်းထပ်ညိတ်လိုက်ကြသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သက်ပြင်းချလိုက်၏။ “နန်းတွင်းကောလိပ်မှာ သင်ပေးတာတွေက အပေါ်ယံဆန်လွန်းတယ်… အဆောင်မှူးဆရာတွေက ဘာတွေ သင်နေတာလဲ… ဘာမှ နက်နက်နဲနဲ မသင်ကြဘူး… ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်တွေ ကြယ်တာရာနန်းတော်ကို ဝင်သွားပြီဆိုတာ မင်းတို့က ဓာတ်ကြီးငါးပါးရဲ့ စွမ်းအားကို ပိုင်နိုင်သွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ… ဓာတ်ကြီးငါးပါးရဲ့ စွမ်းအားက မင်းတို့ရဲ့ ချီစွမ်းအင်နဲ့ ပေါင်းစည်းသွားတာနဲ့ မင်းတို့ရဲ့ ချီစွမ်းအင်မှာ ဓာတ်သတ္တိငါးမျိုး ပိုရှိလာလိမ့်မယ်…”

ဧကရာဇ်အတိုင်ပင်ခံက လက်ဖဝါးကို မြှောက်လိုက်ရာ သူ့ရှေ့တွင် ရွှေဒိုင်းကာတစ်ခု ပေါ်ထွက်လာသည်။ “ရွှေ…”

“သစ်သား…”

ရွှေဒိုင်းကာ ကွယ်ပျောက်သွားပြီးနောက် ဘေးနားပတ်လည်တွင် သစ်ပင်များ တစ်ခဏချင်း ကြီးထွားပေါက်ရောက်လာ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ရေရွတ်လိုက်သည်။ “ရေ…”

ကြီးမားသော လှိုင်းလုံးကြီးများ တစ်ရှိန်ထိုး ပေါ်ထွက်လာပြီး သူတို့အားလုံးကို လေပေါ်သို့ ပင့်တင်လိုက်၏။

“မီး…”

မီးလျှံတိမ်တိုက်များက ကောင်းကင်ယံသို့ ထိုးတက်လာပြီး ချင်မူတို့ကို သယ်ဆောင်ကာ ရှေ့သို့ ရွေ့လျားသွားသည်။

“မြေ…”

မြေပြင်မှ မြေခဲ၊ ကျောက်ခဲများ ကောင်းကင်ယံသို့ ကြွတက်လာပြီး မြေလုံးကြီးတစ်လုံး ဖြစ်သွား၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက စွမ်းအင်ငါးမျိုးလုံးကို ရုပ်သိမ်းလိုက်ပြီး သူတို့အားလုံး မြေပေါ်သို့ ညင်သာစွာ ပြန်ကျလာသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “မင်းတို့ ထိန်းချုပ်လို့ ရတဲ့ ဓာတ်ကြီးငါးပါးစွမ်းအင်က ဝိညာဉ်သန္ဓေသား ထိန်းချုပ်တဲ့ စွမ်းအင်နဲ့ မတူဘူး… နဂါးစိမ်း၊ မီးငှက်၊ လိပ်နက်၊ ကျားဖြူချီတွေဆိုတာ သီးခြားပဲ… အဲဒီချီစွမ်းအင်တွေကို သစ်သား၊ မီး၊ ရေ၊  ရွှေဓာတ်ဆိုပြီး သတ်မှတ်ပစ်လို့မရဘူး… ချီစွမ်းအင်တစ်မျိုးစီမှာ ဓာတ်ကြီးငါးပါးစွမ်းအင်တွေ ကိန်းအောင်းပါဝင်နေတယ်… မင်းတို့ကောင်တွေ ဘာလို့ ကောင်းကင်ဘုံကစာအုပ် ဖတ်နေရသလို ဖြစ်နေတာလဲ… နားမလည်ကြဘူးလား…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဇဝေဇဝါ ဖြစ်သွားပြီး ခေါင်းခါယမ်းလိုက်သည်။ “မင်းတို့နှစ် ကျောင်းသားတွေက အတော်လေး ဖျင်းကြတာပဲ… ငါ သင်ဖူးသမျှထဲမှာ အညံ့ဆုံးပဲ…”

All Chapters