← Chapters

ပုံသဏ္ဌာန်အစစ်အမှန်ပေါ်လာခြင်း

Vol. 14 Ch. 193

ပုံသဏ္ဌာန်အစစ်အမှန်ပေါ်လာခြင်း

Vol. 14 Ch. 193

ချန်ဝမ်ယွင်နှင့် ကျန်သူများမှာ အထိနာသွား၏။ စစ်ယွင်ရှန်းသည်လည်း လက်မခံနိုင် ဖြစ်သွားသည်။

ချင်မူ့အနေဖြင့် ဤသည်မှာ သူတို့ ညံ့ဖျင်းသောကြောင့် မဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တော်လွန်းနေသောကြောင့်သာ ဖြစ်သည်ဟု ခံစားမိ၏။

နှစ်ငါးရာတွင် တစ်ကြိမ်သာ ပေါ်ထွန်းသော ပါရမီရှင်တစ်ယောက်အနေဖြင့် သဘောတရားတစ်ခုကို တစ်ကြိမ်ရှင်းပြရုံ၊ အစလေးတစ်စ ဆွဲမိရုံဖြင့် နားလည်နိုင်ပေသည်။ တစ်ပါးသူတို့၏ လမ်းညွှန်ထောက်ပြမှု မလိုအပ်ဘဲ ကျိုးကြောင်းဆင်ခြင်မှု သဘောတရားများစွာ သဘောပေါက်နိုင်စွမ်း ရှိ၏။

သို့သော်လည်း အခြားသူများတွင် သူ၏ သိမြင်နားလည်နိုင်စွမ်းမျိုး ရှိလိမ့်မည် မဟုတ်ပေ။

ပါရမီရှင်များအကြား ကွာဟချက်က ကြီးမားလှ၏။ ချန်ဝမ်ယွင်နှင့် ကျန်သူများက တစ်သောင်းတွင်တစ်ယောက် ပါရမီရှင်များ ဖြစ်သော်လည်း နှစ်ငါးရာမှ တစ်ကြိမ်ပေါ်ထွက်၍ အထုံပါရမီနှင့် ထိုးထွင်းနားလည်နိုင်စွမ်းတွင် တစ်လောကလုံး၌ ပထမဖြစ်သော ပါရမီရှင်နှင့် ယှဉ်သည့်အခါ များစွာနိမ့်ကျနေသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံအနေဖြင့် ရိုးရှင်းသည်ဟု ယူဆသော အရာများက သူတို့အတွက် နားလည်သဘောပေါက်အောင် အတော်လေး အချိန်ယူ လေ့လာသုံးသပ်ရ၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် သူတို့၏ ကွာခြားချက်က မိုးနှင့်မြေပမာ ဖြစ်သည်။

“နဂါးစိမ်းချီကို ဥပမာ ပြောပြမယ်… မင်းတို့က နဂါးစိမ်းချီကို သစ်သားဓာတ်လို့ ထင်နေကြတာလား…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူတို့ကို စိတ်ရှည်လက်ရှည် သင်ပြပေး၏။ “နဂါးအစစ်တစ်ကောင်ကို မင်းတို့ မြင်ဖူးလား… ငါ မြင်ဖူးတယ်၊ ငါ မြင်ဖူးတဲ့ နဂါးစိမ်းက သစ်သားဓာတ်တင် မကဘူး… လေနဲ့ လျှပ်စီး၊ မီးနဲ့ ရေကိုပါ ထိန်းချုပ်နိုင်တယ်… ပြီးတော့ သစ်သားဓာတ်ဆိုတာ ဘာလဲ၊ သစ်သားပြားတစ်ချပ်ကို နှစ်ခါလောက် ဖက်ကိုက်လိုက်ရင် သစ်သားဓာတ်လား… သစ်သားဓာတ်ရဲ့ အစိမ်းဆိုတာ ပါရုံနဲ့ နဂါးစိမ်းချီကို သစ်သားဓာတ်လို့ မှတ်မနေနဲ့… အဲလိုသာ မှတ်ထားလို့ကတော့ မင်းတို့ခေါင်းတွေက သစ်သားခေါင်းပဲ…”

အားလုံးမှာ ထပ်၍ အထိနာ သွားပြီး ချင်မူပင် အင့်ခနဲ ဖြစ်သွားသည်။

အသိပညာဗဟုသုတ မနည်းလှသော သူကိုယ်တိုင်ပင် နဂါးစိမ်းချီစွမ်းအင်မှာ သစ်သားဓာတ် ဖြစ်သည်ဟု ထင်ခဲ့မိ၏။ ယခု သေချာပြန်တွေးကြည့်သောအခါ ဘိုးဘိုးမာ ထုတ်သုံးသည့် နဂါးစိမ်းချီတွင် သစ်သားဓာတ် လုံးဝမပါပေ။ လေဓာတ်နှင့် လျှပ်စီးဓာတ်သာ ရောယှက်ပါဝင်သည်။

ကြည့်ရသည်မှာ သူသိထားသည်နှင့် တစ်စုံတစ်ရာ ကွဲလွဲမှု ရှိနေဟန် တူ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသာ မထောက်ပြလျှင် အမှားအတိုင်း ဆက်လက် မှတ်ယူနေမိပေလိမ့်မည်။

“ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာအတွက် ကျင့်စဉ်တွေ အများကြီး ရှိတယ်၊ တချို့ ကျင့်စဉ်တွေက ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာရဲ့ စွမ်းအားကို ဖော်ထုတ်နိုင်ဖို့ ရည်ရွယ် ရေးသားထားတာ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဆက်ပြောလိုက်သည်။ “ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာရဲ့ စွမ်းအားက သိပ်ကို အံ့ဩဖို့ ကောင်းတယ်… ဒါပေမဲ့ အဲဒါကို မဖော်ထုတ်နိုင်ခဲ့ရင်လည်း ပြဿနာ မရှိဘူး… တခြား ကောင်းကင်ရတနာတွေကို ချိုးဖောက်တဲ့ နေရာမှာ ဘာသက်ရောက်မှုမှ ရှိမှာ မဟုတ်ဘူး… နောင်တစ်ချိန်မှာ နည်းနည်းလေး စွမ်းအားနိမ့်ကျမှာပဲ ရှိတယ်… ဒါပေမဲ့ အဲဒီနည်းနည်းလေးက မင်းတို့ ပိုပြီး အဆင့်မြင့်လာတာနဲ့အမျှ၊ ကောင်းကင်ရတနာတွေ ပိုပြီး ပွင့်လာတာနဲ့အမျှ ကွဟချက် ကြီးမားလာလိမ့်မယ်…”

သူက ကောင်းကင်ယံတွင် တြိဂံနှစ်ခု ဆွဲလိုက်၏။ တစ်ခုက ထိပ်ထောင့်ကျဉ်းပြီး တစ်ခုက ထိပ်ထောင့်ကျယ်သည်။ ထို့နောက် ထိုတြိဂံများထဲတွင် အလျားလိုက်မျဉ်း ခြောက်ကြောင်း ထပ်ဆွဲလိုက်၏။ “ဒီပုံထဲက မျဉ်းခုနစ်ကြောင်းစီက အဆင့်တစ်ဆင့်စီရဲ့ စွမ်းအားကို ရည်ညွှန်းတယ်… ဒုတိယမျဉ်းကြောင်းက ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာပဲ… မင်းတို့ သေချာ မလေ့ကျင့်ခဲ့ဘူးဆိုရင် ဒုတိယမျဉ်းကြောင်းက တခြားသူတွေထက် နည်းနည်းလေး တိုလိမ့်မယ်… ပြီးရင် တတိယမျဉ်းကြောင်းက ပိုတိုသွားလိမ့်မယ်… တြိဂံရဲ့ အခြေရောက်တဲ့အခါ အဲဒါ ကောင်းကင်တံတားအဆင့်ပဲ… အဲဒီအချိန်ကျရင် မင်းတို့က တခြားသူတွေထက် အများကြီး တိုနေလိမ့်မယ်၊ စွမ်းအားကွာခြားမှုက နှစ်ဆတစ်ဆ ဖြစ်သွားပြီ… မင်းတို့ရန်သူက မင်းတို့ကို သတ်ချင်ရင် တစ်ကွက်၊ နှစ်ကွက်အတွင်း သတ်နိုင်တယ်…”

သူ၏ ဥပမာက ရှင်းလင်းလှသဖြင့် သူတို့အားလုံး တုန်လှုပ်သွားသည်။

ဝိညာဉ်သန္ဓေသားအဆင့်နှင့် ဓာတ်ကြီးငါးပါးအဆင့်တွင် များစွာ ကွာခြားခြင်း မရှိသောလူနှစ်ယောက်က ကောင်းကင်တံတားအဆင့်သို့ ရောက်သောအခါ ထိုမျှ ကွာခြားသွားနိုင်၏။ ဤအချက် သတိပြုမိသူ များစွာမရှိဘဲ ကျင့်စဉ်အဆင့် တိုးမြင့်ရန်သာ ဂရုစိုက်နေကြသည်။

စစ်ယွင်ရှန်းက ရုတ်တရက် မေးလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံရဲ့ မျဉ်းကြောင်းက ဘယ်လောက်လဲ… တခြား ကောင်းကင်တံတားအဆင့် သိုင်းဂိုဏ်းချုပ်တွေနဲ့ ယှဉ်ရင် အတိုင်ပင်ခံရဲ့ ထောင့်က ဘယ်လောက်ကျယ်သလဲ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကောင်းကင်ထက်တွင် မျဉ်းဖြောင့်တစ်ကြောင်း ထပ်ဆွဲ၍ မတုန်မလှုပ် ပြောလိုက်သည်။ “ငါ့မျဉ်းကြောင်းက ဒါပဲ… တခြားသူတွေရဲ့ ကျင့်စဉ်စွမ်းအား ဘယ်လောက်မြင့်မြင့်၊ သူတို့ရဲ့ ထောင့်က ငါ့ထက် ပိုကျဉ်းနေလိမ့်မယ်…”

သူ၏ ကောင်းကင်ဘုံကို ဆန့်ကျင်သော အထုံပါရမီနှင့် ထိုးထွင်းသိမြင်နိုင်စွမ်းကြောင့် ထိုသို့ ပြောရဲလေသည်။

အားနည်းချက် မရှိသော လူတစ်ယောက်ဟု ဆိုနိုင်၏။

အခြားသူများ၏ မျဉ်းကြောင်းများက မျဉ်းပြိုင် ခုနစ်ကြောင်း ဖြစ်သော်လည်း သူ၏ မျဉ်းခုနစ်ကြောင်းက တစ်ခုနှင့်တစ်ခု တစ်ထပ်တည်း ဖြစ်သည်။ အခြားသူများထက် အဆများစွာ သာလွန်၏။

“မှတ်တမ်းထိန်းဆောင်မှာ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာနဲ့ ပတ်သက်တဲ့ ကျင့်စဉ်တွေကို မှီငြမ်းကျင့်ကြံလို့ရတယ်… ရူရွှမ်ချင်အကြီးအကဲရေးတဲ့ ကြယ်တာရာများကို ဖိနှိပ်ခြင်း အသေးစိတ်၊ ယွမ်ခုံးကိုယ်တော်ရေးတဲ့ ငါးဆင့်၌ ရုန်းကန်ခြင်း၊ နယ်စားဝေ့ရေးတဲ့ ကြာသပတေးဂြိုဟ်၏ ဥပဒေသငါးရပ်၊ သေနင်္ဂဗျူဟာစစ်သူကြီးရေးတဲ့ စစ်ရေးစည်းမျဉ်း၏ အသက်ငါးခု စတာတွေ ရှိမယ်… အဲဒါတွေ အကုန်ဖတ်ပြီးရင်တော့ မင်းတို့ရဲ့ ဓာတ်ကြီးငါးပါးအဆင့်အတွက် အခြေခံကောင်းကောင်း ရသွားမှာပါ…”

သူ ပြောခဲ့သည့် လူများက လက်ရှိနန်းတွင်း၏ ပထမအဆင့် နန်းတွင်းအရာရှိများ ဖြစ်သည်။ အကြီးအကဲရွှမ်ချင်က အိမ်ရှေ့စံမင်းသား၏ ဆရာအဖြစ် ခန့်အပ်ခြင်း ခံရသော အမျိုးသမီးတစ်ယောက် ဖြစ်၏။ ယွမ်ခုံးကိုယ်တော်ကတော့ စစ်သေနာပတိချုပ် ဖြစ်ပြီး နယ်စားဝေ့ကတော့ ထည့်ပြောစရာပင် မလိုချေ။ သေနင်္ဂဗျူဟာစစ်သူကြီးကတော့ နာမည်ကျော်ချင်မိသားစု၏ ခေါင်းဆောင် ဖြစ်သည်။

ထိုသူများက ထိပ်တန်းမိသားစုမှ လာသူများ၊ ထင်ရှားကျော်ကြားသူများ ဖြစ်ပြီး ကောင်းကင်တံတားအဆင့် ရောက်နေသော ထိပ်သီးသိုင်းသမားများ ဖြစ်၏။

အားလုံးက ကျင့်စဉ်နာမည်များကို အလျင်အမြန် မှတ်သားလိုက်ကြသည်။

ချန်ဝမ်ယွင်မှာ ဝေခွဲရခက်နေ၏။ သူက ဤခရီးမှ ပြန်လျှင် အရပ်ခြောက်မျက်နှာအဆင့်သို့ တန်းတက်ရန် ပြင်ထားသော်လည်း ဧကရာဇ်အတိုင်ပင်ခံ၏ စကားကို နားထောင်ပြီးသောအခါ သူ၏ ကျင့်စဉ်စွမ်းအင်ကို ဆက်လက် ဖိနှိပ်ထားရန် ဆုံးဖြတ်လိုက်သည်။ နန်းတွင်းကောလိပ်သို့ ပြန်ရောက်ပြီး သူ့အခြေခံ ခိုင်သောအခါမှ အရပ်ခြောက်မျက်နှာ အတားအဆီးကို ချိုးဖျက်တော့မည်။

ချင်မူ မှင်တက်နေမိ၏။ ရုတ်တရက် မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာနှင့် ပတ်သက်သော ကျင့်စဉ်အချို့ကို သတိရသွားသည်။

မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာတွင် ကျင့်စဉ်မျိုးစုံ ပါဝင်ပြီး အများစုမှာ ရှုပ်ထွေးနက်နဲလှခြင်း မရှိဘဲ ထိပ်တန်းကျင့်စဉ်ဟု မသတ်မှတ်နိုင်ချေ။ အများအားဖြင့် ဂိုဏ်းသားများကို ထိုသို့သော ကျင့်စဉ်များ သင်ကြားပေးလေ့ ရှိ၏။

မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာတွင် ပါဝင်သော ကျင့်စဉ်၊ ကောင်းကင်နတ်သိုင်း အားလုံးနီးပါးကို သင်ကြားပေးပြီး လျှို့ဝှက်ထားခြင်း မရှိချေ။ သို့သော်လည်း အချို့ ကျင့်စဉ်များက နားလည်ရ ခက်ခဲပြီး လွဲမှားစွာ ကျင့်ကြံမိနိုင်သဖြင့် မိစ္ဆာဂိုဏ်းဟု နာမည်တွင်လာခြင်း ဖြစ်သည်။

ချင်မူမှာ မူလက ဤကျင့်စဉ်များကို ပြန်၍ မလေ့လာခဲ့သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ထောက်ပြမှုကြောင့် တစ်မုဟုတ်ချင်း သဘောပေါက်သွား၏။ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာရှိ သီးခြားဖြစ်နေဟန်ရှိသော ကျင့်စဉ်များက စွမ်းအင်ကျင့်ကြံခြင်းအတွက် လျှို့ဝှက်ချက်များ ဖြစ်ပေလိမ့်မည်။

ပြန့်ကြဲ၍ စွမ်းအားမကြီးသယောင် ရှိနေသော ဤကျင့်စဉ်များက ဓာတ်ကြီးငါးပါးအဆင့် ကျင့်ကြံနည်းချည်းသာ မဟုတ်။ အရပ်ခြောက်မျက်နှာအဆင့်၊ ခုနစ်စဉ်ကြယ်အဆင့်အပြင် ကောင်းကင်နတ်အသွင်အဆင့်၊ သေခြင်းရှင်ခြင်းအဆင့်၊ ကောင်းကင်တံတားအဆင့်များပင် ပါပေလိမ့်မည်။

ဤကျင့်စဉ်များကို ကောင်းကင်နတ်ဆိုးဂိုဏ်း၏ စံအိမ်သခင်များအားလုံး သင်ယူ၍ သူတို့၏ နောက်လိုက်များကို သင်ပြကာ သုံးရာ့ခြောက်ဆယ်သော စံအိမ်များ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ချင်မူက ဤကျင့်စဉ်များကို စွမ်းအားကြီးမြင့်ခြင်း မရှိဟု သတ်မှတ်၍ ပေါင်းစည်းကျင့်စဉ်သို့ ထည့်သွင်းခဲ့ခြင်း မရှိချေ။ ယခု ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံထံမှ စကားတစ်ခွန်းက သူ့အတွက် ရှင်းလင်းသော လမ်းကြောင်းတစ်ခုကို ညွှန်ပြပေးခဲ့၏။

“လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်မှာ ကျင့်စဉ်ရှိပေမဲ့ သိုင်းကွက် မရှိဘူး… အဲ့ဒါ အားနည်းချက်ပဲ… ဒါပေမဲ့ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာနဲ့ ပေါင်းစည်းလိုက်ရင် ပြီးပြည့်စုံသွားနိုင်တယ်…”

ချင်မူ ဝမ်းသာအားရ ဖြစ်သွားပြီး တစ်မုဟုတ်ချင်းပင် ဓာတ်ကြီးငါးပါးအဆင့်၏ စွမ်းအင်ကျင့်ကြံမှုနည်းလမ်းများကို နားလည်သဘောပေါက်အောင် ဆင်ခြင်သုံးသပ်လိုက်သည်။ ဤကျင့်စဉ်ငါးမျိုးက စနေဂြိုဟ်အရှင်သခင်၏ မြေအပိုင်စား အစစ်အမှန်ကျင့်စဉ်၊ ကြာသပတေးဂြိုဟ်အရှင်သခင်၏ သစ်သားအပိုင်စား အစစ်အမှန်ကျင့်စဉ်၊ ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်၏ ရေအပိုင်စား အစစ်အမှန်ကျင့်စဉ်၊ အင်္ဂါဂြိုဟ်အရှင်သခင်၏ မီးအပိုင်စား အစစ်အမှန်ကျင့်စဉ်၊ သောကြာဂြိုဟ်အရှင်သခင်၏ ရွှေအပိုင်စား အစစ်အမှန်ကျင့်စဉ်ဟူ၍ ဖြစ်၏။

များစွာမကြာလိုက်ဘဲ ဤအစစ်အမှန်ကျင့်စဉ် ငါးမျိုးကို ဓာတ်ကြီးငါးပါးအဆင့် လောကသခင်ခန္ဓာ အမြုတေငါးသွယ်ကျင့်စဉ်တွင် ပေါင်းစည်းထည့်သွင်းနိုင်ရန် စတင်ကြိုးစားလိုက်သည်။

ယွဲ့ချင်းဟုန်နှင့် ကျန်သူများက ဧကရာဇ်အတိုင်ပင်ခံထံမှ ဓားသိုင်းနှင့် ပတ်သက်သည်များ တိုင်ပင်မေးမြန်းကြပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကလည်း သူသိသမျှကို မခြွင်းမချန် ပြောပြနေ၏။ သို့သော်လည်း သူတို့ ကောင်းစွာ နားလည်သဘောပေါက်ခြင်း မရှိသေးမီမှာပင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက နောက်အကြောင်းအရာတစ်ခုသို့ ကူးပြောင်းသွားသည်။ ထိုအဖြစ်ကြောင့် သူတို့ အတော်လေး စိတ်အနှောက်အယှက် ဖြစ်ရ၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ရှင်းလင်းချက်များက မြန်သည်ဟု မဆိုသာပေ။ သူတို့အနေဖြင့် ချက်ချင်း နားလည်သဘောပေါက်ရန် ခက်ခဲပြီး အချိန်ယူ၍ တဖြည်းဖြည်းချင်း စဉ်းစားဆင်ခြင်ရန် လိုအပ်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း စိတ်ပျက်စရာ အကောင်းဆုံး အတန်းဟု ထပ်ပြောခံရမည်စိုးသဖြင့် ထိုသို့ ဖြစ်နေကြောင်း ထုတ်မပြောရဲကြပေ။

ယွဲ့ချင်းဟုန် ဓားသိုင်းအကြောင်း မေးမြန်းပြီးသောအခါ ယွင်ချွယ်ကိုယ်တော်က ဗုဒ္ဓလမ်းစဉ်အကြောင်း မေးမြန်း၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မဟာမိုးခြိမ်းသံကျောင်းတော်သို့ ဝင်ပြီး တထာဂတနှင့် ဆွေးနွေးတိုင်ပင်ခဲ့ဖူးသဖြင့် ဗုဒ္ဓလမ်းစဉ်နှင့် ပတ်သက်၍လည်း ကျွမ်းကျင်လေသည်။ သူ့စကားများက ကောင်းကင်နတ်ပန်းများ ကြွေဆင်းလာသကဲ့သို့ ရှိ၏။

ယွင်ချွယ် မေးမြန်းပြီးသောအခါ ချန်ဝမ်ယွင်က ဓားသိုင်းနှင့် သိုင်းကွက်အသားပေး ပညာရပ် ပေါင်းစည်းမှုအကြောင်း မေးမြန်းသည်။ သူက ပါမောက္ခပါ့ရှန်နှင့် အတော်ကြာအောင် ပညာဆည်းပူးခဲ့သူ ဖြစ်သဖြင့် ပါမောက္ခပါ့ရှန်က သူ့ကို အထွတ်အထိပ်လမ်းစဉ် ခုနစ်သွယ်ကျင့်စဉ်ကို သင်ကြားပေးပြီး ဓားသိုင်းနှင့်ပတ်သက်၍လည်း ညွှန်ကြားထောက်ပြမှုများ ပြုလုပ်ပေး၏။ သို့ဖြစ်၍ ချန်ဝမ်ယွင်က ဓားမသိုင်းနှင့် ဓားသိုင်း နှစ်မျိုးစလုံး လေ့ကျင့်သည့် လမ်းကြောင်းသို့ လိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ယွင်ရှန်းကလည်း စွမ်းအင်ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် မေးခွန်းများ မေးပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ကို ပိုအာရုံစိုက်၍ အခြားသူများထက် အသေးစိတ် ပိုရှင်းပြ၏။

စစ်ယွင်ရှန်း လူငယ်ဂိုဏ်းချုပ်နောက် လိုက်၍ ပညာသင်ယူစဉ်အခါက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် အကြိမ်အနည်းငယ် တွေ့၍ သင်ကြားထောက်ပြမှုများ ခံယူဖူးသည်။

ဝံပုလွေကျွန်မှာ တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီး သတ္တိမွေး၍ ဓားမသိုင်းနှင့် ပတ်သက်သည်များ မေးမြန်းလိုက်၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ကို ကြည့်၍ မေးလိုက်သည်။ “ဝံပုလွေအသိုက်နယ်မြေကလား…”

ဝံပုလွေကျွန်က စိုးရိမ်မကင်းစွာ ခေါင်းညိတ်လိုက်၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မည်သို့မျှ သဘောမထားဘဲ ပြောလိုက်သည်။ “ဘယ်ကလာတာပဲဖြစ်ဖြစ် ပညာရေးဆိုတာ အားလုံးအတွက်ပဲ… မင်း ဘယ်မျိုးနွယ်ကလဲဆိုတာ ငါ ဂရုမစိုက်ပါဘူး…” ထိုသို့ပြောပြီးသည်နှင့် သူသိသမျှ မခြွင်းမချန် ထောက်ပြပြောဆို၏။

များစွာမကြာလိုက်ဘဲ အားလုံး တိတ်ကျသွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ထောက်ပြသင်ကြားပေးခဲ့သည်များကို နားလည်သဘောပေါက်အောင် ဆင်ခြင်သုံးသပ်နေကြသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက များစွာ မပြောခဲ့သော်လည်း ထိုမျှနှင့်ပင် အတော်ကြာအောင် ဆင်ခြင်သုံးသပ်ရပေလိမ့်မည်။

“ဧကရာဇ်အတိုင်ပင်ခံ၊ မှော်မိစ္ဆာကျင့်စဉ်ကိုရော လေ့လာဖူးသလား…” ဟူလင်းအာက တိတ်ဆိတ်မှုကို ဖြိုခွင်း၍ မေးမြန်းလိုက်သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းခါယမ်းလိုက်၏။ “မသင်ဖူးဘူး…”

ဟူလင်းအာ၏ မျက်လုံးများ အရောင်တောက်သွားပြီး အသံစူးစူးဖြင့် အော်ဟစ်လိုက်သည်။ “ကျွန်မ သင်ပေးလို့ ရတယ်…” သူက အလေးအနက် ပြောလိုက်ခြင်း ဖြစ်၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကလည်း အလေးအနက် တောင်းဆိုလိုက်သည်။ “လမ်းညွှန်ထောက်ပြပေးပါ…”

ဟူလင်းအာက မာန်ဟုန်မြစ်နဂါးနန်းတော်၏ စာအုပ်များမှ သင်ယူလာခဲ့သည်များ၊ သူ ကျင့်ကြံရင်း သိရှိခဲ့ရသည်များကို ပြောပြလိုက်၏။ ဝိညာဉ်ဖန်ဆင်းကျင့်စဉ်နှင့် ပတ်သက်၍ သူ နားလည် သဘောပေါက်သည်များကိုပင် ပြောပြလိုက်သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ငြိမ်ငြိမ်သက်သက် နားထောင်နေပြီး ဟူလင်းအာ ပြောပြီးသည့်အခါမှ ရုတ်တရက် မေးမြန်းလိုက်၏။ “မှော်မိစ္ဆာမျိုးနွယ်မှာ ကောင်းကင်ရတနာ မရှိဘူးလား… မင်းတို့ ကျင့်ကြံတဲ့ ကျင့်စဉ်တွေမှာ ကောင်းကင်ရတနာနဲ့ ပတ်သက်တဲ့ ကျင့်စဉ် မရှိဘူးနော်…”

ဟူလင်းအာက ခေါင်းခါယမ်းလိုက်သည်။ “မရှိဘူး… အဲဒါကြောင့် ကျွန်မတို့ လူပုံပြောင်းနိုင်အောင် ကြိုးကြိုးစားစား လေ့ကျင့်နေရတာ… လူပုံပြောင်းနိုင်တာနဲ့ သိပ်ကို စွမ်းအားကြီးတဲ့ မှော်မိစ္ဆာဘုရင် ဖြစ်သွားလိမ့်မယ်…”

“မှော်မိစ္ဆာဘုရင် တချို့ကို ငါ မြင်ဖူးတယ်၊ တကယ့်ကို ထူးခြားတဲ့ စွမ်းရည်တွေ ရှိတယ်…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “အစောက မင်းပြောတဲ့ ဝိညာဉ်ဖန်ဆင်းကျင့်စဉ်က သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်၊ ဒီကျင့်စဉ်မှာ မရေမတွက်နိုင်တဲ့ အပြောင်းအလဲ ရှိနေသလိုပဲ…”

သူက ဝိညာဉ်ဖန်ဆင်းကျင့်စဉ်ကို အသေးစိတ် ရှင်းပြလိုက်ပြီး ဟူလင်းအာမှာ သူ့ရှင်းပြမှုတွင် နစ်မျောသွား၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ရှင်းလင်းချက် အဆုံးသတ်သွားသောအခါမှ အသိပြန်ဝင်လာပြီး တအံ့တဩ အော်ဟစ်လိုက်သည်။ “အစောက ကျွန်မ သင်ပေးမယ်လို့ ပြောတာလေ၊ ဘယ်လိုလုပ် ရှင်က သင်ပေးတာ ဖြစ်သွားတာလဲ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “ငါတို့ အပြန်အလှန် သင်ပေးခဲ့ကြတာပေါ့…”

“အင်း…” ဟူလင်းအာက ခေါင်းကို ခပ်လေးလေး ညိတ်လိုက်သည်။

သူ့အောက်မှ နဂါးချီလင်က နှာခေါင်းရှုံ့၍ စိတ်ပျက်လက်ပျက် မျက်လုံးလှန်ကြည့်လိုက်၏။

ဤအခိုက်၌ ကောင်းကင်ယံတွင် အလင်းတန်းများ ပေါ်ထွက်လာပြီး သူတို့ရှိရာသို့ စီးမျောကျဆင်းလာသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တစ်ချက်လှမ်းကြည့်၍ ချင်မူ၏ ကိုယ်ပေါ်သို့ အကြည့်ရောက်သွား၏။

ထိုအလင်းတန်းများက ချင်မူ၏ ကိုယ်ထဲသို့ ငယ်ထိပ်မှတစ်ဆင့် စုစည်းဝင်ရောက်သွားသည်။ အလင်းတန်းများ ပို၍ ပို၍ ပေါ်ထွက်လာပြီး သေးသွယ်သော အနီရောင်အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။

ဟူလင်းအာက ထိုအလင်းတန်းကို သွားထိကြည့်ရာ သူ့လက်ဖဝါးမှ အမွေးများ မီးစွဲလောင်သွားသဖြင့် ကမန်းကတန်း လက်ပြန်ရုပ်လိုက်ရသည်။

များစွာမကြာလိုက်ဘဲ ချင်မူ၏ အရှိန်အဝါအငွေ့အသက်များ တစ်ရှိန်ထိုး တက်လာ၏။ သူ့ခန္ဓာကိုယ်မှ မီးတောက်မီးလျှံများ ထွက်ပေါ်ကာ ဘေးပတ်ပတ်လည်တွင် မီးလျှံတိမ်တိုက်များကဲ့သို့ ဝန်းပတ်နေသည်။

ဟူလင်းအာမှာ အံ့အားသင့်နေဆဲ ရှိ၏။ ထိုအခိုက်၌ ဖောက်ဖောက်ဟူသော အသံနှစ်သံ ကြားရပြီး ချင်မူ၏ ခေါင်းမှ နွားချိုနှစ်ချောင်း ထွက်ပေါ်လာသည်။ သူ၏ နှာခေါင်းပေါက်များက တဖြည်းဖြည်း လန်ထွက်လာပြီး မီးခိုးငွေ့တန်းနှစ်ခု မီးလျှံများရောယှက်၍ ပန်းထွက်လာ၏။

ဟူလင်းအာ အထိတ်တလန့် အော်ဟစ်လိုက်မိသည်။ တဂျွတ်ဂျွတ်အသံများနှင့်အတူ ချင်မူ၏ အရိုးများက ထူးဆန်းစွာ အသွင်ပြောင်းသွား၏။ သူ့ခြေထောက်များက တုတ်ခိုင်လာပြီး ခန္ဓာကိုယ်ကလည်း မြင့်မားကြီးထွားလာသည်။ ကြွက်သားများ ဖောင်းကြွလာပြီး တစ်ကိုယ်လုံးတွင် မီးလျှံသင်္ကေတများ ဖုံးလွှမ်းနေ၏။ သူ့မျက်ခုံးနှစ်ခု အလယ်တည့်တည့်၌ နွားမျက်လုံးတစ်လုံး ပေါ်ထွက်လာသည်။

ဟူလင်းအာမှာ နွားတစ်ကောင်၏ တင်ပါးကဲ့သို့ ကြီးထွားတင်းမာလာသည့် ချင်မူ၏ တင်ပါးသို့ အကြည့်ရောက်သွားပြီး နွားမြီးတစ်ချောင်း ပေါက်နေသည်ကို တွေ့မိ၏။ ထိုနွားမြီးက သူ့တင်ပါးသူ တဖြန်းဖြန်း ရိုက်လိုက်သည်။ အတော်လေး  နာ ,မည်မှာ ကျိန်းသေ၏။

“ဧကရာဇ်အတိုင်ပင်ခံ…”

ဟူလင်းအာမှာ တစ်ခဏမျှ မှင်တက်နေပြီးနောက် ဧကရာဇ်အတိုင်ပင်ခံဘက် လှည့်၍ ပြောလိုက်သည်။ “ကျွန်မရဲ့ သခင်လေးက သူ့ပုံသဏ္ဌာန်အမှန်ကို ထုတ်ပြလာပြီ… သူ့ပုံသဏ္ဌာန်အမှန်… သူက မြေခွေးမိစ္ဆာ မဟုတ်ဘူး၊ နွားမိစ္ဆာ…”

All Chapters