← Chapters

စကားအပေါက်အလမ်း မတည့်တော့သောအခါ

Vol. 14 Ch. 194

စကားအပေါက်အလမ်း မတည့်တော့သောအခါ

Vol. 14 Ch. 194

“ဒါက မှော်မိစ္ဆာ မဟုတ်ဘူး၊ နတ်ဘုရားအသွင် ပြောင်းလဲခြင်းပဲ…” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဤသို့သော မြင်ကွင်းမျိုးကို မြင်တွေ့နေကျ ဖြစ်သဖြင့် ဟူလင်းအာကို ရှင်းပြလိုက်သည်။

ဤသည်မှာ ချင်မူ၏ ပုံသဏ္ဌာန်အမှန် ပေါ်ထွက်လာခြင်း မဟုတ်ဘဲ ထူးခြားသော ကျင့်စဉ်တစ်ခုသာ ဖြစ်ကြောင်း သူသိ၏။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ကျင့်စဉ်အချို့ ပေါင်းစည်းရာမှ ဤသို့ အသွင်ပြောင်းသွားခြင်း ဖြစ်ပေလိမ့်မည်။

“ကြည့်ရတာ ဝိညာဉ်ဖန်ဆင်းကျင့်စဉ်နဲ့ ဓာတ်ကြီးငါးပါးအဆင့် အင်္ဂါဂြိုဟ်ကျင့်စဉ် ပေါင်းထားတာ ထင်တယ်…”

သူက မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာနှင့် ပတ်သက်၍ အနည်းငယ်မျှသာ သိသဖြင့် သေချာမပြောနိုင်ပေ။

ချင်မူ၏ အသွင်ပြောင်းလဲခြင်းက နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဖြစ် သတ်မှတ်၍ရပြီး အချို့ကျင့်စဉ်များမှာလည်း ထိုသို့ လုပ်ဆောင်နိုင်လေသည်။ ဤသို့ ဖြစ်ရပ်မျိုးက မရှားလှ။ ခန္ဓာကိုယ်ကောင်းကင်နတ်သိုင်း တစ်ရပ်သာ ဖြစ်၏။

အချို့ဂိုဏ်းများ၏ ကျင့်စဉ်က သူတို့၏ခန္ဓာကိုယ် သန်စွမ်းလာစေရန် နတ်ဘုရားအသွင် ပြောင်းလဲခြင်း၊ မိစ္ဆာနတ်ဘုရားအသွင် ပြောင်းလဲခြင်းကို အသုံးပြုကြသည်။

သို့သော်လည်း ချင်မူ၏ အသွင်ပြောင်းလဲခြင်းနှင့် ပတ်သက်၍တော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံပင် ဇဝေဇဝါ ဖြစ်မိ၏။ ဤကျင့်စဉ်က ခန္ဓာကိုယ်ကောင်းကင်နတ်သိုင်းသက်သက် ဟုတ်ဟန်မတူချေ။

ခန္ဓာကိုယ်ကောင်းကင်နတ်သိုင်းမှာ ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ရန် အသုံးပြုပြီး သန်စွမ်းသော ခန္ဓာကိုယ်ပေါ်မှီ၍ သိုင်းစွမ်းအားကို မြင့်တက်လာစေခြင်း ဖြစ်သည်။

သို့သော်လည်း ချင်မူ၏ နတ်ဘုရားအသွင်ပြောင်းလဲခြင်းကတော့ နတ်ဘုရားတစ်ပါး အသွင်သို့ အပြည့်အဝ ပြောင်းလဲသွားခြင်း ဖြစ်ဟန်တူ၏။

ဧကရာဇ်အတိုင်ပင်ခံ၏ မျက်လုံးထဲတွင် ချင်မူက သူ၏ ကျင့်စဉ်ကို အသုံးပြု၍ သူ့ကိုယ်သူ အင်္ဂါဂြိုဟ်အရှင်သခင်အဖြစ် ပြောင်းလဲပစ်ခြင်း ဖြစ်သည်။ သူ၏ ရုပ်ခန္ဓာက အသွင်ပြောင်းလဲသွားသကဲ့သို့ ချီစွမ်းအင်ကလည်း ပြောင်းလဲသွား၏။ ခန္ဓာကိုယ်မှ စိမ့်ဖြာထွက်နေသော အရှိန်အဝါအငွေ့အသက်ပင် ပြောင်းလဲသွားသည်။

ဤသည်ကိုကြည့်လျှင် ချင်မူက နတ်ဘုရားအသွင်ခန္ဓာကိုယ်နှင့် ကောင်းကင်နတ်သိုင်းကိုပါ ရရှိသွားကြောင်း သိနိုင်၏။

ဤအဖြစ်က လွန်စွာ ထူးဆန်းလှသည်။

ချင်မူ့ခန္ဓာကိုယ်၏ ပြောင်းလဲမှုများက ရပ်တန့်သွားခြင်း မရှိသေးဘဲ ခြေထောက်အောက်မှ မီးလျှံတိမ်တိုက်များက မီးနဂါးနှစ်ကောင်အဖြစ်သို့ ပြောင်းလဲသွား၏။ ထိုမီးနဂါးများက ရှည်လျားကြီးထွားလာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်ပေါ်မှ ကြွတက်လာသည်။

ချင်မူ၏ ခြေထောက်များက စီးထားသည့် ဖိနပ်ကို ဖောက်ထွက်၍ မီးလျှံများ တောက်လောင်နေသည့် နွားခွာများအဖြစ် ပြောင်းလဲသွား၏။

ယခု သူ၏ ပုံစံက မီးနဂါးနှစ်ကောင်ကို စီးနင်းထားသည့် အင်္ဂါဂြိုဟ်အရှင်သခင်ကဲ့သို့ ရှိနေသည်။

ချင်မူ သူ့လက်ကို မြှောက်လိုက်သောအခါ ပတ်ဝန်းကျင်တစ်ခုလုံး တစ်မုဟုတ်ချင်း ခြောက်သွေ့သွားပြီး ငန်းဥခန့် အရွယ်ရှိသော မီးလုံးများ ကောင်းကင်ယံတွင် ဝဲပျံလာ၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက စိတ်ဝင်စားသည့် အမူအရာ ပေါ်လာပြီး ထိုမကြီးမသေး အရွယ်အစားရှိသော မီးလုံးများကို ကြည့်လိုက်သည်။ ရုတ်တရက် ထိုမီးလုံးများထံမှ သေးမျှင်သော မီးတောက်မီးလျှံများဖြင့် ဖွဲ့စည်းထားသည့် ဓားအလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာ၏။ ဓားအလင်းတန်းတိုင်းက ဆည်းဆာဓားသိုင်းကို ထုတ်ဖော်ကစားနေပြီး ဓားသိုင်းထဲတွင် မီးဓာတ်မှော်စွမ်းအားများ ကိန်းအောင်းပါဝင်လာသည်။ ဤဓားအလင်းတန်း တစ်ခုချင်းစီ၏ စွမ်းအားက မနိမ့်ကျလှ။

“ယုယွမ်အင်ပါယာရဲ့ ဆည်းဆာဓားသိုင်း၊ သိပ်ကို သမာသမတ်ကျတဲ့ ဓားသိုင်း၊ ဓားစက်လုံးတွေရဲ့ သဘောတရားလည်း ပါဝင်တယ်… မှော်စွမ်းအားကိုလည်း ပေါင်းစည်းထည့်သွင်းထားတော့ အကြမ်းဖျင်း ပြောရရင် မင်းရဲ့ ခွန်အားက ကောင်းကင်နတ်သိုင်းပညာရှင်တွေနဲ့ ယှဉ်လို့ရပြီ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သက်ပြင်းချလိုက်၏။ “အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင် တစ်ယောက်နဲ့ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရရင် မသေနိုင်တော့ဘူး… မင်းသာ နတ်အသွင်ပြောင်းလဲခြင်း ခန္ဓာကိုယ်ကောင်းကင်နတ်သိုင်းကို ထုတ်သုံးနိုင်ရင် အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တွေနဲ့ တန်းတူ ရင်ဆိုင်နိုင်ပြီ…”

ချင်မူ၏ ဓားသိုင်းက ပြန်လည် ရုပ်သိမ်း၍ မီးလုံးများ ပြန်ဖြစ်သွားသည်။ ထိုမီးလုံးများက တစ်ခုနှင့် တစ်ခု ဝင်တိုက်၍ ရေဇလုံတစ်လုံးအရွယ်ခန့်ရှိသော နေလုံးနီနီတစ်လုံးအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် သူ့ပါးစပ်ကို ဖွင့်ဟ၍ ထိုနေလုံးနီနီကို မျိုချပြီး နှာပေါက်မှ မီးတန်းနှစ်ခု မှုတ်ထုတ်လိုက်သည်။

လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို ရပ်တန့်လိုက်ရာ သူ့ခေါင်းပေါ်မှ နွားချိုနှစ်ချောင်း တဖြည်းဖြည်း ပြန်ရှုံ့ဝင်သွား၏။ သူ့ခန္ဓာကိုယ်က ပုံမှန်အနေအထားသို့ ပြန်ရောက်၍ ခြေထောက်အောက်မှ မီးနဂါးနှစ်ကောင်လည်း ပြယ်လွင့်ပျောက်ကွယ်သွားသည်။

ချင်မူ သူ့တင်ပါးသူ ပွတ်ရင်း ဇဝေဇဝါ အမူအရာ ဖြစ်သွား၏။ တစ်ယောက်ယောက်က သူ့ကို နှင်တံဖြင့် ရိုက်ထားသကဲ့ တင်ပါးတွင် စပ်ဖျဉ်းဖျဉ်း ဖြစ်နေသည်။

“ကြည့်ရတာက ငါငယ်ငယ်ကတည်းက နွားကျောင်းလာရလို့ နွားမြင်ရင် အကျင့်ပါပြီး ရိုက်ချင်နေတာများလား…” ဒုက္ခိတဘိုးဘွားကျေးရွာမှ နွားကျောင်းသားလေးက သူ့ကိုယ်သူ သံသယဝင်သွား၏။

သူတို့၏ ရှေ့တွင် မြင့်မားသော တောင်ကြီးတစ်လုံး ရှိပြီး ရေတံခွန်ကြီးတစ်ခုက ကောင်းကင်ယံမှ နဂါးငွေ့တန်းကဲ့သို့ စီးကျနေသည်။ အဖြူရောင် ရေတံခွန်၊ အနက်ရောင် တောင်ကမ်းပါး၊ တောတောင်စိမ်းစိမ်းများနှင့် သူတို့၏ ခေါင်းပေါ်မှ နေလုံးကြီးက ဆေးရေးပန်းချီကားတစ်ချပ်ကဲ့သို့ ဖွဲ့တည်နေ၏။

ရေကျသံများက ဆူညံနေပြီး ရေငွေ့များ တဖွားဖွား လွင့်ပျံလာသည်။ လေထုထဲတွင် ရေမှုန်များ ခိုအောင်းနေသဖြင့် တစ်ခဏအတွင်း အဝတ်အစားများ စွတ်စိုသွား၏။

ဤမြင်ကွင်းကြောင့် သူတို့အားလုံး စိတ်လက်ပေါ့ပါး လန်းဆန်းသွားသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူတို့ကို တောင်ဘက်နယ်စပ်သို့ ခေါ်ဆောင်ရာတွင် လမ်းမအတိုင်း ခေါ်မလာဘဲ ဦးတည်ရာ သတ်မှတ်၍ အဖြောင့်အတိုင်း လျှောက်လာသဖြင့် တောင်တန်းများဘက် ရောက်လာခြင်း ဖြစ်၏။

ရေတံခွန်၏ အောက်ဘက်တွင် ကြည်လင်နက်ရှိုင်းသော ရေကန်တစ်ကန် ဖွဲ့တည်နေပြီး ရေကန်ဘေးတွင် သမင်ဖိုတစ်ကောင် အမြီးတိုလေး တယမ်းယမ်းနှင့် မြက်စားနေသည်။ ထိုသမင်ဖို၏ ကိုယ်ပေါ်မှ အဖြူရောင် အကွက်များက ဆီးပန်းပွင့်များနှင့်ပင် တူ၏။

သူတို့ လျှောက်လာသည်ကို မြင်သောအခါ ထိုသမင်ဖိုက ကမန်းကတန်း ခေါင်းထောင်၍ ရှေ့သို့ ခြေနှစ်လှမ်းတိုးလာပြီး စူးစမ်းကြည့်ရှုလိုက်သည်။

အားလုံး၏ စိတ်ထဲတွင် ခံ့ညားလှပသည်ဟု ကျိတ်၍ ရေရွတ်လိုက်မိကြ၏။ ဤသမင်ဖိုက နဂါးချီလင်နှင့် တစ်ရွယ်တည်း ဖြစ်ပြီး လွန်စွာ ခံ့ညားထည်ဝါလှသည်။

သမင်ဖိုကြီးက နှာမှုတ်၍ ရေကန်ဘေးသို့ လျှောက်သွား၏။ ရေကန်ဘေးတွင် ဖျင်ကြမ်းမိုးကာကို ဝတ်ဆင်ထားသည့် အဘိုးကြီးတစ်ဦး ရှိနေပြီး သူ၏ ငါးမျှားတံကို ရေကန်စပ်တွင် ထိုးစိုက်၍ ငါးမျှားနေသည်။

ထိုအဘိုးကြီး၏ ဘေးတွင် ကလေး,မက ဆယ်ကျော်သက်မကျ ကောင်လေးတစ်ယောက် ရှိ၏။ ထိုကောင်လေးက ပျင်းပျင်းရိရိဖြင့် ကျောက်ခဲများ ကောက်ယူပြီး ငါးမျှားကြိုးချထားသည့် နေရာသို့ ပစ်လွှတ်နေသည်။ သူက ကျောက်ခဲ တစ်ခဲ၊ နှစ်ခဲမျှ ပစ်သည်မဟုတ်၊ အဆက်မပြတ် ပစ်နေ၏။

ဤရေတံခွန်က လွန်စွာကြီးမားပြီး ရေစီးသန်လှသဖြင့် ငါးရှိလျှင်တောင်မှ ငါးစာကို ဟပ်လိမ့်မည် မဟုတ်။ ထို့ပြင် ကောင်လေးက ကျောက်ခဲများ အဆက်မပြတ် ပစ်နေသဖြင့် ဤအဘိုးကြီးအနေဖြင့် ယနေ့အတွက် ငါးတစ်ကောင်မျှ ဖမ်းမိရန် လမ်းမမြင်ချေ။

ယွဲ့ချင်းဟုန်က ခေါင်းခါယမ်းလိုက်သည်။ “ဒီကောင်လေးက အဘိုးကြီးရဲ့ သားမြေးပဲ နေလိမ့်မယ်၊ မဟုတ်ရင် သေအောင် ရိုက်သတ်ပြီးလောက်ပြီ… ဘယ်သူကများ ဒီလို သည်းခံနိုင်မှာလဲ…”

ချင်မူ ဇဝေဇဝါ ဖြစ်သွားပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။ ဤနေရာက ငါးမျှား၍ကောင်းသည့် နေရာမဟုတ်။ သို့တိုင်အောင် ငါးမျှားသည့် အဘိုးကြီးတစ်ဦး ရှိနေသည်။ ကောင်လေးတစ်ယောက်ကလည်း ငါးမျှားကြိုးကို ခဲဖြင့် ပစ်နေ၏။ မည်သို့ကြည့်ကြည့် ထိုအဘိုးကြီးက ဤနေရာသို့ ငါးမျှားရန်လာသည်နှင့် မတူချေ။

လူသူအရောက်အပေါက် နည်းသည့် တောကြီးမျက်မည်းထဲတွင် ငါးမျှားခြင်း မဟုတ်လျှင် လမ်းပိတ်ဆို့ခြင်း လုပ်ရန်သာ ရှိ၏။

နဂါးချီလင်အောက် မကျသည့် ဆီးပန်းပွင့်သမင်ဖိုကြီးကိုပါ ထည့်တွက်လျှင် ဤအဘိုးကြီး၏ နောက်ခံက လူငယ်ဂိုဏ်းချုပ်နှင့် တစ်တန်းတည်း ရှိသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ချေလိမ့်မည်။

ချန်ဝမ်ယွင်နှင့် စစ်ယွင်ရှန်းတို့လည်း တစ်ခုခု မှားနေသည်ကို သတိပြုမိပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို လှမ်းကြည့်လိုက်၏။ ယွင်ချွယ်ကိုယ်တော်က များစွာ တွေးတောခြင်းမပြုဘဲ အပြုံးတစ်ခုနှင့် သွားရောက် စပ်စုလိုက်သည်။ “အဘိုး၊ ဒီနေရာမှာ ဘယ်လိုလုပ် ငါးရှိမှာလဲ… ဒါက အဘိုးရဲ့ မြေးထင်တယ်၊ သူက ကျောက်ခဲတွေ တရစပ် ပစ်နေမှတော့ ငါးရှိရင်တောင် ထွက်ပြေးသွားလောက်ပြီ…”

အဘိုးအိုက ခေါင်းမော့ကြည့်၍ ပါးရေများ တွန့်ခေါက်အောင် ပြုံးပြလိုက်၏။ “ဘယ်လိုလုပ် ငါးမရှိရမှာလဲ… အခုပဲ ငါးက ရောက်လာပြီ မဟုတ်လား…”

ယွင်ချွယ် ငါးမျှားချိတ်သို့ လှမ်းကြည့်လိုက်သောအခါ မည်သည့် ငါးမျှ မတွေ့ရချေ။ အဘိုးကြီး၏ မြေးကောင်လေးက ကျောက်ခဲများ ပစ်နေသည်ကိုသာ တွေ့ရ၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ရှေ့သို့ တက်လာပြီး ပြောလိုက်သည်။ “ဒီရေကန်က သိပ်မကြီးလှပေမဲ့ ငါးက သေးသေး မဟုတ်ဘူး၊ ဖမ်းရခက်လိမ့်မယ်… အဘိုးအနေနဲ့ ဖမ်းနိုင်တဲ့ စွမ်းရည်ရှိပါ့မလား မသိဘူး…”

အဘိုးအိုက မျက်နှာရှိ အရေးအကြောင်းများ တွန့်လိပ်သွားအောင် ပြုံးလိုက်၏။ “ဒီလောကကြီးဆိုတာ အစက ကြည်လင်တဲ့ ရေကန်တစ်ကန်ပါပဲ… ငါးကြီးတစ်ကောင်က ရေကို လာနှောက်သွားတယ်… အဲဒီငါးက နဂါးမုခ်ဝကို ခုန်ဝင်ပြီး အစစ်အမှန် နဂါးတစ်ကောင် ဖြစ်သွားရမှာကို ရေနောက်အောင် လုပ်ရုံမကဘူး… ငါးသေးသေးလေးတွေကိုပါ ပြောင်စင်အောင် စားပစ်ချင်နေတယ်… ဧကရာဇ်အတိုင်ပင်ခံ၊ ပြောကြည့်ပါဦး… ငါ့အနေနဲ့ အဲဒီငါးကြီးကို ဖမ်းသင့်မဖမ်းသင့် ဆိုတာ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ မျက်ဝန်းများက လှုပ်ရှားသွားပြီး မနှေးလွန်း မမြန်လွန်းသော လေသံဖြင့် ပြောလိုက်သည်။ “အဘိုးအနေနဲ့ သိုင်းဂိုဏ်းတွေကို ငါးသေးသေးလေးတွေနဲ့ တင်စားတာ မသင့်လျော်ပါဘူး… သိုင်းဂိုဏ်းတွေဆိုတာ ငါးတွေရဲ့ ကိုယ်ပေါ် တွယ်ကပ်သွေးစုပ်နေတဲ့ မျှော့တွေပဲ… ကန်ရေက ကြည်လင်သယောင် ထင်ရပေမဲ့… ရေထဲက ငါးတွေအားလုံးက မျှော့တွေ သွေးစုပ်ခံနေရတာ… အဲဒါကြောင့် ငါးမျှားမဲ့အစား မျှော့တွေကို ခွာထုတ်ပစ်သင့်တယ်…”

အဘိုးအိုက ထပ်၍ မပြောတော့ချေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကလည်း ထပ်မပြောတော့။

စကားများ အဆီအငေါ် အပေါက်အလမ်း မတည့်သည့်အခါ ထပ်ပြော၍လည်း အကြောင်းမထူးတော့ချေ။ သူတို့အနေဖြင့် တစ်ခွန်းနှစ်ခွန်း ပြောကြည့်ပြီး နားချ၍ ရမည့်သူများ မဟုတ်ကြောင်း ခံစားမိသွားသဖြင့် ဆက်ပြောလည်း အသုံးမဝင်တော့။

သူတို့၏ စံနှုန်းများက ခြားနားနေသဖြင့် စကားဖြင့် မစည်းရုံးနိုင်သည့်အခါ တစ်ဖက်ကို အပြတ်ရှင်းထုတ်ပစ်ခြင်းက ပို၍ တည့်တိုးဆန်ပြီး လွယ်ကူပေလိမ့်မည်။

အဘိုးအိုက ထရပ်၍ ငါးမျှားတံကို ရုပ်သိမ်း၍ သစ်ပင်ကြီးတစ်ပင်ဘေး၌ ထောင်လိုက်ပြီး ကောက်ရိုးခမောက်နှင့် ဖျင်မိုးကာကို ချွတ်လိုက်သည်။ သူ့ဘေးမှ ကောင်လေးကို နောက်ဆုတ်ရန် လက်ခါပြလိုက်သည်။ “ဟိုးဘက် တောင်စောင်းဘေးကို သွား…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကလည်း ချင်မူတို့ကို ပြောလိုက်၏။ “ဒီတောင်စောင်းကို ကျော်ပြီး ငါ့ကို စောင့်နေကြ… အဘိုး၊ ခင်ဗျားရဲ့ ပညာတွေကို လက်ဆင့်ကမ်းပြီးပြီလား…”

အဘိုးအိုက ခေါင်းညိတ်လိုက်သည်။ “လက်ဆင့်ကမ်းပြီးပါပြီ… ဧကရာဇ်အတိုင်ပင်ခံကရော…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မတုန်မလှုပ် ပြောလိုက်၏။ “ကျုပ်အတွက် မလိုပါဘူး… အရင်တုန်းက မစဉ်းစားမဆင်ခြင်ဘဲ လူတွေ အများကြီးသတ်ပြီး သိုင်းဂိုဏ်းတွေ အများကြီး အမြစ်ဖြုတ်ခဲ့မိလို့ သိုင်းဂိုဏ်းအတော်များများရဲ့ ကျင့်စဉ်သိုင်းကွက်တွေ ကွယ်ပျောက်သွားရတယ်… မှတ်တမ်းထိန်းဆောင် တည်ဆောက်ပြီးတဲ့နောက်မှာ ဒီကိစ္စကို နောင်တအရဆုံးပဲ… အဲ့ဒါကြောင့် နောက်ပိုင်းမှာ လူမသတ်ခင် ဒီစကားမေးတာ အကျင့်လို ဖြစ်လာတယ်…”

ချင်မူ့အနေဖြင့် မြင်ရခဲသော တိုက်ပွဲကို ကြည့်လိုလှသော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံအဆင့်ကဲ့သို့ ပုဂ္ဂိုလ်များ ထိပ်တိုက်တွေ့ရာမှ ထွက်ပေါ်လာမည့် အားလှိုင်းများက တုထျန်းမိစ္ဆာဘုရင်ထက်ပင် ပိုပြင်းထန်ပေလိမ့်မည်။ သူတို့၏ တိုက်ပွဲကို ထိုမျှ နီးနီးကပ်ကပ် ကြည့်လိုလျှင် သေချာပေါက် သေပွဲဝင်မည် ဖြစ်၏။

“ဒီတောင်စောင်းကို ကျော်ကြစို့…” ချင်မူက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

အားလုံးကို ဦးဆောင်ခေါ်၍ တောင်ထိပ်ပေါ် တက်သွားပြီး ပြန်ငုံ့ကြည့်လိုက်ကြ၏။ ရေတံခွန်အောက်မှ လူနှစ်ယောက်မှာ ရေခိုးရေငွေ့များကြောင့် သဲသဲကွဲကွဲ မြင်ရခြင်း မရှိတော့။

ကျောက်ခဲများ ပစ်နေသည့် ကောင်လေးမှာလည်း သမင်ဖိုကြီးကို စီး၍ သူတို့နှင့် မလှမ်းမကမ်းတွင် ရှိနေသည်။ သူက ဖြူစင်ရိုးသားသည့် အမူအရာဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။ “မင်းတို့က နန်းတွင်းကောလိပ်ကလား…”

ချမ်ဝမ်ယွင်က ခေါင်းညိတ်၍ မေးမြန်းလိုက်သည်။ “ညီလေးကို ဘယ်လို ခေါ်ရမလဲ…”

“မူရန်၊ ဝမ့်မူရန်…”

သူ့အသက်က ချင်မူနှင့် ရွယ်တူလောက် ဖြစ်သော်လည်း ချင်မူနှင့် ခြားနား၏။ ဤဝမ့်မူရန်က အလွန်တရာ လှုပ်ရှားတက်ကြွပြီး အငြိမ်မနေနိုင်ချေ။ တစ်ခဏမျှ ငြိမ်ရသည်နှင့် ပျင်းရိသွား၏။ သမင်ဖိုကြီးပေါ် ထိုင်လျက်ပင် ငြိမ်ငြိမ်မနေနိုင်ချေ။ သမင်ဖိုကြီး၏ တင်ပါးကို တဖျန်းဖျန်း ရိုက်၍ ဟိုသည် စီးနင်းနေ၏။

ချင်မူက လှမ်းမေးလိုက်သည်။ “နောင်တော်ဝမ့်က ဘယ်ဂိုဏ်းကပါလဲ…”

“ကျောက်စိမ်းမြို့တော်ငယ်…”

“ကျောက်စိမ်းမြို့တော်ငယ် ဟုတ်လား…”

ချန်ဝမ်ယွင်၊ ယွင်ချွယ်နှင့် ကျန်သူများမှာ စဉ်းစားမရ ဖြစ်သွား၏။ ဤဂိုဏ်းအမည်ကို သူတို့ မကြားဖူးပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် အထွတ်အမြတ်နယ်မြေကြီး သုံးခုရှိသည်။ အချို့သိုင်းဂိုဏ်းကြီးများက ထိုအထွတ်အမြတ်နယ်မြေသုံးခုအောက် များစွာ မနိမ့်ကျလှ။ သို့သော်လည်း ထိုသိုင်းဂိုဏ်းများထဲတွင် ကျောက်စိမ်းမြို့တော်ငယ်ဟူ၍ မပါဝင်ချေ။

ချင်မူမှာ မှင်တက်မိနေသည်။ ကျောက်စိမ်းမြို့တော်ဟူသည်က လူတိုင်း အသုံးပြုနိုင်သော အမည် မဟုတ်ချေ။ ကျောက်စိမ်းမြို့တော်ဆိုသည်မှာ ကောင်းကင်နတ်ဧကရာဇ် နေထိုင်ရာ မြို့တော်ကို ရည်ညွှန်းခြင်း ဖြစ်၏။ ကောင်းကင်နတ်ဧကရာဇ်က နတ်ဘုရား မဟုတ်၊ မသေမျိုး နတ်ဝိဇ္ဇာတစ်ပါး ဖြစ်သည်။ မသေမျိုး နတ်ဝိဇ္ဇာတို့၏ ကောင်းကင်နတ်ဧကရာဇ် ဖြစ်၏။

မည်သို့သော ဂိုဏ်းမျိုးက ကျောက်စိမ်းမြို့တော်ငယ်ဟူသော အမည်ကို ခံယူဝံ့ပါသနည်း။

“ငါတို့ ကျောက်စိမ်းမြို့တော်ငယ်ရဲ့ အထွတ်အမြတ်နယ်မြေမှာ နေထိုင်တဲ့လူက နည်းနည်းလေးပဲ ရှိတယ်… အများစုက အဘိုးကြီး၊ အဘွားကြီးတွေ… ငါနဲ့ ရွယ်တူက အများကြီး မရှိဘူး…”

ဝမ့်မူရန်က ပြောလိုက်သည်။ “ဒီတစ်ခေါက်က ငါ့ဆရာဆီ လူတစ်ယောက်လာလို့… သူက ငါ့ဆရာကို ဧကရာဇ်အတိုင်ပင်ခံနဲ့ တွေ့ဖို့ ပြောတယ်၊ ဧကရာဇ်အတိုင်ပင်ခံက မိစ္ဆာလမ်းစဉ်ကို လျှောက်ပြီး သိုင်းလောကက ဂိုဏ်းတွေအားလုံးကို အမြစ်ပြတ်သုတ်သင်ချင်နေတာတဲ့… ငါ့ဆရာက စိတ်မပါပေမဲ့ မိတ်ဆွေတစ်ယောက် တောင်းဆိုလာတာကို ငြင်းပယ်ဖို့ ခက်လို့ ငါ့ကို ခေါ်ပြီး ထွက်လာတာ… ဒီလောကကြီးမှာရှိတဲ့ သိုင်းဂိုဏ်းတွေအားလုံး ဧကရာဇ်အတိုင်ပင်ခံရဲ့ လက်ချက်နဲ့ အမြစ်ပြတ်လုနီးပါး ဖြစ်နေပြီ၊ သူ့လုပ်ရပ်တွေက မိစ္ဆာနတ်ဆိုးနဲ့ မခြားဘူး…”

ဟူလင်းအာမှာ နားမလည်နိုင် ဖြစ်သွား၏။ “ငါတို့က မှန်တဲ့ဘက်က မဟုတ်ဘူးလား… ငါတော့ ဧကရာဇ်အတိုင်ပင်ခံရဲ့ လုပ်ရပ်တွေက အတော်လေး သမာသမတ်ကျတယ်လို့ ထင်တာ…”

ဝမ့်မူရန်က ခေါင်းခါယမ်းလိုက်သည်။ “မင်းတို့အားလုံးက နန်းတွင်းရဲ့ နောက်လိုက်ခွေးတွေ၊ ဧကရာဇ်အတိုင်ပင်ခံရဲ့ အစွယ်တွေ လက်သည်းတွေလို့ နာမည်ဆိုးနဲ့ ကျော်ကြားနေတာ…”

ချင်မူ ဇဝေဇဝါ ဖြစ်သွား၏။ သူ့အနေဖြင့် ဧကရာဇ်အတိုင်ပင်ခံ၏ လုပ်ရပ်များက သမာသမတ်ကျပြီး အပြစ်ပြောစရာမရှိဟု ခံစားမိသည်။ ထို့ပြင် ဧကရာဇ်အတိုင်ပင်ခံ၏ ပုံသဏ္ဌာန်က မြင်လိုက်ရုံနှင့် ဖြောင့်မှန်ကြောင်း သိသာပြီး သူ လုပ်ဆောင်သမျှက ချင်မူ့အတွက် မှန်ကန်၍ ပုံမှန်သာ ဖြစ်၏။

အဘယ်သို့ပြု၍ အခြားသူများ၏ မျက်လုံးထဲတွင် မိစ္ဆာလမ်းစဉ် ဖြစ်သွားရသနည်း။

ထို့ပြင် နန်းတွင်းကျောင်းတော်သားများ ဖြစ်သော သူတို့အားလုံးက အဘယ်သို့ပြု၍ နန်းတွင်း၏ နောက်လိုက်ခွေးများ၊ ဧကရာဇ်အတိုင်ပင်ခံ၏ အစွယ်များ လက်သည်းများအဖြစ် နာမည်ဆိုးနှင့် ကျော်ကြားနေရသနည်း။

“အမှန်နဲ့အမှားဆိုတာ ကြည့်တဲ့သူအပေါ် မူတည်တာပဲ ထင်ပါရဲ့…” ချင်မူ စိတ်ထဲမှ တွေးလိုက်မိသည်။

ဟူလင်းအာက မေးလိုက်၏။ “မူရန်၊ နင့်ဆရာ သေသွားရင် ဘာလုပ်မှာလဲ…”

ဝမ့်မူရန်က ယုံကြည်မှုအပြည့်ဖြင့် ခေါင်းခါယမ်းလိုက်သည်။ “ငါ့ဆရာကို ဘယ်သူမှ မသတ်နိုင်ဘူး၊ သူ့စွမ်းရည်က…”

ဤအခိုက်၌ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အနားသို့ ရောက်လာပြီး ဝမ့်မူရန်ကို ပြောလိုက်၏။ “မင့်ဆရာရဲ့ ရုပ်အလောင်းကို သွားသယ်ချေ… သူမသေခင်က သူ့ပညာတွေအားလုံး မင်းကို အမွေပေးခဲ့ပြီ ပြောတယ်… ကောင်းကောင်းလေ့ကျင့်ပါ…”

ဝမ့်မူရန်မှာ ကျောက်ရုပ်သဖွယ် ဖြစ်သွားပြီး ရုပ်တရက် သမင်ဖိုကြီး၏ ကျောပေါ်မှ ခုန်ချ၍ ရေတံခွန်အောက်သို့ တစ်ဟုန်ထိုး ပြေးသွားသည်။ တစ်ခဏကြာသောအခါ သူ၏ ငိုယိုအော်ဟစ်သံ လွင့်ပျံ့လာ၏။

“ကျောက်စိမ်းမြို့တော်ငယ်က တကယ့်ကို ထူးခြားတာပဲ… ဒီဂိုဏ်းက အထက်ကောင်းကင်ဘုံနဲ့ အဆက်အသွယ်ရှိတယ်လို့ ကြားဖူးတယ်…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်သည်။ “လီမြို့က ရှေ့မှာပဲ… ငါ ဒဏ်ရာရထားတာဆိုတော့ မင်း ဆေးပင်တွေသွားဝယ်ပြီး ကုပေးရလိမ့်ဦးမယ်…”

ချင်မူက ခေါင်းညိတ်လိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံရဲ့ ဒဏ်ရာက ကုဖို့ ခက်တယ်၊ ကျွန်တော်ပေးမဲ့ ဆေးက အတော်လေး ရှုပ်ထွေးလိမ့်မယ်…”

All Chapters