← Chapters

သဲလွန်စသေးသေးလေးနောက်ကွယ်မှ အခြေအနေမှန်

Vol. 14 Ch. 195

သဲလွန်စသေးသေးလေးနောက်ကွယ်မှ အခြေအနေမှန်

Vol. 14 Ch. 195

ဝမ့်မူရန်က တံငါသည်အဘိုးအို၏ ရုပ်အလောင်းကို သယ်ဆောင်လာပြီး သမင်ဖိုကြီး၏ ကျောပေါ်သို့ တင်လိုက်၏။ သူက သမင်ဖိုကြီးကို စီး၍ ချင်မူ၊ ဧကရာဇ်အတိုင်ပင်ခံနှင့် ကျန်သူများကို အမီလိုက်လာပြီး အော်ဟစ်လိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ ကျုပ်ဆရာအတွက် လက်စားပြန်ချေမယ်…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းလှည့်၍ အလေးအနက် ကြည့်လိုက်၏။ “မင့်ဆရာရဲ့ ပညာက မဆိုးဘူး… မင်း ကျွမ်းကျင်သွားတဲ့အခါ ပညာအမွေ လက်ဆင့်ကမ်းခဲ့၊ သူ့ပညာတွေကို မပျောက်ကွယ်သွားစေနဲ့…”

ဝမ့်မူရန်က တစ်ချက်အော်ဟစ်လိုက်ရာ သမင်ဖိုကြီး၏ ခြေထောက်အောက်တွင် တိမ်တိုက်များ ပေါ်ထွက်လာပြီး ကောင်းကင်ယံသို့ ထိုးတက်၍ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

“ကျောက်စိမ်းမြို့တော်ငယ်က ဒီစိတ်သဘောထားပျော့တဲ့ အဘိုးကြီးကို တစ်ယောက်ယောက်က အကဲစမ်းဖို့ ဖိတ်ခေါ်ခဲ့တာ… အဲဒီလူက သေချာပေါက် သေသင့်တဲ့လူပဲ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့အကြည့်ကို ပြန်ရုပ်သိမ်း၍ ချင်မူတို့ကို ပြောလိုက်၏။ “ကျောက်စိမ်းမြို့တော်ငယ်က လောကီရေးရာတွေနဲ့ လွတ်လွတ်ကင်းကင်း နေတဲ့ လျှို့ဝှက်နေရာ တစ်ခုပဲ… သိပ်ကို ရှေးကျတဲ့ နောက်ခံ ရှိတယ်… ငါတောင် ကျောက်စိမ်းမြို့တော်ငယ်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေပဲ ကြားဖူးတာ… အခု ကျောက်စိမ်းမြို့တော်ငယ်က ပညာရှင်တစ်ယောက်နဲ့ ပထမဆုံး တွေ့ဖူးတာပဲ… သူတို့ရဲ့ ပညာတွေက မဆိုးဘူး၊ ဒါပေမဲ့ ခေတ်နောက်ကျကျန်ခဲ့ပြီ… အပြင်လောကကို ထွက်မလာတော့ အခြားသိုင်းဂိုဏ်းတွေရဲ့ ပညာရပ်တွေ တိုးတက်ကုန်တာကို မြင်တွေ့ဖူးမှာ မဟုတ်ဘူး… သီးခြားခွဲနေရင် ခေတ်နောက်ကျကျန်ခဲ့မှာပဲ… မြဲမြဲမှတ်ထားကြ၊ အပြင်လောကမှာ ဘာဖြစ်နေလဲ သတိမမူဘဲ ကိုယ့်ကျင့်စဉ်ပဲ အာရုံစိုက်ကျင့်နေရင် ဘယ်တော့မှ အဆင့်မြင့် ပညာရှင်တစ်ယောက် ဖြစ်မလာနိုင်ဘူး…”

ချင်မူတို့အားလုံး ခေါင်းညိတ်လိုက်ကြပြီး ရင်ထဲတွင် လေးစားစိတ်များ တိုးပွားလာသည်။

ဤတံငါသည်အဘိုးအိုမှာ သူတို့ကို အကဲစမ်းရန်အတွက် အခြားသူက ဖိတ်ခေါ်စေလွှတ်လိုက်ခြင်း ဖြစ်သည်တဲ့လား။

ဤအဘိုးအို၏ အသက်ကို ရင်း၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ရေပြင် အတိမ်အနက်ကို စမ်းသပ်ကြည့်ကြသည်တဲ့လား။

“တိုက်ပွဲကတော့ စလာပြီ…” ချင်မူ၏ မျက်ဝန်းများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး စိတ်ထဲမှ တွေးလိုက်သည်။

လီမြို့…။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တပ်ဖွဲ့က ဤနေရာသို့ ထိုးဖောက်သိမ်းပိုက်ပြီး ဖြစ်ကာ သူတို့ ရောက်သွားသည့်အချိန်တွင် တိုက်ပွဲက ပြီးဆုံးနေချေပြီ။

တိုက်ပွဲက များစွာ ပြင်းထန်သည့်ပုံတော့ မပေါ်။ မြို့ရိုးနံရံများက အကောင်းအတိုင်း ရှိနေသေးသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာတပ်ဖွဲ့က သူပုန်တပ်ဖွဲ့နှင့် မြို့ပြင်တွင် တွေ့ဆုံပြီး တစ်မုဟုတ်ချင်း သုတ်သင်ရှင်းလင်းခဲ့ဟန် တူ၏။

“နန်းတွင်းကောလိပ်မှာ ဝင်္ကပါပညာနဲ့ သေနင်္ဂဗျူဟာ သင်ပေးတဲ့ ဓာတ်ငါးပါးဝင်္ကပါခန်းမနဲ့ သေနင်္ဂဗျူဟာခန်းမတွေ ရှိတယ်… သိုင်းဂိုဏ်းတွေအနေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်ရင် အဆုံးသတ်က ဒီလိုပဲ ဖြစ်မှာ…” သူ့စိတ်ထဲမှ ကျိတ်တွေးလိုက်မိသည်။

လီမြို့က တိုက်ပွဲဒဏ် များစွာ မခံရသဖြင့် ဤနေရာရှိ မြို့သူမြို့သားများမှာ အန္တရာယ်ကင်းသည်ဟု ဆိုနိုင်၏။ ချင်မူက ပရဆေးဆိုင်များသို့ တစ်ဆိုင်ချင်းသွား၍ လိုအပ်သော ဆေးပစ္စည်းများ ဝယ်ယူလိုက်သည်။

ဆေးဆိုင် တစ်ဒါဇင်ခန့် သွားပြီးသောအခါ နေ့တစ်ဝက်ခန့် အချိန်ကုန်ဆုံးပြီး ညအခါကာလ ကျရောက်သွား၏။ ချင်မူတို့က လီမြို့အကြီးအကဲနေအိမ်၌ နေထိုင်ကြသည်။ လီမြို့အကြီးအကဲကိုတော့ ဖမ်းဆီး၍ နန်းတွင်းသို့ ပို့ဆောင်လိုက်ပြီ ဖြစ်၏။

များစွာမကြာလိုက်ဘဲ စံအိမ်အတွင်းမှ မွှေးပျံ့သော ဆေးနံ့ထွက်ပေါ်လာပြီး နောက်တစ်နာရီ ကြာသောအခါ အစေခံမိန်းမပျိုတစ်ယောက်က ဇလုံတစ်လုံးသယ်၍ ဆေးအနှစ်များကို ကျောက်လမ်းမပေါ်သို့ သွန်ချလိုက်သည်။

နောက်တစ်နာရီ ကြာသောအခါ နောက်ထပ် အစေခံမိန်းမပျိုတစ်ဦး ဆေးအနှစ်တစ်ဇလုံ သယ်လာပြီး လမ်းပေါ်သွန်ချ၍ လမ်းသွားလမ်းလာများက နင်းလျှောက်သွား၏။

ထိုနည်းအတိုင်း တတိယအကြိမ် ထပ်မံသွန်ချပြန်၏။ တစ်ညအတွင်း၌ ဆေးအနှစ် ခုနစ်ဇလုံ သွန်ချခဲ့သည်။

နံနက်မိုးသောက်သောအခါ ချင်မူတို့က ခရီးမဆက်သေးဘဲ နေ့တစ်ဝက်ကျိုးသည်အထိ ဆက်နေကြ၏။

လီမြို့၏ ပရဆေးဆိုင်တွင် အဖြူရောင်အောက်ခံအင်္ကျီ၊ အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် ကျောင်းတော်သားတစ်ယောက်က ဆေးကောင်တာနောက်တွင် မတ်တတ်ရပ်ရင်း ဒါဇင်ချီသော ဆေးစာများကို လှန်လှောကြည့်ရှုနေသည်။ ဤဆေးစာရွက်များက ချင်မူ ဆေးဆိုင်တစ်ဒါဇင်မှ ဝယ်ယူခဲ့သော ဆေးစာရင်းများ ဖြစ်၏။

“မဟုတ်သေးဘူး… ဒီဆေးပင်တွေက ဘာမှ အသုံးမဝင်ဘူး… ဒီဆေးပင်တွေက ဒဏ်ရာကျက်အောင် ပေးတဲ့ ဆေးပင်တွေ မဟုတ်ဘူး… ဒီကောင်လေးက အတော် ပါးနပ်တာပဲ…”

သက်လတ်ပိုင်းအရွယ် ကျောင်းတော်သားက ခေါင်းမော့၍ ပြုံးလိုက်သည်။ “မြို့တော်မှာ နာမည်ကျော်တဲ့ နတ်ဆေးသမားတော်လေး ပီသပါပေတယ်… ဆေးစာရင်းကနေ ဧကရာဇ်အတိုင်ပင်ခံရဲ့ ဒဏ်ရာအတိမ်အနက်ကို မသိအောင် လုပ်ထားတာပဲ… အတော်ဉာဏ်များတယ်… ဒါပေမဲ့ မင်းက ဝိညာဉ်သခင်တောက်ချွမ်ဆိုတဲ့ ငါ့ကို အထင်သေးလိုက်တာပဲ…”

“ဝိညာဉ်သခင်၊ ဒီမှာ ဆေးအနှစ်တွေပါ…”

အပြင်မှ ပြန်လာသော ဆေးဆရာအချို့က ဆေးအနှစ်များပါသော ဇလုံတစ်လုံးစီ သယ်ဆောင်လာကြ၏။

ဝိညာဉ်သခင်တောက်ချွမ်က ထိုဆေးဇလုံများကို တစ်ခုပြီးတစ်ခု စစ်ဆေးလိုက်သည်။ တစ်ခဏကြာပြီးနောက် စိတ်ထဲမှ တွက်ချက်ကြည့်လိုက်၏။ “ဒီနတ်ဆေးသမားတော်လေးက တကယ့်ကို လိမ္မာပါးနပ်တာပဲ… ဧကရာဇ်အတိုင်ပင်ခံကို ဘယ်လိုကုလဲဆိုတာ မသိရအောင် ဆေးအနှစ်တွေကို ရောပစ်လိုက်တယ်… ဒါပေမဲ့ ငါ့ရှေ့မှာ ဒီလို လှည့်ကွက်မျိုးလာလုပ်တာတော့ အတော်လေး အတွေ့အကြုံနည်းသေးတာပဲ… ငါတပည့်တွေ၊ ဆေးပင်တွေ ယူခဲ့…”

သူက ဆေးပင်နာမည်များ ရွတ်လိုက်ပြီး သူ့တပည့်ဆေးဆရာများက ဆေးပင်များ အလျင်အမြန် ယူလာကြသည်။ ဝိညာဉ်သခင်တောက်ချွမ်က သူ့ဖာသာ တတွတ်တွတ် ရေရွတ်ရင်း တစ်ပုံစီခွဲလိုက်၏။ ထို့နောက် အကြိမ်အနည်းငယ်မျှ အစီအစဉ် ပြောင်းပြီး အမှားအယွင်းမရှိတော့ဟု ခံစားမိသောအခါမှ သူ့တပည့်များကို ဆေးဖော်ရန် မီးမွှေးခိုင်းလိုက်သည်။

နာရီအနည်းငယ်မျှ ကြာပြီးသောအခါ ဝိညာဉ်သခင်တောက်ချွမ်က သူ ဖော်စပ်ထားသော ဆေးများကို ကြည့်လိုက်၏။ ပထမဆေးက အလွန်တရာ အာနိသင် ပြင်းထန်သည့် ဆေးဟင်းရည် ဖြစ်သည်။ ဒုတိယဆေးက အဆိပ်ထုတ်သည့် လိမ်းဆေး ဖြစ်၏။ တတိယဆေးက လက်သန်းထိပ်ခန့် အရွယ်ရှိသော စွမ်းအင်ဆေးလုံး ဖြစ်သည်။ ထိုဆေးက ငွေရောင်ရှိပြီး ဆူးချွန်များ ပြည့်နေ၏။ ခပ်သာသာ ထိမိလျှင်ပင် ထိုစွမ်းအင်ဆေးမှ ထွက်ပေါ်လာသည့် ရွှေဓာတ်ချီစွမ်းအင်ကြောင့် လက်ရှသွားနိုင်သည်။

စတုတ္ထဆေးက ဆေးကျိုအိုးအခြေတွင် အနည်ထိုင်နေသည့် နို့နှစ်ဖြူရောင် အခိုးအငွေ့ ဖြစ်၏။ ပဉ္စမဆေးကတော့ အငွေ့ပျံလွယ်သည့် အနီရင့်ရင့် ဆေးရည်တစ်ခွက် ဖြစ်သည်။ ဆဋ္ဌမနှင့် သတ္တမဆေးက အာနိသင် မတူညီသည့် စွမ်းအင်ဆေးလုံးများ ဖြစ်၏။

ဝိညာဉ်သခင်တောက်ချွမ်က ဆေးခုနစ်မျိုးလုံးကို ကြည့်ရှုစစ်ဆေးပြီးနောက် အမူအရာ ပြောင်းသွားကာ တအံ့တဩ ရေရွတ်ချီးကျူးလိုက်သည်။ “ဒီနတ်ဆေးသမားတော်လေးက ထူးချွန်တယ်၊ တကယ့်ကို ထူးချွန်တာပဲ… သူ့ကုသပုံနဲ့ဆို ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရဲ့ ဒဏ်ရာတွေအားလုံး အနည်းဆုံး ရက်နှစ်ဆယ်၊ အများဆုံး နှစ်တစ်ဝက်မကျော်ဘဲ အရှင်းပျောက်ကင်းသွားမှာ…”

သူက ဆေးခုနစ်မျိုးစလုံးကို ယူဆောင်၍ လေထဲသို့ တစ်မုဟုတ်ချင်း ခုန်တက်ကာ အလင်းတန်းတစ်ခုသဖွယ် ပြောင်းလဲပြေးထွက်သွား၏။

ဤအလင်းတန်းက တောင်ဘက်နယ်စပ်သို့ နေ့တစ်ဝက် ပျံသန်းသွားပြီးနောက် မိုင်တစ်ထောင်အကွာမှ တလီမြို့သို့ သက်ဆင်းလိုက်သည်။

တလီမြို့က တောင်ဘက်နယ်စပ်တွင် အကြီးဆုံးမြို့ ဖြစ်၏။ ဤနေရာမှာ ယခင်က ဗုဒ္ဓအယူဝါဒကို ကိုးကွယ်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ စီရင်စုအတွင်း၌ ဘုရားကျောင်းဆောင်ပေါင်း အနည်းဆုံး သုံးထောင့်ခြောက်ရာ ရှိပြီး တောင်ပိုင်းမှ အနောက်ဘက်နိဗ္ဗာန်ဘုံဟု နာမည်ကျော်ကြား၏။ နောက်ပိုင်းတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ သိမ်းယူခဲ့သည်။

ဝိညာဉ်သခင်တောက်ချွမ်က အကြီးဆုံး လောကွမ်းဘုရားကျောင်းသို့ သက်ဆင်း၍ အလျင်အမြန် ပြေးဝင်သွား၏။ ဘုရားကျောင်းထဲတွင် ဂိုဏ်းချုပ်ကြီးအဆင့် ထိပ်သီးပုဂ္ဂိုလ်များ တစ်ဒါဇင်ခန့် ရှိနေသည်။ သူတို့အားလုံး ထရပ်လိုက်ကြ၏။

“ဝိညာဉ်သခင်တောက်ချွမ် ရောက်လာပြီ…”

ကြေးမျက်နှာဖုံးစွပ်နှင့်လူက သူ့ကို ဆီးကြို၍ ပြုံးပြလိုက်သည်။ “ဝိညာဉ်သခင်တောက်ချွမ်ဆီမှာ သတင်းကောင်း ပါလာတယ်နဲ့ တူတယ်…”

“မှန်တယ်…”

ဝိညာဉ်သခင်တောက်ချွမ်က ဆေးခုနစ်မျိုးကို ထုတ်ယူ၍ တန်းစီချလိုက်၏။ “ဒီတစ်ခေါက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကျောင်းစိမ်းမြို့တော်ငယ်ရဲ့ ခြေသလုံးအိမ်တိုင်ကျန်းနဲ့ တိုက်ခိုက်တာ… ခြေသလုံးအိမ်တိုင်ကျန်း သေသွားပေမဲ့ သူလည်း ဒဏ်ရာရသွားမှာပဲ… နတ်ဆေးသမားတော်လေးကို ဘေးမှာ ခေါ်သွားတာဆိုတော့ သူ့ဒဏ်ရာတွေကို ကုခိုင်းမှာ သေချာတယ်၊ နတ်ဆေးသမားတော်လေး အသုံးပြုတဲ့ ဆေးတွေက သူ့ဒဏ်ရာအတိမ်အနက်ကို လှစ်ပြနိုင်မယ်လို့ ငါ တွေးခဲ့တာ… ဒါက နတ်ဆေးသမားတော်လေး မနေ့ညက ဖော်စပ်ခဲ့တဲ့ ဆေးခုနစ်မျိုးပဲ… အားလုံး ကြည့်ကြည့်ပါ…”

နန်းတွင်းအရာရှိ မားလျန်ရှန်းက တအံ့တဩ မေးလိုက်သည်။ “ဝိညာဉ်သခင်တောက်ချွမ်က ပုံမှန်ဆိုရင် ဘယ်သူ့ကိုမှ အထင်ကြီးတဲ့သူ မဟုတ်ဘူး၊ ဆေးပညာမှာ ကိုယ့်ကိုယ်ကိုယ် နံပါတ်တစ်၊ အဆိပ်ဘုရင်ငယ်တောင် ခင်ဗျားကို ချီးမြှောက်ရမယ်လို့ ယုံကြည်ထားတာ မဟုတ်ဘူးလား… အခု ဘယ်လိုလုပ် အဲကောင်လေးကို နတ်ဆေးသမားတော်လေးလို့ ခေါ်နေရတာလဲ…”

ဝိညာဉ်သခင်တောက်ချွမ်က တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “အရင်တုန်းက ငါ့ကိုယ်ငါ အထင်ကြီးထားတာကိုး… ဆေးပညာနဲ့ ပတ်သက်ရင် ဘယ်သူမှ ငါ့ကို မယှဉ်နိုင်ဘူး… ကျန်တဲ့သူတွေက ဆေးညွှန်းတွေ အလွတ်ကျက်ထားတဲ့ ရမ်းကုတွေပဲ… အဆိပ်ဘုရင်ငယ်တောင် ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်ရဲ့ ပညာအမွေ ရတယ်ဆိုရုံလေး ရထားတာ၊ သူ့ဖာသာ ဘာမှ ကြိုးစားအားထုတ်မှု မရှိဘူး… ပြီးတော့ သူ့အကျင့်ကို ငါ သဘောမကျဘူး၊ ကိုယ့်ဆရာကိုယ်တောင် သစ္စာဖောက်တဲ့ကောင်… ဒါပေမဲ့ ဒီနတ်ဆေးသမားတော်လေးကတော့ သူ့နာမည်ဘွဲ့နဲ့ တကယ်လိုက်တယ်…”

သူက ပထမဆေးကို ညွှန်ပြ၍ ပြောလိုက်သည်။ “ဒါက နတ်ဆေးသမားတော်လေး ဆေးပင်ဒါဇင်ချီနဲ့ ဖော်စပ်ခဲ့တဲ့ ဆေးဟင်းရည်ပဲ… တစ်ဝက်လောက်က အဆိပ်ပင်တွေ… ဒီဆေးဟင်းရည်က ယန်ဝိညာဉ်ကို လှုံ့ဆော်ပေးပြီး ယန်ဝိညာဉ်ရဲ့ ဒဏ်ရာတွေကို ပျောက်ကင်းစေနိုင်တယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရဲ့ ယန်ဝိညာဉ် ဒဏ်ရာရသွားသေးလား…”

အဘိုးကြီးတစ်ဦးက အသက်ပြင်းပြင်း ရှိုက်ရှူလိုက်၏။ “ဟုတ်တယ်၊ သူ့ယန်ဝိညာဉ် ဒဏ်ရာရသွားတယ်… ငါ့ရဲ့ သန့်စင်ယန် ကောင်းကင်ဝိညာဉ် ကြယ်တာရာမိစ္ဆာ သုံးဆယ့်ခြောက်ကောင်နဲ့ သူ့ယန်ဝိညာဉ်ကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့တယ်၊ ဒါပေမဲ့ ငါလည်း သူ့လက်ချက်နဲ့ ဒဏ်ရာရသွားတယ်…”

ဝိညာဉ်သခင်တောက်ချွမ်က ပြောလိုက်သည်။ “ဒီဆေးဟင်းရည်က သူ့ယန်ဝိညာဉ်ရဲ့ ဒဏ်ရာကို ကုပေးနိုင်တဲ့ ဆေးရည်ပဲ… ဒုတိယဆေးကတော့ လိမ်းဆေး၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မီးအလျှံအဆိပ်ပါတဲ့ အပြင်ဒဏ်ရာရသွားသေးလား…”

အဘွားကြီးတစ်ဦးက ပြုံးလိုက်၏။ “ဝိညာဉ်သခင်ရဲ့ မှန်းဆချက်တွေက သိပ်တိကျပါပေတယ်… ကျုပ်ရဲ့ ကျင့်စဉ်မှာ မီးလျှံအဆိပ် ပါတယ်… ကျုပ်တို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ချောင်းတိုက်ကြတုန်းက သူ့နောက်ကျောကို လက်ဝါးတစ်ချက်ထိအောင် ရိုက်နိုင်ခဲ့တယ်…”

“နတ်ဆေးသမားတော်လေးရဲ့ လိမ်းဆေးက မီးလျှံအဆိပ်ကို ခန္ဓာကိုယ်ထဲ စွန့်ထုတ်နိုင်အောင် ကူညီပေးတယ်…”

ဝိညာဉ်သခင်တောက်ချွမ်က တတိယဆေးကို ညွှန်ပြလိုက်သည်။ “ဒီဝိညာဉ်ဆေးလုံးထဲမှာတော့ သိပ်ကို ထက်ရှတဲ့ ရွှေဓာတ်ချီစွမ်းအင် ပါတယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အဆိပ်ပိုးကောင်တွေ ဒါမှမဟုတ် သစ်သားဓာတ်အဆိပ်ကြောင့် ဒဏ်ရာရသွားတာ ဖြစ်လိမ့်မယ်… အဆိပ်ပိုးကောင်ဖြစ်ဖြစ်၊ သစ်သားဓာတ်အဆိပ်ဖြစ်ဖြစ် သုံးပြီး တိုက်ခိုက်ခဲ့တဲ့သူ ပါလား…”

အခြား အဘိုးကြီး တစ်ဦးက ဟက်ခနဲ ရယ်မောလိုက်၏။ “ငါတို့ သုံးယောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ဝိုင်းတိုက်ကြတုန်းက အဆိပ်ပိုးကောင်တွေ သုံးခဲ့တာ ငါပဲ…”

“အဲဒါပဲပေါ့…”

ဝိညာဉ်သခင်တောက်ချွမ်က ဆက်ပြောလိုက်သည်။ “စတုတ္ထဆေးက ပေါင်းခံဆေးပဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရဲ့ ကောင်းကင်ရတနာ ခုနစ်ခုမှာ ဒဏ်ရာရသွားတာ နေလိမ့်မယ်… အဲနေရာကို ဆေးအာနိသင်ရောက်ဖို့ ခက်တာမလို့ နတ်ဆေးသမားတော်လေးက ဆေးစွမ်းအင်ကို အငွေ့ဖြစ်အောင် လုပ်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ပေါင်းချောင်ထဲ ထည့်ပေါင်းခဲ့တာ…”

လောကွမ်းဘုရားကျောင်းရှိ ဂိုဏ်းချုပ်ကြီးများက ပြုံးလိုက်ကြ၏။ “ပေါင်းချောင်ထဲမှာတင် တစ်ခါတည်း ကျက်သွားရမှာ…”

“အဲဒါအပြင် အတွင်းဒဏ်ရာတွေကိုလည်း နတ်ဆေးသမားတော်လေးက မီးရှို့အပ်စိုက်ကုထုံးနဲ့ ကုခဲ့သေးတယ်… ပဉ္စမမြောက်ဆေးက အပ်ခေါင်းပေါက်ထဲမှာ ထည့်ထားတာ… အဲဆေးက အငွေ့ပျံလွယ်ပြီး အရေပြားထဲကို စိမ့်ဝင်သွားမှာ…”

ဝိညာဉ်သခင်တောက်ချွမ်က ဆဋ္ဌမမြောက်ဆေးကို ညွှန်ပြ၍ ပြောလိုက်သည်။ “ဒီဆေးကတော့ ခန္ဓာကိုယ်သန်စွမ်းဆေးပဲ၊ အစောက ဆေးကုသမှုတွေကို ပိုအားကောင်းစေနိုင်တာပေါ့… သတ္တမမြောက်ဆေးကတော့ အားဖြည့်ဆေးပဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရဲ့ ခန္ဓာကိုယ်ခွန်အားကို ပြန်ဖြည့်တင်းပေးလိမ့်မယ်… ဒါတွေကို ကြည့်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရဲ့ ဒဏ်ရာတွေက အခုထိ အရှင်းမပျောက်သေးဘူးဆိုတာ ရဲရဲကြီး အာမခံနိုင်တယ်…”

သူက ဆက်၍ ချီးကျူးစကားဆိုလိုက်၏။ “ဒါပေမဲ့ ဒီနတ်ဆေးသမားတော်လေးကို တစ်လလောက်သာ အချိန်ပေးလိုက်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရဲ့ ဒဏ်ရာတွေအားလုံး အရှင်းပျောက်ပြီး အားပြည့်အင်ပြည့် ပြန်ဖြစ်သွားမှာ အသေအချာပဲ…”

မေတ္တာမဲ့နန်းတော်သခင်မက မျက်မှောင်ကြုတ်၍ ခပ်တိုးတိုး ပြောလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံရဲ့ ဒဏ်ရာတွေက ကျွန်မတို့ မျှော်လင့်ထားတာထက် ပိုပြင်းထန်သလားလို့…”

ကြေးမျက်နှာဖုံးစွပ်နှင့်လူက ပြုံးလိုက်၏။ “သူက ကျောက်စိမ်းမြို့တော်ငယ်ရဲ့ ခြေသလုံးအိမ်တိုင်ကျန်းနဲ့ တွေ့ခဲ့လို့ပါ… အရင်တုန်းက ကျုပ်နဲ့ ခြေသလုံးအိမ်တိုင်ကျန်းက အတော်လေး ရင်းနှီးခဲ့တယ်လေ၊ သူ ကျောက်စိမ်းမြို့တော်ငယ် ရောက်သွားမှသာ သိပ်အဆက်အဆံ မရှိတော့တာ… ခြေသလုံးအိမ်တိုင်ကျန်းကလည်း ကောင်းကင်တံတားအဆင့်ရဲ့ အထွတ်အထိပ်ပဲ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့ ယှဉ်ရင် အများကြီး မနိမ့်ကျဘူး…”

ဝိညာဉ်သခင်တောက်ချွမ်က ပြောလိုက်သည်။ “ကျောက်စိမ်းမြို့တော်ငယ်ရဲ့ ခြေသလုံးအိမ်တိုင်ကျန်းက သေသွားပြီ… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ကို သတ်လိုက်တာပဲ… ငါ လီမြို့မှာ ရောက်နေတုန်း တောင်ပေါ်ကလာတဲ့ အားလှိုင်းသဲ့သဲ့ကို အာရုံခံမိလိုက်တယ်…”

မေတ္တာမဲ့နန်းတော်သခင်မ၏ အကြည့်က ကြေးမျက်နှာဖုံးစွပ်နှင့်လူအပေါ် ကျရောက်သွား၏။ ထိုမျက်နှာဖုံး၏အောက်တွင် ရှိသော မျက်နှာကို သူ သိမြင်ချင်မိသည်။ “ရှင်က ခြေသလုံးအိမ်တိုင်ကျန်းနဲ့ ရင်းနှီးခဲ့တာကို အသုံးချပြီး သူ့ကို သေတွင်းထဲ တွန်းပို့လိုက်တာပဲ၊ မရက်စက်လွန်းဘူးလား… ရှင့်ကို စတွေ့ဖူးကတည်းက အမြဲတမ်း မျက်နှာဖုံး ဝတ်ထားပြီး မျက်နှာမပြရဲခဲ့ဘူး… အခု ရှင့်မိတ်ဆွေရင်းကိုတောင် သစ္စာဖောက်တာဆိုတော့ ကျွန်မအနေနဲ့ စိုးရိမ်မိတယ်… ရှင်သာ ကျွန်မတို့ကို သစ္စာဖောက်သွားရင် ကိုယ့်ကို ဘယ်သူ သစ္စာဖောက်သွားတာမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး…”

“နန်းတော်သခင်မချိုး၊ စိတ်ချပါ… သူ့ကို ယုံကြည်လို့ မမှားစေရပါဘူး…”

မေတ္တာမဲ့နန်းတော်သခင်မ ချိုးတျဲယီ အသံလာရာသို့ ကြည့်လိုက်သောအခါ ထိုစကားကို ပြောလိုက်သူမှာ အံ့ဖွယ်သုံးသွယ်ရဲတိုက်၏ အံ့ဖွယ်တစ်ပါး ဖြစ်သော ရဲတိုက်သခင်ချယ်ကျန်းလီ ဖြစ်ကြောင်း တွေ့ရ၏။ သူက နန်းတွင်းမှ တော်ဝင်မိဖုရားချယ်၏ ဖခင်လည်း ဖြစ်သည်။

သူ ပုန်ကန်သောအခါ တော်ဝင်မိဖုရားချယ်လည်း အဖမ်းခံလိုက်ရပြီး အအေးနန်းဆောင်တွင် သေသည်၊ ရှင်သည် မသိရသေးချေ။

မေတ္တာမဲ့နန်းတော်သခင်မက မတုန်မလှုပ် ပြောလိုက်၏။ “တကယ် ပြဿနာ မရှိဘူးလား… ရှင် ပြောတာနဲ့ ယုံလိုက်ရမှာလား… ရဲတိုက်သခင်ချယ်၊ ရှင်ကလည်း တော်ဝင်မိသားစုရဲ့ အမျိုးအနွယ်ဆိုတာ မမေ့ပါနဲ့…”

ချယ်ကျန်းလီ၏ အမူအရာ ပျက်သွားပြီး တစ်စုံတစ်ခု ပြောတော့မည် ပြင်လိုက်စဉ် အဘွားအိုတစ်ဦးက ရယ်မောလိုက်သည်။ “နန်းတော်သခင်မ၊ သူ့ရဲ့ နောက်ခံနဲ့ ပတ်သက်ပြီး ဘာမှ စိတ်ပူစရာ မလိုပါဘူး…”

ဤစကားကို ပြောလိုက်သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သည့် မျိုးဆက်ဟောင်း ထိပ်သီးသိုင်းပညာရှင် သုံးယောက်အနက်မှ တစ်ယောက် ဖြစ်၏။ သူကပင် ပြဿနာမရှိဟု ပြောလာသည့်အတွက် မေတ္တာမဲ့နန်းတော်သခင်မအနေဖြင့် ဆက်မပြောသာတော့ပေ။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရဲ့ ဒဏ်ရာတွေ မကျက်သေးဘူး ဆိုမှတော့ သူ့ကို အနားယူချိန် ပေးနေဦးမှာလား…”

ကြေးမျက်နှာဖုံးစွပ်နှင့်လူက ဝေ့ဝဲကြည့်ရှု၍ မေးလိုက်သည်။ “သူ့ဘက်က ဟယ်ရှောင်ဖမ်းကို လွှတ်ပြီး ကျုပ်တို့ကို ရွေးစရာလမ်း နှစ်ခု ပေးလာတယ်… အခု ဆုံးဖြတ်ချက် ချရတော့မယ်၊ ဘယ်လမ်းကို ရွေးကြမလဲ…”

All Chapters